အစ္စလာမ့်ဥပဒေ (ရှရီအာဟ်) အပိုင်း(၅) ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခြင်း
အစ္စလာမ့်ဥပဒေ (ရှရီအာဟ်)
အပိုင်း(၅)
ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခြင်း
(DISSOLUTION OF THE MARRIAGE CONTRACT)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့(၄-၄-၂၀၁၄)၊ သောကြာနေ့မှာကျရောက်တဲ့ ယောဝ်မွလ်ဂျုမုအာဟ်သောကြာနေ့မှာ အလ္လာဟ် အရှင်မြတ်ကို `အိဘာဒသ်´ပြုရန်ကြွရောက်လာကြတဲ့ သူတော်စင်အမျိုးသား/ အမျိုးသမီးအပေါင်းတို့ခင်ဗျား……
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ ကျနော်တင်ပြဟောကြားမယ့်အကြောင်းအရာက အစ္စလာမ့်ရှရီအာဟ်၊ တစ်နည်းအားဖြင့် အစ္စလာမ့်ဥပဒေ အပိုင်း(၅)ကို တင်ပြသွားပါမယ်။ ဒီနေ့တင်ပြမယ့်အပိုင်းမှာတော့ အစ္စလာမ့်ဥပဒေဖြစ်တဲ့ ကျမ်း မြတ်ကုရ်အာန်နဲ့အညီ ဇနီးမောင်နှံတွေ ဘယ်လိုကွာရှင်းဖို့ သတ်မှတ်ပြဋ္ဌာန်းထားသလဲဆိုတဲ့အပိုင်းကို ဆက်လက် တင်ပြသွားမှာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ (၇.၃.၂၀၁၄)ကတည်းက ဒီကွာရှင်းပြတ်စဲမှုအပိုင်းကို တင်ပြခဲ့ပါတယ်။ ဒီနေ့မှာလည်း ဆက်လက်တင်ပြသွားပါမယ်။
ကျမ်းမြတ်ကုရ်အာန်ကို အခြေပြုပြီး အစ္စလာမ့်ဥပဒေအရ ကွာရှင်းပြတ်စဲရမယ့်နည်းလမ်း (၃)သွယ်ကို ကျနော်တင်ပြခဲ့ပြီးပါပြီ။ ဒီနည်းလမ်း(၃)ခုအနက် ခင်ပွန်းသည်ဖက်က ဇနီးသည်ကို ကွာရှင်းပြတ်စဲတဲ့ `တွလာက်း´ ဆိုတဲ့ နည်းစနစ်ပိုင်းနဲ့ `တွလာက်း´ကိစ္စဆောင်ရွက်ရာမှာ လိုအပ်တဲ့စည်းကမ်းချက်များကို ဆက်လက်တင်ပြသွား ပါမယ်။
`တွလာက်း´ဆိုတဲ့အရဗီစကားလုံးဟာ Divorce လို့ခေါ်တဲ့ အင်္ဂလိပ်ဝေါဟာရနဲ့ ကိုက်ညီပါတယ်။ ဆိုလို တာက (The Legal ending of a marriage) “ထိမ်းမြားလက်ထပ်ထားခြင်းကို ဥပဒေနှင့်အညီ အဆုံးသတ်သည်” လို့ အဓိပ္ပါယ်ရရှိပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့ တင်ပြရမယ့်အချက်တစ်ချက်ရှိပါတယ်။ အဲဒါက ကုရ်အာန် (၄း၃၅)ဖြစ်ပါတယ်။
“ အကယ်၍ သင်တို့ (ဇနီးမောင်နှံ)အကြား တစ်စုံတစ်ရာသော အရေးကိစ္စကြောင့် ကွဲကွာမှုပြုရန် စိုးရိမ်ကြ လေသော် ခင်ပွန်းသည်ဖက်မှ ခုံသမာဓိတစ်ဦးနှင့် ဇနီးသည်ဖက်မှ ခုံသမာဓိတစ်ဦးကို ခန့်အပ်ကြပါလေ၊…. ” ကုရ်အာန်-(၄း၃၅)
