ဆွီယာမ်ကပေးသော လူသား၏ဖွံ့ဖြိုးတိုးတက်မှု ဒေါက်တာ အေးမင်းထွန်း(B.D.S)

ဆွီယာမ်ကပေးသော လူသား၏ဖွံ့ဖြိုးတိုးတက်မှု

ဒေါက်တာ အေးမင်းထွန်း(B.D.S)

လေးစားအပ်ပါသော ဤဗလီဝတ်ကျောင်းတော်သို့ ကြွရောက်လာကြတဲ့ ယုံကြည်သူ မွတ်ဆလင် အမျိုးသား အမျိုးသမီးအပေါင်းတို့ ခင်ဗျား

အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု

          ဒီကနေ့ခရစ်သက္ကရာဇ် 2019ခုနှစ် မေလ3ရက် ဟစ်ဂျရီ သက္ကရာဇ် 1440 ခုနှစ် ရှာဗန်လ 27 ရက်နေ့
ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွန်ဂျွမ္မာမှာတည်ငြိမ်အေးချမ်းစွာနဲ့ အေဘာဒသ်ပြုလုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ အားလုံးအနေနဲ့ ပထမဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုရမှာ ဖြစ်ပါတယ်။ ဒ့ီအပြင်ကျွန်တော့်အား မွေးဖွားသန့်စင် ပြုစုပျိုးထောင် သွန်သင်ဆုံးမပြီး အသိပညာ၊ အတတ်ပညာတို့ကို လွတ်လပ်စွာ သင်ယူခွင့်ပြုခဲ့တဲ့
ကျွန်တော့ရဲ့မိဘနှစ်ပါးကိုလည်းကောင်း၊ အာရဗီဘာသာနဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို စနစ်တကျ နားလည် သဘောပေါက်လာအောင် သင်ကြားပေးခဲ့တဲ့၊ သင်ကြားပေးလျှက်ရှိတဲ့ ဆရာများအားလုံးကိုလည်းကောင်း
ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကပေးတဲ့ အသိပညာတွေကို ပြန်လည်ဟောကြား တင်ပြ ခွင့်ပြုခဲ့တဲ့ဤဗလီဝတ်ကျောင်းတော်မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ဤဗလီဝတ်ကျောင်းတော်သို့ ကြွရောက်အားပေးချီမြှင့်ကြတဲ့ ဂျမာအသ်ဝင် အမျိုးသား အမျိုးသမီး များအားလုံးကိုလည်းကောင်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်

ဒီကနေ့ ကျွန်တော်တင်ပြမယ့် ခေါင်းစဉ်ကတော့“ဆွီယာမ်ကပေးသော လူသား၏ ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်ပါ တယ်။ကျွန်တော့အနေနဲ့ ဒီခေါင်းစဉ်ကို ရွေးချယ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အနည်းငယ်တင်ပြချင်ပါတယ်။

ကမ္ဘာ့လူသားအားလုံးအတွက် ဘဝလမ်းညွှန်ချက်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန် ကျရောက်ခဲ့တဲ့ ရမ်ဇာန် လမြတ်ရောက်ခါနီး အခုလိုအချိန်ယုံကြည်သူမွတ်ဆလင်အားလုံးက အလ္လာဟ်ရှင်မြတ်ကို အေဘာဒသ် လုပ်ဖို့ ဆန္ဒအပြင်းပြဆုံး အခုလိုအချိန်မှာ ယုံကြည်သူမွတ်ဆလင်အားလုံးအနေနဲ့ အစ္စလာမ့်အဓိက မဏ္ဍိုင်ကြီး
(၅)ခုထဲမှာ(၁)ခုဖြစ်တဲ့ ဆွီယာမ်တည်ဆောက်ခြင်း အေဘာဒသ်ကိုလည်း ပိုမိုလေးနက်စွာ ပြုလုပ်ဆောင်ရွက်နိုင်ပြီး အဲဒီ့အေဘာဒသ်ရဲ့အကျိုးကျေးဇူးတွေကို ပိုမိုထိရောက်စွာ ရရှိနိုင်ရန်ရည်ရွယ်ပါတယ်။

ဦးစွာပထမဆွီယာမ်ရဲ့ အဘိဓာန်ကဖော်ပြတဲ့ ရင်းမြစ်အဓိပ္ပါယ်နဲ့ ကျမ်းတော်မြတ်ကုရ်အာန်က ညွှန်ပြတဲ့ ဆိုလိုရင်းအနက်အဓိပ္ပါယ်တွေကို ကျွန်တော်လေ့လာထားသလောက် တင်ပြချင်ပါတယ်။

Lughat–Ul–Quran အတွဲ 3 စာမျက်နှာ 44,45အရ ဆွီယာမ်၏ ရင်းမြစ်စကားလုံးကို လေ့လာ ကြည့်မယ်ဆိုရင် To stop ရပ်တန့်သည်။To obstain မပြုလုပ်ဘဲနေသည်။ (အကယ်၍အပြုခံသဘော သုံးစွဲရင်)                         
(passive voice)   To be prevented   တားမြစ်ပိတ်ပင် ခံရသည်ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါမယ်။        

ဥပမာအားဖြင့်စကားလုံးအချို့ကိုလေ့လာကြည့်မယ်ဆိုရင်

Stopped talking (စကားပြောနေရာမှ) ရပ်တန့်ခဲ့သည်။

Abstained from wedlock (နေကာဟ်)မပြုလုပ်ဘဲ နေသည်။

The place tostand ရပ်ရန်နေရာ စသည်ဖြင့် တွေ့ရှိရပါတယ်။ ဒီအဘိဓာန်က ဖော်ပြတဲ့ ဆွီယာမ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ခြုံငုံသုံးသပ်ခြင်းအားဖြင့် (တနည်းဆိုရရင်)သူ့ရဲ့ရင်းမြစ်အဓိပ္ပါယ်ဟာ တစုံတရာကို ပြုလုပ် နေရာမှရပ်တန့်လိုက်ခြင်း၊ မပြုလုပ်သေးဘဲနေခြင်း၊ မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခံရခြင်း၊ အနက်သဘောကို ပြနေ တယ်ဆိုတာ သိနိုင်ပါတယ်။

ဒီအပြင်အဲဒီ့စာမျက်နှာမှာပဲ ဆွီယာမ်ရဲ့သဘောကို Englishရှင်းလင်းချက်အရ ဖော်ပြထားတာကို ဆက် လက် လေ့လာကြည့်မယ်ဆိုရင်

“Fasting is actually a sort of military training for making the momineenbearing the difficutties of Jihad which is the struggle for estabishing Allah’s way of Life”

