ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားတွင် အစ္စလာမ်ဘာသာမှ ဆရာမုဖ်သီ ဦးစန်းအောင်(B.Sc) ပြောကြားသော ငြိမ်းချမ်းရေးအမှာစကား

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားတွင် အစ္စလာမ်ဘာသာမှ ဆရာမုဖ်သီ ဦးစန်းအောင်(B.Sc) ပြောကြားသော ငြိမ်းချမ်းရေးအမှာစကား

usa

အလ်ဟမ်းဒုလစ်လာဟ်

ယနေ့ကျင်းပတဲ့ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးနှင့် လူမှုရေးသဟဇာတဖြစ်မှု အခမ်းအနား မှာ ကျနော့်အနေနဲ့ အစ္စလာမ်နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြခွင့်ရရှိတဲ့အတွက် ကျနော်hကို အခုလို ရှင်းလင်းတင်ပြခွင့်ပြုတဲ့ ကျွန်တော့်ရဲ့ရဲဘော်များနှင့်တကွ ကြွရောက်လာကြသော သံဃာတော်အရှင် သူမြတ်များ၊ ဘာသာရေး ခေါင်းဆောင်ကြီးများ၊ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်ကြီးများ၊ ဘာသာအသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အစိုးရအဖွဲ့မှ တာဝန်ရှိတဲ့အရာထမ်းများ၊ ပြီးတဲ့နောက်မှာ ကြွရောက်လာကြတဲ့သူ အားလုံးပေါ် အလ္လာဟ်ရှင်မြတ်ဘက်မှ မင်္ဂလာအပေါင်း ကျရောက်ပါစေကြောင်း ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

“အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု”

အားလုံးအပေါ် မင်္ဂလာပါ။ ယနေ့ ကျနော့်အရှေ့က အန်ကယ် ဦးသန်းလွင်၊ ဆရာတော် ဘုရားကြီး၊ ခရစ်ယာန်သာသနာက ပုဂ္ဂိုလ်ကြီး ခေါင်းဆောင်ကြီး၊ နောက် သွေးမေတ္တာအဖွဲ့ ဥက္ကဌကြီး ဦးမြတ်ကျော်တို့ ပြောသွားတာတွေ အင်မတန်မှ အားရနှစ်ထောင်း ဖြစ်မိပါတယ်။

အဲဒီတော့ ကျနော်တို့တွေအားလုံး ပြောတဲ့အထဲမှာ တူညီတဲ့အချက်က ကျနော်တို့ တိုးတက် တည်ငြိမ်တဲ့ နိုင်ငံတော်ကြီးတစ်ခုကို တည်ဆောက်ရေးမှာ မဖြစ်မနေ အရေးအကြီးဆုံးကတော့ ဘာသာဝင် အားလုံးဟာ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး ဖြစ်တယ်ဆိုတာ ကျနော် နားလည်သဘော ပေါက်မိပါတယ်။ ကျနော် နားလည်သဘောပေါက်သလို ယနေ့ ကြွရောက်လာကြသူများ အားလုံးလည်း သဘောပေါက်မယ် ထင်ပါတယ်။

ကျနော် အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ အစ္စလာမ်ဘာသာဝင်တစ်ယောက် အနေအထားနဲ့ မကြာခင်က ဖြစ်ပျက်သွားတဲ့အရေးအခင်းပေါ့ဗျာ။ ဒီအရေးအခင်းမှာ ဖြစ်ရတဲ့ပြသနာ ကတော့ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေနဲ့ဖြစ်တဲ့ကိစ္စပါ။ ဒီလိုပြသနာတွေမဖြစ်ခင်မှာ အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ အနေအထားလေးတွေကို ကျနော်တို့ သုံးသပ်တွေ့ရှိရပါတယ်။ အဲဒါဘာလဲ ဆိုတော့ အစ္စလာမ်နဲ့ပတ်သက်ပြီးတော့ လွဲမှားစွာ စွပ်စွဲထားတဲ့စွပ်စွဲချက်တွေ၊ ဒီလိုစွပ်စွဲချက်တွေ ဖြစ်လာတဲ့အပေါ်မှာ ဥပမာ လွယ်လွယ်ကူကူ ကျနော် တစ်ခုလောက်သုံးသပ်ပြပါမယ်။

ဗုဒ္ဓဘာသာရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခု ရှိပါတယ်။ အဲဒါက ရေချမ်းစင်။ ဗုဒ္ဓဘာသာရပ်ကွက်တွေမှာ ရေချမ်းစင်တွေ ရှိပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာကြည့်လိုက်တော့ ရေအကျိုး ဆယ်ပါးတဲ့။ တော်တော်ကြီးမားတဲ့ကုသိုလ်ပါ။  အဲဒီလို ဗုဒ္ဓဘာသာတွေက ရေချမ်းစင်လေးတွေနဲ့ ရေလှူ တယ်။ အဲဒါကို မသမာသူတွေက၊ တစ်ဖက်ကပြောရရင် အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာတွေ အတူတကွ ယှဉ်တွဲ နေထိုင်တာကို မလိုတမာဖြစ်နေတဲ့လူတွေ ရှိတယ်။ အဲ သူတို့က ဘယ်လို ကောလ၊ ဟာလ ထုတ်လိုက် သလဲဆိုတော့ မွတ်စလင်မ်တွေက အဲဒီရေချမ်းစင်မှာ  အဆိပ်လာခတ်မယ်တဲ့။ ဒီလိုဆိုတဲ့အခါ ကျတော့ ကျနော် ဗုဒ္ဓဘာသာနေရာက ခံစားကြည့်တယ်။ တော်တော်ကို မခံမရပ်ဖြစ်တယ်။ ဟာ၊  ဒို့က လူတွေကို ငြိမ်းအေးဖို့ ရေချမ်းစင်လှူတယ်။ ဒီမွတ်စလင်မ်တွေက အဆိပ်လာခတ်တယ်။

