အစ္စလာမ်နှင့် လွတ်လပ်စွာတွေးခေါ်သူများ (အပိုင်း-၂) (Islam and Freethinkers – Part 2) မုဖ်သီဦးစန်းအောင် (B.Sc)
အစ္စလာမ်နှင့် လွတ်လပ်စွာတွေးခေါ်သူများ- (အပိုင်း ၂)
************************************************
“အစ္စလာမ်နှင့် လွတ်လပ်စွာတွေးခေါ်သူများ (အပိုင်း-၂)
..(Islam and Freethinkers – Part 2)
မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့ (၂၁-၁ဝ-၂ဝ၁၆) ယောင်မွလ်ဂျုမုအာဟ်နေ့ထူးနေ့မြတ်မှာ အလ္လာဟ်အရှင်မြတ်ကိုအိဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ဂျမာအသ်ဝင်အပေါင်းတို့ခင်ဗျား။
………….. အတ်ဆလာမ်း မုအလိုင်းကွမ်း………..
ပြီးခဲ့တဲ့ (၁၆-၉-၂ဝ၁၆) ဂျုမုအာဟ်ခွတ္တဗါဟ်မှာတော့ကျွန်တော့်အနေနဲ့ `အစ္စလာမ်နှင့် လွတ်လပ်စွာတွေးခေါ်သူများ´အပိုင်း(၁)ကိုတင်ပြခဲ့ပါတယ်။ဒီတစ်ပါတ်ကျွန်တော့်အလှည့်ကျခွတ္တဗါဟ်မှာတော့ `အစ္စလာမ်နှင့် လွတ်လပ်စွာတွေးခေါ်သူများ´အပိုင်း(၂)ကိုဆက်လက်တင်ပြသွားပါမယ်။
ကျွန်တော်တို့ခွတ္တဗါဟ်ရှင်များဟာ ခွတ္တဗါဟ်ပြောတော့မယ်ဆိုရင် နိဒါန်းပိုင်းမှာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာမှုပြုကြရပါတယ်။ ပြီးတဲ့နောက်မှာ ကိုယ်တင်ပြမဲ့ခွတ္တဗါဟ်နဲ့သက်ဆိုင်တဲ့ ကုရ်အာန်အာယသ်တော်တစ်ပါးကို အနည်းဆုံးရွတ်ဖတ်ပြီး အစပြုရပါတယ်။ ဒီနေ့ကျွန်တော်ဆက်လက်တင်ပြမဲ့ခွတ္တဗါဟ်ရဲ့ခေါင်းစဉ်က `အစ္စလာမ်နှင့် လွတ်လပ်စွာတွေးခေါ်သူများ´ဆိုတဲ့ခေါင်းစဉ်ဖြစ်နေတော့ နိဒါန်းအပိုင်းမှာရွတ်ဖတ်ရတဲ့ကုရ်အာန်အာယသ်ဟာ တွေးတောဆင်ခြင်ခြင်း၊ စဉ်းစားခြင်းဆိုတဲ့အကြောင်းကို ဖော်ပြလမ်းညွှန်တဲ့ ကုရ်အာန်အာယသ်မျိုးကို ရွတ်ဖတ်ဖို့ ကုရ်အာန်မှာရှာဖွေရပါတယ်။ အဲဒီလိုရှာဖွေရာမှာအခက်အခဲတစ်ခုဖြစ်ပါတယ်။ ဘာအခက်အခဲလဲဆိုတော့ ကုရ်အာန်မှာတွေးတောဆင်ခြင်ခြင်း၊ စဉ်းစားခြင်းနဲ့ပတ်သက်တဲ့အာယသ်တွေက အများကြီးပါရှိနေတော့ ဘယ်အာယသ်ကို ရွေးရမှန်းမသိဘူးဆိုတဲ့အခက်အခဲပါ။
ဟုတ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ-
