ညီညွတ်မျှတ လူမှုဘဝ
ညီညွတ်မျှတ လူမှုဘဝ
ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော ညီနောင်၊ ညီအစ်မ အပေါင်းတို့ခင်ဗျာ –
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာကဟ်သုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအဟ်ခွတ္တဗါဟ် ပြောကြားခွင့်ရရှိတဲ့အတွက်ကြောင့် အလ္လာဟ် အရှင်မြတ်အား ကျေးဇူးတင်ချီးမွမ်းမှုပြုခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက ပြုစုပျိုးထောင်ပေးတဲ့ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီနေရာကနေ ကျေးဇူးတင် ဂါရ၀ပြုအပ်ပါကြောင်း ပြောကြားလိုပါ တယ်။
အစ္စလာမ်ဟာ စကြာဝဠာအပေါင်းရဲ့ သဘာဝလမ်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ စကြာဝဠာမှာရှိတဲ့ သက်ရှိသက်မဲ့အားလုံးကို ငြိမ်းချမ်းစွာ လှုပ်ရှားစေပြီး သုခလမ်းသာကို ဖန်တီးတဲ့လမ်းစဉ် ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို စကြာဝဠာခပ်သိမ်းနဲ့ ကမ္ဘာဂြိုဟ်အပေါင်းကို ပြုစုပျိုးထောင်တော်မူတဲ့ (ရဗ်) အလ္လာဟ် အရှင်မြတ်က ချမှတ်ပေးတော်မူခဲ့ပါတယ်။ ဒီလမ်းစဉ်အတိုင်း သဘာဝလောကကြီးကို အသုံးချဖို့ လူသား တွေကို အလ္လာဟ်အရှင်မြတ်က စေခိုင်းခဲ့ပါတယ်။ ဒီလူသားတွေအထဲမှာမှ အစ္စလာမ်ကို လုံးဝဥဿုံ အလုံးစုံ လက်ခံတဲ့ မုအ်မင်န်တွေကို အလ္လာဟ်အရှင်မြတ်က ရွေးချယ်ခဲ့ပါတယ်။
မုအ်မင်န်ဖြစ်လာတာနဲ့အမျှ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း မပြုလုပ်ရပါဘူး။ အများအကျိုးကို သယ်ပိုးရတော့ပါမယ်။ ကမ္ဘာကြီးကို အကျိုးပြုရပြီး လူ့သားနွယ်ဝင်တွေ၏ သုခချမ်းသာရရှိမှုကို ရှေးရှုရမှာ ဖြစ်ပါတယ်။ ဒီလိုကြီးလေးတဲ့တာဝန်တွေကို စုပေါင်းညှိနှိုင်းဆောင်ရွက်မှ ရရှိမှာဖြစ်ပါတယ်။ ဒီလိုစုပေါင်း ညှိနှိုင်းဆောင်ရွက်ဖို့အတွက် လူအများနဲ့အတူ နေထိုင်ပြီး ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ လူမှုရေး သဟဇာတဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ချက်တွေကြောင့် သင့်မြတ်မှုရအောင် နေထိုင်တတ်၊ ပေါင်းသင်း ဆက်ဆံတတ်ရပြီး ထီးတည်းမဖြစ်ရပါဘူး။ လူတစ်စု၊ လူတစ်ဖွဲ့ရဲ့ မှားယွင်းတဲ့ တွေးခေါ်မြော်မြင်မှု နှင့်လုပ်ရပ်၊ ဆောင်ရွက်ချက်ကြောင့် ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းနဲ့ နေ့စဉ်နဲ့အမျှ တွေ့ကြုံရမယ့် ဆက်ဆံမှုများမှာ အသေးအဖွဲကစပြီး ကြီးမားတဲ့အန္တာရယ်အဖြစ်ကို ကူးပြောင်းရောက်ရှိပြီး၊ လူ့အဆောက် အအုံကြီးတစ်ခုလုံးကို ဖျက်ဆီးမယ့် အကျင့်ဆိုးများကို ကျမ်းမြတ်ကုရ်အာန်က တားမြစ်ထားပါတယ်။
ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားတဲ့ လူမှုအဆောက်အအုံ ပတ်ဝန်းကျင်မှာနေတဲ့ လူတွေဟာ တစ်ဦးကိုတစ်ဦး အချင်းချင်းစိတ်ထားဖြူစင်ကြတယ်။ စေတနာ သန့်စင်ကြပါတယ်။ တစ်ဦးကောင်းကျိုးကို တစ်ဦးလိုလားကြပြီး၊ တစ်ဦးအပေါ်တစ်ဦး အထင်မှားမှု၊ မလိုမုန်းတီးမှု၊ ခွဲခြားဆက်ဆံမှု စတာတွေမရှိတဲ့ အပြင် အတင်းအဖျင်းပြောဆိုခြင်း၊ စွပ်စွဲပြောဆိုခြင်းမရှိကြဘဲ အမုန်းတရားတွေဖြစ်စေပြီး လူ့အဆောက် အအုံ ထိခိုက်ပျက်စီး၊ အန္တရာယ်ဖြစ်စေမှု မရှိစေရေးအတွက် အန္တရာယ်ရှိလာတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင်လက်ကို အပ်နှင်းပြီး ဥပဒေဘောင်အတွင်း နေထိုင်တဲ့အတွက် ဒီလိုပတ်ဝန်းကျင်ဟာ သာယာချမ်းမြေ့တဲ့ လူ့အဖွဲ့အစည်းနှင့်တူနေပြီး ဒီပတ်ဝန်းကျင်ဟာ ဂျန္နသ်သို့ စံမြန်းရမယ့် မိုအ်မင်န်တွေရဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။
လူသားအချင်းချင်း အကျိုးပြုကြရန်အတွက် ကျမ်းမြတ်ကုရ်အာန်က `အဲဟ်စာန်´ဆိုတဲ့ဝေါဟာရနဲ့ လမ်းညွှန်ထားပါတယ်။ အဲဟ်စာန်ဆိုတဲ့ ဝေါဟာရဟာ `ဟွတ်စ်နွန်´ဆိုတဲ့တည်ပုဒ်က ဆင်းသက်လာပြီး အဓိပ္ပါယ်ကတော့ ညီညွတ်မျှတ အချိုးအစားကျခြင်း၊ လှပတင့်တယ်ခြင်း၊ ပြေပြစ်ခြင်းဖြစ်ပါတယ်။ အလိုသဘောကတော့ အရာရာကို သူ့နေရာနဲ့သူ အချိုးအဆစ်ကျကျ၊ ပြေပြေပြစ်ပြစ် လုပ်ပေးခြင်းကို လည်းကောင်း၊ လိုတဲ့သူ၊ လိုအပ်နေတဲ့နေရာအတွက် လိုအပ်ချက်ကို ပိုနေတဲ့သူ၊ ပိုနေတဲ့နေရာကနေယူပြီး ဖြည့်တင်းပေးခြင်းကို လည်းကောင်း၊ လောကအလှဆင်ခြင်း `အဲဟ်စာန်´လို့ခေါ်ပါတယ်။ ပိုနေတာကို လိုတဲ့နေရာမှာ မသုံးစွဲမဖြည့်တင်းရင် ကြည့်ချင်စဖွယ် တင့်တယ်လှပခြင်းရှိမှာ မဟုတ်ပါဘူး။ ဒီသဘော အရဆိုရင် မွတ်ဆလင်မ်တိုင်းဟာ မိမိတို့ရဲ့ဘ၀ကျင့်စဉ် ကိုယ်ကျင့်တရားကို လှပပြေပြစ်၊ တင့်တယ်မှုရှိစေဖို့ ကြိုးစားအားထုတ်ရပါမယ်။
မွတ်ဆလင်မ်ဆိုတာ ကိုယ်တိုင်ငြိမ်းချမ်းသူ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူကိုခေါ်ပါတယ်။ မွတ်ဆလင်မ်တို့ဟာ မိမိတို့ကိုယ်တိုင် လောကလူ့ဘောင်မှာ အသက်ရှင်နေထိုင်စဉ် စံနမူနာပြအဖြစ် နေထိုင်၊ လုပ်ကိုင်၊ ပြောဆို၊ ပြုမူ၊ ကြံစည်၊ အားထုတ်၊ ကူညီမျှဝေရင်း စံပြလူတော်လူကောင်းအဖြစ် နေထိုင် ဘ၀တည်ဆောက် သက်သေပြဖို့ လိုအပ်ပါတယ်။
တခြားသူတွေနဲ့ ဆက်ဆံပေါင်းသင်းရာမှာ `အိဟ်စာန်´အလိုသဘော အပြည့်ရှိရပါမယ်။ မွတ်ဆလင်တစ်ယောက်၊ လူတစ်ယောက်၏ ဘ၀တည်ဆောင်ရာမှာ အားနည်းချက်၊ လိုအပ်ချက်တစ်ခုခု ဖြစ်လာတာနဲ့ အခြားမွတ်ဆလင်မ်ထုက ဒီလိုအပ်ချက်၊ အားနည်းချက်ကို စုပေါင်းပြီး ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တင်ပြရမယ်ဆိုရင် လူတစ်ယောက်ဟာ အရွယ်ထောက်လာလို့ အားအင် ကုန်ခမ်းပြီး စားဝတ်နေရေး ချို့တဲ့လာပါတယ်။ ဒီလိုချို့တဲ့ဆင်းရဲခြင်းအတွက် ဖေးမကူညီခြင်းကို `အိဟ်စာန်´လို့ခေါ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၄း၃၆) မှာ-