ဆိုတော့ မွတ်စလင်မ်အပေါ် မကျေနပ်မှုဟာ ရင်ထဲမှာကိန်းအောင်းလာတယ်။ ဒါဟာ အဖျက်သမား တွေရဲ့ သွေးထိုးမှုအပေါ်မှာ ဖြစ်ပေါ်လာရတဲ့ ဗုဒ္ဓဘာသာတွေရဲ့မကျေနပ်မှုပါ။ အဲဒီအချိန်မှာ ဆိုပါစို့ပေါ့ဗျာ၊ ပြသနာကဖြစ်ရော။ မွတ်စလင်မ်တွေကို ရိုက်ရော၊ ပြုရော၊ စသည်အားဖြင့်ပေါ့ဗျာ။ ဗုဒ္ဓဘာသာတွေရဲ့ စိတ်ထဲမှာ သြော် အဆိပ်ခတ်တဲ့၊ လူလိုနားမလည်တဲ့လူတွေကို ရိုက်တာ၊ ဆုံးမတာ ဆုံးမပါစေပေါ့။ သူတို့ကို ဆုံးမဖို့လိုတယ်။ အဲဒါတွေက ပြသနာကို တွန်းပို့ပေးတဲ့ အခြေခံအကြောင်းလေးတွေပါ။ တကယ့် တကယ်မှာ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီလို အခြေအနေမျိုး မရှိခဲ့ပါဘူး။ ဒီလိုကောလဟာလ (Rumour) အမှားတွေပေါ်မှာ ဖြစ်ပေါ်လာတဲ့ ပြသနာတွေပါ။

နောက်ပိုင်းမှာ ဘာသာရေးအဓိကရုဏ်းတွေကို ဖန်တီးလိုတဲ့လူအချို့ဟာ ပြသနာကို ပိုပြီး ကြီးကြီး ကျယ်ကျယ်ဖြစ်လာအောင် အစ္စလာမ်ဘာသာဝင်တွေထဲမှာရှိတဲ့ အချို့အကြောင်းအရာတွေကိုပါ ဆွဲထုတ်လာ ပါတော့တယ်။ ဒီအပေါ်မှာ အခြားဘာသာဝင်တွေ သတိထားမိလာအောင်၊ မခံချင်စိတ် ဖြစ်လာအောင်၊ နှိုးဆော်လှုံ့ဆွ ပေးလာတော့တယ်။ (Hatred) အမုန်းတရားတွေကို ထည့်သွင်းပေး လာတယ်။ အကျိုးဆက်အနေနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေဖြစ်လာပါတော့တယ်။ အဲဒီမှာ စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော့အနေနဲ့ ရရှိတဲ့အချိန်လေး အနည်းငယ်အတွင်းမှာ အနည်းငယ် ရှင်းပြပါရစေခင်ဗျာ။

နောက်ပိုင်းလည်း ဒီလိုကိစ္စတွေကို ကျနော်တို့ ဆက်ပြီးရှင်းသွားမှာပါ။ ဒါမှလည်း ကျနော်တို့ရဲ့ နောင်ရေးမှာ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေ အတူတကွ လက်တွဲ၊ ယှဉ်တွဲ ပြီးတော့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မှာဖြစ်တယ်လို့ ကျနော် နားလည်သဘောပေါက်ပြီး ဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ် ကိုယ့်အ၀န်းအ၀ိုင်းထဲမှာ ကိုယ့် Community နဲ့ ကိုယ် Enclave လုပ်ပြီး နေထိုင် နေကြတဲ့ အနေအထားကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ သူတို့ စွပ်စွဲချက် (၇၈၆)၊ “ခုနှစ်ရာ ရှစ်ဆယ့်ခြောက်” နဲ့ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။ ခုနှစ်ရယ်၊ ရှစ်ရယ်၊ ခြောက်ရယ် ပေါင်းလိုက်တော့ နှစ်ဆယ့်တစ် ရတယ်တဲ့။ အဲဒီပေါ်မှာ ဘာဖြစ်လာလဲ ဆိုတော့ (၂၁)ရာစု လက်ရှိရောက်နေတဲ့အချိန်မှာ မွတ်စလင်မ်တွေက ကမ္ဘာကို လွှမ်းမိုးမယ်။ အခြား ဘာသာ၊ သာသနာကို လွှမ်းမိုးမယ်။ အဲဒီပြသနာက မွတ်စလင်မ်တွေမှာ စဉ်းတောင် မစဉ်းစားမိပါဘူး။

အမှန်တကယ်မှာတော့  အစ္စလာမ်ဘာသာ မှာ `ဗစ်မစ်လားဟိ ရဟ်မားန်နေရဟီးမ်´  အဲဒါက အရဗီလို ကျနော်ရွတ်လိုက်တာပါ။ ဒီအရဗီရဲ့ အဓိပ္ပါယ်က `အနန္တစကြ၀ဠာကြီး၏ လိုအပ်ချက်အ၀၀ ကို လိုလေသေးမရှိအောင် ကြိုတင်၍ စနစ်တကျ စီမံ ထောက်ပံ့ထားတော်မူသော၊ မဟာဂရုဏာတော်ရှင် ဖြစ်တော်မူသော၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်အားဖြင့်… ´ ဒါပါပဲ။ ကျနော်တို့ရဲ့ ဘုရားသခင်ကို ကျနော်တို့က တိုင်တည်ပြီးတော့ လုပ်တာပဲ၊ ဒါပါပဲ။ ဒါပေမဲ့ အဲဒါက (၇၈၆)ပေါင်းလိုက်တော့ (၂၁)ဖြစ် တယ်။ (၂၁)ရာစုမှာ မွတ်စလင်မ်တွေက ကမ္ဘာမှာ အခြားဘာသာတွေကို လွှမ်းမိုးမယ်ဆိုပြီး ဖြစ်သွားခဲ့တဲ့ အခါကျတော့ ဒီအခြေအနေကိုမသိတဲ့ ကျန်အခြားဘာသာဝင်တွေမှာ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းစိတ်တွေ ဖြစ်လာတယ်။

