မြတ်တမန် နှင့် ကျမ်းကုရ်အာန် (အပိုင်း-၄) မုဖ်သီ ဦးသန်းအောင် (LL.B)
မြတ်တမန် နှင့် ကျမ်းကုရ်အာန် (အပိုင်း-၄)
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော် ဒီတပါတ် ဆက်လက်တင်ပြသွားမှာကတော့ `မြတ်တမန်နှင့်ကျမ်းကုရ်အာန်´ (အပိုင်း-၄) ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တင်ပြတဲ့အပိုင်းမှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ထံကို အလ္လာဟ်အရှင်မြတ်ထံတော်မှ နောက်ဆုံးနဲ့ ပြီးပြည့်စုံသော ၀ဟီကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေး တော်မူခဲ့ပါတယ်။ အဲဒီနောက်ဆုံး အန္တိမတမန်တော် မုဟမ္မဒ်(ဆွ)က သူ့ထံကိုထင်ထင်ရှားရှား ၀ဟီအားဖြင့် ထုတ်ပြန်ပို့ချပေးတော်မူခြင်းခံရတဲ့ ကျမ်းမြတ်ကုရ်အာန်အားဖြင့် မိမိသက်ရှိထင်ရှားရှိစဉ်က အမျိုးသားထုနှင့်တကွ ကေယာမသ်အထိရှင်သန်မွေးဖွားကြီးပြင်းလာမယ့် လူသားခပ်သိမ်းကို သတိပေးနှိုးဆော်မှုပြုရင်းဖြင့် နဗီရစူလ် တမန်တော်ရဲ့တာဝန်ကို ထမ်းဆောင်လျက်ရှိနေတယ်ဆိုတာကို ကျွန်တော်တင်ပြနေပါတယ်။
အဲဒီလိုကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခြင်းခံရတဲ့ တမန်တော် မုဟမ္မဒ်(ဆွ)ဟာ သူ့ထံကို ထုတ်ပြန်ပို့ချပေးခြင်းခံရတဲ့ ကျမ်းမြတ်ကုရ်အာန်မှာပါဝင်တဲ့ အလ္လာဟ်အမှုတော်ထမ်းရွက်သူတွေရဲ့ တာဝန်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကျွန်တော်အပိုင်း(၃)မှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဆက်လက်တင်ပြမှာကတော့ တမန်တော်မုဟမ္မဒ်(ဆွ)သည်ပင်လျှင် အလ္လာဟ်အရှင်တစ်ပါးတည်းကို `အေဗာဒသ်´သြဇာခံ၊ ကျိုးနွံနာခံ၊ အမှု တော်ထမ်းရွက်ဖို့ အမိန့်တော်ပေးခြင်းခံရတယ်ဆိုတဲ့အပိုင်းနှင့် ကုရ်အာန်ကျမ်း၏ လမ်းညွှန်ချက်များကို တင်ပြသွားမှာဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ စူရာဟ်အမှတ် ၂၇ အာယသ် ၉၁ ကနေ ၉၃ ပါ ဖော်ပြချက် တွေကို ကျွန်တော်တင်ပြသွားမှာ ဖြစ်ပါတယ်။
`တမန်တော်မြတ်က (ငါကိုယ်တော်သည် ဤမြို့တော်အရပ်ဒေသ၏ ပြုစုပျိုးထောင်တော်မူသော အရှင်သ ခင်ကိုသာ သြဇာခံ နာခံဘ၀တည်ဆောက် အမှုတော်ထမ်းရွက်ရန် အမိန့်ပေးခြင်းခံရလေသည်။ ထိုအရှင်မြတ် သည် ထိုအရပ်ဒေသမြို့တော်ကို (တရားမဲ့ပြုကျင့်မှု၊ ပြစ်မှုဒုစရိုက်မျိုးစုံမှ ကင်းစင်ကာ)ထွတ်မြတ်စေတော်မူခဲ့ သည်။ အရာအားလုံးသည် ထိုအရှင်မြတ်သည်သာ ပိုင်ဆိုင်သော အရာများဖြစ်သည်။ ၎င်းအပြင် ငါကိုယ်တော် သည် အမိန့်တော်ကို နာခံအပ်နှင်းသူထဲတွင် အပါအ၀င်ဖြစ်စေရန် အမိန့်ပေးခြင်းခံရလေသည်။´(၂၇း၉၁)
တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က ငါကိုယ်တော်သည် ဤမြို့တော် ဤအရပ်ဒေသ၏ ပြုစုပျိုးထောင်ရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံဘ၀တည်ဆောက်ပြီး အလ္လာဟ်အရှင်မြတ်၏ အမှုတော် ထမ်းရွက်ဖို့ အမိန့်တော် ပေးခြင်းခံရပါတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ဒီအာယသ်မှာပါတဲ့ ဤမြို့တော် ဤအရပ်ဒေသဆိုတာ ဟာ မက္ကာဟ်မြို့ကြီးကို ရည်ညွှန်းတယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ အဲဒီအရှင်သခင် အလ္လာဟ်အရှင် မြတ်ဟာ အဲဒီအရပ်ဒေသမြို့တော်ကြီးကို မတရားပြုကျင့်မှုတွေ၊ ပြစ်မှုဒုစရိုက်မျိုးစုံမှ ကင်းစင်အောင် တားမြစ် ပိတ်ပင်ထားပြီးတော့ မြင့်မြတ်ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံအောင် ပြုလုပ်စီမံထားတော်မူတယ်။ အရာအားလုံး သည် ထိုအရှင်မြတ်သာ ပိုင်စိုးတော်မူကြောင်းကိုလည်း ဖော်ပြပါတယ်။