ဆိုတော့ မြန်မာလိုပြောမယ်ဆိုရင် “ဆွီယာမ် တည်ဆောက်ခြင်းဟာလေ တကယ်တော့ မိုမင် ယုံကြည်သူ တို့ အတွက် လူ့ဘဝရှင်သန်မှုကို အလ္လာဟ်လမ်းညွှန်ချက်အတိုင်းထူထောင်ရာမှာ တွေ့ကြုံလာရမယ့် အခက်အခဲ တွေကို ရင်ဆိုင်ရုန်းကန်ကျော်ဖြတ်နိုင်ရန် စနစ်တကျလေ့ကျင့်ပြင်ဆင်ပေးတဲ့ တပ်မတော် လေ့ကျင့်ရေးတခု သဖွယ်ဖြစ်တယ်” လို့အဓိပ္ပါယ်ရပါတယ်။ ဒီ English ရှင်းလင်းချက်အရ စဉ်းစားကြည့်မယ်ဆိုရင် ဆွီယာမ်တည် ဆောက်ခြင်း အေဗာဒသ်ဟာ ဘာနဲ့အလားသဏ္ဍန်တူနေလဲဆိုတော့ စစ်သားကောင်းတစ်ယောက်က သူ့ရဲ့ ကိုယ် ခန္ဓာကျန်းမာကြံ့ခိုင်ဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားထက်မြက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်/ရည်စူးချက် (ကိုယ့်ရဲ့ အဓိက နိယသ်) ဆီရောက်အောင် ဆောင်ရွက်ရာမှာ စနစ်တကျ လုံ့လဝီရိယရှိရှိနဲ့ တွေ့ကြုံလာရတဲ့ အခက်အခဲ တွေအပေါ်မှာ ဆွဗရ်တရားကိုရင်မှာထားပြီး ကြံ့ကြံ့ခံမယိမ်းမယိုင် မဆုတ်မနစ်ပဲ အထက်အမိန့်ကို မြေဝယ်မကျ ကျိုးနွံနာခံပြီးတော့ လေ့ကျင့်ကြိုးစားအားထုတ်ခြင်း အေဗာဒသ်နဲ့ အနက်သဘော တူညီတယ် ဆိုတာကို ထင်ထင် ရှားရှားသိမြင်နိုင်ပါတယ်။

ဒီအပြင် ကျွန်တော့်ခွသဗဟ်အစမှာ ရွတ်ဖတ်ခဲ့တဲ့ ကျမ်းတော်မြတ် ကုရ်အာန်[ဆူရာ 2: အာယသ် 183] အရဆွီယာမ်ရဲ့ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုလေ့လာကြည့်ကြပါစို့။

မြန်မာဘာသာပြန်မှာတော့ အခုလိုဖေါ်ပြထားပါတယ်။

“အို မုအ်မင်န်ယုံကြည်ခြင်း သဒ္ဓါတရားရှိကြကုန်သောသူအပေါင်းတို့ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထက်အရင် ရှိခဲ့ကြသောသူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန်ပညတ်တော်ကို  ပြဌာန်းတော်မူသကဲ့ သို့ပင်အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဌာန်းအတည်ပြုတော် မူခဲ့လေပြီ။ ဤသို့ ဆွီယာမ်ဥပုသ်သီလဆောက်တည်ကြလျှင် အသင်တို့သည် ပြစ်မှုဒုစရိုက်ကို ရှောင်ကြဉ်သူများဖြစ်ကြရာ၏” ဆိုပြီးဖော်ပြထားပါတယ်။

ဒီအာယသ်တော်ရဲ့ နောက်ဆုံးအပိုင်းနဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြချင်ပါတယ်။ အဲ့ဒါကတော့

မြန်မာအဓိပ္ပါယ်အရဤသို့ ဥပုသ်သီတင်းဆောက်တည်မှသာလျှင် အသင်တို့သည် ပြစ်မှုဒုစရိုက်ကို ရှောင်ကြဉ်သူများဖြစ်ကြရာ၏”ဆိုတဲ့ အပိုင်း လေးပါ။ တနည်းပြောရရင် “ဆွီယာမ်” ပြုရင် “သက္ကဝါရှိမယ်”လို့
အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် မိန့်မှာထားတာဖြစ်ပါတယ်။ ဒီတော့ “သက္ကဝါ” ဆိုတာကို သိဖို့လိုလာပါပြီ။

Lughat-Ul-Quran အတွဲ 4 စာမျက်နှာ 248 အရ –

“သက္ကဝါ”ရဲ့ရင်းမြစ်စကားလုံးကို လေ့လာကြည့်မယ်ဆိုရင်  To protect something- (တစုံတရာ) ကာကွယ်သည်။ To oversee and supervise  -ကြီးကြပ်သည်။ To save one     – ထိခိုက်နာကျင်စေသော တစုံ တရာမှ) from harmful and painful thing ကယ်တင်သည်။ ဆိုပြီးဖော်ပြထားတာကို တွေ့ရပါမယ်။

ဒီအပြင် Carefulness- ဂရုစိုက်မှု။ A preservative    –  ရည်ရှည်တည်တံ့စေသောအရာ ဆိုတဲ့ အဓိပ္ပါယ် အရ လည်း သုံးနှုန်းတာမျိုးရှိပါတယ်။ ဥပမာအားဖြင့် စကားလုံးအချို့ကို လေ့လာကြည့်မယ်ဆိုရင် Protect yourself from hellfire(ငရဲမီးလောင်ကျွမ်းခြင်းမှ)(ကိုယ့်ကိုယ်ကို) ကာကွယ်သည်။

[ Observe the laws of Allah] Oversee,obey them and live according to them (အလ္လာဟ်အရှင်မြတ်၏ ဥပဒေများကို) ကြီးကြပ်လိုက်နာပြီ။ (အဲ့ဒီဥပဒေအတိုင်း) ဘဝနေထိုင်သည်။

Protector မြင်းကုန်းနှီး။ ဒီအဘိဓာန်ကဖော်ပြတဲ့“သက္ကဝါ”ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ဒီအာယသ်တော်မှာ ဆွီယာမ်နဲ့ တွဲဖက် သုံးနှုန်းထားပြီး၊ ရလာတဲ့သတ္တဝါရဲ့ အနက်အဓိပ္ပါယ်တို့ကို ကြည့်ခြင်းအားဖြင့် အခုလိုခြုံငုံ သုံးသပ်မိပါတယ်။

မိုမင်န်ယုံကြည်သူတို့ဟာ အလ္လာဟ်အရှင်မြတ် ပြဌာန်းထားသည့်အတိုင်း ဆွီယာမ်တည်ဆောက်ခြင်း အေဗာဒသ်ကို ပြုလုပ်မယ်ဆိုရင် အကြင်မိုမင်န်ယုံကြည်သူတို့ဟာ (မကောင်းသော တစုံတရာ၊ ပြစ်မှုဒုစရိုက်၊                 ရှရ်ရွန် ဆိုသောအရာမှ)ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ်။ (ထိခိုက်နာကျင်စေသောတစုံတရာမှ) ကိုယ့်ကိုယ်ကို ကယ်တင်နိုင်မယ်) (အလ္လာအ၇ှင်မြတ်ရဲ့ဥပဒေသများကို) ကြီးကြပ်စီစစ်လိုက်နာကျင့်သုံးနိုင်ပြီး (အဲ့ဒီဥပဒေသ တွေနဲ့အညီ)ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်နိုင်မယ်ဖြစ်ကြောင်း အာမခံံချက်ပေးနေတာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အခိုင်အမာယုံကြည်မိပါတယ်။

