ဘာသာတရားတို့၏ ဘုရားရှင် ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

ဘာသာတရားတို့၏ ဘုရားရှင်

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

        ယနေ့သည် ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့ သောကြာဓမ္မသဘင်နေ့ဖြစ်ပါသည်။ ယနေ့လေ့လာ တင်ပြမည့်ခွတ္တဗာဟ်ခေါင်းစဉ်သည် ဘာသာတရားတို့၏ ဘုရားရှင်ဖြစ်ပါသည်။ အစ္စလာမ်ဘာသာဝင်တို့အတွက် ကိုးကွယ်အားထားရာအရှင်သည် အလ္လာဟ်ဖြစ်ပါသည်။ အစ္စလာမ်တို့၏ အလ္လာဟ်သည် အခြားဘာသာဝင်များက ပြောသော ဘုရားရှင်ဟူသော စကားလုံးနှင့်မတူ ကွဲပြားခြားနားပါသည်။ အထူးသဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တို့၏ ဘုရားရှင်သည် သစ္စာဓမ္မကို ရရှိလာပြီးနောက် လောကလူသားတို့၏ လွတ်မြောက်မှုကို လမ်းညွှန်ပြသသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ရည်ညွှန်းပါသည်။ အစ္စလာမ်ကပြောသော အလ္လာဟ်သည် ဓမ္မ၏အရှင် (ဇူးမေ့ရ်ရဟ်) ဖြစ်သည်။ အလ္လာဟ်သည် မိမိရွေးချယ်ထားသော မဟာလူသား ပုဂ္ဂိုလ်မြတ်များထံ သစ္စာဓမ္မကို အသိပေးပြီး လူသားတို့၏ အောင်မြင်မှုများအတွက် ရွေးချယ်ခံ ပုဂ္ဂိုလ်မြတ်များမှတဆင့် ဟောကြားသွန်သင်လမ်းပြစေသော  အရှင်ဖြစ်ပါသည်။ အလ္လာဟ်ရွေးချယ်သော ပုဂ္ဂိုလ်မြတ်များကို အစ္စလာမ်က တမန်တော်များဟု ခေါ်ဆိုကြပါသည်။ ဂင်္ဂါဝါဠု သဲစုမက၊ ဘုရားရှင်များ ပွင့်တော်မူခဲ့သည်ဟု အဆိုရှိသကဲ့သို့ အစ္စလာမ်တို့ကလည်း မရေမတွက်နိုင်သော (တစ်သိန်းနှစ်သောင်း လေးထောင်ကျော်သော) တမန်တော်များ ပွင့်တော်မူခဲ့သည်ဟု ဆိုကြပါသည်။ အလ္လာဟ်နှင့် ဘုရားရှင်တို့ ကွဲပြားခြားနားသော်လည်း ဤနေရာတွင် အများနားလည် သဘောပေါက်လွယ်ကူရန် ဘုရားရှင်ဟူ သော အသုံးအနှုံးကိုသာ သုံးစွဲသွားပါမည်။ ဘုရားရှင်ဟူသည် အလ္လာဟ်ကို ကိုယ်စားပြုသည်ဟု နားလည်ပေးစေ လိုပါသည်။

ယနေ့ခေတ်တွင် ကိုးကွယ်ရာဘာသာပေါင်း ၅ သိန်းခန့်ရှိနေသည်ဟု ကိုးရီးယားနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းကြီး၏ လေ့လာချက်အရ သိရှိရပေသည်။ ခေတ်သစ်ကမ္ဘာတွင် ကမ္ဘာ့လူဦးရေ တိုးတက် များပြားမှုနှင့်အတူ ဘုရားမဲ့ဝါဒီများလည်း ရှိလာသလို ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများ အမြောက်အများ တည်ရှိနေသည်ကို တွေ့မြင်ရပေသည်။

၁၈ ရာစု အင်္ဂလိပ် စာရေးဆရာမကြီး M.W Montegu က ဘာသာတရားသည် စိတ်ဖိစီးခံနေရသူအတွက် ဖြေသိမ့်မှုတစ်ရပ်ဖြစ်သလို နာမကျန်းဖြစ်နေသူများကို လန်းဆန်းစေပြီး ရံဖန်ရံခါလူယုတ်မာများကိုပင် ဟန့်တား တားဆီးနိုင်ပေသည်ဟု မှတ်ချက်ချခဲ့ပေသည်။

လူ့သမိုင်းစဉ်ကို လေ့လာခဲ့သူ အာနိုးတွိုင်ဘီကလည်း ဘာသာတရားသည် လူ့သမိုင်းတလျှောက် အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့လေသည်ဟု အနှစ်ချုပ်ဖော်ပြခဲ့သည်။ (The Observer Oct  24,1954)

ကိုးကွယ်ရာ ဘာသာတရားများကို လေ့လာခြင်းဖြင့် လူ့အဖွဲ့အစည်း အသီးသီးတို့၏ တန်ဖိုးထားသော ဓလေ့စရိုက်များကို သိခွင့်ရလာနိုင်ပါသည်။  ဘာသာတရားများကို လေ့လာရာ၌ ဘာသာဝင်အများစုတို့၏  အကျင့်အမူ၊ ဓလေ့စရိုက်တို့ကိုသာ လေ့လာပါက ဘာသာတရားတို့၏ သွန်သင်ချက် အစစ်အမှန်ကို မသိနိုင်ပါ။ ဘာသာတရားတို့၏ ကျမ်းဂန်အသီးသီးကို လေ့လာမှသာ ဘာသာတရားတို့၏ တရားကိုယ်ကို မှန်းဆနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့နှင့် ထိတွေ့ကြားနာဘူးသော ဘာသာတရားများမှာ ဟိန္ဒူ (ဝေဒ)၊ ဗုဒ္ဓ၊ ဂျိန်း၊ ဆစ်ခ်၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာများဖြစ်ကြသည်။ ဂျူး၊ ခရစ်ယာန်နှင့်အစ္စလာမ်တို့ သည် ဆီးမိုက်ဘာသာတရားများဖြစ်ကြသည်။ တမန်တော် နူးဟ်တွင် ရှမ်(မ)ဟူသောသားတော်တစ်ပါးရှိသည်။ ၎င်းသားတော်ရှမ်(မ)မှ ဆင်းသက်လာသော မျိုးနွယ်များဖြစ်သော ဂျူး၊ အာရပ်၊ အဆီးယီးယန်းနှင့် ဖိုနီးရှမ်းတို့ကို ဆီးမိုက်မျိုးနွယ်ဟု ခေါ်ဝေါ်ကြလေသည်။ ၎င်းမျိုးနွယ်မှ ယနေ့ကမ္ဘာပေါ်တွင် အဓိက ဘာသာကြီးများဟု လူသိများ သော ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာများ ပေါ်ထွန်းခဲ့လေသည်။ ယနေ့အနောက်နိုင်ငံများတွင်ပေါ်ပေါက်နေ သော ဆီးမိုက်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ဂျူးနှင့်အာရဗ်တို့ကို ခွဲခြားနှိမ့်ချ ဆက်ဆံမှုပင်ဖြစ်လေသည်။

ဝေဒအယူဝါဒကို လူအများက ဟိန္ဒူ(သို့)ဗြဟ္မဏ အယူဝါဒဟု လူသိများလေသည်။ ဟိန္ဒူနှင့် ဗုဒ္ဓ၀ါဒကို အိန္ဒိယမြေပေါ်မှ ပေါက်ဖွားလာသော ဘာသာများဖြစ်သည်။

ဆီးမိုက်ဘာသာများဖြစ်သော ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ်တို့က ထာဝရတည်ရှိတော်မူသော ဘုရားရှင် ကို ကိုးကွယ်ခံထိုက်သော တစ်ပါးတည်းသောအရှင်အဖြစ် လက်ခံကြလေသည်။ ၎င်းဘာသာတရားများက ကိုးကွယ်ရာအရှင်ထံမှ လမ်းညွှန်ချက်များကို လူသားစေတမန်များက လက်ခံရရှိသည်ဟု ယုံကြည်ကြလေသည်။ ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ်တို့သည် တမန်တော်များနှင့်ဆိုင်သော ဘာသာတရားများဖြစ်ကြလေသည်။