`သင်တို့တစ်စိမ့်စိမ့်တွေးတောပါ´ဆိုတဲ့အာယသ်တော်တွေ၊
`သင်တို့စဉ်းစားဆင်ခြင်ပါ´လို့ဆိုထားတဲ့အာယသ်တော်တွေ၊
`သင်တို့အဖက်ဖက်မှ (ရှုထောင့်ပေါင်းစုံမှ) ချိန်ဆပါ´ ဆိုထားတဲ့အာယသ်တွေ၊ `သင်တို့စိတ်ကူးပုံဖော်ကြည့်ပါ´လို့ရည်ညွှန်းထားတဲ့အာယသ်တော်တွေ၊ `သင်တို့လေ့လာဆည်းပူးပါ´လို့ဆိုထားတဲ့အာယသ်တော်တွေ၊ `သင်တို့တွေးတောသုံးသပ်ပါ´လို့ဆိုထားတဲ့အာယသ်တော်တွေ၊ အများအပြားကိုတွေ့ရှိရပါတယ်။ ကျမ်းမြတ်ကုရ်အာန်ထဲမှာ အလ္လာဟ်အရှင်မြတ်က ဒီလိုအာယသ်မျိုးတွေနဲ့ လူသားတွေကို အထပ်ထပ်အခါခါတောင်းဆိုထားတာကို တွေ့ရပါတယ်။ ဒီပြင်မက ကုရ်အာန်ထဲမှာ အလ္လာဟ်အရှင်ြမတ်ကလူသားတွေကို `သင်တို့ကမ္ဘာမြေကိုလှည့်လည်သွားလာခြင်းမပြုကြဘူးလား၊´ `ထို့ကြောင့်သင်တို့သည်ကမ္ဘာမြေပေါ်ခရီးထွက်ကြလေကုန်၊´ `သင်တို့မမြင်ကြလေသလော၊´ `သင်တို့သည်လေ့လာမှတ်တမ်းတင်ခြင်းမပြုကြလေသလော၊´ဆိုပြီးဖိတ်ခေါ်မှုတွေကို အထပ်ထပ်အခါခါပြုလုပ်ထားတဲ့ အာယသ်တော်တွေကိုလည်း အကြိမ်ကြိမ်တွေ့ရှိရမှာဖြစ်ပါတယ်။
အဲဒီတော့ကျွန်တော်ကသာ `အကြိမ်ကြိမ်တွေ့ရှိရမှာဖြစ်ပါတယ်၊´လို့ပြောနေပေမဲ့ မြန်မာနိုင်ငံမှာ ရာခိုင်နှုန်းအများစုသောမွတ်ဆလင်မ်တွေရဲ့အဖြေကတော့ `ငါတို့မတွေ့ပါဘူး´ လို့ပြောမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကုရ်အာန်ကို ဖတ်တာဖတ်ရတယ်။ အဓိပ္ပါယ်မှနားလည်ခွင့်မရှိကြတာကိုး။ မြန်မာဘာသာပြန်၊ အင်္ဂလိပ်ဘာသာပြန်ဖတ်ဖို့ဆိုတာကလည်းတွန်းအားပေးမှုတွေကမရှိကြပေဘူးလေ။
ဒီနေရာမှာ `လွတ်လပ်စွာ တွေးခေါ်စဉ်းစားသူ´(Freethinker) ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်အခြေခံသဘောလေးကိုအဓိပ္ပါယ်ဖွင့်ပါရစေ။
`လူတစ်ယောက်ဟာ ကျမ်းမြတ်ကုရ်အာန်ကို ငါဘယ်လိုရည်ရွယ်ချက်နဲ့ ဘာအကြောင်းကြောင့် ဖတ်နေပါသလဲ၊´ ‘ဘာတွေကိုနားလည်အောင်ကြိုးစားရမလဲ’ ဆိုတာကို စဉ်းစားမိလိုက်တာနဲ့ သူဟာ Free Thinker ဆိုတဲ့အနေအထားကို ချဉ်းနင်းဝင်ရောက်လာပါပြီ။
