နောက်လိုက်ကောင်းဆိုသည်မှာ…(အပိုင်း-၂) မုဖ်သီ ဦးစန်းအောင် (B.Sc)
နောက်လိုက်ကောင်းဆိုသည်မှာ…(အပိုင်း-၂)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့(၂၁.၈.၂ဝ၁၅)နေ့မြင့်မြတ်လှတဲ့ ယောင်မွလ်ဂျူမုအာဟ်နေ့မျာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား။
“ အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လာဟိ ဝဘရကာသုဟု……….”
ဒီကနေ့ကျနော်ဟောကြားတင်ပြမဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ `နောက်လိုက်ကောင်းဆိုသည်မှာ´ (အပိုင်း-၂)ပဲ ဖြစ်ပါတယ်။ အပိုင်း(၁)ကိုတော့ (၃၁-၇-၂ဝ၁၅)နေ့က ကျနော့ရဲ့ ခွတ္တဗာဟ်မှာတင်ပြခဲ့ပါတယ်။
ကျနော်တင်ပြခဲ့တဲ့`နောက်လိုက်ကောင်းဆိုသည်မှာ´ အပိုင်း(၁)မှာတုန်းကတော့ ဘယ်လိုလူ့အဖွဲ့ အစည်းဟာ နောက်လိုက်ကောင်းရဲ့အရည်အချင်းနဲ့ မပြည့်စုံဘူးဆိုတာကို တမန်တော်မူဆာ(အ)နဲ့ သူ့ရဲ့အွမ္မသ် လူ့အဖွဲ့အစည်းဝင်ဖြစ်တဲ့ `ဗနီအီစ်ရာအီလ်း´တွေရဲ့ ဖြစ်ရပ်တွေအပေါ်မှာ အခြေပြုပြီးတင်ပြခဲ့ပါတယ်။ ဒီကနေ့ ကျနော်တင်ပြမဲ့အပိုင်းမှာတော့ နောက်လိုက်ကောင်းတစ်ယောက်ခြင်းမှသည် စုစည်းညီညွတ်တဲ့ နောက်လိုက် ကောင်းအစုအဖွဲ့တစ်ရပ်ဖြစ်မှုကို ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုလမ်းညွှန်မှာကြားထားသလဲဆိုတာကို တင်ပြသွား မှာပါ။
ရှေးဦးစွာ နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်သွားတဲ့ ကုရ်အာန်(၂း၁၄၈)ကို တင်ပြပါရစေ။
“လူတိုင်းအတွက် ဦးတည်ချက်တစ်ရပ်စီရှိကြလေသည်။ ထိုသူသည် သူ၏ဦးတည်ချက်၏ အရှင်သခင်သာ ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် ကောင်းမွန်သော အကျင့်သီလဆောက်တည်ရေးအတွက် အပြင်းအထန် အပြိုင် အဆိုင် ကြိုးပမ်းအားထုတ်ကြပါလေ။ သို့ဆိုလျှင် သင်တို့မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မဆို ရှိစေကာ မူ အလ္လာဟ်အရှင်မြတ်က သင်တို့ကို တစ်စုတစ်စည်းတည်းဖြစ်စေတော်မူပေလိမ့်မည်။ ဧကန်မုချပင်၊ အလ္လာဟ် အရှင်မြတ်သည် အရာရာတိုင်းကို တွက်ချက်တိုင်းထွာ စီမံလွှမ်းမိုးနိုင်တော်မူသော အရှင်မြတ်ဖြစ်သည်။” (ကုရ်အာန် – ၂း၁၄၈)
