အစ္စလာမ်ဟူသည် … အပိုင်း(၄) – ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

အစ္စလာမ်ဟူသည် … အပိုင်း(၄)

လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
အခုလို ခွတ္တဗါဟ်ဟောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်ကတော့ အစ္စလာမ်ဟူသည် … အပိုင်း(၄) ဖြစ်ပါတယ်။

အစ္စလာမ် ပါဝါကြီးမားပါသလား။

ယခုအပိုင်း(၄)မှာ ကမ္ဘာတစ်ခွင်လုံး၌ အစ္စလာမ်ပါဝါကြီးမားတယ်လို့ အကဲဖြတ်ချက်ကို လေ့လာသုံးသပ်ရင်း အစ္စလာမ်တန်ဖိုးများကို ထုတ်နုတ်တင်ပြပါ့မယ်။ တကယ်တော့ အမှန်အတိုင်းဝန်ခံရရင် အစ္စလာမ်ပါဝါ ကျဆင်းနေတာပါ။ အစ္စလာမ်အရေခြုံထားတဲ့ အကြမ်းဖက် သမားများရဲ့ပါဝါသာလျှင် ကြီးမားနေတာပါ။ အကြမ်းဖက်ဆောင်ရွက်နေမှုတွေနဲ့ အကြမ်းဖက်သမားတွေကို လက်ညှိုးထိုးပြပြီး မလိုသူတွေက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ကမ္ဘာမှာ မွတ်ဆလင်မ်တွေ မျက်နှာငယ်နေကြပါ တယ်။ ဒီလိုဖြစ်လာအောင် ဖန်တီးစေ့ဆော်ခဲ့တဲ့သမိုင်းကြောင်းကို အကျဉ်းမျှ လေ့လာတင်ပြပါ့မယ်။
အစ္စလာမ့်လမ်းစဉ်ကို စတင်အုတ်မြစ်ချခဲ့တာ အာဒမ်ခေတ်ကပါ။ တစ်နည်းပြောရရင် စိုက်ပျိုးရေး၊ မွေးမြူရေးတွေ စတင်ထွန်းကားရာ ကမ္ဘာဦးကတည်းက အစ္စလာမ့်လမ်းစဉ် စတင်ပျိုးလာခဲ့တာပါ။ တမန်တော် အဆက်ဆက်ဟာ အာဒမ်ခေတ်ကတည်းက အစ္စလာမ်အုတ်မြစ်ကို တစ်ဆင့်ပြီးတစ်ဆင့် ချမှတ်ခဲ့ရာမှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)လက်ထက်မှာ အစ္စလာမ်ဟာ ပြီးပြည့်စုံတဲ့လမ်းစဉ် ဖြစ်လာခဲ့ပါတယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ) ကွယ်လွန်ပြီးတဲ့နောက် AD ၆၃၂ ကနေ AD ၆၆၁ နှစ်အထိ ခလီဖာသမ္မတကြီး (၄)ပါးခေတ် နှစ်ပေါင်း (၃၀)ခန့်ကာလ၊ AD ၆၆၁ ခုနှစ်ကနေ AD ၇၅၀ အထိ အုမိုင်ရာမင်းဆက်များခေတ် နှစ်ပေါင်း (၉၀)ခန့်ကာလ၊ AD ၇၅၀ ကနေ AD ၁၂၅၈ အထိ အဘာဆီမင်းဆက်များခေတ် နှစ်ပေါင်း (၅၀၈) ခန့် ကာလ၊ စုစုပေါင်း (၆၃၀)နှစ်ခန့်ကာလမှာ အစ္စလာမ်ဟာ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခဲ့ပါတယ်။
အဘာစီမင်းဆက်များ နန်းစိုက်ခဲ့တဲ့ ဘဂ္ဂဒက်နန်းတော်ကို တာတာတွေဝင်တိုက်ပြီးတဲ့အချိန်မှာတော့ မြောက်အာဖရိက၊ အလ်ဂျီးရီးယား၊ ယီမင်၊ ပါရှန်း၊ မော်ရိုကို၊ အိန္ဒိယတို့မှာ မွတ်ဆလင်မ်နိုင်ငံလေးများ သူတလူ ငါတမင်း ပေါ်ထွန်းလာခဲ့တယ်။ ၁၅ ရာစုနဲ့ ၁၇ ရာစုကြားမှာ ပါရှန်းအင်ပါယာ၊ အိန္ဒယ မဂိုအင်ပါယာနဲ့ တူရကီ အော်တိုမန်အင်ပါယာတို့ ပေါ်ထွန်းလာခဲ့တယ်။ ခရစ်ယာန်နဲ့ မွတ်ဆလင်မ်တို့ ခရူးဆိတ်စစ်ပွဲများ ဖြစ်ပွားခဲ့တယ်။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ အစ္စလာမ်အင်ပါယာတွေဟာ အင်္ဂလိပ်၊ ပြင်သစ်ကိုလိုနီတွေ ဖြစ်သွား ခဲ့ရတယ်။