အမှန်တကယ်မှာ (၇၈၆)ဖြစ်သွားရခြင်း၊ “ခုနှစ်ရာရှစ်ဆယ့်ခြောက်” ဖြစ်သွားရခြင်းရဲ့ သဘောက (Numerology) ဂဏန်းသင်္ချာနည်းအရ ကျနော်တို့က ဒီအရဗီစာပေစကားလုံး Alphabet တစ်လုံးချင်း တစ်လုံးချင်းအပေါ်မှာ သူ့သချာင်္ဆိုင်ရာ တန်ဖိုးတွေရှိတယ်။ ကျနော်တို့ ဥပမာပြောရမယ်ဆိုရင် “က၊ခ၊ဂ၊ဃ၊င” ဆိုရင် တနင်္လာနံ၊ ဒီအက္ခရာတွေမှာ သချာင်္တန်ဖိုး ဘယ်လောက်ရှိတယ်၊ စသည်ဖြင့်ပေါ့ဗျာ။ အရဗီဘာသာမှာလည်း အက္ခရာတစ်လုံးချင်းအပေါ်မှာ သတ်မှတ်ထားတဲ့ သချာင်္တန်ဖိုးတွေရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အရဗီစာစာပေကို ကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့ မွတ်စလင်မ်တွေ နည်းပါး ပါတယ်။ ဒါကတစ်ချက်။ အဲဒီတော့ ဒီ `ဗစ်မစ်လားဟိ ရဟ်မားန်နေရဟီးမ်´  ဆိုတဲ့စကားရပ်ကို ရေးသားဖို့ အခက်အခဲဖြစ်တဲ့အတွက်ကြောင့် သူတို့က ဒီသင်္ကေတကို ဂဏန်းသချာင်္သဘောနဲ့ သုံးနှုံးခြင်းသာ ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ဒါဟာဘုရားသခင်နဲ့ပတ်သက်တဲ့ အလ္လာဟ်ရှင်မြတ်နဲ့ပတ်သက်တဲ့ ကိစ္စ တစ်ခုဖြစ်တော့ ဒီစာရွက်စာတမ်းက လူတွေရဲ့အောက်ဘက် မြေကြီးပေါ်ကျနေမှာ၊ မသန့်ရှင်းတဲ့နေရာ ရောက်သွားမှာ၊ ဒါတွေဟာ မလိုလားဖွယ်ရာကိစ္စတွေပါ။ အဲဒီတော့ သင်္ကေတအနေနဲ့ ရေးလိုက်မယ်။ ဒါဆိုရင် စိတ်ရှင်းသွားမယ်ပေါ့။ အဲဒါက တစ်ချက်ပါ။

အမှန်တကယ်မှာတော့ အစ္စလာမ်ရဲ့တရားတော်မှာ (၇၈၆)ဆိုတာ လုံးဝမရှိပါ။ ကမ္ဘာမှာလည်း လုံးဝမရှိပါ။ ကုရ်အာန်မှာလည်း လုံးဝမရှိပါ။ (၇၈၆) မရှိပါဘူး။ အိန္ဒိယမှာ စသုံးတယ်။ လက်ရှိ အိန္ဒိယနိုင်ငံ မှာလည်း မသုံးတော့ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာပဲ လက်ရှိသုံးနှုန်းနေတာပါ။ စားသောက်ဆိုင်နဲ့  ပတ်သက်လာရင် ကျနော်တို့ဆီမှာ သတ်မှတ်ချက် တွေရှိတယ်။ မွတ်စလင်မ်တစ်ယောက်ရဲ့ စားသောက် ပုံနဲ့ပတ်သက်လို့ မွတ်ဆလင်မ်အချင်းချင်းကပဲ သိတယ်။ ဘာမစားရဘူး။ ဘာစားရတယ်ဆိုတာ။ အဲဒီတော့ ကျနော်တို့မွတ်စလင်မ်တွေ စားသောက်တဲ့အခါမှာဆိုရင် မွတ်စလင်မ်ဆိုင်တွေမှာ စားသောက်ကြရပါတယ်။ ဒါပေမဲ့ သန့်ရှင်းတယ်ဆိုရင် `စိတ်တိုင်းကျ´လ္ဘက်ရည်ဆိုင်မှာ ကျနော်တို့ မွတ်စလင်မ်တွေ အများကြီး စားနေကြပါတယ်။ ဒီသဘောပါ။ ကျနော်တို့ တဖြေးဖြေးနဲ့ ဒါတွေကိုလည်း `ဟလာလ်´ ဆိုတဲ့ `စားသုံးခွင့်ရှိသည်´ဆိုတဲ့ သင်္ကေတအသုံးအနှုန်းကို အစားထိုးဖို့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီး များက ဆွေးနွေးနေပါတယ်။ အဲဒီတော့ (၇၈၆)ဟာ (၂၁)ရာစုမှာ မွတ်စလင်မ်တွေ လွှမ်းမိုးမယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ကျနော်တင်ပြလိုခြင်း ဖြစ်ပါတယ်။

တစ်ဆက်တည်း တင်ပြရမယ်ဆိုလျင် ကျနော်တို့ရဲ့ ကျမ်းတော်မြတ်ကုရ်အာန်မှာ ဘာပြောထားလဲ ဆိုတော့၊

“အလ္လာဟ်ရှင်မြတ်က ပြောတယ်။ တမန်တော် ကြေငြာလိုက်ပါ။` အလ်ဟက်´ (AbsoluteTruth) ဆိုတဲ့ သစ္စာတရားဟာ သင်တို့ကို မရှိရာမှ အရှိတရားဆီသို့ ပြုစုပျိုးထောင်သော အလ္လာဟ်ရှင်မြတ်ထံမှ ရောက်ရှိလာခြင်းဖြစ်တယ်။ မည်သူမဆို ယုံချင်ရင်ယုံပါ။ မယုံချင်လည်း ရပါတယ်။”    (ကုရ်အာန်-၁၈း ၂၉)

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အတင်းအဓ္ဓမ မရှိပါဘူး။ နောက်တစ်နေရာမှာ ဘာပြောလဲ ဆိုတော့

“ အလ္လာဟ်ရှင်မြတ်ကသာ အလိုရှိမယ်ဆိုလျှင် သင်တို့အားလုံးကို တစ်စုတစ်စည်းထဲ (တစ်မျိုးတစ်စားတည်း) ပြုလုပ်ထားတော်မူပေမည်။ သို့သော် အရှင်မြတ်က ထိုသို့ပြုလုပ်တော်မမူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့လူ့အစုအဝေးထဲမှာ ဘယ်သူဟာ ငါအရှင်မြတ်ပြဌာန်းထားတဲ့ ကောင်းမှုကုသိုလ်နဲ့ပတ်သက်ပြီး အားကြိုးမာန်တက်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်သလဲဆိုတာကို ထင်ရှားပေါ်လွင် စေရန်ဖြစ်သည်။ ”        (ကုရ်အာန်-၅း ၄၈)

ဒီလိုကောင်းမှုကုသိုလ်တွေကို အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်တာ အစ္စလာမ် ဖြစ်ချင်လည်းဖြစ် မယ်။ ခရစ်ယာန် ဖြစ်ချင်လည်းဖြစ်မယ်။ ဗုဒ္ဓဘာသာ ဖြစ်ချင်လည်းဖြစ်မယ်။ ဟိန္ဒူ ဖြစ်ချင်လည်းဖြစ်မယ်။ ဘယ်သူဟာ၊ ဘယ်ဘာသာဝင်ဟာ၊ ကောင်းသောအကျင့်သီလ၊ ကောင်းမှုကုသိုလ် ပြုလုပ်မလဲ။ သူဟာ မြင့်မြတ်တဲ့သူပါ။