ဒီအာယသ်တော်အရ ဆိုလိုရင်းကို ကြည့်မယ်ဆိုရင် လူတစ်ဦးချင်းဆီမှာ သူ့ရဲ့ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်ဦးတည်ချက်တွေ ရှိကြပါတယ်။ အဲဒီတော့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်ဦးတည်ချက်ရဲ့ အရှင်သခင်ဟာ အဲဒီလူသားပဲဖြစ်ပါတယ်။ ဒါကြောင့် လူသားတစ်ဦးချင်းဟာ အရှင်သခင်ဖြစ်တဲ့အားလျော်စွာ မိမိရဲ့ ဦးတည်ချက်ကို ကောင်းမြတ်တဲ့အကျင့်သီလ၊ သိက္ခာ၊ သမာဓိနဲ့ ပြည့်စုံတဲ့လူနေမှုအဆင့်အတန်းဆီကို ဦးတည်ချက်ထားရပါတယ်။ လူသားအကျိုးပြုတဲ့ ပရဟိတလုပ်ငန်းတွေမှာ တတ်နိုင်သမျှ မိမိရဲ့အားသာချက်တွေ ကို ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်။ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာဟာ ‘ငါနှင့်မဆိုင်ဘူး’ ဆိုပြီး နေလို့မရပါဘူး။
ဆိုလိုတာကတော့ လူတစ်ယောက်ဖြစ်လာပြီးဆိုရင် သူဟာသူ့ပတ်ဝန်းကျင်မှာ အသုံးဝင်တဲ့၊ အသုံးကျတဲ့ လူတစ်ယောက်ဖြစ်ရပါလိမ့်မယ်။ လူတွေက အားကိုးရမဲ့၊ အားထားရမဲ့၊ လေးစားရမဲ့လူတစ်ယောက် ဖြစ်ရပါမယ်။ လူ့ပတ်ဝန်းကျင်က သူတို့အတွက် အသုံးဝင်မဲ့လူပုဂ္ဂိုလ်ကို သူတို့က ကြိုဆိုအရေးပေးမှာပဲဖြစ်တယ်။ တချို့လည်း ရှိပါတယ်။ မိမိဟာ လူ့ပတ်ဝန်းကျင်နဲ့ ဖါသိဖါသာနေထိုင်တယ်။ လူ့ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲ။ ဘယ်သူတွေ ဘာလုပ်ပေးနေသလဲ။ ဒီကိစ္စမှာ ငါကဘာလုပ်ပေးရမလဲ။ ဘာလုပ်ပေးသင့်သလဲ ဆိုတာကို မစဉ်းစားဘူး။ ဒါဆိုရင် တော့ လူ့ပတ်ဝန်းကျင်၊လူ့အဖွဲ့အစည်းတွေကလည်း သူ့ကို စိတ်ဝင်စားမှာမဟုတ်တော့ဘူးလေ။ အဲဒီအခါမှာ အဲဒီ လို ပတ်ဝန်းကျင်ကို လျစ်လျူရှုတဲ့လူတွေက ဘာဖြစ်လာမလဲဆိုတော့ ငါ့ကို ပတ်ဝန်းကျင်ကနေရာမပေးဘူး။ အရေး မပေးဘူးဆိုပြီး လူတွေကိုမကျေမနပ်ဖြစ်လာမယ်။ လောကကြီးကို အဆိုးမြင်လာတော့မယ်။
အခုနကျနော်တင်ပြခဲ့တဲ့ ကုရ်အာန်(၂း၁၄၈)မှာ တစ်ဆက်တည်းမိန့်မှာထားတာက –
“သို့ဆိုလျှင် သင်တို့သည် မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မဆို ရှိစေကာမူ၊ အလ္လာဟ်အရှင် မြတ်က သင်တို့ကို တစ်စုတစ်စည်းတည်း ဖြစ်စေတော်မူပေလိမ့်မည်။”
