ကျေးဇူးတရား မုဖ်သီ ဦးသန်းအောင် (LL.B)

ကျေးဇူးတရား

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော်အနေနဲ့ အခုလို ဂျုမုအာဟ် ခွတ္တဗာဟ်ပြောကြားခွင့်ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ် အား ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဒီကနေ့ တင်ပြမယ့်ခေါင်းစဉ်ကို `ကျေးဇူးတရား´လို့ ပေးထားပါတယ်။ ကမ္ဘာ့မိသားစု ၀င်တွေဖြစ်တဲ့ ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ရဲ့အလိုတော် သောင်ဝ်ဖီးက်စွမ်းအား ချီးမြှင့်ပေး တော်မူတဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံးဟာ ပြီးခဲ့တဲ့ ရမဿွာန်လတစ်လလုံးမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံရိုကျိုးစွာနဲ့ အလ္လာဟ့်ဥပဒေလမ်းညွှန် ပြဌာန်းချက်ကို ဦးထိပ်ပန်ဆင်ပြီး ကျွန်တော်တို့ အားလုံး ရဲ့ နောက်ဆုံးတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ရဲ့အွစ္စ၀သွန် ဟစနာလို့ ခေါ်တဲ့ အကောင်းဆုံးသော စံနမူနာ နှင့်အညီ အလ္လာဟ်ကို အေဗာဒသ်လုပ်ခဲ့ကြပါတယ်။ အလ္လာဟ်အရှင်မြတ် လမ်းညွှန်မိန့်ကြားထားတဲ့ (အမလေ ဆွာလေဟာ)လို့ခေါ်တဲ့ လူနှင့်လူ့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ ကောင်းကျိုးဝေဖြာ စေမယ့် လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်ကွာဟမှု၊ ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းပြီး ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် အလ္လာဟ် ညွှန်ကြားပြသထားတဲ့ ဇကားသ်လို့ခေါ်တဲ့ စင်ကြယ်ဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့ အလှူဒါနကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်။

ဒီရမဿွာန်လတစ်လဟာ ကျွန်တော်တို့အားလုံးအတွက် အလ္လာဟ်အရှင်မြတ်က အထူးမွမ်းမံသင်တန်း ပို့ချလိုက်တဲ့ ကာလလို့ပြောရင်လည်း မမှားပါဘူး။ အဲဒီအထူးမွမ်းမံသင်တန်းရဲ့ သင်တန်းပြီးဆုံးခြင်း အထိမ်း အမှတ်အဖြစ်နဲ့ ကျွန်တော်တို့အားလုံးဟာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုပြီးတော့ `ရူကုအ်´ အလ္လာဟ်ဥပဒေလမ်းညွှန် ပြဌာန်းချက် အလ္လာဟ်ရှေ့တော်မှောက်မှာ ကျွန်တော်တို့အားလုံးဟာ ဘာမှမဟုတ် ဘူးဆိုတဲ့သွင်ပြင်လက္ခဏာကို ဖော်ပြပြီး အလ္လာဟ်ကို ကိုင်းညွတ်မှုပြုခဲ့ပါတယ်။ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်း ချက်တွေကို ဦးလည်မသုန်လိုက်နာ ကျင့်သုံးမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ အလ္လာဟ်ထံပါးမှာ ကိုင်းညွတ်နာခံခဲ့ကြပါ တယ်။

`စုဂျူဒ်´လို့ခေါ်တဲ့ အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်၊ အလ္လာဟ်အရှင်မြတ်ရဲ့ရှေ့တော်မှောက်မှာ ကျွန်တော်တို့ရဲ့ အတ္တမာနတွေကို ခ၀ါချပြီး လူသားဟာ ဘာမှမဟုတ်ပါဘူး။ အလ္လာဟ်အရှေ့မှာ ဘာအဆင့်မှ မရှိဘူး။ ဘာဂုဏ်မှမရှိဘူး။ ဘာတန်ဖိုးမှမရှိတော့ဘူးဆိုတဲ့ သဘောနဲ့ `စဂ်ျဒါ´ဆိုတဲ့ ပျဝပ်ဦးညွှတ်မှုကိုပြုပြီး အလ္လာဟ်ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြပြီးတော့ ဒီကနေ့မနက်မှာ ကမ္ဘာ့အရှေ့ခြမ်းနဲ့ ကမ္ဘာ့အနောက်ခြမ်း မှာရှိတဲ့ မွတ်ဆလင်မ် ညီနောင်များနဲ့အတူ ကျွန်တော်တို့ ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်မှာ အီဒွလ်ဖိတိရ် ဆွလားသ်ကို စုပေါင်းဝတ်ပြုပြီး ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိ ကြောင်း ဖော်ညွှန်းပြသပုံဖော်ခဲ့ပြီး ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်က စိတ်ချမ်းသာမှု ရစေချင်တယ်။ ပျော် ရွှင်ပီတိဖြစ်မှုတွေလည်း ရစေချင်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာ လူမျိုးတိုင်း၊ လူမျိုး တိုင်းမှာ နေ့အလျောက်၊ လအလျောက်၊ နှစ်အလျောက် ပျော်ပွဲရွှင်ပွဲတွေရှိကြပါတယ်။ အဲဒီလို ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ဆောင်ရွက်တဲ့နေရာမှာ အရပ်ဒေသအသီးသီးမှာ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အရပ်ဓလေ့ထုံးစံတွေ မတူညီတဲ့အပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆောင်ရွက်ကြပါတယ်။ အဲဒီလို ပျော်ပွဲရွှင်ပွဲ ဆောင်ရွက် သလို တစ်ချို့တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ရင်းနဲ့ အပျော်ကနေ အပျက်ဆီကို ရောက်ရှိသွားတာမျိုးလည်း လူကြီးမင်းတို့ သိရှိကြမှာဖြစ်ပါတယ်။

မွတ်ဆလင်မ်တွေ၊ မုအ်မင်န်တွေအတွက်လည်း အလ္လာဟ်အရှင်မြတ်က ပျော်ရွှင်မှုကို ဖြစ်ပေါ်စေခဲ့ပါ တယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ( ၁၀း၅၇)မှာ

`အို – လူသားအပေါင်းတို့၊ အသင်တို့ရဲ့ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်ကနေ အသင်တို့ ထံကို အသင်တို့ရဲ့ဘ၀ ရှင်သန်ထက်မြက်စေမယ့်ဆေး၊ စနစ်ဇယား၊ အဆုံးအမ၊ အသင်တို့ဆီကို အသေအချာကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။´