အိန္ဒိယနွယ်ဖွားဘာသာတရားများသည် တမန်တော်တို့၏ အခန်းကဏ္ဍများ မပါဝင်သော်လည်း ဟိန္ဒူ ဘာသာရေးဆိုင်ရာ ပညာရှင်များက တစ်ပါးတည်းသောအရှင်ကိုသာ ယုံကြည်သင့်ကြောင်း အခိုင်အမာ ပြောဆို ကြလေသည်။ ဗုဒ္ဓဘာသာဝင်များအနက် မဟာယန(မြောက်ပိုင်း ဗုဒ္ဓဘာသာဝင်)များက ထာဝရဘုရား (အမိ တာဘာ)ကို လက်ခံကြလေသည်။ ဘာသာတရားအသီးသီးတို့၏ ကျမ်းစာများတွင် ကိုးကွယ်ခံထိုက်သောအရှင်နှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ ရှိနေကြလေသည်။ အစ္စလာမ်၏ ကျမ်းဂန်သည် ကျမ်းမြတ်ကုရ်အာန်ဖြစ်၏။

ကျမ်းမြတ်ကုရ်အာန် (၃း၆၄)တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားပါသည်။

`ကျမ်းစာရှိသူအပေါင်းတို့ ကိုးကွယ်ခံထိုက်သော ဘုရားမှအပ အခြားသူများကို မကိုးကွယ်ပါ။ ဘုရားရှင် နှင့် အခြားအရာများကို ရောထွေးယှက်နွယ်ခြင်းမပြုပါ။ ကျွန်ုပ်တို့သည် ဘုရားရှင်မှလွဲ၍ အခြားသူများကို ပြုစုပျိုး ထောင်ရှင်အဖြစ် မသတ်မှတ်ပါဟူသည့် အားလုံးလက်ခံထားသော တူညီသည့် သစ္စာစကားဆီသို့ လှည့်ကြပါစို့ဟု ဖိတ်ခေါ်လော့။ သူတို့သည် လှည့်ပြန်သွားသည်ရှိသော် သင်တို့သည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးစားနေသူ များဖြစ်ကြောင်း သက်သေပြကြလော့။´ (၃း၆၄)

အထက်ပါအာယသ်တော်က ဘာသာတရားအသီးသီးတို့တွင် တူညီချက်များရှိကြလေသည်။ ၎င်းတို့မှာ-

(၁) ကိုးကွယ်ခံထိုက်သောအရှင် (အလ္လာဟ်)

(၂) ဘုရားရှင်နှင့် အခြားအရာများကို ရောထွေးယှက်နွယ်ခြင်း(ရှိရ်က်) မလုပ်ရ။

(၃) ထိုအရှင်မှလွဲ၍ အခြားသူများကို ပြုစုပျိုးထောင်ရှင်ဟု မသတ်မှတ်ရဟူသော အချက်များဖြစ်လေသည်ဟု ဖော်ပြထားပါသည်။

အထက်ပါအာယသ်တော် (၃း၆၄)က အစ္စလာမ့်အကြောင်းကို အခြားဘာသာဝင်များအား အသိပေးသည့် နည်းလမ်းကို ဖော်ပြထားခြင်းဖြစ်သည်။ ဤနည်းလမ်းအတိုင်း ပြောဆိုချက်ကို လက်မခံလျှင်လည်း ပြဿနာမရှိပါ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်ဖော်ဆောင်ခြင်းဖြင့် လောကအကျိုးကို သယ်ပိုင်းနေရန်မှာ အစ္စလာမ်ဘာသာ ၀င်မွတ်ဆလင်မ်များ၏ မလုပ်မနေရ တာဝန်သာဖြစ်၏။ မည်သူ့ကိုမျှ အစ္စလာမ်ကို လက်ခံရန် အတင်းအဓမ္မမပြုရ။

အစ္စလာမ်ကို လက်ခံရန် အကြမ်းဖက်ခြင်းသည် မွတ်စလင်မ်တို့ လမ်းစဉ်မဟုတ်။ အစ္စလာမ်ကို နာမည် ဖျက်လိုသော၊ အကြမ်းဖက်သမားများ၏ လမ်းစဉ်သာဖြစ်လေသည်။ ထိုအကြမ်းဖက်သမားများကြောင့် အစ္စလာမ် သည် အထင်အမြင်လွဲမှားခံရစေကာမူ မကြာမီ အမှားပျောက်အမှန်ရောက်ပြီး၊ အစ္စလာမ်၏ ငြိမ်းချမ်းရေး လမ်းစဉ် သည် ထင်ပေါ်ကျော်ကြားလာမည်သည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်ကို ပညာရှင်များ၊ ဘုန်းကြီး ရဟန်းများ၊ ဘာသာရေးသမားများ၊ အကြမ်းဖက်သမားများက ပြန့်ပွားစေသည်မဟုတ်။ ကိုးကွယ်ထိုက်သော အရှင်အလ္လာဟ်က ပြန့်ပွား ထွန်းကားအောင်ပြုလုပ် ဖြစ်ပေသည်။

ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်သည်တမန်တော် မုဟမ္မဒ်အား သစ္စာဓမ္မတည်းဟူသော ငြိမ်းချမ်းရေး ဆီမီးတိုင်ဖြင့် စေလွှတ်ခဲ့ပြီးဖြစ်၏။ သို့ဖြစ်၍ မနှစ်မြို့သူများ ရှိနေလင့်ကစား၊ ငြိမ်းချမ်းရေးလမ်းစဉ်သည် အားလုံး အပေါ်သို့ လွှမ်းမိုးမည်သာဖြစ်ပေ၏။ (၆၁း၈-၉)ဟု အသိပေးထားပါသည်။

ဆီးမိုက်ဘာသာများအနက် ဂျူးဘာသာသည် အဓိကဘာသာဖြစ်သည်။ အစ္စရေးတို့၏ ဘာသာတရားဖြစ် ပါသည်။ အစ္စရေးတို့သည် တမန်တော်အီဘရာဟင်မ်၏သား အစ္စဟက်၊ ၎င်းမှ မွေးသောသား တမန်တော်ယာကွဗ်မှ ဆင်းသက်လာသော လူမျိုးများဖြစ်ကြသည်။ ဂျူးဘာသာဝင်များသည် တမန်တော်မူဆာ(မိုးဇက်)၏ တရားဒေသ နာတော်များကို လိုက်နာကြသူများဖြစ်ကြလေသည်။ ဓမ္မဟောင်းကျမ်းတစ်ခုဖြစ်သော တရားဟောရာကျမ်း၌ ဖော်ပြထားသည်မှာ

`အို အစ္စရေးလူမျိုးတို့ ငါတို့၏ဘုရားသခင်သည် တစ်ဆူတည်းသော ထာဝရဖြစ်၏။´ Deuteronomy (6:4)

ငါမှတပါးအခြားသော ဘုရားကို မကိုးကွယ်နှင့်။ မိုးကောင်းကင်၌လည်းကောင်း၊ မြေပေါ်၌လည်းကောင်း၊ ရေထဲ၌လည်းကောင်းရှိသော အရာနှင့် ပုံပန်းသဏ္ဍာန်တူအောင် ရုပ်ထုကို ကိုယ့်အဖို့မလုပ်နှင့်၊ ဦးမချနှင့် ၀တ်မပြုပါနှင့်။´ Deut (5:7-9)

ဓမ္မဟောင်းကျမ်း၌ ပါရှိသော ဟေရှာကျမ်း၌လည်း

` ငါတစ်ပါးတည်းသော ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။´ Isaiah(45:5)ဟူ၍ ပါရှိပါသည်။

ဆီးမိုက်ဘာသာများအနက် ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး သက်ဝင်ယုံကြည် ရာ ဘာသာတစ်ခုဖြစ်သည်။ ခရစ်ယာန်တို့၏ သားတော်ဘုရားဖြစ်သော ယေရှုခရစ်သည် အစ္စလာမ်တို့ လေးစား ကြည်ညိုသော အီဆာနဗီဖြစ်၏။

သမ္မာကျမ်းစာလာ အောက်ပါစာပိုဒ်များကိုလည်း လေ့လာကြည့်ပါစို့။ ဓမ္မသစ်ကျမ်းတစ်ခု ရှင်ယောဟန် ကျမ်းတွင်

ထာဝရအသက်ဟူမူကား မှန်သောဘုရားတစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။John (17:3)                       `သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကား တော် ဖြစ်၏။´ John (14:24)

