ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားတွင် ခရစ်ယာန် ဆရာတော် ဦးစောမာဃေကြီး ပြောကြားသော ငြိမ်းချမ်းရေးအမှာစကား

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားတွင် ခရစ်ယာန်ဆရာတော် ဦးစောမာဃေကြီး ပြောကြားသော ငြိမ်းချမ်းရေးအမှာစကား

IMG

          ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်မှာ ကျင်းပပြုလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနဲ့ လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားမှာ  လာရောက်ပြီးတော့ စကားပြောခွင့်ရတဲ့အတွက် ကျွန်တော်အနေနဲ့ အင်မတန်မှပဲ နှစ်ထောင်း အားရပြီး အထူးပဲကျေးဇူးတင်ရှိကြောင်း ပထမဆုံးပြောကြားချင်ပါတယ်။ ဒီနေ့အစီအစဉ်မှာ ပါဝင်ကြတဲ့ သံဃာတော် အရှင်သူမြတ်များ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များ၊ ညီအစ်ကိုမောင်နှမများအားလုံး ကျွန်တော်တို့ ခရစ်ယာန်မှာ ကျမ်းစကားရဲ့ ငြိမ်းချမ်းရေး (Shalom) ငြိမ်းချမ်းသာယာမှုအပေါင်းနဲ့ ပြည့်ဝကြပါစေလို့ ကျွန်တော့်အနေနဲ့ ဆုမွန်ကောင်း တောင်းရင်း အားလုံးကို ချစ်ခင်စွာ နှုတ်ခွန်းဆက်ပါတယ်။

ကျွန်တော့်ကို ဒီအခမ်းအနားမှာ စကားပြောဖို့ လွန်ခဲ့တဲ့သောကြာနေ့ညမှာပဲ ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ YMCA ရဲ့ အမှုဆောင်နာယကချုပ်က ဖုန်းဆက်ပါတယ်။ ကျွန်တော်က တနင်္လာနေ့မှာ အပြီးလုပ်ရမယ့် စာတမ်းတစ်ခုလုပ်နေတော့ တော်တော်လေး စဉ်းစားရခက်ပါတယ်။ နီးကပ်မှ အကြောင်းကြားလာတာက တစ်မျိုး၊ ကျွန်တော့်မှာလည်း အချိန်ကမရှိတော့ ကျွန်တော်ငြင်းချင်တယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှာ ပါဝင်နေတဲ့အတွက်ကြောင့်မို့ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေကို လေးစားတန်ဖိုးထားပြီးတော့၊ ဖိတ်ကြားတဲ့ ပုဂ္ဂိုလ်များကိုလည်း လေးစားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်လက်ခံခဲ့ပါတယ်။

သို့သော်လည်း ပြင်ဆင်ချိန်က တော်တော်လေး နည်းပါတယ်။ မနှစ်ကတော့ ကျွန်တော်တို့ Myanmar Peace Center (မြန်မာငြိမ်းချမ်းရေးစင်တာ)မှာ ကျွန်တော်တို့ လစဉ် လစဉ် Community Forum Foundation Building ကို  ကျွန်တော်တို့နိုင်ငံ အတွက် တက်ရပါတယ်။ ဒီအတွက်လည်းလိုအပ်သလို ကျွန်တော်ပြင်ဆင်ရပါတယ်။  ယနေ့ ဘာပြောရင် ကောင်းမလဲဆိုတာ ကျွန်တော် ဦးစန်းအောင်ကိုမေးကြည့်တော့ ဆရာတဲ့ မိနစ်(၂၀)လောက် ပြောပါတဲ့။ နည်းနည်းပေါ့။ အဲဒီတော့ ကျွန်တော် ကတော့ Scholarly လို Lecture မျိုးတော့မတင်ပါဘူး။ ဒီကနေ့ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်းပဲ။ အဓိကအချက်ကတော့ ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်မှုပဲဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေကို ကြည့်တဲ့အခါမှာ ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်မှုက အလွန်မှပဲ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

