ဟဂ်ျအကြောင်း 3.10.2014 မုဖ်သီ ဦးစန်းအောင် (B.Sc)

ဟဂ်ျအကြောင်း

မုဖ်သီ ဦးစန်းအောင် (B.Sc)

          ဒီကနေ့(၃.၁၀.၂၀၁၃)နေ့မှာ ကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာ ဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား

အတ်စလာမုအလိုင်းကွန်း(မ်) ၀ရဟ်မသွလ်လားဟိ ၀ဘရကားသုဟု

ဒီကနေ့ကျနော်တင်ပြမဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော `ဟဂ်ျအကြောင်း´ပဲဖြစ်ပါတယ်။ `ဟဂ်ျ´အကြောင်းကို မတင်ပြခင် ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၂)၊ ဆူရာတွလ်`ဟဂ်ျ´ အာယသ်အမှတ်(၂၆)နှင့် အာယသ်အမှတ်(၂၇)တို့ကို ဦးစွာအသိပေးရှင်းပြလိုပါတယ်။

`တစ်ရံတစ်ခါက ငါအရှင်မြတ်သည် တမန်တော်အီဘရာဟင်မ်(အ)အား ထူးမြတ်သောအိမ်တော်၏နေရာ ကို ညွှန်ပြပေးအပ်ခဲ့လေသည်။ (ယင်းထူးမြတ်သော အိမ်တော်ကိုအကြောင်းခံသောအားဖြင့်) သင် (အီဘရာဟင်မ်)သည် ငါအရှင်မြတ်နှင့် အခြားမည်သည့်အရာကိုမျှတွဲဖက် ဆည်းကပ်နာခံခြင်း မပြုပါလေနှင့်။ ပြီးနောက် သင်သည်ငါအရှင်မြတ်၏ ထူးမြတ်သောအိမ်တော်ကို `တွဝါဖ်း´လှည့်ပတ်နေသူများ၊ ဖြောင့်မတ်မှန်ကန် စွာ ရပ်တည်နေကြသူများ၊ ဦးလည်မသုန် ဦးညွှတ်၊နာခံ၊ ရိုကျိုးသူများအတွက် သောင်ဟီးဒ်(၀ါ)တစ်ပါးတည်းသော အရှင်မြတ်ကို `ကွဖ်ရ်´ဟူသော ငြင်းပယ်ခြင်း၊ `ရှရီးက်´ဟူသော တုဖက်နာခံခြင်းနှင့် `ရစ်ဂျဆွန်´ဟူသော ပါပ ညစ်ကျူးမှု အစွန်းအထင်းများမှ ကင်းစင်အောင် ပြုလုပ်ထားပါတယ်။´ (ကုရ်အာန် – ၂၂း၂၆)

ဒီအာယသ်တော်အရဆိုရင် တမန်တော်အီဘရာဟင်မ်အမှူးပြုပြီး သားတော်အီစ်မာအီးလ်(အ)နှင့် အတူတည်ဆောက်ခဲ့ကြတဲ့ ဒီကအ်ဘာကျောင်းတော်ကြီးဟာ အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူတစ်ရပ် လုံးအတွက် တုဖက်၊ ဆည်းကပ်နာခံရိုကျိုးမှုအရပ်ရပ်ကို ရှောင်ကြဉ်စေရန်အတွက် ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ `တွားအေမီးန်´လို့ခေါ်တဲ့ `တွဝါးဖ်´လှည့်နေသူများဆိုတာ အလ္လာဟ်အရှင်မြတ်ရဲက ဥပဒေပြဌာန်းချက်များကို ဗဟိုပြုပြီး မဏ္ဍိုင်ပြုပြီး လှည့်လည်သွားလာနေသူများ တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ ဥပဒေပြဌာန်းချက် များကို မိမိတို့ရဲ့ဘ၀ခရီးမှာ ဗဟိုပြု မဏ္ဍိုင်ပြုပြီး လျှောက်လှမ်းနေသူများကို ရည်ညွှန်းနေပါတယ်။ `ကားအေမီန်း´ ဆိုတာက အလ္လာဟ်အရှင်မြတ်ရဲ့  ဥပဒေပြဌာန်းချက်အပေါ်မှာ မားမားမတ်မတ် ကြံ့ကြံ့ခံရပ်တည်နေသူများကို ရည်ညွှန်းပါတယ်။ `ရုက္ကအီးက်ဆုဂျုးဒ်´ဆိုတာက အလ္လာဟ်အရှင်မြတ်ရဲ့ ဥပဒေပြဌာန်းချက်ကိုသာလျှင် ဦးလည် မသုန်၊ ဦးညွှတ်နာခံရိုကျိုးခြင်းဆိုတာကို ရည်ညွှန်းပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီအချက်တွေဟာ ကအ်ဘာကျောင်းတော်ကြီးမှာ ဟဂ်ျကျင့်စဉ်တွေကို ပြုလုပ်ဆောင်ရွက်ခဲ့ကြတဲ့`ဟာဂျီဆဗ်´တစ်ဦးမှာရှိရမဲ့ အရည် အသွေး၊ အရည်အချင်းတွေပါ။