`မွတ်ဆလင်မ်တို့သည် မိဘများကို လည်းကောင်း၊ ဆွေမျိုးသားချင်းများကို လည်းကောင်း၊ ခိုကိုးရာမဲ့များကို လည်းကောင်း၊ လုပ်အားမစွမ်းနိုင်သောသူများကို လည်းကောင်း၊ အိမ်နီးနားချင်းများကို လည်းကောင်း၊ ထိုအိမ်နီးနားချင်းသည် ဆွေမျိုးဖြစ်စေ၊ ဆွေမျိုးမဟုတ်သူဖြစ်စေ၊ မိတ်ဆွေ၊ အပေါင်းအဖော်၊ သူငယ်ချင်းများကို လည်းကောင်း၊ ခရီးသည်များကို လည်းကောင်း၊ မိမိတို့ လက်အောက်ငယ်သားတို့၏ လိုအပ်ချက်များကို လည်းကောင်း၊ ညီညွတ်မျှတ၊ အချိုးအစားကျအောင် ကောင်းစွာအကျိုးပြု ဖြည့်တင်း ရမည်´ လို့ဆိုထားပါတယ်။
ဒီအာယတ်တော်မှာ ယုံကြည်ချက်ဆိုင်ရာ အဓိကအချက်နှစ်ချက်ကို ဖော်ပြပြီးနောက် လူသားဟာ လူ့ပတ်ဝန်းကျင်မှာ မှီတင်းနေထိုင်တဲ့အခါ လူမှုပတ်ဝန်းကျင်မှာ တွေ့ကြုံရမယ့် လူ့အသိုင်းအ၀ိုင်းကို ဘယ်လိုအကျိုးပြု၊ ကောင်းကျိုးပြုရမယ်ဆိုတာ ဖော်ပြထားပါတယ်။ အိမ်နီးချင်းသုံးမျိုးကို ဖော်ပြရာမှာ ဆွေမျိုးတော်စပ်တဲ့ အိမ်နီးချင်း၊ ဆွေမျိုးမတော်စပ်တဲ့ ဆွေမျိုး၊ ခေတ္တတွေ့ကြုံရတဲ့ အိမ်နီးချင်းဆိုပြီး၊ ကမ္ဘာ့အရပ်ဒေသအသီးသီးမှာ မှီတင်းနေထိုင်တဲ့လူတွေဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ကျား/မ အဆင့်အတန်းမရွေးကို မွတ်ဆလင်မ်တွေက ညီညွတ်မျှတ အချိုးအစားကျနအောင် ကောင်းကျိုးပြုရမယ်လို့ ဖော်ပြထားပါတယ်။
အိမ်နီးနားချင်းမှသည် ကမ္ဘာရွာအတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေအချင်းချင်း လိုအပ်ရင်လိုအပ်သလို ကောင်းကျိုးပြုရမယ်လို့ ကုရ်အာန်က ပြဌာန်းထားတာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဘန်ဒေါင်းညီလာခံမတိုင်မီ နှစ်ပေါင်း (၁၄၀၀)ကျော် ကတည်းက ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က ယုံကြည်သူတွေကို လမ်းညွှန်မိန့်ကြားထားတာ တွေ့ရှိမှာပါ။
ကမ္ဘာ့ဒေသအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ၊ လူမှုဒုက္ခအပေါင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့အရေးကိစ္စများအတွက် ညီညွတ်မျှတ အချိုးအစားကျန အောင် ကောင်းကျိုးပြု မျှဝေပေးနေတဲ့ နိုင်ငံများစွာထဲမှာ ဂျပန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၀င်နိုင်ငံများ၊ အာရှနိုင်ငံအချို့၊ အာရဗ်နိုင်ငံအချို့က နှောင်ကြိုးမဲ့အကူအညီတွေပေးပြီး လောကအလှဆင်နေတာ အထင်အရှားပါပဲ။
အထူးသဖြင့် ဂျပန်နိုင်ငံဟာဆိုရင် သူ့နိုင်ငံမှာ နြူကလီးယားဓါတ်ပေါင်းဖို ငလျင်ဒဏ်ကြောင့် ပျက်စီး ယိုယွင်းပြီး ဒုက္ခရောက်နေတဲ့အချိန်မှာတောင် ကမ္ဘာ့အရပ်ဒေသအသီးသီးက လူတွေ၊ ပညာတော်သင်တွေ ကို မူရင်းဒေသနိုင်ငံတွေကို ပြန်မပို့ဘဲ စိတ်အေးချမ်းသာစွာ ပညာဆက်လက် သင်ယူလုပ်ကိုင်၊ စီးပွားရှာဖွေ ခွင့် အခွင့်အလမ်းကို ဆက်လက်ပံ့ပိုးပြီး ကောင်းစွာ အကျိုးပြုဖြည့်တင်းပေးနေတာ အထင်အရှားပါ။
