ရဗူဗီယသ် (အလ္လာဟ်အရှင်မြတ်၏ ပြုစုပျိုးထောင်မှုစနစ်) ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
ရဗူဗီယသ် (အလ္လာဟ်အရှင်မြတ်၏ ပြုစုပျိုးထောင်မှုစနစ်)
ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု
လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ချီးမွမ်းထောပနာပြုအပ်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော့်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့တင်ပြမှုကို လာရောက် နားသောတဆင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးမျာကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်စောစောကဖတ်ရွတ်လိုက်တဲ့ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၅၆ အာယသ် ၇၅ မှ ၈၂ အထိ ဖြစ်ပါ တယ်။ “အလ္လာဟ်အရှင်မြတ်သည် ၀င်ထွက်သွားလာနေသော ကြယ်တာရာများကို သက်သေထူပြီး မိန့်ဆိုထား သည်။ (၅၆း၇၅) “ဧကန်မုချလူသားတို့သည် သိရှိသဘောပေါက်မည်ဆိုလျှင် ဤသက်သေထူချက်သည် ကြီးကျယ်လှစွာသော သက်သေထူချက်ပင်ဖြစ်သည်။”(၅၆း၇၆) “ကျမ်းမြတ်ကုရ်အာန်၏ ဂုဏ်ရည်သည် အင်မတန်မှပင် မြင့်မားလှပေသည်။” (၅၆း၇၇) “ယင်းကုရ်အာန်ကို စာအုပ်တစ်အုပ်ထဲတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီးဖြစ်သည်။” (၅၆း၇၈) “စင်ကြယ်နေသည့် အဖြူထည်နှလုံးသား၌သာ ကုရ်အာန်၏အနှစ်သာရ များ ကိန်းဝပ်တည်ရှိနိုင်ပေသည်။” (၅၆း၇၉) “ဘာကြောင့်လဲဆိုရင် (စကြစဠာခပ်သိမ်း၊ လူမျိုးနွယ်အသီးသီးကို ပြုစုပျိုးထောင်ရှင်ထံမှ အထပ်ထပ်အလီလီထုတ်ပြန် ပို့ချချက်ကြောင့်ဖြစ်သည်။” (၅၆း၈၀) “သို့ဖြစ်ပါလျက် ဤ ဟဒီးစ်(ကုရ်အာန်)ကို မထီမဲ့မြင်ပြုနေကြပါသလော။”(၅၆း၈၁) “ဤကုရ်အာန်၏အနက်အဓိပ္ပါယ်များကို ငြင်းဆန် သွေဖည်ဖုံးကွယ်လျက် အသင်တို့၏ ၀မ်းဝ၊ ခါးလှအောင် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်နေကြပါသလော။” (၅၆း၈၂)
ဒါတွေဟာ ကျမ်းမြတ်ကုရ်အာန် စူရာဟ ၅၆ အာယသ် ၇၅ မှ ၈၂ အထိဖြစ်ပါတယ်။ ဒီအာသ်များမှာပါရှိတဲ့ အတိုင်းကျွန်တော်တို့ဟာ ကုရ်အာန်ရဲ့လမ်းညွှန်မိန့်ကြားချက်တွေကို ကျွန်တော်တို့ရဲ့ဝမ်းဝ၊ ခါးလှရုံသက်သက်၊ အသက်မွေးဝမ်းကျောင်းသက်သက်အတွက် အသုံးချတာ မဖြစ်စေပဲ၊ မိမိရဲ့ဘ၀ရှင်သန်ရေးအတွက် လေ့လာမှတ် သားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီကနေ့ (၇-၄-၂၀၁၇)ရက် သောကြာခွတ္တဗာဟ်မှာ ကျမ်းမြတ်ကုရ်အာန်မှာပါ သော အလ္လာဟ်အရှင်မြတ်၏ ရဗူဗီယသ်နည်းစနစ် တနည်းအားဖြင့်ပြောရရင် အလ္လာဟ်အရှင်မြတ်၏ ပြုစုပျိုး ထောင်တဲ့ နည်းစနစ်တွေကို ကျွန်တော်လေ့လာထားသမျှတင်ပြလိုပါတယ်။
ကျွန်တော်တို့ ကျမ်းမြတ်ကုရ်အာန်ကို စဖွင့်လိုက်ရင် ပထမဦးဆုံးတွေ့ရမယ့် စူရာဟ်ဟာ စူရာဖာသိဟာဖြစ် ပါတယ်။ ဒီစူရာဟ် ဖာသိဟာရဲ့ ပထမဆုံးအာယသ်တော်က (အလ်ဟမ်ဒုလိလ္လာဟိ ရတ်ဗိလ်အာလမီးန်)ဖြစ်ပါ တယ်။ ဒီအာယသ်ရဲ့အဓိပ္ပါကိုအားလုံးသိကြမှာပါ။ ချီးမွမ်းထောနာပြုခြင်းသည် စကြ၀ဠာလောကခပ်သိမ်းနှင့် လူ့မျိုးနွယ် အသီးသီးကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်ပါသည်လို့ ဆိုလိုရင်းဖြစ်တယ်။ ရုတ်တရက်ကြည့်လိုက်ရင် စစချင်းမှာပင် အလ္လာဟ်အရှင်မြတ်က သူ့ကို ချီးမွမ်းဖို့ပြောထားတယ်လို့ ကျွန်တော်တို့ ထင်စရာဖြစ်နေပါတယ်။ တစ်ချို့ကဆို အလ္လာဟ်အရှင်မြတ်က သူ့ကိုချီးမွမ်းကြဖို့ စစချင်းမှာတင်ပြောနေတယ်လို့ ပြောတဲ့လူတွေရှိပါတယ်။ တကယ်တော့ ဒီအာယသ်တော်က လူတစ်ဦးချင်းကနေ လူ့မျိုးနွယ်အသီးသီး၊ လူ့အဖွဲ့ အစည်းအသီးသီးတို့ကို ဖြစ်ထွန်းပေါ်ပေါက်စေပြီး အဆင့်ဆင့်ပြုစုပျိုးထောင်ပေးတောမူသော အလ္လာဟ်အရှင်မြတ် သည်သာ ရဗ်ဖြစ်သည်လို့ ကျွန်တော်တို့ကို အသိပေးခြင်းသာဖြစ်သည်။
