ဦးသန်းလွင် (ဗဟိုဘဏ် ဒုတိယဥက္ကဌ-ငြိမ်း) ပြောကြားသော ငြိမ်းချမ်းရေး အမှာစကား
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေးသဟဇာတဖြစ်မှု အခမ်းအနားကို ကြွရောက်လာကြတဲ့ ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ၊ ဧည့်သည်တော်များ၊ (၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်း တော်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အစ္စလာမ်ဘာသာဝင် ဂျမာအသ်သူ/သား များခင်ဗျား- အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အပေါင်းခညောင်းပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ အခုလို အရေးကြီးတဲ့ အချိန်အခါသမယမှာ ကျွန်တော့်အနေနဲ့ ဘာသာပေါင်းစုံတွေ့ဆုံကြတဲ့ အခမ်းအနား မှာ စကားပြောခွင့်ရတဲ့အပေါ်မှာ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ကတော့ ဆွေးနွေးချက်လို့ ပဲ သုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးတယ်ဆိုတာ အပြန်အလှန်သဘောရှိပါတယ်။ အတတ်နိုင်ဆုံး အမှားအယွင်းကင်းအောင် ကျွန်တော်တင်ပြမှာ ဖြစ်ပါတယ်။ အမှားအယွင်းရှိခဲ့မယ်ဆိုရင်လည်း သည်းခံခွင့်လွှတ် ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီနေ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး၊ လူမှုရေး သဟဇာတဖြစ်ရေးဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို ကျွန်တော် မီးမောင်းထိုးပြပါမယ်။ ကျွန်တော်က စီးပွားရေးနဲ့ ငွေရေးကြေးရေးနယ်ပယ်မှာ ကျင်လည်နေ တဲ့အတွက် စီးပွားရေးနဲ့ပတ်သက်တာကိုပဲ အဓိကထားပြီး တင်ပြသွားပါမယ်။ အထူးသဖြင့် ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ်အပေါ်မှာ မူတည်နေသလဲဆိုတာ ကျွန်တော် မီးမောင်းထိုးပြမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အချက်(၃)ချက်ကို အခြေခံပြီး တင်ပြပါမယ်။ ပထမအချက်ကတော့ ကျွန်တော်တို့ မြန်မာ့စီးပွားရေး ပကတိအခြေအနေဟာ အများသိကြတဲ့အတိုင်း၊ ကမ္ဘာက သိတဲ့အတိုင်း အလွန်တရာ အလားလာ ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ အင်္ဂလိပ်လိုပြောရင်တော့ မြန်မာနိုင်ငံဟာ (Economic Potential) အင်မတန်ကြီးမားနေတဲ့ အခြေအနေကို ဖော်ညွှန်းလို့ ဒါကို မီးမောင်းထိုးပြပါမယ်။ သမိုင်းကိုလည်း ကျွန်တော် တစေ့တစောင်း တင်ပြပါမယ်။ ဒုတိယအချက်ကတော့ ဒီလိုအလားအလာကောင်းနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ လက်တွေ့ ကျကျ အကောင်အထည်ဖော်လို့ရမလားဆိုတာကို သုံးသပ်ဖို့လိုပါတယ်။