ဆိုတဲ့အတိုင်းလူသားတစ်ဦးချင်းဆီမှသည် လူ့အဖွဲ့အစည်းအလိုက် အဲဒီလို မှန်ကန်တဲ့ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိကြမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က စည်းလုံးညီညွတ်တဲ့၊ တိုးတက်အောင်မြင်တဲ့ လူ့အဖွဲ့ အစည်းတစ်ရပ်ကို ဖော်ဆောင်ပေးမယ်လို့ ရည်ညွှန်းပြောဆိုနေခြင်းပဲ ဖြစ်တယ်။ အဲဒီတော့ နောက်လိုက်ကောင်း တစ်ယောက်ရဲ့ အရည်အသွေးမှာ လူ့ပတ်ဝန်းကျင်မှာ ပရဟိတဆိုတဲ့စိတ်ဓါတ်ရှိရမယ်။ မိမိရဲ့ ပတ်ဝန်းကျင်ရဲ့ အရေးတွေကို လျစ်လျူရှုခြင်းမရှိပဲ၊ အားတက်သရော ပါဝင်ကူညီဆောင်ရွက်ရမယ်။ နောက်လိုက်ကောင်း တစ်ယောက်ရဲ့ အရည်အသွေးဟာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်၊ အသုံး ကျတဲ့ လူတစ်ယောက်ဖြစ်နေရပါမယ်။
ကျမ်းမြတ်ကုရ်အာန်(၂း၁၁၂)မှာ ဒီလိုပြဆိုထားပါတယ်။
“ အမှန်တကယ်တော့ ဤသို့အလျဉ်းမဟုတ်ပေ။ မည်သူမဆို သူ့ကိုယ်သူအလ္လာဟ်အရှင်မြတ်ထံ နာခံ အပ်နှင်းပြီး၊ လောကကိုအလှဆင်သူဖြစ်ခဲ့လျှင်၊ ထိုသူအတွက်၊ သူ့ကိုပြုစုပျိုးထောင်လမ်းညွှန်သော အရှင်မြတ်ထံ၌ သူနှင့်ထိုက်တန်သော အကျိုးရလာဒ်များရှိပေသည်။ သူတို့အပေါ်၌ ကြောက်ရွံ့စိုးရိမ်ခြင်း၊ ပူဆွေးသောကဖြစ်ခြင်း တို့ အလျဉ်းရှိမည်မဟုတ်ပေ။” (ကုရ်အာန် – ၂း၁၁၂)
ဒီအာယသ်တော်အရဆိုရင် တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်တည်ဆောက်လိုသူ တစ်ဦး ချင်းမှာ၊ အတ္တလွန်ကဲခြင်း၊ မာန်မာနထောင်လွှားခြင်း၊ သူတစ်ပါးအပေါ် အထင်အမြင်သေးခြင်းဆိုတဲ့ အရေးအရာ တွေကို ရှောင်ကြဉ်ရပါမယ်။ မိမိဘဝတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ်ထံမှာ နာခံအပ်နှင်းထားသူတစ်ဦးအတွက် တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ လောကကို အလှဆင်နေတဲ့ `မုဟ်ဆင်န်´တွေအတွက် ရှောင်ကြဉ်ရမဲ့ ကိစ္စရပ်များပဲဖြစ်ပါတယ်။
ကျနော်တို့ ပတ်ဝန်းကျင်မှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်သဘောပေါက်ကြဖို့ လိုတယ်။ အသိအမှတ်ပြုကြဖို့ လိုပါတယ်။ ဒါကို အစုအဖွဲ့တစ်ခုအတွင်းမှာရှိတဲ့ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ဖို့အရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာပါဝင်ကြတဲ့ လူတစ်ဦးချင်းဟာ၊ တစ်ဦး ကို တစ်ဦးက အပြန်အလှန်နားလည်မှုပေးခြင်း၊ လေးစားအသိအမှတ်ပြုခြင်းတွေသာ မရှိခဲ့ကြဘူးဆိုရင် အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အတ္တလွန်ကဲခြင်း၊ မာန်မာနထောင်လွှားခြင်း၊ အထင်အမြင်သေးခြင်းတွေ ဖြစ်လာပါလိမ့် မယ်။ လူတွေမှာ ဒီလိုစိတ်နေစိတ်ထားတွေ ၀င်လာရင်၊ လောကကို အလှဆင်နိုင်ကြမှာ မဟုတ်ပါဘူး။
လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေကြတဲ့သူတွေ တစ်ဦးနဲ့တစ်ဦးအကြားမှာ အပြန်အလှန်လေးစား အသိ အမှတ်ပြုချင်တယ်ဆိုရင်တော့ တစ်ခုတည်းသော အခြေခံမူက `သင်က သူတစ်ပါးကို နားလည်သဘောပေါက် အောင်အရင်ဆုံး ကြိုးပမ်းပါ။ ပြီးမှ သင့်ကိုသူတစ်ပါးက နားလည်သဘောပေါက်အောင် ကြိုးစားပါ။´ ဒါဟာ လူ့အဖွဲ့ အစည်းတစ်ခုမှ ပါဝင်ကြတဲ့ နောက်လိုက်တွေအတွက် လိုက်နာဆောင်ရွက်ရမဲ့အချက်ပါ။ ကိုယ်က တစ်ပါးသူကို နားလည်လေးစားမှုမပြနိုင်ပဲ သူတစ်ပါးရဲ့ လေးစားမှုကိုရယူဖို့ မကြိုးစားပါနဲ့။
နောက်တစ်ချက် နောက်လိုက်ကောင်းတစ်ဦးဟာ ဆရာမွေးခြင်း၊ တပည့်မွေးခြင်းကို မပြုပါနဲ့။ ကျမ်းမြတ် ကုရ်အာန်(၂း၁၁၆)မှာ ဒီလိုပြဆိုထားပါတယ်။
“ ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်း ခံထားရသူတို့သည် (သူတို့ကျူးလွန်ခဲ့သမျှနှင့် ပတ်သက်၍) ခံစား ရမည့်ပြစ်ဒဏ်ကို တွေ့မြင်ရသောအခါ၊ သူတို့၏နောက်လိုက် နောက်ပါများကို အဆက်ဖြတ်ခဲ့ကြလေသည်။ သူတို့ မူလက စုစည်းဖို့ရာ ဖြစ်လာရသည့်အခြေခံ အကြောင်းတရားတို့သည်လည်း၊ အပိုင်းပိုင်းအစစ ကျိုးပြတ်သွားခဲ့ရ လေသည်။ ” (ကုရ်အာန် – ၂း၁၆၆)
ဒီအာယသ်တော်အရ လူ့အဖွဲ့အစည်းတစ်ရပ်ပြိုကွဲရခြင်းမှာ `အုပ်စုဖွဲ့ခြင်း´ဆိုတာကလည်း အကြောင်း အချင်းအရာတစ်ရပ်ဖြစ်ပါတယ်။ တစ်ချို့က အုပ်စုအတွင်းမိမိသြဇာ သက်ရောက်တည်မြဲရေးအတွက် `တပည့်´ မွေးသလို၊ `ဆရာ´ပြန်မွေးတာလည်း ရှိပါတယ်။ အဖွဲ့အတွင်း အရေးကိစ္စတွေမှာ `တပည့်´မွေးသူတွေက `တပည့်´ကို ရှေ့တန်းတင်အသုံးချသလို၊ `ဆရာ´မွေးသူတွေကလည်း သူတို့ဖြစ်စေချင်တဲ့ဆန္ဒကို ဆရာ့နှုတ်မှ ဆရာ့သြဇာဖြင့် မြွက်ဟမိန့်ကြားစေပါတယ်။