အခုဆက်လက်ပြီးကျွန်တော့်အနေနဲ့ ခွတ္တဗါဟ်ရဲ့နိဒါန်းပိုင်းမှာ ကျွန်တော်ရွတ်ဖတ်ခဲ့တဲ့ ကုရ်အာန် (၃ဝး၂၁)ကိုရှင်းလင်းဖွင့်ဆိုပြပါမယ်။
“ သင်တို့အနက်မှပင် ငါအရှင်မြတ်က သင်တို့အတွက် ကြင်ရာကြင်ဖက်များကို ဖြစ်ထွန်းထားစေပြီး သူတို့ ထံ၌ သင်တို့က စိတ်ချမ်းသာစွာဖြင့် အနားယူအပန်းဖြေမှုပြုလုပ်နိုင်ခြင်း၌လည်းကောင်း၊ ပြီးနောက် သင်တို့အကြား တွင် မေတ္တာကရုဏာနှင့် မုဒိတာကို အရှင်မြတ်က ထည့်သွင်းပေးခြင်း၌လည်းကောင်း၊ ဧကန်အမှန်ပင် ဆင်ခြင် သုံးသပ်စဉ်းစားတွေးခေါ်မှုပြုသူတို့အတွက် သက်သေလက္ခဏာတော်များရှိလေသည်။” (ကုရ်အာန် ၃ဝး၂၁)
ဒီအာယသ်ရဲ့နောက်ဆုံးစာပိုဒ်က “သဖတ်ကွရ်” လို့ အရဗီလိုခေါ်တဲ့ ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်မှုကို အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ထားကြောင်းတွေ့ရှိရပါတယ်။ သေသေချာချာလေ့လာကြည့်မယ်ဆိုရင် ဇနီးမောင်နှံအကြားမှာ၊ မိသားစုအကြားမှာ၊ မိတ်ဆွေအပေါင်းအသင်းတွေအကြားမှာ၊ ထားရှိရမဲ့ အရဗီလို ‘ရဟ်မသ်’ မြန်မာလို ‘မေတ္တာကရုဏာ’နဲ့ အရဗီလို ‘မဝဒ္ဒါဟ်’ မြန်မာလို ‘မုဒိတာ’ဆိုတဲ့ အလ္လာဟ်ထည့်သွင်းစီမံပေးထားတဲ့ စည်းနှောင်အား(၂)ရပ်ကို သေသေချာချာစဉ်းစားသုံးသပ် ဆင်ခြင်ခိုင်းထားပါတယ်။ ဒါဟာ ကျွန်တော်တို့ နိစ္စဓူဝ လူ့ဘဝ၊ လူ့လောကထဲမှာ လူတွေရဲ့ပတ်ဝန်းကျင်ထဲမှာ ထိတွေ့ကြုံတွေ့နေရတဲ့ အခြေခံအကြောင်းတရားတစ်ခုပါ။ ဒီအကြောင်းတရားလေးကို ဆင်ခြင်တွေးခေါ်လိုက်ရုံမျှနဲ့ အလ္လာဟ်ရှိကြောင်းကို အလ္လာဟ့်သက်သေလက္ခဏာတော်တစ်ရပ်အနေနဲ့ သုံးသပ်တွေ့မြင်မိပါလိမ့်မယ်။ ကျွန်တော်တို့ဟာ လူ့ဘဝမှာ၊ လူ့အစုအဖွဲ့အတွင်းမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်သံယောဇဉ်ဖြစ်နေတာ၊ အပြန်အလှန်ချစ်ခင်လေးစားနေတာ၊ တစ်ဦးရဲ့အကျိုးကို တစ်ဦးကမနာလိုမရှုစိမ့်မဖြစ်ပဲ လိုလားအားပေးပြီး မုဒိတာပွားနေတာ၊ ဘယ်အတွက်ကြောင့်လဲဆိုတာကို ဆင်ခြင်တွေးတောကြည့်ပါ။ ဒါကို ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က လုပ်ခိုင်းနေတယ်။ ဒါဟာ အစ္စလာမ်ကို လက်ခံယုံကြည်သက်ဝင်တဲ့ မွတ်ဆလင်မ်တစ်ယောက်ရဲ့တာဝန်ပဲ။ မွတ်ဆလင်မ်ပီသဖို့ဆိုရင် စဉ်းစားတွေးတောရမယ်။ ဆင်ခြင်သုံးသပ်ရမယ်။