ဒီအာယသ်ရဲ့ပြဋ္ဌာန်းချက်ဟာ တွလားက်ဖြစ်စေ၊ ခုလာအ်ဖြစ်စေ၊ မုဘာရအာဖြစ်စေ၊ မည်သည့်နည်းနှင့် ကွာရှင်းသည်ဖြစ်စေ၊ အကျုံးဝင်ပါတယ်။ ဆိုလိုတာက ဇနီးမောင်နှံတို့အကြားမှာ မပြေမလည်ဖြစ်လာလို့ ကွာရှင်း ပြတ်စဲရမယ့် အနေအထားကိုရောက်လာပြီဆိုရင် `တွလာက်း´သော်လည်းကောင်း၊ `ခုလာအ်´သော်လည်း ကောင်း၊ `မုဘာရအာဟ်´သော်လည်းကောင်း၊ မည်သည့်နည်းနှင့်မဆို ကွာရှင်းသည်ဖြစ်စေ၊ ကွာရှင်းမှုကိုမဆောင် ရွက်ခင်မှာ နှစ်ဖက်ခုံသမာဓိများကို ဦးစွာခန့်အပ်ပြီး၊ ပြသနာကို ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျမ်းမြတ်ကုရ် အာန် (၄း၃၅)က လမ်းညွှန်နေတာဖြစ်ပါတယ်။ အကယ်၍ ဇနီးမောင်နှံနှစ်ဦးရဲ့ ကွာရှင်းပြတ်စဲမှုအကြားမှာ ဒီလို မဆောင်ရွက်ဖူးဆိုရင် သူတို့ရဲ့ကွာရှင်းပြတ်စဲမှုဟာ အစ္စလာမ့်ဥပေဒဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်နဲ့ အညီ မဆောင်ရွက်တဲ့အတွက် ကွာရှင်းပြတ်စဲမှု အထမြောက်ခြင်းမရှိပါဘူး။
အမှန်တကယ်တော့ ဒီကနေ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကွာရှင်းပြတ်စဲမှုတွေ မှာ ကုရ်အာန်(၄း၃၅)ရဲ့ပြဋ္ဌာန်းချက်ကိုသွေဖည်ပြီး ဆောင်ရွက်နေခြင်းအများအပြားကို တွေ့နေရပါတယ်။ ဥပမာ- ကွာရှင်းပြတ်စဲခြင်းကို နှစ်ဖက်လူကြီးများမထားဘဲ နှုတ်က (၃)ကြိမ်`တွလာက်း´ကြေညာလိုက်ရုံနဲ့ ကွာရှင်းမှု အတည်ပြုပေးနေတဲ့ဖြစ်ရပ်တွေကို အများအပြားတွေ့ရပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကုရ်အာန်ကို သွေဖည်ကျော ခိုင်းခြင်းပါ။ ဘာသာရေးပညာရှင်အချို့က ဒီလို`တွလာက်း´ပေးခြင်းမျိုးကို အတည်ပြုပေးတာဟာ ကုရ်အာန်ကိုဗြောင် ကျကျ ဆန့်ကျင်ခြင်းပါ။
ဆက်လက်ပြီး `တွလာက်း´ပေး ကွာရှင်းမှုပြုမယ့် ဇနီးမောင်နှံတွေ၊ ကွာရှင်းမှုအတည်ဖြစ်ဖို့ ဘယ်လိုတစ် ဆင့်စီ ဆောင်ရွက်ရမယ်ဆိုတာကို တင်ပြပါမယ်။
ဇနီးသည်ကို `တွလာက်း´ကြေညာမယ့်ခင်ပွန်းသည်ဟာ ကုရ်အာန်(၄း၃၅)နဲ့အညီ နှစ်ဖက်ခုံသမာဓိရဲ့ ညှိနှိုင်းဖြေရှင်းမှုကို ကြိုးပမ်းဆောင်ရွက်ရပါမယ်။ ဒီလိုညှိနှိုင်းဆောင်ရွက်မှုမပြေလည်ဘူးဆိုရင် ခင်ပွန်းသည်ဟာ ထိုခုံသမာဓိများရှေ့မှောက်တွင် “မိမိသည် လက်ရှိပေါင်းသင်းနေသော ဇနီးသည်ကို `တွလာက်း´ပြုကြောင်း” ကြေညာရပါမယ်။
ဒီလိုကြေညာတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေရှိပါတယ်။ အဲဒီစည်းကမ်းချက်များက-
(၁) `တွလာက်း´ကြေညာသည့်ခင်ပွန်းသည်သည် တည်ငြိမ်သော စိတ်နေစိတ်ထားရှိရမည်။ အသိစိတ်ဝင်နေရ မည်။ မူးယစ်သောက်စားထားခြင်းမရှိစေရ။
(၂) ခင်ပွန်းသည်၏ ဇနီးသည်အပေါ် `တွလာက်း´ကြေညာမှုသည် `ဆွရီး´(Sarih) သဘောမျိုးဖြစ်ရမည်။ `ဆွရီး´ဆိုသည်မှာ (Clear, Plain, Frank, Openhearted) ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း၊ ဗြောင်ကျကျ၊ ဖုံးကွယ်မှုတစ်စုံတစ်ရာမရှိခြင်းကို ရည်ညွှန်းပါတယ်။ ဆိုလိုတာက ခင်ပွန်းသည်၏ ဇနီးသည်အပေါ်မှာ`တွလာက်း´ ကြေညာခြင်းဟာ မိမိရဲ့ကွာရှင်းပြတ်စဲလိုမှုကို ထင်ရှားပေါ်လွင်စေရပါမယ်။ ရှုပ်ထွေးစေတဲ့အသုံးအနှုံးမျိုးနဲ့ ကြေ ညာခြင်းမဖြစ်စေရပါ။
`ဆွရီး´(Sarih) ရဲ့ဆန့်ကျင်ဖက်သဘောဟာ `ကိနာယဟ်´ (Kinayah) ဖြစ်ပါတယ်။ `ကိနာယဟ်´ ဆိုတာက (Indirect declaration of intent, Indirect expression) တိုက်ရိုက်မဟုတ်သောရည်ညွှန်းချက်၊ တိုက် ရိုက်မဟုတ်သောစကားလုံး၊ စကားစု အစရှိသဖြင့် အဓိပ္ပါယ်ထွက်ရှိပါတယ်။ ဆိုလိုတာက မိမိရဲ့`တွလာက်း´ကြေ ညာချက်ကို တိုက်ရိုက်မဟုတ်ဘဲ၊ သွယ်ဝိုက်ပြောဆိုကြေညာခြင်းမျိုးကို ဆိုလိုတာပါ။ ဥပမာ- ခင်ပွန်းသည်က သူ့ရဲ့ ဇနီးသည်ကို `တွလာက်း´ကြေညာတဲ့အခါမှာ…
“သင်မသည် သင်မ၏အမေအိမ်သို့သွားလျှင် `တွလာက်း´ဖြစ် သွားပြီ”ဟုပြောဆိုခြင်းမျိုး၊
“သင်မသည် ဤအိမ်ပေါ်မှဆင်းသွားလျှင် `တွလာက်း´ဖြစ်သွားပြီ”ဟုပြောဆိုခြင်းမျိုး၊ ယင်းသို့သော သွယ်ဝိုက် ကြေညာသော `တွလာက်း´ကြေညာခြင်းမျိုးကို အစ္စလာမ့်ဥပဒေအရ `ကိနာယဟ်´ဟုခေါ်သည်။ `ကိနာယဟ်´ သည် သေချာရေရာသည့်သဘောမျိုး မဆောင်သောကြောင့် အစ္စလာမ့်ဥပဒေပညာရှင်အများစုက `ကိနာယဟ်´ သဘောမျိုးကြေညာခြင်းကို `တွလာက်း´ကြေညာခြင်းဟု အသိအမှတ်မပြုပေ။ ပညာရှင်များက (Intension is a necessary element to the validity of Talak) လို့ ရည်ညွှန်းထားကြပါတယ်။ အဓိပ္ပါယ်က `တွလာက်း’ အောင် မြင်အထမြောက်ဖို့ရာ ကွာရှင်းပြတ်စဲလိုကြောင်း ရည်ညွှန်းချက်သည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်´