ပြီးတော့အရှင့်ရဲ့ ရဗူဗီယသ် (ပြုစုပျိုးထောင်မှုစနစ်)သည် ဆန်းကြယ်၊ ထူးကဲ၊ နည်းစနစ်ကျလှတဲ့အတွက် အင်မတန် အံ့သြဖွယ်ဖြစ်တယ်လို့ စတင်အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ သဘောက အလ္လာဟ်ကို ချီးမွမ်းတယ်ဆိုတာဘာလဲ။ ကျွန်တော်တို့နှုတ်က (အလ်ဟမ်ဒုလိလ္လာဟ်) စွဗ်ဟာနလ္လာဟ်စတာတွေ ဖတ်လိုက်ရုံပဲလား။ အလ္လာဟ်ကဘာကိုအသိပေးနေသလဲဆိုရင် (အလ်ဟမ်ဒုလိလ္လာဟ် ရတ်ဗိလ်အာလမီးန်)လို့ပြောပါတယ်။ အဲဒီမှာ အနှစ်သာရတော်တော်ကျယ်ဝန်းပါတယ်။ စကြ၀ဠာခပ်သိမ်းနှင့် လူ့မျိုးနွယ်အသီးသီးလောကခပ်သိမ်းကို ပြုစုပျိုးထောင်တော်မူသော ငါအရှင်၏ နည်းစနစ်ကို အသင်လူသားတို့ လေ့လာကြည့်လိုက်ပါ။ အဲဒီလို လေ့လာကြည့်ကြမယ်ဆိုရင် အဲဒီနည်းစနစ်ရဲ့ထူးခြားမှု၊ ဆန်းကျယ်မှု၊ နည်းစနစ်ကျနတိကျသေချာမှုတေကို အသင်တို့တွေ့ရှိခဲ့မယ်ဆိုရင် တအံ့တသြဖြစ်စေမှာ ဧကန်မလွဲ ပဲဖြစ်ပါတယ်လို့ အလ္လာဟ်က အသိပေးနေခြင်းသာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်ရဲ့အခြားအာယသ်တော်တွေမှာ အလ္လာဟ်အရှင်မြတ်သည် ရ(ဗ္ဗ)ဖြစ်တာနဲ့အညီ ဘယ်လိုအလုပ်တွေကို လုပ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ ဒီစူရာဟ် ဖာသိဟာရဲ့ဒုတိယအာယသ်မှာ ဆက်ပြော ထားတာက (အရ်ရဟ်မာန်၊ အရ်ရဟီးမ်)လို့ ပြောထားပါတယ်။ အရ်ရဟ်မာန်၊ အရ်ရဟီးမ်ကို ကျွန်တော်တို့က မဟာ ကရုဏာတော်ရှင်၊ အလွန်တရာသနားကြင်နာတော်မူသောအရှင်လောက်ပဲ သိနေလေတော့။ အလ္လာဟ်ရဲ့ ရဗူဗီ ယသ်စနစ်ဆီကို မရောက်ဘူးဖြစ်နေတယ်။ အရ်ရဟ်မာန်ဆိုတာက ထူးထူးကဲကဲလုပ်ဆောင်သူကို ထူးထူးကဲကဲ ချီးမြှင့်တဲ့အရှင်ဖြစ်သလို (အရ်ရဟီးမ်)ဆိုတာက ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေကို ချီးမြှင့် တော်မူသောအရှင်ဖြစ်ပါတယ်။ ဒီလိုကရုဏာထားတဲ့အရှင်ဖြစ်တယ်။
နောက် (မားလိကိယောင်းမေ့ဒီးန်) လို့ဖော်ပြပါတယ်။ ကျွန်တော်တို့လောကမှာ ကောင်းတဲ့လူတွေလည်းရှိ တယ်။ ဆိုးတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့်ကောင်းတာကို လုပ်တဲ့သူတိုင်းကောင်းကျိုးကို အပြည့်အ၀မခံစားရ ဘူး။ ဆိုးကျိုးကိုဆောင်ရွက်နေသူတွေဟာလည်း ဆိုကျိုးရဲ့ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မရကြပါဘူး။ ထိုက်သင့်တဲ့ပြစ် ဒဏ် တွေကို ပေးမယ့်၊ ကောင်းကျိုးတွေကို အပြည့်အ၀ချီးမြှင့်မယ့်နေ့ကို စိုးပိုင်တော်မူသောအရှင်ဟာ အလ္လာဟ်ပဲဖြစ်တယ်။ ပြည့်ပြည့်၀၀ကောင်းကျိုးကို ပေးနိုင်သလို၊ ထိုက်ထိုက်တန်တန် ပြစ်ဒဏ်ကိုပေးနိုင်တာ အလ္လာဟ်သာလျှင်ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါဟာ ရဗ်စနစ်ရဲ့အရည်အသွေးတွေဖြစ်ပါတယ်။ စူရာဟ်ဖာသိဟာက ကျမ်းမြတ်ကုရ်အာန်ရဲ့အနှစ်ချုပ်ဖြစ်ပါတယ်။ ပြီးတဲ့ နောက် ရဗ္ဗရဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စူရာဟ် ၂၀ အာယသ် ၅၀ မှာ ဖော်ပြထားတာတင်ပြပါမယ်။
ဒီစူရာဟ် ၂၀ အာယသ် ၅၀ က တမန်တော် မူဆာ(အ)က ဖိရ်အောင်န်ထံသွားပြီး တင်ြပပုံကိုခိုင်းနှိုင်းထား တာပါ။ ဖိရ်အောင်န်ဆိုတာ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်ပြီး သူ့ရဲ့ပြည်သူပြည်သားတွေကို ကျွန်လိုနှိပ်စက်ညှင်းပန်း နေခြင်းဖြစ်တယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေဟာ သူညှင်းပန်းနှိပ်စက်နေတယ်ဆိုတာက်ု သဘောမပေါက် ဘူး။ သူ့ကိုယ်သူလည်း ငါသည်သာ မင်းတို့ရဲ့ပြုစုပျိုးထောင်ရှင် ရဗ္ဗဖြစ်တယ်လို့ ကြေညာခဲ့သူဖြစ်တယ်။ အဲဒီမှာ တမန်တော်မူဆာ(အ)က ဖိရ်အောင်န်ထံသွားပြီးတော့ မင်းတို့ငါတို့ရဲ့ ရဗ်ဆိုတာ အလ္လာဟ်ဖြစ်တယ်။ အဲဒီအရှင်ဟာ အရာခပ်သိမ်းကို အချိုးအစားကျနတဲ့ပုံပန်းသဏ္ဍာန်တွေနဲ့ ဖြစ်ထွန်းပေါ်ပေါက်စေတယ်။ သူဖြစ်ထွန်းပေါ်ပေါက်စေ ထားတဲ့ အရာတွေရဲ့လိုအပ်သမျှကို ဖြည့်ဆည်းပံ့ပိုးပေးထားတဲ့အရှင်ဖြစ်တယ်။ ပြီးတဲ့အခါ သူတို့ဘ၀ရှင်သန်မှု အတွက် လမ်းညွှန်ပေးသောအရှင်လည်းဖြစ်တယ်။
