ငြိမ်းချမ်းရေး ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
ငြိမ်းချမ်းရေး
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
အရင်အပတ် ဂျွမ္မာနေ့က ကျွန်တော်ရဲ့ ခွတ္တဗာဟ်မှာ အစ္စလာမ်ဟာ ပြီးပြည့်စုံတဲ့ လမ်းစဉ်အဖြစ် ရောက်ရှိခဲ့ပြီမို့ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်ကို လူ့ဘ၀တည်ဆောက်မှုလမ်းစဉ်အဖြစ် နှစ်သက်လက်ခံတော်မူလိုက်ပြီလို့ တင်ပြခဲ့ပါတယ်။ အစ္စလာမ့်လမ်းစဉ်က ပြီးပြည့်စုံပြီဖြစ်ပေမယ့် လိုက်နာကျင့်သုံး တဲ့သူတွေက ပြီးပြည့်စုံမှုမရှိတဲ့ လူသားတွေဖြစ်ပါတယ်။ လူသားတို့အတွက် အလ္လာဟ်ရဲ့လမ်းညွှန်ဖြစ်ပြီး တမန်တော်မြတ် (ဆွလ္လ) သင်ကြားခဲ့တဲ့ ကုရ်အာန်ကို (အစ္စလာမ့်လမ်းစဉ်ကို)လိုက်နာကျင့်သုံးတဲ့အခါ အပြည့် အ၀အကောင်အထည် မဖော်နိုင်ကြပါဘူး။ အဲဒီအပြင် အလ္လာဟ်နဲ့တမန်တော်မြတ်ကြီးတို့ရဲ့ သင်ကြားချက် ကုရ်အာန်ကို လူလုပ်ကျမ်းများ၊ မိမိတို့၏ ကိုယ်ပိုင်အတွေးအမြင်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနဲ့ ဖွင့်ဆိုလာ ကြတဲ့အခါ အစ္စလာမ့်လမ်းစဉ်အမှန်နဲ့ ကွဲပြားခြားနားမှုတွေ ပေါ်ပေါက်လာပါတယ်။ ကုရ်အာန်က ကန္တာရသား အာရဗ်တွေကို နမူနာပေးပြီး အခုလိုသင်ကြားထားပါတယ်။
`ကန္တာရပျော် အာရဗ်တို့က ကျွန်ုပ်တို့သည် အီမာန်သက်ဝင်ယုံကြည်ကြပါပြီဟု ဆိုကြလေသည်။ အမှန် တကယ်တော့ သက်ဝင်ယုံကြည်မှုမရှိကြသေးပါ။ သို့ဖြစ်ရာ အမိန့်ကို နာခံကြပါပြီဟုသာ ပြောဆိုကြကုန်။ စင်စစ် အီမာန်ယုံကြည်မှုသည် သင်တို့၏စိတ်နှလုံးတွင်းသို့ မ၀င်ရောက်သေးပေ။´ (၄၉း၁၄)
ဒါကအများမွတ်စလင်မ် ပညာရှင်များရဲ့ ဘာသာပြန်ဆိုချက်ပါ။ ဘာသာရေးဆန်ဆန် ပြန်ဆိုချက်ဖြစ်ပါ တယ်။ အစ္စလာမ်ဟာ ဘာသာတရားဆိုတာထက် လူသားတို့အတွက် ဘ၀လမ်းစဉ်လို့ ခံယူထားကြရင် ဒီအာယသ်တော် (၄၉း၁၄)ကို အောက်ပါအတိုင်း သဘောပေါက်ကြပါလိမ့်မယ်။
`ကန္တာရပျော်အာရဗ်တို့က ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးဝါဒီ (မုအ်မင်န်)များ ဖြစ်ကြပါ၏ဟု ဆိုကြလေသည်။ အမှန်တကယ်ငြိမ်းချမ်းရေးဝါဒီ (မုအ်မင်န်)များ မဖြစ်ကြသေးပါ။ သင်တို့နှလုံးသားဝယ် ငြိမ်းချမ်းမှု မ၀င်ရောက်သေးသောကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်နေသူ (မွတ်စလင်မ်)များ ဖြစ်ကြပါသည်ဟုသာ ပြောဆိုကြလေကုန်´ လို့ နားလည်ကြပါလိမ့်မယ်။
