ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော အကူးအပြောင်းကာလ၏တရားမျှတမှု (Transitional Justice) မုဖ်သီ ဦးစန်းအောင် (B.Sc)

ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော အကူးအပြောင်းကာလ၏တရားမျှတမှု

(Transitional Justice)

မုဖ်သီ ဦးစန်းအောင် (B.Sc)

ယနေ့ (၁၆-၁ဝ-၂ဝ၁၅) ယောင်ဝ်မွန်လ်ဂျူမုအာဟ် သောကြာနေ့မှာ ကျင်းပတဲ့ ခွတ္တဗာဟ်ကို လာရောက် နားဆင်ကြတဲ့ (၅၉လမ်း) ဆုတောင်းပြည့်အစ္စလာမ့်ဝတ်ကျောင်းတော်ရဲ့ ဂျမာအသ်သားမိသားစုများ ခင်ဗျား….

“ အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လာဟိ ဝဘရကာသုဟု……….”

ဒီကနေ့ကျနော်တင်ပြမဲ့ ခေါင်းစဉ်ကတော့ `ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော အကူးအပြောင်း ကာလ၏ တရားမျှတမှု(Transitional Justice) ဖြစ်ပါတယ်။ ဒီအပိုင်းကို မတင်ပြမီ ရှေးဦးစွာ နိဒါန်းပိုင်းမှာ ကျနော် ရွတ်ဖတ်ခဲ့တဲ့ ကုရ်အာန် (၁၇း၃၃)ကို ရှင်းပြပါရစေ။

“သင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ချက်ထုတ်ပြန်ထားပြီးသော မည်သည့်သက်ရှိတစ်စုံ တစ်ရာကိုမျှ ခိုင်လုံသော အကြောင်းပြချက်မရှိပဲ သတ်ဖြတ်အဆုံးစီရင်ခြင်းမပြုကြလေနှင့်။ မတော်မတရားသတ်ဖြတ်အဆုံးစီရင်ခံရသူဖက်မှ လိုက်ပါအရေးဆိုနိုင်သည့် အခွင့်အာဏာကို ငါအရှင်မြတ်က စီမံပြဌာန်းပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အဆုံးစီရင်ခြင်းနှင့် ပတ်သက်၍ မည်သူ တစ်ဦးတစ်ယောက်ကမျှ ပြဌာန်းချက်ကိုကျောခိုင်းပြီး အလွန်အကျွံလုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါစေနှင့်။ ဧကန်အမှန်ပင် မတော် မတရားဖိနှိပ် သတ်ဖြတ်ခံရသူတစ်ဦးအတွက် ကူညီလုပ်ပိုင်ခွင့်ဆိုင်ရာ အခွင့်အလမ်းများပေါ်ထွန်းလာမည်ဖြစ် သည်။”    (ကုရ်အာန် – ၁၇း၃၃)

ဒီအာယသ် (၁၇း၃၃)အရဆိုရင် ဒီကမ္ဘာပေါ်မှာ အားအင်ရှိသူတို့က သူတို့အာဏာရှိချိန်မှာ အင်အားနည်း သူတွေအပေါ် ဖိနှိပ်ရက်စက်နေခြင်းဟာ တရားမျှတမှုကင်းမဲ့ခြင်း၊ ယုတ်မာရိုင်းစိုင်းရက်စက်ခြင်း၊ လူမဆန်ခြင်း အစ ရှိတဲ့ လက္ခဏာများအဖြစ် ရည်ညွှန်းပြသလျက်ရှိပါတယ်။ မိမိရဲ့အားသာချက်ကို အခွင့်ကောင်းယူပြီး တစ်ဖက်သား အပေါ်ဖိနှိပ်အနိုင်ကျင့်ခြင်းဟာ လိမ္မာယဉ်ကျေးသော လူ့ပတ်ဝန်းကျင်တစ်ခုကို ကိုယ်စားပြုတဲ့ လုပ်ရပ်မဟုတ်ဖူး ဆိုတာကို ဒီအာယသ်က ရည်ညွှန်းပြဆိုနေတာပါ။ ကျမ်းတော်မြတ်ကုရ်အာန်က မတော်မတရား ဖိနှိပ်၊ ရက်စက်ခြင်း၊ သတ်ဖြတ်ခြင်း ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ဒီလိုဖိနှိပ်ခံရမှုအပေါ်အရေးဆို၊ တောင်းဆိုခွင့်ရှိတယ်ဆိုတာကို ဒီအာယသ်(၁၇း၃၃)က ပြဆိုနေတာပါ။ ကျမ်းမြတ်ကုရ်အာန်က လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းမှာ (Justice)လို့ ခေါ်တဲ့ တရားမျှတမှုကို ဖော်ဆောင်ဖို့ လမ်းညွှန်နေတာပါ။

