မက္ကာဟ်အောင်ပွဲနေ့ 18.7.2014 ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
မက္ကာဟ်အောင်ပွဲနေ့
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား။ အခုလို ရမဒွါန်လမြတ်ရဲ့ သောကြာနေ့မှာ တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရဲ့ဇိကီရ်ကို တင်ပြခွင့်ရတဲ့အတွက်၊ နားထောင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဦးစွာ ပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်းနဲ့ ချီးမွမ်းထောမနာပြုအပ်ပါတယ်။ `အလ်ဟမ် ဒုလိလ္လာဟ်´
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဘာကြောင့် ဒီလိုပြောလဲဆိုတော့ တစ်ချို့တစ်ချို့ အရပ်ဒေသတွေမှာ ကျွန်တော်တို့လို တည်ငြိမ်အေးချမ်း စွာနဲ့ အလ္လာဟ့်ရဲ့ ဆွလားသ်နဲ့ဇိကီရ်ကို ကြားနာတည်ဆောက်ခွင့်မရကြပါဘူး။ မငြိမ်းချမ်းဘူး။ မြန်မာနိုင်ငံတစ်နိုင်ငံ တည်းမှာမဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်မှာဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အလွန့်အလွန်ကို တည်ငြိမ် အေးချမ်းစွာနဲ့ နေထိုင်နေရတဲ့အတွက် ပိုပြီးတော့ အလ္လာဟ်ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်က `မက္ကာဟ်အောင်ပွဲနေ့´ဖြစ်ပါတယ်။ လူကြီးမင်းများ အစ္စလာမ် ပြက္ခဒိန်တွေမှာကြည့်ရင် တွေ့ရမှာပါ။ ကျွန်တော့်အနေနဲ့ ရမဒွါန်လမှာဖြစ်ဖြစ်၊ အခြားလတွေမှာဖြစ်ဖြစ် ခွတ္တဗါဟ် ဟောပြောတဲ့အခါမှာ အခုလို နေ့ထူးနေ့မြတ်တွေ သမိုင်းဆိုင်ရာ သမိုင်းဝင်နေ့တွေနဲ့ပတ်သက်ပြီး ဟောပြောလေ့ ရှိပါတယ်။ မနေ့ကဆိုရင် ကျွန်တော်တို့ရဲ့ စတုတ္ထခလီဖဟ်သမ္မတကြီး ဟဇရသ်အလီ(ရသွီ) ၀ဖားသ်(ကွယ်လွန်) ဖြစ်တဲ့နေ့။ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ဟာ `မက္ကာဟ်အောင်ပွဲနေ့´ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရမဒွါန်(၁၇)ရက်နေ့ကဆိုရင် ဘဒရ်အောင်ပွဲနေ့ ကျွန်တော်တို့ဝတ်ကျောင်းတော်မှာလည်း ဘဒရ် အောင်ပွဲအခမ်းအနား ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အမှန်က အစ္စလာမ် နေ့ထူးနေ့မြတ်တွေကို ကျွန်တော်တို့ မွတ်ဆလင်မ်တွေ သိနေဖို့လိုအပ်သလို စိတ်ဝင်စားဖို့လည်းလိုအပ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာဖို့ ညွှန်ကြားထားသလားလို့ မေးမယ်ဆိုရင်တော့ အများကြီးပဲ တိုက်တွန်းထား တာရှိပါတယ်။ ဘနီအစ္စရာအီလ်တွေအကြောင်း၊ တမန်တော်မြတ်တွေရဲ့အကြောင်း အများအပြားတင်ပြထားတာ ဟာ ကျွန်တော်တို့ကို လေ့လာမှတ်သား နာယူခိုင်းခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ တမန်တော်မြတ်မုဟမ္မဒ်
(ဆွလ္လ)ကိုဆိုရင်လည်း အလ္လာဟ်အရှင်မြတ်က မေးတယ်။ ဆူရာဟ်(၁၀၅) `ဆူရာဟ်ဖီးလ်´မှာ `အို… တမန်တော် အသင် မမြင်၊ မသိ၊ မဆင်ခြင်ခဲ့ပါလေသလော။ ဆင်တပ်ကြီးကို ငါအလ္လာဟ် မည်သို့ချေမှုန်းပစ်ခဲ့သည်ကို အသင် မမြင်ခဲ့လေသလော ´
သမိုင်းဆိုင်ရာ အချက်အလက်အရဆိုရင် အဲဒီအချိန်က တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ) မမွေးသေးဘူး။ ဒါပေမဲ့ တမန်တော်မြတ်သိနေတယ်ဆိုတာကို အလ္လာဟ်လည်းသိတယ်။ ဆိုလိုတာက သမိုင်းဆိုင်ရာ အချက် အလက်တွေကို ကျွန်တော်တို့ မေ့ပျောက်လို့မရဘူး။ အဲဒီလို သမိုင်းဆိုင်ရာအချက်အလက်တွေကို ကျွန်တော်တို့ ဖော်ထုတ်ရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မွတ်ဆလင်မ်တွေမှာ အားနည်းနေတာကို တွေ့ရမှာဖြစ်တယ်။ ကျွန်တော်တို့က ကုရ်အာန်တစ်အုပ်တည်းနဲ့ လုံလောက်တယ်ပြောပြီး တစ်ချို့ဆိုရင် တမန်တော်မြတ်မုဟမ္မဒ် (ဆွလ္လ)ရဲ့ အဖေ၊ အမေနာမည်တောင် မသိတော့တဲ့အဆင့်ဖြစ်သွားတယ်။ အဲဒါတွေမလိုအပ်ဘူးလို့ ဖြစ်သွားတယ်။