အဲဒီအချိန် အင်္ဂလန်နန်းရင်းဝန်ကြီး ၀ီလျံအက်ဒ၀ပ် ဂလက်စတုံး (၁၈၀၉-၁၈၉၈)က မွတ်ဆလင်မ်နယ်မြေ များမှာ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ဖို့ ရည်ရွယ်ချက်နဲ့ ၁၈၈၂ ခုနှစ် ဗြိတိသျှပါလီမန်မှာ ပညာရေးမူဝါဒဆိုင်ရာ သုတေသန စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီစာတမ်းမှာ
(၁) မွတ်ဆလင်မ်များကို ကုရ်အာန်ကျမ်းပါ လူမှုဆက်ဆံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို နားလည် သဘောပေါက်ခြင်းမရှိစေဘဲ ကုရ်အာန်အဖတ်သက်သက်ကိုသာ သင်ကြားမှုကိုအားပေးရန်။
(၂) ကုရ်အာန်ကို ကုသိုလ်ရရေး၊ ဂျန္နသ်ရရေး ရည်ရွယ်ချက်သက်သက်ဖြင့်သာ ထပ်တလဲလဲ ဖတ်ရွတ်နေစေရန်။
(၃) ကုရ်အာန်က လူ့အရည်အသွေး မြင့်မားတိုးတက်အောင် လမ်းညွှန်ထားမှုများကို ဖုံးကွယ်ထားပြီး မွေးဖွားခြင်း နှင့် သေဆုံးခြင်းကြားတွင် မွတ်ဆလင်မ်များသည် မိမိတို့ကိုယ်မိမိတို့ အညံ့ဆုံးသတ္တ၀ါများအဖြစ် ခံယူထားစေရန်။
(၄) မွတ်ဆလင်မ်အချင်းချင်း အသေးအဖွဲ ကွဲလွဲချက်များကို ငြင်းခုံရင်း၊ ခိုက်ရန်ဖြစ်ပွားရင်း မိမိတို့နှင့်အယူအဆ မတူသူများကို အသေသတ်နိုင်သည်အထိ တိုက်ပွဲဝင်ခြင်းဖြင့် သာသနာ့အာဇာနည် (ရှဟီဒီ) ဘွဲ့ခံယူလိုသော စိတ်ဓါတ်များ ပေါ်ပေါက်လာစေရန် … ဆိုတဲ့အချက်(၄)ချက် ပါဝင်နေပါတယ်။
ဗြိတိသျှပါလီမန်ရဲ့ အထက်ပါပြဌာန်းချက်အတိုင်း ကိုလိုနီနယ်တွေမှာ ဆောင်ရွက်ခဲ့ကြလို့ အရှေ့အလယ် ပိုင်းမှာ အာဖရိကမှာ အိန္ဒိယမှာ မြန်မာမှာရှိကြတဲ့ မွတ်ဆလင်မ်တွေဟာ မိရိုးဖလာမွတ်ဆလင်မ်အဆင့်မှာပဲ ရှိနေခဲ့ ကြတာ ယနေ့ထက်တိုင်ပါ။ တမလွန်က ဂလက်စတုံးကတော့ သူ့စီမံကိန်းကြီး အောင်ပွဲခံနေတာကို အားရကျေနပ် နေမှာပါ။ (မှတ်ချက် – ဂလက်စတုံးစီမံကိန်းအကြောင်းကို ကူဝိတ်နိုင်ငံ ဒါရွလ်ဘယ်မ်စာအုပ်တိုက်မှ ၁၉၆၄ တွင် ၆ကြိမ်မြောက် ရိုက်နှိပ်ထုတ်ဝေသော အဗ္ဗဒူလ်ကုသုဗ်၏ `ရှဗ်ဟသ်ဟောင်းလွလ်အစ္စလာမ်´ အရဗီကျမ်းမှထုတ်နုတ်ပြီး အစ္စလာမ် ဓမ္မဗိမာန် နှစ်(၃၀)ပြည့် မဂ္ဂဇင်းတွင် ဆရာဦးမြတ်သူ(M.Sc)၏ `သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ´ ဆောင်းပါး မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။)
9/11 ( ၂၀၀၁ ခုနှစ် စက်တင်ဘာ(၁၁)ရက်) အကြမ်းဖက်မှုကစပြီး ဗြိတိန်နိုင်ငံ ၀ဲလ်ဝှစ်ခ်ျလမ်းမှာ ဗြိတိန် စစ်သား လီးရစ်ဂ်ဘီးကို အကြမ်းဖက် မဖွယ်မရာသတ်ဖြတ်မှု စတဲ့ စတဲ့ အကြမ်းဖက်မှုတွေက မွတ်ဆလင်မ်ဟန် ဆောင်ကျူးလွန်ပြီး အစ္စလာမ်ကို သိက္ခာချနေတယ်လို့ကို ထင်နေရပါတယ်။ အပြစ်မဲ့တဲ့ အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရသလို အစ္စလာမ်ရဲ့ဂုဏ်သိက္ခာဟာလည်း အကြီးအကျယ် ထိခိုက်ကျဆင်းခဲ့ရပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာမှု အခံရဆုံးဟာ မွတ်ဆလင်မ်တွေပါ။ ကမ္ဘာသူ ကမ္ဘာသားအများစုက ကျင့်ဝတ်ပိုင်းအရ ချွတ်ခြုံကျနေတဲ့ လက်တစ်ဆုပ်စာ အကြမ်းဖက်သမားများရဲ့လုပ်ရပ်နဲ့သာ အစ္စလာမ်ကို သတ်မှတ်နားလည်နေကြတော့တာပါ။ အစ္စလာမ်နဲ့အကြမ်းဖက်ခြင်းကို ခွဲခြားမမြင်ကြတော့ပါဘူး။ ဒါကြောင့် အစ္စလာမ်အရေခြုံထားတဲ့ အကြမ်းဖက်ပါဝါ ကြီးမားနေတာပါလို့ ပြောတာပါ။