ဂျူးနှင့်ခရစ်ယာန်တို့၏ သမ္မာကျမ်းစာ ဓမ္မဟောင်းနှင့် ဓမ္မသစ်တို့ပါ အထက်ဖော်ပြချက်များကို ကုရ်အာန် ကျမ်းမြတ်၏ အောက်ပါအာယသ်တော်များနှင့် နှိုင်းယှဉ်လေ့လာပါက တူညီချက်များကို အံ့သြဖွယ်တွေ့ရှိရမှာဖြစ်ပါ တယ်။

`အလ္လာဟ်မှတပါး အခြားခ၀ပ်ကိုးကွယ်ထိုက်သောအရှင်မရှိ။´ (၄၇း၁၉)

`အလ္လာဟ်နှင့်တူသောအရာ တစ်စုံတစ်ခုမျှမရှိ။´ (၄၂း၁၁)

`တမန်တော်မြတ်၏ ပြောစကားများသည် စိတ်ထင်ရာမဟုတ်များကို ပြောဆိုသည်မဟုတ်။ ပြတ်သား သော  ဘုန်းတော်ရှင်ဓမ္မတို့၏ အရှင်ဖြစ်တော်မူသော ဥာဏ်အလင်းပေးမှုကြောင့် သူ့အာရုံဝယ်ကိန်းဝပ်လာသော ၀ဟီအတိုင်း ပြောကြားနေခြင်းဖြစ်၏။ ဤသို့ဖြင့် သူသည် သမာဓိဥာဏ်တော်ရင့်သန်ခဲ့လေသည်။´ (၅၃း၃-၆)

`အလ္လာဟ်သည် တစ်ပါးတည်း တည်ရှိတော်မူသော အရှင်မြတ်ဖြစ်၏။ အလ္လာဟ်သည် အခြားသူများ၏ မှီခိုအားထားရာအရှင်၊ မည်သူ့ကိုမျှ မမွေးဖွား၊ မည်သူ၏ မွေးဖွားခြင်းကိုခံခဲ့ရသည်မရှိ။ အလ္လာဟ်နှင့်တူသူ တစ်စုံ တစ်ဦးမျှမရှိ။´ (၁၁၂း၁-၂)ဟုဖော်ပြထားချက်များသည် သောင်ဟီးဒ်(တစ်ပါးတည်း ဘုရားရှင်နှင့်ပတ်သက်ပြီး ရှင်းလင်းဆုံး၊ အတိကျဆုံးဖော်ပြထားခြင်းများ ဖြစ်လေသည်။

အိန္ဒိယမြေပေါ်မှ ဖြစ်ထွန်းလာသော ဟိန္ဒူ(ဝေဒ)ဘာသာတွင်လည်း အမြင့်မြတ်ဆုံး သတ်မှတ်ခံရသော ဝေဒကျမ်းများအနက် ယဇုဝေဒရှိ အောက်ဖော်ပြပါ စာပိုဒိကိုလည်းလေ့လာကြည့်သင့်ပါသည်။

ထိုအရှင်မှာ ပုံသဏ္ဍာန်မရှိပါ။ Yajurveda 32:3

သူသည် မည်သူ၏မွေးဖွားခြင်းမျှ မခံရပါ။ သူသာလျှင် ကျွန်ုပ်တို့၏ ကိုးကွယ်ခြင်းကို ခံထိုက်တော်မူပါ သည်။ အရှင်၏တန်ခိုးတော်မှာ အနန္တဖြစ်ပြီး အရှင်မှာပုံပန်းသဏ္ဍာန်ရုပ်သွင် မရှိပါ။ The Yajurveda by Devi chancl M.A(P-337)

ဟိန္ဒူတို့က အရာရာ(သက်ရှိ၊ သက်မဲ့)တို့သည် မြင့်မြတ်သော ကိုးကွယ်ရာအရှင်၏ ဓါတ်တော်များ ကိန်းဝပ်နေသော အရာများဖြစ်သည်။ ထို့ကြောင့် ဟိန္ဒူတို့အတွက် သစ်ပင်၊ နေ၊ လ၊ နက္ခတ်တာရာ၊ တော၊ တောင်၊ တိရစ္ဆာန်နှင့်လူသားများသည် ဘုရားသခင် ဓါတ်ကိန်းဝပ်သောအရာ ဘုရားက ကိုယ်ထင်ပြနေသော အသွင်သဏ္ဍာန်များဟု မှတ်ယူကြပါသည်။ ဟိန္ဒူလယ်သမားတို့သည် ရေမိုးချိုးသန့်စင်ပြီးသောအခါ ကျောက်တုံး တစ်တုံးကို ရေဆေးပြီး ပန်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ပူဇော်ပသလေ့ရှိကြသည်။