အမှန်က ကျမ်းမြတ်ကုရ်အာန်ကို လေ့လာလိုက်နာကျင့်သုံးရင်းနဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လည်း လေ့လာဆည်းပူးရမှာဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော်က မက္ကာဟ်အောင်ပွဲနေ့ဆိုတာကို ပြောချင် တာ။ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)က မက္ကာဟ်သား။ မက္ကာဟ်မှာမွေးတာ။ ဒါပေမဲ့ သူဟာ မက္ကာဟ်ကနေပြီး မဒီနာကို တိမ်းရှောင်ရတယ်။ ဟစ်ဂျရသ်လုပ်ရတယ်ပေါ့။ နောက်မှ မက္ကာဟ်ကို ပြန်ရောက်လာတယ်။ ဒီအကြောင်း တွေကို ကျမ်းမြတ်ကုရ်အာန်မှာလည်း တင်ပြထားတာရှိပါတယ်။ အဲဒီအကြောင်းအရာတွေကို အချိန်ရသလောက် ကျွန်တော်တင်ပြမှာဖြစ်ပါတယ်။
ကောင်းပြီ။ တမန်တော်မြတ်က မက္ကာဟ်မှာမွေးတာ။ မက္ကာဟ်မွေးပြီး မက္ကာဟ်မှာ ဘာကြောင့်နေလို့မရတာ လဲ။
တမန်တော်မုဟမ္မဒ်(ဆွလ္လ)ကို (တမန်တော်မဖြစ်မီ) အရဗ်တစ်မျိုးသားလုံးက အင်မတန်လေးစားတယ်။ ကြည်ညိုတယ်။ ယုံကြည်တယ်။ ဘက်မလိုက်သူ၊ ကတိတည်ကြည်သူ၊ မှန်ရာကိုဆုံးဖြတ်နိုင်စွမ်းရှိသူ၊ `အမီးန်´ အဖြစ် ထင်ပေါ်သူဖြစ်တယ်။ အဲဒီလိုမျိုးပုဂ္ဂိုလ်ကို အသက်အန္တရာယ်ကို ရန်ရှာလောက်တဲ့အထိ နေလို့မရတာ ဘာကြောင့်လဲ။ `သောဝ်ဟီးဒ်´ကိုကြေငြာလို့။ အလ္လာဟ်တစ်ပါးတည်းရှိတယ်လို့ပြောလို့။ အလ္လာဟ့်ရဲ့ဝဟီ ကုရ်အာန်ကို ဖြန့်ချိလို့။ ဆူရာဟ်(၈) အာယတ်(၃၀)မှာ-
“ အကြင်အခါ၌ ကာဖိရ် မယုံကြည်သွေဖည် ငြင်းပယ်သူတို့သည် အသင့်အား ဖမ်းဆီးချုပ်နှောင်ရန်လည်း ကောင်း၊ သတ်ဖြတ်ကြရန်လည်းကောင်း (မက္ကာဟ်)မြို့မှ နှင်ထုတ်ကြရန်လည်းကောင်း၊ လျှို့ဝှက်စွာ ကြံစည် ဆွေးနွေးနေကြတယ် ” (ကုရ်အာန်-၈း၃၀)
ဒီအာယတ်ကို ဆရာဃာဇီရဲ့ဘာသာပြန်စာအုပ်မှာ အကျယ်တ၀င့် လေ့လာလို့ရပါတယ်။ တမန်တော်မြတ် ဟာ သောဝ်ဟီးဒ်ကိုကြေငြာလို့ မက္ကာဟ်မှာနေလို့မရဘူး။ မွတ်ဆလင်မ်ဖြစ်လို့၊ အလ္လာဟ်တစ်ပါးတည်းရှိတယ်လို့ ပြောလို့မရဘူး။ သတ်မယ်၊ ဖြတ်မယ်။ စဉ်းစားကြည့်။ တမန်တော်မြတ်ဟာ မက္ကာဟ်မှာဧည့်သည်မဟုတ်ဘူးနော်။ ဘိုးစဉ်ဘောင်ဆက် ကိုရိုက်ရှ်မျိုးရိုး၊ ဇာတိ။ သို့သော်လည်းပဲ နေဖို့ အဆင်မပြေတော့ဘူး။ အကြောင်းပြချက် အများကြီးမရှိဘူး။ တစ်ခုတည်းပဲ အစ္စလာမ်။ သောင်ဟီးဒ် ကုရ်အာန်ကိုကြေငြာလို့။
အခုလတ်တလော အနေအထားအရ ကျွန်တော်တို့လည်း ရင်ဆိုင်နေရတာရှိတယ်။ သောဝ်ဟီးဒ်ကတော့ ကျွန်တော်တို့ စွန့်လွှတ်လို့မရဘူး။ တစ်ဖက်ကလည်း ကျွန်တော်တို့ကို ဧည့်သည်ဆိုပြီး စွပ်စွဲနေတာလည်းရှိတယ်။ ကျွန်တော်တို့ သေချာပေါက် ပြင်ဆင်လို့ရတဲ့အခွင့်အရေးရှိနေတယ်။ ကျွန်တော်တို့ကိုယ်တိုင်က ဧည့်သည် မဖြစ်ဖို့လိုတယ်။ ဧည့်သည်လိုမနေဖို့လိုတယ်လေ။ တကယ်တမ်းပြောရရင် ကျွန်တော်တို့ကလည်း စားတဲ့အစား အသောက်ဆိုရင်လည်း အိန္ဒိယအစားအစာကို ပိုကြိုက်တယ်။ ရုပ်ရှင်ကြည့်ရင်လည်း အိန္ဒိယရုပ်ရှင်၊ သီချင်းနား ထောင်ရင်လည်း အိန္ဒိယသီချင်း၊ ရေမွှေးကအစ အိန္ဒိယရေမွှေးဆို ပိုကြိုက်တယ်။
တမန်တော်မြတ်က မက္ကာဟ်မှာမွေး တာ။ မက္ကာဟ်မှာကြီးတာ။ အိမ်ရှင်။ ဒါပေမဲ့ သောင်ဟီးဒ်ကိုကြေငြာလို့ ပြေးရတယ်။ ကျွန်တော်တို့ရှေးခေတ်က မြန်မာမွတ်ဆလင်မ်တွေရဲ့ သမိုင်းကိုကြည့်ရင် ထူးဆန်းနေတယ်။ မောင့်ကျက်သရေခေါင်းပေါင်းနဲ့ တစ်ချို့ဆိုရင် ရောင်ထုံးနဲ့။ မြန်မာမွတ်ဆလင်မ်တွေရဲ့ ဟန်၊ မာန် အပြည့်နဲ့။
ဒါပေမဲ့ အခု အဲဒီ Image တွေမရှိတော့ဘူး။ ပျောက်ကုန်ပြီ။ ဘယ်ရောက်သွားပြီလဲမသိဘူး။ ကျွန်တော်တို့ ပြန်ရှာရမယ့် တာဝန်ရှိတယ်။ ကျွန်တော်ပြောချင်တာက ၀တ်စားဆင်ယင်မှုတစ်ခုတည်းမဟုတ်ဘူး။ နေမှု၊ ထိုင်မှု၊ သွားလာမှု၊ ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆောင်ရွက်မှုအားလုံးပဲ။ ဟိုတလောက မြန်မာနိုင်ငံအလံကို အလေး မပြုလို့ဆိုပြီး ပြဿနာတစ်ခုတက်တယ်။ မူလတန်းကျောင်းသား။ အလံကို အလေးပြုလို့မရဘူးလို့ ဘာသာရေး ကျောင်းက ဘာသာရေးဆရာက ပြောထားတယ်ပေါ့။ ဘာတွေဖြစ်ကုန်ပြီလဲ။ ရှေးခေတ်နဲ့ ဘယ်လိုတွေ ကွာခြား သွားပြီလဲ။ ဟိုရှေးခေတ်က နန်းတွင်းထဲမှာ မွတ်ဆလင်မ်အမတ်တွေရှိခဲ့တယ်ဆိုပြီး ကျွန်တော်တို့ အာဘောင်