ရဗ်ဆိုရင် အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံနေရမယ်လို့ ပြောပါတယ်။ ရဗ်ဆိုတာ အရာတိုင်းကို ဖြစ်ထွန်း ပေါ်ပေါက်စေထားပြီး၊ ၎င်းတို့၏လိုအပ်ချက်အ၀၀ကိုပါ ဖြည့်ဆည်းပေးထားခြင်းသာဖြစ်တယ်။ ပြီးတော့ ဖြစ်ထွန်း ပေါ်ပေါက်စေထားတဲ့ သက်ရှိသက်မဲ့တွေရဲ့ရပ်တည်မှု၊ ရှင်သန်မှုအတွက် သူကလမ်းညွှန်ပေးတယ်။ ဒါမှသာ ရဗ်ဖြစ်တယ်။ ဒီလိုပဲအလားတူ အာယသ်အဖြစ် စူရာဟ် ၈၇း၂-၃ မှာ အလ္လာဟ်သည် အရာခပ်သိမ်းကို သူ့သဘာဝ နှင့် လိုက်လျောညီထွေသော ပုံပန်းသဏ္ဍာန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေထားပြီး၊ ၎င်းတို့၏စွမ်းရည်ကို သတ်မှတ်ပိုင်း ခြား၍ သူတို့ရဲ့ဘ၀ရှင်သန်မှုအတွက် လမ်းညွှန်တော်မူသောအရှင်ဖြစ်သည် လို့ဖော်ပြထားပါတယ်။
ဒါဟာ ရဗ်ရဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က အရာရာတိုင်းကို သူတို့ရဲ့သဘာဝနဲ့ လိုက်လျောညီထွေတဲ့ ပုံသဏ္ဍာန်နဲ့ဖြစ်ထွန်းပေါ်ပေါက်စေထားတယ်ဆိုရင် ကျွန်တော်တို့က ပတ်ဝန်းကျင်ကို လေ့လာကြည့်ရပါမယ်။ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာတယ်ဆိုတဲ့နေရာမှာ မိမိရဲ့ပတ်ဝန်းကျင်နဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ဆိုလိုချက်တွေ ဟာ ကိုက်ညီမှုရှိရပါမယ်။ မိမိရဲ့ပတ်ဝန်းကျင်မှာ ဖြစ်နေတာနဲ့ ကျမ်းမြတ်ကုရ်အာန်ကပြောထားတာနဲ့ မကိုက်ညီသေးဘူးဆိုရင် ကျမ်းမြတ်ကုရ်အာန်ကို ကျွန်တော်တို့နားလည် သဘောပေါက်မှုလွဲမှားနေပြီဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန်ကို လေ့လာတဲ့သူဟာ သဘောဝပတ်ဝန်းကျင်ကိုလည်း တဆက်တည်းလေ့လာပြီး သားဖြစ်နေရပါမယ်။ အဲဒီလိုမှမဟုတ်ရင် ကျမ်းမြတ်ကုရ်အာန်ရဲ့ဆိုလိုရင်းကို နားလည်သဘောပေါက်မှာ မဟုတ်ပါ ဘူး။ ကျမ်းမြတ်ကုရ်အာန် မပါရင်လည်းသဘာဝပတ်ဝန်းကျင်ကို နားလည်သဘောပေါက်ဖို့ လွယ်မှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ လေထဲမှာ ပျံသန်းနေတဲ့ငှက်တွေကို လေ့လာကြည့်ပါ။ သူတို့လေထဲကို ပျံသန်းနိုင်အောင် သူတို့မှာလိုအပ်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းရှိတယ်။ သူတိုခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးတွေဟာကျန်တဲ့ သတ္တ၀ါတွေရဲ့ အရိုးတွေနဲ့မတူဘူး။ သူတို့ရဲ့ ခန္ဓာ ကိုယ်ဟာ ပေါ့ပါးနေတယ်။ သူတို့မှာပျံသန်းနိုင်တဲ့ အတောင်ပံတွေကို ပိုင်ဆိုင်ထားတယ်။
သားစားသတ္တ၀ါတွေဖြစ်တဲ့ ခြင်္သေ့၊ မိကျောင်း၊ ကျားတွေကို လေ့လာကြည့်ရင် အသားစားနိုင်အောင် သားကောင်တွေကို ဖမ်းယူနိုင်တဲ့စွမ်းအာင်တွေနဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်ပေးထားတယ်။ သန်မာတဲ့ မေးရိုး၊ ခြေ၊ လက်တွေကို ပိုင်ဆိုင်ထားကြတယ်။ အသီးအရွက်စားတဲ့ သတ္တ၀ါတွေကို ကြည့်လိုက်ရင်လည်း အသီး အရွက်တွေကို ကျိတ်ဝါးနိုင်တဲ့သွားတွေ သူတို့ပိုင်ဆိုင်ထားကြတယ်။ ငါးတွေဟာ ရေမှာအသက်ရှင်နိုင်အောင် ပါးဟက်တွေကူးခတ်သွားလာနိုင်တဲ့ အမြှီးတွေရှိတယ်။ ဒီလိုမျိုးသူတို့တွေဟာ သူတို့ရဲကသဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင် ဖော်ဆောင်၊ ဆောင်ရွက်ထားတာတွေ့ရတယ်။
