ဆွီယာမ်တည်ဆောက်ခြင်း မုဖ်သီ ဦးစန်းအောင် (B.Sc)

ဆွီယာမ်တည်ဆောက်ခြင်း

မုဖ်သီ ဦးစန်းအောင် (B.Sc)

ဒီကနေ့ (၁၉.၆.၂ဝ၁၅)၊ ယောဝ်မွလ်ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုရန် ကြွရောက် လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား ….

“အတ်ဆလာမ်း မုအာလိုင်းကွမ်း ဝရဟ်မတွလ္လားဟိ ဝဘရကားသုဟု”
အခုလိုမြင့်မြတ်လှတဲ့ ရမဒွါန်လမှာ ကျနော်တင်ပြမဲ့ ခေါင်းစဉ်ကတော့ ရမဒွါန်လနဲ့ပတ်သက်အကျုံးဝင်နေတဲ့ “ဆွီယာမ်တည်ဆောက်ခြင်း” အကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒီနေ့တင်ပြမဲ့အပိုင်းမှာတော့ လမြတ်ရမဒွါန်၊ ကျမ်းမြတ်ကုရ်အာန်နဲ့ ဆွီယာမ်တည်ဆောက်ခြင်းအပိုင်းတွေကို ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းလမ်းညွှန်ထားသည်နှင့် အညီ တင်ပြသွားမှာဖြစ်ပါတယ်။ ရှေးဦးစွာ ကျမ်းမြတ်ကုရ်အာန် ( ၂း၁၈၃)မှာ ဆွီယာမ်နဲ့ပတ်သက်ပြီး ဘယ်လိုပြဌာန်း ထားတယ်ဆိုတာကို လေ့လာကြည့်ကြပါစို့။
“အို… အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ `ဆွီယာမ်´ဥပုသ်သီတင်း တည်ဆောက်ခြင်းသည် သင်တို့ထက် အရင်တွင် ရှိခဲ့သူတို့အပေါ် ပြဋ္ဌာန်းခဲ့သော သတ်မှတ်ချက်တစ်ရပ်ဖြစ်သလို အသင်တို့အပေါ်၌ လည်း ပြဋ္ဌာန်းထားပြီးသော သတ်မှတ်ချက်တစ်ရပ်ပင်ဖြစ်သည်။ ဤသည်မှာ သင်တို့အနေဖြင့် အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းထားသော ရှောင်ရန်တို့ကို ရှောင်၍ ဆောင်ရန်တို့ကိုဆောင်နိုင်ရေး (တက္က၀ါ ရှိရေး)အတွက် ဖြစ်သည်။” (ကုရ်အာန်-၂း၁၈၃)
အချိန်ကာလတစ်ရပ် သတ်မှတ်၍ နေ့စဉ်ပြုလုပ်နေကျ စားခြင်း၊ သောက်ခြင်း၊ မေထုံမှီဝဲခြင်းတို့ကို ရှောင်ကြဉ် တားဆီး ရပ်တန့်လိုက်ခြင်းအား အရဗီဝေါဟာရအားဖြင့် `ဆွီယာမ်´သို့မဟုတ်`ဆွောမ်´ဟုခေါ်ဆိုပါတယ်။ ဤစနစ်ကို အီမာန် သက်ဝင်ယုံကြည်သူတိုင်းအတွက် အလ္လာဟ်အရှင်မြတ်က မဖြစ်မနေလုပ်ဆောင်ရန် ရှေးယခင်က ပြဋ္ဌာန်းခဲ့သလို ယခုအခါလည်း ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။ ဒီနေရာမှာ ‘တက္ကဝါ’ ဆိုတဲ့အရဗီဝေါဟာရဲ့ ရင်းမြစ်အနက်ကို တင်ပြပါရစေ။ ‘တက္ကဝါ’ဆိုတာက ဆူးတွေ၊ခလုတ်ကန်သင်းတွေနဲ့ ပြည့်နှက်နေတဲ့လမ်းတစ်လမ်းကို အန္တရာယ်ကင်းအောင် လျှောက်လှမ်း နိုင်ခြင်းကို ခေါ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းညွှန်ချက်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို လက်ကိုင်ထားမယ်ဆိုရင် ဆူးညှောင့်တွေ၊ ခလုတ်ကန်သင်းတွေ၊ အခက်အခဲတွေနဲ့ပြည့်နှက်နေတဲ့ ဘဝခရီးတစ်ခုကို ခလုတ်မထိ၊ ဆူးမညိပဲ ချောမွေ့စွာဖြတ်သန်းသွားနိုင်မယ်ဆိုမဲ့ သဘောတရားကို ရည်ညွှန်းခြင်းပြဲဖစ်ပါတယ်။
ဆက်လက်ပြီး ကုရ်အာန် ( ၂း၁၈၄)မှာ ဘယ်လိုပြဌာန်းထားသလဲဆိုတော့…..