မိုမင်န်ယုံကြည်သူအမျိုးသားအမျိုးသမီးအပေါင်းတို့ခင်ဗျား………
အခုလို ကျွန်တော့်ယုံကြည်ချက်ကိုခိုင်မာစေတဲ့ အာယသ်တော်တခုကို တင်ပြခွင့်ပြုပါ။ ကျမ်းမြတ်ကုရ်အာန် (ဆူရာ ၂:အာယသ် ၅) မှာပါ။ မြန်မာဘာသာပြန်အရ

“အသင့်အား လိုလေသေးမရှိ ပြုစုပျိုးထောင်ရှင် အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ ဥပဒေသလမ်းညွှန် ချက်အပေါ်မှာရှိတဲ့ အကြင်သူတို့သည် လူ့ဘဝဖွံံ့ဖြိုးတိုးတက်အောင်မြင်ကြသူများ ဖြစ်ကြသည်”ဆိုပြီး ဖော်ပြထား တာကို တွေ့ရပါမယ်။

မိုမင်န်ယုံကြည်သူတစ်ဦးအနေနဲ့ ကျမ်းတော်မြတ်ကုရ်အာန ်(ဆူရာ၂:အာယသ် ၅)တကယ်ပဲ ခိုင်ခိုင်မာမာ ယုံကြည်တယ်ဆိုရင် အဲ့ဒီအလ္လာဟ်လမ်းညွှန်ချက် ဥပဒေသအတိုင်း ဆွီယာမ်တည်ဆောက်ခြင်း(အေဗာဒသ်) အားဖြင့် လူ့ဘဝဖြစ်တည်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်ဆိုတာကို မလွဲမသွေ လက်ခံ ရမှာပါ။ ဒီလိုပဲ အဲ့လိုပြုစုပျိုးထောင်ကြမယ့်သူတွေဟာ လူ့ဘဝဖြစ်တည်မှုသဘောတရားအရ လူသားတစ်ဦးဟာ
မည်သို့မည်ပုံဖွံ့ဖြိုးတိုးတက်လာတယ်။ [သို့မဟုတ်] ဖွံံ့ဖြိုးတိုးတက်ဖို့ မည်သို့မည်ပုံ ပြုစုပျိုးထောင်ရမယ်ဆိုတာကို သိကိုသိရပါမယ်။ ကျွန်တော်လေ့လာဖတ်မှတ်ထားသလောက် တင်ပြရမယ်ဆိုရင် လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဖြစ်တဲ့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ လိုအပ်သလို နာမ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားထက်မြက်ဖို့လဲ လိုအပ်ပါတယ်။ အဲ့ဒီနှစ်ခုဟာလဲ အပြန်အလှန် အကျိုးသက် ရောက်နေပါတယ်။ fasting (ဆွီယာမ်)နဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေကို (၂-၅-၂၀၁၉)ထုတ် ကြေးမုံနေ့စဉ်ထုတ် သတင်းစာမှာ ဆောင်းပါးပါတယ်။ လေ့လာနိုင်ပါတယ်။

ကျွန်တော့်အနေနဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်တဲ့ အားလျော်စွာ ဆေးပညာရှုထောင့်အရ မိုမင်န် ယုံကြည်သူတွေဟာ ဆွီယာမ်ဥပုသ်သီလဆောက်တည်ခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်တဲ့
ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာပုံကို ကျွန်တော်လေ့လာထားသလောက် စတင်ပြီးတင်ပြလိုပါတယ်။

ပထမဆုံးအနေနဲ့အစာချေစနစ်(digestive system)အကြောင်း လေ့လာကြည့်ရအောင် အစာချေစနစ် တစ်ခုလုံး ပုံမှန်အားဖြင့် အချိန်ပြည့်မနားတမ်း အလုပ်လုပ်နေရပါတယ်။

သွားနှင့်ခံတွင်းက အစာချေတယ်။အစာပို့တယ်။ အစာချေရည်ထုတ်တယ်။ လည်ချောင်းနှင့် အစာရေမြို ကလည်း အစာပို့ပေးတယ်။ စာအိမ်နှင့် အူသိမ်အူမတွေကလည်း  အစာချေတယ်။ အစာပို့တယ်။ အစာချေရည် ထုတ်ပေးတယ်။အလုပ်အများဆုံးကတော့ အသည်းပဲ သည်းနှင့်သည်းခြေ အစာချေဖျက်ဖို့အတွက် သည်းခြေရည် ထုတ်ပေးတယ်။ ဒီအပြင်အသည်းက         အစားအသောက်မှာပါတဲ့ အဆိပ်အတောက်ဖျက်စီးပေးတယ်။ ပိုလျှံတဲ့ အဟာရဓါတ်များကို အရန်အဟာရအဖြစ် ပြုပြင်ပြောင်းလဲသိုလှောင်ပေးတယ်။ ရောဂါပိုးတွေကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံဓါတ်များထုတ်ပေးတယ်။ (ကုန်ကြမ်းပိုထုတ်ပေးခြင်းဖြင့်) ရိုးတွင်းချဉ်ဆီဖြစ်တည်မှု (bone marrow formation)ကိုအားပေးတယ်။ အဲဒီလိုမျိုး အသီးသီးတာဝန်ရှိကြပါတယ်။

အဲ့ဒီအစာချေစနစ်တစ်ခုလုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးဟာမိမိတို့ရဲ့ဖော်ပြပါတာဝန်အသီးသီးကို ထမ်းဆောင်ဖို့အတွက် အမြဲတမ်းအသင့်အနေအထားမှာ သတိရှိနေပါတယ်။ အထက်အမိန့်ကို စောင့်နေတဲ့ စစ်သားလိုပေါ့ဗျာ။ အမိန့်ရတာနဲ့အလုပ်လုပ်တယ်။ 100mg ဆိုတဲ့အစာဟာ အစာချေစနစ်ထဲ စရောက်တာနဲ့
အစိတ်အပိုင်းအားလုံးကအမိန့်ရသလိုပဲ စတင်ပြင်ဆင်သူက ပြင်ဆင်တယ်။စတင်အလုပ်လုပ်သူကလုပ်တယ်။

ဘယ်တခုမှကိုပြောနေစရာ  မလိုဘူး။ အားလုံးကိုယ်စီ သူ့လမ်းညွှန်ချက်နဲ့သူ (သူ့ဟေဒါရပ်နဲ့သူ) ရှိပြီးသား
အားလုံးကိုယ်စီ သူ့အလုပ်သူသိပြီးသား (သူ့အေဗာဒသ်နဲ့သူ) ရှိပြီးသား အချိန်မရွေးနေရာမရွေး “100mg အစာ ရောက်တာနဲ့ အလုပ်လုပ်ရမယ်။” ဆိုတဲ့အလ္လာဟ်အမိန့်ကို ဖဝါးခြေထပ် ထပ်ကြပ်မကွာ လိုက်နာဖို့ (အေဗာဒသ် လုပ်ဖို့)အဆင်သင့်။လေးစားစရာ၊အတုယူစရာပါ။