တဆက်တည်း ကုရ်အာန်(၂၇း၆၉) ကို တင်ပြပါရစေ။
“ သင်တမန်တော် ကြေညာလိုက်ပါလေ။ သင်တို့သည် ကမ္ဘာအနှံ့ခရီးဖြန့်၍ မတော်မတရား စီမံဆောင်ရွက် သူတို့၏ နောက်ဆုံးအကျိုးဆက်မည်သို့ရှိသည်ကို ကြည့်ရှုသုံးသပ်ကြပါလေ။” (ကုရ်အာန် – ၂၇း၆၉)
ဒီအာယသ်ကိုဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ လူ့အဖွဲ့အစည်းအတွင်း မတည်မငြိမ် ဖြစ်အောင်၊ မညီမမျှဖြစ်အောင် ပြုလုပ်ခဲ့တဲ့ဘုရင်တွေ၊ အစိုးရတွေ၊ အုပ်ချုပ်သူတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက် ပြီး အကြမ်းဖက်တဲ့သူတွေ၊ သူတို့ရဲ့နောက်ဆုံးအကျိုးဆက် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ထဲမှာ လူတွေကိုလေ့လာဆင်ခြင်ခိုင်းနေပါတယ်။ ဒီလိုလူတွေကို အရဗီလို “မုဂျရီးမ်”လို့ သုံးနှုန်းထားပါတယ်။ ဒီအာယသ်ကို ကျွန်တော်လေ့လာလိုက်တဲ့အခါမှာ မွတ်ဆလင်မ်တစ်ယောက်အတွက် ကမ္ဘာပေါ်မှာဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေဖြစ်နေသလဲ။ ဘာတွေဖြစ်အုံးမှာလဲဆိုတာကို သိမြင်အောင်လုပ်ဖို့ တိုက်တွန်းနေတာကို လေ့လာသုံးသပ်မိပါတယ်။ ကမ္ဘာအနှံ့ကို ဖြန့်ကျက်သွားလာခိုင်းတယ်။ ဒါဟာ ခရီးသွားလုပ်ငန်းတွေလုပ်ဖို့ သုတေသနလုပ်ငန်းတွေလုပ်ကြဖို့ တွန်းအားပေး၊ အမိန့်ပေးနေတာပဲဖြစ်တယ်။
အကယ်၍ အကြောင်းကြောင်းကြောင့် ကမ္ဘာ့နေရာဒေသတွေကို မသွားနိုင်ဘူးဆိုရင်တောင် ကမ္ဘာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သိနိုင်တဲ့ မီဒီယာတွေကတစ်ဆင့် သိအောင်ကြိုးစားဖို့ မွတ်ဆလင်မ်တွေကို အလ္လာဟ်အရှင်မြတ်က လမ်းညွှန်နေတာပါ။ ကျွန်တော်သိထားသလောက် အွန်လိုင်းမီဒီယာ(Online Media) ရှိတယ်။ ပရင့်တက် (Printed Media) ရှိတယ်။ ဒါတွေကို မွတ်ဆလင်မ်တွေက ဦးဆောင်ပြီး အကောင်အထည်ဖော်ခိုင်းနေတာပါ။ ဒါကြောင့် ကျွန်တော်တို့မွတ်ဆလင်မ်တွေဟာ အင်မတန်မှကျယ်ပြန့်တဲ့ အွန်လိုင်းမီဒီယာကို