ဒီလိုဘာသာပြန်ဆိုချက်ကို အစ္စလာမ်ဟာ ဘာသာတရားတစ်ခုဖြစ်တယ်လို့ လက်ခံထားသူများကတော့ သဘောတူမှာမဟုတ်ပါ ဘူး။ ကျွန်တော်ကတော့ ကုရ်အာန်သုတေသီ တစ်ဦးအနေနှင့် မုအ်မင်ဆိုတာ မိမိနှင့်ပတ်ဝန်းကျင်၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သူ၊ မွတ်စလင်မ်ဆိုတာ မိမိနဲ့ပတ်ဝန်းကျင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူ၊ အစ္စလာမ် ဆိုတာ ငြိမ်းချမ်းရေးလမ်းစဉ်လို့ နားလည်ထားပါတယ်။
ဒီအာယသ်တော်အရ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရရင် ကျွန်တော်က မုအ်မင်မဖြစ်သေးပါဘူး။ မွတ်စလင်မ်အဖြစ်ပဲ ရှိနေပါသေးတယ်။ ကျွန်တော်ဟာ မိမိနဲ့ ပတ်ဝန်းကျင်ရဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သေးပါဘူး။ ကျွန်တော့်နှလုံးသားမှာ ငြိမ်းချမ်းမှု မ၀င်ရောက်သေးပါဘူး။ ငြိမ်းချမ်းဖို့အတွက် ကြိုးပမ်းနေသူသာဖြစ်ပါတယ်လို့ ၀န်ခံရမှာပါ။ အစ္စလာမ်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ပေမယ့် တစ်ချို့အကြမ်းဖက်လို့ စွပ်စွဲကြရလောက်အောက်ကို နားလည်မှုလွဲမှားခံနေရပါတယ်။ ဒါကြောင့်ယနေ့ (၈-၁-၂၀၁၆) ခွတ္တဗာဟ်ခေါင်းစဉ်ကို `ငြိမ်းချမ်းရေး´ လို့ အမည်ပေးလိုက်ပါတယ်။
(၄၉း၁၄)က ကန္တာရပျော်အာရဗ်တွေကို အထူးပြုထားပေမယ့် အစ္စလာမ်ကို နားလည်မှုလွဲမှားနေသူ အားလုံးကို ရည်ညွှန်းပါတယ်။ ဒီလိုလွဲမှားတဲ့ နားလည်မှုတွေကြောင့် အစ္စလာမ်ရဲ့အခြေခံအုတ်မြစ်ကို ချိနဲ့စွာ မြင်နေကြပါတယ်။ အစ္စလာမ်ရဲ့အပေါ်ထပ် အဆောက်အအုံတွေကို လွဲမှားစွာရှုမြင်ပြီး မှားယွင်းစွာ တည်ဆောက်နေကြပါတယ်။ တမန်တော်မုဟမ္မဒ်(ဆွလ္လ) ဖော်ဆောင်ခဲ့တဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာနေပါတယ်။ ဒီလိုဖြစ်နေတာကို ယနေ့မွတ်ဆလင်မ်ဆိုသူများက ပုံဖော်နေတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပုံစံတွေ၊ အစ္စလာမ်ကို ကမ္ဘာကြီးရဲ့ အပေါ်ယံအမြင်တွေက သက်သေပြနေပါတယ်။