ဒါ့အပြင် ဘယ်သတ္တ၀ါမဆို သူတို့ရှာဖွေစားသောက်နိုင်တဲ့ အရည်အချင်းတွေ၊ သူတို့ရှင်သန်နေထိုင်နိုင်တဲ့ အရည်အသွေး အရည်အချင်းတွေကို သက္ကဒိရ်ထဲမှာထည့်ပေးထားတယ်။ ငှက်တွေဟာ ဘယ်နေရာမှာ အသိုက် ဆောက်ရမယ်ဆိုတဲ့ အသိရှိထားပြီးသား၊ ကျားတွေခြင်္သေ့တွေဟာ ဘယ်နေရာမှာနေရမယ်ဆိုတဲ့အသိရှိပြီးသား။ ကျွန်တော်တို့ ကြက်မကြီးဝပ်တဲ့အချိန်ဘဲဥတွေထည့်ပေးလဲ ဘဲလေးတွေပေါက်လာတော့ ကြက်မကြီးကတော့ သူ့ကလေး ကြက်တွေလို့ထင်ပြီး ထိန်းသိမ်းပေမယ့် ဘဲလေးတွေက ရေကိုမြင်ရင် ကြက်မကြီးကိုထားခဲ့ပြီး ရေထဲ ဆင်းပျော်နေကြတာ မြင်ဘူးကြမှာပါ။ အဲဒီလိုသတ်မှတ်ထားတဲ့ သက္ကဒီရ်တွေက ထည့်ပေးပြီးသား။ ဒါကို ပညာရှိင် တွေက တိရစ္ဆာန်တွေရဲ့ဗီဇဆိုပြီး အနက်ဖွင့်ကြပါတယ်။
အမှန်က ဒါတွေဟာ အလ္လာဟ်ရဲ့ဟေဒါယသ်တွေပဲဖြစ်ပါတယ်။ လူသားတွေ စားဝတ်နေရေးရှာဖွေရန် အတွက် လယ်ယာမြေတွေရှိတယ်။ မြစ်ချောင်းအင်းအိုင်သစ်တောတွေရှိတယ်။ အဲဒီအပြင်လူသားတွေဟာ သူတို့ရဲ့ နဖ်စ်တွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရူဟ်ဆိုတာကို လူသားတွေအတွက်ထည့်ပေးထားပြီး၊ ပြီးတော့နဗီတမန်တော်တွေကို လည်း လူသားတွေထံစေလွှတ်ခဲ့ပြီးတရားလမ်းမှန်တွေပြတဲ့အပြင် ကျမ်းဂန်တွေကိုလည်း ချမှတ်ပေးခဲ့တယ်။ အဲဒီ လိုထိုက်တန်ရာ၊ ထိုက်တန်ရာ ဟေဒါယသ်တွေကို အလ္လာဟ်ကချီးမြှင့်ပေးပြီးဖြစ်တယ်။ ဒါမှသာ ရဗ်ဖြစ်တယ်လို့ ညွှန်ပြနေပါတယ်။ ကျွန်တော်အထက်မှာတင်ပြခဲ့တဲ့ အာယသ်တွေအရဆိုရင် အချက်နှစ်ချက်ကို သတိပြုမိပါတယ်။
(၁) အလ္လာဟ်ရဲ့ ရဗူဗီယသ်နည်းစနစ်ဟာ လှပ၊ ဆန်းကြယ်စနစ်ကျလွန်းလို့ လေ့လာတဲ့သူတိုင်း တအံ့ တသြ ဖြစ်ကြပြီး၊ ချီးမွမ်းထောပနာပြုကြရပါတယ်။ လူကိုလေ့လာသည်ဖြစ်စေ၊ တိရစ္ဆာန်နဲ့သစ်တော အင်းအိုင် မြစ်ချောင်း စတာတွေဟာ တအံ့တသြဖြစ်ရတယ်။ (၂) သက်ရှိသက်မဲ့အားလုံးဟာ ရဗူဗီယသ်နည်းစနစ်အတွင်းမှာ ရှိနေပြီး သူတို့ရဲ့ စွမ်းရည်အသီးသီးကို ကန့်သတ်၊ သတ်မှတ်ထားကာ သူတို့ရဲ့ဖြစ်တည်မှု၊ ရှင်သန်မှုအတွက်လည်း ဟေဒါယသ် လမ်းညွှန်မှုတွေ အသီးသီးရှိနေတယ်ဆိုတဲ့အချက်၊ အဲဒီအချက်နှစ်ချက်ကို အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို သတင်းစကားပါးထားခြင်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ (အလ္လ်ဟမ်ဒုလိလ္လာဟိ ရဗ္ဗိလ်အာလမီးန်)လို့ ဆိုလိုက် တာနဲ့၊ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ကမ္ဘာလောကကြီးကို လေ့လာဖို့၊ လောကအသီးသီးမှာရှိတဲ့ သတ္တဗေဒ၊ မနုဿ ဗေဒ၊ ရုက္ခဗေဒအားလုံးကို လေ့လာရမှာဖြစ်ပြီး၊ လေ့လာခဲ့မယ်ဆိုရင် အလ္လာဟ်ရဲ့ရဗူဗီယသ်စနစ်ကို တအံ့တသြ တွေရှိရမှာဖြစ်ပြီး၊ ကျွန်တော်တို့ပါးစပ်က အလိုလို (အလ်ဟမ်ဒုလိလ္လာဟ်)ဆိုပြီး ရွတ်ဆိုမိမှာဖြစ်ပါတယ်။
ပြီးတဲ့နောက် ကျွန်တော်ဆက်လက်တင်ပြချင်တာက အလ္လာဟ်အရှင်မြတ်က ဒီလိုသတင်းစကားအဖြစ် သူဟာ ရဗ်ဖြစ်တယ်။ စကြ၀ဠာလောကခပ်သိမ်းကို ရဗူဗီယသ်နည်းစနစ်နဲ့ပြုလုပ်ထားပါတယ်လို့ ဖော်ပြအသိပေး ပါတယ်။ ကျွန်တော်တို့က ဒီသတင်းတစ်ခုကို ရပြီဆိုရင် ကုရ်အာန်ကပဲလာလာ၊ အလ္လာဟ်ကပဲပြောတယ် ပြော ပြော၊ တမန်တော်အမိန့်ရှိတယ်ပြောပြော ခိုင်မာမှုရှိမရိဆိုတာ စူးစမ်းလေ့လာဖို့ ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ ကုရ်အာန်ကပြောထားတယ် တမန်တော်ပြောတာဆိုပြီး ယုံလိုက်တာထက် ကိုယ်တိုင်လေ့လာစူးစမ်းလိုက်ရင် ကျွန်တော်တို့ရဲ့ အရည်အသွေးတွေလည်း တိုးတက်မြင့်မားလာမှာဖြစ်တယ်။ သတင်းရဲ့ခိုင်မာမှု အထောက်အထား မပေးနိုင်ရင် ကျွန်တော်တို့ရဲ့ယုံကြည်မှုဟာလည်း ခိုင်မာမှုရှိမှာမဟုတ်ဘူး။ တခြားသူတွေကိုလည်း ဒီသတင်းရဲ့ ခိုင်မာမှု အထောက်အထားကို ပြသနိုင်ရမယ်။