ထပ်ပြီးတော့ တမန်တော်မုဟမ္မဒ်(ဆွ)ကို အမိန့်ပေးတာက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံအပ်နှင်းသူ မွတ်ဆလင်မ်ထဲမှာ အမြဲတမ်းပါဝင်နေဖို့ အမိန့်ပေးခြင်းကိုလည်း ခံရပါတယ်လို့ ဖော်ပြပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ အထူးသတိထားရမှာဖြစ်ပါတယ်။ ဟိုးအစမှာ ကျွန်တော်တင်ပြခဲ့စဉ်က တမန်တော် အီဘရာဟင်မ်(အ)နဲ့ သားတော်တမန်တော် အီစ္စမာအီလ်(အ)တို့ နှစ်ဦးကလည်း `ရဗ္ဗနာ ၀ဂျအလ်နာ မွတ်ဆ် လေမိုင်နိ လက၀မင်န် ဇုရ်ရိယသိနာ အွမ္မသန်န် မွတ်ဆ်လိမာသလ်လက်္က´ ဆိုပြီး သူတို့တမန်တော်ဖြစ်နေစဉ် အချိန်မှာတောင် (ကျွန်တော်တို့ နှစ်ယောက်ကို မွတ်ဆလင်မ်အမိန့်နာခံသူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူ နှစ်ဦးဖြစ်စေတော်မူပါ။) ပြီးရင်ကျွန်တော်တို့ သားစဉ် မြေးဆက်ကိုလည်း မွတ်ဆလင်မ်များဖြစ်စေတော်မူပါလို့ တမန်တော်တွေသည်ပင်လျှင် တောင်းဆိုခဲ့ကြတယ်။
သေသေချာချာ စဉ်းစားကြည့်ရင် ကျွန်တော်တို့ဟာ အမြဲတမ်းအခါမလပ် မွတ်ဆလင်မ်(အလ္လာဟ်အမှု တော်ထမ်းရွက်သူ၊ အလ္လာဟ်အမိန့်နာခံအပ်နှင်းသူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဖြစ်အောင် အသိ၊ သတိရှိနေမယ်ဆိုတာ ပေါ်လွင်ထင်ရှား ပါတယ်။ တမန်တော်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်ကထပ်ပြီး ဘာအမိန့်ပေးသလဲဆိုတော့ (၀အင်န် အသ်လုဝလ် ကုရ်အာန်) ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်၊ သွန်သင်၊ ဆုံးမမှုတွေကို (သေလာဝသ်)လုပ်ပြပါတယ်။ ပထမအဆင့်က ကျွန်တော်တို့နားလည်သဘောပေါက်ထားတဲ့ ဖတ်ရွတ်ခြင်းဖြစ်ပါတယ်။ အဲဒီ သေလာဝသ်ရဲ့ ဒုတိယ အဓိပ္ပါယ်က အနောက်ကနေ တစ်ထပ်တစ်သားတည်း ထက်ကြပ်မကွာလိုက် ခြင်းဖြစ်ပါတယ်။
ဒါကြောင့် တမန်တော်မုဟမ္မဒ်(ဆွ)သည်ပင်လျှင် ကျမ်းမြတ်ကုရ်အာန်ကို သေလာဝသ် ဖတ်ရွတ်ရင်းနဲ့ လက်တွေလိုက်နာကျင့်သုံးအကောင်အထည်ဖော်တယ်။ တမန်တော်ကိုပင် ဒီအမိန့်ပေးတဲ့အတွက် ကျွန်တော်တို့ သည်လည်း ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရွတ်သည်မှသည် သိနားလည်သဘောပေါက်အောင်လုပ်ပြီး လက်တွေ့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့လိုကြောင်း ဒီအာယသ်က ဖော်ညွှန်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ်းမြတ်ကုရ်အာန်ကို ချပေးလိုက်တော့ တမန်တော်ကဖတ်ကြားပြသပြီး လိုက်နာကျင့်သုံးစေလိုက်တဲ့အခါမှာ အုပ်စုနှစ်စုကွဲသွားပါတယ်။ ကျမ်းမြတ်ကုရ်အာန်အားဖြင့် လမ်းညွှန်ပြသခြင်းကို ရရှိလိုက်တဲ့အုပ်စု။ တမန်တော်က ကုရ်အာန်အားဖြင့် သွန်သင်ဆုံးမလမ်းညွှန်ပြသတယ်။ အဲဒီ သွန်သင်ဆုံးမလမ်းညွှန်ချက်ကို မိမိရဲ့ဘ၀လမ်းညွှန် ချက်အဖြစ် ဘယ်သူရယူလိုက်မလဲ။ ရယူလိုက်သူရဲ့ အကျိုးအတွက်သာဖြစ်ပါတယ်။
အဲဒီလို ကုရ်အာန်ကျမ်းတော်ကို မိမိဘ၀လမ်းညွှန်အဖြစ် ရယူလိုက်သူများရဲ့ ဆန့်ကျင်ဘက်က (ဒွါလ္လ)လို့ ခေါ်တဲ့ (သဲထဲရေသွန်ဖြစ်ခြင်း၊ အကျိုးမဲ့ခြင်း၊ အချည်းအနှီးဖြစ်ခြင်း) လမ်းလွဲ၊ လမ်းမှားခြင်းဆိုတာကို ဘယ်သူ လိုက်မလဲ။ တနည်းအားဖြင့် ကုရ်အာန်ကို လမ်းညွှန်ချက်မီးရှူးတန်ဆောင်အဖြစ် ရယူလိုက်နာကျင့်သုံးမလား။ ကျင့်သုံးသူအတွက်ဘဲဖြစ်တယ်။ ကုရ်အာန်ကို သူ့နေရာမှာ သူထားပြီး၊ ကိုယ်ကကိုယ်လုပ်ချင်တာတွေဘဲ ကိုယ်လုပ်မယ်။ ကိုယ့်ဆရာသခင်တွေ၊ ဘိုးဘွားဘီဘင်တွေလုပ်ခဲ့တဲ့ လုပ်ရပ်တွေကိုသာ ကိုယ့်ဘာသာကိုယ်၊ ကိုယ့်ဆန္ဒအရ ရွေးချယ်မယ်ဆိုရင်လည်း တမန်တော်မြတ်ကို အလ္လာဟ်အရှင်မြတ်က ပြောခိုင်းထားပါတယ်။