ကောင်းပါပြီ။ မြန်မာနိုင်ငံအနေနဲ့ မကြာခင်သောကာလမှာ အပြောင်းအလဲ(Change)လို့ပဲခေါ်ခေါ်၊ အကူး အပြောင်း (Transition)လို့ပဲခေါ်ခေါ်၊ အဲဒီလို အခြေအနေတစ်ရပ်ကို တစ်နိုင်ငံလုံးနီးပါးသော ပြည်သူတွေကြုံတွေ့ ရပါတော့မယ်။ ဒါကတောမကြာခင် နိုဝင်ဘာ(၈)ရက်နေ့မှာ ကျင်းပမဲ့ပါတီစုံရွေးကောက်ပွဲပါ။

ဒီရွေးကောက်ပွဲ အလွန်မှာဖြစ် ပေါ်လာမဲ့ Issue တွေ အများကြီးရှိတဲ့အနက် ဒီကနေ့ ကျနော်ကျမ်းတော် မြတ်ကုရ်အာန်နဲ့ ချိတ်ဆက်တင်ပြသွားမဲ့ Transitional Justice လို့ခေါ်တဲ့ `အကူးအပြောင်းကာလ၏ တရားမျှတ မှု´ဆိုတဲ့ အရေးကိစ္စကလည်း Issue တစ်ခုအနေနဲ့ ပါဝင်လာပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ တိုင်းပြည်တစ်ပြည်ဟာ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းတဲ့အခါ အထူးသဖြင့် အာဏာရှင်ပုံစံတစ်မျိုးမျိုးကို ကျင့်သုံးတဲ့နိုင်ငံ အဖြစ်ကနေ ပိုမိုပျော့ပြောင်းတဲ့ ဒီမိုကရေစီဆန်ဆန်နိုင်ငံအဖြစ်ကို အသွင်ကူးပြောင်းတဲ့အခါမှာ နိုင်ငံတကာအသိုင်း အ၀ိုင်းကရော ပြည်တွင်းကပါ စိတ်ဝင်စားတဲ့မေးခွန်းတစ်ခုက ….

`အတိတ်ကာလ အာဏာရှင်လက်အောက် နေထိုင်ခဲ့ရစဉ်မှာ မတော်မတရားခံရသူများ၊ နစ်နာသူများ အတွက် တရားမျှတမှုကို ယခုတက်လာတဲ့အစိုးရအဖွဲ့၊ ဒါမှမဟုတ်အုပ်ချုပ်ရေးစနစ်သစ်က မည်သို့မည်ပုံ ဆောင်ရွက်ပေးမလဲ´

ဆိုတဲ့ မေးခွန်းပါပဲ။ ဆိုလိုချင်တာက အတိတ်ကာလမှ တရားလက်လွတ်ဥပဒေမဲ့ ကျူးလွန်ခဲ့တာတွေကို တရားဥပဒေဘောင်ထဲကဖြစ်စေ၊ တရားဥပဒေဘောင်အပြင်ကဖြစ်စေ၊ သွေးကြွေးဆပ်လက်စားချေကြမလား။ ဒါမှ မဟုတ် ‘ပြီးခဲ့တာလည်း ပြီးပါစေ’ ဆိုပြီး အတိတ်ကို အတိတ်မှာပဲထားခဲ့ကြမလား။ တစ်နည်းအားဖြင့် လက်ရှိပစ္စုပ္ပန်အနေ အထားကို အခြေပြုပြီး အနာဂါတ်မှာဘယ်လို ကောင်းကောင်းရှေ့ဆက်ကြမလဲဆိုတာကို ရင်မှာပိုက်ပြီး `သင်ပုန်း ချေ´ကြမလား။

ဒါဆိုရင် `အကူးအပြောင်းကာလ၏ တရားမျှတမှု´(Transitional Justice)ဆိုတာ ဘာလဲဆိုတာကို ပညာရှင်တွေရဲ့ ရည်ညွှန်းချက်အပေါ် အခြေခံပြီး ကျနော်ရှေးဦးစွာ ကောက်နှုတ်တင်ပြလိုပါတယ်။

