“မတ်စ်ဂျီးဒ်” ကျောင်းတော်၏ အခန်းကဏ္ဍ (အပိုင်း-၂) မုဖ်သီ ဦးသန်းအောင် (LL.B)
“မတ်စ်ဂျီးဒ်” ကျောင်းတော်၏ အခန်းကဏ္ဍ (အပိုင်း-၂)
မုဖ်သီ ဦးသန်းအောင် (LL.B)
ပြီးခဲ့တဲ့ ကျွန်တော်တာဝန်ကျတဲ့ သြဂုတ်လ ၅ ရက်နေ့မှာ `မတ်စ်ဂျီးဒ်´ကျောင်းတော်၏အခန်းကဏ္ဍ အပိုင်း (၁) ကို ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့တင်ပြခဲ့မှုမှာ မစ်ဂျီးဒ်ဆိုတဲ့ စကားလုံးဖြစ်ပေါ်လာ မယ့် (စူဂျူးဒ်)ဦးညွှတ်နှိမ့်ချခြင်း၊ ကျိုးနွံနာခံခြင်းဆိုတဲ့ အနေအထားကနေ မတ်စ်ဂျီးဒ်ဆိုတဲ့ ပုံစံပြောင်းလဲလာတဲ့ အနေအထားအရ ဦးညွှတ်နှိမ့်ချတဲ့အချိန် နေရာပြပုဒ်ဆိုတာကိုလည်း ကျွန်တော်တင်ပြခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ မတ်စ်ဂျီးဒ်ဆိုတဲ့ကျောင်းတော်တွေဟာ လူသားတွေပိုင်တာမဟုတ်ပဲနဲ့ မတ်စ်ဂျီးဒ်ကျောင်းတော်အားလုံးဟာ အလ္လာဟ်ပိုင်ဖြစ်တဲ့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်အမိန့်ပြဌာန်းချက် သန့်သန့်လေးကိုသာ၊ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းစဉ်ဒီးန် အစ္စလာမ်ဘက်ကိုသာ၊ အဲဒီမတ်စ်ဂျီးဒ်ကျောင်းတော်တွေက ဖိတ်ခေါ်ဒအ်ဝသ် လုပ်ရမယ်ဆိုတဲ့ အကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန်ရဲ့လမ်းညွှန်ပြဌာန်းချက် စူရာဟ် ၇၂း၁၈ ကို ကိုးကားပြီး ကျွန်တော်တင်ပြခဲ့ပါတယ်။
ပြီးတဲ့နောက်မှာ အဲဒီမတ်စ်ဂျီးဒ်ကျောင်းတော်တွေကို လူသားဖြစ်တဲ့အမျိုးသား၊ အမျိုးသမီး၊ လူငယ်လူရွယ်၊ ကလေး သူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကျန်းမာရေးချို့တဲ့သူ အစရှိတဲ့လူသားအားလုံးအတွက် အဲဒီမတ်စ်ဂျီးဒ်ကျောင်းတော်တွေဟာ သူတို့ဘ၀တွေ လူတစ်လုံးသူတစ်လုံး ငြိမ်းအေးစွာ ပရိရေသန ၀မ်းစာရှာမှီးပြီး အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန် မိန့်ကြားချက်(ကုရ်အာန်)ကို ဦးလည်မသုန်သက်ဝင်ယုံကြည် လိုက်နာကျင့်သုံးဖို့ သင်ကြားပေးနေတဲ့ကျောင်းတွေ ဖြစ်တဲ့အတွက် အဲဒီမတ်စ်ဂျီးဒ်ကျောင်းတော်တွေကို လာရောက်ခြင်းကနေ တားဆီးပိတ်ပင်ဟန့်တားတဲ့လူတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ သတ်မှတ်ပြဌာန်းချက်အရ အင်မတန်ဘဲ ဆိုးသွမ်းမိုက်မဲတဲ့ ဇွာလင်မ်တွေဖြစ်တယ် ဆိုတဲ့ အကြောင်းကို ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၁၄ ကို အကိုးအကားပြုပြီးတော့ ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။
တစ်ခါ အဲဒီမတ်စ်ဂျီးဒ်ကျောင်းတော်တွေကို ဘယ်လိုမျိုးလူတွေကဘဲ စည်ကားသိုက်မြိုက်အောင် လုပ်နိုင်ပြီး လူနဲ့လူ့ပတ်ဝန်းကျင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ကျဉ်းပေးနိုင်မလဲဆိုတဲ့ အခန်းကဏ္ဍကို တင်ပြခဲ့ ပါတယ်။ အဲဒီအခါမှာ ရှရီက်အလ္လာဟ်အရှင်မြတ်ကို တစ်စုံတစ်ရာနဲ့ တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ် ယုံကြည် အားထားတဲ့လမ်းကြောင်း၊ ကုဖ်ရ်လို့ခေါ်တဲ့ အမှန်သစ္စာတရားကို ငြင်းဆန်ဖုံးကွယ်ခြင်းပြုနေတဲ့လမ်းကြောင်းနဲ့ မတ်စ်ဂျီးဒ်ကျောင်းတော်တွေကို စည်ကားသိုက်မြိုက်အောင်လုပ်လို့ မရဘူးဆိုတဲ့အကြောင်းကိုလည်း ကျမ်းမြတ် ကုရ်အာန်ရဲ့ စူရာဟ် ၉း၁၇ နဲ့ ၉း၁၈ ကို အကိုးအကားပြပြီး ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အခုဆက်လက်တင်ပြမယ့် အပိုင်းကတော့ လူတွေထဲမှာ လူတွေရှိနေကြပါတယ်။ အဲဒီလူတွေထဲက လူတွေဟာ လူတွေရဲ့အကျိုးစီးပွားကို ကောင်းမွန်တော်တည့်မှန်ကန်အောင် ဆောင်ကျဉ်းနေတဲ့လူတွေရှိသလို အဖျက်သမားလုပ်ရပ်ကို ကျူးလွန်ဖို့ကြိုးစားနေတဲ့၊ ကျူးလွန်နေကြတဲ့ လူတွေလည်း ရှိတတ်ပါတယ်။ အဲဒီအတွက် မတ်စ်ဂျီးဒ်ဆိုတဲ့ ကျောင်းတော်တွေက မလုပ်ရမဲ့၊ မလုပ်စေချင်တဲ့ကိစ္စတွေကို ဖော်ပြထားတယ်လို့ ကျွန်တော်လေ့လာမှတ်သားမိပါတယ်။ ဒီအာယသ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သမိုင်းမှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) သက်တော်ထင်ရှားရှိစဉ်အခါမှာ မယုံကြည်သွေဖည်ငြင်းပယ် တဲ့ လူတွေက ခိုင်ဘရ်ဆိုတဲ့ အရပ်ဒေသတစ်ခုမှာ မတ်စ်ဂျီးဒ်တစ်ဆောင် ဆောက်လုပ်ပြီးတော့ အခုလုပ်ရပ်တွေ လုပ်နေပါတယ်လို့ ကျမ်းမြတ်ကုရ်အာန် စူရာဟ ၉း၁၀၇ရဲ့ ဖွင့်ဆိုရှင်းလင်းချက်မှာ ဖော်ပြထားပါတယ်။ ကျွန်တော်ရဲ့ လေ့လာတွေ့ရှိမှုအရတော့ အဲဒီလောက်(ခိုင်ဘရ်)ကိစ္စလောက် မဟုတ်ဘဲနဲ့ အခုလက်ရှိရော၊ နောင် အနာဂါတ်ကာလမှာရော ဒီလိုလုပ်ရပ်တွေလုပ်မယ့်လူတွေရှိနိုင်တယ်။ အဲဒါကို မလုပ်စေချင်လို့ အလ္လာဟ်အရှင် မြတ်က ကြိုတင်အသိပေး၊ သတိပေးလမ်းညွှန်ထားတာလို့ ကျွန်တော်ယူဆမိပါတယ်။
ဘာသာပြန်ကိုတင်ပြရရင်
`ဒါ့အပြင် အဲဒီလို လူတွေလည်းရှိကြလေတယ်။ တစ်ချို့က မွတ်ဆလင်မ်မဟုတ်သူအဖြစ် ပေါ်ပေါ်ထင် ထင် ရပ်တည်ကြတယ်။ အချို့က မွတ်ဆလင်မ်မုအ်မင်န်လို့ မိမိတို့ကိုယ့်ကိုယ်ကိုဟန်ဆောင် အယောင်ဆောင်ကာ ရပ်တည်ကြတယ်။ အဲဒီလို ရပ်တည်ပြီးတော့ မတ်စ်ဂျီးဒ်ကျောင်းတော်ကို အောက်ပါလုပ်ရပ်များ ကျူးလွန်ဆောင် ရွက်ရန် တည်ဆောက်ထားကြတယ်။
– အလ္လာဟ်အရှင်မြတ်၏ သစ္စာတရားလမ်းစဉ်ကို ပုံဖော်သူတို့အား ပျက်စီးဆုံးရှုံးစေရေး
– အမှန်သစ္စာတရားကို သွေဖည်ငြင်းဆန်၊ ဆန့်ကျင်ဖုံးကွယ်မှုပြုရေး၊
– မုအ်မင်န် သက်ဝင်ယုံကြည်သူများအကြား စိတ်ဝမ်းကွဲပြားရေး၊ အုပ်စုသင်းပင်းကွဲပြားရေးတို့အတွက် ယခင်က အလ္လာဟ်နှင့် အလ္လာဟ်ရစူလ်တမန်တော်တို့အား ဆန့်ကျင်ပုန်ကန်တိုက်ခိုက်ခဲ့ကြသောသူတွေ စောင့်မျှော်ကြည့်ရှုရာ ကင်းထောက်စခန်းအဖြစ် ဆောင်ရွက်ရန် မတ်စ်ဂျီးဒ်ကျောင်းတော်တစ်ဆောင် ပြုလုပ်ရယူခဲ့ကြသည်။
၎င်းနောက် သူတို့က ကျွန်ုပ်တို့သည် မွန်မြတ်သောစိတ်ဓါတ်ထားတာကလွဲလို့ ဘာမျှမရည်ရွယ်ပါ။´ ဟု ကျိန်ဆို၍ပင် ပြောကြပါသည်။ ဧကန်စင်စစ် ၎င်းတို့သည် မုသား၊ လိမ်လည်ထွက်ဆိုကြသူများဖြစ်ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် အသိသက်သေဖြစ်စေတော်မူသည်။´(၉း၁၀၇)
လူတွေထဲက လူတွေအချို့စောစောကတင်ပြခဲ့တဲ့ အလုပ်(၄)ခုလုပ်ဖို့ မတ်စ်ဂျီးဒ်ကို တည်ဆောက်ပြီး ကြံစည် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တစ်ခုချင်း ပြန်ရှင်းပြပါမယ်။ (၀လ်လဇီးနသ် သခဇူ မတ်စ်ဂျေဒန်) မတ်စ် ဂျီးဒ်တစ်ဆောင်ကို၊ ဒီနေရာမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ရွှေဥာဏ်တော်စူးရောက်မှုကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ မတ်စ်ဂျီးဒ်လို့ဖော်ပြတဲ့ အခုလိုအချိန်နဲ့၊ မတ်စ်ဂျီးဒ်ဒူလ်ဟရမ်လို့ဖော်ပြတဲ့အခါ အလီဖ်၊ လာမ်(အလ်) တိကျတဲ့ အဓိပ္ပါယ်နဲ့ ဖော်ပြထားပေမယ့် ယခုအာယသ်ဖော်ညွှန်းတဲ့အခါမှာ မတ်စ်ဂျီးဒ်ဆိုပြီးတော့ မတိကျတဲ့ မတ်စ်ဂျီးဒ်တစ်ဆောင်လို့ပဲ ယေဘူယျသဘော ဖော်ဆောင်တာကို တွေ့ရပါတယ်။
အခုခေတ်မှာ ဒီအလုပ်ကို မတ်စ်ဂျီးဒ်တစ်ခုလုပ်နေရင် အဲဒီမတ်စ်ဂျီးဒ်က အခုလုပ်ရပ် လုပ်နေရာကနေ သူတို့ ကိုယ်သူတို့ သောင်ဗာဟ်လုပ်ပြီး ပြန်လှည့်ဖို့လိုပါလိမ့်မယ်။ ဒါဟာ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းညွှန်မိန့်ကြားချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာလုပ်နေရင်လည်း ကျွန်တော်တို့မှားပါတယ်။ ကျွန်တော်တို့ပြန်ပြင်ရမယ်၊ သောင် ဗာဟ်လုပ်ရမယ်။ အဲဒီလုပ်ရပ်တွေက
(၁) ဒွီရားရ် – အဲဒီပုဒ်က ဒွါးရ်ရွန်း၊ ဒွရ်ရွန် ကျိုးယုတ်ထိခိုက်နစ်နာစေခြင်း။ ရုပ်၊ နာမ်၊ လူတွေရဲ့ ကိုယ်ရည်ကိုယ် သွေးနဲ့ စိတ်နေစိတ်ထား၊ အနေအထားတွေကိုရော ပျက်စီးဆုံးရှုံးစေမယ့် လုပ်ရပ်လုပ်မယ့်လူတွေရဲ့ အနေအထား ကို ဖော်ညွှန်းထားပါတယ်။ အဲဒီ ဒွီရားရ်မှာ ဘာပါသလဲဆိုရင် `သူ့ကို ငါဖျက်၊ ငါလျှင်ပျက်၏´ဆိုတဲ့ ထုံးနဲ့အတူ သူများကို ဖျက်ဖို့ကြံစည်နေရင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း အကျိုးပျက်စီးမှု၊ ကျိုးယုတ်ထိခိုက်နစ်နာစေမှုကို ကျူးလွန် မိလျက်သား ဖြစ်နေကြပါတယ်။ ပြီးတော့ လူတစ်ဦး၊ လူ့အဖွဲ့အစည်းတစ်ခု၊ လူသားများ၏ ကိုယ်၊ စိတ်၊ နှလုံးသုံးပါး အပါအ၀င် တည်ငြိမ်အေးချမ်းဘေးကင်း လုံခြုံမှုပျက်ပြားစေခြင်း၊ ကျိုးယုတ်ထိခိုက်နစ်နာစေခြင်း လုပ်ရပ်ကို ကျူးလွန်ခြင်းအနေအထားကို ဒွါရ်ရွန်၊ ဒွရ်ရွန်လို့ခေါ်ပါတယ်။ အဲဒီကနေ ပုံပြောင်းလာတဲ့အခါမှာ ဒွေရာရ်ဆိုတဲ့ အနေအထားရောက်လာပါတယ်။ အဲဒီတော့ လွယ်လွယ်လေးမှတ်ထားရင် ငြိမ်းချမ်ရေးအခြေအနေပျက်သွား အောင်လုပ်လိုက်မယ်။ လူတွေရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ အခြေအနေကနေ ပျက်ယွင်းသွားအောင် လုပ်ပြီဆိုရင် အဲဒီလုပ်ရပ်လုပ်ခြင်းဟာ ဒွီရားရ်လို့ အဓိပ္ပါယ်ရပါတယ်။
(၂) ကုဖ်ရန် – ကုဖ်ရွန် ဆိုရင် ကျွန်တော်တို့သိပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က သွေဖည်ခြင်း၊ ငြင်းဆန်ခြင်း၊ ဖုံးကွယ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကနေတဆင့်တက်ရင် အမှန်သစ္စာတရားကို သွေဖည်၊ ငြင်းဆန်၊ ဆန့်ကျင် ရန် ဖုံးကွယ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နောက်အဓိပ္ပါယ်တစ်ခုက ကျေးဇူးကန်းခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ နောက် တားဆီးပိတ်ဆို့ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ သူ့ရဲ့ဆန့်ကျင်ဖက်က သက်ဝင်ယုံကြည်ခြင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် သက်ဝင်ယုံကြည်နေတဲ့လူတွေ၊ စိတ်ချနေတဲ့လူတွေ ယုံကြည်စိတ်ချစွာရှိနေတဲ့ အခြေအနေ ကင်းဝေးသွားအောင်လုပ်တဲ့ လုပ်ရပ်ကို ကုဖ်ရန်န်လို့ ခေါ်ပါတယ်။
မတ်စ်ဂျီးဒ်ဆိုတဲ့ ကျောင်းတော်ရဲ့အခန်းကဏ္ဍဟာ အခုန လူနဲ့လူ့ပတ်ဝန်းကျင်ပျက်စီးထိခိုက်နစ်နာ ဆုံးရှုံးစေ မယ့် လုပ်ရပ်တွေလုပ်ဖို့ တည်ထောင်ထားတဲ့နေရာ လုံးဝမဖြစ်ရဘူး။ ပြီးတော့ အလ္လာဟ့်ဥပဒေလမ်းညွှန်ပြဌာန်း ချက်ကို သွေဖီငြင်းဆန် ဆန့်ကျင်ဖုံးကွယ်မယ့် အလ္လာဟ့်ကျေးဇူးကန်းမယ့် လုပ်ရပ်ကို တိုက်တွန်းမယ်။ အလ္လာဟ် အရှင်မြတ်ရဲ့ ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို တိကျစွာလိုက်နာကျင့်သုံးခြင်းမှ ပိတ်ဆို့တားဆီးမယ်ဆိုတဲ့ လုပ်ရပ် တွေ (ကုဖ်ရ်)ဆိုတဲ့လုပ်ရပ်လုပ်ဖို့ အားပေးထောက်ခံခြင်း ဘယ်တော့မှမလုပ်ရဘူး။
ဘာတွေကို သင်ကြားပေးရမလဲဆိုရင် လူတွေဟာ အမှန်သစ္စာတရားဖြစ်တဲ့ အလ္လာဟ်ကျမ်းဂန်ကုရ်အာန်ပါ ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို စောဒကမဲ့၊ သံသယမဲ့၊ သက်ဝင်ယုံကြည်စိတ်ချမှု ရရှိစေရေးလုပ်ငန်းကို သင်ပေးရမှာဖြစ်ပါတယ်။ ပြီးတော့ လူတိုင်း မှာ အလ္လာဟ်ကျေးဇူးရှိတဲ့အတိုင်း အလ္လာဟ်ကျေးဇူးသိတတ်စေရေး အနေအထားကို သင်ကြားပေးရမယ်။ အဲဒီ ကနေတဆင့် အလ္လာဟ်ပြဌာန်းထားတဲ့ ဥပဒေလမ်းညွှန်ချက်နဲ့အညီ လူလူချင်းမှာရှိတဲ့ ကျေးဇူးကိုသိတတ်တဲ့ စိတ်နေစိတ်ထားပိုင်ရှင်တွေဖြစ်ဖို့ သင်ကြားပေးတဲ့ နေရာဖြစ်ရပါမယ်။ ပြီးတော့ လူနဲ့လူ့အဖွဲ့အစည်းကြီး ဖွံ့ဖြိုးတိုး တက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ ဘေးကင်းလုံခြုံရေးဆိုတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်လိုစိတ်ပြင်းပြလာအောင် သွန်သင်ပေးရမယ့် နေရာထိုင်ခင်းတွေဘဲဖြစ်သင့်ပါတယ်။
(၃) သဖ်ရစ်က် – သဖ်ရစ်က်ဆိုတာက စိတ်ဝမ်းကွဲပြားခြင်း၊ သွေးကွဲခြင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲခြင်း၊ အဲဒါ သဖ်ရစ်က်။ မူလသဘောထားကွဲလွဲခြင်းကနေ အုပ်စုသင်းပင်းတွေ ကွဲပြားလာခြင်းဟာလည်း သဖ်ရစ်က်ထဲမှာ ပါပါ တယ်။ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်စေအောင် လုပ်လိုက်တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတွေကြားမှာ လူ့အဖွဲ့အစည်းဝင်တွေ အချင်းချင်းကြားမှာ ရန်ငြိုး၊ ရန်စ၊ အာဃာတတွေတိုးလာအောင် လုပ်တာ။ ရန်လိုမုန်းတီးမှု တွေကြောင့် အုပ်စုဂိုဏ်းဂဏတွေဖြစ်ပြီး၊ သဘောကွဲလွဲမှုဖြစ်နေတာဟာ သဖ်ရစ်က်ပဲဖြစ်ပါတယ်။ မတ်စ်ဂျီးဒ် ကျောင်းတော်ဟာ သေသေချာချာကြည့်ရင် မေတ္တာတရားထွန်းကားပြန့်ပွားရေးနဲ့ စည်းလုံးညီညွတ်မှုရှိရေးတို့ကို ရှေ့ဆောင်လမ်းပြနေရတဲ့ နေရာဘဲဖြစ်ပါ တယ်။ အဲဒီလို ဒွီရာရ်ရယ်၊ ကုဖ်ရွန်န်ရယ်၊ သဖ်ရစ်က်ရယ် လုပ်ရပ်လုပ်ရင်းနဲ့ အလ္လာဟ်နဲ့အလ္လာဟ့်ရစူလ် တမန် တော်မြတ်တို့ကို ပုန်ကန်၊ သောင်းကျန်းထကြွ တိုက်ခိုက်တဲ့လူတွေက မုအ်မင်န်သက်ဝင်ယုံကြည်သူတွေကို ဒုက္ခပေးဖို့အတွက်