နောက်စွပ်စွဲချက်တစ်ခု ရှိပါတယ်။ အစ္စလာမ်ဘာသာဝင်တို့သည် အခြားဘာသာဝင်တို့ကို မလိုမုန်း ထား (Hatred)စိတ်ရှိ၍ ခွဲခြားဆက်ဆံလိုကြသည်တဲ့။ အစ္စလာမ်ဘာသာ အင်အားကြီးလာလျှင် အခြားဘာသာ၊ သာသနာဝင်တို့ကို အသိအမှတ်မပြုဘဲ နှိပ်စက်သုတ်သင်ကြလိမ့်မယ်။ အစ္စလာမ် ဘာသာဝင်တွေ အင်အားကြီးလာရင် အခြားဘာသာဝင်တွေ ရပ်တည်လို့တောင် မရတော့ဘူး။ ဒါကြောင့် ဒီဘာသာကို နှိမ်ထားရမယ်ဆိုတဲ့ ကောလဟာလတွေကို ထုတ်လွှင့်လိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကျမ်းမြတ်ကုရ်အာန်နဲ့ သက်သေပြမယ်ဆိုရင် –

“အို–လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့ကို အဖိုသဘောတစ်ရပ်နှင့် အမသဘော တစ်ရပ်မှ စီရင်ဖြစ်ထွန်းစေခဲ့သည်။ အဲဒီကနေပြီးတော့ သင်တို့ကို မျိုးနွယ်စု၊ လူမျိုးစုတွေ အမြောက်အမြား ဖြစ်ထွန်းစေရခြင်းမှာ သင်တို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အသိအမှတ်ပြု ဆက်ဆံကြစေရေး အလို့ငှာ ဖြစ်သည်။ ”          (ကုရ်အာန်- ၄၉း ၁၃)

မွတ်ဆလင်မ်က မွတ်ဆလင်မ်မဟုတ်သူကို အထက်ဖေါ်ပြပါ ကုရ်အာန်အထောက်အထားအရ ဖိနှိပ်ပိုင်ခွင့်၊ ခွဲခြားဆက်ဆံပိုင်ခွင့် မရှိပါဘူး။

ဆက်ပြီးတော့  အဲဒီမှာ အလ္လာဟ်ရှင်မြတ်က ပြောတယ်။ သင်တို့ထဲမှာ အကောင်းဆုံးလူက ဘယ်သူလဲ။ မွတ်ဆလင်မ်လို့လဲ မပြောဘူး။ ခရစ်ယာန်လို့လဲ မပြောဘူး။ ဗုဒ္ဓဘာသာလို့လဲ မပြောဘူး။ ဟိန္ဒူလို့လဲ မပြောဘူး။ ဘာပြောသလဲ။ “သီလသမာဓိရှိသူက အကောင်းဆုံး” တဲ့။ အဲဒီ သီလ၊ သမာဓိ ရှိရမယ့်အကြောင်းကို ယနေ့ဒီအခမ်းအနားကို ကြွရောက်လာတဲ့ ဗုဒ္ဓဘာသာဆရာတော်ကြီး ရှင်းပြသွားတာ ဆိုရင်ဖြင့် အင်မတန်မှ နားထဲမှာ ချိုမြိန်လှပါသည်။

ဆက်ပြီးတော့ ကျမ်းမြတ်ကုရ်အာန်မှာ ဒီလိုပြဌာန်းထားပြန်တယ်။

“ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက် အနန္တစကြာဝဠာနှင့် ကမ္ဘာဂြိုဟ်ကို စီရင်ဖြစ်ထွန်းထားစေခြင်းသည် လည်းကောင်း၊ သင်တို့၏ ဘာသာစကားများနှင့် သင်တို့၏ အသွေးအရောင်များ ကွဲပြားခြားနားခြင်းသည် လည်းကောင်း၊ အသိဥာဏ်ပညာရှိသူတို့အတွက် ဧကန်အမှန်ပင် ထင်ရှားသော သက်သေလက္ခဏာတော်များဖြစ်သည်။”      (ကုရ်အာန်-၃၀း ၂၂)

ဒီကျမ်းချက်က “မတူကွဲပြားခြင်း” (Diversity) နဲ့ပတ်သက်ပြီးတော့ ပြောတာပါ။ ဒီနေ့ Diversity ဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ နိုင်ငံတစ်နိုင်မှာ လူမျိုးတစ်မျိုးထဲ ရှိတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာ မရှိသလောက်ပဲ။ ကမ္ဘာမှာ နိုင်ငံတွေဟာ လူမျိုးပေါင်းစုံနဲ့ တည်ထောင်ထားကြ တာပါ။ အထက်ပါအာယတ်တော်မှာ ရှင်းလင်းပြနေတာကတော့ ဒီလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကွဲပြားနေခြင်းဟာ အလ္လာဟ်ရှင်မြတ်၏ သက်သေလက္ခဏာတော်တစ်ရပ်ပါတဲ့။ ဟောဒီကမ္ဘာပေါ်မှာ ဘာသာ၊ သာသနာအမျိုးမျိုး၊ သင်တို့၏အသွေးအရောင်တွေ အမျိုးမျိုးကွဲပြားခြားနားနေခြင်းသည် အလ္လာဟ်ရှင်မြတ်၏ သက်သေလက္ခဏာတစ်ရပ်ပင် ဖြစ်သည်တဲ့။

ဘာသာစကားအမျိုးမျိုး ကွဲပြားနေတယ်။ ယဉ်ကျေးမှုတွေအမျိုးမျိုး ကွဲပြားနေတယ်။ အသွေး အရောင်တွေ ကွဲပြားနေတယ်။ အဲဒါကို အစ္စလာမ်က Positive thinking နဲ့ပဲ စဉ်းစားပါတယ်။ Negative thinking နဲ့ မစဉ်းစားပါဘူး။ အဲဒီတော့ Diversity ဆိုတာကို ကျနော်တို့ အစ္စလာမ်က လုံးဝလက်ခံပါတယ်။ တစ်ခုပြောရမယ်ဆိုရင် ယနေ့ ခရစ်ယာန်ကလည်း ဆရာတော် တက်ရောက်လာတဲ့အတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်နံပါတ်(၃) အာယတ်နံပါတ်(၄၂)မှာဆိုရင် အလ္လာဟ်ရှင်မြတ်က ‘မရ်ယမ်’ သခင်မနဲ့ပတ်သက်ပြီး ဒီလိုမိန့်ဆိုထားကြောင်း တင်ပြပါရစေ။