ဒီဂယက်က ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း လာရောက်ရိုက်ခတ်နေပါတယ်။ နိုင်ငံတော်မှာ(၉၀)% ရှိနေတဲ့ ဗုဒ္ဓဘာသာတွေက (၅)%လောက်သာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အမျိုး၊ ဘာသာ၊ သာသနာ ပျောက်အောင် ခြိမ်းခြောက်နေသူတွေလို့ မြင်သူအချို့ရှိနေပါတယ်။ အဲဒီသူတွေက အခြားမသိနားမလည်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင်မ်မုန်းတီးရေး သွေးထိုးလှုံ့ဆော်ပေးလျက်ရှိနေပါတယ်။

အစ္စလာမ်ကို မဖွယ်မရာ ကြံစည်လုပ်ဆောင်နေသူများ

ဘာသာရေးစာစောင်တစ်ခုမှာ အခုလို ရေးသားလှုံ့ဆော်ထားပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင် တွေဟာ ဇနီးများများယူပြီး သားဖောက်သာသနာပြုနေတယ်။ ဘာသာခြားအမျိုးသမီးတွေကို လက်ထပ်ယူနိုင်ရင် အမျိုးသမီးရဲ့အဆင့်အတန်းအလိုက် ထောက်ပံ့ကြေးတွေပေးနေတယ်။ အခွင့်သာရင် ဘာသာခြားတွေအပေါ် နှိပ်ကွပ်ပြီး ဂျီဟတ်လုပ်နေတယ်ဆိုတဲ့ မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး အတွေးအခေါ်နိမ့်ကျ၊ အသိဉာဏ်နည်း ပါးတဲ့သူတွေကို သွေးထိုးမြှောက်ပင့်ပေးနေကြတယ်။ ဒါ့ကြောင့် မြန်မာပြည်အနှံ့ ၂၀၁၂ ဇွန်လကနေ ယနေ့ထိ ဘာသာရေးအကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေရတာပါ။
ဒီလို Hate Speech တွေပျံ့နှံ့ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေအောင် အကွက်ချစီစဉ်နေတဲ့ ကြိုးကိုင်နေ သူတွေ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ၀န်ခံအသိအမှတ်ပြုကြပါတယ်။ ဒီကြိုး ကိုင်သူတွေကို ဖော်ထုတ်တားဆီး အရေးယူနိုင်ခြင်းမရှိပါဘူး။ ရုပ်သေးရုပ်တွေကိုသာ ဖမ်းဆီးပြီး စတိသဘောမျိုး အရေးယူနေတာကိုပဲ မြင်တွေ့နေရပါတယ်။ မကြာခင်က မြန်မာပြည်အနှံ့ ဆက်တိုက်ဗုံးခွဲမှုများဟာလည်း ဘာသာရေးအကြမ်းဖက်မှုတွေပေါ်ပေါက်ဖို့ ဖန်တီးတဲ့လုပ်ရပ်တွေပါ။ ထုံးစံအတိုင်း နောက်ကွယ်က လက်မည်းကြီး တွေကတော့ လွတ်မြောက်နေဆဲပါ။
အစ္စလာမ်လမ်းစဉ်က လူတစ်ဦးချင်းစီကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ တာဝန်အပ်နှင်းထားတဲ့ လမ်းစဉ် ဖြစ်တယ်ဆိုတာ တင်ပြခဲ့ပြီးပါပြီ။ ဒါကြောင့် သားဖောက်သာသနာပြုခြင်း၊ ထိုသို့ပြုလုပ်ရန် ငွေကြေးထောက်ပံ့ခြင်း၊ ဘာသာခြားများအား နှိပ်ကွပ်ခြင်းသည် အစ္စလာမ်ရဲ့ သာသနာပြုနည်းစနစ်များ မဟုတ်ပါ။ ထိုသို့ကျင့်သုံးနေသူများ ရှိနေလျှင် ထိုသူများသည် အစ္စလာမ်ကိုထိုးနှက်ရန် ကြံစည်လုပ်ဆောင်နေခြင်းသာ ဖြစ်ပါလိမ့်မည်။
ဆော်ဒီမှာ အီရန်မှာ အစ္စလာမ်ကနေ တစ်ခြားဘာသာကို ကူးပြောင်းရင် သေဒဏ်ပေးတာ၊ မတရားကာမ ဖောက်ပြန်ရင် ခဲနဲ့ထုသတ်တာ ဆိုတာ အဲဒီတိုင်းပြည်တွေက အာဏာရှင်စနစ် ကျင့်သုံးနေတဲ့ ခေါင်းဆောင်တွေပါ။ သူတို့အာဏာတည်မြဲရေးအတွက် မသိနားမလည်တဲ့ ပြည်သူတွေကို ဂလက်စတုံးစီမံကိန်းကြောင့် ကုရ်အာန်ကို မသိနားမလည်တဲ့ တဖတ်တည်းဖတ်နေတဲ့ ပြည်သူတွေကို အစ္စလာမ်ကို ခုတုံးလုပ်ပြီး ဓမ္မရဲ့အရှင် အလ္လာဟ်ကို လှောင်ပြောင်သရော်နေကြတာပါ။