(၄) အီရ်ဆွာဒါန် ဆိုတဲ့ ပုန်းခိုရာ၊ ခိုအောင်းရာ၊ ကင်းထောက်စခန်း၊ ပုန်ကန်ခြားနာခြင်းပြုရာ စောင့်မျှော်ကြည့် ရှုရာ အရပ်အဖြစ် မတ်စ်ဂျီးဒ်တွေကို ပြုလုပ်ကြတယ်။ သူတို့ပြုလုပ်ကြတယ်လို့ ပြောခြင်းဟာ ကျွန်တော်တို့ကို မလုပ်နဲ့လို့ပြောတာ။ လူနဲ့လူ့ပတ်ဝန်းကျင် ပျက်စီးရာပျက်စီးကြောင်း ကြံစည်ပြုလုပ်ဆောင်ရွက်သူတို့၏ ကင်းထောက်စခန်းအဖြစ် မတ်စ်ဂျီးဒ်ကျောင်းတော်တွေကို မည်သည့်အခါမှ ပြုလုပ်ဆောင်ရွက်ရန် မုအ်မင်န်တို့တွင် တာဝန်မရှိပါ။ ဘာပဲလုပ်ရမလဲဆိုရင် ပညာပြည့်ဝနှလုံးလှပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်တဲ့ အရပ်ဒေသအဖြစ်၊ ဌာန အဖြစ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လူတွေဆိုတော့ မှားနေတာကို မှားတယ်လို့ဝန်မခံကြဘူး။ ကျွန်တော်တို့က လုပ်ခဲ့ပေမယ့် မှားသွားတာကလေ စေတနာအမှားလေးပါ။ မုသားပြောတဲ့လူကလည်း လိမ်တာကို လိမ်တယ်လို့ ၀န်မခံဘူး။ (ဒါကလေ မုသားဖြူပါ) မုသားကိုပါ မုသားဖြူလို့ပြောပြီး အရောင်ဆိုးလိုက်ကြတယ်။ လူတွေဟာ မှားတာကို မှားတယ်လို့ပြောရမယ့်အစား သူတို့စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင် လူသားအကျိုးပြုလုပ်ငန်းဆောင်ရွက်သူတွေအဖြစ် ကျန်လူတွေကို ယုံမှတ်မှားစေတယ်။ တစ်ချို့လူတွေက ပျက်စီးမှုလုပ်လိုက်ပြီ။
ဒါပေမယ့် လူတွေကို ပြောတာက (ကျွန်တော်တို့က ကောင်းဖို့လုပ်လိုက်တာ) လို့ပြောတယ်။ အလ္လာဟ်က ကုရ်အာန်မှာ ဖော်ပြတာက ကျွန်ုပ်တို့သည် မွန်မြတ်သောစိတ်ထား ထားတာကလွဲလို့ ဘာတစ်ခုမျှ ရည်ရွယ်ချက် မရှိပါလို့) ကျိန်ဆိုပြီးပြောကြတယ်။ တကယ်တော့ ၎င်းတို့သည် မုသားလိမ်လည်ထွက်ဆိုကြသူများသာ ဖြစ်ကြ သည်ကို အလ္လာဟ်အရှင်မြတ်သည် အသိသက်သေအဖြစ် လုံလောက်တော်မူသည်လို့ ဖော်ပြထားပါတယ်။ အဲဒီလို အလ္လာဟ်က မဖြစ်စေချင်သလို ဘယ်လိုမျိုးဖြစ်စေချင်တယ်ဆိုတာကိုလည်း စူရာဟ် ၉း၁၀၈ မှာ သင်ပေးထားပါ တယ်။
`(အို -တမန်တော်) အသင်သည် ထိုမတ်စ်ဂျီးဒ်ကျောင်းတော်၌ ရပ်တည်အခြေချခြင်း၊ အလျင်းမပြုလေနှင့်။ မတ်စ်ဂျီးဒ်ကျောင်းတော် ဗဟိုဌာန Centre ဆိုသည်မှာ ပထမဦးဆုံး စတင်တည်ဆောက်သည့်နေ့မှ သက္က၀ါတရား၊ (အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်အတိုင်း တိတိကျကျလိုက်နာပုံဖော်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက်) အပေါ် အုတ်မြစ်ချတည်ဆောက်ထားပြီးဖြစ်သော ကျောင်းတော်ဖြစ်ရမည်။ ထိုကျောင်းတော်မှာသာ အသင် တမန် တော်သည် ပိုပြီး ရပ်တည်ထိုက်ပေသည်။ ထိုကျောင်းတော်တွင် စင်ကြယ်သန့်ရှင်း အပြစ်ကင်းမှုကို လိုလားသူ၊ အရှုပ်အထွေး၊ အရောအနှော၊ ဂိုဏ်းဂဏကွဲပြားမှုနှင့် ပျက်စီးဖွယ်ရာများမှ လွတ်ကင်းစေလိုသူများ ရှိကြပြီးဖြစ် သည်။ ဧကန်မုချ အလ္လာဟ်သည် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံး စင်ကြယ်၊ သန့်ရှင်းအပြစ်ကင်းစင်၊ သန့်ရှင်းစင် ကြယ်သူများကို ချစ်ခင်၊ နှစ်သက်မြတ်နိုးတော်မူသည်။´ (၉း၁၀၈)
တမန်တော် သက်ရှိထင်ရှားရှိနေစဉ်မှာ အလ္လာဟ်အရှင်မြတ်က အထက်ကအဖျက်လုပ်ရပ် ၄ မျိုးလုပ်နေတဲ့ မတ်စ်ဂျီးဒ်မှာ အသင်ဘယ်တော့မှ နောက်သွားမရပ်နဲ့လို့ တားမြစ်ထားခြင်းဖြစ်တယ်။ ဒီအာယသ်ကို စဉ်းစားတွေး ခေါ်ကြည့်တော့ တမန်တော်ဟာ တစ်ခေါက်တစ်ခါလောက်တော့ သွားရပ်ခဲ့ကောင်းရပ်ခဲ့မယ်လို့ ထင်ပါတယ်။ ဆိုလိုတာက အဖျက်သမားတွေနဲ့ မပေါင်းနဲ့လို့ပြောတာ။ ကုဖ်ရ် လုပ်နေတဲ့ လူတွေနဲ့မပေါင်းနဲ့လို့ပြောတာ။ သဖ်ရစ်က်လုပ်နေတဲ့ လူတွေနဲ့မပေါင်းနဲ့။ အလ္လာဟ်နဲ့ အလ္လာဟ့်ရစူလ်ကိုပုန်ကန်ထကြွသောင်းကျန်းဖို့ ကြိုးစားလုပ် ဆောင်နေတဲ့ လူတွေနဲ့ မပေါင်းနဲ့။ အဲဒီလို မတ်စ်ဂျီးဒ်မျိုးကို မသွားနဲ့။ `အို တမန်တော် အသင်သည် ထို မတ်စ်ဂျီးဒ် ကျောင်းတော်၌ ရပ်တည်အခြေချခြင်း အလျင်းမပြုပါလေနှင့်။´