ဒီအချက်မှာ ကျွန်တော်တို့ Secular State ခေါ်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ သဟဇာတဖြစ်တဲ့အခြေအနေမျိုး လိုအပ်တယ် ဆိုတဲ့အချက် ကိုလည်း စီးပွားရေးတိုးတက်မှုမှာ အခြေခံကျတဲ့အကြောင်းကို ဒုတိယအချက်အနေနဲ့ ကျွန်တော် ရှင်းပြပါ့မယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ဒီကနေ့ နိုင်ငံတော်က သွားနေတဲ့လမ်းကြောင်းမှာ အနာဂတ်သမိုင်းကို ဘယ်လိုရေးကြမလဲ။ ဖြေရှင်းချက်တွေ ဘယ်လိုချမလဲ။ ဒီအချက်လည်း ကျွန်တော် ဆွေးနွေးသွားပါ့မယ်။ ပထမအချက်အနေနဲ့ ကျွန်တော်ပြောချင်တာက စီးပွားရေးမှာ စီးပွားရေးသီအိုရီတစ်ခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ (စီးပွားရေးပညာရှင်တွေ သိပါတယ်) တိုးတက်ဖွံ့ဖြိုးပြီးသား နိုင်ငံများကြားမှာ မတိုးတက်၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံရှိနေခဲ့ရင် တိုးတက်ဖွံ့ဖြိုးပြီးတဲ့နိုင်ငံရဲ့ အရှိန်အဟုန်နဲ့ မတိုးတက်၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံဟာလည်း သူ့အလိုအလျောက် အခွင့်အလမ်းတွေပေါ်လာပြီး တိုးတက်မယ့်အခွင့်အရေးတွေ အများကြီး ရှိတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ဥပမာ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုရင် ကမ္ဘာမှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်ပြည်က တစ်ဖက်၊ အခြားတစ်ဖက်မှာ ကမ္ဘာမှာ စီးပွားရေးအဆင့် (၄)နဲ့(၅)လောက်မှာရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဒီလိုစီးပွားရေး အင်အား အလွန်ကောင်းတဲ့ နှစ်နိုင်ငံကြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရှိနေတာဟာ ကံကောင်းတယ်လို့ ပြောရ မလားတော့ မသိဘူး။ တိုးတက်ဖို့အလားအလာ အလွန်ကောင်းတယ်လို့တော့ ပြောရမှာပဲ။ အဲဒီလိုအခြေအနေမှာ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)၊ သို့မဟုတ် လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀)ကို ပြန်ကြည့်ပါ။ ကျွန်တော်တို့ ဒီလိုအခွင့်အရေး ရခဲ့သလား စိစစ်ကြည့်ပါက မရခဲ့ပါဘူးဆိုတဲ့အဖြေကို ရပါတယ်။ ယခင်အစိုးရခေတ်များမှာ အဲဒီနိုင်ငံကြီးများ အနက် နိုင်ငံတစ်နိုင်ငံကဆိုရင် ကျွန်တော်တို့ကို လစ်လျူရှုထားခဲ့တယ်။ တစ်နိုင်ငံကဆိုရင် ကျွန်တော်တို့ရဲ့ သဘာဝသယံဇာတပစ္စည်းတွေကို မိမိနိုင်ငံတိုးတက်ရေး တစ်ခုတည်းအတွက် ကျွန်တော်တို့ဆီက နည်းမျိုးစုံနဲ့ ယူတာပဲရှိတယ်။ အပြန်အလှန် အကျိုးပြုတဲ့သဘော မရှိခဲ့ဘူး။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံဟာ တိုးတက်မှု လမ်းကြောင်းကို ရောက်ပေမယ့်လည်း ခေါင်းဆောင်မှုအပိုင်းကလည်း အလေးမထားခဲ့တဲ့အတွက် အကျိုးအမြတ် ခံစားခွင့် မရခဲ့ဘူးဆိုတာ သမိုင်းကြောင်းမှာ တွေ့ရပါလိမ့်မယ်။ ဒါနဲ့ဆက်စပ်ပြီး ပြောပြချင်တဲ့အချက်ကတော့ လွန်ခဲ့တဲ့နှစ်က ကျွန်တော် တာချီလိတ်ကို ဘဏ်ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ပါတယ်။ ဒါနဲ့ မိတ်ဆွေတစ်ယောက်က ထမင်းစားဖိတ်လို့ သူနဲ့တွေ့တဲ့အခါ စကားလက်ဆုံကျတော့ သူက ယိုးဒယား(ထိုင်း)နိုင်ငံဟာ အကြောက်ကြီး ကြောက်နေတဲ့ အချက်(၂)ချက်ရှိတယ်လို့ ပြောတယ်။ ပထမအချက်က (၂၀၁၅)ခုနှစ်မှာ အာဆီယံ ဘုံဈေးဖြစ်လာမယ်။ ဖြစ်လာခဲ့ရင် ယိုးဒယားက ဘယ်လို အခန်းကဏ္ဍမှာ က မှာလဲ။ ပြိုင်နိုင်တဲ့စွမ်းအား ရှိပါ့မလားလို့ အစိုးရိမ်ကြီးနေတယ်။ ဒုတိယအချက်က မြန်မာနိုင်ငံဟာ အခု နိုးကြားလာပြီ။