ဒါကြောင့် ကျွန်တော်တို့တတွေကလည်း မိမိရဲ့ပတ်ဝန်းကျင်ရှိ လူသားတွေနဲ့ သဟဇာတဖြစ်စွာ နေထိုင်ရင်း လူသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း၊ ကောင်းကျိုးပြု၊ မျှဝေသွားရမှာဖြစ်ပါတယ်။ ဆူရာဟ် (၅၉း၉)မှာဆိုရင် `မုဟာဂျီရ်´တွေနဲ့ `အဲန်ဆွာရ်´တွေဟာ မိမိတို့ကိုယ်တိုင် ပြည့်စုံကြွယ်ဝမှုမရှိ ကြသော်လည်း အခွင့်အလမ်း၊ ရပိုင်ခွင့်တွေကို လျှော့ယူကြပြီး အခြားသူတပါးတွေကို ပိုမိုခံစားခွင့်ပေးကြပြီး လောက၊ လူသားကောင်းကျိုးပြုကြတာ၊ ကိုယ်ကျိုးစွန့်အနစ်နာခံကြတာတွေဟာ ကျွန်တော်တို့ကို အသိပေး၊ သတိပေး လမ်းညွှန်လျက်ရှိနေတာ တွေ့ရမှာပါ။
ဒါကြောင့် မွတ်ဆလင်မ်တိုင်းဟာ မိမိတို့နှင့်ဆက်ဆံသူတိုင်း တွေ့ဆုံသူတိုင်းကို အမြဲအကျိုးပြု ပေးနေရပါမယ်။ ဒါဟာ အစ္စလာမ်က ရည်ညွှန်းတဲ့ လူ့အကျိုးပြုလုပ်စဉ် လောကအလှတရားပဲ ဖြစ်ပါတယ်။ အများအကျိုးပြုလုပ်ငန်းနဲ့ ကူညီမှုတွေ လုပ်ဆောင်ရာမှာ မွတ်ဆလင်မ်တစ်ဦးအနေနဲ့ သတိပြုရမယ့် အချက်ကြီးတစ်ချက် ရှိပါတယ်။ လူတွေရဲ့သဘာဝဟာ တစ်ဦးတစ်ယောက်ကို ကျေးဇူးပြုလိုက်ရင် မိမိ၏ ကျေးဇူးပြုခဲ့ဖူးခြင်းကို လူရှေ့မှာ အမြဲထုတ်ဖော်ဝင့်ကြွား အသားယူပြောဆိုလေ့ ရှိတတ်ပါတယ်။ တခါတလေမှာ ကျေးဇူးပြုခဲ့သူက စိတ်သဘောထား မတိုက်ဆိုင်ရင်ပဲ ဖြစ်ဖြစ်၊ စိတ်ကြိုက်မဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ အကူအညီယူမိသူကို ကျေးဇူးကန်းတဲ့လူ၊ ကျေးဇူးမသိတတ်တဲ့လို့တောင် ခါးခါးသီးသီး ပြောဆိုတတ်ကြပါ တယ်။ မို့အ်မင်န်တွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းက ဒီလိုမဟုတ်ပါဘူး။ စစ်မှန်တဲ့ မို့အ်မင်န် တစ်ယောက်ဟာ ချို့ငဲ့အားနည်းတဲ့သူတစ်ယောက်ကို ကူညီခွင့်ကြုံခဲ့တယ်ဆိုရင် ခံယူချက် ဘယ်လိုထားရ မလဲဆိုတာကို (၇၆း၉)မှာ-
`ကျွန်ုပ်တို့သည် အသင်တို့အား အကျိုးပြု ကူညီဖြည့်ဆည်းပေးခြင်းသည် အလ္လာဟ်အရှင်မြတ် လမ်းညွှန်မိန့်ကြားချက်များကို လိုက်နာ အကောင်အထည်ဖော်ခြင်းမျှသာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင် နှစ်သက်သဘောတူညီမှု သက်သက်အတွက်သာ ဖြစ်ပါတယ်။ ဤသို့ ကူညီခြင်းအတွက် အသင်တို့ထံမှ အစားတုံ့ပြန်မှုအား မက်မောရန် မဆိုထားနှင့်၊ အသင် တို့၏ကျေးဇူးတင်ခြင်းကိုပင်လျှင် မခံယူလိုပါ´
လို့ ပြထားပါတယ်။ ဒါဟာ မို့အ်မင်န်တွေ လူသား၊ လောကသားအချင်းချင်း၊ အကျိုးပြုခြင်းဖြင့် လောကကို အလှဆင်ခြင်းပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ ဆူရာဟ် (၇၄း၆)မှာ- `၀လာသမ်နွန် သက်စ်သက်စီရု´ `အကျိုးမျှော်ကိုပြီး ကျေးဇူး မပြုပါလေနှင့်။ ပိုမိုအကျိုးဖြစ်ထွန်းမှုကို ရည်ရွယ်ပြီး မလှူနှင့်´ လို့ဖော်ပြထားပါတယ်။ လူသားအချင်းချင်း တာဝန်သိစွာဖြင့် ကူညီယိုင်းပင်းရန်နှင့် နှောင်ကြိုးမဲ့ကူညီပေးရန် ညွှန်ကြားချက်ဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါတယ်။