အဲဒီလို လူတွေကိုအတင်းအကျပ်၊ ကုရ်အာန်ရဲ့သွန်သင်ဆုံးမလမ်းညွှန်ပြသမှုကို လိုက်နာကျင့်သုံးအောင် လုပ်ဖို့အသင်တမန်တော်မှာ တာဝန်မရှိဘူး။ `ငါတမန်တော်သည် သတိပေးနှိုးဆော်သူများအနက်မှ တစ်ဦးသာ ဖြစ်ပါတယ်။´လို့ အလ္လာဟ်လမ်းညွှန်ချက်ကို ပြောခဲ့ပါတယ်။ တမန်တော်မြတ် ပွင့်ပေါ်စေတော်မူတယ်။ တမန် တော်ထံကို ကျမ်းဂန်ကုရ်အာန်ထုတ်ပြန်ပို့ချပေးခြင်းခံရတယ်။ အဲဒီကျမ်းမြတ်ကုရ်အာန်အားဖြင့် တမန်တော် မုဟမ္မဒ်(ဆွ)ဟာ ကျွန်တော်တို့ကို လမ်းမှန်ကိုညွှန်ကြားပြသခဲ့တယ်။ အဲဒီလမ်းမှန်ကိုလက်တွေ့လိုက်နာ၊ ကျင့်သုံး အကောင်အထည်ဖော်ရယူဖို့က ကျွန်တော်တို့ရဲ့တာဝန်။ အဲဒီလို လမ်းမှန်ကို ရရှိခြင်း၊ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်သားမြေးမြစ်ဖြစ်ခြင်း၊ ကျမ်းမြတ်ကုရ်အာန်လမ်းညွှန်ချက်ကို လက်ခံရရှိလာတဲ့ ကျွန်တော်တို့ကို အလ္လာဟ် အရှင်မြတ်က (၀ကုလီလ် ဟမ္မဒုလိလ္လာဟ်)လူတွေကို ထပ်ပြီးပြောကြားလိုက်ပါ။ အလ္လာဟ်ကိုချီးမွမ်းထောပနာပြု လိုက်ပါ။ အလ္လာဟ်အရှင်သည်သာ ချီးမွမ်းခြင်းအလုံးစုံကို ခံယူထိုက်တော်မူကြောင်းကို အသင်ကြေညာလိုက်ပါ။ တမန်တော်ရဲ့ အွမ္မသ်သားမြေးဖြစ်ခြင်း ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားမှု အေးရိပ်ဆာယာအောက်မှာနေရခြင်း၊ အစ္စလာမ်ရဲ့ ငြိမ်းချမ်းသောဘောင်ထဲမှာနေရခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်ကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းမှုပြုရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲ။ အလ္လာဟ်သက်သေလက္ခဏာတွေကို အလ္လာဟ်ကပဲ လူတွေမြင်သာထင်သာရှိလာအောင် အမြဲတမ်းဖွင့်ဟပြသတော်မူတယ်။ သက်သေလက္ခဏာတော်တွေက ပိုပိုပြီး ပေါ်ပေါက်လာတယ်။ ကျွန်တော်တို့ လူ့ဘ၀ကြီးထဲမှာ ကျွန်တော်တို့က အာခိရသ်ကိုယုံတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ရှိလို့ လူတစ်ယောက်ကို ဒုက္ခမျိုးစုံ၊ ဆင်းရဲခြင်းပေါင်းစုံ ပေးခဲ့တဲ့ အချိန်မှာ နောက်တစ်ချိန်တုန့်ပြန်မှုရလာဒ် ကျွန်တော် တို့ဆီရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ဒုက္ခမျိုးစုံပေးလိုက်တဲ့ လူကကောင်းကျိုးဝေဖြာနေပြီးတော့ ဒုက္ခပေး လိုက်တဲ့ကျွန်တော်တို့ ဒုက္ခပင်လယ်ဝေတဲ့အချိန်တွေ၊ အဖြစ်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီးကြည့်ရင် အများကြီးတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူကမှ၊ ဘယ်သူ့ကို၊ လူ့အဖွဲ့အစည်းအချင်းချင်း နိုင်ထက်စီးနင်းမပြုရဘူးလို့ ကျွန်တော်တို့ကို ကုရ်အာန်မှာသင်ပေးထားခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ဒုက္ခတွေရောက်နေပါတယ်လို့ ဘယ်လောက်ပဲပြောပြော၊ အခြေအနေနဲ့ အချိန်အခါတစ်ခု ရောက်လာရင် အဲဒီဒုက္ခတွေက ပြေလျော့ပျောက်ကွယ်သွားမှာပါ။ သုခချမ်းသာတွေက အစားထိုးရောက်လာမှာ ဖြစ်တယ်။ အလ္လာဟ်ဟာ ကျွန်တော်တို့ လူသားတွေကို ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်တဲ့အတွက် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေဟာ ကျွန်တော်တို့အတွက် ကုန်ဆုံးသွားတယ်ဆိုတာ မရှိဘူး။ ကျွန်တော် တို့ မှားခဲ့တာရှိကောင်းရှိမယ်။ အားနည်းချက်တွေကို အမှန်ပြင်ပြီး အားသာချက်အဖြစ်ပြောင်းရမယ်။ ဒါက ကျွန်တော်တို့ရဲ့တာဝန်။ အလ္လာဟ်က ကျွန်တော်တို့ကို ဘယ်လောက်အထိပြောသလဲဆိုရင် အလ္လာဟ်ရဲ့ ရဟ်မသ် ကနေ ကျွန်တော်တို့ကင်းဝေးပါပြီလို့ ဘယ်တော့မှ မထင်လိုက်နဲ့တဲ့။ အလ္လာဟ်ရဲ့ရဟ်မသ်တော် ကျွန်တော်တို့ဆီ ကို သေချာပေါက်ရောက်ကို ရောက်လာလိမ့်မယ်။ အာယသ်ဆိုတာကလည်း ကုရ်အာန်မှာပြထားတာ အဓိပ္ပါယ်နှစ်မျိုးရှိပါတယ်။ တစ်ခုက ကျမ်းမြတ်ကုရ်အာန်ပါ အာယသ်သက်သေ လက္ခဏာတော်များဖြစ်ပြီးတော့ နောက်အာယသ်တစ်ခုက လူနဲ့လူပတ်ဝန်းကျင်၊ စကြ၀ဠာကြီးမှာရှိတဲ့ ဖြစ်ပျက် ပြောင်းလဲနေတဲ့ သက်သေလက္ခဏာတွေဖြစ်ပါတယ်။ ဒါတွေကို အသင်တို့နားလည်သဘောပေါက်လာလိမ့်မည်။