ဆက်လက်ပြီး ဆူရာဟ်(၂၂)၊ အာယသ်တော်(၂၇)ကို ဆက်လက်တင်ပြပါမယ်။

`အသင်သည် လူသားတို့အား `ဟဂ်ျ´ပြုရန် ဖိတ်ခေါ်လိုက်ပါလေ။ ထိုသောအခါ အရပ်မျက်နှာအသီးသီးမှ လူသားတို့သည်၊ ခြေလှမ်းသော်လည်းကောင်း၊ အစီးအနင်းများဖြင့်သော်လည်းကောင်း၊ အသင့်ထံသို့ရောက်ရှိလာ ကြပေလိမ့်မည်။´                                                                                   (ကုရ်အာန်- ၂၂း၂၇)

ဒီအာယသ်တော်အရဆိုရင် တမန်တော်အီဘရာဟင်မ်(အ)သည် လူသားတို့အား`ဟဂ်ျ´ပြုရန် ဖိတ်ခေါ်ခဲ့ ခြင်းကို တွေ့ရှိရတဲ့အတွက် `ဟဂ်ျ´ပြုခြင်းဆိုသည်မှာ တမန်တော်အီဘရာဟင်မ်(အ)လက်ထက်မှာကတည်းက ရှိခဲ့တယ်ဆိုတာ ကုရ်အာန်အထောက်အထားအရ သိရှိနိုင်ပါတယ်။ ဒီနေရာမှာ သမိုင်းဆိုင်ရာအချက်တစ်ရပ်ကို ကျနော်တို့ စဉ်းစားသုံးသပ်ဖို့လိုအပ်လာပါတယ်။ တမန်တော်အီဘရာဟင်မ်(အ)ဟာ `ဟဂ်ျ´လုပ်ငန်းစဉ်၊ `ဟဂ်ျ´ ကျင့်စဉ်တွေကို လူသားတွေအတွက် အစပြုဆောင်ရွက်ခဲ့တယ်ဆိုရင် တမန်တော်အီဘရာဟင်မ်(အ)ရဲ့ နောက် လိုက်များဖြစ်ကြတဲ့ ဂျူးနဲ့ခရစ်ယာန်တွေကရော ဘာကြောင့်များ`ဟဂ်ျ´လုပ်ငန်းစဉ်မှာ မပါဝင်ခဲ့ကြတာလဲဆိုတဲ့ အချက်ဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဒီကနေ့`ဟဂ်ျ´လုပ်ငန်းစဉ်ကို မွတ်ဆလင်မ်တွေကပဲ လုပ်ဆောင်နေကြပြီး ဂျူးတို့၊ ခရစ်ယာန်တို့ဟာ ဒီလုပ်ငန်းစဉ်မှာ မပါဝင်ကြပါဘူး။ အကယ်၍ ဒီ`ဟဂ်ျ´လုပ်ငန်းစဉ်ဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကသာ စတင်ဦးဆောင်လုပ်ခဲ့တယ်ဆိုရင်တော့ ဂျူးတွေ၊ ခရစ်ယာန်တွေ`ဟဂ်ျ´လုပ်ငန်းစဉ်မှာ မပါဝင်ခဲ့တာ အထူးမေးခွန်း ထုတ်စရာမလိုပါဘူး။ ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်ကပင်လျှင် `ဟဂ်ျ´လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တမန်တော် အီဘရာဟင်မ်(အ)ကို ရည်ညွှန်းနေပါတယ်။ ဒါဆိုရင်တော့ တမန်တော်အီဘရာဟင်မ်ရဲ့ သမိုင်းကြောင်းတစ်ရပ်ကို ကျနော်တို့လေ့လာကြည့်ကြပါစို့။