တချိန်တုန်းက မြန်မာနိုင်ငံကို ကျော်တက်ခဲ့တယ်။ ၄င်းတို့ရဲ့ GDP ဟာ မြန်မာထက် ဆယ်ဆတက်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ မြန်မာနိုင်ငံက ပြန်ကျော်တက်သွား မှာကို စိုးရိမ်နေကြတယ်လို့ မိတ်ဆွေ ပြောပြပါတယ်။ မနေ့ကဆိုရင် ဂျပန်ဝန်ကြီးချုပ်နဲ့ ကုန်သည်ကြီးများ တွေ့ဆုံပွဲမှာ ကျွန်တော်လည်း တက်ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တဟုန်ထိုး တိုးတက်မယ့် အလားလာ ဘယ်လောက်ကောင်းလဲဆိုရင် တော်တော် ပြောကြပါတယ်။ ဂျပန်ဘက်ကလည်း ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောတယ်။ အဲဒီတော့ အလားအလာအလွန်ကောင်းတဲ့ မြန်မာနိုင်ငံမှာ ဘာတွေလိုအပ်ချက်ရှိသလဲ။ အလားအလာ ကောင်းပေမဲ့ လိုအပ်ချက်တွေက ရှိနေသေးတယ်။ စီးပွားရေးမှာ ကျွန်တော်တို့က ရေမြေကောင်းတယ်။ သယံဇာတ ကောင်းတယ်။ ဒါပေမဲ့ လိုအပ်ချက်တစ်ခုက ငွေပင်ငွေရင်းလိုတယ်။
ဒါတွေက ဘယ်ကလာမလဲဆိုရင် နိုင်ငံခြားတိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံမှုတွေ၊ Technology တွေ ၀င်လာမှ ဖြစ်ပေါ်လာပါမယ်။ နောက်လိုအပ်ချက် တစ်ခုကတော့ HRD ခေါ် လူ့အရင်းအမြစ်ဖွံ့ဖြိုးမှု (တစ်နည်း) စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကျွန်တော်တို့က မြန်မာများဟာ ဉာဏ်ရည်မှာမြင့်တယ်။ တစ်နည်းအားဖြင့်ပြောရရင် မြန်မာတွေဟာ တစ်ထွာပြရင် တစ်လံမြင်တယ်။ ယိုးဒယားမှာတင် အထိုက်အလျောက်ကျွမ်းကျင်ပြီး မြန်မာလုပ်သား သုံးသန်းကျော်ရှိနေတယ်။ ဒါတွေ ကျွန်တော်တို့ ပြန် ခေါ်သုံးလို့ရတယ်။ ဒါတွေက လိုအပ်ချက်တွေပေါ့။ ဒါတွေက ကျွန်တော်တို့မှာ ပြည့်စုံတယ် ဆိုပါတော့။ ဒါတွေ ပြည့်စုံရင်ရပြီလားဆိုတာ ပြန်စိစစ်ရပါအုံးမယ်။ ကျွန်တော်တို့ဟာ နှစ်ပေါင်း(၅၀) မျက်စိပိတ်၊ နားပိတ်ခံရတဲ့ ခေတ်ကို ဖြတ်သန်းလာရတော့ ကျွန်တော်တို့ သတိမပြုမိတဲ့အချက် ရှိနေတယ်။ စောစောက ပြောတဲ့ လိုအပ်ချက်တွေရှိလျှင် ရပြီလို့ စီးပွားရေးရှုထောင့်အရ ဘယ်လိုပြောပြော မရဘူး ဆိုတာ ဒီခေတ်ဒီအခါမှာ ဖြစ်ပေါ်လာပါပြီ။ ဘာလို့ပေါ်လာသလဲဆိုရင် သူများနိုင်ငံက ကျော်သွားပြီ။ မသိလို့ ကျော်သွားတာလား၊ သိလို့ ဖော်စားတာပဲ ဖြစ်မှာပေါ့။ ကနဦး အနောက်နိုင်ငံတွေမှာ (Secular State ) ရှိနေတယ်။