ဒီမှာအထူးပြောချင်တာကတော့ အသည်းအကြောင်းပါပဲ။ ကိုယ်ခန္ဓာမှာအသည်းရဲ့ လုပ်ဆောင်မှုက အထက်မှာ ဖော်ပြခဲ့သလိုပဲ အခန်းကဏ္ဍတော်တော်များများမှာ ပါဝင်နေပါတယ်။ နားကိုမနားရဘူး။ ဒီကဏ္ဍ နားနေရင် ဟိုကဏ္ဍအတွက်လုပ်ရပြန်ပြီ။ ဟိုကဏ္ဍကနားနေရင် ဒီကဏ္ဍအတွက် လုပ်ရပြန်ပြီ။ ဒါပေမဲ့ လူတစ် ယောက်ဟာ အစ္စလာမ့်နည်းကျ ဆွီယာမ်တည်ဆောက်ခြင်း အေဗာဒသ်ပြုပြီဆိုရင်တော့အသည်းဟာ အနည်းဆုံး (4)နာရီကနေ အများဆုံး(6) နာရီအထိ နားခွင့်ရပါတယ်။ အဲ့လိုအနားရတဲ့အတွက် ပြန်လည် တာဝန်ထမ်းဆောင် ချိန်မှာ တခြားအစိတ်အပိုင်းတွေ အားပြည့်ပြီး အစာခြေအားကောင်းလာသလိုမျိုးပဲ အထက်မှာဖော်ပြခဲ့တဲ့ ကိုယ် ခန္ဓာကျန်းမာသန်စွမ်းဖို့အတွက် သိပ်အရေးပါတဲ့အသည်းရဲ့တာဝန်တွေအားလုံးမှာ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်း တမံ တာဝန်ထမ်းဆောင် (အေဗာဒသ်ပြု) တော့တာပါပဲ။

နောက်တခုအနေနဲ့
သွေးလှည့်ပတ်မှုစနစ်(Circulatory system)အကြောင်းထပ်ပြီးလေ့လာကြည့်ရအောင် ပုံမှန်အားဖြင့် သွေးကြော အတွင်းရှိ သွေးရည်ကြည်ထုထည် (plasm volume) လာတာနဲ့အမျှ Blood Pressure ကျလာတယ်။ သွေးတိုးရောဂါသည်တွေ သက်သာစေတယ်။ ဆဲလ်ကြားရှိ အရည်ထုထည်လည်း လျော့ကျလာတဲ့အတွက် တစ်ရှူးဖိအားလည်းကျလာတယ်။ ဘေးပတ်ဝန်းကျင်က အရည်ဖိအားလျော့ကျသွားတဲ့အတွက် (ဥပမာပေးရရင် လိုင်းကားကြပ်ကြပ်တိုးစီးနေရာကနေ လူချောင်သွားလို့ အနားရသလိုပေါ့ဗျာ) ဒီအပြင် အဲဒီတစ်ရှူးဖိအားကို ဆန့်ကျင်ပြီး သွေးပို့ပေးနေရတဲ့ နှလုံးကလည်း အရမ်းညှစ်ရုန်းနေစရာမလိုတော့တဲ့အတွက် အနားရသွားပြန်ရော။ တဖန်သွေးကြောတွေအနေနဲ့ ပြန်ကြည့်ပြန်ရင်လည်း သွေးကြောနံရံရှိလောင်ကျွမ်းဖို့ ခက်နေတဲ့အစာကြွင်းကျန် တွေ လောင်ကျွမ်းလွယ်သွားတဲ့အတွက် ခန္ဓာကိုယ်မှာကိန်းအောင်းနေတဲ့ အဆီပိုတွေလျော့နည်းသွားတဲ့အတွက် သွေးကြောတွေလည်း ကျဉ်းရာမှ ပြန်ကျယ်လာတယ်။ အဝန်း (diameter) ကျယ်ကျယ်ဝန်းဝန်းနဲ့ သွေးလုံလုံ လောက်လောက်ကို ညှစ်ရုန်းနေစရာမလိုဘဲ ပို့ပေးနိုင်လာပြီဖြစ်တဲ့အတွက် သွေးကြောလည်းအနားရတယ်။ ဒီအပြင် သွေးလှည့်ပတ်မှုစနစ်တစ်ခုလုံးအနေနဲ့ ခြုံငုံကြည့်မယ်ဆိုရင်လည်း သွေးလည်ပတ်မှု ကောင်းမွန်တဲ့ အတွက် ပူပင်သောနဲ့ စိတ်ဖိစီးမှုတွေ လျော့ကျလာပြီး ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းလည်း အနားရသွား စေတယ်။ လူ့ရဲ့သဘောက စိတ်ဖိစီးမှုများရင် ပိုပြီးစားသောက်တယ်။  အဲဒီတော့ စိတ်ဖိစီးမှုကင်းသွားတဲ့အတွက် အစာချေရည်ထုတ်လုပ်မှု ကျဆင်းတယ်။ အစာချေစနစ်အနားရတယ်။ မလိုအပ်တဲ့ စားချင်စိတ်တွေ မရှိတော့ဘဲ ကိုယ်အလေးချိန်လျော့ကျလာမယ်။

သွေးလှည့်ပတ်မှုစနစ်ထဲကအဓိကဖြစ်တဲ့ နှလုံးရဲ့တာဝန်က ကိုယ်ခန္ဓာမှာရှိတဲ့အင်္ဂါအစိတ်အပိုင်းအားလုံး Cells တွေတစ်ခုချင်းစီထဲအထိ  သွေးထောက်ပံ့ပေးခြင်းပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့နှလုံးဟာ မွေးရာကနေ သေတဲ့ အထိတချက်မှမနားဘူး။ အလုပ်အမြဲလုပ်နေရတယ်။ နားရင်သေပြီ။ ဒါပေမဲ့ ဆွီယာမ်ဥပုသ်သီလ ဆောက် တည် ခြင်းဖြင့် သက်တောင့်သက်သာနဲ့      ပိုကောင်းတဲ့ရလဒ်တွေရအောင် အလုပ်လုပ်နိုင်လာတယ်။

သွေးရည်ကြည်ထုထည်ကျပြီး သွေးဖိအားကျသွားခြင်းဖြင့်သွေးတိုးရောဂါသက်သာမယ်။ Blood Pressure ကျသွားတဲ့အတွက် နှလုံးအနေနဲ့ သွေးထောက်ပံ့ပေးရာမှာ ဆန့်ကျင်ဘက်ဖိအားတွေကို သိပ်တွန်းကန်စရာ မလို တော့တဲ့အတွက် သက်ဆိုင်ရာ Cells အသီးသီးဆီကို သက်တောင့်သက်သာနဲ့ သွေးလုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်သလို Cells တွေအနေနဲ့လဲ ဘေးပတ်ဝန်းကျင် Cells တွေဆီက အရည်ဖိအားကျသွားသော ကြောင့် ပတ်ဝန်းကျင်ကမလိုအပ်ဘဲ ပေါများနေတဲ့အရည်တွေရဲ့ ဖိအားပေးမခံရတော့တဲ့အတွက်သူတို့အတွက်
မရှိမဖြစ်လိုအပ်တဲ့ သွေးရည်ထောက်ပံ့မှုကို ကောင်းမွန်စွာ လက်ခံရယူနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ တခုဖြည့်ပြောချင်တာက လူ့ရဲ့သဘာဝဟာလည်း သူ့ခန္ဓာကိုယ်မှာရှိတဲ့ Cells လေးတွေလိုပါပဲ။
မိမိလက်တကမ်းမှာရှိတဲ့ အသုံးမဝင်တဲ့ အယောင်ဆောင် အထောက်အပံ့တွေကို အားကိုးနေရင် (အသက်သွေး ကြောလိုမျိုး) မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့ကို လက်ခံရယူနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီနေရာမှာ ကျွန်တော့် ဗဟုသုတလေးတခု ဝေမျှချင်ပါတယ်။ ကိုယ်ခန္ဓာမှာ မပြည့်ဝဆီ(umsaturated fat) ရှိသင့်ရှိထိုက်တဲ့ အဆီနဲ့၊
ပြည့်ဝဆီ(saturated fat) များများမရှိသင့်တဲ့ အဆီဆိုပြီး အကြမ်းဖျင်းနှစ်မျိုးရှိပါတယ်။

ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ပြင်ပဆီကြော်အစားအစာတွေရဲ့ အများစုဟာ ပြည့်ဝဆီကို အသုံးပြု ထားပါတယ်။ အဲ့ဒီပြည့်ဝဆီကို အထပ်ထပ်အခါအခါကြော်လှော်ရန် အသုံးပြုတဲ့အခါ ပြောင်းလဲဆီ (trans fat) လုံးဝမရှိသင့်တဲ့ အဆီသွေးကြောနံရံမှတဆင့် ပြန်လည်လောင်ကျွမ်းရန် အခက်အခဲဆုံးအဆီအဖြစ ်ပြောင်းလဲ ပြီး ကိုယ်ခန္ဓာအတွင်း ကိန်းအောင်းသွားပါတယ်။ လူတွေအသက်ကြီးလာရင် တနှစ်ထက်တနှစ်၀၀လာတယ်ဆိုတာ
အဲ့ဒီလောင်ကျွမ်းဖို့ခက်တဲ့ (trans fat) တွေစုစုလာလို့ပါ။ အံ့အားသင့်စရာ သိပ်ကောင်းတာကလေ ဆွီယာမ်တည် ဆောက်ခြင်း စည်းကမ်းချက်အတိုင်း စနစ်တကျ စားသောက်၊ နေထိုင်၊ ပြုမူ၊ လုပ်ကိုင်လေ့ကျင့်မယ်ဆိုရင် အဲ့ဒီ လောင်ကျွမ်းဖို့ အခက်အခဲဆုံးအဆီလဲ  ပျောက်သွားနိုင်တယ်ဆိုတာပါပဲ။

ဒီအပြင် သွေးလည်ပတ်မှု ကောင်းမွန်လာခြင်းဆိုတဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်အရ ပူပင်သောကနဲ့ စိတ်ဖိစီးမှုတွေလျော့နည်းလာပြီး ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း အနားရသလို နာဖ်စ်ပိုင်းဆိုင်ရာ ရည်စူး ချက်/ရည်ရွယ်ချက် (နိယသ်) ကြောင့်လဲ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိတယ် ဆိုတာလဲ နာဖ်စ်ပိုင်းမှာ ဆက်လက်တင်ပြသွားမှာပါ။ အာရုံကြောအဖွဲ့အစည်းအနားရတော့ အစာချေရည် ထုတ်လုပ် မှုကိုလျှော့ချခြင်းအားဖြင့် အစာချေစနစ်ကို တဖန်ပြန်ပြီးတော့ အနားရစေပြန်ရော တချိန်လုံး တက်ကြွနေတဲ့ ပိုလျှံ နေတဲ့ စားချင်စိတ်တွေ လျော့ချသွားပြီး  ဝိတ်တောင်ကျသွားသေးတယ်။

ဒီနေရာမှာ သတိထားရမယ့်အချက်လေးတစ်ခု ရှိပါတယ်။ ဆွီယာမ်တည်ဆောက်ခြင်းဟာ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် ဖွံ့ဖြိုးတိုးတက်ရုံသာမက အချို့သောရောဂါများ (ဥပမာ – သွေးတိုး၊ ဆီးချို၊ အဝလွန်) တို့ကိုတောင်
ပျောက်ကင်းစေနိုင်တယ်ဆိုပေမဲ့ ရောဂါအခြေအနေဆိုးရွားသူတွေ အတွက်ကတော့ ဆရာဝန်ရဲ့ အကြံပေးချက် အတိုင်းပဲ လိုက်နာဆောင်ရွက်ရမှာပါ။ ဇွတ်လုပ်လို့အကျိုးမရှိပါဘူး။

ခြုံငုံပြောရမယ်ဆိုရင် တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေရတဲ့ ကိုယ်ခန္ဓာရဲ့ အစိတ် အပိုင်းတွေဟာ ရာမ်ဇာန်လမြတ်မှာ နားချိန် လေ့ကျင့်ချိန်မှန်မှန်နဲ့ ဆောင်ရန်ရှောင်ရန်တို့ကို စနစ်တကျ လိုက်နာထားတဲ့အတွက် အချင်းချင်းအချိတ်အဆက် ကောင်းကောင်းနဲ့ တာဝန်ထမ်းဆောင်နိုင်လာပြီလေ။ ဥပမာ ပေးရရင် ကောင်းကောင်း training ဆင်းထားတဲ့ ဘောလုံးအသင်းကောင်းတစ်သင်းလို teamwork သိပ်ကောင်း နေတာပေါ့ဗျာ။

ဒီမှာ ကျွန်တော်တို့အနေနဲ့ မြင်တတ်ရင်တရားရစရာပါ။ ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဖွဲ့အစည်းတွေ
(organs တွေ ။ systemတွေ)ဟာ တခုနဲ့တခု အပြန်အလှန် အကျိုးပြုတယ်။ တခုလုပ်လိုက်တဲ့ ကောင်းမှုက နောက်တခုလုပ်မယ့် ကောင်းမှုကို အထောက်အကူပြုစေတယ်။   (ရှေ့မှာတင်ပြခဲ့တဲ့ အာရုံကြောစနစ်နဲ့ အစာချေ စနစ်လိုပေါ့) ကိစ္စရပ်တိုင်းမှာ လိုက်လံကူညီပါဝင်ပေးနေတဲ့ မနားရရှာတဲ့(အသည်းလို) လုပ်အားပေး (Volunteer) တွေလဲရှိတယ်။ အမိန့်နာခံနေတဲ့သူတွေကို တချိန်လုံးကြီးကြပ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းကူညီပေးနေတဲ့
(ဦးနှောက်လို)ခေါင်းဆောင်ကောင်းတွေလဲရှိတယ်။

ကျွန်တော့်အမြင်ပြောရရင် အလ္လာဟ်အမိန့်ကို မြေဝယ်မကျ ဖဝါးခြေထပ် ထပ်ကြပ်မကွာလိုက်နာကျင့်သုံး နေ (အေဗာဒသ် ပြုလုပ်နေ) ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ ယုံကြည်သူ(မိုမင်န်) လူ့အဖွဲ့အစည်းတခုကို မြင်နေ ရသလိုပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ လူ့အဖွဲ့အစည်းတိုင်းကလဲ အဲ့လိုပဲ ဟန်ချက်ညီညီဖြစ်နေရမှာပါ။
မိုမင်န်ယုံကြည်သူအပေါင်းတို့ခင်ဗျား “တရားရှာကိုယ်မှာတွေ့” ဆိုတဲ့စကားကို ဆေးပညာ ရှုထောင့်အရ လေ့လာ သိရှိနိုင်သလို အရှင်မြတ်ကိုယ်တော်တိုင်ကလဲ ကျန်းမြတ်ကုရ်အာန် စူရာ 41: အာဃသ် 53 အစပိုင်းမှာ သက်သေထူထားပါတယ်။