တမန်တော်အီဘရာဟင်မ်(အ)ဟာ လွန်ခဲ့သောနှစ်ပေါင်း(၁၄၀၀)လောက်က ပွင့်ပေါ်ခဲ့တဲ့ တမန်တော်ကြီး တစ်ပါးဖြစ်ပါတယ်။ ကုရ်အာန်အရ တမန်တော်အီဘရာဟင်မ်ဟာ တမန်တော်`နူးဟ်´(အ)ရဲ့ မျိုးဆက်ပဲဖြစ်ပါ တယ်။ သူ့ထံမှာ ဇနီးမယား(၂)ဦးရှိပါတယ်။ တစ်ဦးက `ဆာရာ´သခင်မဖြစ်ပြီး၊ နောက်တစ်ဦးကတော့ `ဟာဂျရာ´ သခင်မဖြစ်ပါတယ်။ `ဆာရာ´သခင်မနဲ့ ဦးစွာအိမ်ထောင်ကျပြီး နောက်ပိုင်းမှ `ဆာရာ´သခင်မရဲ့အစီအမံနဲ့ပဲ `ဟာဂျရာ´သခင်မနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ဒီလို ဒုတိယအိမ်ထောင်ပြုခဲ့ရခြင်းမှာ ပထမဇနီးသည်`ဆာရာ´ သခင်မနဲ့ ကလေးမမွေးဖွားခဲ့ရခြင်းကြောင့် ဖြစ်ပါတယ်။

ဒီလိုနဲ့တမန်တော်အီဘရာဟင်မ်(အ)သည် ဒုတိယဇနီးဖြစ်တဲ့ `ဟာဂျရာ´သခင်မနဲ့ `အီစ်မာအီးလ်´ အမည်ရှိသားတစ်ဦးကို ရရှိခဲ့ပါတယ်။ သားတော်`အီစ်မာအီးလ်´ကို ရရှိပြီးတဲ့အခါမှာ တမန်တော်အီဘရာ ဟင်မ်(အ) ပထမဇနီးဖြစ်တဲ့ `ဆာရာ´သခင်မနဲ့ `အစ်ဟာက်´အမည်ရှိသားတော်တစ်ပါးကို ထပ်မံရရှိခဲ့ပြန်တယ်။ ဒီနေရာမှာ ကျနော်တို့အထူးပြုမှတ်သား ထားရမဲ့အရေးပါတဲ့အချက်တစ်ချက်က တမန်တော်အီဘရာဟင်မ်(အ) သည် ဒုတိယဇနီးဖြစ်တဲ့ `ဟာဂျရာ´သခင်မနဲ့သားတော်ကြီး `အီစ်မာအီးလ်´(အ)ကို ရရှိပြီး၊ ပထမဇနီးဖြစ်တဲ့ `ဆာရာ´သခင်မနဲ့ သားတော်ငယ် `အစ်ဟာက်´(အ)ကို ရရှိခဲ့ပါတယ်။ ဒီလို ဇနီးငယ်က သားကြီးမွေးပြီး ဇနီးကြီးက သားငယ်မွေးဖွားခြင်းဟာ ကမ္ဘာ့သမိုင်းရဲ့မျက်နှာစာတစ်ရပ်ကို အများကြီးအပြောင်းအလဲဖြစ်ခဲ့ရပါ တယ်။ ဒီကနေ့ ကျနော်ပေးထားတဲ့ တမန်တော်အီဘရာဟင်မ်(အ)ကို ဦးစီးနာယကလို့ လေးစားကြည်ညိုတာခြင်း အတူတူ အဘယ်ကြောင့် တမန်တော်အီဘရာဟင်မ်(အ)မွမ်းမံတည်ဆောက်ခဲ့တဲ့ `ကအ်ဘာ´ကျောင်းတော်ကြီးရဲ့ `ဟဂ်ျ´လုပ်ငန်းစဉ်မှာ ဂျူးနဲ့ခရစ်ယာန်တို့ မပါဝင်ပဲ မွတ်ဆလင်မ်ကသာ `ဟဂ်ျ´လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက် ရတာလဲဆိုတဲ့ မေးခွန်းဟာ အခုကျနော်တင်ပြနေတဲ့ ဇနီးကြီး၊ ဇနီးငယ်နဲ့ သားကြီး၊ သားငယ်ဇာတ်လမ်းဟာ အရေးပါတဲ့ အခန်းမှာ ပါဝင်ပတ်သက်နေပါတယ်။ ဒီအကြောင်းကို ကျနော်အကျဉ်းချုပ်ရှင်းပြချင်ပါတယ်။