ကမ္ဘာ့သမိုင်းရဲ့ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲကို ပြန်ပြောင်းသုံးသပ်မယ်ဆိုရင် Revolution လို့ခေါ်တဲ့ ရုတ်ချည်းပြောင်းလဲစေတဲ့တော်လှန်ရေးကို အခြေခံတဲ့နိုင်ငံရေးဖြစ်စဉ်နဲ့ Evolution လို့ခေါ်တဲ့ တဖြည်းဖြည်းချင်းအချိန်ယူပြောင်းလဲ အကောင်အထည်ဖော်တဲ့ နိုင်ငံရေးဖြစ်စဉ်ဆိုပြီး ပုံစံ(၂)မျိုးကို တွေ့ရပါတယ်။ Revolution နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ဆိုတာက အသွင်ကူးပြောင်းတဲ့အခါမှာ အုပ်ချုပ်နေတဲ့ ခေါင်းဆောင် ဒါမှမဟုတ် အစိုးရအဖွဲ့ကို ပြည်သူက လက်နက်ကိုင်ပြီးဖြစ်စေ၊ အခြားတစ်နည်းနည်းနဲ့ဖြစ်စေ ဖြုတ်ချပြီးတော့ ဒီမိုကရေစီ အစိုးရတစ်ရပ်ကို တင်မြှောက် ပေးလိုက်တဲ့ ရုတ်ချည်းအသွင်ကူးပြောင်းခြင်း ဖြစ်ပါတယ်။

Evolution ဆိုင်ရာ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ဆိုတာက လက်ရှိအာဏာရခေါင်းဆောင် ဒါမှမဟုတ် အစိုးရနဲ့အတိုက်ခံတွေ၊ ပြည်သူတွေက ပြုပြင်ပြောင်းလဲရေးကို တဖြည်းဖြည်းချင်း အချိန်ယူအကောင်အထည်ဖော် သွားတဲ့ အသွင်ကူးပြောင်းခြင်းဖြစ်ပါတယ်။ ဘယ်နည်းနဲ့ပဲ အသွင်ကူးပြောင်းသည်ဖြစ်ပါစေ။ အသွင်မကူးပြောင်းမီ လာလအတွင်းက ဖြစ်ပွားခဲ့တဲ့ မတရားမှုတွေ၊ ဖိနှိပ်ရက်စက်မှုတွေအတွက် နစ်နာခဲ့တဲ့ ပြည်သူတွေက နောက်အုပ် ချုပ်ရေးအသစ်ကာလမှာ တစ်စုံတစ်ရာသော တရားမျှတမှုကို ပြန်လည်ရှာဖွေခြင်းကို Transitional Justice `အကူးအပြောင်းကာလ၏ တရားမျှတမှု´လို့ခေါ်ပါတယ်။ ကျနော်တို့ကတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အပေါ်မှာ ဒီလို ကိစ္စမျိုးကို ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုလမ်းညွှန်ထားလဲဆိုတာနဲ့ ချိန်ထိုးပြရမှာဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် (၅း၃၂)မှာ —

“ ဧကန်အမှန်ပင် မည်သူမဆို လူသားတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားမဟုတ်သလို တိုင်းပြည်၌ ဆူပူသောင်းကျန်းခြင်းလည်းမဟုတ်ပဲ သတ်ဖြတ်အဆုံးစီရင်ခဲ့ပါလျှင် လူသားထုတစ်ရပ်လုံးအား သတ် ဖြတ်အဆုံးစီရင်ခြင်းပင်ဖြစ်သည်။ အလားတူပင် မည်သူမဆိုလူသားတစ်ဦး၏ အသက်ရှင်သန်ရေးကို ဖေးမကူညီ ဆောင်ရွက်ခြင်းသည် လူသားထုတစ်ရပ်လုံးအား ဖေးမကူညီဆောင်ရွက်ခြင်းပင်ဖြစ်သည်။” (ကုရ်အာန်-၅း၃၂)