“ငါအရှင်မြတ်က အသင်မ(Jesusရဲ့မိခင် မရ်ယမ်သခင်မ) ကို ရွေးချယ်လိုက်ပြီတဲ့။ အသင်မကို သန့်ရှင်းစင်ကြယ်စေလိုက်ပြီ။ အသင်မကို ဟောဒီ လူ့လောကရဲ့ အမျိုးသမီးအားလုံးရဲ့ ခေါင်းဆောင်၊ အမြင့်မြတ်ဆုံးသော ခေါင်းဆောင်အဖြစ် ငါရွေးချယ်လိုက်ပြီ။”     (ကုရ်အာန်- ၃း၄၂)

ဒီအကြောင်းအရာ၊ အချက်အလက်တွေအရဆိုရင် ကျနော်တို့ အစ္စလာမ်ဘာသာဝင် တွေဟာ အင်အားကြီးလာရင် အခြားဘာသာဝင်တွေကို နှိပ်စက်မယ်ဆိုတာလည်း မဟုတ်ပါဘူးဆိုတာကို ကျနော် တင်ပြလိုပါတယ်။

မွတ်ဆလင်မ်တွေအပေါ် နောက်စွပ်စွဲချက်တစ်ခုကဆိုရင် All muslim are not terrorists, but every terrorist are muslim. ယနေ့မီဒီယာတွေမှာ ဒီလိုမျိုး အများအပြားရေးလာတာကို တွေ့ရတယ်။ “ယနေ့မွတ်စလင်မ်တိုင်းသည် အကြမ်းဖက်သမား မဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်မ်များ ဖြစ်ကြသည်”

ဒါ မီဒီယာတွေမှာတွေ့ရတဲ့ အရေးအသားတစ်ရပ်ပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီနေ့ ကျနော့ အရှေ့က ပြောကြားတင်ပြသွားတဲ့ ဆရာတော်ကြီးတွေပြောခဲ့တဲ့ထဲမှာလည်း ပါဝင်ပါတယ်။ ဘယ်ဘာသာ ၀င်မဆို မိမိဘာသာတရားရဲ့ လမ်းညွှန်ချက်နဲ့ အဆုံးအမတွေကို ကျောခိုင်းသွေဖည်မယ်ဆိုရင် အကြမ်းဖက် သမားတစ်ဦးအဖြစ် ရောက်ရှိဖို့ ရာခိုင်နှုန်းများသွားပါလိမ့်မယ်။ ဆိုလိုတာက ဘာသာတရားအားလုံးသည် အကြမ်းဖက်မှုကို တားမြစ်တယ်။ ဘယ်ဘာသာတရားရဲ့ခေါင်းဆောင်ကမှ `မင်းတို့ အကြမ်းဖက်ကြ၊ မင်းတို့ လူတွေသတ်ကြ၊  အိမ်တွေဖျက်ဆီးကြ၊ ဘုရားကျောင်းတွေဖျက်ဆီးကြ´လို့ မညွှန်ကြားပါဘူး။ မပြောပါဘူး။ ဘာသာတရားတိုင်းဟာ မကောင်းတာတွေ မှန်သမျှကို တားမြစ်ပါတယ်။ ရန်ကိုရန်ချင်း တုန့်နှင်းတာကို တားမြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေရဲ့ အဆုံးအမကို ကျောခိုင်းလိုက်မယ်ဆိုရင် အကြမ်းဖက်မှု တွေက နေရာဝင်ယူလာပါလိမ့်မယ်။

ယနေ့ စောစောကပြောတဲ့ အကြမ်းဖက်သမားတိုင်းဟာ မွတ်ဆလင်မ်များ ဖြစ်ကြတယ်ဆိုရင် ကျနော် မပြောချင်ပေမယ့်လည်း ပြောစရာလေး တစ်ခုရှိတယ်။ ငြိမ်းချမ်းရေး ဗိသုကာကြီး မဟတ္တမ ဂန္ဒီကို လုပ်ကြံတာ မွတ်ဆလင်မ်မဟုတ်ပါဘူး။ အင်ဒီရာ ဂန္ဒီ၊ ရာဂျစ်ဂန္ဒီ အစရှိတဲ့ခေါင်းဆောင်တွေကို လုပ်ကြံ သူဟာ မွတ်ဆလင်မ်မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံတာ မွတ်ဆလင်မ်မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ကြံခံရတဲ့သူများထဲမှာ မွတ်ဆလင်မ်အာဇာနည် (၂)ယောက် ပါဝင်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကိုလုပ်ကြံတဲ့သူက မွတ်ဆလင်မ်မဟုတ်ပါဘူး။ ဗြိတိန်က IRA များသည် မွတဆလင်မ်မဟုတ်ပါဘူး။ ဂျပန်က ရာကူဇာဂိုဏ်းသားများသည် မွတ်ဆလင်မ် မဟုတ်ပါဘူး။ အမေရိကန်သမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအားလုံးဟာ မွတ်ဆလင်မ်ကပဲ လုပ်ခဲ့တာ မဟုတ်ပါဘူး။

ဒါပေမဲ့ မွတ်ဆလင်မ်များအနက်မှာ အပြစ်မဲ့ပြည်သူများကို ဓါးစာခံပြုလုပ် အကြမ်းဖက်သူများ လည်းရှိပါတယ်။ ဒါကိုကျနော်တို့ ဘယ်လိုပြုပြင်ပြောင်းလဲကြမလဲ။ ကျနော်တို့က မဟုတ်ပါဘူးလို့ တစ်ဖက်ကို ငြင်းနေပေမယ့် ကျနော်တို့မွတ်ဆလင်မ်တွေသိဖို့က ကိုယ်ကိုယ်၌ကလည်း ဘာတွေပြုပြင် ပြောင်းလဲရမလဲ ဆိုတာကို သုံးသပ်ဖို့အချိန်ရောက်လာပါပြီ။ ဒီအချိန်မှာ ယနေလို့ ဒီအခမ်းအနားတွေ လုပ်တာ ကျနော်တို့ မွတ်ဆလင်မ်တွေရဲ့ (Community)ကို ကျနော်တို့ Change လုပ်ချင်ပါတယ်။ အဲဒီတော့ ဒီအကြမ်းမှုတွေအားလုံးကို လေ့လာကြည့်မယ်ဆိုရင် ဘာသာတရားတွေက လမ်းညွှန်ထားတာ မဟုတ်ပဲနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ မကျေနပ်မှုပေါ်မှာ ဖြစ်ပေါ်လာတဲ့ အမုန်းတရားရဲ့ လက်စားချေမှုတွေပဲ ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ ဒီလိုပြဌာန်းထားပါတယ်။