တမန်တော်အီဘရာဟင်မ်ရဲ့ ပထမဇနီးဖြစ်တဲ့ `ဆာရာ´သခင်မဟာ လူကုံထံအမျိုးအနွယ်က ဖြစ်ပါတယ်။ အချို့သမိုင်းဆရာများက ဘုရင်အမျိုးအနွယ်ဝင်တစ်ဦးလို့တောင် မှတ်တမ်းတင်ကြပါတယ်။ ဒါပေမဲ့ ဒုတိယဇနီး ကတော့ အစေခံအနွယ်ကဖြစ်ပြီး အချို့ကဆိုလျှင်`ဆာရာ´သခင်မရဲ့ အစေခံဆိုပြီးတောင် မှတ်တမ်းတင်ထား တာကို တွေ့ရပါတယ်။ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းဟာ မျိုးရိုးအဆင့်မြင့်တဲ့ ပထမဇနီး `ဆာရာ´သခင်မရဲ့သားတော်`အစ်ဟာက်´ကိုသာလျှင် သားကြီးအဖြစ် အသိအမှတ်ပြုချင်ကြပြီး ဒုတိ ဇနီး`ဟာဂျရာ´သခင်မနဲ့ ရရှိတဲ့သားဖြစ်သူ `အီစ်မာအီးလ်´ကိုတော့ တန်းတူအသိအမှတ် မပြုချင်ကြပါဘူး။ ဒါကြောင့် တမန်တော် အီဘရာဟင်မ်(အ)က ကျမ်းမြတ်ကုရ်အာန်အရဆိုရင် သားတော်ကြီးကို `ဇဘာဟ်´လှီး ဖြစ်ရာမှာ`အိစ်မာအီးလ်´လို့ ပြဆိုထားပေမဲ့ Bible အရ  ဆိုရင်တော့`အစ်ဟားက်´ဆိုပြီးဖြော်ပထားတာကို တွေ့ ရပါတယ်။

ဒီနေရာမှာ ကုရ်အာန်မှာရော၊ Bible မှာပါဖော်ပြပါရှိတဲ့ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ သားတော်ကို `ဇဘာဟ်´လှီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး တင်ပြပါရစေ။

လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀၀၀)လောက်က လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အစွဲအလန်း၊ အယူအဆ တစ်ရပါဟာ သူတို့ယုံကြည်လိုလားတဲ့ ကိစ္စတစ်ရပ်၊ သူတို့ဖြစ်ချင်တဲ့ ဆန္ဒတစ်ရပ်ဖြစ်ပေါ်လာစေဖို့ဆိုရင် မိမိတို့ရဲ့ သားကို ဘုရားသခင်အတွက် `ဇဘာဟ်´လှီးဖြတ်ပူဇော် အဓိဌာန်ပြုလေ့ရှိခဲ့ပါတယ်။ ဒီအလေ့အထကို အလ္လာဟ် အရှင်မြတ်က မလိုလား၊ ပယ်ဖျက်လိုတဲ့အတွက် တမန်တော်အီဘရာဟင်မ်(အ)ကို အကြောင်းပြုပြီး အကြောင်းခံ ပြီး လူကိုလှီးဖြတ်`ဇဘာဟ်´လုပ်တဲ့စနစ်ဆိုးကို လူ့အဖွဲ့အစည်းအတွင်းမှ ပယ်ဖျက်၊ ဖျက်သိမ်းပေးခဲ့ပါတယ်။