မောင်ဝ်အီဇွာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အခြားအမည်နာမများဆိုတဲ့အထဲမှာ တစ်ခုအပါအ၀င်ဖြစ် တဲ့ `မောင်ဝ်အီဇွာ´အဆုံးအမ၊ သြ၀ါဒ၊ ဘ၀ရှင်သန်ထက်မြက်စေတဲ့လမ်းညွှန်ချက်ဆိုပြီး ဖော်ညွှန်းပါတယ်။ အဲဒီ အဆုံးအမဟာ ဘာကိုဖြစ်စေသလဲ။

`သင်တို့ရဲ့ စိတ်နှလုံးတွေထဲမှာ ဖြစ်ပေါ်နေတဲ့ ပါပညစ်ကျူးမှု၊ မနာလိုဝန်တိုမှု၊ မကျေလည်မှု၊ လူကို လူလို မမြင်မှုစတဲ့ အတ္တအကျိုးစီးပွားတွေ ကြီးထွားနေတဲ့ ကိစ္စရပ်တွေ တစ်နည်းအားဖြင့် စိတ်နှလုံးအတွင်းမှာ မဲညစ်စေ တဲ့ ရောဂါဘယတွေကို ကင်းဝေးစေတဲ့ဆေးလည်းဖြစ်ပါတယ်။´ အဲဒီ `မောင်ဝ်အီဇွာ´ဆိုတဲ့ ကုရ်အာန်ဟာ လူသား တွေရဲ့ နှလုံးသား တစ်နည်းအားဖြင့် စိတ်ဓါတ်တွေကို ပြုပြင်ပြောင်းလဲပေးတဲ့ဆေးဝါးဆိုရင်လည်း မမှားပါဘူး။

`အဲဒီ ကျမ်းမြတ်ကုရ်အာန်ဆိုတဲ့ မောင်ဝ်အီဇွာအဆုံးအမဟာ လူသားခပ်သိမ်းကို လမ်းညွှန်နေတဲ့ လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် လိုလေသေးမရှိပြီးပြည့်စုံစွာ စီမံခန့်ခွဲထားတဲ့ အထောက်အပံ့(ရဟ်မသ်) တော်လည်း ဖြစ်ပါတယ်။´

စိတ်နှလုံးသားထဲမှာ ဖြစ်ပေါ်နေတဲ့ ရောဂါဘယတွေပျောက်ကင်းစေတဲ့ဆေး၊ လမ်းညွှန်မိန့်ကြားချက် အလ္လာဟ်ရဲ့အထောက်အပံ့ကို ဘယ်လိုလူတွေက ရယူအသုံးချမလဲဆိုရင် `လိလ်မုအ်မီနီးန်´ဆိုပြီး အလ္လာဟ့် ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့၊ သက်ဝင်ယုံကြည်တဲ့ အီမာန်သက်ဝင်ယုံကြည် သူမုအ်မင်န်တွေအတွက် ဒီကျမ်းမြတ်ကုရ်အာန်ဟာ ဆေးဝါးလည်းဖြစ်သလို၊ အဆုံးအမလည်းဖြစ်တယ်၊ လမ်းညွှန် မိန့်ကြားချက်လည်းဖြစ်သလို၊ အလ္လာဟ်ရဲ့ပြီးပြည့်စုံစွာ စီမံခန့်ခွဲမှု၊ အထောက်အပံ့လည်းဖြစ်တယ်ဆိုပြီး ဖော်ညွှန်း ထားပါတယ်။

ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ပို့ချပြီးတော့ လက်ခံရရှိလိုက်တာဟာ အကြောင်းခံအားဖြင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ ကျွန်တော်တို့အားလုံးရဲ့ နောက်ဆုံးအန္တိမ နောက်ဆုံးတမန်တော်ဖြစ်ပါတယ်။ နောက်အာယသ် (၅၈)မှာ ထပ်ပြီးညွှန်ထားတာက `ရှီဖ´ဆိုတဲ့ဆေးဝါး၊ `မောင်ဝ်အီဇွာ´ဆိုတဲ့ အဆုံးအမ၊ `ဟူဒါန်း´ဆိုတဲ့ လမ်းညွှန် ချက်၊ `ရဟ်မသ်´ဆိုတဲ့ အထောက်အပံ့တွေဟာ `ဘိဖဒ်လိလ္လာဟ်´အလ္လာဟ်ရဲ့ ဖဇီလာသ်၊ အလ္လာဟ်ချီးမြှင့်လိုက် တဲ့ ကျေးဇူးတော် အနန္တဖြစ်တယ်။

`အလ္လာဟ်ရဲ့ ပြီးပြည့်စုံစွာ စီမံခန့်ခွဲထားတဲ့ အထောက်အပံ့(ရဟ်မသ်)တော်လည်းဖြစ်တယ်။ အဲဒီ ရဟ်မသ်တော်နဲ့ ကျေးဇူးတော်ကို အကြောင်းပြုပြီးတော့ တမန်တော်ပွင့်ခြင်း၊ ကုရ်အာန်ထုတ်ပြန်ပို့ချခံရခြင်း၊ တစ်နည်းအားဖြင့် အစ္စလာမ်ဆိုတဲ့ ဒီန်ဘ၀တည်ဆောက်မှု လမ်းစဉ်ရဲ့အကြောင်းကို ပြုပြီးသော အီမာန်သက်ဝင် ယုံကြည်သူတို့ ပျော်ရွှင်ဝမ်းမြောက်ကြပါစေလေ။ သူတို့စိတ်ချမ်းမြေ့ကြပါစေ။´

အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကိုလည်း ပျော်ရွှင်မှုပီတိကို ခံစားရယူစေပါတယ်။ တစ်နည်းအားဖြင့် ပီတိကို ခံစားရယူစေပါတယ်။ တစ်နည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်ရရှိခြင်း၊ တမန်တော်မြတ်ရဲ့အွမ္မသ် သားမြေးဖြစ်ခြင်း၊ အစ္စလာမ်ရဲ့အ၀န်းအ၀ိုင်းထဲ ရောက်ရှိခြင်းဆိုတဲ့ ကိစ္စတွေသူတို့ခံစားလိုက်ရတဲ့အတွက် သူတို့ဝမ်းမြောက်ကြပါစေ၊ ပျော်ရွှင်ကြပါစေ၊ သူတို့ စိတ်ချမ်းသာကြပါစေ။ ကျွန်တော့်ခံယူချက်၊ ကျွန်တော့်အမြင်ကို ပြောရရင် တမန်တော်မြတ်ရဲ့ အွမ္မသ်ဖြစ်ရတာ၊ ကျမ်းမြတ်ကုရ်အာန်ကိုရရှိတာ၊ အစ္စလာမ်ရဲ့အ၀န်းအ၀ိုင်းထဲ ရောက်ရှိနေရခြင်းဟာ ကျွန်တော်တို့အတွက် စိတ်ချမ်း သာနေရတယ်လို့ ခံယူမိပါတယ်။