ငြိမ်းချမ်းရေးကို ကြိုးပမ်းသူ(မွတ်စလင်မ်)ဖြစ်ဖို့အတွက် သစ္စာတရားကို နားလည်လက်ခံပြီး ယုံကြည် သက်ဝင်သူဖြစ်ဖို့ လိုပါတယ်။ သစ္စာတရားကို ကျမ်းမြတ်ကုရ်အာန်က အလ်ဟပ်က်လို့ ဖော်ပြပါတယ်။ အကြောင်း အရာတစ်ရပ်သည် ငြင်းဆို၍မရနိုင်လောက်အောင် ဖြစ်ထွန်းပေါ်ပေါက်နေမှသာ(အလ်ဟပ်က်) သစ္စာတရားဖြစ်ပါတယ်။ တနည်းအားဖြင့် ဘယ်လိုမှငြင်းလို့မရတဲ့ အရှိတရား ဖြစ်ပါတယ်။ အရှိတရားတွေနဲ့ပတ်သက်ပြီး တမန်တြော်မတ် (ဆွလ္လ)က ကုရ်အာန်မှာ ဘယ်လိုသင်ကြားခဲ့သလဲ ဆိုရင်
`ခပ်သိမ်းသော စကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်တို့ဖြစ်ထွန်းပေါ်ပေါက်နေမှုသည် ခိုင်မာမှန်ကန်သော အရှိတရား ဖြစ်သည်။ နေ့ကို ညအပေါ်သို့လည်းကောင်း၊ ညကို နေ့အပေါ်သို့လည်းကောင်း လှိမ့်နေစေခြင်းဖြင့် နေ့နှင့်ညတို့ တလှည့်စီဖြစ်ပေါ်နေခြင်း၊ အရာအားလုံးသည် သတ်မှတ်ထားသော ကာလ၊ ဒေသအတိုင်း လှုပ်ရှားနေကြခြင်းတို့ သည် မှန်ကန်သော အရှိတရား အလ်ဟပ်က်များဖြစ်ကြသည်။ ဤသစ္စာတရားများဖြင့် အလ္လာဟ်အရှင်မြတ်၏ ဘုန်းတော်နှင့်လုံခြုံစိတ်ချရမှု အစီအမံများကို ထင်ရှားပေါ်လွင်စေ၏။´ (၃၉း၅)
စကြ၀ဠာများနဲ့ ကမ္ဘာဂြိုဟ်တို့ ရှိနေမှုသည် မည်သူမျှမငြင်းနိုင်သော အမှန်တရား၊ သစ္စာတရားဖြစ်ပါတယ်။ နေ့နဲ့ညဖြစ်ပေါ်နေတာကိုလည်း ဘယ်သူမှမငြင်းနိုင်ပါဘူး နေ့နဲ့ညတလှည့်စီ ဖြစ်ပေါ်နေတယ်ဆိုတာကို `ရုကောက်ဝိရု´ဆိုတဲ့ အရဗီဝေါဟာနဲ့ဖော်ပြထားပါတယ်။ အဲဒီဝေါဟာရက ဆင်းသက်လာတဲ့ `ကူရာဟ်´ဆိုရင် ဘောလုံးလို့ အဓိပ္ပါယ်ရပါတယ်။ ကမ္ဘာဂြိုဟ်သည် ဘောလုံးကဲ့သို့ လှိမ့်ကာလှိမ့်ကာ ရွေ့လျားနေခြင်းဖြင့် နေ့နှင့်ည ကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြစ်နေခြင်းသည် ဘယ်သူမှမငြင်းနိုင်တဲ့ သစ္စာတရားဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေမှာရှိတဲ့ ပရိုထရွန်၊ အီလက်ထရွန်၊ နျူထရွန်တို့ကနေစပြီး နေစကြ၀ဠာကြီးအထိ သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားအတိုင်း လှုပ်ရှားလှည့်ပတ်နေကြတာ ဘယ်သူမှမငြင်းနိုင်တဲ့ အမှန်တရား ဖြစ်ပါတယ်။ နေမင်းကြီးဆီက အပူစွမ်းအင်၊ အလင်းစွမ်းအင်အပါအ၀င် ကမ္ဘာမှာရှိသမျှ စွမ်းအင်တို့ရဲ့ရင်းမြစ်တွေ ရရှိနေပါတယ်။ လမင်းကြောင့် ဒီရေအတက်အကျတွေ ဖြစ်ပေါ်စေတယ်။ လဆန်း၊ လဆုတ်တွေဖြစ်ပြီး