တမန်တော်အီဘရာဟင်မ်(အ)ဟာ သူ့ရဲ့ပထမဇနီး`ဆာရာ´သခင်မနဲ့ သူရဲ့အမွေကို ဆက်ခံဖို့ သားယောက်ကျားလေးတစ်ဦး အလွန်လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ အချန်အတော်ကြာသည်အထိ မရရှိခဲ့ပါဘူး။ တမန် တော်ကြီးရဲ့သားယောက်ကျားလေး အလွန်အမင်းလိုချင်တဲ့ ဆန္ဒကိုဇနီးသည်`ဆာရာ´သခင်မက ဖြည့်စွက်ပေးတဲ့ အနေနဲ့ သူ့ရဲ့အပါးတော်မြဲ အမျိုးသမီးတစ်ဦးဖြစ်တဲ့ `ဟာဂျရာ´သခင်မနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ မကြာခင်မှာပဲ `ဟာဂျရာ´သခင်မဟာ သားတော်`အီစ်မာအီးလ်´ကို မွေးဖွားပေးခဲ့ပါတယ်။ ဒါပေမဲ့ တမန်တော်အီဘရာ ဟင်မ်(အ)ဟာ ပထမဇနီးဖြစ်တဲ့ `ဆာရာ´သခင်မနဲ့ သူ့ရဲ့အမွေခံသားတော်တစ်ပါးကိ လိုချင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့ပတ်သက်ပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက သူတို့ရဲ့အယူအဆတစ်ရပ်ကို တမန်တော် အီဘရာဟင်မ်(အ)ကို စွဲကပ်စေခဲ့ပါတယ်။ အဲဒီအယူအဆက အကယ်၍ `ဆာရာ´သခင်မထံမှာ သားတစ်ယောက် မွေးဖွားလိုပါလျှင်`ဟာဂျရာ´သခင်မ၏ သား`အီစ်မာအီးလ်´ကို ဘုရားသခင်အတွက် `ဇဘာဟ်´ပြုပြီး လှူဒါန်း မည်ဟူ၍ဖြစ်သည်။ မကြာမီမှာပါင် တမန်တော်အီဘရာဟင်မ်ထံသို့ `ဆာရာ´သခင်မမှာ သားတော်ဖွားမြင်မည်ဟု သတင်းရောက်ရှိလာပြီး `အစ်ဟာက်´(အ)ကို ဖွားမြင်လာပါတော့တယ်။

သားတော် `အစ်ဟာက်´ကို ဖွားမြင်ပြီးတဲ့နောက်ပိုင်းမှာ တမန်တော်အီဘရာဟင်မ်(အ)ဟာ သူအဓိဌာန် ပြုထားတဲ့ သားတော်`အီစ်မာအီးလ်´ကို `ဇဘာဟ်´စွန့်လှူအရေးကို အာရုံစိုက်လာပါတယ်။ သားတော် `အီစ် မာအီးလ်´ပြေးဆော့ကစားတဲ့အရွယ်မှာတော့ သားတော်ကို `ဇဘာဟ်´လုပ်ဖို့ကိစ္စ သားတော်နဲ့ဖွင့်ပြီး တိုင်ပင်ပါ တော့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုရ်အာန်မှာ ဒီလိုပြဆိုထားပါတယ်။

`အို– ကျနော်မျိုးအား ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် ကျွန်တော်မျိုးအား သူတော်စင်(သားတော် တစ်ပါး)ချီးမြှင့်တော်မူပါ´                                                                                 (ကုရ်အာန် – ၃၇း၁၀၀)

`သို့ဖြစ်ရာ ငါအရှင်မြတ်က အီဘရာဟင်မ်အား ခန္တီပါရမီနှင့်ပြည့်စုံသော သားတော်တစ်ပါးကို ချီးမြှင့်တော် မူမည်ဖြစ်ကြောင်း သတင်းကောင်းပေးခဲ့လေသည်။´                                       (ကုရ်အာန် ၃၇း၁၀၁)

ထိုသားတော်သည် တမန်တော်အီဘရာဟင်မ်နှင့်အတူ ပြေးလွှားဆော့ကစားနိုင်သည့်အရွယ်သို့ ရောက် သောအခါ ဖခင်အီဘရာဟင်မ်က ဤသို့ပြောကြားခဲ့လေသည်။

`အို ချစ်သား ငါသည်ဧကန်အမှန်ပင် အိပ်မက်ထဲ၌ သင့်ကိုလှီးဖြတ်နေသည်ဟု မြင်ယောင်နေမိသည်။ သို့ဖြစ်ရာ အသင်သည်မည်သို့သော သဘောရရှိပါသနည်း။´