အာရင်းသန်သန်နဲ့ ပြောနေတယ်။ အဲဒီလို အရည်အချင်းရှိခဲ့လို့ အဲဒီလိုနေရာရောက်ခဲ့တာပေါ့။ ရှေးမြန်မာ မွတ်ဆလင်မ်သမိုင်းကို ပြန်လေ့လာကြည့်။
(၁၂)ရာသီပွဲ၊ ထမနဲပွဲတွေမှာ ထမနဲထိုးခဲ့တာ၊ အများကြီး။ အခြားရာသီအလိုက်ပွဲတော်တွေမှာ ရှေးမြန်မာ မွတ်ဆလင်မ်တွေ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲခဲ့ကြတာ သမိုင်းမှာရှိနေတယ်။ ကျွန်တော်တို့ ရမဒွါန်မှာ အခြား ဘာသာဝင်တွေက ဆုတောင်းပေးကြတယ်။ အိုဘားမား၊ ပြင်သစ်သမ္မတ၊ ဂျာမနီဝန်ကြီးချုပ်၊ စင်္ကာပူဝန်ကြီးချုပ်။ ရမဒွါန်မူဘာရက်၊ အီးဒ်ကျရင်လည်း အီးဒ်မူဘာရက်။ မြန်မာပြည်မှာ အမေရိကန်သံရုံးကလည်း လုပ်တာပဲ။ မွတ်ဆလင်မ်တွေနဲ့အတူတကွ ၀ါဖြေပွဲလုပ်ဖို့ ဖိတ်ကြားချက်ကို စောင့်နေ တယ်ဆိုတဲ့ဝန်ကြီးချုပ်တောင်ရှိတယ်။ မွတ်ဆလင်မ်နဲ့ပတ်သက်ပြီး မွတ်ဆလင်မ်မဟုတ်သူတွေရဲ့ အားပေးကူညီမှုတွေကို ကျွန်တော်တို့ အများကြီးတွေ့ရ ပါတယ်။
ဒီလိုပဲ။ မြန်မာပြည်မှာ online သုံးနေတဲ့ ဗုဒ္ဓဘာသာလူငယ်တစ်ယောက်က ဆုတောင်းပေးတယ်။ ရမဒွါန် မုဘာရက်ပေါ့။ ငြိမ်းချမ်းပါစေပေါ့။ ကောင်းပြီ။ ကျွန်တော်တို့စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ မွတ်ဆလင်မ် တွေကရော ၀ါဆိုလပြည့်နေ့မှာ ဂုဏ်ပြုပွဲတွေဘာတွေ လုပ်ပေးဖူးလား။ ပါးစပ်ကရော ကြေငြာတာတွေဘာတွေ ရှိလား၊ ရလား၊ ပိုင်လား။ ခရစ္စမတ်နေ့တွေဘာတွေမှာရော အားပေးကြောင်း ကြေငြာတာရှိလား။ သေချာပြန်စဉ်း စားကြည့်ပါ။ ကျွန်တော်တို့က ဘာမှကိုမလုပ်ဘူး။ ကျွန်တော်တို့က ရှောင်ခိုင်းတယ်။ သင်္ကြန်ကျရင် အိမ်ထဲမှာ အိပ် နေကွာတဲ့။ ပြဿနာကင်းတယ်။ ဘာညာပေါ့။ အခုနောက်ပိုင်း သင်္ကြန်ရက်တွေမှာ ကလေးတွေကို ဗလီထဲထည့်ပြီး စခန်းသွင်းလိုက်တယ်။ အကြောင်းပြချက်ကတော့ ဘာသာရေးပေါ့။ အမှန်ကတော့ စည်းခြားလိုက်တာ။ သင်္ကြန်ရေ ထိရင် ဂျဟန္နမ်ရောက်မယ်ဆိုတဲ့ ဖသ်ဝါပါရှိသေးတယ်။
အမှန်က ကိုယ်တိုင်က ဧည့်သည်အဖြစ် ခံယူနေကြတာ။ ရှေးမြန်မာမွတ်ဆလင်မ်တွေ အဲဒီလိုလား။ လေ့ လာကြည့်ဖို့လိုနေပြီ။ ရှေးမြန်မာမွတ်ဆလင်မ်တွေဟာ မွတ်ဆလင်မ်ဖြစ်တဲ့အတွက် ရမဒွါန်လရောက်ရင် ဆွီယာမ် တည်ဆောက်မယ်။ ဗလီအာဇန်သံကြားရင် ဗလီသွားမယ်။ ကျန်တဲ့အချိန်၊ ကျန်တဲ့ကိစ္စမှာ ဧည့်သည်လိုမနေခဲ့ကြ ဘူး။ စာပေအနုပညာမှာရော ကြည့်ဦးမလား။ မန္တလေးကဆိုရင် မွတ်ဆလင်မ်အနုပညာရှင်တွေ အများကြီးပေါ် ထွန်းခဲ့တယ်။ အခုခေတ်မွတ်ဆလင်မ်တွေ ဘာသိလဲ။ ဒွေးချိုး၊ လေးချိုး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ သုတ၊ ရသ ဘာဆိုဘာမှမသိကြတော့ဘူး။ ဘယ်လိုအိမ်ရှင်ဖြစ်မှာလဲ။ ကျွန်တော်တို့ ဘာတွေပြုပြင်ရမလဲ လေ့လာစမ်းစစ်ဖို့လို နေပြီ။
ကောင်းပြီ။ တမန်တော်မြတ်ရဲ့ မက္ကာဟ်အောင်ပွဲနဲ့ ကျွန်တော်တို့အောင်မြင်ချင်ရင် ဘာလုပ်သင့်သလဲဆို တာ နှိုင်းယှဉ်ပြခြင်းသာဖြစ်ပါတယ်။ တမန်တော်မြတ်ဟာ မက္ကာဟ်မှာနေလို့မရတော့ ဘာလုပ်လဲ။ သေချင်သေပါ စေ၊ ဂျန္နသ်ရောက်မှာပဲ။ ရှဟီဒီမောက်သ်ဆိုပြီး ပေတေပြီးမနေဘူး။ ဘာလုပ်လဲ။ မဒီနာကိုသွားတယ်။ ဟစ်ဂျရသ် လုပ်တယ်ပေါ့။ ဒါက ကျွန်တော်တို့အတွက် Message တစ်ခုပဲ။ အခြေအနေအရ လိုအပ်လာရင် ဟစ်ဂျရသ်လုပ်ရ မယ်။ တမန်တော်လုပ်ပြခဲ့တယ်။ အလ္လာဟ်က ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆူရာဟ်(၉) အာယတ်(၄၀)မှာ အကျယ်ပါရှိပြီးဖြစ်ပါတယ်။ လူကြီးမင်းများ ဆရာဃာဇီဘာသာပြန်အား လေ့လာကြည့်လျှင် သိနိုင်မည်ဖြစ်ပါတယ်။