အသုံးပြုရမှာဖြစ်သလို ခိုင်မာတိကျတဲ့ ပရင့်တက်မီဒီယာကိုလည်း လက်ကိုင်ပြုဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ စဉ်းစားတွေးခေါ် ဆင်ခြင်သုံးသပ်ဖို့အရေးမှာ Data အချက်အလက်တွေ အထူးပဲလိုအပ်ပါတယ်။ ဒါကြောင့် Data Hunting လုပ်ရပါမယ်။ Data Searching လုပ်ရမယ်။ Data Collecting လုပ်ရပါမယ်။ ဒါတွေကို တစ်ဦးချင်း မလိုက်နိုင်ရင် တစ်ဦးချင်းကျန်ရစ်ခဲ့မှာဖြစ်သလို လူ့အဖွဲ့အစည်းအလိုက် မစွမ်းဆောင်နိုင်ရင်လည်း လူ့အဖွဲ့အစည်းအလိုက်ကို နောက်ကျကျန်ရစ်ခဲ့မှာပါ။
တစ်ချို့ကပြောတယ်။ ကျွန်တော်တို့ နိုင်ငံရေးမလုပ်ဘူး။ နိုင်ငံရေးကိုစိတ်မဝင်စားဘူး။ အမှန်တကယ်မှာက သူကိုယ်တိုင်နိုင်ငံရေးဆိုတာဘာလဲဆိုတာ သေသေချာချာမသိလို့ဖြစ်မှာပါ။ အထက်မှာကျွန်တော်တင်ပြခဲ့တဲ့ ကုရ်အာန် (၂၇း၆၉)အရဆိုရင် ကုရ်အာန်ကိုသက်ဝင်ယုံကြည်သူတိုင်းဟာ နိုင်ငံရေးမှာ စိတ်ဝင်စားသူများဖြစ်ရပါ လိမ့်မယ်။ အဲဒီကုရ်အာန်အာယသ်က မိမိပတ်ဝန်းကျင်မှာ၊ မိမိတိုင်းဒေသမှာ၊ နိုင်ငံမှာ၊ မိမိနေတဲ့ကမ္ဘာပေါ်မှာ လူသားတွေဘာလုပ်နေကြသလဲ။ အကြောင်းတရားတွေက ဘာတွေလဲ။ အကျိုးဆက်က ဘာတွေလဲဆိုတာကို သိမြင်နားလည်အောင် သုံးသပ်လေ့လာခိုင်းနေတာကိုက ‘နိုင်ငံရေး’လို့ ကျွန်တော်နားလည်လက်ခံထားပါတယ်။
ဒီနေရာမှာ ကျွန်တော်နည်းနည်းပြောချင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီတစ်ခုထူထောင်မှ ပါတီ တစ်ခုကိုဝင်ရောက်မှ မဟုတ်ပါဘူး။ ပါတီထောင်ခြင်း၊ ပါတီဝင်ခြင်းဆိုတာက နိုင်ငံရေးအာဏာတစ်ရပ်ကို လက်ရယူဖို့ကြိုးစားခြင်းလို့ ကျွန်တော်နားလည်ထားပါတယ်။ ကျွန်တော်တို့ ဒီကနေ့ ကန်စွန်းရွက်တစ်စည်း ၃ဝဝကျပ်ဖြစ်သွားလို့ ညည်းညူတာဟာ နိုင်ငံရေးပါ။ ရပ်ကွက်ထဲမှာမီးမလာလို့ စောဒကတက်တာလည်း နိုင်ငံရေးပါ။ အဆုံးစွန်ပြောရရင် နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ရှိတယ်။ ပြည်သူဆိုတာလဲရှိတယ်လို့ လက်ခံလိုက်ခြင်း၊ ပြောဆိုလိုက်ခြင်းကိုက နိုင်ငံရေးလုပ်တာပါပဲ။ အဲဒီတော့ ကန်စွန်းရွက်ဈေး