အကျိုးဆက်ကတော့ ဆရာမွေးခြင်း၊ တပည့်မွေးခြင်းကနေ တစ်ဖက်နဲ့တစ်ဖက် အုပ်စုကွဲသဏ္ဍာန်ဆက်ဆံ လာကြပြီး၊အားပြိုင်မှုတွေ ဖြစ်လာပါတယ်။ ဒီအစုအဖွဲ့ကွဲတွေဟာ မိမိတို့တစ်စုတစ်ဖွဲ့ချင်းစီမှာ မလိုလားအပ် သော၊ မခိုင်လုံသော ကိစ္စတစ်ခု၊ အကြောင်းအရာတစ်ခုကို အရင်းခံဖန်တီးပြီး ပြဿနာရှာလာကြပါတယ်။ ဒါပေမဲ့ အစုအဖွဲ့တိုင်းဟာ မိမိတို့ဖန်တီးခဲ့တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာသော ပြဿနာကို ရင်ဆိုင်ဖြေရှင်းရ တော့မယ်ဆိုရင် `ဆရာ´ဆိုသူတွေက တပည့်တွေကို တာဝန်မဲ့စွာနဲ့ စွန့်ပယ်ပြီး ကိုယ်လွတ်ရုန်းပြေးကြပါတယ်။ တပည့်တွေအတွင်းမှာလည်း တစ်ဦးကိုတစ်ဦး ပြဿနာရှာ၊ အပြစ်ဖို့ပြီးတော့ အဆက်ဖြတ် ကွဲပြဲသွားရပါတော့ တယ်။ `သူ့ကြောင့်ဖြစ်ရတာ၊ ငါ့ကြောင့်ဖြစ်ရတာ´ဆိုပြီး အပြန်အလှန် စွဲချက်တင်ပါတော့တယ်။ ဒါဟာ ကုရ်အာန် နည်းမကျတဲ့ `လူပုဂ္ဂိုလ်ကိုးကွယ်ရေးဝါဒ´ကို အသက်သွင်းခြင်းပဲဖြစ်ပါတယ်။
အစ္စလာမ်ကပြဌာန်းထားတဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်ကြတဲ့ ခေါင်းဆောင်ရော၊ နောက်လိုက်တွေမှာပါ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေကို ကျမ်းမြတ်ကုရ်အာန်က (၂း၁၉၃)မှာ ဒီလိုပြဌာန်းထားပါတယ်။
“ ဒီန်း တည်းဟူသော အစ္စလာမ့်ရေးရာ လမ်းစဉ်သည် အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းလမ်းစဉ်ဖြစ်သည့်အားလျော် စွာ ယင်းလမ်းစဉ်တည်တံ့စေရေးအတွက် လူအချင်းချင်းလှည့်ဖြားခြင်း၊ မတော်မတရား ဖိနှိပ်ညှင်းပမ်းခြင်း၊ ခေါင်းပုံ ဖြတ်ခြင်း၊ အစရှိသော မလိုလားအပ်သည့် ပြဿနာများ ကင်းဝေးသွားစေရေးအတွက် သင်တို့သည် ကျူးလွန်စော် ကားသူများကို တွန်းလှန်ဖြိုဖျက်ကြပါလေ။ အကယ်၍ သူတို့(ပြစ်မှုကျူးလွန်သူတို့)က ယင်းလုပ်ရပ်များကို ရပ်တန့် လိုက်ပါမူ အစ္စလာမ်ဆိုသည်မှာ လူလူချင်း မတရားကျူးကျော်စော်ကားမှု ပြုသူများမှလွဲပြီး မည်သူ့ကိုမျှ ရန်သူ ဟူ၍ သဘောမထားရပေ။ ” (ကုရ်အာန် – ၂း၁၉၃)
ဒီအာယသ်တော်အရဆိုလျှင် အစ္စလာမ်သည် အကြမ်းဖက်ဝါဒမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ရှေးရှု အကောင်အထည်ဖော်တဲ့ လမ်းစဉ်သာဖြစ်တယ်။ ဒါကြောင့် အစ္စလာမ်ဘာသာဝင်နောက်လိုက်ကောင်းတွေဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်သူတွေ ဖြစ်ရပါမယ်။ အကြမ်းဖက်သမားတွေဟာ တမန်တော်မြတ် (ဆွ)ရဲ့ `အွမ္မသ်´နောက်လိုက်ကောင်းတွေ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီကနေ့ အကြမ်းဖက်၊ လူသတ်၊ လုယက်ဖျက်ဆီးနေတဲ့သူများဟာ သူတို့ကိုယ်သူတို့ ဘယ်လောက်ကြီးပဲအစ္စလာမ်ဖြစ်ပါတယ်ပြောပြော အစ္စလာမ်မဟုတ်ပါဘူး။ အစ္စလာမ်ရဲ့ သရုပ်သကန်တွေကို ဖျက်ဆီးနေသူတွေပဲဖြစ်ပါတယ်။