`ဆွီယာမ်´တည်ဆောက်ရန်အတွက် ရက်များမှာ သတ်မှတ်ထားပြီးဖြစ်လေသည်။ သို့ဖြစ်ရာ သင်တို့ အနက်မှ တစ်ဦးတစ်ယောက်သည် (ဆွီယာမ်သတ်မှတ်ကာလ၌) ရောဂါဘယဖြစ်နေလျှင် သို့မဟုတ် ခရီးတစ် ခုကိုသွားနေလျှင် (ဆွီယာမ်ပျက်ကွက်သည့်အပေါ်) ကျန်အခြားရက်များ၌ တွက်ချက်ပြီး ပြန်လည်ဖြည့်စွက် ဆောက်တည်ရပေမည်။ တစ်ဖန် တစ်ဦးတစ်ယောက်သည် `ဆွီယာမ်´ဆောက်တည်ရန် အခက်အခဲတစ်စုံ တစ်ရာရှိခဲ့လျှင် (တစ်ရက် ပျက်ကွက်မှုအတွက်) ဆင်းရဲသားတစ်ဦးအား တစ်နပ်စာကျွေး၍ အစားဖြည့်စွက်ရပေမည်။ သို့ဖြစ်ရာ မည်သူမဆို ကောင်းမှုကုသိုလ်တစ်ရပ်ကို ဆောင်ရွက်ခြင်းသည် မိမိကိုယ်ကိုကောင်းအောင် ကြိုးစားဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အကယ်၍ သင်တို့အနေဖြင့် သိရှိနားလည် သဘောပေါက်ကြ မည်ဆိုလျှင် `ဆွီယာမ်´တည်ဆောက်ကြခြင်းသည် သင်တို့အတွက် ကောင်းမှုသီလကို ဆောက်တည်ခြင်းပင် ဖြစ်သည်။ (ကုရ်အာန်-၂း၁၈၄)
တစ်နှစ်မှာ (၁၂)လရှိသည့်အနက် `ဆွီယာမ်´တည်ဆောက်ခြင်းကို နဝမမြောက် အစ္စလာမ်လဖြစ်သော `ရမဒွါန်´ လမှာ ဆောင်ရွက်ကြရန် ကုရ်အာန်(၂း၁၈၅)တွင် လေ့လာတွေ့ရှိရပါတယ်။
အီမာန်သက်ဝင်ယုံကြည်သူ တစ်ဦးအတွက် `ဆွီယာမ်´တည်ဆောက်ရန် ပြဋ္ဌာန်းထားသော်ငြားလည်း အလ္လာဟ် အရှင်မြတ်က မကျန်းမမာဖြစ်နေသူနှင့် ခရီးသွားနေသူတို့အတွက် အချိန်လွှဲပြောင်းဆောက်တည်ခွင့်ကို ပေးထားပါတယ်။ ထိုသူများဟာ မိမိတို့ပျက်ကွက်ခဲ့သောရက်များကို နောက်ပိုင်းရက်များမှာ အဆင်ပြေသလို အစားထိုး ဖြည့်စွက်ရပါမယ်။ အကယ်၍ နာတာရှည်ရောဂါတစ်ရပ်ကို စွဲကပ်ခံစားနေရသူ (သို့မဟုတ်) `ဆွီယာမ်´တည် ဆောက်ရန် မည်သည့်အချိန်၌ ဖြစ်စေ တစ်စုံတစ်ရာ အခက်အခဲရှိသူဖြစ်နေခဲ့ပါလျှင် မိမိရဲ့ဓနအင်အား တတ်စွမ်းမှုအပေါ် မိမိရဲ့ပျက်ကွက်ခဲ့တဲ့ ရက် အလိုက် ဆင်းရဲသားတစ်ဦးကို တစ်နပ်စာကျွေးခြင်းအားဖြင့် ဖြည့်စွက်တာဝန်ထမ်းဆောင် ရပါမယ်။
`ဆွီယာမ်´တည်ဆောက်ခြင်းဆိုတာဟာ (Self-Control) မိမိကိုယ်မိမိ ထိန်းချုပ်ထားခြင်းပင်ဖြစ်ပါတယ်။ မိမိ ကိုယ်မိမိ ထိန်းချုပ်ခြင်းဆိုတဲ့အပိုင်းမှာ စိတ်က ရုပ်ကိုထိန်းချုပ်ခြင်းရှိသလို ရုပ်ကစိတ်ကို ထိန်းချုပ်ခြင်းဆိုပြီး (၂)မျိုးရှိပါ တယ်။ သို့သော် `ဆွီယာမ်´တည်ဆောက်ခြင်းသဘောမှာ စိတ်ကရုပ်ကို ထိန်းချုပ်သလိုစားခြင်း၊ သောက်ခြင်းအဝဝကို ရပ်ဆိုင်းထား ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ခန္ဓာကိုယ်တွင်း ပဋိဇီဝပြောင်းလဲမှုဆိုင်ရာကို ရုပ်သဘောက စိတ်ပိုင်းဆိုင်ရာကို ပြန်လည်၍ အပြန်အလှန် ထိန်းချုပ်ပေးထားပါတယ်။ ဒီသဘောက အလွန်ထိရောက်သော မိမိကိုယ်မိမိ ထိန်းချုပ်မှု ပဲဖြစ်ပါတယ်။ လောဘ၊ မောဟ၊ ဒေါသ၊ တဏှာရာဂတို့ဖြင့် ပြည့်ဖုံးနေတဲ့ ဤလူ့ပြည်၊ လူ့ရွာမှာ ဤသို့ထိန်းချုပ်ထား နိုင်ပါမှ အလ္လာဟ်အရှင်မြတ်က လူသားတို့အား ခေတ္တခဏ ယုံပုံလွှဲအပ်`အမာနသ်´ပြုထားသည်များကို အလွဲသုံးစား ပြုလုပ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါတယ်။