အစ္စလာမ်သာသနာရဲ့ တရားတော်အရ ပတ်ဝန်းကျင် လူ့အသိုက်အ၀န်းနဲ့ ခွဲခြားရှောင်ဖယ်ပြီး ထီးတည်းမနေရပါဘူး။ လူအများနဲ့ ပေါင်းသင်းထိတွေ့ပြီး စံပြနေထိုင်ကာ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှု ခံယူရမှာဖြစ်ပါတယ်။ ဒီလိုဆက်ဆံတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အပေးအယူ၊ ဖေးမကူညီခြင်း စတာတွေ ရှိလာပါတယ်။ ဒီလို ယိုင်းပင်းကူညီခြင်းကို ကုရ်အာန်က `သအားဝုနွန်´ လို့ ဖွင့်ဆိုထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၅း၂)မှာ-
`လူသားများ၏အကျိုးဖြစ်ထွန်းရေးနှင့် ဘ၀သာယာရေး၊ အလ္လာဟ့်နည်းပေးလမ်းညွှန်မှု ခိုင်မာရေး အတွက် အချင်းချင်း အပြန်အလှန်ကူညီလော့၊ လူသားများအတွက် အကျိုးနည်းပါးမှုနှင့် အလ္လာဟ် အရှင်မြတ်၏ နည်းပေးလမ်းညွှန်မှုကို ပုန်ကန်ရေးအတွက် အချင်းချင်း အပြန်အလှန် မကူညီကြလေနှင့်´ လို့ဆိုထားပါတယ်။
ဒီအာယတ်တော်အရ ကူညီယိုင်းပင်းရန် ပြဆိုထားတဲ့အချက်(၂)ချက် ရှိပါတယ်။ `ဘိရ်ရွန်´ နဲ့ `သက္က၀ါ´ ဖြစ်ပါတယ်။
`ဘိရ်ရွန်´ ဆိုတာ ကျယ်ပြောခြင်း၊ ချောင်လည်ခြင်းကို ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ လူသားတွေ ပညာရည်ပြည့်ဝရေး၊ အလုပ်အကိုင် အခွင့်အလမ်းပေါများရေး၊ စားဝတ်နေရေး သက်သာချောင်ချိရေး အတွက် ကူညီရခြင်းဖြစ်ပါတယ်။
သက္က၀ါဆိုတာ စိတ်နှလုံးအတွင်းမှာ တည်တဲ့အသိတရား၊ တရားအသိ ဖြစ်ပါတယ်။ အလ္လာဟ် အရှင်မြတ်ကို မမေ့မလျော့သောသတိဖြင့် ဆင်ခြင်ပြီး ဆောင်ရန်၊ ရှောင်ရန် အမိန့်လမ်းညွှန်ချက်များကို သတိ၊ ၀ီရိယတို့ဖြင့်ဆောင်ရွက်တဲ့ လုံ့လဖြစ်ပါတယ်။ လူတစ်ဦး၊ လူတစ်ဖွဲ့တို့ဟာ မိမိတို့ဘ၀ ခရီးလမ်း တလျှောက် တွေ့ကြုံရမယ့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှု၊ အဆင်မပြေမှု၊ ဆုံးရှုံးမှု၊ ချု့ယွင်းမှုတွေ အပေါ်မှာ လောကဓံတရား၊ ဒါ့အပြင် လူတွေမှာဖြစ်လေ့ရှိတဲ့ အတ္တအလိုကြီးမှု၊ ဆန္ဒရမ္မက်၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အမုန်းပွားရန်ညှိုးထားမှု၊ အာဃာတ၊ စိတ်ကြီးဝင်မှု၊ ခွဲခြားဆက်ဆံတတ်မှု၊ တရားမဲ့ ပြုကျင့်မှု၊ လူလူချင်း တန်ဘိုးမထားမှု၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့မှု၊ ဟီရိသြတ္တပ္ပကင်းမဲ့မှု စတဲ့ `ဆူးညှောင့်ခလုတ်´ တွေကို အသိ၊ သတိ၊ ၀ိရိယ၊ ဆင်ခြင်ဥာဏ်အမြော်အမြင်နဲ့ တရားအသိတို့ကို ပေါင်းစပ်ကျင့်သုံးကာ နေထိုင် ဘ၀တည်ဆောက်ခြင်းဆိုရင်လည်း မမှားပါဘူး။
