မြတ်တမန်၏ ဦးဆောင်မှုအခန်းကဏ္ဍ မုဖ်သီ ဦးသန်းအောင် (LL.B)

မြတ်တမန်၏ ဦးဆောင်မှုအခန်းကဏ္ဍ

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော့်အနေနဲ့ အခုလို ဂျွမ္မာဟ် ခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင် ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်ဒီနေ့ဟောကြားဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ `မြတ်တမန်၏ ဦးဆောင်မှုအခန်းကဏ္ဍ´ ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်သည် လူသားတို့အား လူ့အဖွဲ့အစည်းအတွင်း မည်သို့နေထိုင်ရမည်ဆို သော လူမှုဆက်ဆံရေး နည်းလမ်းများကို ကြိမ်ဖန်များစွာ စနစ်တကျသွန်သင်ဆုံးမ လမ်းညွှန်ထားသော ကျမ်းဖြစ် ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်ကို အလ္လာဟ်အရှင်မြတ်ထံတော်မှ ၀ဟီအားဖြင့် ထင်ထင်ရှားရှား ထုတ်ပြန်ပို့ချ ခြင်းခံရသော နောက်ဆုံးအန္တိမ တမန်တော်မြတ်(ဆွ)သည် သက်ဝင်ယုံကြည်သူ မုအ်မင်န်၊ လက်တွေ့လိုက်နာ ကျင့်သုံး အကောင်အထည်ဖော်သူ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူ မွတ်ဆလင်မ်တို့၏ ဦးစီးခေါင်းဆောင်ဖြစ်ပါ တယ်။ မွတ်ဆလင်မ်၊ မုအ်မင်န်တို့သည် နောက်လိုက်ကောင်း ပီသစွာဖြင့် မြတ်တမန်၏ ဦးဆောင်မှု၊ ခေါင်းဆောင် မှုကို ကြည်ဖြူစွာနာယူရန် တာဝန်ရှိပါတယ်။ မွတ်ဆလင်မ်မှန်လျှင် မိမိ၏အလိုဆန္ဒကို ရှေ့တန်းမတင်ဘဲ မြတ်တမန်၏ အမိန့်တော်များကိုသာ လိုက်နာကျင့်သုံးဖို့တာဝန်ရှိပါတယ်။ မြတ်တမန်ရဲ့ဘ၀သက်တမ်းတလျှောက် ကို ကြည့်မယ်ဆိုရင်လည်း မြတ်တမန်ဟာ အာဏာရှင်တစ်ဦးကဲ့သို့ မိမိစိတ်တိုင်းကျ ထင်သလိုစီမံဆောင်ရွက်ခဲ့ ခြင်း အလျင်းမရှိဘဲနဲ့ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မိန့်ကြားချက် ဥပဒေ(ကုရ်အာန်)ကို ဦးထိပ်ပန်ဆင် နာခံ ဘ၀တည်ဆောက်ခဲ့တာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်တွင် မြတ်တမန်နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ မွတ်ဆလင်မ် မုအ်မင်န် သက်ဝင် ယုံကြည်သူတို့ လူ့အဖွဲ့အစည်းဝင်များ အချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ ထောက်ထားလေးစား အသိ အမှတ်ပြု လိုက်နာကျင့်သုံးရမည့်တာဝန်နှင့် ၀တ္တရားများကို ဖော်ပြရှင်းလင်းထားပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ် တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ရေးအတွက် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးများ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်၊ စည်းကမ်းများနှင့် ရှောင်ကြဉ်အပ်သည့် အချက်အလက်များကိုလည်း ကျမ်းမြတ်ကုရ်အာန်မှာ မိန့်ဆို ထားပါတယ်။

အကြောင်းခြင်းရာ ကိစ္စကြီးငယ်ပေါ်ပေါက်လာပါက လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ကိုင်တွယ်ဖြေရှင်းရာ တွင် အရေးအရာကိစ္စရပ်များကို မိမိတို့လူ့အဖွဲ့အစည်းဝင် အချင်းချင်းမှာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ဆုံးဖြတ်တဲ့ အခါမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့အညီ လက်တွေ့လိုက်နာကျင့်သုံးပြခဲ့တဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့(အွစ္စ၀သွန် ဟစနာ)လို့ခေါ်တဲ့ အကောင်းဆုံးသော စံနမူနာတွေကိုယူပြီး လူ့အဖွဲ့ အစည်းဝင်တွေကြားမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ တာဝန်ရှိကြပါတယ်။