မြန်မာလိုအဓိပ္ပါယ်ကတော့ “မကြာမီပင်ငါအရှင်မြတ်သခင်သည် ထိုသူတို့အား မိုးကုတ်စက်ဝိုင်းများလည်းကောင်း၊ ထိုသူတို့၏ကိုယ်များလည်းကောင်း မိမိသက်သေလက္ခဏာတော်များကိုပြတော်မူမည်” ဆိုပြီး ဖော်ပြထားပါတယ်။ ယုံကြည်သူမိုမင်န်တို့အဖို့ အလ္လာဟ်အရှင်မြတ်သက်သေ လက္ခဏာတော်တွေကို မြင်ချင် တွေ့ချင်တယ်ဆိုရင် ဝေးဝေးလံလံလိုက်ရှာနေမှ တွေ့နိုင်မှာမဟုတ်ဘဲ မိမိကိုယ်ခန္ဓာထဲမှာလဲ များစွာတည်ရှိကြောင်း
သတိပေးထားခြင်းဖြစ်ပါတယ်လို့ နားလည်မိပါတယ်။

အခုတခါ ကျွန်တော့အနေနဲ့ ယုံကြည်သူမွတ်ဆလင်တယောက် ဖြစ်တာနဲ့အညီ ဆွီယာမ်ဥပုသ် သီလ ဆောက်တည်ခြင်းအားဖြင့် နာမ်ပိုင်းဆိုင်ရာ ဖွံံ့ဖြိုးတိုးတက်မှုဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားထက်မြက်လာပုံကို
ကျွန်တော်လေ့လာထားသလောက် ဆက်လက်တင်ပြချင်ပါတယ်။

လူ့ကိုယ်ရည်ကိုယ်သွေးဟူသည် နဂိုအနေအထားအရ ပေါ်လွင်ထင်ရှားခြင်းမရှိသေး ငုပ်လျှိုးပျောက်ကွယ် နေလေ့ရှိပါတယ်။ အဲ့လိုငုပ်လျှိုးပျောက်ကွယ်နေတဲ့ လူ့ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်ထင်ရှားဖွံ့ဖြိုးတိုးတက် လာအောင် ပြုစုပျိုးထောင်နိုင်ခြင်းဟာ လူ့ဘဝရှင်သန်ရပ်တည်မှုမှာ ပဓာနအကျဆုံး အေဗာဒသ်ပဲ ဖြစ်ပါတယ်။
ကဲ ဘယ်လို ပြုစုပျိုးထောင်မလဲ Challenge (စိန်ခေါ်မှု)ကို ကျော်ဖြတ်ပါ။ Opportunity (အခွင့်အရေး) အဖြစ် ပြောင်းပါ။ အဲဒီလို ကျော်ဖြတ်နိုင်အောင် ကြိုးစားခြင်းဟာ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်ခြင်း (တနည်းပြောရရင်) နာဖ်စ်ကို မြှင့်တင်ခြင်း (အေဗာဒသ်)ပါပဲ။ အခွင့်အရေးရချင်သူတိုင်းဟာ စိန်ခေါ်မှုတစ်ခုခုကိုတော့ ကျော်ဖြတ်ရမှာပါ။ အခွင့်အရေးများများရချင်ရင် စိန်ခေါ်မှုများများ ကျော်ဖြတ်ရပါမယ်။ များများကျော်ဖြတ်နိုင်လေလေ နာဖ်စ်မြင့်မားထက်မြက်လေလေပဲ။ အလ္လာဟ်အရှင်မြတ်ဟာ လူသားတွေရဲ့ခက်ခဲ ကျပ်တည်းမှုကို လိုလားခြင်းမရှိကြောင်း၊ လူသားတွေအား လွယ်ကူ တဲ့နည်းလမ်းတွေကို ခွင့်ပြုထားကြောင်း ဆွီယာမ်ဥပုသ်ကို မဆောက်တည်နိုင်ပါက ကင်းလွတ်ခွင့် အစားထိုး ခွင့်ပြုထားကြောင်းသက်သေလက္ခဏာအဖြစ် ကျမ်းမြတ်ကုရ်အာန် (ဆူရာ 2: အာယသ် 185)မှာ ဖော်ပြထား ပါတယ်။ တဖန်ဆောက်တည်နိုင်ရင် ပိုကောင်း ကြောင်းကိုလည်း သက်သေလက္ခဏာအဖြစ် ကျမ်းမြတ် ကုရ်အာန် ဆူရာ 2: အာယသ် 184 ရဲ့ အဆုံးပိုင်း နားလေးမှာလဲ ထပ်မံပြီး ဒီလိုဖော်ပြထားပါတယ်။

 “…….သို့(ခွင့်ပြုချက်ရှိ) သော်ငြားလည်း အကယ်စင်စစ် အသင်တို့သည်(ဥပုသ်သီလဆောက်တည်ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနားလည်သူများဖြစ်ကြပါလျှင် အသင်တို့အဖို့ရာ ဥပုသ်သီလ ဆောက် တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ် (သောအမှု)ပင်ဖြစ်သည်” ဆိုပြီးအဓိပ္ပါယ်ရပါတယ်။

ဒီအာယသ်နှစ်ခုကို ချိတ်ဆက်လေ့လာခြင်းအားဖြင့် အရှင်မြတ်ဟာ လူသားတို့အပေါ်ခက်ခဲမှု မရှိစေ ချင်ပေမဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုတော့  ဧကန်မုချလိုလားသော အရှင်ဖြစ်ကြောင်း အဲ့ဒီကြိုးစားမှုအပေါ်မှာလဲ
လွယ်ကူခြင်းနဲ့ကောင်းကျိုးတို့ကို ချီးမြှင့်ထားကြောင်း အားတက်ဖွယ်တွေ့ရှိရပါတယ်။“ခက်ခဲမှု”နဲ့အတူ “လွယ်ကူမှု”            ရှိတယ်ဆိုတဲ့သဘောလေးပါ။

ကျွန်တော့်ဘဝအတွေ့အကြုံလေးတခု ဝေမျှပါရစေ။ ကျွန်တော့်ဘဝမှာ အရေးကြီးတဲ့စာမေးပွဲပေါင်းများစွာ ဖြေဆိုခဲ့ပါတယ်။ တကယ်ပဲ ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အောင်မြင်မှုရခဲ့ပါတယ်။ စာမေးပွဲရှိလို့ နေကောင်းနေ လျက်နဲ့ အားပိုရှိအောင်ဆိုပြီး ဆွီယာမ်ဆောက်တည်ခြင်းကို တရက်မနားဖူးပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်
အခက်အခဲမရှိဘူးလားဆိုတော့ရှိပါတယ်။ အဲ့လိုပဲလွယ်ကူလာစေမှုနဲ့ကောင်းကျိုးများစွာကိုရလာပါတယ်။