`သက္က၀ါ´ ဆိုတာ တစ်စုံတစ်ခုကို ထိန်းသိမ်းခြင်း၊ ချုပ်ထိန်းခြင်း၊ ဆုံးရှုံးခြင်းနှင့် ပျက်စီးခြင်းတို့မှ အကာအကွယ်ပြုခြင်း အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော် လမ်းညွှန်မှုများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ယင်းလမ်းညွှန်မှုများနဲ့အညီ ဘ၀တည်ဆောက်ခြင်းကို ခေါ်ပါတယ်။
ဆိုလိုတာကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မှုများကို ကာကွယ်ထိန်းသိမ်းရာမှာ လည်းကောင်း၊ ထိုလမ်းညွှန်ချက်များနဲ့အညီ ဘ၀တည်ဆောက်ရာမှာ အချင်းချင်း ကူညီယိုင်းပင်းခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
`အစ်မွန်´ ဆိုတဲ့ ဝေါဟာရဟာ မောပန်းနွမ်းလျပြီး ကုလားအုတ်အုပ်စုနဲ့ နောက်မှာ ကျန်နေခဲ့တဲ့ ကုလားအုတ်ကို ခေါ်ပါတယ်။ အဓိပ္ပါယ်က လူ့ဘ၀တည်ဆောက်ရာမှာ ကျဆုံး ဆုံးရှုံးနေတာ၊ ဘ၀နောက်ပြန် ဆုတ်နေခြင်းကို ခေါ်ပါတယ်။ လူ့အရည်အသွေးနိမ့်ကျပြီး၊ ပညာရေး၊ စီးပွားရေး၊ ဘက်စုံဘ၀ ထူထောင်ရေး မှာ လူတန်းစေ့ မရပ်တည်နိုင်တဲ့ အဘက်ဘက်မှ ခေတ်နောက်ကျကျန်စေမယ့် ကိစ္စတွေအားလုံးလည်း ပါဝင်ပါတယ်။
`အွဒ်ဝါးနွန်´ ဆိုတဲ့ဝေါဟာရကတော့ ဥပဒေ၊ စည်းကမ်း၊ စနစ်ဇယားကို ကျော်ဖြတ်၊ ကျူးကျော် လုပ်ဆောင်ခြင်း၊ ပုန်ကန်သွေဖည်ခြင်းကို ခေါ်ပါတယ်။ အမုန်းပွားစေသော စကားတွေကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့ကာ သံသယပွားများပြီး ပြသနာများဖြစ်ပေါ်ကာ အချင်းချင်းရန်သူသဖွယ် ဆက်ဆံခြင်း ဖြစ်ပါတယ်။ အဓိပ္ပါယ်က လူသားတို့ဘ၀ သာယာဖွံ့ဖြိုးမှုအတွက် ပြဌာန်းထားတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်များကို ပုန်ကန်သွေဖည်ခြင်းကို ခေါ်ပါတယ်။ အထက်ပါအာယတ် တော်ရဲ့ သဘောတရားကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ နည်းပြလမ်းညွှန်ချက်အရ လူသားတွေရဲ့ ဘ၀ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပူးပေါင်းပါဝင်ခြင်းပြုကာ ကူညီယိုင်းပင်းရပါမယ်။ အလ္လာဟ့်လမ်းညွှန်ချက် များကို ပုန်ကန်သွေဖည်ပြီး လူသားတွေရဲ့ ဘ၀ဆုံးရှုံးနစ်နာ၊ ကျဆုံးပျက်စီးစေမယ့် လုပ်ရပ်တွေကို လုံးဝ ကူညီယိုင်းပင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းမပြုရဘဲ ကောင်းရာကိုသာ ကူညီရပါမယ်။ ဒါဟာလဲ အစ္စလာမ်က ရည်ညွှန်းတဲ့ လူမှုရေး သဟဇာတဖြစ်မှု၊ လောကအလှတရားပဲ ဖြစ်ပါတယ်။ တစ်ခါ ကုရ်အာန် ဆူရာဟ် (၂၈း၇၇)မှာ-
`အလ္လာဟ်အရှင်မြတ်၏ ဖြည့်ဆည်းပေးမှုကြောင့် အသင်၏ဘ၀ တင့်တယ်လှပ၊ အချိုးအစားကျနေ သကဲ့သို့ အသင့်ဘ၀ သက်တမ်းတလျှောက် အခြားလူသားတို့၏ ဘ၀လိုအပ်ချက်၊ ချို့တဲ့မှုများကို ဖြည့်တင်း ထောက်ပံ့ပေးခြင်းဖြင့် လူနှင့် လူ့ပတ်ဝန်းကျင်တို့ကို တင့်တယ်လှပ အချိုးကျအောင် ပြုလုပ်ဆောင်ရွက်ပါ။ ဒါ့ပြင် ကမ္ဘာမြေတလွှား တရားမျှတမှုကို ကျော်လွန်ပြီး ပဋိပက္ခ၊ ပြသနာများဖြစ်စေသော အဖျက်လုပ်ရပ်များကို အလျင်း ဆောင်ရွက်ခြင်း မပြုပါလေနှင့်´ လို့ ဆိုထားပါတယ်။