လူတွေမှာ စုဆောင်းနေတဲ့အရာတွေရှိပါတယ်။ သြဇာအာဏာကို စုဆောင်းနေကြသလို၊ ဥစ္စာဓနငွေကြေး တွေကို စုဆောင်းနေတဲ့ လူတွေရှိပါတယ်။ ဒါ့အပြင် လူရေးကျမ်းတွေ၊ လူတွေကပြုစုထားတဲ့ စနစ်ဇယားတွေကို စုဆောင်း လျက်ရှိနေကြတယ်၊ လူသားတွေစိတ်တိုင်းက ပုံဖော်ထားတဲ့လမ်းစဉ်တွေရှိနေတယ်။ အဲဒီလို လူလုပ်ကျမ်းတွေ၊ လူလုပ်စနစ်ဇယားတွေမှာ လူတွေ စုဆောင်းပြီး ယုံကြည်လိုက်နာကျင့်သုံးရင်း ပျော်မွေ့နေကြတဲ့အရာတွေ အားလုံးထက် `ဟုဝ´ထိုအရာ ကုရ်အာန်တစ်ခုထဲကပိုပြီး ပိုပြီး အပုံကြီး သာလွန်ကောင်းမွန်ပါတယ်လို့ အလ္လာဟ် အာမခံထားပါတယ်။

ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ရှာဖွေ စုဆောင်းထားတဲ့အရာတွေ အားလုံးထက် ကျမ်းမြတ်ကုရ် အာန်သည် ကျွန်တော်တို့အတွက် အကောင်းဆုံး၊ အမွန်မြတ်ဆုံး၊ အထွဋ်အထိပ်ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုအပ်ပါတယ်။ `အလ်ဟမ်ဒု လိလ္လာဟ်´ ကောင်းပြီ။ အလ္လာဟ်ကို ကျေးဇူးတင်တဲ့အခါမှာ အလ္လာဟ်ကို သက္ကဘီရ်လုပ်တယ်။ မနက်က ကျွန်တော်တို့ဖတ်သလို `အလ္လာဟ်ဟု အက်ဘရ်´ဆိုပြီးပေါ့။ ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်မှာ အီဒွလ်ဖိတိရ်ဆိုရင် အိဒ်ဂါကွင်းပြင်ကိုသွားကြ တယ်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးအကုန်လုံး ပါဝင်ကြတယ်။ အ၀တ်အစားလျော့နည်းနေရင်လည်း ခြုံထည် တွေခြုံပြီး သွားကြတယ်။ ကျန်းမာရေးမကောင်းလို့ ဆွလားသ်မှာ မပါဝင်နိုင်ရင်တောင် ဒုအာမှာပါဝင်ကြဖို့ သွားကြ တယ်။ အဲဒီလို အိဒ်ဂါကိုသွားရင်းနဲ့ အလ္လာဟ်ကြီးကြယ်မြင့်မြတ်တော်မူကြောင်းကို ကြွေးကြော်ကြတယ်။ အလ္လာဟ် ကလည်း သင်ပေးတယ်။ ဆူရာဟ် ၂း ၁၈၅ရဲ့ အဆုံးသတ်မှာ ပါဝင်နေပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက သရီကာမှာသွားပြီးတော့ ဆာလိက်အဖြစ်နဲ့ နေခဲ့တော့ တစ်ချို့သရီကာမှာ ဘယ်လိုရှိသလဲဆိုရင် အလ္လာဟ်ကို သတိရရင်ပြီးရော၊ ကြိုက်တဲ့ပုံစံသတိရ၊ အဲဒီတုန်းက ကျွန်တော်တို့က အဲဒီလိုပဲထင်တယ်။ တမန်တော်မူဆာ(အ)နဲ့ ပတ်သက်ပြီးပုံပြင်လေးတစ်ပုဒ်ရှိတယ်။ မူဆာ(အ)လက်ထက်က ကျေးတောသားလေးတစ်ယောက်က နွားကျောင်းနေရင်းနဲ့ သူအလ္လာဟ်ကို သတိရတော့ အလ္လာဟ်က စကြ၀ဠာ ကြီးကိုလည်း ဖန်ဆင်းထားတယ်။ လူတွေကိုလည်း ဖန်ဆင်းထားတယ်။ နေတွေ၊လတွေကိုလည်း ဖန်ဆင်းတယ်။ အခုအချိန်ဆို အလ္လာဟ်တော်တော် ပင်ပန်းနေပြီးတော့ အလ္လာဟ်ဆံပင်ညှပ်ဖို့ အချိန်လည်းရမှာ မဟုတ်ဘူး။ အလ္လာဟ်လက်သည်း၊ ခြေသည်းညှပ်ဖို့လည်း အချိန်ရမှာမဟုတ်ဘူး။ အလ္လာဟ်တော်တော်ပင်ပန်းနေပြီ။

ဒီအချိန်မှာသာ အလ္လာဟ်ကျွန်တော့်အရှေ့ရောက်လာခဲ့ရင် ဆံပင်လေးတွေရှင်းပေးပြီး ခေါင်းလျှော်ပေး လိုက်မယ်။ အလ္လာဟ်ခြေသည်းလက်သည်းလေးတွေလည်း ကျွန်တော်ညှပ်ပေးလိုက်မယ်လို့ သူကဖော်ညွှန်းတဲ့ အခါမှာ မူဆာ(အ)က သူ့ကိုပြောတယ်။ အလ္လာဟ်ကို အဲဒီလို သတိမရရဘူး။ အလ္လာဟ်အရှင်မြတ်ဟာ လူသားတွေ စိတ်ကူးပုံဖော် တွေးတောလို့မရတဲ့ ပြင်ပမှာရှိတယ်။ အလ္လာဟ်ကို ပုံဖော်ခိုင်းနှိုင်းလို့မရဘူး။ လူတွေနဲ့လည်း မတူ ဘူးလို့ နားလည်အောင် ရှင်းပြတယ်။ အဲဒီအချိန်မှာပဲ သူတော်စင်ကြီးတစ်ပါးက ရောက်လာတယ်။ မူဆာ(အ)ကို သူကပြန်ပြီး နစီယသ်ပေးတယ်။ သေသေချာချာလေး နားထောင်စေချင်ပါတယ်။

အလ္လာဟ်ကို အလ္လာဟ်ဘန်ဒါက ကြိုက်သလို သတိရတာ မင်းကဘာကြောင့်တားနေရတာလဲ။ မင်းမှာ ဒီလိုတားပိုင်ခွင့်မရှိဘူးလို့ပြောတော့ မူဆာ(အ)တောင် နည်းနည်းလန့်သွားတယ်။ ဒီလိုပုံစံမျိုး ကျွန်တော်တို့ ငယ်ငယ်က သင်ပေးခဲ့ခြင်းဖြစ်တယ်။ ပြီးတော့ ကုရ်အာန်ကို လေ့လာလိုက်တဲ့အခါမှာတော့ ဆူရာဟ်(၃း၁၀၃)မှာ