(၃) ခင်ပွန်းသည်က ဇနီးသည်အပေါ် `တွလာက်း´ကြေညာချိန်တွင် ဇနီးသည်သည် `တွဟာရသ်´ခေါ် (ဓမ္မတာ မပေါ်သည့်) သန့်ရှင်းချိန်တွင်ဖြစ်ရပါမယ်။
(၄) ခင်ပွန်းသည်က ဇနီးသည်ကို `တွလာက်း´ကြေညာရာတွင် `နိကာဟ်´စာချုပ်၌ မှတ်တမ်းတင်ထားသော ဆိုင်းငံ့မဟာရ် (သို့မဟုတ်) ကြွေးကျန်မဟာရ်ကို ပေးဆပ်ရန်တာဝန်ရှိပါတယ်။ ထိုသို့ပေးအပ်ရန်မှာ ကွာရှင်းပြတ်စဲ ကြမည့် ဇနီးမောင်နှံနှင့် နှစ်ဖက်ခုံသမာဓိလူကြီးများ၏ ညှိနှိုင်းဆောင်ရွက်မှုအပေါ်မူတည်၍ `တွလာက်း´ကြေညာ ခြင်းခံရသူ ဇနီးသည်၏ပိုင်ဆိုင်မှုကို မနစ်နာအောင် ဆောင်ရွက်ပေးရပါမယ်။
`ဖိကာဟ်´အပေါ်အခြေခံသည့် ကွာရှင်းပြတ်စဲခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များမှာတော့ `မဟာရ်´ကြွေး ကျန်ကိစ္စနဲ့ပတ်သက်ပြီး သီးသန့်ပြဋ္ဌာန်းထားခြင်းမရှိတဲ့အတွက် ခင်ပွန်းသည်က ဇနီးသည်ကို `တွလာက်း´ပေး ကွာရှင်းတဲ့အခါမှာ `ဖိကာဟ်´ဥပဒေတွေအရဆိုလျှင် ဇနီးသည်တွေရဲ့ ရပိုင်ခွင့်ကို ထည့်သွင်းစဉ်းစား တွက်ချက် ခြင်းမပြုကြပါဘူး။ ဒါကြောင့် `ဖိကာဟ်´ဆိုင်ရာ ကွာရှင်းပြတ်စဲမှုပြဋ္ဌာန်းချက်အရဆိုရင် `မဟာရ်´အကြွေးမဆပ်ရင် လည်း `တွလာက်း´က အထမြောက်နေပါတယ်။
ဒီနေရာမှာ စဉ်းစားကြည့်ကြပါစို့။ ဥပမာ- မောင်ဖြူက မညိုဆိုသူအမျိုးသမီးကို ထိမ်းမြားတယ်။ ဒီလို နိကာဟ်ပြုထိမ်းမြားတဲ့အခါမှာ မောင်ဖြူက `မဟာရ်´အဖြစ် ငွေတစ်သောင်းကျပ် လက်ငင်းနဲ့ ရွှေနှစ်ကျပ်သား အကြွေးတင်ထားပြီး နိကာဟ်ပြုတယ်။ (၆)လလောက်ကြာတော့ မောင်ဖြူက မညိုကို မပေါင်းချင်တော့ဘူး။ ကွာ ရှင်းတယ်ဆိုပါတော့။ `ဖိကာဟ်´ပြဋ္ဌာန်းချက်အရ `မဟာရ်´ရွှေနှစ်ကျပ်သားအကြွေးကို ပေးစရာမလိုဘဲ ကွာရှင်းမှု ကိုအတည်ပြုလိုက်ရတယ်။ ဒီတော့ မောင်ဖြူနဲ့မညိုတို့ရဲ့ (၆)လတာသော မင်္ဂလာသက်တမ်းမှာ မညိုအတွက် မှတ် မှတ်သားသားရလိုက်တာက `မဟာရ်´လက်ငင်းတင်ထားတဲ့ ငွေကျပ်တစ်သောင်းပဲ။ တကယ်လို့ မညိုဆိုတဲ့ အမျိုး သမီးဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ သမီး ဒါမှမဟုတ် အစ်မ၊ နှမဖြစ်နေရင် ဘယ်လိုစဉ်းစားကြမလဲ။