ဘာကြောင့်တက်တာလဲ။ ရပ်ကွက်ထဲမှာ ဘာကြောင့်မီးမလာရတာလဲ။ လူတွေဟာ ဒါတွေကို စဉ်းစားဆင်ခြင်ကြမယ်။ အဖြေထုတ်ကြမယ်။ ဒါတွေဟာလည်း ကုရ်အာန် (၂၇း၆၉)အရ အကျိုးဆက်တွေကို စဉ်းစားသုံးသပ်တာပဲမဟုတ်ပါလား။ ဒါကြောင့် ကျွန်တော်အထပ်ထပ်အခါခါ ပြောဆိုနေတဲ့ ကျမ်းမြတ်ကုရ်အာန်နှင့် တွေးတောဆင်ခြင်သုံးသပ်ခြင်းဆိုတာက ဘယ်လိုမှခွဲခြားလို့မရပါဘူး။
ကျွန်တော်ဖတ်ဖူးတဲ့ မွတ်ဆလင်မ်ပညာရှင်ကြီးများရဲ့ အတ္တုပတ္တိတွေကို အနည်းငယ် ရည်ညွှန်းတင်ပြပါရ စေ။
ဂျမာလွဒ္ဒီးန်အာဖဂန်နီ၊ ဆိုင်ယက်ကုတုဗ်၊ မုဟမ္မဒ်အဗ်ဒူ၊ ဆာဆိုင်ယဒ်၊ ဒေါက်တာအိက်ဘာလ် အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေအပေါ်မှာ အလေးအနက်စဉ်းစားလာကြရင်းနဲ့ နောက်ဆုံးမှာ သူတို့ရဲ့နှုတ်လျှာတွေက နိုင်ငံရေးဆိုင်ရာအသိအမြင်တွေ၊ အဆိုအမိန့်တွေ ထွက်လာပါတော့တယ်။ တစ်ကယ်တမ်းမှာတော့ ဒီပုဂ္ဂိုလ်ကြီးတွေဟာ တွေးခေါ်ပညာရှင်ကြီးတွေ၊ လူ့အခွင့်အရေးသမားကြီးတွေ ဖြစ်လာခဲ့ကြတာကို သမိုင်းမှာအထင်အရှားတွေ့ရပါတယ်။
(၁၈)ရာစုနဲ့ (၁၉)ရာစုအကြားမှာ ‘Deism’ ဆိုတဲ့ဝါဒတစ်ခု ပေါ်လာခဲ့ပါတယ်။ သူတို့ဟာ Freethinkers အုပ်စုတွေပါပဲ။ သူတို့ဟာ ‘Atheism’ လို့ခေါ်တဲ့ ဖန်ဆင်းရှင်မဲ့ဝါဒီတွေတော့ မဟုတ်ပါဘူး။ သူတို့က ဖန်ဆင်းရှင် ကို လက်ခံပါတယ်။ သူတို့ရဲ့လက်ခံယုံကြည်ချက်က-
‘ဘုရားသခင်ကိုသိရှိနာခံဖို့ရာ လက်ရှိဘာသာရေးဂိုဏ်းဂဏဆရာတော်ကြီးတွေရဲ့ အဆိုအမိန့် တွေနဲ့မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့အဆိုအမိန့်တွေ၊ သူတို့ရဲ့ရေးသားချက်တွေဟာ လူသားကို ဖန်ဆင်းရှင် ဘုရားသခင်နဲ့ ပိုပြီးဝေးကွာသွားစေပါတယ်။
ဒါကြောင့်မည်သူမဆို ဖန်ဆင်းရှင်ဘုရားသခင်ကို အစစ်အမှန်သိချင်ရင် Study of Nature လို့ခေါ်တဲ့ သဘာဝလောကတရားကြီးကို ဆင်ခြင်လေ့လာသုံးသပ်ပါမှ သိရှိနိုင်မယ်’
လို့ အဆိုပြုကြပါတယ်။ အဲဒီတော့ ‘Deism’ ဝါဒီတွေနဲ့ ခရစ်ယာန်ကျောင်းတော်ဝါဒီတွေဟာ ပြိုင်ဖက်၊ အတိုက်အခံပြုဖက်တွေကို ဖြစ်လာပြီး ခရစ်ယာန်ဘုန်းကြီးတွေက ‘Deism’ တွေကို နာမည်အမျိုးမျိုးနဲ့ တံဆိပ်ကပ်ကြပါတော့တယ်။