ထိုအခါ သားတော်က —

`အို- ကျွန်ုပ်၏ချစ်လှစွာသော ခမည်းတော် သင်အမိန့်ပေးခြင်းခံသည့်အတိုင်း သင်ဆောင်ရွက်ပါ။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်အညီ ကျွန်ုပ်သည် ကြံ့ကြံ့ခံပြီး ခန္တီပါရမီရှိသူတစ်ဦးအဖြစ် သင်မကြာခင် မြင်တွေ့ရပါတော့မည်။´ ပြန်လည်ပြောကြားခဲ့လေသည်။                                            (ကုရ်အာန် – ၃၇း၁၀၂)

ဒီကုရ်အာန် (၃၇း၁၀၂)ကို လေ့လာကြည့်လိုက်မယ်ဆိုရင် တမန်တော်အီဘရာဟင်မ်(အ)ဟာ သူ့ရဲ့ သားတော်ကြီးကို စွန့်လှူ`ဇဘာဟ်´လုပ်မယ်လို့ ရည်စူးအဓိဌာန်မှာဖွင့်ပြီး တိုင်ပင်ခဲ့ပါတယ်။ ဒီလို တိုင်ပင်တဲ့အပေါ် မှာ သားတော်`အီစ်မာအီးလ်´ရဲ့ မိမိရဲ့အသက်ကို စွန့်လွှတ်၊ စွန့်လှူရဲတဲ့ သတ္တိဟာလည်း အင်မတန်မှ လေးစား၊ ချီးကျူးထိုက်ပါတယ်။

ဒီအာယသ်မှာ ကုရ်အာန်ကသုံးနှုံးထားတဲ့ စကားလုံးတစ်လုံးဟာ အထူးမှတ်သားသတိထားဖို့ ကောင်းပါ တယ်။ ဒီစကားလုံးက အရဗီလို`မနားမ်´မြန်မာလို `အိပ်မက်´အင်္ဂလိပ်လို `Dream´ ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ တမန်တော်အီဘရာဟင်မ်(အ)က သားတော်မွေးဖွားလာပါက `ဇဘာဟ်´လုပ်ပြီး စွန့်လှူမယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒ၊ သူ့ရဲ့ရည်ရွယ်ချက်ကို ကျမ်းမြတ်ကုရ်အာန်က Dream of IBRAHEEM- အီဘရာဟင်မ်၏ အိပ်မက်လို့ သုံးနှုံးထား တာကို တွေ့ရပါတယ်။ စာပေရဲ့သဘောမှာ လူတစ်ယောက်ရဲ့အနာဂါတ်မှာ ဖြစ်စေချင်တဲ့ ဆန္ဒကို `သူ့ရဲ့ အိပ်မက်´လို့ တင်စားသုံးနှုံးမှုတွေရှိပါတယ်။ တမန်တော်အီဘရာဟင်မ်(အ)ဟာ သားတော်ကို စွန့်လှူမယ်ဆိုတဲ့ သူ့ရဲ့အဓိဌာန်၊ သူ့ရဲ့အိပ်မက်၊ သူ့ရဲ့ဆန္ဒကို သူ့ရဲ့သားတော်အီစ်မာအီလ်အား ဖွင့်ချတိုင်ပင်တာပဲ ဖြစ်ပါတယ်။

သားတော်`အီစ်မာအီးလ်´က ဖခမည်းတော်ကို ပြန်လည်တုန့်ပြန်တဲ့နေရာမှာလည်း `အိဖ်အလ်မားသုအ် မရို´ဆိုတဲ့ စကားစုကို ရှင်းပြလိုပါတယ်။ မြန်မာလိုအဓိပ္ပါယ်ပြန်မယ်ဆိုရင်တော့ `အသင်(ဖခမည်းတော်)အမိန့်ပေး ခြင်းခံရတဲ့အတိုင်း ပြုလုပ်ပါ။´လို့ ထွက်ရှိပါတယ်။ ဒီနေရာမှာ `အမရ်´ဆိုတဲ့ အရဗီဝေါဟာရဟာ `အမိန့်ပေး သည်´လို့ အဓိပ္ပါယ်ထွက်ရှိသလို Entrust လို့ခေါ်တဲ့`ယုံကြည်ချက်ထားရှိသည်။ အဓိဌာန်ထားရှိသည်´လို့လည်း အနက်သဘောထွက်ရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကျနော့်အနေနဲ့ —