ဇနာ – မတရားကာမမှု
ဘာသာပြောင်းတာကို သေဒဏ်ပေးတာ၊ မတရားကာမ ကျူးလွန်သူတွေကို ခဲနဲ့ထုသတ်တာတွေဟာ အလ္လာဟ်ရဲ့ပြဌာန်းချက်မဟုတ်ပါဘူး။ ကုရ်အာန်ကျမ်းတော်ရဲ့ ဘယ်နေရာမှာမှ ဒီလိုပြစ်ဒဏ်ချမှတ်ဖို့ မပါပါဘူး။ အစ္စလာမ်က ဘာသာရေးလွတ်လပ်ခွင့် ပေးထားပါတယ်ဆိုတာ တင်ပြခဲ့ပြီးဖြစ်လို့ ဒီနေရာမှာ မတရားကာမမှုနဲ့ ပတ်သက်ပြီး အနည်းငယ်တင်ပြပါ့မယ်။ ကုရ်အာန် ဆူရာဟ်(၂၄) အာယတ် (၂-၅)မှာ
“ ကာမကျူးလွန်ဖေါက်ဖျက်သော အမျိုးသမီး၊ အမျိုးသားတို့အား ကြိမ်ဒဏ်(၁၀၀)စီရိုက်လော့။ သူတို့ကို သနားကြင်နာ၍ အလ္လာဟ်၏စည်းမျဉ်းကို မချိုးဖောက်ကြလေနှင့်။ သင်တို့သည် အလ္လာဟ်နှင့်အနာဂတ်ကို ယုံကြည် လျှင် သူတို့အား ပြစ်ဒဏ်ပေးမှုတွင် သက်သေအဖြစ်နေလော့။
ကာမဖောက်ပြန်သူ အမျိုးသားသည် ကာမဖောက်ပြန်သူ အမျိုးသမီး (သို့မဟုတ်) လူ့အရည်အသွေး ဖျက်ဆီးဆုံးရှုံးနေသူ အမျိုးသမီးကိုသာ ဆွဲဆောင်စည်းရုံးနိုင်လိမ့်မည်။ ကာမဖောက်ပြန်သူ အမျိုးသမီးများသည် လည်း ကာမဖောက်ပြန်သူအမျိုးသား (သို့မဟုတ်) လူ့အရည်အသွေး ပျက်စီးနေသောသူကိုသာ ဆွဲဆောင်စည်းရုံး နိုင်လိမ့်မည်။
အိနြေ္ဒရှင်အမျိုးသမီးတစ်ဦးအား စွပ်စွဲရာတွင် စွပ်စွဲသူသည် (၄)ရပ်သောသက်သေကို မပြနိုင်လျှင် ထိုစွပ်စွဲ သူတို့အား ကြိမ်ဒဏ်(၈၀)စီ ရိုက်လော့။ ၎င်းနောက် သူတို့၏သက်သေထွက်ဆိုချက်များကို မည်သည့်အခါမှ အတည် မပြုကြလေနှင့်။ ၎င်းတို့သည် ယုတ်မာကောက်ကျစ်သူများ ဖြစ်ကြပေသည်။
ကာမဖောက်ပြန်သူများနှင့် မတော်မတရား စွပ်စွဲသူတို့သည် ပြစ်ဒဏ်ကျခံရပြီးနောက် အမှားကိုဝန်ခံ၍ ပြုပြင် ပြောင်းလဲခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဂရုဏာတော်ရှင်၊ ပြစ်မှုများမှ ကာကွယ်၍လုံခြုံမှုပေး တော်မူသည့်အရှင် ဖြစ်သည်။ ” လို့ဖော်ပြထားပါတယ်။
မတရားကာမဖောက်ပြန်သူတွေကို ကြိမ်ဒဏ်ပေးရမယ်။ မတော်မတရားတော့ မစွပ်စွဲနဲ့။ မတော်မတရား စွပ်စွဲသူလည်း ကြိမ်ဒဏ်ရိုက်ခံရမယ်။ အမျိုးသမီးတစ်ဦးကို မည်သူမဆို မတော်မတရားစွပ်စွဲရင် သက်သေ(၄)ရပ် ပြုနိုင်ရပါမယ်။ အိနြေ္ဒရှင်အမျိုးသမီးတွေကို အကာအကွယ်ပေးထားတာပါ။ ဒါကြောင့် ဒီအာယတ်တော်ကို ကိုးကား ပြီး `အစ္စလာမ်ဟူသည် မတရားကာမမှုများကို ပြင်းထန်စွာရှုတ်ချပြီး အိနြေ္ဒရှင်အမျိုးသမီးတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသော လမ်းစဉ်ဖြစ်သည်´ဆိုတဲ့ အစ္စလာမ်ရဲ့တန်ဖိုးတစ်ခုကိုလည်း တင်ပြလိုက်ပါတယ်။
ပြစ်ဒဏ်ကျခံပြီးတဲ့နောက် အမှားကိုဝန်ခံပြီး ပြုပြင်ပြောင်းလဲလာကြပြီဆိုရင်လည်း လူ့အသိုင်းအ၀ိုင်းက နွေးထွေးစွာ ကြိုဆိုရမှာပါ။ အစ္စလာမ်က ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုတဲ့မူကို လက်ခံထားပါ တယ်။ မတရားကာမမှုကို မဖြစ်ခင်ကတည်းက ဝေးဝေးကရှောင်ဖို့ တိုက်တွန်းပါတယ်။ ကုရ်အာန် ဆူရာဟ်(၁၇) အာယတ်(၃၂) မှာ
“ မတရားကာမမှုအနားသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းသည် မကြားဝံ့၊ မနာသာသော အမှုကိစ္စဖြစ်၍ အကုသိုလ်လမ်းစဉ်ဖြစ်၏ ” လို့ တားမြစ်ထားတာပါ။
မတရားကာမမှုတွေကိုဖြစ်စေတဲ့ စိတ်ကြွဆေးတွေ မသုံးစွဲဖို့၊ ညစ်ညမ်းဗီဒီယိုတွေ မကြည့်ကြဖို့၊ အဖေနဲ့သမီး၊ အမိနဲ့သား၊ မောင်နဲ့နှမ စည်းစောင့်ဖို့ဆိုတာ၊ တရားဝင်လက်ထပ်ခြင်းမပြုမီ စည်းစောင့်ဖို့ဆိုတာ၊ မတရားကာမမှုအနားသို့ မချဉ်းကပ်ခြင်းဘဲ ဖြစ်ပါတယ်။ ဒီလို မစောင့်ထိန်းကြလို့ ယနေ့ခေတ်ကာလမှာ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို မတော်မတရား ကျင့်ကြံမှုတွေ၊ အဖေက သမီးဖြစ်သူကို မဟားဒရားပြုမှုတွေ၊ အဖေမဖော်နိုင်ဘဲ ကလေးမွေးရတယ်၊ ကိုယ်ဝန်ဖျက်ချရတယ်ဆိုတာ မကြားချင်မှအဆုံး ဖြစ်နေကြတာပါ။
အစ္စလာမ်ဘောင်အတွင်းက မွတ်ဆလင်မ်တွေဆိုရင် `ဇနာ´လို့ခေါ်တဲ့ မတရားကာမမှုများကို အထူး တလည်ရှောင်ကြဉ်ဖို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ မွတ်ဆလင်မ်တစ်ဦးဟာ အခြားဘာသာဝင်အမျိုးသမီးကို နောက်ပြောင်မိရင် အကွက်ချောင်းနေတဲ့ အကြမ်းဖက်သမားတွေက မွတ်ဆလင်မ်ကုလားတစ်ယောက် အမျိုးသမီးကို မတော်မတရား ကြံစည်ပါတယ်လို့ သတင်းဖြန့်လိုက်မယ်။ လူအုပ်ကြီးနဲ့ဝိုင်းပြီး အဲဒီလူကို သတ်ပြစ်မယ်။ ရဲစခန်းပို့လိုက်ရင်လည်း လူအုပ်နဲ့ဝိုင်းပြီး အဲဒီလူကို ထုတ်ပေးလို့ပြောမယ်။ ပြီးရင် အခြားမွတ်ဆလင်မ်တွေရဲ့အိမ်တွေ ဈေးဆိုင်တွေကို မီးရှို့ဖျက်ဆီးမယ်။ ပစ္စည်းတွေ လုယူမယ်။ ရဲတွေက အင်အားမမျှလို့ဆိုပြီး ရပ်ကြည့်နေမယ်။ လုယက်သတ်ဖြတ် ရမ်းကားနေတဲ့သူတွေကို တော်ကြပါတော့၊ ရပ်ကြပါတော့လို့ တောင်းပန်နေလိမ့်မယ်။ အဲဒါ မြန်မာပြည်အနှံ့ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုပုံစံတွေပဲ။
မွတ်ဆလင်မ်အမျိုးသမီးတွေလည်း လမ်းသွားရင် ဘယ်သူ့ကိုမျှ မတိုက်မိအောင် သတိထားသွားဖို့ အထူး လိုအပ်တယ်။ မဟုတ်ရင် ကြိုတင်ကြံစည်ပြီး အဓိကရုဏ်းဖြစ်အောင်ကျူးလွန်မှုနဲ့ တရားစွဲခံရလိမ့်မယ်။ ကျွန်တော် တို့မြန်မာနိုင်ငံမှာ မွတ်ဆလင်မ်တွေ အခုလို မျက်နှာငယ်စွာ အောက်ကျို့စွာ နေထိုင်နေကြရပါတယ်။
အဲဒါတွေဟာ မွတ်ဆလင်မ်အရေခြုံ အကြမ်းဖက်သမားတွေ၊ မွတ်ဆလင်မ်ဆန့်ကျင်ရေး အကြမ်းဖက် သမားတွေရဲ့ဒဏ်ကို ခံစားနေကြရတာပါ။ ကျွန်တော်တို့နိုင်ငံမှာ မွတ်ဆလင်မ်တွေကို မုန်းတီးစိတ်တွေ ၀င်လာဖို့၊ အစ္စလာမ်ကြောက်ရောဂါတွေ ဖြစ်ပေါ်လာဖို့ ဟောပြောရေးသား လှုံ့ဆော်မှုတွေက ဆက်လက်ရှိနေပါတယ်။
ဗုဒ္ဓတက္ကသိုလ် နလန္ဒာ