`ဆွီယာမ်´တည်ဆောက်ထားခြင်းဖြင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေရတဲ့ လူ့ခန္ဓာ ကိုယ်တွင်းရှိ အစာချေအင်္ဂါအဖွဲ့အစည်းဟာ ခေတ္တခဏ အနားယူလိုက်ရတဲ့အတွက် အစာချေနိုင်မှုစွမ်းအားကို ပိုပြီး အစွမ်း ထက်လာစေပါတယ်။ အစာချေမှုဆိုင်ရာ ဓါတ်ပြုပစ္စည်းများကို ပိုပြီးထုတ်ပေးနိုင်ပါတယ်။ သွေးအတွင်းရှိ အဆီများ၊ အချို ဓါတ်များကို လျော့ကျစေနိုင်ပါတယ်။ သွေးဖိအားမြင့်နေသူ သွေးတိုးဝေဒနာရှင်များ သွေးဖိအား ပုံမှန်အနေအထားကို ပြန် ရောက်စေပါတယ်။
ဒီနေရာမှာ သတိပြုရမဲ့ အချက်တစ်ရပ်က ရှိနေပြန်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်တဲ့ အစားအစာနှင့် စားသောက်ပုံမှာ `ဟလာလ်´လည်းဖြစ်ရသလို `တွိုင်ယစ်(ဗ)´လည်းဖြစ်ရပါလိမ့်မယ်။ `ဆွီယာမ်´ ဆောက်တည်ထားသူ တစ်ဦးအတွက် တစ်နေကုန် အစားအသောက်မစားဘဲ အငတ်ခံထားပြီး ဝါဖြေချိန်မှာ ဗိုက်မဆန့်အောင် တစ်နင့်တစ်ပိုး စားသုံးလိုက်ခြင်းအားဖြင့်လည်းကောင်း၊ မိမိနှင့်မတည့်သည့်အစားများကို မတော်တရော် လွန်လွန်ကဲကဲ စားသုံးလိုက် ခြင်းအားဖြင့်လည်းကောင်း၊ ဝမ်းဗိုက်အတွင်း အစာမကြေသလို သွေးအတွင်းအဆီများ တက်လာနိုင်ပါတယ်။ အချိုဓါတ် တွေ လွန်ကဲလာနိုင်ပါတယ်။ သွေးတိုးလာနိုင်ပါတယ်။ ဒီအခါမှာ လူကို ဘေးဥပါဒ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်တဲ့အပေါ် `တွိုင်ယစ်(ဗ)´မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဝါဖြေချိန်မှာ အစာမရှိသေးတဲ့ ဝမ်းဗိုက်အတွင်းကို ချင့်ချင့် ချိန်ချိန်ဖြင့် အစာ ဖြည့်တင်းသင့်ပါတယ်။
ကျမ်းမြတ်ကုရ်အာန် (၂း၁၈၃) ၌ `ဆွီယာမ်´ပြဋ္ဌာန်း သတ်မှတ်ရခြင်းရဲ့ နောက်ဆုံးရည်မှန်းချက်ဟာ `တက္ကဝါ´ တရား ရရှိစေရန် ရည်ရွယ်ထားတာဖြစ်လို့ `ဆွီယာမ်´တည်ဆောက်ပြီးကာမှ `တက္ကဝါ´ တရားကို လက်ကိုင်မပြုနိုင် ခြင်းဟာ `ဆွီယာမ်´ တည်ဆောက်ခြင်းမမည်ဘဲ၊ မိမိကိုယ်မိမိ ဒုက္ခပေးကာ အစာငတ်ခံထားခြင်းသာလျှင်ဖြစ်ပါလိမ့်မယ်။ တစ်နည်း အားဖြင့်ဆိုလျှင် `ဆွီယာမ်´တည်ဆောက်ခြင်းဆိုတာ အသိတရားနှင့်ယှဉ်ပြီး ထမ်းဆောင်ရမဲ့တာဝန် တစ်ရပ်ပါ။
ဆက်လက်ပြီးကျနော့အနေနဲ့ ရမဒွါန်ရယ်၊ ကုရ်အာန်ရယ်၊ ဆွီယာမ်ရယ် ဆက်စပ်ထားပုံကို ဆက်လက် တင်ပြသွား ပါမယ်။ ကုရ်အာန် (၂း၁၈၅)မှာ….