ဒါပေမယ့် ကျမ်းတော်မြတ်ကုရ်အာန်သည် ငြိမ်းချမ်းရေးကို လက်ကိုင်ထားပေမဲ့ ဒီငြိမ်းချမ်းရေးတည်တံ့ခိုင် မြဲမှုကို ဖျက်လိုဖျက်ဆီးလုပ်တဲ့၊ `ဖိသ်နာ´လို့ခေါ်တဲ့ အဖျက်လုပ်ငန်းတွေကိုတော့ တုန့်ပြန်တိုက်ခိုက်သွားဖို့ လမ်းညွှန် ထားပါတယ်။
ဒါကြောင့် ကုရ်အာန်(၂း၁၉၃)က လမ်းညွှန်ပြဌာန်းထားတဲ့အတိုင်း လူ့အဖွဲ့အစည်းတစ်ရပ် ငြိမ်းချမ်းတည် ငြိမ်ရေးအတွက် လူ့အဖွဲ့အစည်းတစ်ရပ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ပျက်စီးစေတဲ့ `ဖိသ်နာ´လို့ခေါ်တဲ့ မတရားကျူး ကျော်စော်ကားခြင်း၊ လူအချင်းချင်း လှည့်ဖြားခြင်း၊ မတော်မတရားဖိနှိပ်၊ သတ်ဖြတ်၊ ညှင်းပမ်းနှိပ်စက်လာပြီဆိုရင် တော့ ရရှိထားတဲ့ ငြိမ်းချမ်းရေး ဆက်လက်တည်တံ့ခိုင်မြဲလာစေရန် ခုခံကာကွယ်တိုက်ခိုက်သွားရပါမယ်။ မွတ် ဆလင်မ်ဆိုတာ မတော်မတရားမှုတွေကိုတော့ ဘယ်တော့မှ ငြိမ်ခံသွားကြမဲ့သူတွေ မဟုတ်ပါဘူး။
ဒါကို တစ်ချို့က မွတ်ဆလင်မ်တွေဟာ သူတို့နဲ့ ဘာသာမတူရင် တိုက်ခိုက်သတ်ဖြတ်တယ်လို့ စွပ်စွဲကြ တယ်။ ဒီစွပ်စွဲချက်ဟာ လုံးဝမှားပါတယ်။ အစ္စလာမ်ရဲ့ ‘ဒီန်’ စနစ်မှာ ယုံကြည်ချက်မတူသော်ငြားလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့၊ အပြန်အလှန်၊ အသိအမှတ်ပြုလေးစားကြဖို့ ကုရ်အာန်မှာ ပြဌာန်းပြီးသားပါ။ ဒါပေမဲ့ တစ်ဖက်ကို မတရားစော်ကားထိခိုက်လာရင်တော့ အဲဒီလို မတရားကျူးကျော်စော်ကားလာတာကိုတော့ ရင်ဆိုင် ဖြေရှင်းဖို့ ခွင့်ပြုထားပါတယ်။ ဘယ်လူ့အဖွဲ့အစည်းဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ၊ မိမိကိုမတရားကျူးကျော်စော်ကား လာပြီဆိုရင်တော့ ခုခံကာကွယ်ပိုင်ခွင့်၊ အဲဒီမတရားမှုကို အမြစ်ပြတ်ချေမှုန်းပိုင်ခွင့်ပြုထားခြင်းဟာ မှန်ကန်တဲ့ နိယာ မ တစ်ခုဖြစ်ပါတယ်။ လောကကို အလှဆင်လိုသူတွေဟာ `ဖိသ်နာ´လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် မငြိမ်းချမ်း အောင်၊ ပြိုကွဲပျက်စီးအောင် ပြုလုပ်သူ မည်သူ့ကိုမဆို ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာကို နောက်လိုက်ကောင်းတွေရဲ့ တာဝန်တစ်ရပ်အဖြစ် ခံယူထားရပါမယ်။