`အလ္လာဟ်ကို သက္က၀ါထားရင် အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်အတိုင်းပဲ သက္က၀ါထားရမယ်။´

ကိုယ်ထားချင်တဲ့ ပုံစံနဲ့ကိုယ့်စိတ်ကြိုက်ထားလို့ မရဘူး။ အလ္လာဟ်ကို သက္ကဘီရ်လုပ်မယ် အလ္လာဟ်ကြီး ကျယ်မြင့်မြတ်တော်မူကြောင်း ဟစ်ကြွေးမယ်ဆိုရင် အလ္လာဟ်ကလမ်းညွှန်မိန့်ကြားထားတဲ့အတိုင်း အသင်တို့၊ အလ္လာဟ်ကြီးကျယ်ထွဋ်မြတ်တော်မူကြောင်း ကြွေးကြော်ကြပါ။ ကျွန်တော်လည်း အာယသ်ထဲမှာ အလ္လာဟ်ဟုအက္ကဘရ်ကို လိုက်ရှာတော့ အာယသ်ထဲမှာ အလ္လာဟ်ဟုအက္ကဘရ်မရှိဘူး။ ဘာရှိလဲ။ `၀လဇိက္ကရုလ်လားဟိ အက္ကဘရ်´ဆိုတာရှိတယ်။ အလ္လာဟ်လမ်းညွှန်၊ မိန့်ကြားချက် ဇိကိရ်ဟာ ဒီကုရ်အာန်ဟာ အထွဋ်အထိပ်ပဲ။ အကြီးဆုံးပဲ။ အဲဒါကြောင့် အလ္လာဟ်ဟာ `အလ္လာဟ် ဟု အက္ကဘရ်´ဖြစ်တာ။ အလ္လာဟ်ကို သတိရတဲ့အခါမှာ အလ္လာဟ်က ဆုံးမတော်မူတာ။ အလ္လာဟ်က ဘာပြောသလဲ။

အလ္လာဟ်မှာ ညီညွတ်မျှတ အချိုးအစားကျပြီး အကောင်းဆုံး၊ အမွန် မြတ်ဆုံး၊ အတင့်တယ်ဆုံး၊ အလိုက်ဖက်ဆုံး နာမတော်များရှိတယ်။ အဲဒီ နာမတော်များနှင့် အလ္လာဟ်ကို သတိရ တသဖိတ်ခေါ်ရမယ်လို့ အလ္လာဟ်ကညွှန်ပြတယ်။ ဘာဖြစ်လို့လဲ။ `လအလ်လကွန်းမ် သရှ်ကုရူးန်´ အဲဒီမှာ ကျွန်တော်ပြောတဲ့ ကျေးဇူးတရား ရှုကူရ်လာပြီ။ အလ္လာဟ်ကြီးကြယ်မြင့်မြတ်တော်မူကြောင်းပြောတာသည် `အလ်ဟမ်ဒု လိလ္လာဟ်ဟိ ကစီရာ´အလ္လာဟ်ကို ကျေးဇူးတော် အနန္တတင်ရှိကြောင်း ကျွန်တော်တို့ ကြွေးကြော်ရ မယ်။ အဲဒါကြောင့် `၀လိလ်ဟာဟိလ် ဟမ်ဒ်´။ နောက်ဆုံးမှာပါနေတာက အလ္လာဟ်သည် ချီးမွမ်းခြင်းအပေါင်းကို ခံယူထိုက်တော်မူသည်။

အလ္လာဟ်က သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတရားသိတတ်ကြသူများဖြစ်တန်ကြရသည်လို့ ဖော်ညွှန်းထားပါတယ်။ ရှူကုရ်ကို လေ့လာလိုက်တော့ ကျွန်တော်ဘာကိုတွေ့လဲဆိုရင် ကျေးဇူးတင်တယ်။ ကျေး ဇူးသိတယ်။ သူတထူးပြုဘူးသော ကျေးဇူးကိုတင်တာ။ ပြီးတော့ အလ္လာဟ်ကလည်း ရှူကုရ်ပြန်လုပ်တယ်။ အလ္လာဟ်လုပ်တဲ့ ရှူကူရ်က ဘာလဲဆိုရင် ကောင်းမှုများအတွက် ကောင်းကျိုးများကို အစားပြန်ပေးတာ။ အဲဒါကို ရှူကုရ်လို့ သုံးတယ်။ နောက်တစ်ခုက အကောင်းပြုခြင်းအပေါ်မှာ ချီးကျူးထုတ်ဖော်ပြောဆိုတာ။ အလ္လာဟ်ကျေး ဇူးတော် အနန္တ ကျွန်တော်တို့ဆီမှာရှိပါတယ်။ အလ္လာဟ်ပေးထားတဲ့ ကျေးဇူးဆုံးရှုံးနေလို့ မျက်မှန်တပ်ရတာ။ နားကြားကိရိယာတပ်ရတာ။ အခုဆိုနှလုံးစက်ပါတပ်ရတာ။ အများကြီး အများကြီးရှိပါတယ်။ အလ္လာဟ်ပေးထားတဲ့ သွား၊ မျက်စိ၊ ခြေ၊ လက် စတာတွေ ကျွန်တော်တို့ ငွေဘယ်လောက်ကုန်ခဲ့သလဲ။ ဘယ်လောက်ပေးခဲ့ရလို့လဲ။ လေတွေရှူနေတယ်။

ကျွန်တော်တို့တွေတစ်ပြားမှ မပေးရဘူး။ ဒါပေမယ့် စိုက်ရမယ့်အချိန်ပေါ်လာလိမ့်မယ်။ ကျန်းမာရေးချွတ်ယွင်းပြီး အလ္လာဟ်ချီးမြှင့်ထားတဲ့လေကို အခမဲ့ရှူလို့ မရတော့တဲ့အချိန်မှာ လေရဲ့တန်ဖိုးကို သိရလိမ့်မယ်။ ကျွန်တော်တို့ပြောလို့ မကုန်နိုင်အောင်ကို ကျေးဇူးတရားတွေရှိနေတယ်။ အဲဒီကျေးဇူးကို သိတတ် ရင် ဘယ်သူ့အတွက်လဲ။ ကျေးဇူးတင်ရင် ဘယ်သူ့အတွက်လဲ။ အလ္လာဟ်ရှင်းပြပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၃၁း၁၂ မှာ လွက္ကမန်ဟကီးမ်ဆိုတဲ့ ပညာရှင်နဲ့ ပတ်သက်ပြီး အလ္လာဟ်ကျေးဇူးကို သိတတ်ဖို့၊ အဲဒီ သိတတ်ဖို့ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်းရှင်းပြချင်ပါတယ်။ လူကြီးမင်းခင်ဗျား စဉ်းစားကြည့် ပါ။ လောကကြီးမှာ (တတ်သိတဲ့ ပုဂ္ဂိုလ်)တွေနဲ့ (သိတတ်တဲ့ ပုဂ္ဂိုလ်)တွေ ဘယသူများမယ်လို့ ထင်ပါသလဲ။