အဲဒီတော့ တမန်တော်မြတ်က မက္ကာဟ်ကနေ မဒီနာကိုသွားတာ ဘာလုပ်တာလဲ။ သာမန်အားဖြင့် ထွက် ပြေးတာတစ်ခုတည်းမဟုတ်ဘူး။ ရှောင်နေတာတစ်ခုတည်း မဟုတ်ဘူး။ အဲဒါ အလ္လာဟ်ချပေးတဲ့ တမန်တော်မြတ် ရဲ့ မဟာဗျူဟာပဲ။ ကိုယ့်အသက်ကိုတောင် ကိုယ်လုံခြုံအောင် Safe မလုပ်နိုင်တဲ့နေရာမှာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းဟာ ဘယ်လိုမှ တိုးတက်အောင်မလုပ်နိုင်ဘူး။ မက္ကာဟ်မှာ တမန်တော်မြတ်ရှိနေစဉ်မှာ ဟဇရသ်အူမရ် (ရသွီ) မွတ်ဆလင်မ်မဖြစ်ခင်က မွတ်ဆလင်မ်တွေ ကိုယ့်ကိုယ်ကို မွတ်ဆလင်မ်လို့မပြောရဲဘူး။
အဲဒီလိုအခြေအနေမှာ မက္ကာဟ်မှာ ပေတေပြီးနေရင် ဘာဖြစ်မလဲ။ ကျွန်တော်တို့မွတ်ဆလင်မ်တွေ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် မဟာဗျူဟာအရ မဒီနာကို ထွက်ခွာရတာ။ ဒီခေတ်စကားနဲ့ပြောရရင် Capacity Building လုပ်တာ။ မက္ကာဟ်မှာက ဘာမှလုပ်လို့မရဘူး။ ဒီတော့ မဒီနာကိုပြောင်း။ ဟိုမှာ ကြိုဆိုတဲ့လူရှိတယ်။ ကူညီတဲ့လူရှိတယ်။ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အများကြီးအကောင်အထည်ဖော် ဆောင်ရွက်နိုင် တယ်။ မဒီနာသွား ဗလီတွေဆောက် နမားဇ်တွေဖတ်၊ ဒုအာတွေတောင်းနေရုံမဟုတ်ဘူး။ တမန်တော်မြတ် မဒီနာ မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ သမိုင်းကိုလေ့လာကြည့်ဖို့လိုပါတယ်။ မက္ကာဟ်ကိုပြန်လာဖို့အတွက် တမန်တော် မြတ်ဟာ ဘက်ပေါင်းစုံကနေ နေ့မအား ညမနားလုပ်ဆောင်ခဲ့တာ သမိုင်းသက်သေရှိပြီးသား၊ လူ့အဖွဲ့အစည်းတစ် ခုလုံး ဖွံ့ဖြိုးတိုးတက် ရှင်သန်အောင်လုပ်ခဲ့တာ။
တမန်တော်မြတ်ရဲ့ ဟစ်ဂျရသ်လုပ်တဲ့ခရီးစဉ်ကို လေ့လာကြည့်မယ်ဆိုရင် မုဟာဂျီရ်နဲ့ အန်ဆွာရ်ဆိုတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်ကို တွေ့ရမှာဖြစ်ပါတယ်။ မုဟာဂျီရ်ဆိုတာက မက္ကာဟ်ကနေ မဒီနာကိုပြောင်းလာတဲ့လူတွေ။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့လာတာ။ ဘာမှမပါဘူး။ အန်ဆွာရ်ဆိုတာ မဒီနာမှာရှိတဲ့လူတွေ၊ အန်ဆွာရ်တွေက ရောက်လာတဲ့ မုဟဂျီရ်တွေကို စီးပွားရေး၊ လူမှုရေး အစစအရာရာခွဲဝေပေးပြီး ကူညီပေးခဲ့တဲ့လူတွေ။ အစ္စလာမ် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်အောင် တတ်စွမ်းနိုင်သလောက် ပူးပေါင်းပါဝင် ကူညီခဲ့ကြသူတွေ။ အဲဒီတော့
ဟစ်ဂျရသ်မှာ ကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင် တမန်တော်မြတ်က မက္ကာဟ်မှာ အခြေအနေမကောင်းလို့ မဒီနာကိုပြောင်းတယ်။ လူ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်တယ်။ ဘက်ပေါင်းစုံက မြင့်တက်အောင်လုပ်တယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံး ယဉ်ကျေးအောင်၊ အင်အားတောင့်တင်းအောင် တည်ဆောက်ခဲ့တယ်။ တစ်ခါတစ်ရံ ဟစ်ဂျရသ်ဆိုတဲ့အပိုင်းက ကျွန်တော်တို့က ပြေးသွားတာပဲ၊ ရှောင်သွားတာပဲလို့ မြင်လို့မရဘူး။ လူ့အဖွဲ့အစည်း တစ်ခုကို မြှင့်တင်ဖို့အတွက် မဟာဗျူဟာချမှတ်တာက ဟစ်ဂျရသ်ရဲ့အနှစ်သာရ။ မက္ကာဟ်ကနေ မဒီနာကိုသွားတဲ့ မိုင်(၄၀၀)လောက်ခရီးက အနှစ်သာရမဟုတ်ဘူး။ ကျွန်တော်တို့မွတ်ဆလင်မ်တွေက ဒါကိုမသိဘူး။ မက္ကာဟ်ကနေ မဒီနာကို သွားတာကပဲ အလွမ်းဇာတ်၊ ကြေကွဲဝမ်းနည်းစရာ မက္ကာဟ်မြို့ကြီးတောင် မျက်ရည်ပင်လယ်ဝေလို့ တမန်တော်မြတ်က ထားသွားလို့။ ဇာတ်နာအောင်ရေးတဲ့ သမိုင်းဆရာတွေကလည်းရှိသေး။ တကယ့်အနှစ်သာရ မဟာဗျူဟာကို မမြင်ကြတော့ဘူး။ တကယ်တမ်းပြောရင် မက္ကာဟ်ကနေ မဒီနာကိုသွားတဲ့ တမန်တော်မြတ်ရဲ့ ခရီးစဉ်က အဓိကမဟုတ်ဘူး။ တမန်တော်မြတ် မဒီနာမှာ ဘာတွေလုပ်ကိုင်ဆောင်ရွက်ခဲ့သလဲဆိုတာက အဓိက။