တဆက်တည်းမှာပဲ ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့် ကွာဟမှုမဖြစ်ရအောင် ကြိုးပမ်းဆောင်ရွက်ပါ။ `အလ္လာဟ်အရှင်မြတ်သည် လောကလူ့ဘောင် အခြေအနေအရပ်ရပ်တွင် တစ်ဖက်စောင်းနင်းဖြစ်အောင် ပြုလုပ်သူ အဖျက်သမားများအား နှစ်သက်မြတ်နိုးခြင်း မရှိပေ´ လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် (၇း၅၆)မှာ
`၄င်းပြင် အသင်တို့သည် လူ့ဘောင်လောက ကမ္ဘာမြေပြင် တခွင်တပြင်ကို တင့်တယ်ကောင်းမွန် စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးနောက်တွင်မှ ထိုကမ္ဘာမြေပြင်တလွှား မည်သည့် ပျက်စီးရာ ပျက်စီးကြောင်းကိုမျှ လုံးဝမပြုလုပ်ကြလေနှင့်´ လို့ ဖော်ပြထားပါတယ်။
လူကြီးမင်းများခင်ဗျာ လူသားတို့ရဲ့ ကမ္ဘာတစ်ခွင်မှာ လူသားတို့ကို တရားအလင်းဆောင်ဖို့အတွက် အလ္လာဟ်ကိုယ်တော်တိုင် ရွေးချယ်စေလွှတ်တော်မူခဲ့တဲ့ နဗီ၊ ရဆူလ်တမန်တော်မြတ်အသီးသီးဟာ ကုရ်အာန်ပါလမ်းညွှန်ချက်များအရ လောကအလှဆင်သူများ `မုဟ်စီနီးန်´တွေဖြစ်ကြပါတယ်။ `အိဟ်စာန်´ လို့ခေါ်တဲ့ လူသားလောက ကမ္ဘာကြီးနဲ့ လူသားအချင်းချင်းကြား အပြုသဘောဆောင်တဲ့ အကျိုးပြုလုပ်ငန်း တွေ လုပ်ကိုင်ခြင်းကို အန္တိမတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်က ကုရ်အာန်မှာ အထက် အာယတ်တွေနဲ့ ညွှန်ပြပြီး အစ္စလာမ်က ရည်ညွှန်းတဲ့ လောကအလှတရားများကို လက်တွေ့လိုက်နာ ကျင့်သုံး၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မိန့်ကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ အိဟ်စာန်ရဲ့ ဆန့်ကျင်ဘက်စာလုံးဖြစ်တဲ့ `ဖဆာဒွန်´ ဖျက်ဆီးဖြိုဖျက်ခြင်းဆိုတဲ့ စကားလုံးနဲ့တွဲပြီး ဖော်ပြထားတာကို လေ့လာကြည့်ရင် ကောင်းမွန် လှပတင့်တယ် စည်ပင်ဝပြောပြီး အေးချမ်းသာယာ၊ ဘေးကင်းလုံခြုံတဲ့ တည်ငြိမ်တဲ့ လူ့ဘောင်လောကကို ဘယ်သောအခါမှ ဖျက်ဆီးခြင်းမပြုလုပ်ကြပါနဲ့။ `
အဖျက်သမား၊ အဖျက်လုပ်ရပ်တွေ မပြုလုပ်ပါနဲ့ဆိုပြီး တားမြစ်ပါတယ်။ ဒါ့အပြင် အဖျက်လုပ်ရပ် ဆိုတာ လူတွေရဲ့ဘ၀တက်လမ်း တိုးတက်ရာ၊ တိုးတက်ကြောင်းကို ဖျက်ဆီးတာ၊ ပညာသင်ယူ ဆည်းပူးမှုကို တားဆီးတာ၊ အသိဥာဏ်ပညာအသုံးချမှုကို လွဲမှားသွားအောင်ဖျက်ဆီးတာ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ ကောင်းမွန်စွာ မရိသေသနာ စီးပွားရှာဖွေမှုကို မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်လို့မရအောင် ဖျက်ဆီးတာ၊ လူမှုရေးအပါအ၀င် အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးအောင် ဖျက်ဆီးတာ စတာတွေဟာ ကမ္ဘာလောကတခွင်မှာ လူတွေရဲ့ ညီညွတ်လှပ အချိုးအစားကျနတဲ့ မျှခြေစနစ်ရှိတဲ့ စနစ်ဇယားကို ဖျက်ဆီးခြင်းဖြစ်တဲ့အတွက်ကြောင့် အထက်ဖော်ပြပါ (၂၈း၇၇) နဲ့ (၇း၅၆) အရ အလ္လာဟ်က လူသားကို ကမ္ဘာမြေတခွင်မှာ အဖျက်လုပ်ရပ်များ သင်တို့ လုံးဝမလုပ်ကြနဲ့လို့ တားမြစ်ထားပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် (၅၅း၆၀)