ကုရ်အာန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ဖက်က သုံးသပ်ကြည့်ကြပါစို့။ ကုရ်အာန် (၄း၎)မှာ ဒီလိုပြဋ္ဌာန်းထား တယ်။
“ ထို့ပြင် သင်တို့သည် သင်တို့၏ ဇနီးမိန်းမများအား သူမတို့အတွက် `မဟာရ်´ကို ကြည်ဖြူစွာပေးကြကုန် လော့။ အကယ်၍ ထိုဇနီးသည်တို့က ယင်း`မဟာရ်´အနက်မှ တစ်စုံတစ်ရာကို သင်တို့အတွက် သဒ္ဒါကြည်ဖြူစွာနှင့် စွန့်လွှတ်ခဲ့ကြပါမူ ထိုစွန့်လွှတ်သော`မဟာရ်´ကို သင်တို့မြိန်ရှက်စွာ စားသုံးနိုင်ကြသည် ” (၄း၎)
ဒီကုရ်အာန် (၄း၎)အရဆိုရင် `မဟာရ်´သည် ဇနီးသည်၏ တစ်ဦးတည်းပိုင်ဆိုင်မှုဖြစ်ကြောင်း၊ အထောက် အထားခိုင်လုံပါတယ်။ ဇနီးသည်ကို မဖြစ်မနေပေးရမှာဖြစ်ပြီး၊ ဇနီးသည်က မစွန့်လွှတ်ဖူးဆိုရင် ခင်ပွန်းသည်အနေနဲ့ လုံးဝ စားပိုင်ခွင့်မရှိပါဘူး။ အမွေဆိုင်ရာဥပဒေအရ ကြည့်မယ်ဆိုရင်လည်း ကြွေးကျန်`မဟာရ်´ကို ဖယ်ထုတ် ပေးဆပ်ပြီးမှ ကျန်ရှိအမွေပုံကို ခွဲဝေရပါတယ်။
ဒီနေရာမှာ ကျနော်တို့သတိထားရမယ့်အချက်က ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဋ္ဌာန်းချက်ပါ။ အင်မတန်မှ တရားမျှတပါတယ်။ `ဖိကာဟ်´များရဲ့ပြဋ္ဌာန်းချက်ဆိုတာက လူသားပညာရှင်ရဲ့ ပြဋ္ဌာန်းချက်ပါ။ ကျမ်းတော်မြတ်ကုရ်အာန်ကို၊ တမန်တော်မြတ်(ဆွ)ကို၊ အထောက်အထားပြုပါတယ်လို့ ဘယ် လောက်ပြောပြော၊ လူသားပညာရှင်ရဲ့ အတွေးအခေါ်ပါရှိတဲ့အတွက် အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိပါလိမ့်မယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်ရဲ့ ပြဋ္ဌာန်းချက်အပေါ် `ဖိကာဟ်´များရဲ့ပြဋ္ဌာန်းချက်က မလွှမ်းမိုးစေဖို့ အရေးကြီးပါတယ်။
အခု ကျနော်တင်ပြခဲ့တဲ့ အချက်(၄)ချက်ကတော့ ခင်ပွန်းသည်တစ်ဦးက ဇနီးသည်အပေါ် `တွလာက်း´ ကြေညာရာမှာ လိုက်နာရမယ့်စည်းကမ်းချက်များဖြစ်ပါတယ်။ အထူးသတိပြုရမယ့်အချက်က ခင်ပွန်းသည်ရဲ့ `တွလာက်း´ကြေညာမှုကို သက်ဆိုင်ရာဇနီးက ထင်ထင်ရှားရှား ကြားသိနေရမှာဖြစ်ပါတယ်။
