ရည်ရွယ်ချက်
အစ္စလာမ်သာသနာတော်ဝင်များအနေဖြင့် ဇကားဟ်အလှူငွေများကို ဘာသာရေးကျင့်စဉ်တစ်ခုအဖြစ် ပေးကမ်းလှူဒါန်းရာတွင် တစ်ဦးချင်းလှူဒါန်းခြင်းထက် စုပေါင်းထည့်ဝင်သည့် ရန်ပုံငွေထူထောင်ပြီး မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးများနှင့် အခြားလူမှုဆိုင်ရာ လိုအပ်ချက်ရှိသူများအား ထောက်ပံ့ကူညီနိုင်ရန်နှင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များ၌ ကုရ်အာန်လမ်းညွှန်ချက်နှင့် အညီ စနစ်တကျ ထိရောက်စွာ စုပေါင်းအကူ အညီပေး လုပ်ဆောင်နိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဘိုင်သုလ်မားလ်ကော်မတီ၊ (၅၉)လမ်းကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် (၅၉)လမ်း၊ အမှတ်(၃-၅)ရှိ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်၌ (၂၁-၁၁-၂၀၀၃) (သောကြာနေ့)တွင် ဖွဲ့စည်းခဲ့ပါသည်။
ဘိုင်သုလ်မားလ်ကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ကော်မတီ၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အနက်
- ပညာရေးဆိုင်ရာလုပ်ငန်းစဉ် (တက္ကသိုလ်ဝင်တန်း ပညာဒါန အခမဲ့စာသင်စာကျက်ဝိုင်းနှင့် အဆင့်မြင့်ပညာ)
- ကျန်းမာရေးကူညီစောင့်ရှောက်မှု (မိခင်နှင့်ကလေး ကူညီစောင့်ရှောက်မှုနှင့်အခြား)
- သက်ကြီးရွယ်အို ကရုဏာကြေးချီးမြှင့်မှု
- သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် လတ်တလော အရေးပေါ်အခြေအနေဖြစ်ပေါ်မှုတွင် ကူညီပေးမှု စသည်တို့ကို (၁-၄-၂၀၀၄) မှစ၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညှိနှိုင်းတိုင် ပင် ဆွေးနွေးအတည်ပြု ဆုံးဖြတ်မှုတို့ဖြင့် စုပေါင်းတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။
ဘိုင်သုလ်မားလ်ကော်မတီ၏ လုပ်ငန်းစဉ်များ
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၅၉)လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ် ကျောင်းတော်ရှိ ဘိုင်သုလ်မားလ်ကော်မတီသည် လူကြီးမင်း၏ စေတနာသဒ္ဓါတရား ထက်သန်စွာ ပါဝင်လှူဒါန်းသော အလှူငွေများဖြင့်
- ပညာရေးဆိုင်ရာလုပ်ငန်းစဉ် (အခြေခံပညာ၊ တက္ကသိုလ်ပညာ၊ ဘာသာရေးပညာ၊ အသက်မွေးဝမ်းကျောင်းပညာ)
- စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ် (အိမ်တွင်းမှု၊ အသေးစားချေးငွေလုပ်ငန်း (Micro-finance))
- ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ် (ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့မှု၊ အခြားကျန်းမာရေးကဏ္ဍ)
- သက်ကြီးရွယ်အို ကရုဏာကြေးချီးမြှင့်မှုနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး စသည့်လုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီ စုပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။
ဘိုင်သုလ်မားလ်ကော်မတီ၏ အထက်ဖော်ပြပါလုပ်ငန်းစဉ်များ အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် လူကြီးမင်းတို့မိသားစုဝင်များ၏ လူအား၊ ငွေအား၊ အကြံဉာဏ်အားဖြင့် ပံ့ပိုးကူညီမှု အထူးလိုအပ်နေပါသည်။