“လူတစ်ယောက်သည် အခြားသောလူသားတစ်ဦးကို အဲဒီလူက အပြစ်ရှိလို့လည်း မဟုတ်၊ လူသတ်မှုကို ကျူးလွန်ထားလို့လည်း မဟုတ်၊ လူ့လောကမှာ ပြသနာရှာလို့လည်း မဟုတ်။ ဘာမှ အပြစ်မရှိတဲ့၊ အပြစ်မဲ့တဲ့လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ကမ္ဘာ့လူသားတစ်ရပ်လုံးကို သတ်ဖြတ် လိုက်ခြင်းပဲတဲ့။ အလားတူ လူတစ်ယောက်ကို ကယ်တင်လိုက်ခြင်းသည်လည်း ကမ္ဘာ့လူသားထုတစ်ရပ် လုံးကို ကယ်တင်လိုက်ခြင်းပဲ။     (ကုရ်အာန်- ၅း၃၂)

နောက်တစ်ခု ကြီးမားတဲ့ပြသနာတစ်ခုက ဂျီဟာဒ် ပြသနာပါ။ ဂျီဟာဒ်ဆိုတာက အမှန်တကယ်မှာ ယနေ့ အများထင်သလို စစ်ပွဲကိုပဲ ရည်ညွှန်းခြင်းမဟုတ်ပါ။ စစ်ပွဲဆိုတာ ဂျီဟာဒ်ရဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ ရှိပါတယ်။ တကယ့်ဂျီဟာဒ်ရဲ့ အဓိပ္ပါယ်က လုံ့လ၊ ၀ီရိယစိုက်ထုတ်ပြီး အကြောင်းအရာ တစ်ခုကို မှန်မှန်ကန်ကန် အင်အားစိုက်ထုတ် လုပ်ကိုင်ဆောင်ရွက်ခြင်းကို အရဗီလို ဂျီဟာဒ်လို့ ခေါ်ပါတယ်။ ကျနော်သိသလောက်တော့ ဘာသာတရားတိုင်းမှာ ဂျီဟာဒ်ရဲ့အနှစ်သာရ ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ထားပါတယ်။ ဂျီဟာဒ်က စစ်ပွဲတစ်ပွဲအနေနဲ့ သတ်ကြ၊ ဖြတ်ကြ၊ တုတ်ဆွဲ၊ ဓါးဆွဲပြီးတော့ စစ်တိုက်မယ်ဆိုတာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဤ၀တ်ကျောင်းတော်မှာ ပြုလုပ် ထားတဲ့ တရားပွဲတွေ၊ အခွေတွေရှိပါတယ်။

ဂျီဟာဒ်နဲ့ပတ်သက်လို့ မွတ်ဆလင်မ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်မှ နမူနာယူဖွယ်၊ အတုယူဖွယ် ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား အချို့က ဂျီဟာဒ်ဆိုပြီး မြန်မာသံရုံးကို ဗုံးဖေါက်ခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းကြတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအစိုးရ က ဒီအကြမ်းဖက်မှုကို တရားဥပဒေနဲ့အညီ ကျောသားရင်သားမခွဲခြားပဲ ပြတ်ပြတ်သားသား ချေမှုန်းခဲ့ ပါတယ်။ ဒါက ဘာကိုညွှန်ပြနေသလဲဆိုတော့ အင်ဒိုနီးရှားအစိုးရရဲ့ တရားဥပဒေ (Rules of Law) အားကောင်းနေကြောင်းကို ညွှန်ပြနေခြင်းပါ။

`ဂျီဟာဒ်´နဲ့ပတ်သက်ပြီး ကုရ်အာန်မှာရှိတဲ့ ပြဌာန်းသတ်မှတ်ချက်တွေ အားလုံးကို ခြုံငုံသုံးသပ် လိုက်မယ်ဆိုရင် `ဂျီဟာဒ်´ကြေညာချင်ရင် `ဂျီဟာဒ်´အထမြောက်ဖို့အတွက် အချက်(၉)ချက်ရှိတယ်။ အဲဒီအချက် (၉)ချက်က ဘာတွေလဲဆိုတာကို တင်ပြပါရစေ။

(၁) `ဂျီဟာဒ်´စစ်ပွဲကို နိုင်ငံရေးခေါင်းဆောင်က ကြေညာတိုက်ခိုက်တာမျိုး မဖြစ်စေရ။ (နိုင်ငံရေး အရ ကြေညာတဲ့စစ်ပွဲ၊ တိုက်ပွဲမျိုးမဖြစ်စေရ။ ဘယ်သူကြေညာရမလဲ! ဘာသာရေးခေါင်းဆောင်က ကြေညာ ရမယ်။ တစ်နည်းဆိုရရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်ပိုင်ဆိုင်ရေးအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စစ်ပွဲမျိုး မဖြစ်စေရ။)

(၂) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အစုအဖွဲ့တစ်ရပ်ကို အခြေ ခံပြီးတော့ ဖန်တီးတဲ့စစ်ပွဲမျိုး မဟုတ်ဘဲနဲ့ မွတ်စလင်မ်ထုတစ်ရပ်လုံးက ထောက်ခံတဲ့စစ်ပွဲမျိုး ဖြစ်ရမယ်။

(၃) တင်ကြိုတိုက်ခိုက်ခြင်း၊ ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲမျိုးမဖြစ်စေရ။

(၄) စစ်ဖြစ်ရတဲ့အကြောင်းအရင်း ရှိပါလိမ့်မယ်။ ဖြစ်ရတဲ့အကြောင်းအရင်း ပြသနာကို တိုက်ခိုက် ခြင်းမပြုမီ အခြားသောငြိမ်းချမ်းသော နည်းလမ်းများနဲ့ ဆွေးနွေးဖြေရှင်းပြီး နောက်ဆုံးပြေလည်မှုမရမှ စစ်ပွဲ ဖြစ်ရပါမယ်။