အစ္စလာမ်ဘာသာဝင်များအတွက်ကား ရှိရှိသမျှ သက်ရှိ၊ သက်မဲ့အားလုံးတို့သည် အလ္လာဟ်၏ သက်သေ လက္ခဏာများဖြစ်၏။ ၎င်းတို့သည် ကိုးကွယ်ရာမဟုတ် လောကကောင်းကျိုးအတွက် အသုံးချစရားများသာဖြစ်၏။

ဟိန္ဒူနှင့်အစ္စလာမ်တို့ရဲ့ တူညီချက်တွေကို ဖော်ပြပြီးသည့်နောက် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားသခင်နှင့် ပတ်သက်သော ခံယူချက်များကိုလည်း ဖော်ပြလိုပါသည်။ ဗုဒ္ဓဘာသာဝင် အများစုက ဖန်ဆင်းရှင်ကို လုံးဝနေရာမပေးပါ။ သို့သော် အချို့သော ထေရ၀ါဒီ ရဟန်းပညာရှိ၊ လူပညာရှိတို့၏ အရေးအသား တစ်ချို့ကို တင်ပြလိုပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ၏ အဓိပတိဆရာတော်ကြီး တစ်ပါးဖြစ်သော ရှင်ဗုဒ္ဓဃောသပြုပြင်စီရင်သော အဌာ သာလီနိကျမ်း ၀ိသတိဝန္ဒနာတွင် `ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သတ္တ၀ါအပေါင်းတို့နှင့် လောကဓံ တရားငါးပါးတို့ကို အလိုရှိတော်မူသည့်အတိုင်း ဖြစ်တော်မူပေကုန်ပြီ။´ဟု ရှင်းထားပေသည်။

ဤသည်နှင့်အယူအဆတူညီသော ရှင်းလင်းချက်များကို ထားဝယ်မြို့၊ ဘုရားဒကာဦးလူငယ်ပြုစုသော သဗ္ဗညုတစိန္တာမဏိကျမ်း စာမျက်နှာ (၄-၅)တွင် ပြဆိုထားပေ၏။

ကျမ်းမြတ်ကုရ်အာန် (၂း၂၁)၌လည်း

`အိုလူသားအပေါင်းတို့ သင်တို့နှင့်သင်တို့ အလျင်က ရှေးလူများအား ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်။ သင်တို့၏ပြုစုပျိုးထောင်ရှင်အား အားကိုးအားထားပြုကြကုန်လော့။ သို့မှသာ သင်တို့သည် စည်းစောင့်ကြသူ (သက္က၀ါရှင်)များဖြစ်ကြပေ၏။´ လို့ မိန့်ဆိုထားပေသည်။

မြောက်ပိုင်းဗုဒ္ဓဘာသာဝင်များဖြစ်သော မဟာယနတို့ကလည်း ဗုဒ္ဓဘုရားသည် လူကဖြစ်သည်မဟုတ်။ နတ်ဗြဟ္မာသဖွယ် ထာဝရတည်ရှိနေသည်။ ရှင်တော်ဂေါတမသည် ဗုဒ္ဓ၏ကိုယ်စားပညတ်ဘုရားမျှသာဖြစ်၏။ ဟု ဟောပြောကြလေသည်။

ဤသည်ကား ဂျူး၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာရှိ ဘုရားသခင်နှင့် ပတ်သက်သော ဖော်ပြ ချက်တွေကို နှိုင်းယှဉ်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ ညွှန်ကြားချက်ဖြစ်သည့် တူညီသော ဖိတ်ခေါ်ချက်များဆီသို့ လှည့်ကြကုန်ဟူသော အလ္လာဟ်နဲ့တမန်တော်မြတ် မုဟမ္မဒ်(ဆွ)တို့၏ ညွှန်ကြားချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ မွတ်ဆလင်မ်များသည် အခြားဘာသာဝင်ညီနောက်များ၏ ဘာသာတရားများကို အဆိုးမြင် ခြင်းမှ ရှောင်ရှားပြိး အခြားဘာသာများနှင့် အစ္စလာမ်တို့၏ တရားသဘောနှင့် သဘောတရားများမှ တူညီချက်များကို ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။