အလ္လာဟ်ရဲ့သက်သေလက္ခဏာတော်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က စူးစမ်းရှာဖွေလေ့လာမွှေ နှောက်၊ သုတေသနပြုဖို့လိုတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (၀မာရဗ္ဗုက ဘိဂါဖိလင်န် အမ်မာ သအ်မလူးန်) `သင်တို့ ပြုမူလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်ဟာ ဘယ်သောအခါမှ သတိမမူ၊ လစ်လျူရှု၊ ဥပက္ခာပြုတော်မူလိမ့်မည် မဟုတ်ဘူး´တဲ့။ ကောင်းတာလုပ်တဲ့လူ၊ လူ့အဖွဲ့ အစည်းဟာ ကောင်းကျိုးချမ်းသာ သေချာပေါက်ခံစားရမှာဖြစ်သလို မကောင်းတာလုပ်တဲ့သူ၊ လူ့အဖွဲ့အစည်းဟာ သေချာပေါက် မကောင်းတဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ရမယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။
ယခုဆက်လက်ပြီး ပြီးခဲ့တဲ့အပါတ်က တင်ပြနေရင်းနဲ့ ရပ်နားထားတဲ့ လူသားခပ်သိမ်း၊ သက်ရှိခပ်သိမ်းကို ပံ့ပိုးကူညီမှုပြုနေတဲ့ အနန္တကရုဏာတော်ရှင် အထောက်အပံ့တွေ ချီးမြှင့်နေတဲ့အရှင်ရဲ့ အမှုတော်ထမ်းရွက် သူတွေရဲ့ လုပ်ဆောင်ချက်များကို ကုရ်အာန်က အခုလို ကျွန်တော်တို့ကို သင်ပေးပါတယ်။ ကုရ်အာန် စူရာဟ် ၂၅၊ အာယသ် ၆၇ ကို ကျွန်တော်တင်ပြပါ့မယ်။
`ထိုသူတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ချီးမြှင့်အပ်နှင်းထားသော အရင်းအမြစ်(ဥစ္စာပစ္စည်း၊ ဓန ငွေကြေးအစရှိသည်)တို့ကို လူတို့အား မျှဝေပေးကမ်းလှူဒါန်းကြရာတွင်၊ အချည်းနှီးဖြုန်းတီးကြသည်လည်း မဟုတ်။ စစ်စီစေးနဲကြသည်လည်း မဟုတ်ပေ။ မျှဝေပေးကမ်းမှုပြုကြရာတွင် အချည်းနှီးဖြုန်းတီးမှုနှင့် စေးနည်း စစ်စီမှု၏အကြား (မျှတစွာ) မယုတ်မလွန် စနစ်တကျ သုံးစွဲမှုကိုသာ ပြုကြလေသည်။´ (၂၅း၆၇)
လူတွေကို မျှဝေပေးကမ်းလှူဒါန်းကြရာတွင်ဆိုတာ အခုတလော ကျွန်တော်တို့တွေ့နေရတဲ့ ဗွီနိုင်းအနီ ရောင်ကြီးပေါ်မှာ ရေးထားတဲ့ပညာရေးနဲ့ပတ်သက်ပြီး မျှဝေခြင်းဆိုတဲ့ကိစ္စ။ ဒါဟာ ကျွန်တော်တို့ Islamic Law တနည်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်က သွန်သင်ပေးခဲ့တဲ့အကြောင်း ကျွန်တော်တို့သိထားရမှာဖြစ်ပါတယ်။ (၀မင်းမ်မာ ရဇာက်နားဟွန်မ် ရွန်းန်ဖေကူးန်) ဆိုတဲ့ မိမိတို့ကို အရှင်မြတ်က ချီးမြှင့်ထားတဲ့ အရင်းအမြစ်တွေထဲက လိုအပ်ချက်ရှိတဲ့ လူတွေကိုပြန်လည်မျှဝေပေးခြင်းဖြစ်တယ်။ ဒါမျိုးလုပ်တဲ့လူတွေ၊ အဖွဲ့အစည်းတွေကို မြင်ရတွေ့ရ တော့ ကျွန်တော်တို့က ၀မ်းမြောက်ဝမ်းသာကြိုဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Islam ရဲ့ ကောင်းမွန် လှပသောသွန်သင်ဆုံးမချက်တွေကို ပတ်ဝန်းကျင်က လုပ်နေခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။