လက်ရှိမျက်မှောက်မှာတော့ ‘Deism’ ဝါဒကိုလက်ကိုင်ပြုထားတဲ့ ‘Deist’ ဝါဒီတွေဟာ သူတို့ကိုယ်သူတို့ Freethinkers များအဖြစ်ခံယူထားကြပါတယ်။ အမှန်တကယ်မှာတော့ Freethinkers တွေနဲ့ ရှေးရိုးစွဲဘာသာရေးသမားတွေဟာ ယနေ့ကာလမှတော့ မတူညီတဲ့အုပ်စုအသွင်သဏ္ဍာန်နဲ့ ရပ်တည်နေကြပါတယ်။ ဘာသာရေးသမားတွေက Freethinkers တွေကိုလက်မခံသလို Freethinkers တွေကလည်း ဘာသာရေးသမားတွေကို မေးခွန်းထုတ်၊ စောဒကတက်မှုတွေ အများအပြားရှိလာပါတယ်။
Freethinkers တွေက ဝေဖန်ထောက်ပြထားတာတစ်ခုကို ကျွန်တော်ဥပမာပေးတင်ပြပါမယ်။
Freethinkers သမားတွေက ထောက်ပြဝေဖန်ပြောဆိုနေတာက-
‘ခင်ဗျားတို့ ဘာသာရေးဝါဒီတွေလွှမ်းမိုးတဲ့၊ ဘာသာတရားထွန်းကားပါတယ်ဆိုတဲ့၊ ဘာသာတရားကို အလေးအမြတ်ထားကိုးကွယ်ယုံကြည်သူတွေအများအပြားနေထိုင်တဲ့ နိုင်ငံတွေမှာ လူသတ်မှုတွေ၊ မုဒိန်းမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဘာသာမတူရင်နှိပ်ကွပ်သတ်ဖြတ်မှုတွေဟာ ဘာသာတရားကို ယုံကြည်ကိုးကွယ် မှုမရှိတဲ့ (Agnostic) အများစုနေထိုင်တဲ့ နိုင်ငံတွေထက် ဘာကြောင့်ပိုပြီး များပြားနေပါသလဲ’တဲ့။
သူတို့က ဥပမာ နော်ဝေးနိုင်ငံကို ထောက်ပြကြပါတယ်။ နော်ဝေးနိုင်ငံမှာ ရာဇဝတ်မှုတော်တော်နည်းပါ တယ်။ ကျွန်တော်တို့ကြားဖူး၊ ဖတ်ဖူးသလောက်ဆိုရင် နော်ဝေးနိုင်ငံရဲ့ထောင်တွေမှာ ထောင်ကျအကျဉ်းသား မရှိသလောက်ဖြစ်နေလို့ ထောင်တွေဟာ နေရာလွတ်တွေဖြစ်နေပါတယ်။ ဒါကြောင့် နော်ဝေးထောင်တွေကို အိမ်နီးချင်း အခြားနိုင်ငံတွေအတွက် အငှားချထားရတယ်လို့ ကြားဖူးပါတယ်။
အဲဒီတော့ ကျွန်တော်တို့ နော်ဝေးနိုင်ငံသားတွေရဲ့ ကိုးကွယ်မှုဆိုင်ရာဘာသာရေးစစ်တမ်း (၂ဝ၁ဝ)ခုနှစ်မှာ ကောက်ယူထားချက်ကို လေ့လာကြည့်ရအောင်ပါ။
နောဝေးနိုင်ငံမှာ-
၂၂% သောပြည်သူတွေဟာ ‘ကျွန်တော်တို့ ဘာသာတရားကိုယုံကြည်တယ်။ God ကို ယုံကြည်တယ်’ လို့ ပြောကြတယ်။