မွတ်ဆလင်မ်တွေအတွက်ကတော့ ခိုင်မာတဲ့သတင်းစကားကတော့ အလ္လာဟ်ထံပါးကလာတယ်။ တမန် တော်မြတ်(ဆွ)ရဲ့စစ်မှန်တဲ့ ဟဒီးစ်တော်ဆိုတာလည်း ကျမ်းမြတ်ကုရ်အာန်ပဲဖြစ်ပါတယ်။ ဒါကို မွတ်ဆလင်မ်တွေ က ယုံကြည်ကြပေမယ့် မယုံကြည်တဲ့သူတွေကိုလည်း ခိုင်မာတဲ့အထောက်အထားပေးနိုင်အောင် ကိုယ်ကိုယ်တိုင် က လေ့လာစူးစမ်းရလိမ့်မယ်။ ဒီလိုမျိုးဖြစ်အောင် ကျွန်တော်တို့အနေနဲ့ အရည်အသွေး၊ အရည်အချင်းတွေ စုစည်း ထားတာဖို့ လိုအပ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကလည်း သူကိုယ်တိုင် အထောက်အထားတွေပေးတဲ့အခါမှာ လူတွေ အလွယ်တကူမြင်လွယ်၊ သိလွယ်တဲ့လောက ကမ္ဘာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေနဲ့ပဲ၊ ရိုးရိုးရှင်းရှင်း အထောက်အထားတွေကို ပေးထားတာတွေ့ရမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဖြစ်ထွန်းပေါ်ပေါက်စေမှု ရဗူဗီယသ်အကြောင်းကို လေ့လာကြည့်မယ်ဆိုရင် ကုရ်အာန်မှာ ရိုးရိုးရှင်းရှင်းလေး အထောက်အထားတွေနဲ့ တင်ပြ ထားတာတွေ့ရမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ကျမ်းမြတ်ကုရ်အာန်ကို မလေ့လာမီအရင် သဘာဝပတ်ဝန်းကျင်ကို ဦးစွာ လေ့လာထားသင့်တယ်လို ထင်မိပါတယ်။ ကမ္ဘာလောက၏ အချို့သောအရပ်ဒေသတို့သည် သဲကန္တရတွေဖြစ်နေ တယ်။ တချို့အရပ်ဒေသတို့သည် ရေခဲတောင်များဖြင့်ဖုံးလွှမ်းနေတယ်။ အချို့ဒေသတွေဟာ သစ်တောကြီးများနှင့် စိမ်းလန်းစိုပြည်နေတယ်။ အရပ်ဒေသအလိုက်သက်ရှိတို့သည် မျိုးချစ်စိတ်တူညီစေကာမူ အသွေးအရောင်တွေ ပုံပန်း သဏ္ဍာန်တွေ ကွဲပြားခြားနားနေတယ်။ လူသားချင်းတူပါလျက်နဲ့ အာဖရိကတိုက်မှာရှိတဲ့လူသားတွေရဲ့ အသား ရောင်ဟာ မည်းနက်နေပေမယ့်၊ ဥရောပနဲ့အအေးပိုင်းဒေသတွေမှာရှိတဲ့ လူသားတွေရဲ့အသားအရောင်ဟာ ဖြူဖွေး နေကြတယ်။ တချို့လူသားတွေရဲ့အသားအရောင်ဟာ အ၀ါရောင်တွေဖြစ်နေကြတယ်။ လူချင်းတူပါလျက်နဲ့ ဘာသာစကားတွေလည်း ကွဲပြားခြားနေကြတယ်။ ခွေးချင်းတူပါလျက်ဝင်ရိုးစွန်းခွေးတွေနဲ့ အပူပိုင်းဒေသကခွေး တွေ ပုံပန်းသဏ္ဍာန်တွေက ခြားနားနေတာကို တွေ့ရမှာဖြစ်ပါတယ်။
အဲဒီလိုအမျိုးမျိုးကွဲပြားခြားနားနေတဲ့ သက်ရှိတွေရဲ့ကွဲပြားခြားနားမှုတွေဟာ အရာခပ်သိမ်းကို သူ့သဘာဝ နဲ့ လက်လျောညီထွေ ပုံပန်းသဏ္ဍာန်တွေဖြစ်ထွန်းပေါ်ပေါက်စေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ထင်ထင် ရှားရှားတွေမြင်ရမှာဖြစ်ပါတယ်။ လေသတ္တ၀ါ၊ ကုန်းသတ္တ၀ါ၊ ရေသတ္တ၀ါတွေကို လေ့လာကြည့်မယ်ဆိုရင် လေတွင် ကျွမ်းကျင်တဲ့ပုံစံ၊ ရေတွင် ကျွမ်းကျင်တဲ့ ပုံစံ၊ ကုန်းပေါ်မှာ ကျွမ်းကျင်တဲ့ပုံစံ၊ အမျိုးမျိုးကွဲပြားခြားနားနေပါတယ်။ အဲဒီ လိုသက်ရှိတွေ ဘယ်လို့ပဲကွဲပြားခြားနားနေပါစေ၊ သက်ရှိတွေအတွက် အလိုအပ်ဆုံးကရေပဲဖြစ်ပါတယ်။ ကျမ်းမြတ် ကုရ်အာန်မှာ သက်ရှိတွေရဲ့အစဟာ ရေကနေဖြစ်ထွန်းပေါ်ပေါက်စေထားတယ်လို့ အလ္လာဟ်အရှင်မြတ်က မိန့်မှာ ထားပါတယ်။ ဒီရေကို ကမ္ဘာလောကကြီးရဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ အလွယ်တကူရရှိနိုင်ပါတယ်။ ဒါက အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးစီမံထားတဲ့နည်းစနစ်ကို မတုပနိုင်တဲ့၊ အင်မတန် အံ့သြဖွယ်ကောင်းတဲ့စနစ်ကြီးကို ရင်သပ်ရှုမောဖွယ်တွေ့ရမှာဖြစ်ပါတယ်။