အဲဒီလို မျှဝေတဲ့နေရာမှာ အခြေအနေ နှစ်ရပ်ရှိတယ်လို့ အလ္လာဟ်ကသင်ပေးပါတယ်။ အချည်းအနှီး ဖြုန်းတီးကြသည်လည်းမဟုတ်။ စစ်စီစေးနည်းကြသည်လည်းမဟုတ်။ တချို့တွေက ပေးကားပေး၏။ မရ။ ဆင်းရဲ မွဲတေမှုပပျောက်ရေး ဒို့အရေး ဆိုလုပ်ပြီးတော့ လာကြတစ်အိမ်ထောင် ကျပ် ၅၀၀၀၀ ပေးမယ်ဆိုပြီးလုပ်ကြတယ်။ လူကြီးမင်းတို့မှတ်မိမှာပါ။ ပေးလိုက်တဲ့ ပိုက်ဆံတွေအားလုံးကုန်သွားတယ်။ ဘာလုပ်ကြသလဲ။ အဲဒီရတဲ့ ပိုက်ဆံထဲက ပထမဦးဆုံး အကြွေးဟောင်းဆပ်တယ်။ ပြီးရင် မစားရတာကြာပြီဆိုပြီး မိသားစုလိုက် ဆိုင်ကောင်း ကောင်းသွားပြီးစားကြ သောက်ကြတာပေါ့။ စားပြီးလို့ ကျန်ပိုက်ဆံနဲ့နီးစပ်ရာ စတိုးဆိုင်ဝင်ပြီး ၀ယ်ကြပြန်တာပေါ့။ နောက်တစ်နေ့ မိုးလင်းတော့ မူလအလုပ်အကိုင်ကို ရပ်ကွက်ထဲက နေ့ပြန်တိုးယူပြီး ဆက်လက်လုပ်ကိုင် ဘ၀တည်ဆောက်ကြပြန်တယ်။ ဒါကြောင့် တကယ်စီမံခန့်ခွဲမှု ပညာရှင်ကြီးက ဘာပြောလဲဆိုရင် မြန်မာဆိုရိုးမှာ မှားနေတယ်တဲ့။ ဘာလဲဆိုရင် မင်းကို ငါ ငါးကိုကြော်ပြီးကျွေးလိုက်မယ်။ ငါးရတဲ့နေရာ မပြဘူးလို့ပြောတယ်။
မွတ်ဆလင်မ်မှန်ရင် သူ့ကို ငါးဖမ်းတဲ့နည်းသင်ပေးလိုက်ရမယ်။ ငါးရတဲ့နေရာကို ပြပေးလိုက်ရမယ်။ သူ့သွေး၊ သူ့ချွေးနဲ့၊ သူ့ဘာသာကြိုးစားငါးရှာပြိး ငါးရောင်းတတ်အောင် အလုပ်လုပ်ချင်စိတ်ရှိအောင် သင်ပေးရလိမ့်မယ်။ လိုအပ်တဲ့ပစ္စည်း (ဥပမာ ကွန်၊ ပိုက်)တွေ ၀ယ်ပေးရမယ်။ ဒီလိုမှမဟုတ်ပဲ စောစောကလို ငွေတွေပေးရုံနဲ့ကတော့ ဒါဟာ ပျက်စီးခြင်း၊ ဖြုန်းတီးခြင်းသဘောသက်ရောက်မှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ မိမိတို့ရဲ့အကျိုးကို မျှော်ကိုးပြီးတော့ လုပ်မိ လုပ်ရာလုပ်လိုက်လို့ ကုန်သွားတဲ့လူတွေလည်း အများကြီးရှိခဲ့မှာပေါ့။ ဆိုလိုချင်တာက အချည်းအနှီးဖြုန်းတီးမှုနဲ့ စေးနည်းစစ်စီမှု နှစ်ခုရဲ့ကြား မျှခြေရှိစွာ မျှဝေပေးကမ်းမှုပြုဖို့ မယုတ်မလွန် စနစ်တကျသုံးစွဲမှုကိုသာ ပြုရမယ်ဆို ပြီးတော့ ကုရ်အာန်ကသင်ပေးပါတယ်။
ဒီနေရာမှာ ကြံဖန်ပြီးတော့ ဂုဏ်ယူစရာကို ကျွန်တော်ပြောပါမယ်။ ကျွန်တော်များ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းမှာ ဖွဲ့စည်းထားတဲ့ ဘိုင်သုလ်မာလ်ကော်မတီကို လွန်ခဲ့တဲ့ ၁၂ နှစ် (၁-၄-၂၀၀၄)ကနေ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ထက်တိုင် လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်နေပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သက်ကြီးထောက်ပံ့ခြင်းလုပ်ငန်းတွေကို စနစ်တကျစိစစ်ပြီး အမှန်တကယ်လိုအပ်သူများကို ပေးတဲ့အခါ စနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့တဲ့အတွက် အချို့က ကျွန်တော်တို့ကို မုန်းပါတယ်။ အလှူရှင်များရဲ့ ငွေများကို အမှန်တကယ်လိုအပ်သူများ လက်ဝယ်ရရှိရေးကို စနစ်တကျလုပ်ခဲ့လို့ ဒီအဖွဲ့အစည်းဟာ (၃၁-၃-၂၀၁၆)ဆိုရင် ၁၂ နှစ်ထိတည်ရှိနေနိုင်ခြင်း ဖြစ်ပါတယ်။
ယခုအချိန်မှာ အလ္လာဟ်ရဟ်မသ်နဲ့ သင်္ဃန်းကျွန်းမြို့နယ် လွတ်လပ်ရေးလမ်းမှာ တိုက်ခန်း(၄)ခန်းရှိပါတယ်။ ဒလမြို့နယ်မှာ မြေကွက်နှစ်ကွက်ရှိပါတယ်။ (ကျွန်တော် ဦးသန်းအောင် အမည်ပေါက်ဖြစ်နေပေမယ့် ဘိုင်သုလ်မာလ်ကော်မတီ ပိုင်ဖြစ်ကြောင်း အသိပေးပါတယ်။) အဲဒီလို စိစစ်ပြီး မျှဝေသုံးစွဲနည်းကို ကုရ်အာန်ကသင်ပေးလို့ အဲဒီနည်းနဲ့ ကျွန်တော်တို့သုံးခဲ့တဲ့ဟာ ယနေ့ထိရှိနေပါတယ်။ ဒါ့အပြင် စည်းမဲ့ကမ်းမဲ့ ဖြုန်းတီးခြင်းမရှိရ။ မစားရက်၊ မသောက် ရက်၊ မသုံးစွဲရက်၊ မလှူဒါန်းရက်၊ စေးနည်းတွန့်တိုမှုတွေ မရှိရပါဘူး။ အစွန်းမထွက်ရဘူး။ မျှခြေရှိစွာ စနစ်တကျ ဆောင်ရွက်ဖို့ လိုပါမယ်။ ကုရ်အာန် စူရာဟ် ၁၇း၂၉ အရဆိုရင် လက်များကို လည်ဂုတ်မှာလည်း မထားပါနဲ့တဲ့။ (အိတ်မပိတ်ထားနဲ့လို့ ဆိုလိုတာပါ။) လက်နှစ်ဖက်စလုံးကို ကားပြီးတော့ မထားပါနဲ့တဲ့။ (ကုန်အောင် အိတ်မဖွင့် ထားနဲ့လို့ ဆိုလိုတာပါ။)