“လူသားတို့အတွက် လမ်းညွှန်ချက်ဖြစ်သော၊ ယင်းလမ်းညွှန်ချက်ကို ထပ်ဆင့်အကျယ်တဝင့် ရှင်းလင်းပြဆိုထား သော၊ အမှားနှင့်အမှန်ကို သိသာထင်ရှားစွာ ခွဲခြားပေးနိုင်သည့် မှတ်ကျောက်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည် ရမဒွါန်လမြတ်၌ ကျရောက်ခဲ့ပေပြီ။ သို့ဖြစ်ရာ အသင်(ယုံကြည်သူ)တို့အနက်မှ မည်သူမဆို ထို(ရမဒွါန်) လမြတ်နှင့် တွေ့ ကြုံရလျှင် `ဆွီယာမ်´ဥပုသ်တည်ဆောက်လိုက်ပါလေ။ တစ်ဦးတစ်ယောက်သည် (ယင်းကာလ၌) ရောဂါဘယ ဖြစ်ခဲ့လျှင် သို့မဟုတ် ခရီးတစ်ခုကို သွားနေလျှင် (`ဆွီယာမ်´ပျက်ကွက်သည့်အပေါ်) ကျန်အခြားရက်များ၌ တွက်ချက်ပြီး၊ ပြန်လည် ဖြည့်စွက် ဆောက်တည်ရပေမည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ လွယ်ကူချောမွေ့မှုကို ဆန္ဒရှိတော်မူ၍ အသင်တို့၏ ခက်ခဲ ကြပ်တည်းမှုကို ဆန္ဒရှိတော်မမူပေ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်သူများ ဖြစ်ကြစေရေး အလို့ငှာ အရှင်မြတ်သတ်မှတ်ချက်များကို ပြီးပြည့်စုံအောင် တွက်ချက်စိစစ်ဆောင်ရွက်ကြသလို သင်တို့အပေါ် အလ္လာဟ် အရှင်မြတ်က လမ်းညွှန်ထားသည်နှင့်အညီ အလ္လာဟ်အရှင်မြတ်သည်သာ အကြီးအကျယ်ဆုံးဖြစ်ကြောင်းကို သက်သေပြု မြွက်ဟကြပါလေ။” (ကုရ်အာန်-၂း၁၈၅)
ကျမ်းမြတ်ကုရ်အာန်ဟာ လူသားထုတစ်ရပ်လုံးရဲ့ ဘဝတိုးတက်အောင်မြင်လုံခြုံရေးကို ဖော်ဆောင်ပေးပါတယ်။ မည်သူမဆို ကျမ်းမြတ်ကုရ်အာန်နှင့်အညီ ဘဝတည်ဆောက်ပါလျှင် လုံခြုံအေးချမ်း အောင်မြင်မှုရရှိမှာ မလွဲပါဘူး။
အဲဒီလို ထူးကဲကြီးမြတ်လှတဲ့ ကျမ်းမြတ်ကုရ်အာန်ကို အလ္လာဟ်အရှင်မြတ်က အစ္စလာမ့်လ(၁၂)လရှိတဲ့အနက် နဝမမြောက်လဖြစ်တဲ့ ရမဒွါန်လကို ရွေးချယ်သတ်မှတ်ပြီး ထုတ်ပြန်ပို့ချပေးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ယင်း `ရမဒွါန်´လမြတ်မှာ `ဆွီယာမ်´ဥပုသ်တည်ဆောက်ရန် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါဟာ လမြတ်ရမဒွါန်နှင့် ကျမ်းမြတ်ကုရ် အာန် ရဲ့ ထူးခြားဆက်စပ်မှုကို အလ္လာဟ်အရှင်မြတ်က ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ ဒီတော့ မည်သူမဆို လမြတ်ရမဒွါန်မှာ ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်ခြင်း၊ ကျက်မှတ်ခြင်း၊ အဓိပ္ပါယ်ကို နားလည်အောင် လေ့လာသင်ယူခြင်း၊ ဆွေးနွေးမှု ပြုခြင်းတို့ဟာ ကြီးမားထူးကဲတဲ့`အိဘာဒသ်´တစ်ရပ်ကိုပြုခြင်းဖြစ်ပါတယ်။`ဆွီယာမ်´ ဥပုသ်တည်ဆောက်ခြင်းဆိုသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားများကို ဒုက္ခပေးခြင်းမဟုတ်ပါ။ ကြံ့ခိုင်အောင်၊ ကျန်းမာအောင်၊ ဇွဲလုံ့လရှိအောင် လေ့ကျင့် ပျိုးထောင်ပေးခြင်းသာဖြစ်ပါတယ်။ ဥပမာ- လူတစ်ယောက်ဟာ နံနက်စောစောထပြီး ချွေးတရွှဲရွှဲနဲ့ ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ မိမိကိုယ်မိမိ ဒုက္ခပေးခြင်းမဟုတ်ပဲ မိမိကိုယ်တိုင် ကျန်းမာကြံ့ခိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခြင်းသာ ဖြစ်ပါတယ်။ ဒါကိုသိမြင်နားလည်ဖို့လိုပါတယ်။
အလ္လာဟ်အရှင်မြတ်သည် လူသားတွေရဲ့ ခက်ခဲကြပ်တည်းမှုကို မလိုလားမနှစ်သက်သည့် အားလျော်စွာ အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းသတ်မှတ်ထားသည့် `အိဘာဒသ်´ လုပ်ငန်းစဉ်များဟာ လူသားတို့အတွက် လိုက်နာ ဆောင်ရွက်ရန် အထူးလွယ်ကူသလို ခြွင်းချက်များပေးထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ဇွဲရှိဖို့တော့ လိုအပ်ပါတယ်။ ကြံ့ခိုင်ဇွဲရှိခြင်းနှင့် ခက်ခဲကြပ်တည်းခြင်း ဆိုသည်မှာ မတူညီသော သဘောတရား(၂) ခုဖြစ်သည်ကိုတော့ နားလည်ထား ရပါလိမ့်မယ်။ အမှန်တကယ်မှာတော့ လူအများစုက ကြံ့ခိုင်ဇွဲရှိစွာဖြင့် ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တစ်ခုကို ခက်ခဲကြပ် တည်းသောလုပ်ငန်းစဉ်ဆိုပြီး လွဲမှားစွာသဘောပေါက် နားလည်မှတ်ယူနေကြပါတယ်။ အလ္လာဟ်အရှင်မြတ်က သတ်မှတ် ပြဋ္ဌာန်းထားတဲ့ လုပ်ငန်စဉ်တစ်ရပ်ကို ကြံ့ခိုင်ဇွဲရှိစွာဖြင့် ပြီးမြောက်အောင်ဆောင်ရွက်ခြင်းသည် အလ္လာဟ်အရှင်မြတ် အကြီး အကျယ်ဆုံး၊ အမြင့်မြတ်ဆုံးလို့ သက်သေပြု မြွက်ဟခြင်းပဲဖြစ်ပါတယ်။
ဆက်လက်ပြီး ဆွီယာမ် တည်ဆောက်ရမဲ့ တစ်နေ့တာအချိန်ကာလ သတ်မှတ်ချက်နဲ့ ဆိုင်တဲ့အပိုင်းကို တင်ပြသွား ပါမယ်။ ကျမ်းတော်မြတ်ကုရ်အာန် (၂း၁၈၇)မှာ….
“သင်တို့အတွက် `ဆွီယာမ်´ကာလ၏ ညအချိန်၌ သင်တို့၏ဇနီးသည်များနှင့် ကိုယ်လက်နှီးနှောခြင်းကို ခွင့်ပြုချက် ရရှိခဲ့ပေပြီ။ သူမတို့သည် သင်တို့အတွက် (လုံခြုံနွေးထွေးမှုကိုပေးသော) ၀တ်စားတန်ဆာများဖြစ်ပြီး၊ သင်တို့သည်လည်း သူမတို့အတွက် ၀တ်စားတန်ဆာများပင်ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင် သင်တို့၏ရပိုင်ခွင့်များအား အလွဲ သုံးစား ပြုခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ် သိခဲ့တော်မူလေပြီ။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က သင်တို့ဖက်ဆီသို့ ပြန်လှည့်ပြီး သင်တို့၏လုပ်ကိုင်ဆောင်ရွက်မှုများကို ပယ်ဖျောက် ချေဖျက်စေလိုသည်။
သို့ဖြစ်ရာ ယခုအချိန်၌ သင်တို့သည် သူမ (ဇနီးသည်) တို့နှင့် ကိုယ်လက်နှီးနှောခွင့် ရရှိပေပြီ။ ထို့ပြင် သင်တို့ အတွက် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းသတ်မှတ်ထားသည်ကို ဆည်းပူးနာယူကြပါလေ။