ရဗ်ရဲ့ ရဗူဗီယသ်စနစ်အတွင်းကနေ သက်ရှိတွေကို ပေးအပ်ချီးမြှင့်ထားမှုတွေကို ကျွန်တော်တို့ သိမြင်ပြီး တဲ့နောက်မှာ ရဗ်ရဲ့အဆင့်ဆင့်ဖြစ်ထွန်းပေါ်ပေါက်မှုတွေကို ဆက်လက်လေ့လာကြည့်မယ်ဆိုလို့ရှိရငိ ကျွန်တော် တို့ နေထိုင်တဲ့ကမ္ဘာကြီးဟာ နေစကြ၀ဠာအတွင်းက ဂြိုဟ်တစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ်ဟာ တခြားဂြိုဟ်တွေနဲ့ မတူညီတဲ့အချက်က ရေပမာဏပါဝင်မှုများပြားခြင်းဖြစ်တယ်။ ကမ္ဘာဂြိုဟ်ရဲ့ ၇၅ %ဟာ ရေတွေဖြစ်တယ်။ ရေပမာ ဏပါဝင်မှု များခြင်းကြောင့် နေစကြ၀ဠာအတွင်းမှာ ကမ္ဘာဂြိုဟ်ဟာ အထူးခြားဆုံးဂြိုဟ်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ လူဦးရေပေါက်ဖွားမှုနှုန်း မြင့်မားလာနေတဲ့အတွက် ပညာရှင်တွေက တခြားဂြိုဟ်မှာ လူတွေနေထိုင်လို့ရအောင် ကြိုးစားနေတာတွေ့ရမှာဖြစ်ပါတယ်။ ဂြိုဟ်တွေမှာ ရေအရင်းအမြစ်တွေ ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုတာ အရင်ဆုံးစူးစမ်းလေ့လာကြပါတယ်။ အဲဒီဂြိုဟ်တွေမှာရှိတဲ့ ရေထုကို ဘယ်လိုနည်းစနစ်နဲ့ အလ္လာဟ်အရှင် ထည့်သွင်းထားသလဲဆိုတာသာ သိရရင်အဲဒီဂြိုဟ်တွေမှာ လူတွေနေလို့ရပြီ။
ပညာရှင်တွေမသိခင်ကတည်းက လူသားရဲ့အစရေကဆိုတာကို အလ္လာဟ်ကကုရ်အာန်မှာ ဖော်ပြထားခဲ့ ပြီးဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က ကမ္ဘာဂြိုဟ်မှာ ရေကိုဖြစ်ထွန်းစေထားရုံသာမက ဒီရေကို ထိန်းသိမ်းမှုစနစ်ကို ပါ ပြဌာန်းထားပြီးဖြစ်တယ်။ ဒီအကြောင်းကို ကုရ်အာန် စူရာဟ် ၁၅ အာယသ် ၂၂ မှာဖော်ပြထားပါတယ်။
`အလ္လာဟ်အရှင်မြတ်သည် မြေသြဇာကောင်းသောလေများကို စေလွှတ်တော်မူ၏။ ၎င်းအပြင် မိုးကောင်း ကင်မှ မိုးကိုရွာသွန်းစေတော်မူ၏။ ထိုမိုးရေကို သင်တို့သောက်သုံးရန်ပေးသနားတော်မူ၏။ လူသားတို့သည် ရေကို ထိန်းသိမ်းသူများမဟုတ်ကြပါ။´ ဒီအာယသ်ကဆိုလိုရင်းမှာ မြေသြဇာကောင်းသောလေ တနည်းအားဖြင့် ၀တ်မှုန် များကို သယ်ဆောင်လာသောလေတွေကို မိုးတိမ်ကိုသယ်ဆောင်တဲ့လေအဖြစ် ပြောင်းလဲပြီး မိုးကိုရွာသွန်းစေ တော်မူတယ်။ မိုးရေကို သောက်သုံးတဲ့ရေချိုအဖြစ် ရွာသွန်းစေတယ်။ ရေကိုမကုန်ခမ်းအောင် အလ္လာဟ်ကပင် ထိန်းသိမ်းထားနိုင်တယ်။ လူသားတွေမဟုတ်ဘူးလို့ဆိုထားပါတယ်။
စူရာဟ် ၃၉ အာယသ် ၂၁ မှာဖော်ပြထားတာက ` အလ္လာဟ်အရှင်မြတ်သည် မိုးကောင်ကင်မှ မိုးကို ရွာချ ပေးတော်မူခြင်းဖြင့် မြေ၌ရှိသော ရေကြောများအတွင်းသို့ဝင်သွားစေသည်ကို အသင်တို့ စူးစမ်းလေ့လာ သိကြပါ သလော။´ ကုရ်အာန် ၅၀း၉ မှာ
`ရှင်သန်ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်စေသော ရေ(ဘရကသ်ရှိသောရေ) ကို အလ္လာဟ်သည် မိုးတိမ်မှ အလီလီ ရွာသွန်းစေတော်မူခဲ့၏။ ယင်းရေသည် ဥယျာဉ်များ ဖြစ်ပွားစေသောအပင်များ၏ အစေ့များ နှင့်ရိတ်သိမ်းယူရသော ကောက်ပဲသီးနှံများ၏ အစေ့များကို ပေါက်ရောက်စေတော်မူခဲ့သည်။´ စူရာဟ် ၂၅ အာယသ် ၄၉ မှာလည်း
`အလ္လာဟ်သည် သွေ့ခြောက်နေသော မြို့၊ ရွာ၊ တိုင်းနိုင်ငံများကို ရေဖြင့်စိမ်းလန်းစိုပြေစေရန် လည်းကောင်း၊ မြောက်များစွာသော ကုလားအုပ်၊ ကျွဲ၊ နွားစသော ခြေလေးချောင်းသတ္တ၀ါများနှင့်လူတို့ သောက် သုံးရန်အတွက်လည်းကောင်း၊ စင်ကြယ်သန့်ရှင်းသော မိုးရေကို ရွာသွန်းစေတော်မူခဲ့သည်။ လို့ဖော်ပြထားပါတယ်။ စူရာဟ် ၂၅ အာယသ် ၅၀ မှာဖော်ပြထားတာက
`ငါအရှင်က ထိုရေကို ၎င်းတို့ကြားဝေငှပေးတော်မူခဲ့သည်။´လို့ ဖော်ပြထားပါတယ်။ ယခုကျွန်တော် တင်ပြခဲ့တဲ့ အာယသ်တော်တွေကိ မိုးရွာသွန်းစေတဲ့ မိုးတိမ်တွေကို လေတွေက သယ်ဆောင်လာပြီး အလ္လာဟ် အလိုရှိတဲ့ အရပ်ဒေသတွေမှာ မိုးရေကို ရွာသွန်းစေတော်မူတယ်။ ဒီမိုးတွေရဲ့အကျိုးဆက်ကြောင့် ကျွန်တော်တို့ သောက်သုံးဖို့ရေချိုတွေကို ရရှိတယ်။ ကောင်းကင်က ရွာသွန်းတဲ့ မိုးရေဟာမြေကြီးအတွင်းဝင်ရောက်ပြီး မြေအောက်ရေကြောင်းကြီးများကို ဖြစ်ထွန်းစေတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေကို ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ စီးဆင်းဝင်ရောက်စေခြင်းဖြင့် သက်ရှိများနေထိုင်ရာ ကမ္ဘာဂြိုဟ်မှာ ရေအရင်းအမြစ်များ မပျောက်ပျက် သွားအောင် ထိန်းသိမ်းထားတဲ့ အလ္လာဟ်ရဲ့ရဗူဗီယသ်နည်းစနစ်ကို ရိုးရှင်းစွာဖော်ပြထားပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူလေ့လာလို့ ရပါတယ်။