အထူးသဖြင့် ဘာသာတရားကို ကိုင်းရှိုင်းတဲ့ပုဂ္ဂိုလ်တိုင်းကလည်း လိုလားတောင့်တနေတဲ့အရာ ဖြစ်ပါတယ်။ အခုန ကျွန်တော်တို့ ကမ္ဘောဇဘဏ် ဒု- ဥက္ကဌကြီးဦးသန်းလွင်က နိုင်ငံတော်တော်များများကို ရည်ညွှန်းပြီးတော့ အထူးသဖြင့် Secular State Enviroment ဒီအကြောင်းကို ပြောတဲ့အခါမှာ သူပြောတဲ့ နိုင်ငံတော်တော်များများကို ကျွန်တော်ရောက်ဖူးပါတယ်။ အထူးသဖြင့် ၂၀၀၆ခုနှစ်မှာ ကျွန်တော်တို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပတဲ့  ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနရဲ့ စေလွှတ်ချက်အရ ဘာသာရေးခေါင်းဆောင်(၁၀)ဦး ကျွန်တော်အပါအ၀င် ပေါ့လေ။ ကျွန်တော်က ခရစ်ယာန်ကိုယ်စားပြု သွားတယ်။ အဲဒီအခမ်းအနားဖွင့်ပွဲမှာ အင်ဒိုနီးရှားသမ္မတကြီး ‘ယူဒိုယိုနို’ က လာဖွင့်ပေးပါတယ်။ သူက ဘာပြောလဲဆိုရင်-

“ကျွန်တော်တို့ရဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စလင်မ်အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဟာ ဘာသာတိုင်းကို လေးစားတန်ဖိုးထားပါတယ်။ ဘာသာတစ်သာသာတည်းကို လေးစားတန်ဖိုး ထားတာမဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့နိုင်ငံမှာ ဘာသာတရားများဟာ သဟဇာတဖြစ်ပြီးတော့ နိုင်ငံရဲ့တည်ဆောက်ရေးမှာ အားလုံးပါဝင်ဖို့ ကျွန်တော်တို့ ကြိုးစားပါတယ်” တဲ့။

ကျွန်တော် ပြန်စဉ်းစားတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့သမ္မတကြီး ဦးသိန်းစိန်ပြောတဲ့ “All inclusive” အားလုံးပူးပေါင်း ပါဝင်ရေးပါ။ ကျွန်တော်တို့အားလုံး သိပ်မကြာသေးခင်က ကျွန်တော်တို့ သမ္မတကြီးပြောခဲ့တဲ့ မိန့်ခွန်းမှာလည်း “တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ ဘာသာရေးပုဂ္ဂိုလ်တွေရော၊ ဘာသာရေးအဖွဲ့အစည်းတွေရော အားလုံးပါဝင်ဖို့” ပြောတာလည်း ကျွန်တော်တို့ သတိထားမိပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာသာတရားတွေကိုကြည့်တဲ့အခါမှာ ခုနက ဆရာတော်တွေလည်း မိန့်ကြားသွားပါတယ်။ ကျွန်တော်တို့ မေတ္တာတရား၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သူတစ်ပါးကို အကျိုးပြု ခြင်း အစရှိတဲ့ မွန်မြတ်လှတဲ့ တရားတွေကို သွန်သင်ပါတယ်။  ဒီကောင်းမြတ်တဲ့ တရားတွေကို ဆန့်ကျင်ပြီးတော့ ဒီကနေ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအပါအ၀င် လူ့ဘောင်အဖွဲ့အစည်းတွေမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နေ တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။