ရက်၊ လ၊ တွေ တွက်ချက်နိုင်ပါတယ်။ နေမင်းကြောင့် ရာသီဥတုတွေ ဖြစ်ပေါ်စေတယ်။ နေနဲ့လဟာ ကမ္ဘာကြီးအတွက် အသုံးဝင်သောအရာများ ဖြစ်နေတာကို ဘယ်လိုမှမငြင်းနိုင်တဲ့ သစ္စာတရားဖြစ်ပါတယ်။ ဒီအရှိတရားတွေကြောင့် အလ္လာဟ်ကို မံသစက္ခုဆိုတဲ့ မျက်စေ့နဲ့ မမြင်ရပေမဲ့လည်း အလ္လာဟ်ရဲ့ဘုန်းတော်တွေကို လက်တွေ့ခံစား နေရပါတယ်။ ကမ္ဘာနဲ့စကြ၀ဠာရှိ သက်ရှိသက်မဲ့တွေအတွက် လုံခြုံစိတ်ချရတဲ့ ၀န်းကျင်ရှိနေပါတယ်။
ဒီလိုအရှိတရားတွေကို သိရှိနားလည်မှသာ လောက ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်ရဲ့ အရှိတရားကို မသိနားမလည်တဲ့သူဟာ လောကငြိမ်းချမ်းရေးကို မဆောင်ကြဉ်းနိုင်ပါဘူး။ ဒါကြောင့် အစောပိုင်းမှာ `ငြိမ်းချမ်းရေးကို ကြိုးပမ်းသူ(မွတ်စလင်မ်)ဖြစ်ဖို့အတွက် သစ္စာတရားကို နားလည်လက်ခံ ပြီး၊ ယုံကြည်သက်ဝင်သူဖြစ်ဖို့ လိုပါတယ်။´လို့ တင်ပြခဲ့တာပါ။
အစ္စလာမ်က မျက်ကန်းယုံကြည်မှုကို လက်မခံပါဘူး။ ခိုင်လုံတဲ့ အထောက်အထားနဲ့ ဘယ်လိုမှငြင်းလို့ မရတဲ့အထောက်အထားတွေနဲ့ ယုံကြည်မှုဖြစ်ရပါမယ်။ ယုံကြည်မှု တည်ဆောက်ဖို့ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) သည်ပင်လျှင် အတင်းအကြပ်မလုပ်ခဲ့ပါဘူး။ မိမိရဲ့ အရည်အချင်းနဲ့သာလျှင် မိမိကိုယ်တိုင်မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ မြင်အောင်မကြည့်နိုင်ရငိ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။ တမန်တော်မြတ်ကြီးက ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်လို သင်ကြားခဲ့သလဲဆိုရင်
`ပြုစုပျိုးထောင်ရှင်ထံမှ သင်တို့ထံကို ခိုင်မာသော အထောက်အထားများ ရောက်ရှိခဲ့ချေပြီ၊ မည်သူမဆို မြင်အောင်ကြည့်မှသာ မိမိကိုယ်ရည်ကိုယ်သွေး တိုးတက်မည်ဖြစ်သည်။ မြင်အောင် မကြည့်တတ်ပါက မိမိတာဝန် သာ၊ ငါ တမန်တော်သည် သင်တို့လူသားများကို အုပ်ထိန်းစောင့်ရှောက်သူမဟုတ်´(၆း၁၀၄)