မတ်စ်ဂျီးဒ်က ဘယ်လိုမျိုးဖြစ်သင့်သလဲဆိုတာကိုပါ အလ္လာဟ်က သင်ပေးတယ်။ ဘယ်လိုမတ်စ်ဂျီးဒ်မျိုးမှာပဲ အခြေချရပ်တည်သင့်သလဲဆိုတာကိုလည်း အလ္လာဟ်ကသင်ပေးပါတယ်။ အဲဒီမတ်စ်ဂျီးဒ်ကို စတင်အုတ်မြစ်ချတဲ့ Foundation ဆိုတဲ့ အခြေအနေမှာကတည်းက သက္က၀ါပေါ်မှာ အခြေခံပြီးသားဖြစ်ရမယ်။ အဲဒီသက္က၀ါပေါ်မှာ အခြေ ခံတဲ့ မတ်စ်ဂျီးဒ်မှာဘဲ အသင်တမန်တော် ရပ်တည်သင့်ပါတယ်လို့ ကိုယ်တော်ကို အလ္လာဟ်အရှင်မြတ်က မိန့်တော် မူပါတယ်။ အဲဒီလို ကျောင်းတော်မှာ စင်ကြယ်သန့်ရှင်း၊ အပြစ်ကင်းစင်မှုကို လိုလားသူတွေ၊ အရှုတ်အထွေး ဂိုဏ်းဂဏကွဲပြားမှုနှင့် ပျက်စီးဖွယ်ရာများမှာ လွတ်ကင်းစေလိုသူတွေရှိကြပြီးဖြစ်ပါတယ်။
`ဧကန်အမှန်ပင် အလ္လာဟ်အရှင်သည် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံး သန့်ရှင်းစင်ကြယ်အပြစ်ကင်းသူများကို ချစ်ခင်နှစ်သက်မြတ်နိုးတော်မူတယ်လို့ ဖော်ပြပါတယ်။ ဒီအာယသ်မှာပါတဲ့ အချက်များကို ရှေ့မှာပါတဲ့ အချက်(၄) ချက်နဲ့ နှိုင်းယှဉ်ဖော်ပြသွားပါမယ်။ ပထမဦးဆုံးက သက္က၀ါပါ။ မတ်စ်ဂျီးဒ်ကို အခြေခံ Foundation စတင်ကတည်း က သက္က၀ါပေါ်မှာသာ အခြေခံရမယ်လို့ပြောပါတယ်။ စောစောက အချက်(၄)ချက်ဖြစ်တဲ့ ဒွီရာရ်၊ ကုဖ်ရွန်၊ သဖ်ရစ်က် အီရ်ဆွာဒ် အလ္လာဟ်နဲ့အလ္လာဟ့်ရစူလ် တမန်တော်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်လမ်းစဉ်ကို သွေဖည် ငြင်းဆန်ဖို့၊ ပုန်ကန်ထကြွဖို့ ကင်းထောက်စခန်းအဖြစ် ပြုလုပ်တဲ့ မတ်စ်ဂျီးဒ်ရှိတယ်။ အဲဒီလို မတ်စ်ဂျီးဒ်မျိုးကို ကိုယ်တော်မြတ် မုဟမ္မဒ်(ဆွ)ကိုတောင် (အသင်အဲဒီလို မတ်စ်ဂျီးဒ်မျိုးမှာ သွားမရပ်နဲ့လို့ပြောရင် တမန်တော်ရဲ့ အွမ္မသ်သားမြေးတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း အဲဒီလို မတ်စ်ဂျီးဒ်မှာသွားရပ်ဖို့ တာဝန်မရှိဘူး။ ဘယ်လို မတ်စ်ဂျီးဒ်မျိုးမှာ ခိုင်ခိုင်မာမာရပ်တည်ရမလဲဆိုရင် သက္က၀ါပေါ်မှာ အုတ်မြစ်ချထားတဲ့ မတ်စ်ဂျီးဒ်ဖြစ်ရမယ်။ လိုရင်း တိုရှင်း ရှင်းရမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ကို မမေ့မလျော့သော သတိနဲ့ဆင်ခြင်သတိရ၊ တသနေရင်းနဲ့ အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်(ကုရ်အာန်)ကို မြေ၀ယ်မကျနာခံကာ ဦးလည်မသုန်၊ လက်တွေ့လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည်ဖော်ရင်းဖြင့် လူ့ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းကို သက္က၀ါလို့ ကျွန်တော်နားလည်မိပါတယ်။ အလ္လာဟ်ဥပဒေလမ်းညွှန်ချက်(ကုရ်အာန်)ကို လေးစားလိုက်နာခြင်းဖြင့် ကိုယ်ကျင့်သိက္ခာအရ မှန်ကန်ကောင်းမြတ်အောင် နေထိုင်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။
ပြီးတော့ သသ်ဟီးရ်ဆိုတဲ့အပိုင်း။ သွဟာရသ်မှာ သာမန်အဓိပ္ပါယ်ကြည့်ရင် သန့်ရှင်းစင်ကြယ်ခြင်းလို့ ရပါ တယ်။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး၊ မိမိရဲ့ စိတ်ဓါတ်စိတ်နေစိတ်ထား၊ ကိုယ်ကျင့်သိက္ခာ၊ အကျင့်စာရိတ္တအားလုံး ဟာ သန့်ရှင်းစင်ကြယ်အပြစ်ကင်းနေရပါလိမ့်မယ်။ အဲဒီကနေ တစ်ဆင့်တက်ရင် ယုံကြည်ချက်သန့်ရှင်းစင်ကြယ် ခြင်းရှိပါတယ်။ ကျွန်တော်တို့အားလုံး ငယ်စဉ်တောင်ကြေး ကလေးဘ၀ကတည်းက ပထမဦးဆုံး သက်ဝင်ယုံကြည် တဲ့အခါမှာ ရွတ်ဆိုလိုက်တဲ့ ကလေမာ(စကား)ဟာ ဘာလဲဆိုရင် (ကလီမာဟ် သွိုင်ရိဗာဟ်)ဖြစ်တယ်။ သန့်ရှင်း စင်ကြယ်တဲ့စကား (လားအိလားဟ အိလလ်လားဟု၊ မုဟမ္မဒ်ဒွရ် ရစူလွလ္လာဟ်)။ အဲဒါဟာ ကျွန်တော်တို့အားလုံးရဲ့ ယုံကြည်ချက်အီမာန်သက်ဝင်ယုံကြည်မှုပြုထားတယ်။ အဲဒီမှာ ကျွန်တော်တို့က သန့်ရှင်းစင်ကြယ်မှုလို့ပြောနေတဲ့ သွဟာရသ်ဆိုတာ ဟိုတုန်းက ရေတွင်းရေကန်ရေဘုံပိုင်က ရေခတ်လာပြီး အိမ်ရောက်တော့ ပုဆိုး၊ တဘက်၊ ရေစစ်အ၀တ်သန့်တစ်ခုခုနဲ့ ရေစစ်ကြတယ်။ အဲဒီရေကို ဘာဖြစ်လို့ အဲ့ဒီလိုစစ်ကြတာလဲ။ အဲဒီရေထဲမှာ အညစ်အကြေး၊ အမှိုက်သရိုက်၊ မသန့်ရှင်းတဲ့ပိုးလောက်လန်းတွေ တစ်စုံတစ်ရာမပါလာရအောင်၊ ပါလာခဲ့ရင်သန့်ရှင်းတဲ့ရေကို ရရှိမှာမဟုတ်ဘဲနဲ့ မသန့်ရှင်းသောရေကို သောက်မိမှာစိုးလို့ ရေကိုသန့်ရှင်းအောင် စစ်ရခြင်းဖြစ်တယ်။ ရေသောက် တာတောင် ကျွန်တော်တို့က စိစစ်ပြီးမှသောက်တယ်။ အခုခေတ်၊ ခေတ်မှီလာတဲ့အခါကြတော့ PH7 ရေသန့်တွေ ထွက်လာပြီ။ အခုလူတွေက အဲဒီရေသန့် ရေသန့်တိုင်း ရေသန့်မဟုတ်ဘူးဆိုတာကို သိလာကြတယ်။ တကယ့် အမှန်အကန် ရေသန့်လား။ ဒါမှမဟုတ် ရေသန့်ဘူးထဲ ဘုံပိုင်ကရေထည့်ပြီး ပတ်ကင်ပိတ်တဲ့ အင်ရေသန့်လား။
ဘာလို့လဲ။ လူရဲ့ရုပ်ပိုင်းဆိုင်ရာအတွက် အသက်တမျှအရေးကြီးသော ရေကို စိစစ်ပြီးမှ သောက်တယ်။ အဲဒီလို စနစ်တကျစိစစ်လာကြတဲ့ ကျွန်တော်တို့။ ကျွန်တော်တို့အားလုံးဘ၀နဲ့ရင်းရမယ့် အီမာန်သက်ဝင်ယုံကြည်မှုအပိုင်းနဲ့ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်အပိုင်းကို ယုံကြည်သက်ဝင် အသက်ရှင်ဘ၀တည်ဆောက်ပြီး သေဆုံးသွား ပြီးကာမှ (အို အရှင် ကျွန်တော်မျိုးအား လူ့ပြည်လောက လူ့ဘ၀ဌာနသို့ နောက်တစ်ခေါက်လောက် သွားခွင့်ပြု တော်မူပါ။ ဒါဆိုရင် ကျွန်တော်မျိုး လူ့ပြည်လောက လူ့ဌာနမှာ အလ္လာဟ်ဥပဒေလမ်းညွှန်မိန့်ကြားချက်ကို တိကျလိုက် နာကျင့်သုံး အကောင်အထည်ဖော်မှာပါလို့ ဘယ်လိုတောင်းဆိုတောင်းဆို မရတော့မယ့် အီမာန်ယုံကြည်ချက်နဲ့ ပတ်သက်တဲ့ကိစ္စကျတော့ ကျွန်တော်တို့တတွေ ဘယ်လောက်များ ရေစစ်နဲ့စိစစ်ပြိးကြပါပြီလဲ။ အဲဒါ သွာဟာရသ်။ လူတစ်ယောက်ပြောလိုက်တာနဲ့ မယုံပါနဲ့။ ဆရာတစ်ယောက် ပြောလိုက်တာနဲ့မယုံကြည်ပါနဲ့။ ကျမ်းညွှန်းမှာပါတယ် ဆိုတိုင်း မယုံပါနဲ့။ အဲဒီ ကျမ်းညွှန်းမှာတကယ်ပါလား။ သွားကြည့်ပါ။ သွဟာရသ်အဆင့်မှာ ယုံကြည်ချက်က အရမ်း အရေးကြီးပါတယ်။ ယုံကြည်ချက်မှာ အစွန်းအထင်း အနာအဆာပါသွားရင် ကျွန်တော်တစ်ယောက်ချင်းသာမက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာပါ အားလုံးနစ်နာမှာဖြစ်တယ်။
အဲဒါကြောင့် မတ်စ်ဂျီးဒ်ဆိုတာ အဲဒီလူတွေရဲ့ယုံကြည်ချက်သန့်ရှင်းစင်ကြယ် အပြစ်ကင်းစင်စေတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက် ဥပဒေ၊ စနစ်ဇယား ကျမ်းတော်မြတ်ကုရ်အာန်ကို အလ္လာဟ်ရဲ့ နောက်ဆုံးအန္တိမ တမန်တော်မြတ်(ဆွ)ရဲ့ အကောင်းဆုံးသောစံနမူနာဖြစ်တဲ့ (အွစ်ဝသွန် ဟစနာ)(တမန်တော် မြတ်က ဒီကုရ်အာန်ကို ဘယ်လိုပြသလိုက်နာကျင့်သုံး အကောင်အထည်ဖော်)ခဲ့သလဲဆိုတာကို ဒီမတ်စ်ဂျီးဒ် ကျောင်းတော်တွေက သင်ပေးရမှာဖြစ်ပါတယ်။ အဲဒီ မတ်စ်ဂျီးဒ်ကျောင်းတော်တွေမှာ လူတွေတစ်ဦးချင်းရဲ့ ယုံကြည်ချက်ပိုင်းဆိုင်ရာ သွာဟာရသ်၊ စိတ်နှလုံးသားပိုင်းဆိုင်ရာမှာရော အရောအနှောကင်းစင်ရေးအတွက်လည်း အဲဒီလူတွေကို အဲဒီမတ်စ်ဂျီးဒ်ကနေ သင်ကြားပေးနေရမှာဖြစ်ပါတယ်။
အဲဒီသွာဟာရသ်မှာ အရောအနှော ဘယ်လောက်ကင်းရသလဲဆိုရင် လူ့အတွေးအခေါ်၊ အယူအဆနှင့် ဝေးကွာ အောင် ဆောင်ရွက်ခြင်းလည်း သွဟာရသ်ဖြစ်တယ်။ စောစောကပြောတဲ့ ကျွန်တော်လေ့လာမိပါတယ်။ လေ့လာ မှတ်သားမိပါတယ်ဆိုတာဟာ အီမာန်သက်ဝင်ယုံကြည်မှုထဲမှာ မပါဘူး။ အဲဒါကျွန်တော်တို့ အမြင်ရှုထောင့်ပဲဖြစ် တယ်။ မတ်စ်ဂျီးဒ်နဲ့ပတ်သက်ပြီး နောက်ထပ်တင်ပြမယ့်အာယသ်က ကုရ်အာန် စူရာဟိ ၇း၃၁ ဖြစ်ပါတယ်။ ကုရ်အာန်ဘာသာပြန်မှာပါတာက –
`အို — အာဒမ်၏ သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလားသ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ၀တ်စားတန်ဆာကို ၀တ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို) စားသောက်ကြ လေကုန်။ သို့ရာတွင် အသင်တို့သည်(ယင်းစားသောက်ဖွယ်ရာများကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်းသော် ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။´(စူရာဟ် ၇း၃၁)