အချို့နေရာမှာ ဘာသာရေးထက် ပိုမိုပြီးတော့ပြင်းထန်တဲ့ (Crisis)တွေ ဖြစ်ပေါ်နေတယ်ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ ကျွန်တော်ကိုယ်တိုင် “ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းလေ့လာရေးကော်မရှင် ” မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ ကျွန်တော် ရခိုင်ပြည်နယ် မြို့တိုင်းရောက်ပါတယ်။ ရွာတွေကိုလည်းရောက်ပါတယ်။ အဲဒီလိုရောက်တဲ့အခါမှာ ကျွန်တော် ဘယ်လိုခံစားရလဲ ဆိုရင် ကျွန်တော်တို့မီဒီယာတွေက ပြောတာထက်၊ လူတွေပြောတာထက်   အဲဒီမှာရှိတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ၊ အဲဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမများတွေဟာ တကယ် ပိုမိုပြီးတော့ ခါးသီးစွာခံစားနေရပါတယ်။ သူတို့မျက်နှာတွေကို ကြည့်တဲ့ အခါမှာ ဘယ်အစုအဖွဲ့ကိုပဲကြည့်ကြည့်၊ ဘာတွေ့ရလဲဆိုရင် ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျည်းမှုတွေဟာ သူတို့မျက်နှာတွေမှာ ပေါ်ပါတယ်။ ကျွန်တော်တို့ တော်တော်များများ အင်တာဗျူးလုပ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေကိုယ်တိုင် တော်တော်များများ  လုပ်ပါတယ်။ ကျွန်တော်တို့ ဒီမှာပြန်ပြီးတော့ နောက်ဆိုရင် အတူယှဉ်တွဲပြီးနေလို့ ရမလားမေးတော့ “မရဘူး၊ မရဘူး” ပဲ ဖြေကြပါတယ်။ တွေ့ရတဲ့ ဖြတ်သန်းရတဲ့ ဒီပဋိပက္ခတွေ၊ ဒါဟာ အင်မတန်မှပဲ ၀မ်းနည်းစရာကောင်းတဲ့၊ ကြေကွဲစရာကောင်းတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုကျွန်တော်တို့ တွေ့ကြုံလာရတဲ့အပေါ်မှာ ကျွန်တော်တို့ စဉ်းစားစရာဖြစ်လာပါတယ်။

ကျွန်တော်တို့ရဲ့ ဘာသာတရားတွေမှာ အင်မတန်ကောင်းမြတ်တဲ့ တရားတော်တွေရှိတယ်၊ သွန်သင်ချက်တွေ ရှိတယ်၊ သြ၀ါဒတွေ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ကတော့ ဟောထားတယ်၊ ကြားထားတယ်၊ ဖတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုက်နာမှု၊ လက်တွေ့ကျင့်သုံးမှု မရှိကြဘူး။  ကျွန်တော်တို့ရဲ့ ယုံကြည်မှု၊ ကျွန်တော်တို့ရဲ့ သွန်သင်မှု၊ အင်မတန် ကောင်းမြတ် တဲ့ တရားတော်တွေရဲ့ အနှစ်သာရတွေကို ကျွန်တော်တို့ဘာသာဝင်တွေက မခံယူ၊ မကျင့်ဆောင်လို့ ဒီလိုဖြစ်ရတာလားဆိုတာ မေးစရာရှိပါတယ်။

ကျောင်းဆရာမတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ဆရာတဲ့ ခရစ်ယာန်ရှုထောင့်ကနေပြီး လူသားတွေကို အခြေခံတဲ့ ကျွန်တော်တို့ရဲ့ ဘာသာပေါင်းစုံချစ်ကြည်မှု အကြောင်းကိစ္စတွေကို ပြောပါလို့ ပြောတဲ့အခါမှာ ကျွန်တော် ဘာသတိရလဲဆိုရင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ပဋိညာဉ်ကို သတိရလိုက်ပါတယ်။  ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ Human Rights Declaration ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂)မှာ ဘယ်လိုဖော်ပြ ထားသလဲဆိုရင်-

            “ လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးအဖြစ် လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့်ကျင့်ဝတ် သိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထားပြီး ဆက်ဆံကျင့်သုံးသင့်သည် ”