ဒီအာယသ်တော်အရ အစ္စလာမ်က တရားမျှတမှု (Justice)ကို တိကျမှန်ကန်စွာ ကိုင်တွယ်ဖို့၊ ဆောင်ရွက် ဖို့၊ လမ်းညွှန်ပြဌာန်းထားပါတယ်။ မတော်မတရား ဖိနှိပ်စော်ကားခဲ့ရသူဖက်က ရပ်တည်အကာအကွယ်ပေးကြဖို့ကို လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒီနေရာမှာ ကျနော်တို့ထည့်သွင်းစဉ်းစားရမဲ့အချက်က ကျနော်တို့ဟာ `အသွင်ကူးပြောင်းကာလရဲ့ တရားမျှတမှု´(Transitional Justice)ကို ဘာကြောင့်ရှာဖွေဖို့ လိုအပ်ပါသလဲဆိုတဲ့ မေးခွန်းကို စဉ်းစားဖြေဆိုရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အသွင်ကူးပြောင်းကာလမှာ တရားမျှတမှု(Justice)ကို ဘယ်လိုပဲဖြစ်ဖြစ်၊ ဖြစ်နိုင်ဖွယ်ရှိတဲ့ နည်းလမ်းများကိုသုံးပြီး ပြန်လည်ရှာဖွေရပါမယ်။ ဒီလို ဆောင်ရွက်ရာမှာ လက်စားချေ၊ သွေးကြေးဆပ်လိုတဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ပဲ Culture of Impunity လို့ခေါ်တဲ့ `ဥပဒေမဲ့ ကျူးလွန်သူများကို ကင်းလွတ်ခွင့်ပေးခြင်း´ ဆိုတဲ့ ထုံးစံကြီးကို အဆုံးသတ်နိုင်ရန်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အတွင်းမှာ တရားဥပဒေစိုးမိုးရေး (Rule of Law)ရှိစေရန်ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ရပါမယ်။ ဒီအချက်ကို ကျမ်းတော်မြတ်ကုရ်အာန်(၄၄း၄၁)(၄၄း၄၂)နဲ့ (၄၄း၄၃) တို့မှာ ဖိနှိပ်ခံရသူဖက်က လက်တုန့်ပြန်မှု၊ ဖိနှိပ်သူတို့အတွက် ပြစ်ဒဏ်နဲ့ ဖိနှိပ်ခံရသူတို့ရဲ့ သဘောထား ကြီးစွာ သည်းခံခွင့်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး ဒီလိုပြဌာန်းထားပါတယ်။

“ မည်သူမဆို မိမိသည်မတရား ဖိနှိပ်စော်ကားခံရသည့်အပေါ် (မိမိခံစားရသည်နှင့်အညီ) ပြန်လည် လက်တုန့်ပြန်ခဲ့လျှင် ယင်းကိစ္စသည် တစ်စုံတစ်ရာပြစ်တင်ဝေဖန်ဖွယ်ရာ မရှိပေ။”    (ကုရ်အာန်-၄၂း၄၁)

“ အမှန်တကယ်မှာမူ အမှန်တရား၊ သစ္စာတရားကို ကျောခိုင်း၍လူသားထုအပေါ် မတရားဖိနှိပ်ရက်စက်နေ ကြသူများ၊ တိုင်းပြည်အတွင်း၌ ဆူပူသောင်းကျန်းသူများအပေါ်၌သာ ဝေဖန်ပြစ်တင်ရှုတ်ချဖွယ်ရာဖြစ်သည်။ သူတို့ အတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်များရှိလေသည်။” (ကုရ်အာန်- ၄၂း၄၂)

“ သို့ရာတွင် အကြင်သူတစ်ဦးသည် (မိမိမတရား စော်ကားခံရမှုနှင့်ပတ်သက်၍) သည်းခံခွင့်လွှတ် သင်ပုန်း ချေခဲ့မည်ဆိုလျှင် ဧကန်အမှန်ပင် ယင်းသို့သော ပြုမူဆောင်ရွက်သည့် အရေးအရာကိစ္စများကို နက်နက်နဲနဲ စဉ်းစားသမှုပြုပြီး ခိုင်ခိုင်လုံလုံသံန္နိဌာန်ချမှတ်နိုင်မှု တစ်ရပ်သာလျှင်ဖြစ်သည်။” (ကုရ်အာန်-၄၂း၄၃)

အထက်မှာ ကျနော်တင်ပြခဲ့တဲ့ ကုရ်အာန်(၄၂း၄၁)နဲ့(၄၂း၄၂)ကတော့ ဖိနှိပ်စော်ကားခံရသူတွေ အနေနဲ့ သူတို့ရဲ့ခံစားချက်တွေနဲ့ ပတ်သက်ပြီး အရေးဆို၊ အရေးယူ၊ တရားစွဲခွင့်ပြုထားသော်လည်း ကုရ်အာန် (၄၂း၄၃)မှာ တော့ ခွင့်လွှတ်သင်ပုန်းချေကြဖို့ တိုက်တွန်းလမ်းညွှန်ထားတာကို တွေ့ရပါတယ်။ ဆိုလိုချင်တာက အရေးဆို၊ တရားစွဲခွင့်ကို အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပေမဲ့ သင်ပုန်းချေခွင့်လွှတ်မှု ပြုလုပ်ကြဖို့ အလ္လာဟ်အရှင်မြတ်က တိုက်တွန်းပြဌာန်းထားတာကို ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့က မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်အနေနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့ တဲ့ ကာလကနေ ဒီမိုကရေစီဆန်သော စနစ်တစ်ခုကို ကူးပြောင်းဝင်ရောက်လာတဲ့ အချိန်မှာ အတိတ်ကကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမဆန်မှုတွေကို လုံးဝပြည်ဖုံးကားချပြီး အရာရာကို မေ့ပျောက်ခွင့်လွှတ်လိုက်ရမှာလား။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီလိုလည်းမဟုတ်ပါဘူးလို့ ဖြေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို လုပ်ခြင်းဟာ နစ်နာသူအတွက် တရားမျှတမှု(Justice) မရှိခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါဟာ အစွန်းရောက်ခြင်း တစ်ပါး လို့ ပြောလို့ရပါတယ်။