အမေရိကန်နိုင်ငံမှာ ကပ္ပလီတွေ။ တစ်ချိန်က ကျွန်။ လွန်ခဲ့တဲ့နှစ်(၂၀၀)ကျော် ကာလကပေါ့။ အခုရော။ ကျွန်ပဲလား။ အိုဘားမားလေ။ ကပ္ပလီ။ အမေရိကန်နိုင်ငံရဲ့ သမ္မတ။ တစ်ချိန်က အီဗရာဟင်လင်ကွန်း သမ္မတ ဖြစ်ချိန်။ တောင်ပိုင်း မြောက်ပိုင်း စစ်ဖြစ်ချိန်။ ကိုယ့်အသက်ကိုယ်လုံခြုံအောင် မထိန်းသိမ်းနိုင်တဲ့အချိန်။ ဒါပေမဲ့ ကပ္ပလီတွေဟာ သူတို့ရဲ့ဘ၀ကို သူတို့ ဘက်ပေါင်းစုံက မြှင့်တင်ဆောင်ရွက်ခဲ့ကြလို့ ဒီကနေ့ လူမည်းသမ္မတအထိ ဖြစ်လာပြီ။ အခု ရခိုင်ဒေသကိုကြည့်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျနေမှာပဲ။ ကမ္ဘာအရပ်ရပ်က သနားလို့ ပေးစာကမ်းစာလေးတွေကိုပဲမျှော်ပြီး ဘ၀ဆုံးခန်းတိုင်နေလို့ကတော့ ဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူး။ သူတို့ ဘာလုပ်ရမလဲ။ သူတို့ ဟစ်ဂျရသ်လုပ်ရမယ်။ ဟစ်ဂျရသ်ဆိုတာဘာလဲ။ ပြေးဖို့ပြောတာမဟုတ်ဘူး။ မဟာ ဗျူဟာပေါ့။
အမေရိကန်က ကပ္ပလီကျွန်တွေလဲ ဟစ်ဂျရသ်လုပ်ခဲ့တယ်။ ဘာလုပ်လဲ။ သူတို့ဟာ နှစ်(၂၀၀)အတွင်းမှာ မဟာဗျူဟာကောင်းတွေ ကျင့်သုံးခဲ့တဲ့အတွက် သမ္မတဖြစ်လာတယ်။ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားသူတွေဖြစ် လာတယ်။ မိုက်ကယ်ဂျက်ဆင်၊ မုဟာမက်အလီ၊ အများကြီး အများကြီး။ ဒီကနေ့ အမေရိကန်နိုင်ငံမှာ ကပ္ပလီတွေ ဟာ ထိပ်တန်းအဆင့်မှာရှိနေတာ ဘာလို့လဲ။ သူတို့ရဲ့ မဟာဗျူဟာကောင်းလို့။ အလကား နေရင်းထိုင်ရင်းနဲ့ နှစ်(၂၀၀)အတွင်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။ သူတို့ဟာ အမေရိကန်နိုင်ငံရဲ့ပြင်ပကို ထွက်ပြေးခဲ့တာမဟုတ်ဘူး။ အဲဒီမှာပဲ နေထိုင်ရင်း သူတို့ရဲ့ဘ၀ တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားရုန်းကန် ဟစ်ဂျရသ်လုပ်ခဲ့လို့ ဒီကနေ့ အောင်မြင် ခဲ့တာဖြစ်တယ်။
ဟစ်ဂျရသ်နဲ့ပတ်သက်ပြီး အနှစ်ချုပ်ကြည့်မယ်ဆိုရင် တမန်တော်မြတ်ဟာ မက္ကာဟ်ကနေ မဒီနာကိုသွား တာ အသက်အန္တရာယ်ကြောင့် မဒီနာကို ပြေးသွားတာမဟုတ်ဘူး။ မဒီနာရောက်မှ ဟစ်ဂျရသ်ရဲ့ အနှစ်သာရက စတင်တာဖြစ်တယ်။ မက္ကာဟ်ကို ဘယ်လိုပြန်လာရမလဲ။ လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်မလဲ။ ကုရ် အာန်ရဲ့လမ်းညွှန်ချက်တွေကို ဘယ်လိုလိုက်နာကျင့်သုံး အကောင်အထည်ဖော်ရမလဲ။ လူ့အဖွဲ့အစည်း ဘယ်လို တိုးတက် ဖွံ့ဖြိုးမြင့်မားအောင် လုပ်ရမလဲဆိုတဲ့ အလုပ်တွေကို တမန်တော်မြတ်က လုပ်တာ။ မဒီနာမှာနေတဲ့အခါ ကျတော့ စစ်ပွဲတွေဖြစ်လာတာ။ အဲဒီအခါကျတော့ မရတော့ဘူး။ လာပြီးနှိပ်ကွပ်လို့တော့ မရတော့ဘူး။ အဲဒီလိုလာ ပြီး နှိပ်ကွပ်တဲ့အခါတိုင်း တမန်တော်မြတ်က ပြန်လည်ခုခံခဲ့တယ်။ ခုခံစစ်ပွဲတွေ ဆင်နွှဲခဲ့တယ်။ အထင်ရှားဆုံးက ရမဒွါန်လမှာဖြစ်ခဲ့တဲ့ ဘဒရ်စစ်ပွဲပေါ့။
ဂျူးတွေကို ကမ္ဘာက သနားနေတာ ဘာကြောင့်လဲ။ ဟစ်တလာရဲ့ရက်စက်မှုတွေကို ပိုပိုကဲကဲတင်ပြထား တဲ့ ရုပ်ရှင်တွေ၊ ၀တ္ထုတွေအများကြီး။ တစ်ကမ္ဘာလုံးက သနားသွားအောင် မီဒီယာကနေ နည်းမျိုးစုံနဲ့တင်ပြနိုင်ခဲ့တဲ့ အရည်အချင်း ဂျူးတွေမှာရှိခဲ့တယ်။ ကျွန်တော်တို့မွတ်ဆလင်မ်တွေမှာတော့ ရုပ်ရှင်ဆိုလဲ ဟရမ်၊ ၀တ္ထုဆိုလည်း ဟရမ်၊ ပြဇာတ်ဆိုလည်း ဟရမ်။ ပြဿနာက အဲဒါပဲ။ ကျွန်တော်တို့မွတ်ဆလင်မ် လူငယ်လူရွယ်တွေအတွက် သမိုင်းပျောက်မယ့်အရေး၊ သမိုင်းပျောက်နေတဲ့အရေး ဘာလုပ်ကြမလဲ။ တကယ်တမ်းက ဒီသမိုင်းတွေက မေ့လို့ ပျောက်လို့မရတဲ့သမိုင်း။ ဒါပေမဲ့ ဒီကနေ့ မွတ်ဆလင်မ်တွေ ဘာဆိုဘာမှ မသိကြဘူး။ တမန်တော်ဆင်နွှဲခဲ့တဲ့ ခုခံစစ်ပွဲတွေကိုမပြောနဲ့ စစ်ပွဲရဲ့နာမည်တွေတောင် သိတဲ့လူမရှိသလောက်ဖြစ်နေပြီ။ ဘဒရ်စစ်ပွဲနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၃) အာယတ်(၁၂၃)မှာ-
“ အသင်တို့သည် ဒဘရ်စစ်ပွဲ၌ အင်အားချည့်နဲ့နေခိုက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဧကန် အမှန် ကူညီတော်မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သက္က၀ါ တရား ထားရှိကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိတတ်ကြသူ များဖြစ်မည် ” (ကုရ်အာန်-၃း၁၂၃)