ဒါ Human Rights Declaration ကို ကျွန်တော်တို့ဖတ်ဖူးသူတိုင်း သိပါတယ်။ ကျွန်တော်တို့ ဘာသာတရားရဲ့ အနှစ်သာရတွေ ဒီမှာပေါ်လွင်ပါတယ်။ ဆရာဦးစန်းအောင်က ကျွန်တော့ကို ခရစ်ယာန်ရှုထောင့်အနေနဲ့ ပြောပါလို့ပြောတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ ခရစ်ယာန်ရှုထောင့်က ပြောရမယ်ဆိုရင် ကျွန်တော်တို့ ခရစ်ယာန်အများစုရဲ့ ခရစ်ယာန်ဓမ္မသဘော၊ ကျွန်တော်တို့ရဲ့ခံယူချက်၊ အထူးသဖြင့် လူသားများနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဓမ္မသဘောခံယူချက်မှာ ကျွန်တော်တို့ ဘယ်လိုယုံကြည်သလဲဆိုရင် လူသားအားလုံးကို ဘုရားသခင်က ဖန်ဆင်းတယ်။ ဖန်ဆင်းတာတောင် ရိုးရိုးမဖန်ဆင်းဘူး။ သူ့ရဲ့သဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းတယ်။ ဇီဝအသက်ကို မှုတ်သွင်းတော်မူတယ်။ ပြီးတော့ ဘုရားသခင်က လူသားတွေကို ဖန်ဆင်းပြီးတော့ ကောင်းချီးပေးတယ်။ ကောင်းချီးပေးပြီးတဲ့အခါမှာ ဘာပေးသလဲဆိုရင် သူတို့ကို တာဝန်နဲ့အခွင့်အရေးတွေ ပေးတယ်။ အဲဒီ တာဝန်နဲ့အခွင့်အရေးတွေက ဘာလဲဆိုရင် လူ့လောကတစ်ခုလုံး အေးချမ်းသာယာပြီးတော့ တိုးတက်ဖွံ့ဖြိုးဖို့ပဲ။ ဒါ ဘုရားသခင်ရဲ့ ဖန်ဆင်းပုံအဆင့်ဆင့် ဖြစ်တယ်ဆိုတာ သမ္မာကျမ်းစာကို လေ့လာလို့ရပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ လူတွေကိုကြည့်တဲ့အခါမှာ အင်မတန်ထူးခြားတဲ့ လူ့သိက္ခာ၊ လူ့တန်ဖိုး၊ လူ့အခွင့်အရေးတွေကို လူသားတိုင်းကို ပေးထားတယ်။