`အို- ချစ်လှစွာသော ဖခမည်းတော် သင်ယုံကြည်ချက်ထားရှိသည့်အတိုင်း အဓိဌာန်ထားရှိသည့်အတိုင်း၊ အသင်ဆောင်ရွက်တော်မူပါ´ဆိုပြီး ဘာသာပြန်ဆိုလိုပါတယ်။ အဲ့ဒီတော့ ဖခမည်းတော်နဲ့သားတော်တို့ဟာ သူတို့ ရဲ့ အစီအစဉ်အတိုင်း သူတို့ဆောင်ရွက်သွားကြတာကို ကုရ်အာန်(၃၇း၁၀၃)က ဆက်လက်ပြဆိုပါတယ်။

`ထို့နောက် သားအဖနှစ်ဦးလုံးသည် `ဇဘာဟ်´လုပ်ငန်းစဉ်ကို နာခံတော်မူကြသည့်အားလျော်စွာ၊ အီဘရာဟင်မ်က သားတော်ကို မှောက်လျက်လှဲစေခဲ့သည်။´ (ကုရ်အာန် – ၃၇း၁၀၃)

`ငါအရှင်မြတ်က သူ့ကို ဤသို့အသံပြုတော်မူခဲ့၏။´ (ကုရ်အာန် – ၃၇း၁၀၄)

`သင်(အီဘရာဟင်မ်)သည် (သင်၏)အမြင်ကို အကောင်အထည်ဖော် ဆောင်ရွက်လိုက်ပေပြီ၊ ဧကန် အမှန်ပင် အမှန်တရားကို လိုက်နာဆောင်ရွက်သူတို့အဖို့ ငါအရှင်မြတ်က ဤကဲ့သို့ပင် ထိုက်တန်သောဆုလာဘ် တော်တစ်ရပ်ကို အစားပေးတော်မူ၏။´ (ကုရ်အာန် – ၃၇း၁၀၅)

တမန်တော်အီဘရာဟင်မ်၏ အဓိဌာန်ကို ကုရ်အာန်(၃၇း၁၀၂)မှာ `မနားမ်´ အိပ်မက်လို့သုံးနှုံးထားပြီး၊ ကုရ်အာန်(၃၇း၁၀၅)မှာတော့ `ရုအ်ယား´အမြင်(Vision)လို့ ပြန်သုံးထားတာဟာ ချိတ်ဆက်စဉ်းစားဖို့ အချက်တစ် ရပ်ဖြစ်ပါတယ်။ နောက်ပြီး ကုရ်အာန်(၃၇း၁၀၅)မှာပါရှိတဲ့ `ထိုက်တန်သော ဆုလာဘ်တော်´ဆိုတာာ ကျနော် နားလည်တာကို တင်ပြရမယ်ဆိုရင် လူသားတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို သတ်ဖြတ်တဲ့ စနစ်ကို အလ္လာဟ် အရှင်မြတ်က တမန်တော်အီဘရာဟင်မ်(အ)နဲ့ သားတော်`အီစ်မာအီးလ်´(အ)တို့ကို အကြောင်းခံပြိး ဖယ်ရှားပစ် လိုက်ခြင်းဟာ လူ့ဘ၀သက်တမ်းမှာ အင်မတန်ကြီးမားတဲ့ ဆုလာဘ်တော်ကြီးပဲဖြစ်ပါတယ်။

`ဧကန်မုချ ဤအခြင်းအရာသည် (လူသားတို့အပေါ်) တမန်တော် အီဘရာဟင်မ်၏ ထင်ရှားစွာသော ပြယုဂ်တစ်ရပ်ပင်ဖြစ်သည်။´ (ကုရ်အာန် – ၃၇း၁၀၆)

`ပြီးနောက် ငါအရှင်မြတ်က တမန်တော်အီဘရာဟင်မ်(အ)အား ကြီးကျယ်မြင့်မြတ်လှစွာသော လှီးဖြတ်မှု ကြီးတစ်ရပ်အားဖြင့် အစားထိုးပေးလိုက်ပြီးဖြစ်သည်။´                                             (ကုရ်အာန် – ၃၇း၁၀၇)

နောက်အပတ်များမှာ ဘယ်လိုအစားပေးမှုကြီးကို အလ္လာဟ်အရှင်မြတ်က ပြုလုပ်တော်မူခဲ့သလဲဆိုတာကို ဆက်လက်တင်ပြသွားပါ့မယ်။