ကုရ်အာန်ကပြောတာကို မယုံရင် ကိုယ့်မှာရှိတဲ့ ငွေဥစ္စာပစ္စည်းကို သားသမီးတွေကိုခေါ်ပြီး ခွဲဝေပေးကြည့် ပါ။ တစ်နှစ် နှစ်နှစ်နေရင် ဘာဖြစ်မလဲ။ စမ်းကြည့်ပါ။ မယုံရင် လုပ်ကြည့်ပေါ့။ အဲဒီအချိန်ကျရင် ကုရ်အာန်ရဲ့ သွန်သင်ဆုံးမမှုရဲ့ တုန့်ပြန်မှုရလဒ်ကို မိဘနှစ်ပါးတကယ် ကြုံတွေ့ရပါလိမ့်မယ်။ `လူတွေကို လုံးဝမကြောက်နဲ့။ အလ္လာဟ်ကိုသာကြောက်ပါ´တဲ့။ တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက် မယ်ဆိုရင် အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက် (ကုရ်အာန်)နဲ့ညီသလား။ ပေတံတိုင်းလိုက်ပါ။ ညီတယ်ဆိုရင် အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်အရ လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ အဲဒီအချိန်မှာ အဲဒါနဲ့မတည့်တဲ့လူက ကိုယ့်ကိုမုန်းလိမ့်မယ်။ အမုန်းခံလိုက်ပါ။
`အလ္လာဟ်အပြင် နောက်ထပ် ကိုးကွယ်အားထားရာ အားကိုးအားထားပြုရာ သြဇာခံရာတွေကို ဘယ်သောအခါမှ ဖိတ်ခေါ်ခြင်း၊ တသခြင်းမလုပ်ကြပါ။´ ဒါက အီဗာဒေရဟ်မန်တွေရဲ့ ဂုဏ်ရည်ဂုဏ်သွေး လုပ်ရပ်ထဲမှာပါတယ်။ ဒီလိုအချိန် ၂၀၁၂ ခုနှစ်က ဘာမှမဆိုင်တဲ့ ရွှေအရောင်းအ၀ယ်ကိစ္စက အစပြုပြီး၊ ပြဿနာ မီးတောက်ကြီးပြီးတော့ လူတွေမြောက်များစွာ သေကြေပျက်စီး၊ စီးပွားပျက်၊ အိမ်မဲ့ယာမဲ့၊ ဘ၀တွေပျက်တဲ့အထိ ဒုက္ခရောက်သွားခဲ့ကြတာ လူကြီးမင်းတို့ မှတ်မိနေဦးမှာပါ။ လူတွေကို ကလေးတွေကို ရက်ရက်စက်စက် သတ်ခဲ့ ကြတယ်။ ပါဏာတိ ပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ငါးပါးသီလထဲမှာပါတဲ့ဟာ။ ကုရ်အာန်မှာ သင်ပေး ထားတယ်။ ကျွန်တော်တို့က ငါးပါးသီလအကြောင်းပြောရင် အချို့မွတ်ဆလင်မ်တွေက မွတ်ဆလင်မ်မှာ ငါးပါး သီလမရှိဘူးလို့ ထင်နေတယ်။
`သေစား သေစေ ဥပဒေသတ်မှတ်ပြဌာန်းချက်အရ တိုင်းပြည်ဆူပူသောင်းကျန်းလို့ သောင်းကျန်းသူကို ကာကွယ်ရေးသဘောအရ သတ်ဖြတ်ခြင်းမျိုးမှလွဲရင် အလ္လာဟ်အရှင်မြတ်က လူ့အသက်တစ်ချောင်းကို သတ်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ လူ့အသက်ကို အလ္လာဟ်အမှုတော်ထမ်းတွေဟာ ဘယ်သောအခါမှ မသတ်ကြပါ။ အဲဒါ အလ္လာဟ်ရဲ့ လမ်းညွှန်ချက်။ မွတ်ဆလင်မ်မှန်ရင် သူတပါးရဲ့အသက်ကို အကြောင်းမဲ့ ဘယ်သောအခါမှ မသတ် ဘူး။ ပြီးတော့ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒီယာမိ၊ ထိုသူများ (နာခံတော်)သည် ကာမေသု မိစ္ဆာ စာရကံကိုလည်း ဝေးစွာရှောင်ကြဉ်ကြတယ်။ ဇေနာအမှုဘယ်တော့မှ မလုပ်ဘူး။
လုပ်ခဲ့ရင် ဘာဖြစ်မလဲ။ ကုရ်အာန် စူရာဟ် အမှတ် ၅ မှာဖြော်ပထားပါတယ်။ An eye for an eye . A tooth for a tooth . A soul for a soul ။ အဲဒီဟာမူရာဘီကိုဓဥပဒေဆိုတာ တမန်တော် မူစာ(အ)လက်ထက်မှာ ပြဌာန်းခဲ့တယ်။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း၊ မျက်စိအစား မျက်စိ၊ နှာခေါင်းအစား နှာခေါင်း၊ နားရွက်အစား နားရွက်၊ သွားအစား သွား၊ လက်စားချေခွင့် ရှိခဲ့ပါတယ်။ ကုရ်အာန် စူရာဟ် ၂၄ မှာကြတော့ ဇေနာအမှုကျူးလွန်တဲ့ လူတွေကို ကြိမ်ဒဏ်ချဖို့ပါတယ်။ ကြိမ်ဒဏ်နော်။ မွတ်ဆလင်မ်တွေက ခဲနဲ့ပေါက်သတ်တယ်။ ကုရ်အာန်ကပြောတာ ကြိမ်ဒဏ်၊ မွတ်ဆလင်မ်က ခဲနဲ့ပေါက်သတ်တယ်။ ပိုဆိုးတာက မကြာသေးမီက ပါကစ္စတာန်နိုင်ငံမှာ အဓမ္မပြုကျင့် ခြင်းခံရတဲ့ အမျိုးသမီးကို ခဲနဲ့ပေါက်သတ်ပြီး သေဒဏ်ပေးလိုက်တယ်။ ကျူးလွန်သူက ယောက်ျားသား။ ပြစ်ဒဏ် ပေးခြင်းခံရတာက အမျိုးသမီး။ လွဲနေကြတာ တွေပါ။