ဆက်လက်ပြီး ဒီမိုးရေရဲ့အကျိုးဆက်ကြောင့် သက်ရှိတွေရဲ့စားနပ်ရိက္ခာတွေဖြစ်တဲ့ သစ်သီးဝလံ၊ ပန်းမန် များဖြစ်ထွန်းစေမှု၊ လူသားတို့ရဲ့စားနပ်ရိက္ခာတစ်မျိုးဖြစ်တဲ့ ခြေလေးချောင်းသတ္တ၀ါများရဲ့ ရှင်သန်စေမှုတွေကို ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုသတင်းစကားပါးထားသလဲဆိုရင် ရေကိုအလိုရှိနေသော ရုက္ခလောက တိရစ္ဆာန် လောက၊ မနုဿလောကမှာရော အသိဥာဏ်ကင်းမဲ့သော တိရစ္ဆာန်တိုင်းအတွက်ရော လောကကမ္ဘာကို စီမံခန့်ခွဲ ပိုင်ခွင့်ရရှိထားတဲ့ ကျွန်တော်တို့ မနုဿလူသားတွေအတွက်ရော ဘယ်လိုအရပ်ဒေသမျိုးမှာမဆို ရေကိုအလွယ် တကူရရှိနေတာဟာ အလ္လာဟ်ရဲ့ရဗူဗီယသ်နည်းစနစ်ကြောင့်ဆိုတာကို မှန်ကန်စွာရှုမြင်သုံးသပ်သူ မည်သူမဆို ၀န်ခံကြရမှာဖြစ်ပါတယ်။
တိုက်ခတ်သောလေ၊ မိုးရေကို သယ်ဆောင်ထားသောမိုးတိမ်မှရေချို၊ ၎င်းမိုးရေမှဖြစ်ထွန်းလာသော သစ်သီးဝလံပန်းမန်များနှင့် ရေချိုကိုသောက်သုံးပြီး ရှင်သန်ရပ်တည်နေသော တိရစ္ဆာန်များကို ဖော်ပြထားတာ တွေဟာ လေ၊ ရေ၊ စားနပ်ရိက္ခာတို့ရဲ့ ဆက်စပ်နေတဲ့ဂေဟစနစ်ကြီး ဟန်ချက်ညီမှုကို မီးမောင်းထိုးပြထားပါတယ်။ ဒီလို အကျိုးပြုစေသော ရေသံသရာလည်ပုံကို ဖြစ်ထွန်းပေါ်ပေါက်စေသောအရှင်သခင်ဟာ ရဗူဗီယသ်စနစ်တို့ရဲ့ အရှင်သခင်ရဗ်ပဲဖြစ်ပါတယ်။ လူသားတွေရဲ့စွမ်းဆောင်ချက် မဟုတ်ဘူးဆိုတာကို သတိပြုမိစေဖို့လည်း အလ္လာဟ်က သတိပေးထားပါတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၅၆ အာယသ် ၆၉ မှာ အခုလိုမေးခွန်းထုတ်ထားတာကို တွေ့ရှိရပါတယ်။ `ထိုရေကို အသင်လူသားတို့က မိုးတိမ်မှ ရွာသွန်းစေခဲ့လေသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်က ရွာသွန်းစေတော်မူခဲ့သလော။´ (၅၆း၆၉) ဒီအာယသ်တော်ကို ဖတ်မိတဲ့ အချို့သောသူတွေက အလ္လာဟ် က ကြွားတယ်လို့ဝေဖန်တဲ့ လူတွေလည်းရှိပါတယ်။ ယနေ့ခေတ်မှာတော့ လူသားသည် သိပ္ပံနည်ဖြင့်မိုးတု ရွာအောင်လုပ်နိုင်ပြီဖြစ်သည်။ သို့သော် ရဗူဗီယသ်နည်းစနစ်၏ အရှင်သခင်ရဗ်ကဲ့သို့ ပင်လယ်မှရေများကို အငွေ့ပျံ စေပြီး၊ မိုးတိမ်များဖြစ်စေခြင်း၊ မိုးတိမ်များကို လေဖြင့်ရွေ့လျားစေပြီး လိုအပ်သောနေရာများတွင် မိုးရွာစေခြင်းကို ဖြစ်ပေါ်စေနိုင်သည်မဟုတ်ပဲ၊ မိုးရွာနိုင်ခြေရှိသောမိုးတိမ်ရှိမှ တစ်နည်းအားဖြင့် မိုးရွာအောင်ရင့်ကျက်မှုရှိနေသော မိုးတိမ်ရှိမှသာလျှင် သိပ္ပံပညာရှင်တို့က မိုးရွာအောင်လုပ်နိုင်ခြင်းဖြစ်သည်။ တကယ်လို့သာ လူသားသိပ္ပံပညာရှင် တွေက အမှန်တကယ်မိုးတုရွာချနိုင်တဲ့ စွမ်းအားရှိမယ်ဆိုရင် ကမ္ဘာပေါ်မှာ သဲကန္တာရဆိုလည်း ဒီကနေ့ရှိတော့မှာ မဟုတ်ပါ။ တကယ်တော့ မိုးတိမ်မရှိပဲနဲ့ မိုးရွာချအောင် မလုပ်နိုင်ပါဘူး။