ကျွန်တော်နားလည် သဘောပေါက်တာက –
`အို အာဒမ်၏ သားမြေးအပေါင်းတို့ အသင်တို့သည် ဦးညွတ်နှိမ့်ချပျပ်ဝပ်မှုပြုချိန်တိုင်းတွင် အသင်တို့၏ အလှ တန်ဆာဆင် တင့်တယ်မှုကို စုစည်းရယူကြလေကုန်။´
ဘယ်အချိန် ဘယ်အခါဘဲဖြစ်ဖြစ် ကျွန်တော်တို့ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်ကို ကျိုးနွံနာခံ နှိမ့်ချ၊ ဦးညွတ်တဲ့ အချိန်တိုင်းဟာ (ကျွန်တော်တို့ထင်တာက မတ်စ်ဂျီးဒ်မှာ နမားဇ်ဖတ်ရင်လုပ်တဲ့ စိဂ်ျဒါဘဲထင်တာ) ကျွန်တော်တို့ အခြားအချိန်တွေမှာ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်အမိန့်ကို ကျွန်တော်တို့ ဦးညွတ်လိုက်တာရှိတယ်။ ကျွန်တော်တို့ က တီဗွီကြည့်နေရင်းနဲ့ အလ္လာဟ်ကို စိဂ်ျဒါလုပ်လိုက်တာရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီတီဗွီကို ကြည့်နေတဲ့အချိန် ဖြစ်ပျက်ပြသသွားတဲ့ ကိစ္စတစ်ခုဟာ ကိုယ့်ရဲ့နှလုံးသားထဲကနေပြီး ဒါဟာ အလ္လာဟ်အရှင်မြတ်ရဲ့ စီမံခန့်ခွဲမှု၊ အလိုတော်(မရှီယသ်)ဟာ အင်မတန်မှ စစ်မှန်တရားမျှတပါလားဆိုပြီး အလ္လာဟ်ဟုအက်ဘရ်ဆိုတဲ့ အခါရှိသလို၊ ဆွဗ်ဟာနလ္လာဟ်ဆိုတဲ့အခါရှိပြိး အလ်ဟမ်ဒုလိလ္လာဟ်ဆိုတဲ့အခါလည်း ရှိတယ်။ အလ္လာဟ်ကို ချီးမွမ်းတယ်။ ဂုဏ် ပေးတယ်။ တမ်းတသတိရတယ်။ ရင်ထဲမှာထိတယ်။
ကုရ်အာန်ဘာသာပြန်ကို မိမိနားလည်တတ်ကျွမ်းတဲ့ ဘာသာစကားနဲ့နားလည်အောင် ဖတ်လိုက်ပါ။ တစ်သက်မှာတစ်ခါဖြစ်ဖြစ်ကုရ်အာန် ဘာသာပြန်တစ်ခသမ်လုပ်ကြည့်ပါ။ လုပ်ပြီးတဲ့အချိန်မှာ လူ့ဘောင်လောက ကြီးမှာ နည်းမျိုးစုံနဲ့တွေ့နေမယ့် အကြောင်းတရားတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာတိုင်း ပေါ်လာတိုင်း နှလုံးသားထဲမှာ အလ္လာဟ်ကိုယုံတဲ့ ယုံကြည်ချက်တွေ တိုးပွားလာလိမ့်မယ်။ ဆွဗရ်နဲ့ ပတ်သက်ပြီး ၃၁.၈.၂၀၁၆ နံနက် ၁၀ နာရီ တီဗွီကြည့်တဲ့လူတွေသိတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ အခမ်းအနား၊ အဲဒီမှာ ငြိမ်းချမ်းရေးလိုချင်သူတွေဟာ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ပေးဆပ်မှု၊ စတေးမှု၊ ခွင့်လွှတ်ခြင်းတရားကိုလည်း လက်ကိုင်ထားတာကို ပြတယ်။ ဆွဗရ်ကိုလည်း ပြတယ်။ လူတွေကို ကောင်းတာ ညွှန်တာကိုလည်းပြတယ်။ လူတွေကို မကောင်းတာကနေတားမြစ်တာလည်းလုပ်တယ်။ လူ့လောကကြီး ဖွံ့ဖြိုး တိုးတက်ဖို့ကိုလည်း လုပ်တယ်။ ဟိုတုန်းက ငါခံခဲ့ရတာပဲဆိုပြီး အခုအချိန် ငါ ဆော်လို့ရပြီိဆိုပြီး မဆော်ဘူး။ ခွင့် လွှတ်ခြင်း တရား၊ မေတ္တာတရား၊ လက်ကိုင်ထားတာကိုပြတယ်။ ဒီလိုမျိုး အနေအထားတွေကို တွေ့မြင်ရတဲ့အချိန်မှာ ကျွန်တော်တို့ ဟာ အလ္လာဟ် အရှင်မြတ်ရဲ့ စီမံခန့်ခွမှုပြုနေခြင်းဆိုတာကိုပိုပြီး အလ္လာဟ်ကို ဂုဏ်တော်မွှန်းချင်တဲ့စိတ်ဖြစ်လာတာ။
အဲဒီအာယသ်မှာ ဇီးနဟ်ဆိုတဲ့ စကားလုံး အူရ်ဒူမှာလည်းရှိတယ်။ ဇီနသ် အစ္စလာမ်အမျိုးသမီးဂေဟာ၊ အမျိုး သားကျောင်း၊ ဇီနဟ် မိမိရဲ့စိတ်ဓါတ်၊ စိတ်နေစိတ်ထား၊ ခံယူချက်၊ ယုံကြည်ချက်၊ မိမိကိုယ်ကို ရုပ်ပိုင်း၊ နာမ်ပိုင်း မိမိရဲ့အမည်ကောင်းသတင်း၊ ကောင်းမွန်သထက်ကောင်းမွန်အောင် ထူးချွန်မှုရရှိအောင်လုပ်တာကို ဇီနဟ်လို့ ခေါ်ပါတယ်။ မိမိခန္ဓာကိုယ်ကို အလှတန်ဆာဆင် အ၀တ်အစားလှတာလေးတွေဝတ်တာလောက်က အလ္လာဟ် အရှင်မြတ်ရဲ့ လမ်းညွှန်မှုက စာမဖွဲ့ပါဘူး။ တကယ်တမ်းက ကောင်းသတင်းကျော်ဇောမှုတွေ၊ Good Will တွေ အဲဒါတွေကို အမြဲတမ်း ထိန်းသိမ်းထားဖို့ ကောင်းသည်ထက်ကောင်းအောင် လှပတင့်တယ်သည်ထက် ပို၍လှပတင့်တယ်အောင် လုပ်ဖို့ ဖော်ပြတဲ့ စကားလုံးကို ဇီနာဟ်လို့ခေါ်ပါတယ်။ သေသေချာချာကြည့်ရငိ အလ္လာဟ်လမ်းညွှန်ချက်ကို ဦးညွှတ်နာခံ တဲ့ အချိန်တိုင်း မိမိတို့ရဲ့ဘ၀အလှတန်ဆာဆင်မှုကို ရယူကြ။ မိမိတို့ရဲ့ ကောင်းသတင်းကျော်ဇောမှုကို ထိန်းသိမ်း ကာကွယ်ကြ။ တခါ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟf ၇း၂၉ မှာ ဖော်ပြထားတာက