အားလုံးငါသိတယ်။ ငါတတ်တယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေကသာများနေပါတယ်။ လူအချင်းချင်း လူကို လူလိုသိ၊ လူကိုလူလို ဆက်ဆံပေါင်းသင်း၊ လူကိုလူလို ပြောတတ်တဲ့ သိတတ်တဲ့ပုဂ္ဂိုလ်က နည်းနေပါတယ်။ ၃၁း၁၂ မှာ- လွက်မန်ကို အလ္လာဟ်အရှင်မြတ်က `ဟိက်မသ်´လို့ခေါ်တဲ့ စဉ်းစား၊ မြော်မြင်ခြင်း၊ တွေးခေါ်၊ ဆင်ခြင်၊ တတ်တဲ့ အသိဥာဏ် ဆင်ခြင်တုံတရား၊ ခွဲခြမ်း၊ စိတ်ဖြာနားလည်ခြင်း အတတ်ပညာကို ချီးမြှင့်ပေးခဲ့တယ်။ အဲဒီတော့ အဲဒီအတွက် ဘာလုပ်မလဲဆိုရင် အလ္လာဟ်ကျေးဇူးကို သိတတ်ရမယ်။ ဘယ်သူမဆို ကျေးဇူးသိတတ် မယ်ဆိုရင် အဲဒီကျေးဇူး သိတတ်ခြင်းဟာ သူ့အကျိုး(ကျေးဇူးသိတတ်သူ)အတွက်ပဲ ဖြစ်ပါတယ်။

အလ္လာဟ်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးသိတတ်ပါတယ်လို့ပြောရင် အလ္လာဟ်ဟာ (နအူဇု ဘိလ္လာဟ်)လက်ရှိ ရှိနေသော ဂုဏ်ထူးဝိသေသတွေနဲ့ မပိုသွားပါဘူး။ မည်သူမဆို အလ္လာဟ်ကို ကျေးဇူးကန်းမယ် ဆိုရင် အလ္လာဟ်သည် မူလရှိပြီးသား ဂုဏ်ထူးဝိသေသများမှ ပြုတ်ကျလျော့နည်းသွားမှာ မဟုတ်ပါဘူး။ အလ္လာဟ် သည် အလုံးစုံပြီးပြည့်စုံတော်မူသော အရှင်ဖြစ်သည့်အပြင် ချီးမွမ်းခြင်းအလုံးစုံကိုလည်း ခံယူထိုက်တော်မူသော အရှင်လည်းဖြစ်ပါတယ်။ တစ်ခါ ဆူရာဟ် ၃၁း၁၄ မှာ- ကျွန်တော်တို့ကို အလ္လာဟ့်ကျေးဇူးသိတတ်ရမယ့်အပြင် မိဘ ကျေးဇူး သိဖို့ကိုလည်း အလ္လာဟ်က သင်ပေးပါတယ်။

`လူသားကို အလ္လာဟ်က ၀စီယာသ်မှာကြားတယ်။ သူ၏မိဘနှစ်ပါးနှင့် ပတ်သက်၍´

အီဒ်နေ့မှာ မိဘရှိတဲ့လူတိုင်း၊ မိဘမရှိတော့တဲ့လူတိုင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖက်လှဲတကင်း နှုတ်ဆက်နေတဲ့အချိန်မှာ သူတို့ရဲ့နှလုံးသားထဲမှာ ဘယ်သူ့ကို ပိုပြီးသတိရနေလဲ။ အရှေ့ကလူတွေကို နှုတ်ဆက် နေပေမယ့် ရင်ဘတ်ထဲမှာ မိဘကိုပဲ သတိရနေတယ်။ ဘာကြောင့်လဲ။ အဲဒီမိဘရဲ့ကျေးဇူး လူတိုင်းမှာရှိတယ်။ မိဘကို ဘယ်လိုမှသူ့ရင်နှလုံးထဲကနေ ဆွဲထုတ်လိုက်လို့ မရဘူး။ အလ္လာဟ်ကလည်း သင်ပေးတယ်။ အဲဒီ မိရယ် ဘရယ်၊ ကုရ်အာန်ကလည်း လွန်ခဲတဲ့နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက အမေကို ဦးစားပေးတယ်ဗျာ။ သူ့ရဲ မိခင် ဟာ သူ့ကို ခက်ခဲခြင်းအပေါ်မှာ ခက်ခဲခြင်း၊ ချိနဲ့ခြင်းအပေါ်မှာ ချိနဲ့ခြင်းများစွာနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရတယ်။ မိခင် နို့ချိုတိုက်ကျွေးရေးစီမံချက်ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကမှ လုပ်ခဲ့ကြတာ။ မိခင်နို့ဦးရည်ကို မွေးမွေးချင်း ၄နာရီအတွင်း တိုက်ရမယ်။ ၆လအထိ ပြင်ပအစာမကျွေးပဲ နို့ချိုတစ်မျိုးတည်း တိုက်ရမယ်လို့ စီမံချက်ချခဲ့တာ။ ဆယ်စုနှစ်တစ်ခုပဲ ရှိဦးမယ်။

ကောင်းပြီ။ အဲဒီမိခင်နို့ကို ဘယ်သူလုပ်တာလဲ။ အဲဒီမိခင်က နို့ချက်စက်ရုံ သူ့ခန္ဓာကိုယ်မှာ တည်ထောင် ထားလို့လား။ အဲဒီမိခင်နို့ချိုထဲမှာ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ အာဟာရဓါတ်တွေ ဘေးအန္တရာယ် ပိုးမွှားရောဂါ တွေကို ကာကွယ်ပေးမယ့် ဓါတ်တွေ၊ ဖွံ့ဖြိုးတိုးတက်ကြီးထွားစေတဲ့ ဓါတ်တွေ၊ အရိုးမာစေတဲ့ ဓါတ်တွေ အားလုံး အားလုံးဟာ အလ္လာဟ်အရှင်မြတ်က စီမံထည့်ပေးထားတယ်။ အဲဒီမိခင်ရဲ့နို့ချိုကို သောက်ပြီး ကျွန်တော်တို့ လူဖြစ် လာကြတာ။ အဲဒီလိုမိခင်က ၂ နှစ်တာ ကာလအထိ နို့ချိုတိုက်ကျွေးခဲ့ပါတယ်တဲ့။ မိဘကို ကျေးဇူးတင်ပြီး အလ္လာဟ် ကို မေ့လိုက်လို့တော့ မရဘူးနော်။ မိဘကျေးဇူးကိုသိပြီး အလ္လာဟ်ကျေးဇူးလည်းသိကြ။ မိခင်နို့ချိုစို့ပြီး ကြီးလာတဲ့ ကလေးနဲ့၊ မိခင်နို့မစို့ပဲ နို့မှုန့်တိုက်ကြီးလာတဲ့ ကလေးမတူကြဘူး။ မိခင်နို့စို့ခဲ့ရတဲ့ ကလေးများဟာ မိခင်အပေါ်မှာ ပိုပြိးမေတ္တာရည် ရှိကြတာတွေ့ရတယ်။