ခင်ပွန်းသည်အနေနဲ့ စည်းကမ်းချက်များနဲ့အညီ ဒီလို`တွလာက်း´ကြေညာပြီးနောက်မှာ ကုရ်အာန် (၂း၂၂၈)၊ (၆၅း၁)တို့နဲ့အညီ `အစ်ဒသ်´စောင့်ဖို့လိုအပ်ပါတယ်။ `အစ်ဒသ်´ဆိုတာက အရဗီဝေါဟာရဖြစ်ပြီး၊ `အချိန်ကာလကိုရေတွက်ခြင်း´လို့ အဓိပ္ပါယ်ရရှိပါတယ်။ အစ္စလာမ့်ဥပဒေအရ ကွာရှင်းပြတ်စဲခြင်းအပိုင်းမှာတော့ `အစ်ဒသ်´ဆိုတဲ့ဝေါဟာရကို ဥပဒေစကားလုံးအရဆိုရင် `စမ်းသပ်စောင့်ကြည့်ကာလ´(A period of probation) လို့ခေါ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် (၂း၂၂၈)အရ `အစ်ဒသ်´ကာလဟာ ကျန်းမာသန်စွမ်းပြီး ပုံမှန်အမျိုးသမီးအ တွက် ရာသီပန်း(၃)ကြိမ် ပွင့်ပေါ်ပြီးသည်အထိကိုရည်ညွှန်းပြီး ဓမ္မတာပုံမှန်မဟုတ်သော၊ ဒါမှမဟုတ် ဓမ္မတာ စက်ဝန်းကို မျှော်မှန်း၍မရနိုင်သော (သက်ကြီး)အမျိုးသမီးများအတွက်တော့ ကုရ်အာန် (၆၅း၎)အရ (၃)လတာ ဖြစ်ပါတယ်။
ဒီနေရာမှာလည်း ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်နဲ့ `ဖိကာဟ်´တွေရဲ့ သတ်မှတ်ချက်ကွာခြားတာကို တွေ့မြင်ရပါ လိမ့်မယ်။ ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်အရဆိုရင် `တွလာက်း´ကြေညာခြင်းခံရတဲ့ အမျိုးသမီးတစ်ဦးသည် `အစ်ဒသ်´ ကာလအတွင်း တစ်နည်းအားဖြင့် ရာသီပန်း(၃)ကြိမ် မပွင့်ပေါ်သေးခင်အထိ၊ ခန့်မှန်းကာလ(၃)လလောက်အထိ ဟာ နောက်အမျိုးသားတစ်ဦးနဲ့ လုံးဝနိကာဟ်ပြုခွင့်မရှိပါဘူး။ ဒါပေမဲ့ `ဖိကာဟ်´ကျမ်းများရဲ့သတ်မှတ်ချက်အရ ဒီနေ့ `တွလာက်း´ပေးလိုက်ပြီးတာနဲ့ နောက်တစ်နေ့မှာ အဲဒီ`တွလာက်း´ပေးခြင်းခံရတဲ့ အမျိုးသမီးဟာ နောက် အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ပြုခွင့်ရှိသွားပါတယ်။ ဒါကလည်း လူမှုရေးရှုထောင့်က စဉ်းစားရမယ့်အချက်ပါ။
ခင်ပွန်းသည်တစ်ဦးသည် ဇနီးသည်ကို `တွလာက်း´ပေးပြီးနောက် `အစ်ဒသ်´ကာလအတွင်း၌ မိမိ၏ ပရ၀ုဏ်အတွင်းတွင် နေထိုင်ခွင့်ပေးရမည်ဖြစ်သလို သူမတို့၏ စားဝတ်နေရေးကိုလည်း တာဝန်ယူပေးရမည်ဖြစ် ကြောင်း ကုရ်အာန်(၆၅း၁)တွင် ပြဋ္ဌာန်းထားပါတယ်။
“ … ထင်ရှားသော မဖွယ်မရာမှုတစ်စုံတစ်ရာကို ယင်းဇနီးမိန်းမများက ကျူးလွန်ထားသည်မှတစ်ပါး အသင် တို့သည် သူမတို့အား နေအိမ်များမှ ထွက်ခွာစေခြင်းမပြုကြကုန်လင့်။ သူမတို့ကိုယ်တိုင်ကလည်း နေအိမ်များမှ မထွက်ခွာကြရပေ ” (၆၅း၁)