`၎င်းပြင် အသင်တို့သည် ဦးညွှတ်နှိမ့်ချ ပျပ်ဝပ်မှုပြုချိန်တိုင်း မိမိတို့၏ ဦးတည်ချက်ကို တည့်မတ်စွာ ရပ်တည် ကြလေကုန်။ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်ကို ဦးညွတ်နာခံချိန်တိုင်းမှာ မိမိတို့ရဲ့ဦးတည်ချက်ဟာ အလ္လာဟ်အရှင် မြတ်လမ်းစဉ်(ကုရ်အာန်)ဘက်သို့သာ ရည်ရွယ်ရပ်တည်ရမှာဖြစ်ပါတယ်။ ထို့အပြငိ အရှင်မြတ်အား စိတ်စေတနာ ဖြူစင်စွာဖြင့် အရောအနှောကင်းကင်း၊ ဖက်စပ်ပါဝင်မှုရှင်းရှင်းဖြင့် အမိန့်တော်ကို လိုက်နာကျင့်သုံးသူများ ပီသစွာ ဖိတ်ခေါ်၊ ကြွေးကြော်မှုပြုကြပါလေ။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖြစ်ထွန်းစေတော်မူသကဲ့သို့ အရှင်မြတ် ထံတော်သို့သာ ပြန်လှည့်ကြရပေလိမ့်မည်။´(၇း၂၉)
ဦးတည်ချက်မှန်ကန်ဖို့လိုပါတယ်။ အဲဒီဦးတည်ချက်ကို တည်တံ့ခိုင်မာအောင် လုပ်ဖို့လိုပါတယ်။ လူအချို့ရှိပါ တယ်။ သိက္ခာနဲ့ရိက္ခာ မလဲဘူး။ လျှာပေါ်မှာ မြက်ပေါက်ချင်ပေါက်ပါစေ။ အမှန်သစ္စာတရားအတွက်ဘဲ ရပ်တည် မယ်။ ကိုယ့်ရဲ့ယုံကြည်ချက်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ပန်းတိုင် မပျောက်ပျက်သွားအောင် အမှန်သစ္စာတရား အပေါ်မှာ ကိုယ့်ရဲ့ဦးတည်ချက်ဟာ အမြဲတမ်းခိုင်မာနေရမယ်။ ဒါဟာ တမန်တော်မြတ်ရဲ စံနမူနာပါ။ (၀အကီးမု) ခိုင်မာအောင် တည်ဆောက်ပါလို့ ပြောတာပါ။ အဲဒီမှာ ၀ဂ်ျဟွန်န်ရဲ့ အဓိပ္ပါယ်ကို ဖော်ပြရမယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်၊ ဦးတည်ချက်ပန်းတိုင်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒီန်နဲ့ပတ်သက်ရင် (ခလဆွ)ဆိုတဲ့ အိခ္ခလားဆ်ဆိုတဲ့စကားလုံးက အရောအနှောကင်းတာ၊ အပို အလိုကင်းတာ၊ ပူးပေါင်းဖက်စပ် ပါဝင်မှုကင်းတာ၊ သီးသန့်ဖြစ်တာ၊ အဲဒါကြောင့် စူရာဟ် ၁၁၂ ကို စူရာသွလ်အိခ္ခလားဆ်လို့ ခေါ်တာဖြစ်တယ်။
ဒါကြောင့် အလ္လာဟ်မှာ ရောတာ၊ ပေါင်းတာ၊ အနှောင်အဖွဲ့မရှိ၊ ပူးပေါင်း ဖက်စပ်ပါဝင်တာမရှိဘူး။ အရောအနှောကင်းစင်ပြီး သန့်သန့်လေးဖြစ်နေတာကို ဖော်ပြတာ။ ဒီန်နဲ့ပတ်သက်ရင်လည်း အမြဲတမ်း သန့်သန့်လေးဖြစ်သော အရောအနှောကင်းပြီး ဖက်စပ်ပါဝင်မှုရှင်းသာ အမိန့်တော်များကို လိုက်နာကျင့်သုံးသူများ ပီသစွာနဲ့ဒါဝါသ်လုပ်ပါ။ ဒါကြောင့် မတ်စ်ဂျီးဒ်တွေရဲ့ အခန်းကဏ္ဍမှာ မွတ်ဆလင်မ်ငြိမ်းချမ်း သာယာသော လူ့ဘောင်တည်ဆောက်သူတို့၏ မတ်စ်ဂျီးဒ်ကျောင်းတော်များသည် လူနှင့်လူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းသာယာဘေးကင်း လုံခြုံရေး၊ လွတ်လပ်မှု ညီမျှမှု၊ တရားမျှတမှု၊ ပတ်ဝန်းကျင်နှင့် သဟဇာဖြစ်မှု လူ့အခွင့် အရေး အပြည့်အ၀ရရှိရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင့်အတန်းမြင့်မားရေး၊ လိမ္မာ ယဉ်ကျေးသိမ်မွေ့ရေး၊ ခွဲခြားဆက်ဆံမှုကင်းမဲ့ရေး၊ အမုန်းစကား၊ အမုန်းတရားရန်ညှိုးရန်စ အာဃာတကင်းစင်ကာ အကြမ်းဖက်မှုပပျောက်ကင်းစင်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အပြန်အလှန်အသိအမှတ်ပြု လေးစားမှုရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ယုံကြည်မှုနှင့် ယဉ်ကျေးမှုမျိုးစုံ ကွဲပြားခြင်း တို့ကို အပြန်အလှန်အသိအမှတ်ပြုလေးစား တန်ဖိုးထားတတ်ရေး၊ လူသားတစ်ဦးချင်းစီသည် လူသားဖြစ်ခြင်း ကြောင့်ပင် အားလုံးတန်းတူညီမျှ အခွင့်အရေးရှိပြီးဖြစ်ကြောင်းနှင့် မိမိတို့နေထိုင်ရာ အရပ်ဒေသ တိုင်းပြည်နိုင်ငံ တွင် အသီးအပွင့် အကျိုးအမြတ်များကို မျှဝေခံစားခွင့်ရရှိနိုင်မည့် လူ့ဘောင်အဖွဲ့အစည်းကြီး ဖြစ်စေရေးအတွက် လိုအပ်သော အသိပညာများကို လေ့လာဆည်းပူး သင်ယူနိုင်ရန် အသိပညာပေးသည့် `ရပ်ဝန်း´သည် မတ်စ်ဂျီးဒ် ကျောင်းတော်၊ ဗဟိုဌာန၊ Center ဖြစ်သည်ဟု ကျွန်တော်လေ့လာတွေ့ရှိရပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။