မကြာခင်ကထွက်တဲ့ ဘာသာရေးဂျာနယ်တစ်ခုမှာ အထင်ကရ ဆရာတော်ကြီးတစ်ပါး ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ အဲဒီမှာ အိန္ဒိယကို တူရကီမွတ်ဆလင်မ်တွေ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ၁၁၉၃ ခုနှစ်မှာ နလန္ဒာ တက္ကသိုလ်ကြီး ဖျက်ဆီးခံရပြီး ထောင်ပေါင်းများစွာသော ဘုန်းကြီးတွေ အသတ်ခံခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုတာ ရှေးတုန်းက ဗုဒ္ဓဘာသာနိုင်ငံ တူရကီမွတ်ဆလင်မ်တွေ သိမ်းပိုက်ပြီးမှ မွတ်ဆလင်မ်ဘာသာဘက်ကို ပြောင်းသွား တာပါလို့ ရေးထားပါတယ်။
ကျွန်တော်လည်း နလန္ဒာတက္ကသိုလ်ကြီးနဲ့ပတ်သက်ပြီး သိထားတာလေးတွေကို မျှဝေပေးချင်လာပါတယ်။ ဆရာမောင်စူးစမ်းက ၂၀၀၅ ခုနှစ် မေလထုတ် နွယ်နီမဂ္ဂဇင်းမှာ အခုလို ရေးသားထားပါတယ်။ မြတ်စွာဘုရားပွင့်ပြီး နှစ် ၂၀၀ အကြာ၌ ရှင်သာရိပုတ္တရာသည် နလန္ဒာတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ မွတ်ဆလင်မ်တို့ အိန္ဒိယကို ၀င်ရောက်သိမ်းပိုက်ချိန်တွင် ဖျက်ဆီးခံခဲ့ရသည်။ ဤတက္ကသိုလ်ကြီးကို အိန္ဒိယရှေးဟောင်း သုတေသနဌာနက ပြန်လည်တူးဖော် တွေ့ရှိထားခြင်းဖြစ်သည်။ ၎င်းတက္ကသိုလ်ဟောင်းကြီးနှင့် မဝေးလှသောနေရာတွင် နလန္ဒာ တက္ကသိုလ်အသစ်ကြီးကို အိန္ဒိယသမ္မတကြီး ရာဂျင်ဒရာ ပရားဆပ်က ၁၉၅၁ တွင် ဖွင့်လှစ်ပေးခဲ့သည်။ ၎င်း တက္ကသိုလ်အသစ်ကြီးအတွက် မြေကို မွတ်ဆလင်မ်မြေရှင်ကြီးက လှူဒါန်းခဲ့ခြင်းဖြစ်သည် လို့ ဖော်ပြထားတာကို ပြန်လည်မျှဝေလိုက်ပါတယ်။
နောက်တစ်ခါ ဆရာကြီးဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ (ဒုတိယပိုင်း) ၁၉၆၄ ခုနှစ် ဒုတိယအကြိမ် ရိုက်နှိပ် ထုတ်ဝေခဲ့တဲ့စာအုပ်ထဲက `အိန္ဒိယ၌ ဗုဒ္ဓ၀ါဒကွယ်ခြင်း´ဆိုတဲ့သုံးသပ်ချက်လေးကိုလည်း ထပ်ပြီး ပြောပြချင်ပါသေး တယ်။

အိန္ဒိယပြည်၌ ဗုဒ္ဓ၀ါဒကွယ်ခြင်း

ဗြာဟ္မဏာဝါဒယောင်ယောင် မဟာယနဗုဒ္ဓ၀ါဒသည် ထွန်းကားပြီးလျှင် ဗုဒ္ဓ၀ါဒီလူထုသည် ဘက္ကတိဝါဒနှင့် ဘဂ၀ါ (ထာဝရဘုရားဝါဒ) ကိုးကွယ်ကျင့်သုံး၍ ဗြာဟ္မဏ၀ါဒီတို့သည် ဗုဒ္ဓ၀ါဒမှ အချို့သောအချက်များကို လက်ခံကာ မိမိတို့ဘာသာဝါဒကို ပြုပြင်သောအခါ လူထုဗုဒ္ဓဘာသာသည် ဟိန္ဒူဘာသာနှင့် အသွင်လက္ခဏာများ စွာ ခွဲခြား၍မရတော့ပေ။ ထိုအချိန်အခါတွင် ထေရ၀ါဒသည် သံဃအဖွဲ့၌ တည်ရှိနေသေးသည်မှန်၏။ သို့ရာတွင် ဗြာဟ္မဏာဆရာတို့သည် တစ်စတစ်စ တန်ခိုးအင်အားကြီးမားလာပြီဖြစ်၍ ထေရ၀ါဒ သံဃအဖွဲ့ကို ခြိမ်းခြောက်လာ ကြသည်။ အိန္ဒိယပြည်ထဲသို့ဝင်လာသော မွတ်ဆလင်မ်လူမျိုးများသည်လည်း ဗုဒ္ဓဘုရားကျောင်းကန်များကို တိုက်ခိုက်ဖျက်ဆီးကြလေသည်။
ထိုခေတ်ဗြာဟ္မဏစာပေ၌ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးသော အိန္ဒိယဘုရင်များနှင့် ဗြာဟ္မဏခေါင်းဆောင်များ အကြောင်း ဖော်ပြထား၏။ ၆ရာစုအတွင်း၌ မိဟိရခုလဘုရင်သည် ဗုဒ္ဓရဟန်းကျောင်းများကို ဖျက်ဆီး၍ ၈ရာစုအလယ်လောက်က ဗြာဟ္မဏခေါင်းဆောင် ကုမာရိလဘတ္တသည် ဗုဒ္ဓ၀ါဒီတို့ကိုသတ်ဖြတ်ရန် ဘုရင့်အား လှုံ့ဆော်သည်ဆို၏။
၁၁၉၃ ခုနှစ်၌ မွတ်ဆလင်မ်စစ်တပ်များသည် ဘီဟာနယ်ထဲသို့ဝင်ရောက်ပြီးလျှင် ဗုဒ္ဓရဟန်းများကို တစ်ဦးမကျန် သတ်ဖြတ်၍ ပိဋကတ်စာပေများကို ဖျက်ဆီးပြစ်လေသည်။ ထို့ကြောင့် အိန္ဒိယပြည်၌ ဗုဒ္ဓ၀ါဒကွယ် ခြင်းသည် ဗြာဟ္မဏ၀ါဒီနှင့် မွတ်ဆလင်မ်တို့၏ နှိပ်ကွပ်မှုကြောင့်ဖြစ်သည်ဟု တစ်ခါက အနောက်နိုင်ငံ သုတေသီပညာရှင်များက ယူဆခဲ့ဖူးကြသည်။