(Secular State) ဆိုတာ တိုင်းပြည်တစ်ခုမှာ ဘာသာ၊ လူမျိုး၊ စီးပွားရေး၊ လူမှုရေး စတာတွေဟာ အကုန်လုံး သဟဇာတဖြစ်ဖို့၊ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ လိုတယ်။ ငြိမ်းချမ်းဖို့လိုတယ်ဆိုတာ စီးပွားရေးတိုးတက်ဖို့အရေးမှာ အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာ နိုင်ငံ တော်တော် များများက သိလာကြတယ်။ ပဋိပက္ခကင်းတဲ့အတွက် နိုင်ငံတွေ တိုးတက်တယ်ဆိုတဲ့ သာဓကတွေကို ကျွန်တော်တို့နိုင်ငံအလိုက် တင်ပြပါမယ်။ ဥပမာ – အိန္ဒိယနိုင်ငံ၊ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရပြီးစက မွတ်ဆလင်မ်က ၁၃% ၊ ဟိန္ဒူက ၈၀% နဲ့ ကျန်တဲ့ ဆစ်ခ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အခြားဘာသာအချို့လည်းရှိတယ်။ အဲဒီအချိန်တုန်းက အိန္ဒိယနိုင်ငံမှာ ဘာသာရေးပဋိပက္ခ တော်တော်ပြင်းထန်တယ်။ အဓိက ကတော့ ဟိန္ဒူနဲ့ မွတ်ဆလင်မ်ပဲ။ အဲဒီတုန်းက ဟိန္ဒူ အမျိုးသားဝါဒီခေါင်းဆောင်တစ်ဦးနဲ့ အင်္ဂလန်နိုင်ငံက ကမ္ဘာကျော် သမိုင်းပါရဂူ မစ္စတာအာနွမ်တွန်ဘီဆိုတဲ့ ပုဂ္ဂိုလ်နဲ့တွေ့တယ်။ တွေ့ကြတော့ မစ္စတာတွန်ဘီက ပြောတယ်။ ခင်ဗျားတို့ အိန္ဒိယနိုင်ငံက ကျွန်တော်တို့ အင်္ဂလိပ်တွေကို စွပ်စွဲတယ်။ အိန္ဒိယနိုင်ငံ မတိုးတက်တာဟာ ကျွန်တော်တို့ ဗြိတိသျှနယ်ချဲ့ ကိုလိုနီတွေကြောင့်လို့ စွပ်စွဲတယ်။ တစ်နည်း ကိုလိုနီစနစ်ကြောင့် မတိုးတက်ဘူးလို့ အမြဲစွပ်စွဲတယ်။ အခု ခင်ဗျားတို့ လွတ်လပ်ရေး ရပြီမဟုတ်လား။ အင်္ဂလိပ်တွေလည်း မရှိတော့ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အုပ်ချုပ်နေတာပဲ မဟုတ်လား။ ကိုလိုနီစနစ်လည်း မရှိတော့ဘူး။
ဒါပေမဲ့ ခင်ဗျားတို့ မတိုးတက်ဘူး။ ဘာကြောင့် မတိုးတက်သလဲဆိုရင် ခင်ဗျားတို့ကို ကျွန်တော်ပြောချင်တာက ခင်ဗျားတို့နိုင်ငံဟာ ပဋိပက္ခတွေဖြစ်တယ်။ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ယဉ်ကျေးမှုစွဲ၊ အဲဒီအစွဲတရားတွေက သိပ်များနေတယ်။ ဒါကြောင့် ခင်ဗျားတို့ မတိုးတက်ခြင်းဖြစ်တယ်။ အင်္ဂလိပ်ကြောင့်မဟုတ်ဘူး။ ခင်ဗျားတို့ကိုယ်တိုင်ကိုက အစွဲတရားတွေ သိပ်များနေလို့ မတိုးတက်တာလို့ မစ္စတာတွန်ဘီကပြောတာကို ၄င်းအိန္ဒိယခေါင်းဆောင်က လက်ခံတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယနိုင်ငံဟာ ဒီအချက်တွေကိုသဘောပေါက်ပြီး ပြုပြင်လာကြတယ်။ ပဋိပက္ခတွေရှိနေသမျှကာလပတ်လုံး တိုးတက်မှာ မဟုတ်ဘူးဆိုတာကို လက်ခံလာကြတယ်။ သဘောထားကြီးကြီးနဲ့ ကြိုးစားဆောင်ရွက်လာလို့ ပဋိပက္ခတွေ ရှောင်ရှားလာနိုင်လို့ အောင်မြင်လာတယ်။
အိန္ဒိယနိုင်ငံလည်း စီးပွားရေးအရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်။ တစ်ချိန်က လူနည်းစုဖြစ်တဲ့ မွတ်ဆလင်မ်ဟာ မမျှော်လင့်နိုင်လောက်အောင်ပဲ မွတ်ဆလင်မ်အမျိုးသား အဗ္ဗဒူလ်ကလာမ်ဟာ အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်မ်များအထဲမှာ ပထမဦးဆုံးသမ္မတဖြစ်လာခဲ့တယ်။ သူ့ကို သမ္မတတင်မြှောက်တာကို ဟိန္ဒူတွေကလည်း မကန့်ကွက်ခဲ့ဘူး။ ပြီးတော့ အဗ္ဗဒူလ်ကလာမ်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံတည်ဆောက်ရေး ဖခင်တစ်ယောက်ဖြစ်ခဲ့တယ်။ အလွန်တော်တဲ့ သိပ္ပံပညာရှင်ဖြစ်တယ်။ အိန္ဒိယတစ်နိုင်ငံ လုံးမှာ လူမျိုးဘာသာမရွေး လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ဒီပုဂ္ဂိုလ်ကလည်း သူ သမ္မတဖြစ်တော့ သမ္မတအိမ် တက်ခဲ့အခါ သေတ္တာနှစ်လုံးပဲပါခဲ့သလို သက်တမ်းပြည့်လို့ အိမ်တော်က ထွက်ခွာခဲ့ရတဲ့အခါမှာလည်း မူလသေတ္တာနှစ်လုံးနဲ့ပဲ ပြန်ဆင်းသွားတဲ့ သာဓကအဖြစ် အိန္ဒိယနိုင်ငံသားတွေ ဂုဏ်ယူစွာ ဖော်ပြကြတယ်။
အလွန်ရိုးသားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တယ်။ ပြီးတော့ အိန္ဒိယကာကွယ်ရေးဝန်ကြီးရာထူးဟာ အရေးကြီးတဲ့နေရာဖြစ်သလို အင်မတန် တန်ခိုးကြီးတဲ့ ရာထူးလည်းဖြစ်တယ်။ ယခင်အစိုးရလက်ထက် အဲဒီနေရာမှာ ခရစ်ယာန်ဘာသာဝင် မစ္စတာ ဂျော့ရှ်ဗနန်ဒတ်စ်ကို ရာထူးပေးတယ်။ ဒါကိုလဲ ဘယ်သူမှ မကန့်ကွက်ခဲ့ဘူး။ သူက စစ်ရေးစစ်ရာမှာ ကျွမ်းကျင်လို့ ဒီရာထူးပေးခြင်းဖြစ်တယ်။ ဒါကြောင့် အိန္ဒိယ နိုင်ငံဟာ ခရစ်ယာန်ဖြစ်လို့၊ မွတ်ဆလင်မ်ဖြစ်လို့၊ ဟိန္ဒူဖြစ်လို့ဆိုပြီး မကျင့်သုံးဘူး။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ပဋိပက္ခကို နောက်ကွယ်မှာ ထားရစ်ခဲ့တဲ့အတွက် လူမျိုးစွဲ၊ ဘာသာစွဲ၊ အယူအဆစွဲတွေကို ဘေးဖယ်ခဲ့ ကြတဲ့အတွက် ဒီကနေ့ ကမ္ဘာမှာ စီးပွားရေးအင်အား (၄-၅)အဆင့်လောက်ကို တိုးတက်လာရခြင်း ဖြစ်တယ်။
နောက်သာဓကတစ်ခုက ယိုးဒယားနိုင်ငံ ဖြစ်ပါတယ်။ ယိုးဒယားနိုင်ငံဟာ ဗုဒ္ဓဘာသာဦးရေဟာ ၉၀%ရှိတဲ့ နိုင်ငံ ဖြစ်သလို အဲဒီမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ရှိတယ်။ လူနည်းစုပါပဲ။ ၅% – ၆% ဒီလောက်ပဲရှိမယ်။ ဒါပေမဲ့ ယိုးဒယားခေါင်းဆောင်တွေကလည်း ( Secular State ) မရှိရင် တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူးဆိုတာကို ကနဦး ကတည်းက သဘောပေါက် ကြတယ်။ ဒါကြောင့် ယိုးဒယားမွတ်ဆလင်မ် တော်တော်များများဟာ ပါလီမန်အမတ်တွေ ဖြစ်ကြတယ်။ တစ်ချို့လည်း ၀န်ကြီးဖြစ်ကြတယ်။ ပါလီမန်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ အထဲမှာလည်း မွတ်ဆလင်မ်တွေရှိခဲ့တယ်။ နောက်ဆုံး ယိုးဒယားနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာဆူရင် ဆိုရင်လည်း မွတ်ဆလင်မ်တစ်ယောက်ဖြစ်တယ်။
တစ်ဖန် နောက်ဆုံး အာဏာသိမ်းသွားခဲ့တဲ့ ယိုးဒယား စစ်ဦးစီးချုပ် (နောင် ၀န်ကြီးချုပ်ဖြစ်လာသူ) ဗိုလ်ချုပ်ကြီး ဆွန်သီ လည်း ယိုးဒယားမွတ်ဆလင်မ်ဖြစ်နေတယ်။ အဲဒီအချိန်မှာ သတင်း ထောက်တွေက မေးတယ်။ ယိုးဒယားနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေလျက်နဲ့ မွတ်ဆလင်မ်တစ်ယောက်ကို ဘာလို့ အခုလို နိုင်ငံ အကြီးအကဲခန့်ရတာလဲလို့မေးတယ်။ အဲဒီတော့ ယိုးဒယားအစိုးရဘက်က ပြန်ဖြေတယ်။ ယိုးဒယား