ဆိုလိုတာက ဘဒရ်စစ်ပွဲဖြစ်တဲ့ အခြေအနေ၊ အချိန်အခါနဲ့ မက္ကာဟ်မှာရှိနေတဲ့အချိန်က အခြေအနေမျိုး မတူတော့ဘူး။ ဘဒရ်စစ်ပွဲအခြေအနေက နောက်ဆုတ်ရမယ့်အခြေအနေ မဟုတ်တော့ဘူး။ ကျွန်တော်တို့ လက်ရှိ မွတ်ဆလင်မ်တွေရဲ့အခြေအနေက အမြဲတမ်း ဆွဘရ်ပဲလုပ်နေရတာ။ အလ္လာဟ်ကလည်း အမြဲ ဆွဘရ်မလုပ်ခိုင်း ဘူး။ အဲဒီလို မဒီနာရောက်ပြီး စစ်ပွဲတွေဖြစ်လာတဲ့အခါမှာမှ ဂျီဟာဒ်ဆိုတဲ့အပိုင်း ကုရ်အာန်အာယတ်တွေ ကျ
ရောက်လာခြင်းဖြစ်တယ်။ ခုခံစစ်တွေ၊ ဆင်နွှဲခွင့်တွေ၊ ရန်သူက ကိုယ့်ကိုတိုက်လာရင် ပြန်တိုက်ရမယ်။ အဲဒီမှာ ထင်ရှားတာက ဘဒရ်စစ်ပွဲ။ ကိုယ်က အင်အားအရမ်းနည်းပေမဲ့ အမှန်တရားဘက်မှာ ရပ်တည်တဲ့အတွက် အလွန်များပြားတဲ့ ရန်သူတွေကို အောင်ပွဲရခဲ့တယ်။ အဲဒီအမှန်တရားဟာ ကမ္ဘာကလည်း လက်ခံထားပြီး သမိုင်းမှာ လည်း ထင်ထင်ရှားရှားရှိနေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို သေသေချာချာ နားလည်သဘောပေါက်အောင် ရှင်းပြခိုင်းရမယ်။
ဒီနေရာမှာ ကျွန်တော် ဘာကို သုံးသပ်မိသလဲဆိုရင် ဂျီဟာဒ်လုပ်ဖို့ဆိုရင် ဟစ်ဂျရသ်မရှိရင်မရဘူး။ ဒါကို တကယ့်ပညာရှင်ကြီးတွေလည်း ပြောခဲ့တယ်။ ဟစ်ဂျရသ်ဆိုတာ ပြောင်းပြေးတာကို ပြောတာမဟုတ်ဘူး။ လူတစ် ယောက်ဟာ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ လုံးဝနေလို့မရတော့ဘူးဆိုရင်တော့ ဟစ်ဂျရသ်လုပ်ရမှာပေါ့။ ဟစ်ဂျရသ်လုပ်တယ်ဆိုတာ မဟာဗျူဟာက အရေးပါတာပေါ့။ ဂျီဟာဒ်လုပ်ဖို့အတွက် မဟာဗျူဟာက အရေးကြီး တောပေါ့။ စနစ်တကျပြင်ဆင်ပြီးကာမှ ဂျီဟာဒ်လုပ်လို့ရမှာပေါ့။ ဓါးကိုင်ပြီး၊ ကုလားအုတ်စီး ၊မြင်းစီးပြီး ဘာမှ မလေ့ ကျင့်၊ မပြင်ဆင်၊ မစူးစမ်း၊ မဆင်ခြင်ဘဲနဲ့ ဒီနေ့ ဂျီဟာဒ်လုပ်လို့မရဘူး။ မအောင်မြင်ဘူး။
ပါလက်စတိုင်းနဲ့ အစ္စရေးကိုပဲကြည့်။ ပါလက်စတိုင်းက ဒုံးပျံအစင်း (၁၀၀၀) ပစ်တယ်။ ဘာဖြစ်သလဲ။ ဘယ်လောက်ထိသလဲ။ အစ္စရေးက ပစ်တော့ ပစ်မလွဲ။ အကုန်ထိတယ်၊ ဘာလို့လဲ။ ပညာ စစ်ရေးပညာ။ အလ္လာဟ် ပေးထားတဲ့ ပညာ၊ မွတ်ဆလင်မ်တွေမသင်ရဘူး။ မွတ်ဆလင်မ်တွေက ဘာပြောလဲ။ ရှိုင်တွာန်ရဲ့ပညာတဲ့။ အလ္လာဟ့်ပညာတောင် မွတ်ဆလင်မ်တွေနဲ့ကျတော့ ရှိုင်တွာန်ရဲ့ပညာဖြစ်သွားတယ်။ အမှန်က ကျမ်းမြတ်ကုရ်အာန် ရဲ့လမ်းညွှန်မှုစနစ်ကို မွတ်ဆလင်မ်တွေက မလိုက်နာ မကျင့်သုံးဘူး။ ဒါကြောင့် အရှုံးနဲ့ရင်ဆိုင်ရတယ်။ အစ္စရေးက မွတ်ဆလင်မ်မဟုတ်ပေမယ့် အလ္လာဟ်ရဲ့စနစ်နဲ့ အံဝင်နေတော့ အောင်မြင်တယ်။
မွတ်ဆလင်မ်တွေ ဘာကြောင့်မအောင်မြင်လဲ။ တမန်တော်က ခလီဖဟ်သမ္မတစနစ် ကျင့်သုံးဖို့လမ်းညွှန် တယ်။ ခလီဖာဟ်တွေကျင့်သုံးတော့ အောင်မြင်ခဲ့တယ်။ ဘုရင်စနစ်ကျင့်သုံးခဲ့တာကစပြီး မွတ်ဆလင်မ်တွေ မရှုမလှကျဆုံးခဲ့တယ်။ အများအားဖြင့် အခုထိလည်း ကျင့်သုံးနေဆဲဖြစ်တယ်။ အခုထိလည်း ကျဆုံးနေဆဲဖြစ် တယ်။ ကုရ်အာန်ရဲ့စနစ်နဲ့ ဆန့်ကျင်နေသ၍ အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရလာမှာမဟုတ်ဘူး။
ဘူရာက်တွေဘာတွေတောင် ဆင်းလာတယ်၊ ဘာညာဆိုပြီး သတင်းတွေထွက်လာတယ်။ ဂျူးကပဲ တစ် ဖက်လှည့်လုပ်လိုက်သလားလို့တောင် ကျွန်တော် သံသယဖြစ်မိတယ်။ ဒုအာတွေဘာတွေပြည့်ပြီး မြင်းပျံတွေ ဘာတွေ အလ္လာဟ်ကပဲ လွှတ်ပေးလိုက်သလိုလို၊ မွတ်ဆလင်မ်တွေ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားတွေးခေါ်မြော်မြင်မှုမရှိ
ဘဲ ယောင်ဝါးဝါးအတွေးအခေါ်၊ အယူအဆ၊ အစွဲအလန်းတွေနဲ့ ရှေ့ဆက်သွားနေဦးမယ်ဆိုရင် ရင်လေးစရာပဲ။ ခေတ်မီဆန်းသစ်တဲ့ နည်းပညာ၊ အတတ်ပညာတွေကို မရှာဖွေ၊ မလေ့လာ၊ မဆည်းပူး၊ မသင်ယူ၊ မတတ်မြောက် ဘဲနဲ့ စိတ်ကူးယဉ်အိပ်မက်နဲ့ ဘ၀တည်ဆောက်နေသရွေ့တော့ မွတ်ဆလင်မ်ဆိုတာ သူများအနှိမ်ခံ၊ အစော်ကားခံ၊ အဖိနှိပ်ခံရတဲ့ဘ၀က တက်လာဖို့လမ်းကိုမရှိဘူး။ အဲဒီတော့ ဒီနေရာမှာ ဘာတွေရလဲဆိုရင် ဂျီဟာဒ်လုပ်ချင်ရင် ဟစ်ဂျရသ်ရှိရမယ်။ ဟစ်ဂျရသ်မပါတဲ့ ဂျီဟာဒ်က အော်နေရုံပဲဖြစ်တယ်။ ဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူး။ ရှဟီဒီ မောက်သ်ဆိုပြီး သူများသတ်တာခံရတာပဲ အဖက်တင်မှာပဲ။ အောင်မြင်မှုဆိုတာကတော့ ဟိုး အဝေးကြီးမှာ။