`လူနှင့် လူ့ပတ်ဝန်းကျင် ညီညွတ်မျှတ၊ အချိုးအစားကျ၊ Harmony ဖြစ်အောင် ပြုလုပ်ဆောင်ရွက် ခြင်းရဲ့ အကျိုးရလဒ်က လူတွေက လူတွေကို ရိုင်းပင်းကူညီ၊ ဖူလုံမှုဖြစ်စေရေးအတွက် ကောင်းကျိုးပြု ခြင်းပင် ဖြစ်ပါတယ်´ လို့ဆိုထားပါတယ်။
ဒါ့အပြင် ကုရ်အာန် (၁၇း၇)မှာဆိုရင်-
`အသင်တို့ လောကလူ့ဘောင် ပတ်ဝန်းကျင်ကို ညီညွတ်မျှတ အချိုးအစားကျနအောင် နေထိုင်အသက်ရှင် ရပ်တည်ကြမယ်၊ လူမှုဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက် သဟဇာတဖြစ်အောင် နေထိုင် ကြမယ်ဆိုရင် အသင်တို့အကျိုးအတွက် ကောင်းကျိုးပြုကြခြင်းပင် ဖြစ်တယ်။ ဒါ့အပြင် လူ့ဘောင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မနေထိုင်ဘဲ ဆိုးရွားမှုဖြစ်စေရင်လည်း မိမိတို့ တာဝန်သာဖြစ်ပါတယ်´ လို့ ဆိုထားပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ Change လုပ်ကြဖို့ Chance ရှိပါတယ်။ Choice လုပ်ရမှာ ကတော့ ကျွန်တော်တို့ကိုယ်တိုင် `ဘယ်သူမပြု မိမိမှုသာ´ ဖြစ်ပါလိမ့်မယ်။
နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် ကျွန်တော်တို့ သောကြာနေ့တိုင်း ကြားဖူးနေကျဖြစ်တဲ့ ဆူရာဟ်(၁၆း၉၀)မှာ
`ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုရှိရန် လည်းကောင်း၊ ဟန်ချက်ညီညီ ညီညွတ်မျှတ အချိုးအစားကျအောင် လောကအလှဆင်ရန် လည်းကောင်း၊ မိမိအနီးတွင်ရှိသော ဆွေမျိုး သားချင်းအပါအ၀င် ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းတို့ကို လည်းကောင်း၊ အကောင်းဆုံး ပြုမူဆောင်ရွက် ပံ့ပိုးထောက်ပံ့ပေးရန် အမိန့်ပေးတော်မူလေသည်´
`အလ္လာဟ်သည် မိမိတစ်ဦးတည်း ကောင်းစားရေးအတွက် ဘာမဆိုလုပ်ဝံ့သည့် ရှက်ကြောက် ရွံရှာဖွယ်ကောင်းသော အပြုအမူ၊ အကျင့်အကြံ ဆောင်ရွက်မှုကို လည်းကောင်း၊ `မွန်န်ကရွန်´ခေါ် အခြား လူသားတို့ ရှင်သန်ကြီးပွားမှုမဖြစ်ရအောင် ဟန့်တားမှုပြုသည့် မဖွယ်ရာသော မကောင်းမှုဒုစရိုက်များကို လည်းကောင်း၊ ပုန်ကန်သောင်းကျန်း၊ သစ္စာဖောက်သည့်လုပ်ရပ်တို့ကို လုံးဝမပြုလုပ်ရန် တားမြစ်တော် မူလေသည်´
` အသင်တို့ တရားအသိ၊ အသိတရားရကြသူများ ဖြစ်ကြစေရန် အလို့ငှာ အလ္လာဟ်အရှင်မြတ် သည် အသင်တို့အား အသိပေးဆုံးမတော်မူလေသည်´ လို့ ဖော်ပြထားတဲ့အာယတ်တော်ကို တင်ပြရင်းနဲ့ ကျွန်တော်ရဲ့တင်ပြမှုကို ရပ်နားလိုက်ရပါတယ်။
ကုရ်အာန်သုတေသီ ဦးသန်းအောင် (LL.B)