နိုင်ငံဟာ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မရှိတော့ပါဘူး။ ဘယ်သူပဲတော်တော် တော်တဲ့သူကို နေရာပေးရမှာပါပဲတဲ့။ ဒါတွေကိုကြည့်ရင် ယိုးဒယားလည်း အခုလို အစွဲမထားတော့လို့ တိုးတက်လာရတဲ့ အကြောင်းအရင်းပါပဲဆိုတာ ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ GDP ထက်ဆယ်ဆ တိုးတက်နေတယ်။ ဒါပေမဲ့ သူတို့လည်း ကျွန်တော်တို့ ကျော်တက်သွားမှာကို ကြောက်နေ၊ စိုးရိမ်နေတယ်။ နောက် ဥပမာတစ်ခုက မလေးရှားနိုင်ငံကိုပဲ ကြည့်ပါ။ လူဦးရေရဲ့ ၆၀%က မလေးမွတ်ဆလင်မ်ဆိုပေမဲ့ တရုတ် ဗုဒ္ဓဘာသာ(၂၀%)ကျော် ရှိတယ်။ ဟိန္ဒူဘာသာဝင်တွေလည်း ရှိတယ်။ ခရစ်ယာန်ဘာသာဝင်တွေလည်း ရှိတယ်။
ယခင် ၀န်ကြီးချုပ်ဟောင်း မဟာသီယာ ဦးဆောင်တဲ့ကာလမှာ တဟုန်ထိုး စီးပွားရေးတိုးတက်သွားတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း အများကြီးရှိတဲ့အတွက် ဟိုတလောက မလေးရှားနိုင်ငံမှာ လျောင်းတော်မူဗုဒ္ဓဘုရား တည်မယ်ဆိုတာ မလေးရှား အစိုးရက ခွင့်ပြုတယ်။ ဘာသာနဲ့လူမျိုးကို အခြေမခံဘူး။ မလေးရှားက အရှေ့တောင်အာရှမှာ တော်တော်တိုးတက် လာတယ်။ ယခုအခါမှာ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲတွေ မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။ နောက် ကျွန်တော်တင်ပြချင်တာက အင်ဒိုနီးရှားနိုင်ငံ။ ဟိုတလောက မြန်မာသံရုံးကို ဗုံးခွဲမယ် ဘာညာဆိုတော့ ဖမ်းတယ်။ အင်ဒိုနီးရှားအစိုးရက သည်းမခံဘူး။ အစွန်းရောက်တာကို လက်မခံဘူး။ မွတ်ဆလင်မ်တွေကိုလည်း ဖမ်းတယ်။ အစွန်းရောက် မွတ်ဆလင်မ်ကို လက်မခံဘူး၊ အားမပေးဘူး၊ မကူညီဘူး၊ ထောင်ထဲထည့်လိုက်တယ်။
ကျွန်တော်က အာဆီယံအစည်းအဝေး တော်တော်များများတက်ဖူးတော့ အင်ဒိုနီးရှားနိုင်ငံကို မကြာခဏ ရောက်ဖူးတယ်။ ကျွန်တော် ဗဟိုဘဏ်မှာ တာဝန်ထမ်းဆောင်စဉ်က ကျွန်တော်တို့နဲ့ဆက်သွယ်တာ အများဆုံး ကတော့ အင်ဒိုနီးရှားဗဟိုဘဏ်ပေါ့။ အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရပြီးကာလ အတော်ကြာအချိန်ထိ အင်ဒိုနီးရှား ဗဟိုဘဏ်ကို ခရစ်ယာန်တွေ ကြီးစိုးတယ်။ ကျွန်တော်က မေးတယ်။ အင်ဒိုနီးရှားမှာ မွတ်ဆလင်မ်က ၉၀% ရှိတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနဲ့ ရာထူးခပ်ကြီးကြီးနေရာတွေ ခရစ်ယာန်က ကြီးစိုးနေတယ်။ ဘာကြောင့်လဲလို့ မေးတယ်။ သူတို့ (အင်ဒိုနီးရှားမွတ်ဆလင်မ်)တွေက ပြန်ဖြေတယ်။ ဒါက ခရစ်ယာန်တွေက ကျွန်တော်တို့ထက် ပညာပိုတတ်ကြတယ်။ သူတို့ပညာပိုတတ်လို့ သူတို့ကို ဆရာတင်ထားခြင်းဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ဘာသာအရ ခွဲခြားမှုမရှိဘူးလို့ ဖြေပါတယ်။