ဘဒရ်စစ်ပွဲမှာ တမန်တော်မြတ်ရဲ့ ပြင်ဆင်မှုအပိုင်း အရမ်းကို ကြီးကျယ်ခန့်ညားတယ်။ ပေါ့ပေါ့ဆဆလို့ မတွေးလိုက်နဲ့။ တမန်တော်မြတ်ရဲ့ Life တစ်ခုလုံးကိုကြည့်လိုက်ရင် တမန်တော်မြတ်ဟာ နေ့စဉ်စားသောက်၊ ကြင် ယာတော်တွေနဲ့ စကားပြော၊ ဆွဟာဘာတွေက မေးတာဖြေ၊ ဂျဟန္နမ်ဆိုတာ ဘာလဲ။ ဂျန္နသ်ကိုရောက်ဖို့ ဘာတွေ ဖတ်ရမလဲ။ မေးခွန်းပေါင်း အဖြေပေါင်း သိန်းကျော်။ ကျွန်တော်တို့မွတ်ဆလင်မ်တွေက ဒါကိုပဲသိတယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရှင်တွေ မုဟမ္မဒ်ရဲ့ဘ၀ကို လေ့လာတဲ့အခါမှာ စစ်ပွဲတွေဆင်နွှဲခဲ့တာတွေ၊ အုပ်ချုပ်ရေးအပိုင်း တွေ စတဲ့ ကျွန်တော်တို့မလေ့လာမိတဲ့အပိုင်းတွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ကြတယ်။ ကျွန်တော်တို့ သိတာက တမန်တော်မြတ် ဘယ်လိုဇိကီရ်တွေဖတ်တယ်။ ဘယ်လိုနမားဇ်တွေဖတ်တယ်။ ဒါတွေပဲ ကျွန်တော်တို့ သိတယ်။
တမန်တော်မြတ်ဟာ မဒီနာမှာ (၁၀)နှစ်တာကာလ ဘာတွေလုပ်ခဲ့လဲ။ ဘာတွေပြင်ဆင်ခဲ့လဲ။ ဘာတွေ တည်ဆောက်ခဲ့လဲ။ အင်အားပြင်ဆင် ပြည့်စုံပြီးတဲ့အခါမှ မက္ကာဟ်ကိုပြန်လာဖို့ ပြင်ဆင်ပြီ။ အဲဒီမှာ ဟုဒိုင်ဘီယာဆို တဲ့အရပ်မှာ ဟစ်ဂျရီ(၆)ခုနှစ်မှာပေါ့။ (၆)နှစ်တိတိ တမန်တော်ပြင်ဆင်ခဲ့တာနော်။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ သိထားတာက (၆)နှစ်တိတိ တမန်တော် အေဗါဒသ်တွေလုပ်တယ်ပေါ့။ အနောက်တိုင်းပညာရှင်တွေကတော့ တမန်တော်ဟာ (၆)နှစ်အတွင်းမှာ လူ့အဖွဲ့အစည်းကြီးတစ်ခုကို တည်ထောင်လိုက်တယ်ပေါ့။ ဟစ်ဂျရီ(၆)ခုနှစ်မှာ တမန်တော်မြတ်ရဲ့ ဆွဟာဘာတွေဟာ မက္ကာဟ်ကို ဟဂ်ျလုပ်ဖို့လာတယ်။ အမှန်က တမန်တော်မြတ်က မွေးရပ် မြေ ဘူမိနက်သံကိုပြန်လာတာ။
အမှန်က မွေးရပ်မြေက မောင်းထုတ်ခံရတဲ့လူတွေ၊ စိတ် ဓါတ်တွေ တက်ကြွနေတာ။ ဒီအခြေအနေမှာ စဉ်းစားကြည့်၊ လူတိုင်းက အားမာန်အပြည့်နဲ့ စစ်ပွဲတစ်ခုအသွင်မျိုး ပြင်ဆင်လာခဲ့ကြတာ။ ဒီအချိန်မှာ တစ်ဖက်က (မက္ကာဟ်)လူတွေသိနေပြီ။ မုဟမ္မဒ်တော့လာနေပြီ။ အရင် ဒီက ပြေးသွားတဲ့ အခြေအနေမျိုးလည်းမဟုတ်ဘူး။
အဲဒီမှာပဲ ဟုဒိုင်ဘီယာအရပ်မှာ ထွက်တွေ့ကြပြီး နောက်နှစ်မှ လာခွင့်ပြုမယ်ဆိုတဲ့ အချက်အပါအ၀င် တစ်ဖက် သတ်ဖိနှိပ်ပြီး ချုပ်ဆိုတဲ့ ဟုဒိုင်ဘီယာငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြတာ။ ကမ္ဘာကျော်စာချုပ်ပဲ။ ကျမ်းမြတ်ကုရ် အာန် ဆူရာဟ်(၄၈) အာယတ်(၁၈)မှာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။
လုံးဝကို တစ်ဖက်စောင်းနင်းချုပ်ဆိုတဲ့စာချုပ်။ တမန်တော်ရဲ့ ဆွဟာဘာတွေကလည်း လက်မခံချင်ကြ ဘူး။ ဒါပေမဲ့ တမန်တော်မြတ်က အဲဒီစာချုပ်ကို အောင်မြင်စွာချုပ်ဆိုခဲ့တယ်။ ချက်ချင်း ထတိုက်လို့အောင်မြင်နိုင် ပေမယ့် တမန်တော်မြတ်က သွေးထွက်သံယို စစ်မက်ဖြစ်ပွားမှုကို ရှောင်ခဲ့တာလည်းပဲဖြစ်တယ်။ အဲဒီအချိန်မှာ တမန်တော်မြတ်နဲ့ မွတ်ဆလင်မ်တွေရဲ့အင်အားဟာ အစစအရာရာ ပြည့်စုံပြီးသား။ ကျွန်တော်တို့မွတ်ဆလင်မ်တွေ သိထားရမှာက ကျွန်တော်တို့မှာ အရည်အသွေး၊ အရည်အချင်း အပြည့်လိုအပ်တယ်။ မရှိရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဖရစ်ရှ်တာတွေ၊ ဘူရာက်တွေ ဒါတွေကို ထိုင်မျှော်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ Capacity မြင့်တက်အောင်လုပ်ရမှာ။ အဲဒီလိုမျိုးဖြစ်မှ အောင်မြင်မှာ။ ဟဇရသ် အုမရ်လို ပုဂ္ဂိုလ်မျိုး၊ ဟဇရသ်အလီလို ပုဂ္ဂိုလ်မျိုး။ ဒီကနေ့ ဘယ်မှာလဲ။ ဟုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်ဟာ အမှန်တော့ စစ်ကိုရှောင်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့တာ။