အသင့်ရဲ့မိဘနှစ်ပါးကို ကျေးဇူးသိပါ။ ဒီနေရာမှာ အဖေကဘာနို့မှမတိုက်၊ ကိုယ်ဝန်လည်းမဆောင်ပဲ ဘာလို့ကျေးဇူးသိရမှာလဲလို့ စောဒကတက်လို့ရပါတယ်။ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အဓိကတာဝန်ရှိသူက ဖခင်ပါ။ အမေနို့တိုက်တဲ့အခါမှာ အမေစိတ်ချမ်းသာအောင် မထား ရင် အဲဒီအမေ နို့မထွက်ဘူး။ အမေရောဂါသည်ဖြစ်အောင် အဖေလုပ်တဲ့လူက နှိပ်စက်ညှင်းပန်းမယ်။ (Domestic Violence) အိမ်တွင်းအကြမ်းဖက်မှုနဲ့ သူ့ကိုစိတ်ဒုက္ခပေးရင် အဲဒီနို့မထွက်ဘူး။ အဲဒီနို့မထွက်ရင် အဲဒီကလေး အာဟာရချွတ်ယွင်းမယ်။ ဒါကြောင့် အဖေလုပ်တဲ့လူက ဒီအမေစိတ်ချမ်းသာအောင် လူ့ဂုဏ်သိက္ခာနဲ့အညီ ရပိုင်ခွင့် တွေ အပ်နှင်းပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာအောင် ဖန်တီးပေးတဲ့အတွက်ကြောင့် (အသင့်ရဲ့မိဘနှစ်ပါးစလုံးကို ကျေးဇူးသိတတ်ပါ။)လို့ အလ္လာဟ်က ညွှန်ပြခြင်းဖြစ်တယ်။

မိဘကျေးဇူးကို သိတတ်ခြင်း၊ အလ္လာဟ်ကျေးဇူးကို သိတတ်ခြင်းနှင့်ပတ်သက်ပြီး တာဝန်ဘယ်လောက် ကျေပွန်သလဲ၊ မကျေပွန်ဘူးလဲဆိုတာ အလ္လာဟ်ထံပါးကိုပဲ ပြန်လည်ရောက်ရှိရင် တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ ကောင်းပြီ။ အလ္လာဟ်ကျေးဇူးကို ကျွန်တော်တို့ကသိရင် ဘာလုပ်ရမလဲ။ ဘာကိုမလုပ်ရဘူးလဲ။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂း၁၅၆ မှာ ကျွန်တော်တို့ ခွတ္တဗာဟ်နောက်ဆုံး အပိုဒ်မှာအမြဲတမ်းရွတ်ဆိုနေတဲ့ `ဖဇ်ကူရူနီ အဇ်ကုရ်ကွန်မ်´ ´အသင်တို့ငါအရှင်မြတ်ကို အောက်မေ့တသ သတိရ၊ ထုတ်ဖော်။´ ငါအရှင်မြတ်က အသင်တို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသောအားဖြင့် ပြန်လည်တုန့်ပြန်မယ်။ `၀ရှ်ကုရုလီ ၀လာသက်ဖူရူန်´ `အလ္လာဟ်ရဲ့ကျေးဇူးတော် ကို သိတတ်ကြ။ အလ္လာဟ်ကျေးဇူးတော်ကို ဘယ်တော့မှ မကန်းနဲ့´လို့ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ လူသားအချင်းချင်းပြောကြပါတယ်။ အလ္လာဟ်အရှင်မြတ်က တစ်ချို့လူသားတွေကိုပေးပြီး စမ်းတယ်။ တစ်ချို့ကို ယူပြီးစမ်းတယ်။ အလ္လာဟ်ကျေးဇူး ဘယ်လောက်သိတတ်လဲ။ အခုကျွန်တော်တို့ ရမဿွန် လမှာ ဇကားသ်၊ လိလ်လာ၊ ဆွဒ္ဒကာ၊ အများကြီး ကျွန်တော်တို့ပေးခဲ့တယ်။ အဲဒီလိုပေးတဲ့အခါမှာ ဘာဖြစ်လို့ ပေးတာလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖူးပါသလား။ အလ္လာဟ်အရှင်မြတ် မိမိကိုချီးမြှင့်ထားတဲ့ (၀မင်မ်မာ ရဇာက်နာဟွမ် ယူန်ဖိကွန်းန်)အရာတွေ အရင်းအမြစ်တွေ၊ ဥစ္စာဓနတွေ၊ အရည်အသွေး၊ အရည်အချင်းတွေ၊ ကိုယ့်မှာရှိတယ်။ ရှိတာနဲ့အမျှ တစ်ဖက်ကရရှိလာတဲ့ထဲကနေပြီး အခြားလိုအပ်နေတဲ့ဖက်ကို မျှဝေပေးခြင်းဟာ အလ္လာဟ်ကို ကျေးဇူးသိတတ်ခြင်းထဲက တစ်ချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ။ မိမိလက်ရှိ အခြေအနေရောက်ရှိနေခြင်းကိုက အလ္လာဟ်ကျေးဇူးကြောင့်ပဲဖြစ်လို့။ မိမိမှာ မတရားထပ်ပြီး ရယူချင်တဲ့ဆန္ဒမရှိဘူး။ အလ္လာဟ်ပေးသမျှထဲက ပြန်လည်မျှဝေပေးခြင်းသာဖြစ်တယ်။