အလ္လာဟ်အရှင်မြတ်က လောကရဲ့သစ္စာတရားတွေကို ထင်ရှားအောင် ပြသထားတယ်။ သစ္စာတရားကို မမြင်နိုင်ရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါဘဲ။ တမန်တော်မြတ်(ဆွလ္လာ)အနေနဲ့ အုပ်ထိန်းသူတစ်ယောက်က မိမိရဲ့သားသမီး တွေ၊ အစောင့်အရှောက်ခံနေရသူတွေကို ပြုလုပ်သလို ချောက်ထဲကျမှာစိုးလို့ဆိုပြီး လမ်းမှန်ကိုအတင်းအဓမ္မ ဆွဲမတင်ပါဘူးတဲ့။ တမန်တော်မြတ်ကြီးက ဒီလိုသင်ကြားခဲ့တယ်ဆိုတာကို ကြားဖူးသူ ဘယ်သူများရှိလဲ။ ဘယ်လောက်အံ့သြဖို့ ကောင်းသလဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကြတာက တမန် တော်မြတ်က ဓါးကိုင်ပြီး အစ္စလာမ်ကို လက်ခံမလား၊ အသက်အသေခံမလားဆိုပြီး ခြိမ်းခြောက်ဟိန်းဟောက်ပြီး အစ္စလာမ်ကို ဖြန့်ချိခဲ့တာတဲ့။
နောက်ထပ်ကြားဖူးခဲ့တာတွေ ရှိသေးတယ်။ မွတ်စလင်မ်တွေ ဂျန္နသ်ကို မ၀င်ရမချင်းတမန်တော်မြတ်က စဂ်ျဒါက မထ ဘူးဆိုပဲ။ တမန်တော်မြတ်ရဲ့(ရှဖာအသ်)ကြားဝင် အသနားခံမှုကိုရဖို့ တမန်တော်မြတ်ကို ဒရူးဒ်စလာမ်များများ ပို့ရ မယ်ဆိုပဲ။ ဒါက ကြားဖူးတာ။ ကုရ်အာန်ထဲမှာတော့ တမန်တော်မြတ်က အလ္လာဟ်စီမံထားတဲ့ သစ္စာတရား၊ အရှိတရားတွေကို မြင်အောင်ကြည့်။ မိမိယုံကြည်ချက်ကို မိမိကိုယ်တိုင်တည်ဆောက်။ ဒါမှသာ ငြိမ်းချမ်းရေးကို တည်ဆောက်သူ(မွတ်စလင်မ်)ဖြစ်မယ်တဲ့။ တမန်တော်မြတ် လို မုတ်ဆိတ်ထားရုံ၊ တမန်တော်မြတ်ဝတ်သလို ၀တ်စားဆင်ယင်ရုံ၊ ရေကိုထိုင်သောက်တတ်ရုံ၊ လူတွေ့ရင် စလာမ်ပေးတတ်ရုံနဲ့ မွတ်စလင်မ်မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က မွတ်စလင်မ်ဖြစ်အောင်ကို မနည်းကြိုးစားနေကြရတာ၊ အလ္လာဟ်ကလူသားတွေ မွတ်စလင်မ်ဖြစ်ရုံမှာ ကျေနပ်မနေနဲ့။ ငြိမ်းချမ်းသူ (မုအ်မင်) ဖြစ်အောင် ကြိုးပမ်းပါလို့လဲ တိုက်တွန်းပါတယ်။ (၄၉း၁၇)မှာပါ။
`လူအများက ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးကြိုးပမ်းသူ မွတ်စလင်မ်များဖြစ်ပြီဟု သင်တမန်တော်အား နှစ်သိမ့်နေကြ၏။ သင်တို့သည် ငြိမ်းချမ်းရေးကြိုးပမ်းသူ (မွတ်စလင်မ်)ဖြစ်ရုံဖြင့် ကျေနပ်မနေကြလင့်။ အကယ်၍ အသင်တို့သာ ရိုးသားဖြောင့်မတ် သူများ ဖြစ်ကြလျှင် သင်တို့ကို ငြိမ်းချမ်းသူ(မုအ်မင်)များဖြစ်စေ၍ အလ္လာဟ်သည် ကျေနပ်နှစ်သိမ့်နေလိမ့်မည်။´
ဘာလို့ ကျွန်တော်တို့ မငြိမ်းချမ်းကြတာလဲ။ ရှင်းပါတယ်။ မရိုးသားကြလို့ပါ။ ငါဟာ ငြိမ်းချမ်းရေးတည် ဆောက်သူပါလို့ ကိုယ့်ကိုယ်ကို လိမ်တယ်။ ပတ်ဝန်းကျင်ကို လိမ်တယ်။ ကလိန်ကကျစ်တွေလုပ်နေကြလို့။ ငြိမ်းချမ်းရေး မရတာပါ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို လိမ်လို့ရကောင်းရမယ် အလ္လာဟ် ကို၊ အရာရာကို အကြွင်းမဲ့သိနေတော်မူသော အရှင်ကိုတော့ လိမ်လို့မရဘူး။ လို့ ကုရ်အာန်မှာ သတိပေးထားပါတယ်။