လူငယ်တွေ အများအကျိုးကို ဆောင်ရွက်တဲ့အခါမှာ မိမိရဲ့ဆန္ဒတွေ၊ အတွေးအမြင်တွေ၊ အတွေးအခေါ် တွေ လိုအင်ဆန္ဒအ၀၀နဲ့ မိမိရဲ့အကြံဥာဏ်ကိုပင်လျှင် အလ္လာဟ့်အမိန့်နဲ့ တမန်တော်မြတ်ကြီးရဲ့ အကောင်းဆုံးစံန မူနာနဲ့ ယှဉ်လာတဲ့အခါမှာ မိမိရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဇောတွေ၊ အစွဲတွေကို စွန့်လွှတ်ပြီးတော့ အလ္လာဟ်အရှင်မြတ် နဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ရဲ့ ဦးဆောင်မှုကို ခံယူပြီး မြတ်တမန်ရဲ့ အမိန့်တော်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးဖို့ မွတ်ဆလင်မ်တိုင်းမှာ တာဝန်ရှိပါတယ်။

ကျွန်တော်တို့ခေတ်အခါမှာ မြတ်တမန်ဟာ(၀ဖားသ်)ဖြစ်ပြီးသွားပြီး ဖြစ်တဲ့အတွက် မြတ်တမန်ရဲ့ ဦးဆောင် မှု အခန်းကဏ္ဍကို ကျွန်တော်တို့ဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို သိနားလည်သဘောပေါက်အောင် လေ့လာ ဆည်းပူးသင်ယူပြီး မိမိဘ၀ သက်တမ်းတလျှောက်မှာ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့နှစ်ဘ၀အောင်မြင်မှုရမယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။

ကျွန်တော်ကုရ်အာန်နဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာ များသောအားဖြင့် ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်း အရာကိုပဲ ပြောလေ့ရှိပါတယ်။ ကျွန်တော်က ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူး သင်ယူနေရင်းနဲ့ ကိစ္စရပ် တစ်ခု၊ အာယသ်တစ်ခုကို သဘောပေါက်ဖို့ကို ပြောတဲ့အခါမှာ `တရားသဘော´ကို မိမိ၏လေ့လာတွေ့ရှိချက် နားလည်သဘောပေါက်မှုဖြင့် `သဘောတရား´အဖြစ်ဖော်ပြရန် ကျွန်တော်ကြိုးစားခဲ့ပါတယ်။ အဲဒီအခါမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ ကျွန်တော့်ကို ကျွန်တော်ပြုပြင်ဖို့ အခါအခွင့်ကြုံလာရပါတယ်။

တကယ်တမ်း အရေးကြီးတာက ကုရ်အာန်ရဲ့`တရားသဘော´ကို မိမိ၏လေ့လာတွေ့ရှိချက် နားလည် သဘောပေါက်မှုနဲ့ `သဘောတရား´အဖြစ်ဖော်ပြရန် ကြိုးစားနေတဲ့ ကျွန်တော်အခုဖော်ပြမယ့် ဆူရာဟ်၊ အာယသ် တော်တွေကို လေ့လာမိတော့ အလ္လာဟ်ကျေးဇူးတော်နဲ့ ကျွန်တော်အသိတရားပြန်ရလာပါတယ်။ အဲ့ဒီ `အသိ တရား´ကနေပေးတဲ့`တရားအသိ´ကိုလည်း နားလည်ခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီအာယသ်ကို လူကြီးမင်းများကို လည်း မျှဝေပေးလိုပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄၉၊ အာယသ် ၁ ကနေ ၃ အထိဖြစ်ပါတယ်။

`အို— အီမာန်သက်ဝင်ယုံကြည်ပြီးသူအပေါင်းတို့၊ ဘယ်ကိစ္စ၌မဆို အလ္လာဟ်ရဲ့အရှေ့ကို ကျော်မတက်နဲ့။ အလ္လာဟ်ရဲ့နေရာကို မယူလိုက်နဲ့။´ (၄၉း၁)