(၅) အခြားလူများ၊ အခြားဘာသာဝင်များ၊ အစ္စလာမ်ဘာသာအတွင်းသို့ ကူးပြောင်းဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် ဆင်နွှဲတဲ့စစ်ပွဲမျိုးမဖြစ်စေရ။ (ဒီနေ့ကျွန်တော်တို့ကို စွပ်စွဲတာ ဒီအချက်လည်းပါတယ်။ သားဖောက်ပြီး သာသနာပြုတယ်။ ဓါးမိုးပြီးသာသနာပြုတယ်။ အရမ်းစွပ်စွဲနေကြတယ်။ အခုလည်းဒီမှာ သားဖောက်တယ်၊ မြေလုတယ်၊ အစရှိသဖြင့် စွပ်စွဲနေကြပါတယ်။ မဟုတ်ပါဘူး။ ကျွန်တော် ရဲရဲဝံ့ဝံ့ ကြေညာပါတယ်။ အစ္စလာမ်က ဒီလိုလုပ်ခွင့် မရှိပါဘူး။)

(၆)စစ်ပွဲဆင်နွှဲရခြင်းသည် သြဇာအာဏာဖြန့်ကျက် ထူထောင်နိုင်ရန်အတွက် လည်းကောင်း၊ နယ်မြေချဲ့ထွင်ရန်အတွက် လည်းကောင်းမဖြစ်စေရပါ။  (ဆက်ဒမ်ဟူစိန်၊ ကဒါဖီ သူတို့လက်ထက်မှာလည်း `ဂျီဟာဒ်´ကြေညာခဲ့ကြပါတယ်။ဒါပေမဲ့တစ်ခုမှ`ဂျီဟာဒ်´မမြောက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကို လေ့လာကြည့်မယ်ဆိုရင် ဘာကြောင့် သူတို့`ဂျီဟာဒ်´ကြေညာရတာလဲဆိုတာ ပေါ်လွင်နေပါတယ်။)

(၇) အပြစ်မဲ့အရပ်သားတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို ထိခိုက်ပျက်စီးခြင်းမရှိအောင်၊ နည်းနိုင်သမျှနည်းအောင်၊ ကြိုတင်ပြင်ဆင်ရမယ်။

(၈) သစ်ပင်၊ ၀ါးပင်နဲ့ ကောက်ပဲသီးနှံအပါအ၀င် သဘာဝသယံဇာတတွေ အကြီးအကျယ် ထိခိုက် ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်မှု လုပ်ရထားမယ်။  (ဆိုလိုရင်းက ဓါတုလက်နက်၊ အဆိပ်လက်နက် သုံးခွင့်မပြုဘူး။ )

(၉) လူနေအိမ်၊ သာသနာရေးဆိုင်ရာ အဆောက်အအုံ၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ အရပ်ဖက်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု မရှိစေရ။

ကဲ`ဂျီဟာဒ်´ရဲ့တန်ဖိုး ဘယ်လောက်မြင့်မားသလဲ! စည်းကမ်း ဘယ်လိုတင်းကျပ်ထားသလဲ! အဲဒီလောက်ဆိုရင် သဘောပေါက်လောက်ပါပြီ။

နောက်တစ်ခု စွပ်စွဲချက်က ဗလီများသည် စစ်စခန်းများဖြစ်သည်။ စစ်သင်တန်းများ ပေးနေပါ သည်။ ဒီနေ့အခမ်းအနားကိုတက်ရောက်လာသူများမှာ ဘာသာခြား မွတ်ဆလင်မ်မဟုတ်သူ ညီနောင်တွေ အများကြီး ပါဝင်နေပါတယ်။ ကျွန်တော်တို့ ၀တ်ကျောင်းတော်မှာ ကြည့်ပါ။ ဆရာတော်တွေလည်းရှိတယ်။ ကြိုက်တဲ့နေရာကို လွတ်လပ်စွာသွားလာနိုင်ပါတယ်။ ကြည့်ရှုနိုင်ပါတယ်။ ဘာစစ်စခန်းမှ မရှိပါဘူး။ ဘာလက်နက်တိုက်မှ မရှိပါဘူး။ ဘာမြေအောက်ခန်းမှလည်း မရှိပါဘူး။ လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းစွာ အကျိုးပြုတဲ့ကိစ္စတွေကိုသာ ဆောင်ရွက်တဲ့နေရာနဲ့ စစ်သင်တန်းနဲ့ လားလားမှမဆိုင်ပါဘူးလို့ တင်ပြ ချင်ပါတယ်။

နောက်စွပ်စွဲချက်တစ်ခုက ကျနော်တို့ကို မကြာခဏ စွပ်စွဲတယ်။ ဗုဒ္ဓဘာသာအမျိုးသမီးများကို ငွေကြေးထောက်ပံ့ပြီးတော့ အတင်းအဓမ္မ သိမ်းပိုက်တယ်တဲ့။ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ကို မွတ်စလင်မ်အမျိုးသားတစ်ယောက်က လက်ထပ်ယူရင် ဗလီတွေက ငွေသိန်း(၂၀)ပေးတယ်။ သိန်း(၃၀)ပေးတယ်တဲ့။ လုံးဝမဟုတ်ပါ။ ဒီလိုစွပ်စွဲနေသူများအနေနဲ့ လက်ဆုပ်လက်ကိုင် သက်သေပြ ဖို့တော့ လိုပါတယ်။ ကျနော်တို့လေ့လာမိသလောက်ကတော့ ဒီစွပ်စွဲချက်ကို ဘယ်သူကမှ လက်ဆုပ် လက်ကိုင်နဲ့ သက်သေမပြနိုင်သေးပါဘူး။ မကျေမနပ်ဖြစ်အောင်၊ ဒေါသဖြစ်အောင် လှုံဆော်ပေးတဲ့ အနေအထားမှာပဲရှိပါတယ်။

အစ္စလာမ်ရဲ့ဥပဒေကျမ်းဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်လိုသတ်မှတ်ထားလဲဆိုတော့…

“အို….အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အမျိုးသမီး တစ်ဦးကို ယင်းအမျိုးသမီး သဘောတူကျေနပ်မှုမရှိပဲနှင့် အတင်းအဓမ္မ မသိမ်းပိုက်ပါနှင့်။ “      (ကုရ်အာန်၎း၁၉)

ကျမ်းမြတ်ကုရ်အာန်ရဲ့ နောက်တစ်နေရာမှာ  ဘယ်လိုပြဌာန်းထားသလဲဆိုရင်…..