ကျွန်တော်တို့က ဘယ်လောက်လိုချင်လို့ ဘယ်လောက်လှူပါဆိုတာ မရှိပါဘူး။ တာဝန်အရ ၀တ္တရားအရ အလ္လာဟ်ကျေးဇူးပြုထားတာကို နောက်လူတွေကို ကျေးဇူးတုန့်ပြန်တဲ့သဘောနဲ့ မျှဝေတာပါ။ အဲဒီမှာ (၀လာသက်ဖူရူန်း) ကုဖုရ်မလုပ်နဲ့လို့ပြောပါတယ်။ ကူဖူရ်လုပ်တယ်ဆိုတဲ့နေရာမှာ အဓိပ္ပါယ်နှစ်မျိုး သုံးမျိုးရှိပါ တယ်။ အဲဒါဘာလဲဆိုရင် ဟုတ်မှန်တာကို ဟုတ်မှန်မှန်းသိရက်သားနဲ့ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုတာ။ ဟုတ်မှန်တာ ကြီးကို ဟုတ်မှန်တယ်ဆိုတာ သိရက်သားနဲ့ တစ်ခုခုနဲ့ဖုံးဖိထားတာ။ ပြီးတော့ ကျေးဇူးရှိတာကို ကျေးဇူးသိတတ် ရမည့်အစား ကျေးဇူးမတင်တဲ့အပြင် ကျေးဇူးကန်းတာကိုလည်း ကူဖူရ်လို့ခေါ်ပါတယ်။

ဒါကြောင့်အလ္လာဟ်အရှင်မြတ်က မင်းတို့ကျေးဇူးသိတတ်၊ မင်းတို့ကျေးဇူးမကန်းနဲ့လို့ ညွှန်ပြခြင်းဖြစ်ပါ တယ်။ အလ္လာဟ့်ကျေးဇူးကိုမှ ကန်းပြီဆိုမှဖြင့် အဲဒီလူ့အဖွဲ့အစည်းရဲ့ အနာဂါတ်ကတော့ ဖော်ပြလို့မရလောက် အောင်ပါဘဲ။ နောက်တစ်ခါ ဆူရာဟ် ၄း၁၄၇မှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သိပ်လှတဲ့ဖွင့်ဆိုချက်လေးတစ်ခုကို တွေ့ရ ပါတယ်။

`ငါအရှင် အဘယ်ကဲ့သို့ အသင်တို့ကို ခက်ခဲကျပ်တည်းမှု ဖြစ်စေလိုက်ရမှာလည်း၊ စိတ်ဒုက္ခရောက်သွား အောင်လုပ်ရမှာလဲ။ မင်းတို့က ကျေးဇူးသိတတ်ကြသူတွေဖြစ်နေကြတဲ့အပြင်၊ ယုံကြည်စိတ်ချရတဲ့၊ အနေအထား ရှိပြီး၊ အီမာန်သက်ဝင်ယုံကြည်ကြတဲ့သူတွေလည်း ဖြစ်နေကြတော့ ငါအရှင်ဘယ်အနေအထားနဲ့ အသင်တို့ကို (အဇားဗ်)ဆိုတဲ့ ခက်ခဲကျပ်တည်းမှုဖြစ်စေခြင်း၊ စိတ်ဒုက္ခရောက်စေခြင်းကို ပြုလုပ်လိုက်ရမလဲ။´

သေချာသွားပြီ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို သုံးသပ်လို့ရသွားပြီ။ ကျွန်တော်တို့ ခက်ခဲကျပ်တည်းမှုတွေ ဖြစ်နေလား။ အဇားဗ်ဆိုတဲ့ အနေအထား အခြေအနေမှာ ရောက်နေလား။ စိတ်ဒုက္ခရောက်နေလား။ အဲဒီစိတ် ဒုက္ခတွေရောက်နေတယ်။ အကျပ်အတည်းတွေဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့မှာ လိုအပ်ချက်နည်းနည်းစီ ရှိနေလို့ဘဲဖြစ်မယ်။ ကျွန်တော်တို့ အလ္လာဟ်ကို ကျေးဇူးသိတတ်မှုမှာ အနည်းငယ်လျော့နည်းနေလို့ဖြစ်နိုင်တယ်။ ကျွန်တော်တို့ အီမာန်သက်ဝင်ယုံကြည်မှုမှာ အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ ယုံကြည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီလိုယုံကြည်မှုမျိုး ဖြစ်အောင်လုပ်ဖို့ လိုလာပါလိမ့်မယ်။ ဘာကြောင့်လဲ။

`အလ္လာဟ်ကိုယ်တော်တိုင်က ကျေးဇူးသိတတ်သူတွေကို ကောင်းမှုအစား အပြည့်အ၀ ဖြည့်ဆည်းပေး တော်မူတဲ့အရှင်ဖြစ်တယ်။´ အလ္လာဟ်က ရှာကိရ်ဖြစ်သလို ကျွန်တော်တို့လည်း ရှာကီရ်ဖြစ်အောင် လုပ်ရမှာဖြစ် တယ်။ ဒီအာယသ်ကို လေ့လာလိုက်ရင် ကျွန်တ်ာတို့ဘာတွေ့ရသလဲဆိုရင် ကျေးဇူးတရားကို သိတတ်ပြီဆိုရင် ကျွန်တော်တို့အဇားဗ်ကနေ ကင်းဝေးပါလိမ့်မယ်။ ကျေးဇူးကန်းရင်တော့ အဇားဗ်ခံရပါလိမ့်မယ်။ ကျမ်းမြတ်ကုရ် အာန် ဆူရာဟ် ၁၄း၇မှာ –

`အသင်တို့ကို ပြုစုပျိုးထောင်ရှင် အလ္လာဟ်အရှင်ြမတ်က အသင်တို့ကို လမ်းညွှန်အသိပေးမှုပြုပါတယ်။ အကယ်၍ အသင်တို့ဟာ ကျေးဇူးသိတတ်ကြမယ်ဆိုရင် အလ္လာဟ်က အသင်တို့ရဲ့ ကျေးဇူးသိတတ်မှုအပေါ်မှာ ကောင်းမှုများ ကို အစားပေးဖြည့်ဆည်းပေးမယ့်အရှင် အသေအချာပင်ဖြစ်တယ်။ အကယ်၍ အသင်တို့ကျေးဇူးကန်းခဲ့မယ်ဆိုရင် အလ္လာဟ်ရဲ့ ခက်ခဲကျပ်တည်းမှုဖြစ်စေခြင်း၊ စိတ်ဒုက္ခရောက်စေခြင်း စတာတွေဟာ အမှန်တကယ်လေးနက် ပြင်းထန်မယ်ဆိုတာ သတိပြုကြပါ။´

ကျွန်တော်ရဲ့တင်ပြမှုကို တမန်တော်မြတ် ဆူလိုင်မန်(အ)ရဲ့ ဒုအာနဲ့ နိဂုံးချုပ်ပါတယ်။ ဒါဟာ ကျွန်တော် ဘ၀နဲ့ရင်းပြီး လေ့လာဆည်းပူး ဆောင်ရွက်လျက်ရှိတဲ့အနေအထားပါ။ ကျွန်တော်အမြဲတမ်း နှလုံးသွင်းနေတဲ့ ဒုအာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၇း၁၉မှာ (အလားတူ အာယသ် ၄၆း၁၅)မှာလည်း ပါပါတယ်။