သို့ရာတွင် ဗြာဟ္မဏ၀ါဒီများနှင့် မွတ်ဆလင်မ်တို့၏ တိုက်ခိုက်ဖျက်ဆီးမှုများသည် ဥရောပတိုက် အလယ် ခေတ်က ခရစ်ယာန်ဂိုဏ်းကြီးနှစ်ခုအချင်းချင်း တိုက်ခိုက်ဖျက်ဆီးမှုလောက် မဆိုးဝါးခဲ့ချေ။ သို့ရာတွင် ခရစ်ယာန် ဂိုဏ်းကြီးနှစ်ခုသည် ယနေ့တိုင် တည်ရှိခဲ့၏။
မြန်မာနိုင်ငံ၌လည်း ရှမ်းခေတ်က သိုဟန်ဘွားသည် ဗုဒ္ဓရဟန်းများကို သတ်ဖြတ်၍ ကျောင်းကန်ဘုရား များ ဖျက်ဆီးခဲ့စေကာမူ ဗုဒ္ဓ၀ါဒသည် မပျောက်ကွယ်ခဲ့ပေ။ သို့ဖြစ်၍ အိန္ဒိယပြည်၌ ဗုဒ္ဓ၀ါဒကို အခြားဘာသာဝါဒီတို့ ၏ နှိပ်ကွပ်မှုသည် ဗုဒ္ဓ၀ါဒကွယ်ခြင်း၏ အဓိကအကြောင်းရင်းမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းလုဆဲဖြစ် နေသော ဗုဒ္ဓဆီမီးတိုင်ကို လေပြင်းတစ်ချက် အဝှေ့ခံလိုက်ရခြင်းမျှသာဖြစ်လေသည်။
ဒေါက်တာ Rhy Davids ကမူ ဟိန္ဒူနှင့် မွတ်ဆလင်မ်တို့၏ဖိနှိပ်မှုသည် ဗုဒ္ဓ၀ါဒကွယ်ခြင်း၏ အကြောင်း တရားမဟုတ်ဟု ရေးသားခဲ့ပေသည်။ (Rhy Davids, Buddhist India) စာမျက်နှာ ၁၄၆ တွင် အိန္ဒိယပြည်ထဲ အလုံးအရင်း ၀င်ရောက်လာသော ဟန်း၊ ဆီသီယန်း အစရှိသည့် လူမျိုးတို့သည် အသိဉာဏ်အဆင့်အတန်း နိမ့်ကျ သော လူမျိုးများဖြစ်သည်။ ထိုလူမျိုးတို့က ဗုဒ္ဓ၀ါဒကို လက်ခံသောအခါ နဂိုက ဆုတ်ယုတ်ပျက်စီးနေပြီဖြစ်သော ဗုဒ္ဓ၀ါဒသည် ထိုလူမျိုးတို့၏၀ါဒများနှင့် ရောနှော၍ ကွယ်ခဲ့သည်ဟု ရေးသားခဲ့ပေသည်။
Dr Rhy Davids နှင့်အခြားပညာရှင်တို့သည် အိန္ဒိယပြည်ထဲသို့ ပြင်ပလူမျိုးများ ၀င်မလာမီကသော် လည်းကောင်း၊ အခြားဝါဒီများ ဗုဒ္ဓ၀ါဒကို ရန်ရှာခြင်းမပြုမီက သော်လည်းကောင်း ဗုဒ္ဓ၀ါဒသည် ဆုတ်ယုတ်ပျက်စီး နေပြီဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံယုံကြည်ကြလေသည်။
အထက်ပါသုံးသပ်ချက်များအရ အိန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ရတာဟာ မွတ်ဆလင်မ်ကြောင့်လို့ ပြောမယ် ဆိုရင် လိမ်လည်ရာရောက်ပါတယ်။ ယုံကြည်ရာ အယူဝါဒတစ်ရပ်ကို အခြားလူမျိုးတွေက နှိပ်ကွပ်လို့ ကွယ် ပျောက်ရပါတယ်ဆိုတဲ့ အယူအဆဟာ အသိဉာဏ်နုံနဲ့သူတို့ရဲ့ ယောင်ဝါးဝါး ဆင်ခြေဆင်လက်မျှသာဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းများအရ မိမိတို့ အယူဝါဒမှ စစ်မှန်သော တရားသဘောနဲ့ သဘောတရားတွေကို လျစ်လျူရှုလာကြမယ်ဆိုရင်၊ မိမိတို့အယူဝါဒအတွင်းကို အခြားသော အယူဝါဒတွေကို ရောနှောကျင့်သုံးလာမယ် ဆိုရင်၊ အစ္စလာမ်ဖြစ်စေ၊ ဗုဒ္ဓဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ အမှန်တကယ်ပဲ ကွယ်ပျောက်သွားမှာပါ။