ဒါဆိုရင် လက်စားချေတုန့်ပြန်မှုဖက်က ကျနော်တို့ ပြန်ကြည့်ကြမယ်။ ကျနော်တို့က လက်စားချေမယ်ဆိုပါ တော့။ အမှန်တကယ် သုံးသပ်ကြည့်မယ်ဆိုရင်တော့လည်း တုန့်ပြန်လက်စားချေခြင်း ဆိုတာ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးမရှိပါဘူး။ အနာဂါတ်မှာ တည်ဆောက်မဲ့ သာယာဝပြောသော၊ တရားမျှတသော၊ တည်ငြိမ် အေးချမ်းသော လူ့ဘောင်တရပ်ဟာ နာကြည်းချက်တွေ၊ အမုန်းတရားတွေ၊ ရန်ငြိုးအာဃာတတွေ၊ လက်စားချေလို စိတ်တွေအပေါ်အခြေခံပြီး တည်ဆောက်ကြမည်ဆိုရင် အဲဒီအနာဂါတ်လူ့ဘောင်ဟာ ဘယ်လိုမှ တည်ငြိမ်အေးချမ်း တဲ့ လူ့ဘောင်တစ်ခုဖြစ်မလာပါဘူး။

အဲဒီတော့ ကျမ်းတော်မြတ်ကုရ်အာန်က တုန့်ပြန်လက်စားချေ အရေးဆိုခွင့်ကို ခွင့်ပြုထားပေမဲ့ နောက်ဆုံးမှာ သင်ပုန်းချေ သည်းခံခွင့်လွှတ်ခြင်းကိုလမ်းညွှန်တဲ့အတွက် ဒီနေရာမှာ ကုရ်အာန်က အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အစွန်း(၂)ပါးကို ရှောင်ခိုင်းနေခြင်းပဲဖြစ်ပါတယ်။

အတိတ်မှာ နစ်နာခံစားခဲ့ရတဲ့သူတွေကို ရှာဖွေဖော်ထုတ် မှတ်တမ်းတင်ရမယ်။ နိုင်ငံတော်အနေနဲ့ သူတို့ကို ထိုက်သင့်တဲ့နစ်နာကြေးပေးရမယ်။ တာဝန်ရှိသူတွေက တရားဝင်အတိအလင်း ပြန်လည်တောင်းပန်ရမယ်။ သူတို့ ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတော်က ဦးဆောင်ပြီး အစီအမံတွေချမှတ်ပေးတာတွေ၊ အကူအညီပေးတာ တွေ ဆောင်ရွက်ပေးခြင်းဖြင့် အများကျေနပ်လက်ခံနိုင်မယ့် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အတိတ်က ပြုလုပ်ခဲ့တဲ့ မတရားမှုတွေဟာ လုံးဝကျေသွားပြီလို မဆိုနိုင်ပေမယ့် အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် တတ်စွမ်းနိုင်သလောက် စိတ်ကောင်းစေတနာထားပြီး ပြန်လည်ကုစားပေးတဲ့ အလုပ်ဟာ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့၊ မေတ္တာတရားကို ရင်ဝယ်ပိုက်ပြီး လူသားဆန်တဲ့ လူ့ဘောင်တစ်ရပ်ကို တည်ဆောက်ကြပါစို့လို့ ပြောကြားရင်း ကျနော်တင်ပြနေတဲ့ Transitional Justice လို့ခေါ်တဲ့ `အကူးအပြောင်း ကာလ၏ တရားမျှတမှု´ကို ကျမ်းတော်မြတ်ကုရ်အာန်က ဘယ်လိုလမ်းညွှန်ထားပါသလဲဆိုတာကို ရှင်းလင်းတင်ပြ လိုက်ပါတယ်။   ဆလာမ်း…..