ဒါကြောင့်မို့ လူမှန်လို့ရှိရင် ကျွန်တော် ကရင်လူမျိုးပါ။ ကရင်ပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး လူသားတွေပါ။ အင်မတန်ထူးခြားတဲ့ လူ့သိက္ခာ၊ လူ့တန်ဖိုး၊ လူ့အခွင့်အရေးရှိတယ်ဆိုတာကို ကျွန်တော်တို့ ဒီလိုပဲ နားလည်ခံယူစရာ ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ အဲဒီလိုသိနေ၊ ခံယူထားတယ်ဆိုရင်  ဟိုဘာသာ၊ ဒီဘာသာဆိုပြီး ကျွန်တော်တို့ သိပ်ပြောနေစရာ မလိုဘူး။ ကျွန်တော်တို့ ခွဲခြားဆက်ဆံနေရမှာမဟုတ်ဘူး။ အချင်းချင်း ခုနက ကျွန်တော်တို့ ကုလသမဂ္ဂကြေညာစာတမ်းမှာ ဖော်ပြခဲ့တဲ့ အတိုင်း တစ်ယောက်ကိုတစ်ယောက် မေတ္တာတရားနဲ့ ဆက်ဆံကြမယ်ဆိုရင် ခုနက ဆရာတော်ဘုရား ဟောကြားတော်မူတဲ့ အတိုင်း ကျွန်တော်တို့ရဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းဟာ အင်မတန်မှပဲ စည်ပင်သာယာပြီး ကျွန်တော်တို့ပြောခဲ့တဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်ရေးကို ကျွန်တော်တို့ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ လူ့အဖွဲ့အစည်းမှာ တွေ့ရတာကတော့ လူကိုလူလိုမမြင်ဘူး။ လူကို အသားအရောင်နဲ့ခွဲခြားပြီး မြင်တယ်။ လူကို ကိုးကွယ်တဲ့ဘာသာအပေါ် အခြေခံပြီးမြင်တယ်။  လူ့တန်ဖိုးကို မလေးစားဘူး။ ဒါ မှားယွင်းနေတဲ့ စိတ်သဘော ထား၊ အင်မတန်ကျဉ်းမြောင်းနေတဲ့ စိတ်သဘောထားတွေပါ။ ငါ့ဘာသာမှ ငါ့ဘာသာ၊ ငါ့လူမျိုးမှ ငါ့လူမျိုး။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ ပြသနာတွေတက်နေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ပြောနေတဲ့၊ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ သဟဇာတဖြစ်ခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်ခြင်းဟာ ကျွန်တော်တို့ ဘာသာတရား ရဲ့ ဆုံးမသွန်သင်တဲ့၊ ဘာသာတရားရဲ့ မွန်မြတ်တဲ့ သွန်သင်ချက်များမှာပဲ ကျွန်တော်တို့ အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒါ ခုနကပဲ ဆရာတော်ဘုရား မိန့်ကြားခဲ့တဲ့အထဲမှာ ပါသွားပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ ဘာသာတရား စည်းလုံးညီညွတ်ခြင်းနဲ့ သဟဇာတဖြစ်ဖို့ကို တည်ဆောက်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အားလုံးမျှော်မှန်းနေတဲ့ အေးချမ်းသာယာပြီး တိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်း ကို ကျွန်တော်တို့ရဲ့နိုင်ငံမှာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်ရေး ဟာ မရှိမဖြစ် အလွန်တရာမှပဲ လိုအပ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ဒီလိုအပ်မှုကိုလည်း သာသနာရေးဝန်ကြီးဌာနက ဦးစီးဦးဆောင်ပြုပြီး မကြာသေးခင်က ကျွန်တော်တို့ YMCA မှာ ကျွန်တော်တို့ရဲ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ ကျွန်တော်တို့ အားလုံး နိုင်ငံအတွက်ဆုတောင်းတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်လည်း ကြွလာပါတယ်။ ဆရာတော် ဘုရားကြီးလည်း ကြွပါတယ်။ ဒါကိုပဲပြောပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့တိုင်းပြည်ကို ဆက်လက်ပြီးတော့ ကျွန်တော်တို့မျှော်မှန်းတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်ကြတဲ့အခါမှာ နိုင်ငံသူ/နိုင်ငံသားတွေဖြစ်ကြတဲ့ ဘာသာပေါင်းစုံ သက်ဝင်ယုံကြည်သူတွေအားလုံး အတူတကွ ယှဉ်တွဲပြီးတော့ကာ  လက်တွဲပြီးတော့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာရော လူ့ဘောင် အဖွဲ့အစည်းမှာရော အလွန်လိုအပ်နေတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်ခြင်းအတွက် တည်ဆောက်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့ လိုအပ်တဲ့အချက်(၄)ချက်ကို မီးမောင်းထိုးဖော်ပြပြီးတော့  ကျွန်တော် နိဂုံးချုပ်မှာဖြစ်ပါတယ်။