`အို- ကျွန်ုပ်၏ ကြီးကျယ်မြင့်မြတ်တော်မူသော ပြုစုပျိုးထောင်တော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တ်ာမျိုးနှင့် ကျွန်တော်မျိုး မိဘနှစ်ပါးအပေါ်မှာ အရှင်မြတ်ကျေးဇူး အထူးပြုမှုနှင့် ကျွန်တော်တို့အား အရှင့်အမိန့် နာခံသူများဖြစ်အောင်၊ ကျေးဇူးအထူးပြုထားသော ကိစ္စများကို ကျွန်တော်တို့ ကျေးဇူးသိတတ်သော အလေ့အထ အသိတရားကို ထည့်သွင်းပေးသနားတော်မူပါ။´

အလ္လာဟ်ကျေးဇူးသိတတ်ဖို့ အလ္လာဟ်ထံမှာပြန်ပြီး (အလ္လာဟ် ကျွန်တော်မေ့မှာစိုးရိမ်လို့ ကျွန်တော် ကျေးဇူးကန်းသူဖြစ်မှာ စိုးရိမ်လို့) ခိုလှုံတယ်။ အားကိုးတယ်။ `ပြီးတော့ အလ္လာဟ့်လမ်းညွှန်မိန့်ကြားချက်ကို ဦးလည်မသုန် လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်ခဲ့တဲ့ အလ္လာဟ်အမိန့်နာခံတော်များအနက် ကျွန်တော်မျိုးအား အပါအ၀င် ဖြစ်စေတော်မူပါ။´`မိမိကိုယ်မိမိ လွန်စွာပြုပြင်ပြောင်းလဲနိုင်စွမ်းရှိပြီး လောက လူသားများ၏ ကောင်းကျိုးပြုသူ သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ်များတွင် တွဲဖက်ပါဝင်စေတော်မူပါ။´

တစ်နည်းအားဖြင့် ကျွန်တော်၊ ကျွန်တော့်မိဘနှစ်ပါးအပါအ၀င် အလ္လာဟ်အရှင်မြတ်ကျေးဇူး အထူးပြု တော်မူထားတဲ့ ကျေးဇူးတော်နဲ့ ပတ်သက်ပြီး ကျွန်တော်အမြဲတမ်းကျေးဇူးသိတတ်သူတစ်ဦးဖြစ်စေဖို့ ကျေးဇူးသိတတ်တဲ့ အသိ ကျွန်တော့်ကို ထည့်သွင်းပေးသနားတော်မူပါလို့ ပြောတာပါ။ အလ္လာဟ်နှစ်သက်ကျေနပ် သဘောတူတဲ့၊ လူနှင့်လူ့ပတ်ဝန်းကျင်ကို အကျိုးပြုစေတဲ့ လုပ်ငန်းဆောင်တာများကို သက်တမ်းတစ်လျှောက်လုံး ပြုလုပ်နိုင်စွမ်းကိုလည်း အရှင်မြတ်ချီးမြှင့်ပေးသနားတော်မူပါ။ သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ်များ အလ္လာဟ်ရဲ့ကျေးဇူးအထူးပြုမှု ရဟ်မသ်နဲ့အတူ ပါဝင်စေတော်မူပါဆိုပြီး ဆုမွန်ဒုအာပြုခြင်းဖြစ်ပါတယ်။

`ကျွန်တော်ရဲ့ သားစဉ်မြေးဆက်ကိုလည်း လူနှင့်လူ့ပတ်ဝန်းကျင်ကို ကောင်းမွန်တော်တည့် မှန်ကန်တဲ့ လုပ်ငန်းဆောင်တာများမှာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေအဖြစ် ဖြစ်စေတော်မူပါ။ အရှင်မြတ်၏ လမ်းညွှန်မိန့်ကြားချက်ထံ ကျွန်တော်အကြိမ်ကြိမ် အဖန်ဖန်ပြန်လှည့်ပါပြီ။´

ကျွန်တော်သောင်ဝ်ဗာဟ်လုပ်ပါပြီလို့ ပြောတာပါ။ သောင်ဝ်ဗာဟ်ဆိုတာ သွားနေတဲ့ အမှားလမ်းကို မှားမှန်း သိသိခြင်းရပ်တန့်ပြီး အမှန်သစ္စာတရားဘက်ကို ပြန်လှည့်လိုက်ခြင်းဖြစ်တယ်။ တစ်နည်း အလ္လာဟ်ဥပဒေ၊ လမ်းညွှန်မိန့်ကြားချက်၊ ကုရ်အာန်ဘက်ကို ပြန်လှည့်လိုက်ခြင်းဖြစ်တယ်။

`အရှင်မြတ်ဘက်ကို ကျွန်တော်ပြန်လှည့်ပါပြီ။ ဒါ့အပြင် ကျွန်တော့်ဟာ အလ္လာဟ်အမိန့်နာခံတော်၊ ငြိမ်းချမ်းရေးတည်ဆောက်သူ မွတ်ဆလင်မ်၊ ငြိမ်းချမ်းရေးသမားတွေထဲမှာ အပါအ၀င်ဖြစ်ပါပြီ´ လို့အလ္လာဟ်ထံ တင်ပြခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို အလ္လာဟ်ကျေးဇူးသိအောင်လုပ်ရင်းနဲ့ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူး သိအောင်လုပ်ရင်းနဲ့ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုရင်းနဲ့ ကိုယ်ကိုယ်တိုင် အလ္လာဟ်အမိန့်နာခံ တော်၊ ငြိမ်းချမ်းရေးတည်ဆောက်သူ၊ ငြိမ်းချမ်းရေးသမားထဲမှာ အပါအ၀င် ဖြစ်တယ်လို့ အလ္လာဟ်ထံမှာ အမြဲတမ်း ခိုလှုံနေရင်းနဲ့ မွတ်ဆလင်မ်၊ မုအ်မင်န်၊ မွသက္ကီန်၊ မွတ်ဆ်လိဟူန်တွေထဲမှာ အပါဝင်ဖြစ်ဖို့ ဒီကနေ့ ယခုကစပြီး သင်တန်းဆင်းလက်မှတ်တွေရယူမှုနဲ့အတူ လာမယ့်သက်တမ်းဘ၀တလျှောက်လုံးမှာ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မိန့်ကြားချက် ကျမ်းမြတ်ကုရ်အာန်ပါ သွန်သင်ဆုံးမမှုများကို အန္တိမတမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ (အွစ်စသွန် ဟစနာ)အကောင်းဆုံးသော စံနမူနာနဲ့အတူ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုရင်းနဲ့ ရပ်နားလိုက်ပါတယ်။