ဒီကနေ့ ငြိမ်းချမ်းရေးတွေဖော်ဆောင်ဖို့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ ကမ္ဘာပေါ်မှာ ဆွေးနွေးနေကြတာတွေရှိ တယ်။ ယုံကြည်မှုတစ်ခုတည်းနဲ့ တည်ဆောက်လို့မရဘူး။ အပေးအယူ (Give and Take)နဲ့ တည်ဆောက်မှရမယ်။ အပေးအယူ မမျှတသမျှ မယုံကြည်ဘူး။ မငြိမ်းချမ်းဘူး။ ဒါကို တမန်တော်မြတ်က သက်သေပြခဲ့တယ်။ အပေးအယူ လုပ်ခဲ့တယ်။ Give and Take လုပ်ခဲ့တယ်။ ဒါကြောင့် နောင်နှစ်မှာ အေးချမ်းစွာ မက္ကာဟ်ကို ၀င်ရောက်လာနိုင် ခဲ့တယ်။
ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကိုကြည့်။ မညီညွတ်ဘူး၊ ပေါင်းစည်းလို့မရဘူး၊ ဘာဖြစ်လို့လဲ။ အပေးအယူမရှိလို့၊ အပေးမရှိဘူး၊ ဘာမှမပေးနိုင်ဘူး။ အားလုံးယူမယ်ဆိုတာပဲ။ ဒီတော့ ဘယ်လိုမှ ပေါင်းလို့မရဘူး။ မယုံကြည်ဘူး။ Power balance ဖြစ်အောင်မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာစရာမရှိဘူး။ ဒီကနေ့ ကျွန်တော် တို့မွတ်ဆလင်မ် လူ့အဖွဲ့အစည်းဖြစ်နေတာက ပေါင်းစည်းလို့မရတာပဲ။ တမန်တော်မြတ်ဟာ ဟုဒိုင်ဘီယာစာချုပ် ကို အရှည်ကိုမျှော်တွေးပြီး ဉာဏ်အမြော်အမြင်ကြီးကြီးနဲ့ကိုချုပ်ခဲ့တာ။ အပေးအယူ ကောင်းကောင်းလုပ်တတ်ခဲ့ တာ။ အောင်မြင်မှုကို ကြိုပြီးတွေးထားခိုင်းခဲ့တာ။
နိဂုံးပိုင်းအနေနဲ့တင်ပြရရင် တမန်တော်မြတ်ဟာ ပထမနှစ်မှာ ဟုဒိုင်ဘီယာအရပ်ရောက်တော့ ဆက်သွား လို့မရတော့ဘူး။ မက္ကာဟ်နဲ့လည်း အရမ်းကိုနီးနေပြီ။ ဘဒရ်စစ်ပွဲတုန်းက မြို့ပြင်ထွက်တိုက်တာဆိုပေမဲ့ မဒီနာနဲ့ နီးနီးလေး။ အခု ဟုဒိုင်ဘီယာအရပ်က မဒီနာနဲ့ဆိုရင် အဝေးကြီး။ ဒီလိုအဝေးကြီးကနေ လာခဲ့ပြီးကာမှ တမန်တော် ဟာ နောက်ပြန်ဆုတ်ခဲ့တယ်။ နောင်နှစ်ကျတော့ စာချုပ်ပါအချက်များကို မက္ကာဟ်က ရန်သူတွေကိုယ်တိုင် ချိုး ဖောက်ခဲ့ကြတယ်။ ဒါကြောင့် တစ်ခါတစ်ရံ ဥပဒေတစ်ရပ်ဟာ မတရားမှန်းသိရက်နဲ့ကို လက်ခံလိုက်။ ထုတ်တဲ့လူ တွေကိုယ်တိုင် လိုက်နာလို့မရဘူး။ ပြဿနာတက်လာတာတွေရှိတယ်။ မလိုက်နာနိုင်တာတွေ ရှိလာတယ်။
တမန်တော်မြတ်ဟာ ဒီအတွေး၊ ဒီအမြင်တွေကို အလ္လာဟ့်အလိုတော်နဲ့ သိမြင်ခဲ့လို့ ဒီစာချုပ်ကို ချုပ်ဆိုခဲ့ တာ။ စာချုပ်သက်တမ်းပြည့်တော့ ပြင်ဆင်မှုတွေ (၇)နှစ်ရှိပြီလေ။ တစ်နှစ် ပိုပြီးပြည့်စုံသွားပြီ။ မြင့်သွားပြီ။ လက်ရှိ ကျွန်တော်တို့ မြန်မာမွတ်ဆလင်မ်တွေကတော့ ကြာလေ နိမ့်လေပဲ။ မြင့်တက်မလာဘူး။ ကြာလေ ဖွတ်ဖြစ်လေ ဖြစ်နေတယ်။ ဟိုတုန်းက မြန်မာမွတ်ဆလင်မ်တွေက နန်းတွင်းအမတ်ဖြစ်တယ်။ မြန်မာကျော်တယ်၊ ကမ္ဘာကျော် တယ်၊ ၀န်ကြီးဖြစ်တယ်၊ အာဇာနည်ဖြစ်တယ်။ အခုနှစ်(၅၀၊ ၆၀) ရောက်တော့ ဖွတ်ဖြစ်ကုန်တယ်။
တမန်တော်တည်ဆောက်ခဲ့တဲ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းဟာ အရည်အသွေး၊ အရည်အချင်းပြည့်စုံခဲ့ တယ်။ ဒါကြောင့်လည်း မက္ကာဟ်ကို သွေးတစ်စက်မကျဘဲ အောင်မြင်ခဲ့တယ်။ မိသားစုတစ်စုထဲမှာကိုကြည့်။ မိသားစု၊ ဆွေမျိုးအသိုင်းအ၀န်းကြားမှာ သြဇာညောင်းချင်ရင် အနေအထိုင်မှန်ရမယ်။ အဖက်ဖက်က စွမ်းရည်မြင့် တက်နိုင်ရမယ်၊ ပြဿနာပေါင်းစုံကို မျှတညီညွတ်စွာ ဖြေရှင်းနိုင်ရမယ်။ ပြတ်သားရမယ်။
တမန်တော်မြတ်ရဲ့ လူ့အဖွဲ့အစည်းကိုမြင်ကြည့်လိုက်။ ဘယ်လောက်တိုးတက်ခဲ့သလဲ။ ဘယ်လိုမျိုး ကြိုး စားတည်ဆောက်ခဲ့ကြသလဲ။ ဒါကြောင့်လဲ စာချုပ်ပြီးတစ်နှစ်အကြာမှာ မက္ကာဟ်ကို အောင်နိုင်ခဲ့ခြင်းဖြစ်တယ်။ ရမဒွါန်လ(၂၀)ရက်နေ့မှာ သွေးမြေမကျ အောင်ပွဲဆင်ခဲ့တယ်။ မက္ကာဟ်အောင်ပွဲနေ့ဖြစ်တယ်။ ဒါကြောင့် လက်ရှိ ကျွန်တော်တို့ မြန်မာမွတ်ဆလင်မ်တွေ တမန်တော်မြတ်ရဲ့ Life ကနေပြီး ဘယ်လို Message တွေယူနိုင်မလဲဆို တာ လေ့လာနိုင်အောင်တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ် ။ ။