ဒါကြောင့် ကုလသမဂ္ဂတို့၊ IMF တို့၊ ကမ္ဘာ့အဖွဲ့အစည်းတွေမှာဆိုလည်း အင်ဒိုနီးရှားကိုယ်စားလှယ် တော်တော်များများဟာ အင်ဒိုနီးရှားခရစ်ယာန် တွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံ တိုးတက်ရာ၊ တိုးတက်ကြောင်းကိုပဲ ကြိုးစားလုပ်ဆောင် ကြတယ်။ နောက်တစ်ခါ လွန်ခဲ့တဲ့ (၂)နှစ်က ကျွန်တော် ဘာလီကျွန်းကို အာဆီယံဘဏ်အစည်းအဝေးတက်ဖို့ ရောက်ခဲ့တယ်။ ဘာလီကျွန်းမှာ လူဦးရေရဲ့ ၉၀% ဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်တယ်။ မွတ်ဆလင်မ်ဗလီကျောင်း တစ်ကျောင်း၊ ခရစ်ယာန်ကျောင်းတစ်ကျောင်းပဲ ရှိပြီး၊ ဟိန္ဒူဘုရားကျောင်း ထောင်ဂဏန်းထိရှိတယ်။ အင်ဒိုနီးရှား အစိုးရကလည်း ဟိန္ဒူများကို အနှောင့်အယှက်မပေးရလို့ ကန့်သတ်ထားတဲ့အတွက် ဘာလီကျွန်းကို မွတ်ဆလင်မ် အလုံးအရင်းနဲ့ ၀င်ရောက်နေထိုင်လို့မရဘူး။
တစ်နည်းအားဖြင့် အင်ဒိုနီးရှားမှာ မွတ်ဆလင်မ် ၉၀% ရှိပေမယ့် အခြား ဟိန္ဒူ ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ သဟဇာတဖြစ်အောင်၊ ပဋိပက္ခမဖြစ်အောင် ကြိုးစားပြီး တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတိုးတက်ဆုံး နိုင်ငံ (၄)နိုင်ငံ ရှိပါတယ်။ (BRIC) တရုတ်၊ ရုရှား၊ ဘရာဇီးလ်၊ အိန္ဒိယ လေးနိုင်ငံဖြစ်တယ်။ အခု (BRIIC) ဆိုပြီး အင်ဒိုနီးရှားပါလာဖို့ အလားအလာရှိလာပြီ။ အင်ဒိုနီးရှားလည်း တိုးတက်လာပြီဆိုတဲ့လက္ခဏာ ပြတာဖြစ်တယ်။ ဒါ ဘာကြောင့်လဲ ဆိုရင် ( Secular State ) ကို အောင်မြင်စွာ ကူးပြောင်းခဲ့လို့ပဲ ဖြစ်တယ်။ ဒါကြောင့်ပဲ တိုးတက်လာရခြင်းဖြစ်တယ်။ အရှေ့အလယ်ပိုင်းကို ကြည့်ပါ။ ( Secular State ) ကို ပီပီပြင်ပြင် ကူးပြောင်းပြီး အောင်မြင်လာတာ (၂)နိုင်ငံပဲ တွေ့ရမယ်။ တူရကီရယ် ကာတာရယ် (၂)နိုင်ငံပဲ တွေ့ရမယ်။
ကာတာဆို နိုင်ငံသေးသေးလေး။ ဒါပေမဲ့ သြဇာရှိ တယ်။ တူရကီိဆိုလည်း အရမ်းတိုးတက်တယ်။ Airline မှာဆိုရင် ဥရောပမှာ အကောင်းဆုံး Airline ရှိနေတယ်။ အဲဒီမှာလည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှိတယ်။ အစ္စလာမ့်လောကမှာ အမုန်းတရားအပွားဆုံးဖြစ်တဲ့ ဂျူးတွေ လည်းရှိတယ်။ အစ္စရေးနိုင်ငံနဲ့လည်း သံတမန်အဆက်အသွယ်ရှိပေမဲ့ အာရဗ်နိုင်ငံတွေပေါ်မှာလည်း သြဇာရှိတယ် ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရက အားလုံးကို အကာအကွယ်ပေးတယ်။ ( Secular State ) ကို အကောင်းဆုံး အကောင် အထည်ဖော်ပေးတယ်။ အကောင်းဆုံး အကာအကွယ်ပေးတယ်။ ဒါကြောင့် တိုးတက်တယ်။ ကာတာနိုင်ငံ ကိုလည်း ကြည့်ပါ။ အလ်ဂျာဇီးရား တီဗွီလွှင့်တဲ့နိုင်ငံပေါ့။
အမှန်တရားကို ရှာတယ်။ ဘယ်ဘာသာမှ မခွဲခြားဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ တက္ကသိုလ်တွေကိုလည်း ဖွင့်ခွင့်ပြုထားတယ်။ နိုင်ငံတကာကျောင်းသားတွေကိုလည်း လက်ခံတယ်။ ဘာသာ၊ လူမျိုးမခွဲခြားဘူး။ တချို့ ရေနံထွက်တဲ့နိုင်ငံတွေရှိတယ်။ ရေနံထွက်ရင် တိုးတက်မှာပဲလို့ ထင်ကြမယ်။ မတိုးတက်ဘူးဗျာ။ ရေနံထွက်တာက လူနည်းစုပဲ ချမ်းသာတာ။ လူအများစု