ကမ္ဘာပေါ်ရှိ ဘာသာတရားပေါင်း ၅ သိန်းခန့်ရှိသည်ဟု တင်ပြခဲ့ပြီးပါပြီ။ ဘာသာတရားများ အားလုံး၏ တရားတော်များသည် (ဇူးမေ့ရ်ရဟ်)ဆိုသည့် တရား၏အရှင် အလ္လာဟ်ထံပါးကဖြစ်ပါသည်။ လူသားတို့၏ လောဘ၊ မာနတွေကြောင့် တရားတော်များပုံဖျက်ခံထားရခြင်းသာ ဖြစ်လေသည်။ ဘာသာတရားတို့၏ စစ်မှန်သော အဆုံးအမများသည် အလ္လာဟ်၏ တရားတော်များသာဖြစ်ကြောင်း ရှာဖွေလေ တွေ့ရှိလေဖြစ်ပါ၏။

ဆရာကြီးပါရဂူက

`လူတိုင်းက ဘုရားသခင်ကို ကိုယ်ပိုင်လုပ်ထားချင်ကြတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် တစ်ခုတည်း သော ဘုရားသခင်ကို ကိုးကွယ်လိုကြတယ်။ လူမျိုးတိုင်း၊ နိုင်ငံတိုင်းက အခြားလူမျိုးတစ်ခြား နိုင်ငံက ဘုရားသခင် ထက် ကြီးကျယ်တဲ့ ဘုရားသခင်ကို မိမိတို့ဘုရားကျောင်းတွေထဲမှာ ၀တ်ကျောင်းတော်တွေထဲမှာ ထည့်လှောင် ထားချင်ကြတယ်။

ဘုရားသခင်နဲ့ ပတ်သက်တဲ့ အသိအမြင်တွေတိုးတက်လာပါမှ ဘုရားသခင်ရဲ့ ဂုဏ်တော်တွေ မိမိတို့ လူသားတွေမှာ ကိန်းဝပ်ပြီး စိတ်ကောင်းတွေ မွေးလာကြမယ်။ ကရုဏာမေတ္တာတွေ ထွန်းကားလာကြမယ်။ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ကိုယ်ချင်းစာနာလာလိမ့်မယ်´လို့ ရေးသားခဲ့ဖူးပါသည်။ (မျက်မမြင်ဆင်စမ်းသလို – ပါရဂူ) (အတွေးအမြင်စာစဉ် -၉)

တချို့က ဘုရားသခင်သည် မိမိတို့မျိုးနွယ်ကိုသာ ချီးမြှောက်သောအရှင်ဖြစ်တယ်။ တစ်ချို့က ဘုရားသခင် သည် သူ့ကိုယုံကြည်သူများကိုသာ ကရုဏာထားတော်မူသော အရှင်ဖြစ်တယ်။ တစ်ချို့က ဘုရားသခင်သည် သူနဲ့ ပတ်သက်တဲ့သူတွေကိုသာ ကယ်တင်စောင့်ရှောက်တဲ့အရှင်ဖြစ်တယ်။ ထင်မြင်ယူဆနေကြတယ်။

ကျမ်းမြတ်ကုရ်အာန်၌

`အရ်ရာဟ်မာန်၊ အရ်ရဟီးမ်´ဟုပြောပြီး လူတိုင်းအပေါ်၌ လိုအပ်သမျှကို လိုလေသေးမရှိထောက်ပံ့သော အရှင်၊ သူ့၏စည်းမျဉ်းတွေအပေါ် လိုက်နာပါက အကျိုးထူးများ ပိုမိုခံစားစေတော်မူသောအရှင်ဖြစ်သည်ဟူ၍ အလ္လာဟ်၏ ဂုဏ်တော်များကို ရှင်းလင်းတင်ပြထားပါသည်။

အထက်ပါတင်ပြချက်များသည် ဘာသာတရား လေးခုရှိဘုရားသခင်နှင့် ပတ်သက်သော ခံယူချက်များ ဖြစ်ပါသည်။ ဘာသာတရားအသီးသီး၌ တူညီချက်များ မြောက်များစွာရှိပါပေသည်။ ဆက်လက်လေ့လာ ကြည့်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။