ဒီနေရာမှာ ကျွန်တော် တော်တော်ကြောက်သွားတယ်။ ကျွန်တော်တို့ ဟောပြောတင်ပြတဲ့အခါမှာ ဒီအာယသ်ရဲ့ အဓိပ္ပါယ်က `ဒါဘဲ´ အဲ့ဒီလိုပြောကြ၊ တင်ပြကြတာရှိပါတယ်။ အမှန်မှာ ကျွန်တော်ပြောခွင့်ရှိတာက ဒီအာယသ်ရဲ့ အဓိပ္ပါယ်ကို ဒီလိုတော့ ကျွန်တော်သဘောပေါက်မိပါတယ်လို့ပဲ ကျွန်တော်ပြောသင့်ပါတယ်။ ပြောခွင့် ရှိပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့က ပြောရင်းဆိုရင်းနဲ့ အလ္လာဟ်အမိန့်ရှိတာထက်ကို ကျော်ပြီး ပြောမိဆိုမိပါ တယ်။ ဒီအာယသ်က ကျွန်တော့်ကို အများကြီးဆုံးမပါတယ်။

ဒါ့အပြင် — အလ္လာဟ်ရဲ့ရစူလ်(တမန်တော်မြတ်မုဟမ္မဒ်(ဆွ))ရဲ့ အရှေ့ကိုလည်း ကျော်မတက်နဲ့၊ ရစူလ်ရဲ့ နေရာကိုလည်း ၀င်မယူနဲ့။ တစ်နည်းအားဖြင့် သန်းအောင်ဆိုတဲ့ ကျွန်တော် ကုရ်အာန်ကို နားလည်ပါတယ်ဆိုတဲ့ ကိစ္စဟာ တမန်တော်မြတ်(ဆွ)ရဲ့ ခြေဖ၀ါးအောက်က အမှုန်တစ်မှုန်လောက်တောင် မရှိဘူး။ ခေတ်စကားနဲ့ ပြောရ ရင် ပဲမနူးသေးဘူး။ အဲ့ဒါ ဒီအာယသ်ရဲ့ ကျွန်တော့်ကိုပေးနေတဲ့ အသိပါ။

ဒါကြောင့် အလ္လာဟ်နဲ့ အလ္လာဟ့်ရစူလ်ရဲ့ရှေ့ကို ဘယ်ရေးရာကိစ္စရပ်များ၌မဆို မကျော်နဲ့။ အလ္လာဟ်နဲ့ အလ္လာဟ်ရစူလ်က သတ်မှတ်ထားတဲ့ ဆွလားသ်စနစ်။ ဆွလားသ်ပြုလုပ်ဆောင်ရွက်တဲ့အခါမှာ (စူရာ ၂း၂၂၈-၂၂၉) (စူရာ ၄း၁၁၉) အဲ့ဒီမှာ လမ်းညွှန်ထားတယ်။

အလ္လာဟ် ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို လိုက်နာကျင့်သုံးအကောင်အထည်ဖော်၊ အလ္လာဟ်လုပ်ဆိုတဲ့ အလုပ်ကိုလုပ်၊ မလုပ်နဲ့ဆိုတဲ့ အလုပ်ကို မလုပ်နဲ့။ ဘာဖြစ်လို့လဲ။ အာယသ် ၂ ရောက်တော့-

`အို– အီမာန်သက်ဝင်ယုံကြည်ပြီးသူအပေါင်းတို့ အသင်တို့ရဲ့ အသံကို အလ္လာဟ့်ရဲ့ နဗီအသံရဲ့ အထက် ကို ရောက်သွားအောင် အသင်တို့မလုပ်ကြနဲ့။´(၄၉း၂)

တမန်တော်မြတ် တကယ်ဟောကြားခဲ့တာ၊ တကယ်လက်တွေ့ကျင့်သုံးခဲ့တာကို သိနားလည်သဘော ပေါက်အောင် မလုပ်ပဲနဲ့ ကျွန်တော်တို့က ပိုသိ၊ ပိုတတ်တဲ့ ပုံစံမျိုးမလုပ်နဲ့လို့ တားမြစ်ခြင်းဖြစ်ပါတယ်။ တမန်တော် မြတ်ကို ကျော်ဖို့မကြိုးစားနဲ့။ တမန်တော်မြတ်ဟောကြားသွန်သင် ဆုံးမလမ်းပြခဲ့တဲ့ ကိစ္စရပ်တွေထက် ကိုယ့်ဆန္ဒနဲ့ အညီ ကိုယ့်သဘောအတိုင်းကျော်လို့ မရဘူး။ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်နဲ့ လူ့အဖွဲ့ အစည်းဝင်တွေရဲ့ ဆက်ဆံရေး၊ ဒီနေရာမှာ ပေါ်လာတယ်။ လူ့အဖွဲ့အစည်းဝင်တွေထဲမှာ အသွင်နှစ်မျိုးရှိပါတယ်။ တစ်ချို့က ယဉ်ကျေးမှုကို နားလည်သဘောပေါက်တယ်။ တစ်ချို့က ယဉ်ကျေးမှုကို နားမလည်ဘူး။ မသိဘူး။ ယဉ်ကျေးမှုကို နားလည်သဘောပေါက်တဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ ဦးခေါင်းအသုံးပြုပြီး လူ့အဖွဲ့အစည်းဝင်တွေ  အကျိုးဖြစ်စေဖို့ စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရသည်ကို နားလည်သဘောပေါက်မှုရှိပေမယ့် ယဉ်ကျေးမှုကို နားမလည်သူတွေဟာ နားလည်သဘောပေါက်မှု မရှိဘဲ မိမိစိတ်အလို ဆန္ဒဇောနှင့် မလုပ်ကြနဲ့လို့ ကုရ်အာန်က သင်ပေးနေတယ်လို့ ကျွန်တော်ယူဆမိပါတယ်။

လူ့အဖွဲ့အစည်းဝင်တွေရဲ့ကြားထဲမှာ ဦးဆောင်မှု အခန်းကနေ တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိရှိဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ နောက်လိုက်တွေက စိတ်ရှည်လက်ရှည်နဲ့ အလိုက်တသိ အချိန် ပေးပြီး နားလည်ပေးရန်လိုပါတယ်။ လူတွေထဲမှာ တစ်ချို့က သူတို့ရဲ့အသံကို နှိမ့်ချပြီးပြောဆို ဆက်ဆံကြတယ်။ အလ္လာဟ်ရဲ့ရစူလ်ရှေ့မှာ သူတို့ဟာသူတို့ရဲ့ အသံကို နှိမ့်ချကြတယ်။ သိမ်မွေ့စွာနေကြတယ်။ ကိစ္စရပ်တစ်ခုကို တမန်တော်မြတ်(ဆွ)က ဦးဆောင် ဆောင်ရွက်လိုက်ပြီိဆိုရင် အားလုံးက လိုက်နာဆောင်ရွက်ကြတယ်။ သူတို့ နှလုံးသားတွေ တည်တံ့ခိုင်မာဖို့အတွက် အလ္လာဟ်ကသူတို့ကို ရွေးချယ်တော်မူခဲ့ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အထင်၊ ဆန္ဒတွေကို ရှေ့တန်းမတင်ဘဲနဲ့ တမန်တော်မြတ်(ဆွ)ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍရဲ့ နောက်မှာလိုက်နာ ကျင့်သုံး အကောင်အထည်ဖော်ပြီး၊ အမှုတော်ထမ်းရွက်ခဲ့ကြပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်ပြိုင်နက်တည်း အကျိုးကျေးဇူးများကိုပါ ရရှိစေမှာဖြစ်ပါတယ်။

အထက်ပါ အာယသ်တော်များနည်းတူ အသိတရားကနေပေးတဲ့ တရားအသိကို ရရှိစေတဲ့အာယသ်များ ကတော့- ကျမ်းမြတ်ကုရ်အာန် စူရာ ၆၉၊ အာယသ် ၄၀ကနေ ၅၂ အထိဖြစ်ပါတယ်။

`ဧကန်စင်စစ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် အမှန်ပင် မြင့်မြတ်ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ရစူလ်တမန်တော်တစ်ပါး၏ စကားဖြစ်သည်။´ (၆၉း၄၀)

`ယင်းကုရ်အာန် ကျမ်းတော်မြတ်သည် ကဗျာလင်္ကာဆရာတစ်ဦး၏ နှုတ်ထွက်စကား(ပြောဆိုချက်) မဟုတ်ပေ။ အသင်တို့သည် အနည်းငယ်ကိုသာ သက်ဝင်ယုံကြည်ကြလေသည်။´(၆၉း၄၁)