အစပိုင်းမှာ ဗိုက်ဆာလွန်းလို့ တခါတရံတချို့ရက်တွေ ခေါင်းကိုက်လျက်နဲ့ စာတွေဖတ်နေရတယ်။
အဲဒါအချိန်အပိုင်းအခြားတခုပဲနော် အဲ့ဒါကိုပြေပျောက်စေတဲ့နည်းကစိတ်ပဲ (ရိုးရိုးငတ်နေတာနဲ့ နီယသ်ထားပြီး ဆွီယာမ်ဆောက်တည်တာနဲ့ မတူဘူးဆိုတဲ့ကွာခြားချက်ရဲ့ အကျိုးကျေးဇူးဆိုတာအဲ့ဒါပဲ) မိနစ်ပိုင်း (သို့မဟုတ်) နာရီပိုင်းနေတော့ပျောက်သွားတယ်။ အစကတော့ ဘာကြောင့်ရယ် သေချာမသိဘူး။ မွတ်ဆလင်တယောက်ဖြစ်ဖို့ အစ္စလာမ်က ဆုံးမထားတဲ့အတိုင်း နေရင်းနဲ့အကျိုးကျေးဇူးတွေရလာတာ (အလ္လာဟ်ခိုင်းလို့လုပ်တာပေါ့ဗျာ)
ဆေးပညာလေ့လာတော့မှ ဘာလို့လဲဆိုတာ တဖြည်းဖြည်းသေချာသိလာတယ်။ စားလို့မရဘူးဆိုတဲ့ ဦးနှောက်က အသိ လေးလေးနက်နက်ပြောရရင် ခိုင်မာတဲ့ရည်စူးချက်/ ရည်ရွယ်ချက်/ နိယသ်ကနေတဆင့်  Hypoglycemia လို့ခေါ်တဲ့(သွေးထဲမှာ glucose နဲခြင်း) ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာ ခေါင်းကိုက်မှုကို ပျောက်ကင်းစေဖို့အတွက်
ကိုယ်ခန္ဓာထဲမှာ အဆီအဖြစ် သိမ်းဆည်းထားတဲ့ အရန် glucose တွေကို သွေးထဲပို့ပေးဖို့ ဦးနှောက်က အမိန့် ပေးလိုက်လို့ပဲဆိုတာ သိလာရတယ်။

အဲ့ဒါပါပဲ ကျွန်တော်ဆေးပညာ ရှုထောင့်အရ တင်ပြတုန်းက ပြောခဲ့သလိုပဲ “နာဖ်စ်ပိုင်းဆိုင်ရာ ရည်စူး ချက်/ရည်ရွယ်ချက်/ (နိယသ်) ကြောင့်လဲ ဦးနှောက်နဲ့အာရုံကြော အဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိတာပါ” အဲ့ဒီမှာပဲ အရှေ့မှာကျွန်တော်တင်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေအကုန်ရလာတာပါပဲ။ သွေးကြောနံရံက အဆီတွေ လောင်ကျွမ်းသွားလို့ သွေးလှည့်ပတ်မှု ပိုကောင်းလာတော့တယ်။ ကိုယ်အလေးချိန် လျော့ကျလာတယ်။
အာရုံစူးစိုက်မှုပိုကောင်းလာတယ်၊ ပူပင်သောကနဲ့စိတ်ဖိစီးမှုတွေကျလာတယ်၊  နှလုံး၊ သွေးကြော၊ ဆဲလ်၊ အသည်း စတဲ့စနစ်တွေအကုန်အနားရပြီး အားကောင်းလာတယ်။ ကိုယ်ခန္ဓာကအဆိပ်အတောက်တွေ လျော့ကျသွားတယ်။
ရိုးတွင်းချဉ်ဆီ အားကောင်းလာပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်လာတယ်။ ကိုယ်ခံအားကောင်းလာပြီး ရောဂါကင်းလာ တယ်။ ကြည့်ပါအုံး ဘယ်လောက်အံ့အားသင့်စရာ ကောင်းလိုက်တဲ့ အကျိုးကျေးဇူးတွေလဲ အဲ့ဒီအကျိုးဆက်တွေ အားလုံးရလာခြင်းဟာ ကျမ်းမြတ်ကုရ်အာန် ဆူရာ 2: အာယသ် 184 အရ အစ္စလာမ်က ပြောနေတာကို ဆေးပညာက ထောက်ခံနေတာပါ။ သိသူဖော်စား၊ မသိသူကျော်သွား ရမှာနော်။ တစ်ကမ္ဘာလုံးကဖော်စားနေပါပြီ။
ဆွီယာမ်တည်ဆောက်လျှက်နဲ့ အရေးကြီးတဲ့ပြိုင်ပွဲကန်တဲ့ ကမ္ဘာ့ထိပ်သီးဘောလုံးသမားတွေတောင် ရှိပါတယ် ခင်ဗျာ။ အဓိကက Well-trained ဖြစ်ဖို့ပါ။ စနစ်တကျလေ့ကျင့်ထားဖို့ပါ။ Well-train ဆိုလို့ သွားသတိရမိတယ်။
ကျွန်တော်တို့ မွတ်ဆလင်အသိုင်းအဝိုင်းထဲက သိပ်ချစ်ဖို့ကောင်းတဲ့ရိုးရာလေး တခု ဒီနေရာမှာသွားသတိရပါတယ်။ ကျွန်တော်တို့ငယ်စဉ်ဘ၀ လူကြီးသူမတွေ ရမ်ဇာန်လဥပုသ်သီလ ဆောက်တည်နေချိန် (ကလေးနားလည်တာ တော့ဝါရှောင်တာပေါ့)  အဲ့ဒီအချိန်မှာ ကျွန်တော့အဖေ၊ အမေ၊ အကို၊ အမတွေက ကျွန်တော်လေ့ကျင့်ချင်စိတ်/ train လုပ်ချင်စိတ်ပေါ်အောင် အမျိုးမျိုး(motivate) လုပ်ခဲ့ပါတယ်၊ ကူညီဖေးမခဲ့ပါတယ်။ “ဝါတစ်လုံး မရှောင်နိုင်လဲ ကိစ္စမရှိဘူး၊ ကလေး တစ်ဝက်ရှောင်၊ တစ်စိတ်ရှောင် နောက်တော့ရသွားမယ်” “ဝါတစ်ဝက်ကို အီတီဘယ် လောက်၊ ဝါတစ်စိတ်ကို အီတီဘယ်လောက်” စသဖြင့်ပေါ့။ အဲ့ဒီ တစ်စိတ်တစ်ဝက်ရှောင်တဲ့ ကလေးလေးတွေ အများစုကလေ(လျှော့မတွက်နဲ့နော်) ရာမ်ဇာန်လ ဆွီယာမ်တည်ဆောက်နေရတဲ့ နေ့အချိန်မှာလူရှေ့သူရှေ့မှာ
အားရပါးရစားနေဖို့ရှက်ကြတယ်။ ရေသောက်နေဖို့ရှက်တယ်။ ရွယ်တူတန်းတူတွေက မင်းဝါမရှောင်ဘူးလားမေးမှာ ရှက်ကြပါတယ်” ကြည့်ပါအုံး…ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့ မပြည့်ဝသေးပေမဲ့ စိတ်ခွန်အားနာဖ်စ် ခွန်အား အလ္လာဟ် အမိန့်နာခံချင်တဲ့စိတ် တကယ်ပြင်းထန်တဲ့ ကလေးလေးတွေပါ။ ဒီကလေးလေးတွေဟာ ဆွီယာမ်တစ်လုံး အပြည့်ရဖို့ဆိုတာထက်      ကျမ်းတော်မြတ်ကုရ်အာန် [ဆူရာ 2: အာယသ် 185]ရဲ့ “အရှင်မြတ်သတ်မှတ်ထားတဲ့ ကာလမှာ စားခြင်း လေို့ အဓိပ္ပါယ်ရတဲ့ဆိုတဲ့ အပိုင်းကိုများ သိနေသလားထင် ရပါ တယ်။