စစ်မှန်သော အစ္စလာမ်၊ စစ်မှန်သော ဗုဒ္ဓ၊ စစ်မှန်သော ခရစ်ယာန်တို့ ကွယ်ပျောက်မှာမဟုတ်ဘဲ ဒီအယူဝါဒ တွေရဲ့တန်ဖိုးတွေကို လျစ်လျူရှုနေကြတဲ့ ယုံကြည်သူများထံမှ အခြားသို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။ အိန္ဒိယမှ စတင်ခဲ့တဲ့ ဗုဒ္ဓအယူဝါဒဟာ အိန္ဒိယမှာ ကွယ်ပျောက်ပြီး ကမ္ဘာအနှံ့မှာ ထွန်းကားနေတာကို နမူနာယူသင့်ပါတယ်။ ဒါတွေဟာ လူ့သမိုင်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ လောကဓံတရားတွေပါ။ ဒါတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်ချက်အချို့ကို တင်ပြရင်း နိဂုံးချုပ်ပါမယ်။ ကုရ်အာန် ဆူရာဟ် (၂) အာယတ် (၁၅၃ ၊ ၁၅၄) မှာ –
“ အို … ယုံကြည်သူအပေါင်းတို့ သင်တို့သည် ကြံ့ကြံ့ခံ၍ လောကကောင်းကျိုးကို ဆောင်ရွက်ကြခြင်းဖြင့် အလ္လာဟ့်ထံမှ အကူအညီကို ရယူကြကုန်လော့။
အလ္လာဟ့်လမ်းစဉ်အတိုင်း ကြံ့ကြံ့ခံရပ်တည်ရင်း အသက်စွန့်လွှတ်ခဲ့ကြသောသူတို့အား သူသေများဟု မပြောကြကုန်လင့်။ ၎င်းတို့သည် ရှင်သန်လျက်ရှိကြကုန်၏။ သင်တို့ မသိနားမလည်ကြချေ။ ” လို့ ဖော်ပြထားပါတယ်။
မိမိတို့ယုံကြည်ရာလမ်းစဉ်အတိုင်း မယိမ်းမယိုင် မသွေဖည်ဘဲ ကြံ့ကြံ့ခံရင်ဆိုင်ရင်း လောကကောင်းကျိုး ကို ဆောင်ရွက်ကြရပါမယ်။ ဒီလိုကြံ့ကြံ့ခံရင်း အသက်သေသွားရင်တောင် သူတို့ဟာ ရှင်သန်လျက်ရှိနေကြပါ တယ်။ လူအများစုကတော့ သူတို့ရဲ့ရှင်သန်မှုကို သဘောပေါက်နားလည်နိုင်မှာ မဟုတ်ပါဘူး။ ကုရ်အာန် ဆူရာဟ် (၂) အာယတ် (၁၅၅) မှာ ဆက်လက်ပြောဆိုထားတာက
“ လူသားဘ၀မှာ ငတ်မွတ်ခေါင်းပါးခြင်း၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ရခြင်း၊ မိမိတို့၏ အသက်အိုးအိမ် စည်းစိမ် နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးရခြင်းများကို ကြုံတွေ့ရနိုင်ပါတယ် ” တဲ့။ တဖန် အာယတ် (၁၅၆) မှာ-
“ ဒီလိုလောကဓံတရားတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကြံ့ကြံ့ခံရပ်တည်တဲ့သူတွေက ငါတို့ဟာ လောကခပ်သိမ်းရဲ့ အရှင်သခင်က ပြဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ကြသူများ ဖြစ်တယ်။ အရာအားလုံးဟာ အဆုံးတစ်နေ့မှာ ထိုအရှင်ထံ ဦးလှည့်ကြမဲ့သူများ ဖြစ်ကြပါတယ်လို့ ကျူးရင့်ကြပါတယ်။ ” တဲ့။
“ ဒီလိုလူမျိုးတွေဟာ သစ္စာတရားရဲ့လမ်းစဉ်ပေါ်မှာ ရှိနေကြသူများဖြစ်ပြီး ပြုစုပျိုးထောင်ရှင်ရဲ့ အကူ အညီနဲ့ ဂရုဏာတော်ကို ခံစားရမယ့်သူများဖြစ်တယ် ” လို့ ဆိုပါတယ်။
အစ္စလာမ်က လောကကို ဒုက္ခဘုံဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ဒီဒုက္ခတွေကိုကြောက်လို့ လောက ကနေ ထွက်ပြေးခြင်းကို အားမပေးပါ။ ဒုက္ခဘုံထဲမှာ ဒုက္ခတွေကိုလျော့အောင် ကောင်းမွန်လှပ သာယာမှုတွေကို ဆောင်ရွက်ပြီး လူ့အရည်အသွေးတွေ တိုးတက်အောင် ကြိုးစားကြရမယ်လို့ လမ်းညွှန်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ အစ္စလာမ်ဟူသည် လောကဓံတရားများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လူသားပီပီ အောင်မြင်မှုကို ရယူသောလမ်းစဉ်ဖြစ်သည်ဆိုတဲ့ အစ္စလာမ်တန်ဖိုးတစ်ခုကို ထပ်မံတင်ပြရင်း ရပ်နားလိုက်ပါဦးမယ် ။ ။