မိုးရွာနိုင်သည့် အခြေအနေ အချိန်အခါမရှိသ၍ မိုးရွာအောင်မည်သည့် လူသားပညာရှင်ကမှ မလုပ်နိုင်ပါ။ မိုးရွာချင်တိုင်းရွာအောင် မလုပ်နိုင်သေးပါ။ ထို့ကြောင့် အမေရိကန်နှင့်ရုရှားနိုင်ငံတို့တွင်လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံတို့တွင်လည်းကောင်း တောမီးများလနှင့်ချီလောင်နေခြင်းကို မိုးတုရွာစေခြင်းဖြင့် ဟန့်တားနိုင်ခြင်းမရှိသေးပါ။ လူသားတွေရဲ့စွမ်းဆောင်ရည်နည်းပါးမှုကို အလ္လာဟ်အရှင်က ပြသခြင်းသာဖြစ်ပါတယ်။ လူသားများဟာ ရာသီ ဥတုထိန်းချုပ်ရန် ဆိုသည်မှာ စိတ်ကူးယဉ်အဆင့်မျှသာရှိပါသေးတယ်။ သဘာဝတရားကို ထိန်းချုပ်ဖို့လူတွေက ကြိုးစားနေတယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ရဗူဗီယသ်နည်းစနစ်ကို လူသားတွေက လိုက်မတုနိုင်တာရှိ ပေမယ့် လူသားတို့၏လက်ချက်ကြောင့် ယိုယွင်းပျက်စိးနိုင်ကြောင်း ထိုလုပ်ဆောင်ချက်၏ဆိုးကျိုးများကို လူသား တို့ ခံစားစေမည့်စနစ်ကို ပြဌာန်းထားပါတယ်။
ယခုအခါ ရာသီဥတုတွေဖောက်ပြန်နေခြင်းသည်ပင် လူသားတို့၏ လက်ချက်ကြောင့်ပဲဖြစ်တယ်။ လူတွေ က လိုအပ်တာထက်ပိုပြီး ဇိမ်ခံပစ္စည်းတွေသုံးစွဲမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေများလာပြီး အလ္လာဟ် စီမံ ထားတဲ့ ရဗူဗီယသ်နည်းစနစ်ကို အခက်အခဲဖြစ်စေတာဖြစ်တယ်။ ဒါကို အလ္လာဟ်အရှင်မြတ်က သတိပေးသော အားဖြင့် ကုရ်အာန် ၃၀း၄၁ မှာ သတိပေးဖော်ပြထားတာက `လူသားတို့၏ လက်ချက်ကြောင့် ကုန်းပိုင်း၊ ရေပိုင်း တွင် ပျက်စီးမှုများ ပေါ်ပေါက်နေချေပြီ။ ၎င်းလုပ်ဆောင်ချက်များ၏ အကျိုးဆက်အချို့ကို လူသားတို့ မြည်းစမ်းရစေ အံ့။ သို့မှသာ ၎င်းတို့သည် အဖျက်လုပ်ရပ်များကို ရှောက်ကြဉ်ပြီး အလ္လာဟ်၏စီမံမှု ဥပဒေသများကို လေးစားလိုက် နာလာကြပေမည်။´(၃၀း၄၁)
လူသားတွေဟာ စီမံခန့်ခွဲပိုင်ခွင့်ရရှိထားတဲ့ ခလီဖာတွေဆိုပေမယ့် စည်းမဲ့ကမ်းမဲ့ပရမ်းပတာတွေ လုပ်နေ ရင် လူသားတွေအတွက် အခက်အခဲအကျပ်အတည်းဖြစ်စေတဲ့နည်းနဲ့ သတိပေးနှိုးဆော်ခြင်းဖြစ်တယ်လို့ ဖော်ပြ ပါတယ်။ အလ္လာဟ်ရဲ့ရဗူဗီယသ်နည်းစနစ်ကြီးကတော့ ဘယ်သောအခါမှ ပျက်မှာမဟုတ်ပါ။ ဒီရဗူဗီယသ်စနစ်ကို စနစ်တကျ စည်းကမ်းနဲ့အညီမသုံးဘူးဆိုရင် လူသားတွေပဲ ဒုက္ခရောက်စေမှာဖြစ်ပါတယ်။ အဲဒီဒုက္ခတွေရောက်လာ မှသာ လူသားတွေအနေနဲ့ကလည်း စည်းကမ်းနဲ့အညီ သုံးစွဲဖို့အသိတရား၊ သတိတရားတွေ ရလာမှာဖြစ်တယ်။ ဒါကြောင့် ယခုအချိန်မှာ လူသားတွေဟာ သဘာဝပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုကို ငါတို့ထိန်းသိမ်းရမှာပါလား ဆိုတဲ့ အသိတွေရလာကြပါတယ်။
အလ္လာဟ်က ကောင်းကင်ကနေ သောက်သုံးနိုင်တဲ့ရေချိုကို ရွာသွန်းပေးတယ်။ သို့သော် လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေကို လေထုထဲပရမ်းပတာ ထုတ်လွှတ်မှုတွေကြောင့် အချို့ဒေသများမှာ အက်ဆစ်မိုးများအဖြစ် ပြောင်းလဲပြီးလူသားတွေကို ဒုက္ခခံစားစေပါတယ်။ မိမိတို့ လူမျိုးစုတစ်ခုတည်း မိမိတို့ဒေသ တစ်ခုတည်းရဲ့ ကောင်းကျိုးကိုသာ ကွက်ကြည့်ပြီး ရေကာတာတွေကို ပရမ်းပတာတည်ဆောက်မှုကြောင့် မြစ်ချောင်း၊ အင်းအိုင်များ တိမ်ကောမှုကိုဖြစ်စေတဲ့ ဆိုးကျိုးကိုခံစားစေပါတယ်။ ဇိမ်ခံပစ္စည်းများကို အလွန်အကျွံ သုံးစွဲမှုက အိုဇုန်းလွှာအပေါက်ကြီးကို ဖြစ်ပေါ်စေပြီး ကမ္ဘာကြီးကို ပူနွေးလာစေကာ ရေခဲတောင်များ အရည်ပျော်စေ ပြီး၊ ရေကြီးမှု၊ တောမီးလောင်မှု ရောဂါဘယထူပြောလာမှုတွေ ဖြစ်ပေါ်စေပါတယ်။
အဲဒီအခါကျမှသာ လူသားတွေအထိတ်တလန့်ဖြစ်ပြီး သဘာဝရဲ့ဟန်ချက်ညီမှုကို ဖြစ်ပေါ်စေတဲ့ ရဗူဗီယသ် နည်းစနစ်တွေအတိုင်း လိုက်နာနေထိုင်ကြဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးကိစ္စတွေ ဆောင်ရွက် ပြီး၊ အလ္လာဟ်စီမံမှုဥပဒေသတွေကို လေးစားလိုက်နာဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အလ္လာဟ်အရှင် မြတ်ရဲ့ ရဗူဗီယသ်နည်းစနစ်ကို သိရှိနားလည်သဘောပေါက်ပြီး စည်းကမ်းတကျနေထိုင်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း ရပ်နားလိုက်ပါတယ်။