ဒီကနေ့ အစ္စလာမ့်လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး`ကမ္ဘာကြီး ခြိမ်းချောက်နေသူများ´ဆိုပြီး စွပ်စွဲမှုတွေရှိနေ ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ သုံးသပ်ဖို့လိုနေပါပြီ။ ပညာရှင်များက သဘောထား မှတ်ချက်ပေးဖို့ လိုအပ်လာပါပြီ။ အမှန်တကယ်တော့ မွတ်ဆလင်မ်အမည်ခံ တစ်ချို့ရဲ့ အကြမ်းဖက် လုပ်ရပ်ဟာ မွတ်ဆလင်မ်ထုတစ်ရပ်လုံးအပေါ် ဆိုကျိုးသက်ရောက်မှုဖြစ်နေတာပါ။ ဒီကနေ့ အကြမ်းဖက်သမားဆို တာ၊ ဘာသာတိုင်း၊ လူမျိုးတိုင်း၊ တိုင်းပြည်တိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ မွတ်ဆလင်မ်ဆိုသူတွေကလွဲလို့ ဘယ် ဘာသာဝင်ရဲ့ အကြမ်းဖက်သမားကမှ၊ အကြမ်းဖက်မှုလုပ်ရပ်တစ်ခု လုပ်ပြီးတိုင်းသူတို့ရဲက ဘုရားနာမည်ကို မရေ ရွတ်ကြပါဘူး။ ဥပမာ ဂျူးအကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်လုပ်ရပ်တစ်ခု လုပ်ပြီးတိုင်းဘယ်တော့မှ `အို -ယေဟောဝါ´လို့ မတမ်းတပါဘူး။ ခရစ်ယာန် တစ်ယောက်ကလည်း၊ `အို-ယေရှုသခင်´လို့ မတမ်းတသလို ဟိန္ဒူ ဘာသာဝင်တစ်ယောက်ကလည်း `အို-ရားမ်ရားမ်´လို့ သူတို့ရဲ့ကိုးကွယ်ဆည်းကပ်ရာ အရှင်သခင်တွေကို မတမ်းတကြပါဘူး။ ဒါပေမဲ့ မွတ်ဆလင်မ်မှာကျတော့ ဗုံးခွဲပြီးရင်ပဲဖြစ်ဖြစ်၊ ကိုယ်မကျေနပ်လို့ လူတစ်ယောက်ရဲ့ လည်ပင်းကို ဖြတ်လိုက်ရင်ပဲဖြစ်ဖြစ် `အလ္လာဟ်ဟု အတ်က်ဘရ်´လို့ တမ်းတလိုက်တာကတော့ ထူးခြားနေပါ တယ်။
အဲဒီတော့ နိဂုံးချုပ်ပြောရမယ်ဆိုရင် တမန်တော်မြတ်(ဆွ)ရဲ့ `အွမ္မသ်´နောက်လိုက်ကောင်းတွေဟာ စစ်မှန်တဲ့ မွတ်ဆလင်မ်တစ်ဦးချင်းအနေနဲ့ အထက်ပါကုရ်အာန်(၂း၁၉၃)က ပြဆိုထားတဲ့အတိုင်း မွတ်ဆလင်မ်ဆို သည်မှာ `ဖိသ်နာ´ဆိုတဲ့ မတရားဖိနှိပ်ကျူးကျော်စော်ကား လှည့်ဖြားသူများမှအပ မည်သူ့ကိုမျှ ရန်သူအဖြစ် သဘောထားလို့မရပါဘူး။ မိမိနှင့်ဘာသာမတူ၊ ယုံကြည်ချက်မတူ၊ အသားအရောင်မတူ၊ ယဉ်ကျေးမှုမတူတဲ့ မည်သူ့ကိုမဆို ရန်သူလို့ သဘောမထားပဲ မိတ်ဆွေအဖြစ် သဘောထားရမှာဖြစ်ကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်ပါ တယ်။