(ဆွီယာမ်တည်ဆောက်ရန်အတွက်) နံနက်ချိန်၌ မဲမှောင်နေသောအလင်းတန်း၊ အလင်းမျှင် (အမှောင်ကာလ) မှ အဖြူရောင် အလင်းတန်း၊ အလင်းမျှင်သည် သင်တို့အတွက် ထင်ရှားပေါ်လွင်စွာ ထွက်ပြူလာသည့်အထိတိုင်အောင် စားသောက်ကြပါလေ။ ပြီးနောက် နေ၀င်ပြီး ညအချိန်ဆီသို့ ရောက်သည့်အထိ `ဆွီယာမ်´ဥပုသ်ကို ပြီးပြည့်စုံစွာ တည် ဆောက်ကြပါလေ။
သင်တို့သည် ဗလီဝတ်ကျောင်းတော်ထဲ၌ `အေ့တေကာဖ်´ပြုကျင့်ရန် ရောက်ရှိနေပါလျှင် သူမ (ဇနီးသည်) တို့နှင့် ကိုယ် လက်နှီးနှောမှု လုံးဝမပြုလုပ်ရပေ။ ယင်းသည်ကား အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်စည်းကမ်းဘောင်များ ဖြစ်သည့် အားလျော်စွာ သူမတို့အနီးသို့ပင် မကပ်ကြလေနှင့်။ ထိုကဲ့သို့ပင် သူတို့`တက္က၀ါ´ တရားလက်ကိုင် ထားရှိနိုင်ရေး အတွက် အလ္လာဟ်အရှင်မြတ်က သူ၏သက်သေလက္ခဏာတော်များကို လူသားတို့အတွက် ဖော်ထုတ်ရှင်းလင်းပြလျက် ရှိပေသည်။” (ကုရ်အာန် –၂း၁၈၇)
`ဆွီယာမ်´ဥပုသ်ကာလရဲ့ နေ့ပိုင်းအချိန်တွေမှာ `ဆွီယာမ်´တည်ဆောက်ထားသူတစ်ဦးအတွက် စားခြင်း၊ သောက်ခြင်း၊ ခင်ပွန်းနှင့်ဇနီး ကိုယ်လက်နှီးနှောခြင်းတို့ကို တားမြစ်ထားသော်လည်း ညအချိန်မှာတော့ စားခြင်း၊ သောက်ခြင်း၊ ကိုယ်လက်နှီးနှောခြင်းတို့ကို အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပြီးဖြစ်ပါတယ်။ လင်နှင့်မယားဆိုသည်မှာ တစ်ဦး၏ဆန္ဒကို တစ်ဦးက ဖြည့်စွက်ပေးခြင်းဖြင့်လည်းကောင်း၊ တစ်ဦး၏အားနည်းချက်ကို တစ်ဦး၏အားသာချက်ဖြင့် အစားထိုးပေးခြင်းဖြင့်သော်လည်းကောင်း၊ တစ်ဦးရဲ့ကာယိနြေ္ဒကိုတစ်ဦးက ထိန်းသိမ်းပေးခြင်းအားဖြင့်သော်လည်းကောင်း၊ အနီးကပ်ဆုံးသော၊ အထိတွေ့ဆုံးသော၊ အပူးကပ်ဆုံးသော၊ လူ့အစုအဖွဲ့တစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမ်းမြတ် ကုရ်အာန်က ဇနီးမောင်နှံတို့ရဲ့ဆက်ဆံနေထိုင်ရေးကို လူ့ကိုယ်မှာ ဝတ်စားဆင်ယင်တဲ့ ဝတ်စားတန်ဆာအဖြစ်ပင် တင်စား သုံးနှုံးထားတာကို တွေ့ရပါတယ်။
`ဆွီယာမ်´တည်ဆောက်ခြင်းကို ကုရ်အာန်မကျရောက်ခင်က လူ့အဖွဲ့အစည်းများကိုလည်း ရှေးကျမ်းများအရ ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ်။ ထိုစဉ်အခါက `ဆွီယာမ်´တည်ဆောက်သူတို့ဟာ မိမိတို့၏ဇနီးသည်များကိုလည်းကောင်း၊ မိမိတို့၏ခင်ပွန်းများကိုလည်းကောင်း၊ `ဆွီယာမ်´ကာလရဲ့ ညအချိန်များမှာ မိမိတို့ရဲ့ ပရဝုဏ်မှအဝေးသို့ မောင်းနှင်ထုတ် ထား ကြလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာ အလ္လာဟ်အရှင်မြတ်ပေးထားတဲ့ မိမိတို့ရဲ့ ရပိုင်ခွင့်များကို အလွဲသုံးခြင်း ဖြစ်တယ်။ ဒီအနေအထားကို သိတော်မူသော အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ထဲမှာ `ဆွီယာမ်´ ကာလရဲ့ ညအချိန်များမှာ ဇနီးမောင်နှံ ကိုယ်လက်နှီးနှောခွင့်ကို ခွင့်ပြုဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။`ဆွီယာမ်´ တည်ဆောက်ခြင်းရဲ့ ပုံစံကို အလ္လာဟ်အရှင်မြတ်က အလင်းရောင်ရှိခြင်း၊ မရှိခြင်း၊ တစ်နည်းအားဖြင့် အလင်းမျှင်၊ အလင်းတန်းများရှိနေခြင်း၊ ရှိမနေခြင်းကိုအခြေပြုပြီး သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
အလင်းတန်းများ၊ အလင်းမျှင်များ ပျောက်ကွယ်နေတဲ့ ညအမှောင်ကာလမှာ စားခြင်း၊ သောက်ခြင်းကို ခွင့်ပြု ထားပြီး အလင်းတန်းများ၊ အလင်းမျှင်များ ထွက်ပေါ်လာတဲ့အခါ စားခြင်း၊ သောက်ခြင်းကို ရပ်တန့်စေပါတယ်။ ဒီသဘော က ကျမ်းမြတ်ကုရ်အာန်သည် `ဆွီယာမ်´တည်ဆောက်ချိန်ကို နေဝင်ခြင်း၊ နေထွက်ခြင်းနှင့် သတ်မှတ်ထားတာ မဟုတ်ပါ ဘူး။ နေမထွက်မီကပင် အလင်းတန်းများက ဦးစွာရောက်ရှိလာသလို နေဝင်ပြီးနောက်လည်း အလင်းတန်းများက ကျန်ရှိ နေပါသေးတယ်။ ကျမ်းမြတ်ကုရ်အာန်တွင် နေဝင်ချိန်ကို `မဂ်ရစ်(ဘ)´လို့ခေါ်ဆိုပြီး နေဝင်ပြီးနောက် အလင်းတန်းများ ကျန်ရှိနေချိန် (နေဝင်ဆည်းဆာအချိန်) ကို `ရှဖတ်(က)´ လို့သတ်မှတ်ခေါ်ဆိုထားပါတယ်။ နေဝင်ဆည်းဆာအချိန်ပြီး နောက်မှ ညအချိန်ကို `လိုင်း(လ)´ဟုခေါ်ဆိုသတ်မှတ်ထားပါတယ်။ ဒါကိုကျမ်းမြတ်ကုရ်အာန် အထောက်အထားနဲ့ပြပါ မယ်။ ကျမ်းမြတ်ကုရ်အာန် (၈၄း ၁၆-၁၇) တို့မှာ ဒီလိုဖော်ပြထားတာကိုတွေ့ရှိရပါတယ်။
“သို့ဖြစ်ရာ ငါအရှင်က နေဝင်ဆည်းဆာအချိန် (နေဝင်ပြီးနောက် ကျန်ရှိသော)ရောင်နီကို သက်သေထူတော်မူ၏” (ကုရ်အာန် – ၈၄း၁၆)
“ပြီးနောက် ညကိုလည်းကောင်း၊ တစ်စုတစ်စည်းတည်း ပေါ်ထွက်လာသောအရာ (ကြယ်စုများ) ကိုလည်းကောင်း သက်သေထူတော်မူ၏” (ကုရ်အာန် – ၈၄း၁၇)
အထက်ပါအာယသ်တော်နှစ်ပါးကို လေ့လာကြည့်လျှင် နေဝင်(မဂ်ရစ်ဘ်)ပြီးနောက် ဆည်းဆာအချိန် `ရှဖတ်(က)´ရောက်ရှိကြောင်းနှင့် ဆည်းဆာချိန်ပြီးမှ ည`လိုင်း(လ)´ရောက်ရှိကြောင်းကို အလ္လာဟ်အရှင်မြတ်က သက်သေထူထားကြောင်း တွေ့ရှိရပါမယ်။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်(၂း၁၈၇)၌ `သင်တို့သည် `ဆွီယာမ်´ကို နေဝင်ချိန်`မဂ်ရစ်ဘ်´အထိ တည်ဆောက်ကြ´လို့ မဆိုထားဘဲ `သင်တို့သည် `ဆွီယာမ်´ကို ည `လိုင်း(လ)´အချိန်ထိ ပြီးပြည့်စုံစွာတည်ဆောက်ကြ´လို့ အမိန့်ပြဋ္ဌာန်းထားတာဖြစ်လို့ အလ္လာဟ်အမိန့်ကို ရိုးသားပွင့် လင်းစွာ၊ တိကျမှန်ကန်စွာ `အိခ်လာဆွ်´နိယာသ်ဖြင့် လိုက်နာဖို့လိုအပ်တယ်လို့ ကျနော်တို့သဘောပေါက်ထားပါတယ်။