ပထမအချက်ကဘာလဲဆိုရင် ဘာသာတရားတိုင်းမှာရှိတဲ့ ကိုယ်ကျင့်တရား၊ ၀ိညာဉ်ရေးနဲ့ လူမျိုးဆိုင်ရာတန်ဖိုးများ၊ ဒါတွေကို သိရှိပြီးတော့ကာ ဘာသာတစ်ခုစီနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ ကျွန်တော်တို့ရဲ့အမြင်တွေ၊ သဘောထားတွေ လျော့ပါး စေပြီးတော့ ပပျောက်စေဖို့အတွက် အသိဥာဏ်ဖလှယ်ခြင်း၊ ဟောပြောခြင်း၊ ပညာပေးခြင်းအစီအစဉ်များကို အဆက်မပြတ် လုပ်ဆောင်ဖို့လိုပါတယ်။ ဒီကနေ့ ဒီဝတ်ကျောင်းတော်ကြီးက လုပ်တာဟာ ဒီအနှစ်သာရတွေ အများကြီးပါဝင်ပါတယ်။ ကျွန်တော်တို့ အင်မတန်မှပဲ ၀မ်းမြောက်မိပါတယ်။ စီစဉ်တဲ့ပုဂ္ဂိုလ်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဒုတိယအချက်ကတော့ ကျွန်တော်တို့တစ်နိုင်ငံလုံးကို ကိုယ့်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ အခြေခံအဆင့်အထိ ကျွန်တော်တို့ ဘာသာပေါင်းစုံ (Dialogue) တစ်နည်းအားဖြင့် (Interfaith dialogue) ကျွန်တော်တို့ပြုလုပ်ပြီးတော့ကာ အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ အသိအမှတ်ပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ မိမိနေထိုင်ရာလူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံအကျိုးအတွက် လက်တွဲဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားရမှာ အင်မတန်အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာကို ကျွန်တော် (၃)(၄) ကြိမ်ရောက်ခဲ့တယ်။ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီဥက္ကဋ္ဌအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ သွားတဲ့အခါမှာ အဲဒီမှာရှိတဲ့၊ အထူးသဖြင့်  ဗုဒ္ဓဘာသာလူအများစုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ၊  ခရစ်ယာန်တွေ၊ မွတ်စ်လင်မ်တွေအားလုံး ကျွန်တော်တို့(Interfaith operation) နိုင်ငံတော်နှင့် နိုင်ငံသူ/နိုင်ငံသားအတွက် အထူးသဖြင့် ဘာသာတရားကသွန်သင်တဲ့ (Justic) တရားမျှတခြင်း၊ ဘာသာတရားက သွန်သင်တဲ့ (Human diginity) လူ့သိက္ခာ၊ လူ့အခွင့်အရေး၊ ဒါတွေကိုအားလုံးနဲ့ သူတို့ စုစည်းလက်တွဲပြီးတော့ နိုင်ငံရဲ့အကျိုး၊ နိုင်ငံသူ/နိုင်ငံသားရဲ့ အကျိုးကို ဆောင်ရွက်တာ ကျွန်တော်တွေ့ရပါတယ်။

တတိယအချက်အနေနဲ့ကတော့ ဘာသာပေါင်းစုံ လူငယ်အစီအစဉ်များပြုလုပ်ပေးခြင်း၊ အဲဒီမှာ အချို့တော့ သိကြပါ လိမ့်မယ်။ ငြိမ်းဖေါင်ဒေးရှင်းဆိုတာ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်က ဒီဖောင်ဒေးရှင်းရဲ့ Board အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်အများစု ဦးဆောင်တာဖြစ်ပြီး၊ သို့သော်လည်း ဘုတ်အဖွဲ့ထဲမှာဆရာတော် “ဘဒ္ဒန္တကောသလ”လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ အခြားမွတ်ဆလင်မ်လူငယ်တွေ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာလူငယ်တွေ  အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေအတွက် (Interfaith) အစီအစဉ်တွေ လုပ်ဆောင်ပါတယ်။ အဲဒီရုံးမှာပဲ ဘာသာပေါင်းစုံက လူငယ်တွေဟာ တာဝန် ထမ်းဆောင်ကြပါတယ်။ အထူးသဖြင့် ဒီနေ့လူငယ်စုအတွင်းမှာ ဒီဘာသာပေါင်းစုံစိတ်ဓာတ် ရှင်သန်မြင့်မားရေးအတွက် ကျွန်တော်တို့ အစပျိုးပြီးတော့ ပြုစုမယ်ဆိုရင်တော့ အနာဂတ်တိုင်းပြည်မှာ  ဘာသာပေါင်းစုံအားလုံး ယှဉ်တွဲနေထိုင်တဲ့အပေါ်မှာ တိုင်းပြည်အတွက် အတူတကွလုပ်ဆောင်ဖို့၊ အင်မတန်ကောင်းမြတ်တဲ့ အလားအလာဖြစ်တဲ့အတွက် ဤအစီအစဉ်ဟာ အင်မတန်အရေးကြီးတယ်။