တမန်တော်မြတ်(ဆွ)သည် ကဗျာ၊ လင်္ကာဆရာတစ်ဦး မဟုတ်ကြောင်း၊ မပတ်သက်ကြောင်းကို စူရာဟ် ၃၆း၆၉ မှာ အတိအလင်းညွှန်းဆိုထားပြီးလည်း ဖြစ်ပါတယ်။

`အလ္လာဟ်အရှင်မြတ်သည် တမန်တော်အား ကဗျာလင်္ကာကို သင်ကြားပို့ချပေးခဲ့ခြင်းမရှိသကဲ့သို့ ယင်းကိစ္စသည် တမန်တော်မြတ်နှင့်လည်း အပ်စပ်သည်လည်း မဟုတ်ပေ။ အမှန်မှာ ယင်းကုရ်အာန်ကျမ်းမြတ် သည် သတိတရားရစရာ ဆုံးမသြ၀ါဒဖြစ်သည့်အပြင် ရှင်းလင်းထင်ရှားလှစွာသော ကုရ်အာန်လည်း ဖြစ်သည်။´ (၃၆း၆၉)

တမန်တော်မြတ်(ဆွ)ထံ ချပေးလိုက်သည့် ၀ဟီမှာ ကုရ်အာန်သာဖြစ်တယ်လို့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကဗျာလင်္ကာစာပေကို အစ္စလာမ်ကတိုက်ခိုက်နေခြင်း မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် စိတ်ကူးယဉ် ဆန်တဲ့ ကဗျာလင်္ကာကို ပြောတာပါ။ တမန်တော်မြတ် ပွင့်ပေါ်ခဲ့တဲ့ ခေတ်ကာလမှာ အာရဗ်တစ်မျိုးသားလုံးရဲ့ အထွဋ်အထိပ်၊ ဆွဲဆောင်မှုအရှိဆုံးက ကဗျာလင်္ကာပါ။ ကျမ်းတော်မြတ်ကုရ်အာန်ကလည်း စူရာဟ် ၁ ကို ကြည့် လိုက်ရင် အာယသ် အစမှအဆုံးတိုင်`အင်း´ဆိုတဲ့ အသံနဲ့အဆုံးသတ်တာကို တွေ့ရမှာဖြစ်သလို စူရာဟ် ရာဟ် မာန်မှာလည်း `အန်း´ဆိုတဲ့ အသံနဲ့အဆုံးသတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကို တမန်တော်မြတ်သည်လည်း ကဗျာလင်္ကာဆရာ၊ သူပဲ ဒါကိုရေးစပ်တာပါလို့ စွပ်စွဲပြောဆိုကြတာ ဖြစ်ပါတယ်။

`ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်က ကုရ်အာန်ဟာ ကဗျာလင်္ကာမဟုတ်သလို၊ တမန်တော်သည်လည်း ကဗျာဆရာ လင်္ကာဆရာ မဟုတ်ကြောင်းကို ဖွင့်ဆိုခြင်းဖြစ်ပါတယ်။ ထို့အပြင် ရှေ့ဖြစ်ဟောဆရာ (အနာဂါတ် ဟောဆရာ တစ်ဦးတစ်ယောက်၏ နှုတ်ထွက်စကား(ပြောဆိုချက်) လည်းမဟုတ်ပြီ။ အသင်တို့သည် အနည်းမျှကို သာ သတိတရားရကာ နားလည်ကြကုန်သည်။´(၆၉း၄၂)

`ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် စကြ၀ဠာလောကခပ်သိမ်းတို့ကို ပြုစုပျိုးထောင် လမ်းညွှန်တော် မူသော အရှင့်ထံတော်မှ ထုတ်ပြန်ပို့ချတော်မူသော အာယသ်တော်များဖြစ်သည်။´(၆၉း၄၃)