`အလ္လာဟ်အရှင်မြတ်ဟာ ကမ္ဘာဂြိုဟ်နှင့် စကြ၀ဠာရှိ စက္ခုလွန်များကို သိရှိတော်မူသောအရှင်၊ လူသားတို့ပြမူသမျှကို အကြွင်းမဲ့သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။´ (၄၉း၁၈)
အမှန်ကတော့ လူဆိုတာ ငါဟာငြိမ်းချမ်းရေးဝါဒီဖြစ်ပြီလို့ ကိုယ့်ကိုယ်ကို အထင်ရောက်နေပေမဲ့လည်း နှလုံးသားထဲမှာ ငြိမ်းချမ်းရေးမရှိသေးတဲ့ ကန္တာရပျော် အာရဗ်တွေလို လူမျိုးတွေက ဒုနဲ့ဒေးပါ။ ငြိမ်းချမ်းရေးကို ကိုယ်တိုင် လိုလားမှသာ အသိုင်းအ၀ိုင်းတစ်ခုလုံး သုခဘုံမှာ နေခွင့်ရမှာဖြစ်ပါတယ်။
ကုရ်အာန်မှာ ဒီလိုဖိတ်ခေါ်ထားပါတယ်။ ` အို ငြိမ်းချမ်းမှုအတိပြီးသော စိတ်ဝိဥာဉ် သစ္စာတရားကို ကျေနပ် စွာ ကျင့်သုံးလိုက်နာသူအဖြစ် ပြုစုပျိုးထောင်ရှင်၏ နှစ်သက်မှုကို ရယူလျက် နာခံတော်တို့၏ အသိုင်းအ၀ိုင်း နှင့်အတူ သုခဘုံသို့ဝင်ရောက်စံမြန်းပါလေ။´ ကုရ်အာန်ကဏ္ဍ(၈၉)ရဲ့ နောက်ဆုံးမုက္ခပါဌ်တော် (၄)ခုပါ။(၈၉း၂၇-၃၀)
အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို တည်ဆောက်ဖို့ မိမိနှလုံးသားထဲ ငြိမ်းချမ်းရေးရောက်အောင် ကြိုးပမ်းရမယ်။ ဒါက မွတ်စလင်မ်အဆင့်၊ အဲဒီအဆင့်မှာ ရိုးသားဖြောင့်မတ်ရမယ်။ ဒါမှသာ တကယ့်ကို ငြိမ်းချမ်းမှာ၊ ငြိမ်းချမ်းမှ မုအ်မင်ဖြစ်မှာ။ မုအ်မင်ဖြစ်ပြီဆိုရင် မိမိကိုယ်တိုင်လည်း ငြိမ်းချမ်း၊ မိသားစုလည်း ငြိမ်းချမ်းမယ်။ မိသားစုတွေ ငြိမ်းချမ်းမှ မြို့၊ ရွာ၊ ရပ်ကွက်၊ နိုင်ငံ —– နိုင်ငံတွေငြိမ်းချမ်းမှ ကမ္ဘာကြီးငြိမ်းချမ်းမယ်။ ဒါဟာ တမန်တော်မြတ်ကိုယ်တိုင် ပုံဖော်ခဲ့တဲ့ (အစ္စလာမ်) ငြိမ်းချမ်းရေး လမ်းစဉ်ပါ။ ငြိမ်းချမ်းဖို့ အလ္လာဟ်နဲ့ တမန်တော်မြတ်ကြီးက အတင်းအကြပ်လုပ်ပေးမှာ မဟုတ်ဘူး။ မိမိကိုယ်တိုင် မျက်စေ့ကိုဖွင့်၊ နားကိုစွင့်ပြီး အရှိတရားကို ကြည့်တတ်မြင်တတ် လက်ခံကျင့်သုံးတတ်မှ မိမိနဲ့အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဆိုတဲ့ အကြောင်းတင်ပြရင်း ဒီနေရာမှာ ရပ်နားလိုက်ပါတယ်။