ခုနကပြောခဲ့တဲ့ သီရိလင်္ကာကို သွားတဲ့အခါမှာ ကျွန်တော်တို့လေ့လာကြပါတယ်။ ကျွန်တော့အနေနဲ့ ခရစ်ယာန် ကောင်စီဥက္ကဌတစ်ဦးအနေနဲ့ သွားသည်ဆိုငြားလည်း  အဲဒီမှာရှိတဲ့ ဘာသာပေါင်းစုံကို တွေ့ပါတယ်။ ဆရာတော်ဘုရားကြီးတွေ နဲ့လည်း တွေ့ပါတယ်။  အဲဒီမှာ စွယ်တော်ရှိတဲ့နေရာလည်း ရောက်ပါတယ်။ အဲဒီမှာ ဘာလုပ်လဲဆိုရင် ဘာသာပေါင်းစုံ တွေ့ပြီးတော့ အားလုံးစုပေါင်းပြီးတော့  မူကြိုကျောင်းတွေဖွင့်ကြပါတယ်။ နောက်တစ်ခု  (Interfaith Youth Camp) ဘာသာပေါင်းစုံ လူငယ်စခန်းတွေဖွင့်ကြပါတယ်။ ဘာသာပေါင်းစုံက လူငယ်တွေလာပြီးတော့ (၁၀)ရက်လောက် နေကြတယ်။ ကျွန်တော်တို့ ခရစ်ယာန်မက်သဒစ်ကျောင်းမှာတော့ ဘာလုပ်သလဲဆိုရင် ဆင်းရဲတဲ့သူတွေအတွက် ကွန်ပျူတာသင်တန်းဖွင့် ထားပါတယ်။ အဲဒီမှာ ဘာသာပေါင်းစုံကလူငယ်တွေလာပြီးတက်ကြပါတယ်။ ဒီကနေ့ မြန်မာပြည်မှာက လူငယ်တွေအတွက် ဘာသာပေါင်းစုံအစီအစဉ်တွေ ပြုလုပ်ဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ ဘာပဲပြောပြော ဒီနေ့မှာ ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်များအားလုံးက ဘာသာ တရားကို ကိုင်းရှိုင်းပြီးတော့ ဘာသာတရားမှာ စည်းလုံးညီညွတ်ဖို့ ဆန္ဒအပြည့်အ၀ရှိကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် အဲဒီလိုစိတ်စေတနာနဲ့ ကောင်းမြတ်တဲ့သဘောထားတွေ ရှိသလို ဘာသာရေးအစွန်းရောက်တဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါ ဘယ်မှာမဆို၊ ဘယ်အဖွဲ့အစည်းမှာမဆို ရှိပါတယ်။ ဒါကြောင့်မို့ တစ်ဘာသာနဲ့တစ်ဘာသာ ပုတ်ခတ်ခြင်း၊ ရှုံ့ချခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရန်လိုခြင်း  ဒါတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ ကျွန်တော်တို့ငြင်းလို့မရပါဘူး။ အဲဒီလိုရှိရင်တော့ ကျွန်တော်တို့ ရှင်ရိုသေ၊ လူရိုသေ တကယ့် လေးစားချစ်ခင်အားကိုးတဲ့ ဘာသာရေးခေါင်းဆောင်ကြီးများ (Credible Religious Leaders) ဒီပုဂ္ဂိုလ်ကြီးများက အမှန်တရား ဘက်က မားမားရပ်တည်ပြီးတော့ကာ၊ တုံ့ပြန်ရှင်းပြီးတော့ကာ၊ အဲဒီလိုမဖြစ်ဖို့အတွက် မိမိတို့ရဲ့ဘာသာဝင်များကို ပဲ့ပြင်သွန်သင်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။

ဒါကြောင့်မို့ ဒီနေ့အစီအစဉ်မှာ ကြွရောက်ပါဝင်ကြတဲ့ ဆရာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်ဝပြီးတော့ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတော် အသစ် တည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့အားလုံး ပါဝင်ကြရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီပါဝင်မှုမှာ “အား”တစ်ခု ဖြစ်တဲ့ ဘာသာပေါင်းစုံချစ်ကြည်မှုနဲ့ သဟဇာတဖြစ်မှုကို မိမိတို့အကောင်းဆုံး ကြိုးစားပြီးတော့ ပြုစုတည်ဆောက်ရင်း ဆက်လက်ပြီးတော့ ဒီလို အင်မတန်ကောင်းမြတ်တဲ့ ဘာသာပေါင်းစုံညီညွတ်ရေးနဲ့ သဟဇာတဖြစ်မှုကို အမှန်တကယ်ပြုစုရင်း တည်ဆောက်နိုင်ကြတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင် နိဂုံးချုပ်အပ်ပါတယ်။

ဦးစောမာဃေကြီး (ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့)