တမန်တော်မြတ်(ဆွ) ရစူလ်မဖြစ်မီ တမန်တော်မြတ်ကို ရိုးဖြောင့်သူ၊ လူမှန်၊ ယုံကြည်စိတ်ချရသူ၊ `အမီးရ်´လို့ ဂုဏ်ပေးခဲ့သူ အရဗ်အမျိုးသားတို့ဟာ တမန်တော်မြတ်(ဆွ)ကုရ်အာန်ကို ချပြလိုက်တာနဲ့ ကဗျာဆရာ၊ လင်္ကာဆရာ၊ အရူး၊ လူလိမ်စသဖြင့် တစ်ဖက်က စွပ်စွဲပုတ်ခတ်ခဲ့သလို၊ တစ်ဖက်ကလည်း ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါ တယ်။ တစ်နည်းအားဖြင့် တစ်ဖက်က ဒုတ်၊ တစ်ဖက်က မုန့်။

ကုရ်အာန်ကို မပြောနဲ့။ သူတို့နဲ့သဟဇာတ ဖြစ်မှာကိုပြော။ သူတို့ အစဉ်ပြေမယ့်ကိစ္စကို ပြော။ ဘာလိုချင် သလဲ။ ငွေလား၊ ရာထူးလား၊ နတ်သမီး စည်းစိမ်ခံစားမလား၊ ဒါပေမယ့် တမန်တော်မြတ်(ဆွ)ဟာ မြှောက်တိုင်း လည်း မမြောက်၊ ခြောက်တိုင်းလည်း မကြောက်၊ အပေးအယူကို လက်ခံခြင်းမရှိ။ ဘာကြောင့်လဲ။ အလ္လာဟ့် လမ်းညွှန် မိန့်ကြားချက်ကို တာဝန်ယူဆောင်ရွက်ရတဲ့ တမန်တော်တစ်ပါးဖြစ်သည့်အတွက် အလ္လာဟ်အရှင်မြတ်က

`ငါအရှင်မြတ်နဲ့ ပတ်သက်ပြီး ငါရဲ့လမ်းညွှန်မိန့်ကြားချက်တွေထဲက အချို့ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ ကပြောင်းကပြန် လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖြား ပြောဆိုခဲ့မယ်ဆိုရင်´ (၆၉း၄၄)

ဒီအာယသ်မှာ တမန်တော်မြတ်(ဆွ)ကို အလ္လာဟ်က ဂုဏ်ပေးချီးမြှောက်ပြီး ကာကွယ်ပေးထားတဲ့ စကားလုံးလေးတစ်လုံးက ဘာလဲဆိုရင် `လောင်ဝ်´ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ `လောင်ဝ်´ဆိုတာ အကယ်၍ ဆိုတဲ့အဓိပ္ပါယ်ထွက်သလို `အင်းန်´ဆိုတဲ့ စကားလုံးဟာလည်း အကယ်၍သာဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။ ဒါပေမယ့် `အင်းန်´ဆိုတာက ဖြစ်နိုင်ရင်ဖြစ်နိုင်လိမ့်မယ်။ `လောင်ဝ်´ဆိုတာက လုံးဝ(လုံးဝ)ကို မဖြစ်နိုင်ဘူးဆိုမှ သာ သုံးပါတယ်။ အလ္လာဟ်လမ်းညွှန် မိန့်ကြားချက်တွေကို လုပ်ကြံလိမ်လည် လှည့်ဖြားမယ်ဆိုရင်

`ငါအရှင်မြတ်သည် သူ၏လက်ယာလက်(လုပ်ပိုင်ခွင့်၊ အာဏာ)ဖမ်းချုပ်လိုက်မည်။´(၆၉း၄၅)

`ထို့နောက် ငါအရှင်မြတ်သည် သူ၏နှလုံးကြောကို ဖြတ်တောက်တော်မူခဲ့ပေသည်။´(၆၉း၄၆)

အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မိန့်ကြားချက်ကို ကပြောင်းကပြန်၊ လိမ်လည်၊ လှည့်ဖြား လုပ်ကြံပြောမယ် ဆိုရင် ကျွန်တော်တို့ဘ၀တွေ သေသွားမယ်လို့ တစ်နည်းအားဖြင့် သတိပေးနေခြင်းလည်းဖြစ်ပါတယ်။

`ထိုအခါ အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား(အလ္လာဟ်)ပြစ်ဒဏ်မှ ကာကွယ်ပေးနိုင် သူ တစ်ဦးမှရှိနိုင်မည်မဟုတ်။´ (၆၉း၄၇)