ယုံကြည်သူမွတ်ဆလင်တိုင်း အသိအမှတ်ပြုပေးရမှာ အတုယူရမှာဖြစ်ပါတယ်။ သူတို့လေးတွေဟာ ကျွန်တော်တို့အားလုံးရဲ့ မျိုးဆက်သစ်လေးတွေပါ။ နွေ၊ မိုး၊ ဆောင်း မရှောင်ပဲ ဆွီယာမ်ရဲ့စနစ်ကျတဲ့ လေ့ကျင့်ရေးတွေကို အပြည့်အဝလိုက်နာမယ့် ငြိမ်းချမ်းတဲ့လူမှုဘဝဖော်ဆောင်မယ့် အနာဂတ်လေးတွေပါ။

အချုပ်ဆိုရရင် ဆွီယာမ်တည်ဆောက်မှုရဲ့ အကျိုးသက်ရောက်မှုကြောင့်လူသား၏ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်ဆိုတာကို အစ္စလာမ်ကပြောနေသလို ဆေးပညာကလဲ လိုက်လံထောက်ခံနေတယ် ဆိုတာပါပဲ။
ဆွီယာမ်တည်ဆောက်မှုကြောင့် လူသား၏ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်လာသလို
လူသား၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ခွန်အား(တနည်းပြောရရင်) နဖ်စ်ပိုင်းဆိုင်ရာ မြင့်မားထက်မြက် ဖွံ့ဖြိုး တိုးတက်လာပါတယ်။ အဲ့ဒီနှစ်ခုဟာလဲ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်စေပါတယ်။ အင်္ဂလိပ်ဆိုရိုးလေး တခုရှိပါတယ်။ “a strong mind starts with a fit body” “မြင့်မားထက်မြက်တဲ့ စိတ်ခွန်အားဟာ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာနဲ့အတူ အစပြုပါတယ်”တဲ့ တခုပြီးတခုမှ မဟုတ်ပါဘူး  တပြိုင်တည်းဖြစ်တာပါ။ [စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့]က ကိုယ်ခန္ဓာကျန်းမာသန်စွမ်းနေဖို့ လိုအပ်သလို ကိုယ်ခန္ဓာရဲ့လုပ်ရပ်တိုင်း အကျိုးရှိအောင် control လုပ်/ ထိန်းချုပ်နိုင်ဖို့ကလဲ စိတ်ခွန်အား(နာဖ်စ်)မြင့်မားထက်မြက်နေဖို့ လိုပါတယ်။ ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းခြင်း ဟာ စိတ်ဖိစီးမှုလျော့ကျပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေနိုင်သလို [စိတ်ကဆောင်နေတယ်] ဆိုတဲ့အတိုင်း စိတ်ခွန်အားမြင့်မားထက်မြက်ခြင်းဟာလဲကိုယ်ခန္ဓာရဲ့စွမ်းဆောင်ရည်တက်စေပါတယ်။ ကျွန်တော်တို့ လူသား တွေအနေနဲ့ စူးစမ်းလေ့လာဖို့ လွယ်ကူအောင် ရုပ်ပိုင်း၊ နာဖ်စ်ပိုင်းရယ်လို့ ခွဲခြမ်းစိတ်ဖြာနေတာပါ။ တကယ်တော့ သိပ္ပံပညာနဲ့ လိုက်မှီတဲ့ ရုပ်ပိုင်းရော၊ လိုက်မမှီတဲ့ နာဖ်စ်ပိုင်းရောက အလ္လာဟ်ရှင်မြတ် ဖန်ဆင်းမှုချည်းပါပဲ။

နောက်ဆုံးအနေနဲ့ ဆေးပညာ သိပ္ပံပညာက ထောက်ခံလို့ မရနိုင်သေးတဲ့ အပိုင်းတွေရှိလ။ဲ မိုမင်န် (ယုံကြည်သူတွေ)အနေနဲ့ အလ္လာဟ်အရှင်မြတ်အမိန့်ဆိုတာ သေချာရင်ယုံကို ယုံကြည်ရမှာပါ ဆိုတာ ပြောချင် ပါတယ်။ တချိန်မှာ သိပ္ပံပညာက ထောက်ခံလာပါလိမ့်မယ် ဘာလို့လဲဆိုတော့ ဖန်ဆင်းခံ အနန္တစကြာဝဋ္ဌာ၊ ကမ္ဘာ ဂြိုလ် နဲ့ အရာခပ်သိမ်းကို မရှိရာမှ ရှိရာသို့ ဖြစ်ထွန်းပေါ်ပေါက် ဖွံ့ဖြိုးတိုးတက်စေတဲ့ ဖန်ဆင်းရှင် အလ္လာဟ်ရှင်မြတ် ရဲ့ သက်သေလက္ခဏာတော်တွေကို  အလ္လာဟ်ရှင်မြတ်ညွှန်ကြားချက်နဲ့အညီ  အဲ့ဒီဖန်ဆင်းခံတွေအကြောင်း လေ့လာ နေတဲ့ သိပ္ပံပညာဟာ တချိန်မှာဧကန်မုချ ထောက်ခံလာရမှာမို့လို့ ပါပဲ ဆိုတာပြောကြားရင်းနဲ့

မိုမင်န်ယုံကြည်သူ အပေါင်းတို့ခင်ဗျား……..

“လာမယ့်ရာမ်ဇာန်မှာ ဆွီယာမ်ကပေးတဲ့ လူသား၏ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်ရောစိတ်ပါရရှိနိုင်ရန် ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်ထားတဲ့အတိုင်း ကလေးလူငယ်လူကြီးမကျန် မိသားစုစုံလင်စွာ အမျိုးသား အမျိုးသမီးတို့ အားလုံး ဆွီယာမ်ဆောက်တည်ရင်း အေဘာဒသ်အကောင်းဆုံး ပြုလုပ်ကြနိုင်တဲ့ (သောင်ဖစ်က်) စွမ်းအား အလ္လာဟ် ရှင်မြတ်ထံတော်မှ ချီးမြှင့်တော်မူပါစေရန်” ဆန္ဒပြုရင်း ကျွန်တော်ခွသဗတ် ပထမပိုင်းကို ဒီတင်ပဲ ရပ်နားပါတယ်။