ဒါကြောင့် ကုရ်အာန်မှာ ဘာတွေ့ရသလဲဆိုရင် ရှရစ်က်အမှုကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ လုံးဝ မပြုလုပ်ရဘူးလို့တားပါတယ်။ လူ့အသက်ကို တန်ဖိုးထားပါတယ်။ လူ့အခွင့်အရေးအပြည့်အ၀ရှိပါတယ်။ ဥပဒေအရ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်ခြင်းမှတပါး အပြစ်မဲ့၊ အကြောင်းမဲ့ အသက်မသတ်ရ။ ကံငါးပါးထဲမှာပါတဲ့ ကာမေသုမိစ္ဆာစာရကံ မကျူးလွန်ရဘူးလို့ပါတယ်။ အစ္စလာမ်က ထူးခြားတာက မလုပ်နဲ့နော်လို့တားပါတယ်။ လုပ်ရင် ပြစ်ဒဏ်ပါတယ်။ စူရာဟ် ၂၄ မှာ ကာမေသု ကျူးလွန်ရင် ကြိမ်ဒဏ်အချက် ၁၀၀ ရိုက်ရမယ်လို့ပါတယ်။ ဒါ့အပြင် ကြီးလေးသော ကိုယ်ရည်ကိုယ်သွေးနိမ့်ကျ၊ ဂုဏ်သိက္ခာထိခိုက်၊ အမည်ကောင်းသတင်းထိခိုက်၊ နာမည် ပျက်မယ်။
သတင်းစာမှာ ဆောင်ကြာမြိုင်လို့ ယဉ်ယဉ်ကျေးကျေးသုံးတဲ့အခန်းတွေကို လုံးဝပပျောက်ရေးလုပ်ဖို့ နည်းနည်းခက်တယ်လို့ အင်ဒိုနီးရှားနိုင်ငံသတင်းဖတ်ရပါတယ်။ အဲဒါကြောင့် တဖြည်းဖြည်းပပျောက်အောင် အင်ဒိုနီးရှားအစိုးရက ကမကထလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ မွတ်ဆလင်မ် ၉၉ %ရှိတဲ့နိုင်ငံ မို့လို့ အစိုးရက ဦးစီးပြီးလုပ်တယ်။ မွတ်ဆလင်မ်နိုင်ငံလေ။ လုပ်ရမှာပေါ့။ မလေးရှားမှာ မွတ်ဆလင်မ်တစ်ယောက် အရက်ဝယ်လို့ရမယ်လို့ထင်ပါသလား။ အရေးယူခံရရင်တောင် မောင်းထုတ်ခံရပါမယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၅း၆၉ မှာ
`ရှစ်ရ်က် ယှဉ်တွဲယုံကြည်ကိုးကွယ်ခြင်း၊ လူ့အသက်သတ်ခြင်း၊ မတရားကာမမှုကျူးလွန်ခြင်း ပြုသူတွေ (နိမ့်ကျဂုဏ်ရည် သေးသိမ်ဂုဏ်သိက္ခာထိခိုက် အရှက်ရစေမယ့်အပြင်) ကိယာမသ် ပြန်လည်ရှင်ပြန်ထမြောက် ရမယ့် ကာလမှာလည်း ဆထက်တိုးစေတဲ့ ပြစ်ဒဏ်ကို ထိုကျူးလွန်သူကြုံတွေ့ခံစားရလိမ့်မည်။ အဲဒီပြစ်ဒဏ်ဟာ အမြဲတမ်းဖြစ်တဲ့ ဂုဏ်သရေနိမ့်ကျသိက္ခာမဲ့သူအဖြစ် ခံစားနေရမည်သာဖြစ်သည်။´ (၂၅း၆၉)
အလ္လာဟ်အရှင်မြတ်ဟာ အမှန်ပင် ရဟ်မာန်အရှင်ဖြစ်ပါတယ်။ လူသားဟာ အပေါင်းအသင်းကြောင့်ဖြစ် စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ တိုက်ဆိုင်၍ဖြစ်စေ မှားနိုင်ပါတယ်။ မှားရင် ဘာလုပ်မလဲ။ ပြင်ရမှာ ဖြစ်ပါတယ်။ အဲဒီပြုပြင်ဖို့ အခွင့်အရေးကိုလည်း အလ္လာဟ်ကပေးထားပါတယ်။ ကျမ်းမြတ်ကုရ်အာန်စူရာဟ် ၂၅း၇၀ မှာ `သို့ရာတွင် မည်သူမဆို မိမိ၏ယုံကြည်ချက်နှင့် အပြုအမူတို့သည် အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်ကို သွေဖည် ဆန့်ကျင်ကျူးလွန်မိကြောင်း သိသည်နှင့်တပြိုင်နက် ထိုဆောင်ရွက်ချက်ကို ရပ်တန့်ကာ အလ္လာဟ်လမ်းညွှန် ပြဌာန်းချက်ဆီသို့ ပြန်လှည့်ခဲ့ပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်သက်ဝင်ယုံကြည်ရန် ညွှန်ပြသည်များ ကို သက်ဝင်ယုံကြည်ခဲ့ပြီ။ ထို့နောက် လူနှင့်လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေသော ကောင်းမြတ်သည့် လုပ်ငန်းဆောင်တာများကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီဆိုလျှင် အလ္လာဟ်သည် ထိုသူတို့အား ၎င်းတို့ပြုလုပ်ကျူးလွန်ခဲ့ သော အပြစ်ဒုစရိုက်မကောင်းမှုများကို ညီညွတ်မျှတ အချိုးအစားကျသော သုစရိုက်ကောင်းမှုများနှင့် ပြောင်းလဲ ပေးတော်မူမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လုံခြုံမှုပြုပေးတော်မူသော လိုအပ်ချက်အ၀၀ကို ဖြည့်ဆည်းထောက်ပံ့ပေးတော်မူသော အရှင်ဖြစ်တော်မူပေသည်။´ (၂၅း၇၀)