`စင်စစ် ကုရ်အာန်ကျမ်းမြတ်သည်(မြတ်သောအကျင့်)ကို ကျင့်သူ`မွတ္တကီ´များအတွက် ဆုံးမသြ၀ါဒ လမ်းညွှန်မိန့်ကြားချက်ဖြစ်သည်။´(၆၉း၄၈)

`၎င်းပြင်ငါအရှင်သည် အသင်တို့အနက် (ယင်းကုရ်အာန်ကျမ်းတော်မြတ်)ကို မဟုတ်မမှန်ဟု စွပ်စွဲငြင်း ပယ်သူများ ရှိကြောင်းကို သိရှိတော်မူသည်။´(၆၉း၄၉)

`ထို့ပြင် ကုရ်အာန်ကျမ်းမြတ်သည် သွေဖီငြင်းဆန်သူ ကာဖိရ်တို့နှင့်ပတ်သက်၍ ၀မ်းနည်းကြေကွဲဖွယ်ရာ ပင်ဖြစ်သည်။´(၆၉း၅၀)

အထက်ပါ အာယသ်ပါ ကာဖိရ်ဆိုတာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံကို ဖော်ညွှန်းလို့မရသော ကျမ်းတော် မြတ်ကုရ်အာန်ရဲ့ ဖော်ညွှန်းချက်ဟာ သွေဖီငြင်းဆန်နေသူအတွက်တော့ အင်မတန်မနှစ်မြို့စရာ ဖြစ်ပါတယ်။ မကြိုက်မနှစ်သက်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့်

`ဧကန်မုချ ကျမ်းမြတ်ကုရ်အာန်သည် အသေအခြာတပ်အပ် သေခြာထင်ရှားသိမြင်နိုင်တဲ့ အမှန်သစ္စာ တရားဖြစ်သည်။´ (၆၉း၅၁)

အဲ့ဒီကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူခြင်းခံခဲ့ရတဲ့ တမန်တော်မြတ်(ဆွ)ရဲ့ အွမ္မသ်အရ အဖွဲ့ ၀င်ဖြစ်တဲ့ ကျွန်တော်တို့အတွက် နှစ်ဘ၀နှစ်ဌာန အောင်မြင်ဖို့ အလ္လာဟ်အရှင်မြတ်က ပေးသနားချီးမြှင့်လိုက်တဲ့ အတွက် ကျွန်တော်တို့အလ္လာဟ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုရမှာဖြစ်ပါတယ်။

ကုရ်အာန်ကို ရရှိလိုက်တာဟာ ကျွန်တော်တို့ဘ၀ လူတစ်လုံး၊ သူတစ်လုံးဖြစ်ဖို့၊ နှစ်ဘ၀ နှစ်ဌာနအောင် မြင်ဖို့ အလ္လာဟ်အရှင်မြတ်က ပေးသနားချီးမြှင့်လိုက်တာဖြစ်တဲ့အတွက် တမန်တော်မြတ်(ဆွ)ကို အလ္လာဟ်အရှင် မြတ်က

`အသင့်ရဲ့ ကြီးကျယ်မြင့်မြတ်လှပါသော ပြုစုပျိုးထောင်ရှင်ရဲ့ လမ်းညွှန်မှုတွေ ပြဌာန်းချက်နှင့်အညီ အသင့်ဘ၀သက်တမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းအားထုတ် ဆောင်ရွက်ရင်းနဲ့ အရှင်မြတ်ကြီးကျယ် မြင့်မြတ်လှ ကြောင်း ထုတ်ဖော်ပြောကြားပါလေ။´(၆၉း၅၂)

ဒါကြောင့် အလ္လာဟ်အရှင်မြတ် ကျွန်တော့်ကို ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အရှိတရားနဲ့အသိတရားကို နားလည်သဘောပေါက်အောင် ချီးမြှင့်ပြီးတော့ တမန်တော်မြတ်ကြီးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ကျမ်းတော် မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မှုကို ကျွန်တော့်ဘ၀ သက်တမ်းတစ်လျှောက်မှာ ကျွန်တော်တို့အားလုံးရဲ့ သက်တမ်း တစ်လျှောက် လက်တွေ့၊ လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်နိုင်စွမ်း ချီးမြှင့်ပေးသနားတော်မူပါစေလို့ ဆန္ဒပြု ရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။