ကျမ်းမြတ်ကုရ်အာန်က `ဆွီယာမ်´ကာလ၏ ညအချိန်များမှာ ဇနီးမောင်နှံကိုယ်လက်နှီးနှောခြင်းကို ခွင့်ပြုထား သော်လည်း ဗလီဝတ်ကျောင်းများတွင် `အေတေကားဖ်´စခန်းဝင်သူများအတွက်မူ တားမြစ်ပိတ်ပင်ထားပါတယ်။
`အေတေကာဖ်း´၏အဓိပ္ပါယ်မှာ `တစ်စုံတစ်ရာကို အာရုံစူးစိုက်ပြီး မြဲမြဲမြံမြံ တွယ်ကပ်ဖက်တွယ်ထားခြင်း´ ဟု အဓိပ္ပါယ်ရရှိပါတယ်။ ဒါကြောင့် `အေတေကာဖ်း´တရားစခန်းဝင်တယ်ဆိုတာ မိမိတို့ရဲ့ အိမ်တွင်းရေး၊ လူမှုရေး၊ စီးပွားရေး အစရှိတာတို့ကို ရက်အကန့်အသတ်ဖြင့်စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ထားတဲ့ တရားဒေသနာတော်များကို အာရုံစူးစိုက်ပြီး ဖက်တွယ်ကျင့်ကြံ ဆောင်ရွက်ခြင်းကို ခေါ်ဆိုတာပါ။ ဒါကြောင့် `အေတေကာဖ်း´ တရားစခန်းဝင်သူတို့ သည် မိမိတို့ရဲ့ လောကီရေးရာများကို တရားစခန်းဝင်နေသည့်ကာလမှာ လုံးဝစွန့်လွှတ်ထားရပါလိမ့်မယ်။ မေ့လျော့ ထားရပါလိမ့်မယ်။ အချို့က `အေတေကာဖ်း´တရားစခန်းဝင်နေစဉ် ဗလီဝတ်ကျောင်းတော်မှ မိမိ၏အိမ်သို့ ဖုံးဆက်ပြီး အကြောင်းကြောင်းသော ကိစ္စများကိုမေးမြန်း စကားပြောတတ်ကြပါတယ်။ အိမ်ကအစားအသောက် လာပို့သူနှင့် မလို အပ်သော လောကီရေးရာများကို ပြောဆိုနေတတ်ကြတယ်။
ဤသည်မှာ `အေတေကာဖ်း´ရဲ့ စည်းကမ်းကို ဖောက်ဖျက်ခြင်းသာဖြစ်တယ်။ မိမိနောက်ကြောင်းမရှင်းလျှင် `အေတေကာဖ်း´ တရားစခန်း မဝင်ခြင်းက ပို၍ကောင်းပါတယ်။`အေတေကာဖ်း´ ၏ အခြားအထူးပြုအဓိပ္ပါယ်တစ်ခုမှာ `ပြန့်ကျဲနေသော ပုလဲလုံးများကို လှပသောပုလဲပုတီး တစ်ကုံးဖြစ်စေရန် ကြိုးဖြင့်သီခြင်း´ဟု အဓိပ္ပါယ်ရရှိပါတယ်။ ဆိုလိုတာက `အေတေကာဖ်း´တရားစခန်းဝင်သူတစ်ဦးဟာ မိမိရဲ့ ပြန့်လွင့်နေတဲ့ စိတ်အထွေထွေကို ကုရ်အာန်ဟူသော ကြိုးဖြင့် တစ်စုတစ်စည်းတည်း တည်ငြိမ်သွားစေရန် သီကုံးလိုက်ခြင်းဖြစ်တယ်။ ကုရ်အာန်ကျရောက်သည့် `ရမဒွါန်´ လမြတ်မှာ `ဆွီယာမ်´တည်ဆောက်ထားခြင်းဖြင့် မိမိတို့၏လွင့်ပြန့်နေသောစိတ်ကို ကုရ်အာန်၏အသိတရားဖြင့် ထိန်းချုပ် ၍ သတိတရားရရှိအောင် ပြုကျင့်ခြင်းဟာ အလွန်မွန်မြတ်တဲ့ `အိဘာဒသ်´တစ်ရပ်ဖြစ်တယ်။ စိတ်ဓါတ်များလည်း ကြံ့ခိုင် လာမှာဖြစ်တယ်။
ဒီနေ့ခွတ်ဗါဟ်ရဲ့ နိဂုံးချုပ်အပိုင်းကိုတင်ပြရမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ မိမိရဲ့ အာယသ် တော်များကို ထင်သာမြင်သာရှိအောင် ဖော်ပြထားပေမဲ့ လူသားတို့က မသိမမြင်ခြင်း၊ သိမြင်အောင် မကြည့်တတ်ကြခြင်း မှာ ဝမ်းနည်းဖွယ် ကောင်းလှပါတယ် လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။