၄၄% သောပြည်သူတွေက ‘ကျွန်တော်တို့ဟာ တစ်စုံတစ်ရာသော မမြင်နိုင်တဲ့စွမ်းအားစုကြီးကို ယုံကြည် တယ်။ God ဆိုတာကိုတော့ မယုံကြည်ဘူး။ ဘာသာတရားဆိုတာကလည်း နားလည်လို့မရနိုင်တဲ့ အချက်အလက် တွေနဲ့ တည်ဆောက်ထားတယ်’ လို့ပြောကြတယ်။
၂၉% သောပြည်သူတွေကတော့ ‘ဘုရားဆိုတာလဲမရှိဘူး။ ဘာသာတရားဆိုတာလဲမရှိဘူး’ လို့ပြောကြ တယ်။
၅% သောပြည်သူတွေကတော့ ‘ကျွန်တော်တို့ အဲဒါတွေဘာမှ မသိပါဘူး’ လို့ ပြောကြတယ်။
အဲဒီတော့ သေသေချာချာ သုံးသပ်လိုက်ရင် နော်ဝေးနိုင်ငံမှာ ဘာသာရေးသမားဆိုတာက သက္ကရာဇ် (၂ဝ၁ဝ) စစ်တမ်းအရဆိုရင် (၂၂) ရာခိုင်နှုန်းပဲရှိတော့တယ်။ ဒါပေမယ့် ဘာသာရေးအကြမ်းဖက်မှုမရှိဘူး။ ရာဇဝတ်မှုဆိုတာမရှိသလောက်ပါ။ လူ့အခွင့်အရေးကို အင်မတန်လေးစားတဲ့နိုင်ငံပါ။ ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေ တဲ့နိုင်ငံတွေ၊ ကပ်ဘေးကျရောက်တဲ့နိုင်ငံတွေကို လှူဒါန်းထောက်ပံ့တဲ့နေရာမှာ ထိပ်တန်းက နိုင်ငံတစ်ခုဖြစ်တယ်။ သူတို့ဟာ ဘာသာတရားတွေကို အထွဋ်အမြတ်ထားတဲ့၊ ဘာသာရေးကိုင်းရှိုင်းပါတယ်ဆိုတဲ့၊ နိုင်ငံတွေမှာ ဖြစ်ပွား နေတဲ့ ဘာသာရေးအကြမ်းဖက်သူတွေကို ရန်မဖြစ်ဖို့လိုက်လံတားဆီးနေပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ကြဖို့ ငွေကြေးတွေ၊ နည်းပညာတွေ ထောက်ပံ့နေပါတယ်။
ဒါဆိုရင် ကျွန်တော်မေးခွန်းတစ်ခုထုတ်မယ်။
ဘာသာတရားတွေ ထွန်းကားပါတယ်ဆိုတဲ့နိုင်ငံတွေမှာ ဘာသာရေးဝတ်စုံ၊ ဝတ်ရုံကြီးတွေတကားကား ဝတ်ဆင်ပြီး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ ခွဲခြားဆက်ဆံနေတဲ့ အမုန်းစကားတွေပြောပြီး ရန်တိုက်ပေးနေတဲ့၊ ရန်ဖြစ်နေကြတဲ့ ဘာသာရေးပုဂ္ဂိုလ်ကြီးတွေကို ဘာသာမဲ့နော်ဝေးနိုင်ငံသားတွေက ‘ခင်ဗျားတို့ ရန်မဖြစ်ကြပါနဲ့ဗျာ။ ခင်ဗျားတို့ရဲ့လိုအပ်တဲ့ အားနည်းချက်တွေကို ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေကြပါဗျာ။’
လို့ လာပြောတဲ့အပေါ်မှာ “ကျွန်တော်တို့မရှက်ကြဘူးလားဗျာ” လို့ ကျွန်တော့်ဖက်ကမေးခွန်းထုတ်ရင်း ဒီတစ်ပါတ် ခွတ္တဗာဟ်ကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။
Salaam…