မချမ်းသာဘူး။ ဒါကြောင့် အစွန်းရောက်သမားတွေ များလာတယ်။ ( Secular State )ကို မသွားနိုင်ဘူး။ ကျွန်တော့်အနေနဲ့ နောက်ဆုံးအချက် ပြောချင်တာက ရှေ့ဆက်ပြီး ကျွန်တော်တို့ ဘယ်လိုသွားမလဲ။ ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခွင့်အလမ်းတွေ တော်တော်ကောင်းတယ်။ အလားအလာ အရမ်းကောင်း နေတဲ့အချိန်၊ ကမ္ဘာကလည်း စောင့်ကြည့်နေတဲ့အချိန်၊ အိန္ဒိယဆိုလည်း အကူအညီပေးချင်တဲ့အချိန်၊ တရုတ်ပြည် ဆိုလည်း တစ်ဖက်စောင်းနင်း မလုပ်တော့ဘဲနဲ့ နားလည်မှုရှိလာနေပြီ။ ဒီလိုအချိန်မှာ ကျွန်တော်တို့ဆီမှာ ပဋိပက္ခတွေဖြစ်လာတယ်။ တော်တော်စိတ်မကောင်းစရာကိစ္စ ဖြစ်တယ်။
ဘာသာစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ အဲဒီအစွဲတွေရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ဒီလိုအခွင့်အလမ်းတွေ ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်၊ အခွင့်အလမ်း အများကြီးပေါ်လာမှာ ဖြစ်တယ်။ ပြည်ပရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံသားတွေလည်း ပြန်ခေါ်နိုင်မှာဖြစ်တယ်။ အကုန်လုံးက တိုးတက်မယ့် လက္ခဏာပြနေတဲ့အချိန်မှာ ဒီလိုပဋိပက္ခအတွက်နဲ့ တိုးတက်မှုကို မနှောင့်နှေးစေချင်ဘူး။ အဟန့်အတား မဖြစ်စေချင်ဘူး။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာက စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုရဲ့စကားကို ပြောချင်ပါတယ်။ The Strait Times သတင်းစာမှာ သူပြောသွားတာက ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး၊ သဟဇာတ မဖြစ်လို့ရှိရင် ပဋိပက္ခတွေရှိနေခဲ့ရင် ဒီကနေ့ စင်္ကာပူနိုင်ငံဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။
စင်္ကာပူနိုင်ငံမှာ လူမျိုးဘာသာ သဟဇာတဖြစ်အောင် ပူးပေါင်းနေရာထိုင်ခင်း ချထားပေးခြင်း၊ တစ်ဘာသာနဲ့ တစ်ဘာသာ လေးစားမှု၊ နားလည်မှုရှိခြင်းတွေကို အောင်မြင်စွာ အကောင်အထည်ဖော်ပေးခဲ့တယ်။ ဒါကြောင့်လည်း စင်္ကာပူဟာ အာရှမှာ ဂျပန်ပြီးရင် အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် သင်ခန်းစာ ယူရမယ့်အချက်တွေဖြစ်တယ်။ သမ္မတကြီးအိုဘားမား မြန်မာနိုင်ငံကိုလာတုန်းက ပြောသွားတယ်။ ခင်ဗျားတို့နိုင်ငံဟာ Diversity လူမျိုးပေါင်းစုံ ရှိတယ်။ ဘာသာပေါင်းစုံရှိတယ်။ ဒါတွေဟာ ခင်ဗျားတို့ရဲ့အင်အားပဲ။ အမေရိကန်နိုင်ငံရဲ့ ဥပမာလေးတောင် မီးမောင်းထိုးပြသွားတာ ကျွန်တော်တို့ သင်ခန်းစာယူဖို့ကောင်းပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးပြီး တစ်ဘာသာနဲ့ တစ်ဘာသာ လေးစားပြီး၊ ပဋိပက္ခတွေကို ရှောင်ရှားကြပြီး နောင်ဖြစ်လာမယ့် အသီးအပွင့်တွေကို ညီတူအကျိုး ခံစားကြပါစို့လို့ပြောရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကားသုဟု
ဦးသန်းလွင် (ဗဟိုဘဏ် ဒုဥက္ကဌ-ငြိမ်း)