ဒီနေရာမှာ `အစ်ဒသ်´ကာလလို့ခေါ်တဲ့ `စမ်းသပ်စောင့်ကြည့်လာလ´ (A period of probation) ကို အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းသတ်မှတ်ထားခြင်းနဲ့ `အစ်ဒသ်´ကာလအတွင်းမှာလည်း ဇနီးမောင်နှံအတူတကွ ရှိနေစေခြင်းဆိုတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ဆန္ဒတော်ကို ကျနော်တို့ အလေးထားဖို့၊ လိုက်နာဆောင်ရွက်ဖို့၊ အထူးလို အပ်ပါတယ်။ ဘာကြောင့်ဒီရည်ရွယ်ချက်ကို၊ ဒီလုပ်ငန်းစဉ်ကို အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းထားရသလဲ။
ကျမ်းမြတ်ကုရ်အာန်အရ လေ့လာသုံးသပ်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က ဇနီးမောင်နှံအကြား `အစ်ဒသ်´စောင့်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး အချက်(၂)ချက်ကို ရည်ရွယ်ချက်အဖြစ်ထားရှိကြောင်း ပေါ်လွင်စေပါ တယ်။
ပထမအချက်က ရာသီပန်း(၃)ကြိမ်ပွင့်ပေါ်သည်အထိ စောင့်ဆိုင်းနေခြင်းအားဖြင့် ဇနီးသည်မှာ ကိုယ်ဝန်ရှိ ၏/ မရှိ၏ကို သိသာထင်ရှားစေပါတယ်။ ကိုယ်ဝန်မရှိခဲ့ရင် ကွာရှင်းမှုကို အတည်ပြုနိုင်ပေမဲ့၊ ကိုယ်ဝန်ရှိခဲ့မယ်ဆိုရင် တော့ ကုရ်အာန် (၆၅း၆)အရ-
“ အကယ်၍ `တွလာက်း´ပေး ကွာရှင်းခံရသူ ဇနီးသည်တို့မှာ ကိုယ်ဝန်ရှိခဲ့ကြပါလျှင် သင်တို့သည် သူမတို့ ဖွားမြင်လာသည်အထိ စီမံဆောင်ရွက်ကြလေကုန်။ သို့ဖြစ်ရာ အကယ်၍ ကလေးငယ်တို့ နို့ချိုတိုက်ကျွေးမည်ဆိုလျှင် လည်း သင်တို့(ခင်ပွန်း)က စရိတ်စက ပေးဆောင်ကြလေကုန် ” (၆၅း၆)
ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်အရဆိုလျှင် ပထမအချက်အနေနဲ့ `အစ်ဒသ်´ကာလစောင့်ဆိုင်းခြင်းဟာ မွေးဖွား လာမည့်ကလေးငယ်၏ အခွင့်အရေးကို မဆုံးရှုံးစေရန် ကြိုတင်တွက်ချက်စီစဉ်ထားသည့် အလ္လာဟ်အရှင်မြတ်၏ `ရဟ်မသ်´တော်တစ်ပါးပင်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် `အစ်ဒသ်´ကာလ စောင့်ဆိုင်းထားခြင်းအားဖြင့် ခင်ပွန်းသည်၏ စိတ်အခန့်မသင့် မှု (သို့မဟုတ်) ဒေါသကြောင့် ပေါက်ကွဲထွက်လာတဲ့ `တွလာက်း´ဟူသောအသံသည် အချိန်ကြာလာသည်နှင့်အမျှ ဒေါသလျော့ပါး ပျောက်ကွယ်သွားသောအခါ ပြန်လည်ပေါင်းသင်းနိုင်ခြင်းအားဖြင့် ဇနီးမောင်နှံတို့အကြား ပြေလည် မှုကိုရရှိသွားစေရန် စီမံပေးထားသော အလ္လာဟ်အရှင်မြတ်၏ `ရဟ်မသ်´တော်တစ်ပါးပင်ဖြစ်သည်။ ထို`ရဟ်မသ်´ တော်များကို အဘယ်သူ ငြင်းဆန်ဝံ့ကြသနည်း။