ဒီအာယသ်အရ အချက်သုံးချက်ကို တွေ့ရပါတယ်။ (၁) သောဝ်ဗာဟ် (၂) အာမန (၃) အမိလ ဆိုတဲ့ အချက်သုံးချက်ကို ပြုလုပ်ဆောင်ရွက်ဖို့ လိုပါတယ်။ သောဝ်ဗာဟ်လို့ ပြောလို့ ကျွန်တော်တို့တနေကုန် မကောင်း မှုတွေလုပ်။ ညအိပ်ခါနီး ဘယ်ပါးညာပါး လက်ဝါးနဲ့ပွတ်ရုံနဲ့ လုပ်တာမျိုးမဟုတ်ပါဘူး။ အဲဒါကို အူရ်ဒူမှာ (မူရ်ဂီး ကား သောဝ်ဗာဟ်လို့ခေါ်ပါတယ်။) အဲဒါ အရဗီကခိုင်းတဲ့ သောဝ်ဗာဟ်မဟုတ်ပါဘူး။ အရဗီကခိုင်းတဲ့ သောဝ်ဗာဟ်က ကျွန်တော်ရဲ့လုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ မှားနေပြီ။ အလ္လာဟ်သွန်သင်ဆုံးမမှု လမ်းညွှန်ချက်ကုရ်အာန်နဲ့ လွဲနေပြီဆိုတာကို ကျွန်တော်သိလိုက်တဲ့အချိန်မှာ အဲဒီလုပ်ရပ်တွေကို လုံးဝ(လုံးဝ) ရပ်လိုက်ရပါတယ်။ ရပ်ပြီးတော့ မှ အမှန်သစ္စာတရားဘက်ကို ပြန်ပြီး လှည့်တာကို သောဝ်ဗာဟ်လို့ခေါ်ပါတယ်။
အဲဒီသောင်ဝ်ဗာဟ်လုပ်တဲ့အခါမှာလည်း စစ်မှန်တဲ့သောဝ်ဗာဟ်ဖြစ်ဖို့ ကျမ်းမြတ်ကုရ်အာန်က (သောဝ်ဗသန် နစူးဟန်န်)ဆိုပြီး ကျွန်တော်တို့ကို သင်ပေးပါတယ်။ စစ်မှန်သော ပြန်လှည့်ခြင်းမျိုးနဲ့လှည့်ပါ။ ပြီးတဲ့ နောက်မှာ (၀အာမန) သူဘာလုပ်ရမလဲဆိုရင် သူ့ဘ၀ လုံခြုံဘေးကင်းဖို့ သူလုပ်ရမယ်။ ပြီးတော့ ဘာလုပ်ရမလဲ။ (၀အမိလန်န် အမလန်ဆွာလိဟန်န်) လူနဲ့လူ့ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းဆောင်တာတွေကို သူလုပ်ကိုင် ဆောင်ရွက်ရမယ်။ ဒါတွေလုပ်ခဲ့မယ်ဆိုရင် သက်ဝင်ယုံကြည်မှုပြုရမည်။ အလ္လာဟ်သည် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုဒုစရိုက်မကောင်းမှုများအစား ညီညွတ်မျှတအချိုးအစားကျသော သုစရိုက်ကောင်းမှုများနှင့် ပြောင်းလဲ ပေးတော်မူမည်။ ဘာဖြစ်လို့လဲဆိုရင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာပဲ လုံခြုံမှုပြုပေးသနားတော်မူ တဲ့အရှင်၊ လိုအပ်ချက်အ၀၀ကို ဖြည့်ဆည်းထောက်ပံ့ပေးတော်မူတဲ့အရှင်ဖြစ်လို့ ဖြစ်ပါတယ်လို့ဖော်ပြ ထားပါတယ်။
ဆက်လက်ပြီး ကုရ်အာန် ၂၅း၇၁ မှာ ပြောထားတာက `မှားယွင်းမှုကိုရပ်ပြီး အမှန်သစ္စာတရား အလ္လာဟ် လမ်းညွှန်ဘက်ကို ပြန်လှည့်ပြီး လူနဲ့လူ့ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မယ့် (ကောင်းကျိုးဝေဖြာမယ့် ပရဟိတ လုပ်ငန်း စဉ်တွေကို) လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ လုံခြုံမှုနှင့် လိုအပ်ချက်အ၀၀ဖြည့် ဆည်းပေးမည်သာဖြစ်သည်။ ပြီးတဲ့နောက် (မုသာဝါဒါ ဝေဒါမဏိ သိက္ခာပဒံ သမာဒီယာမိ) `အဲဒီ ပုဂ္ဂိုလ်တွေဟာ မုသားမပြောဘူး။ မမှန်သက်သေခံခြင်း ဘယ်သောအခါမှ မလုပ်ဘူး။ မှားတဲ့ဘက်မှာ ဘယ်တော့မှ မရပ်တည်ဘူး။´ အမှန်သစ္စာတရားဘက်မှာပဲ ရပ်တည်ပြီး အမှန်ကိုပြော၊ အမှန်ကိုသာ သက်သေခံပါတယ်လို့ ပြောပါတယ်။
လူ့အဖွဲ့အစည်းဝင်တွေထဲမှာ လူနှင့်လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ရပ်တွေ လုပ်ကိုင်ဆောင်ရွက် ကြတဲ့ ပရဟိတစိတ်ဓါတ်ပိုင်ရှင်တွေရှိသလို အချည်းနှီးသော အကျိုးမဲ့သော မမှန်ကန်သော၊ မျက်စိမှုန်ဖြစ်စေ သော၊ အမုန်းတရားပွားများစေသော အစရှိသည့်လုပ်ရပ်တွေကို ကြံစည်ပြုမူလုပ်ကိုင်ဆောင်ရွက်ကြသူတွေ ရှိကြ ပါတယ်။ ပတ်ဝန်းကျင်တစ်ဝိုက် အကျိုးမဲ့စေသော အချည်းနှီးသော လုပ်ရပ်တွေနဲ့ အနားကဖြတ်သန်းသွားတဲ့အခါ လိမ္မာပါးနပ်စွာ သိက္ခာရှိစွာ ဖြတ်သန်းသွားကြပါတယ်။
ကျွန်တော်တို့ဟာ တကယ်အရေးကြီးတဲ့ကိစ္စတွေကို အရေးပါသလို မလုပ်ဘူး။ အရေးမပါတဲ့ ဟာတွေကို အရေးကြီးသလို လုပ်တယ်။ ပတ်ဝန်းကျင်မှာ အချည်းနှီးသောကိစ္စတွေကို ဆောင်ရွက်နေတာကိုလည်း တွေ့ရ မှာပါ။ စောစောကပြောတဲ့ အိဗာဒုရ်ရဟ်မာန်ဆိုတဲ့ ပုဂ္ဂိုလ်တွေက လိမ္မာယဉ်ကျေးသိမ်မွေ့စွာ အိနြေ္ဒရှိစွာနဲ့ အဲဒီအသိုင်းအ၀ိင်းကနေ ရှောင်ထွက်သွားကြတယ်။ ကုရ်အာန်ရဲ့လမ်းညွှန်မိန့်ကြားချက်ကို တင်ပြရင်း နိဂုံးချုပ်ပါ တယ်။