“သင်တို့(ယုံကြည်သူတို့)သည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်ကိုးကွယ်နေသူ အမျိုးသမီးတို့အား သူမတို့ အီမာန်သက်ဝင်ယုံကြည်လာမှု မရှိသမျှကာလပတ်လုံး ထိမ်းမြားလက်ထပ်မှု မပြုကြလေနှင့်။ တုဖက်နှိုင်းယှဉ်ကိုးကွယ်သူ “မွတ်ရှရီက်း” အမျိုးသမီးတစ်ဦးသည် သင်တို့အတွက် မည်သို့ပင် ကျေနပ်နှစ်လိုမှုကို ပေးစွမ်းနိုင်စေကာမူ အီမာန်သက်ဝင်ယုံကြည်သူ အခြေခံလူတန်းစား အမျိုးသမီးတစ်ဦးက ထို “မွတ်ရှရီက်း” အမျိုးသမီးထက် သင့်အတွက် သာလွန်ကောင်းမွန်လှပေသည်”

သူမတို့ (ယုံကြည်သူအမျိုးသမီးတို့) အား အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက် ကိုးကွယ်သူ အမျိုးသားတို့နှင့် ထိုအမျိုးသားတို့ အီမာန်သက်ဝင်ယုံကြည်လာမှုမရှိသမျှ ကာလပတ်လုံး ထိမ်းမြားလက်ထပ်ပေးခြင်း မပြုကြလေနှင့်။ တုဖက်နှိုင်းယှဉ်ကိုးကွယ်သူ “မွတ်ရှရီက်း” အမျိုးသား တစ်ဦးသည် သင်မတို့အတွက် မည်သို့ပင် ကျေနပ်နှစ်လိုမှုကို ပေးစွမ်းနိုင်စေကာမူ အီမာန်သက်ဝင် ယုံကြည်သူ နာခံတော်အမျိုးသားတစ်ဦးက ထို “မွတ်ရှရီက်း” အမျိုးသားထက် သာလွန်ကောင်းမွန် လှပေသည်။…….”                    (ကုရ်အာန်- ၂း ၂၂၁)

မွတ်ဆလင်မ် အမျိုးသားတစ်ယောက်သည် မွတ်ဆလင်မ် မဟုတ်သူ အမျိုးသမီးတစ်ယောက်ကို ဖြစ်စေ၊ မွတ်ဆလင်မ် အမျိုးသမီးတစ်ယောက်သည် မွတ်ဆလင်မ် မဟုတ်သူ အမျိုးသားတစ်ယောက်ကို ဖြစ်စေ၊ လုံးဝလက်ထပ်ပိုင်ခွင့်မရှိပါ။ ကျွန်တော်တို့ ဗလီတွေမှာ ဒီကိစ္စကို လုံးဝ တားမြစ်ထားပါတယ်။ ဗလီဆရာများ၊ ဗလီတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒီလိုကိစ္စကိုလုံးဝထိမ်းမြားခြင်း မလုပ်ပေးပါနဲ့။ ဒါ ဥပဒေအရပါ အရေးယူနိုင်တယ်။ ကျနော်တို့နဲ့ပတ်သက်ပြီး အခြားစွပ်စွဲထားတဲ့ စွပ်စွဲချက်တွေအများကြီးပါ။ တဖြေးဖြေး အချိန်ရတာနဲ့အမျှ ဒီကိစ္စတွေလည်း ထပ်မံပြီး ပြေလည်တဲ့အထိ ကျနော်တို့ ရှင်းပြသွားမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့မွတ်ဆလင်မ်ဘက်က ဒါတွေကိုအမှန်အတိုင်း မရှင်းပြပဲနဲ့တော့ အခြားသာသနာ တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ တပည့်တော်တို့ သဘောပေါက်ထားပြီးပါပြီ အရှင်ဘုရား။

အဲဒီတော့ ဒါတွေကို ကျနော်တို့ မလုပ်ပါဘူး။ မွတ်ဆလင်မ်ဘက်ကလည်း ဒါတွေကိုထိန်းပါ။ တတ်နိုင်သမျှထိန်းပါ။ ရှောင်ပါ။ မိမိတို့ရဲ့အပြုအမူကြောင့် မိမိတို့၏ညီနောင်တွေနဲ့ သဟဇာတ မဖြစ်စေမယ့် ကိစ္စမျိုးတွေကို လုံးဝရှောင်ပါ။ တရားတော်က ဒီကိစ္စတွေကို လုံးဝတားမြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ (၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်ထဲမှာ ရွှေသံလွင်ဆရာတော်ကြီး တရားလာဟောတယ်ဆိုတာကို အားလုံးကလည်း ဆရာတော်ရဲ့တရားကို နှစ်နှစ်ခြိုက်ခြိုက်နာယူပါ့မယ်။ ဆရာတော် ဟောလိုက်တဲ့တရားက အင်မတန် ကောင်းပါတယ်။ အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာမယ့် ပြသနာတွေ၊ ပဋိပက္ခတွေကို တပည့်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမှန်ကို ဖော်ထုတ်ပေးပါ။ ယနေ့ဖြစ်ပျက်နေတဲ့ ကောလဟာလအပေါ် အခြေခံပြီး အိုးအိမ်ပျက်စီးသွားရတာတွေ၊ သာသနာ့အဆောက်အအုံ ပျက်စီးသွားရတာတွေကို ဆရာတော်တို့ စိတ်မကောင်းဖြစ်သလို တပည့်တော်တို့ လည်း များစွာ စိတ်ထိခိုက်ကြေကွဲရပါတယ်။ နိုင်ငံတော်အတွက်လည်း များစွာနစ်နာရပါတယ်။ အမှန်တကယ်မှာတော့ မွတ်စလင်မ်များရဲ့ အိုးအိမ်များ၊ ဗလီများကို ဖျက်ဆီးခြင်းဆိုတာ မကျေလည်တဲ့ ပြသနာတစ်ရပ်ကို မှန်မှန်ကန်ကန်ဖြေရှင်းတဲ့ နည်းလမ်းတစ်ရပ်တော့ မဟုတ်ပါဘူး။ အမှန်တကယ် နည်းမှန်၊ လမ်းမှန်နဲ့ ဖြေရှင်းချင်တယ်ဆိုရင်တော့ နှစ်ဖက်ဘာသာရေးဆိုင်ရာ အကြီးအကဲများ စားပွဲဝိုင်းမှာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးရမှာပါ။

ဒီကနေ့ ကျနော်တို့က ဗလီဝတ်ကျောင်းတော်ထဲမှာ ဆရာတော်၊ သံဃာတော်များကို ဘာသာဝင်အသီးသီးနှင့်တကွ ဖိတ်ခေါ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ ပြသနာတွေကို ညှိနှိုင်းဖြေရှင်းရာမှာ ရည်ရွယ်ချက်(၂)ရပ်ရှိပါတယ်။

ပထမရည်ရွယ်ချက်က လတ်တလောဖြစ်ပျက်နေတဲ့ ပြသနာဟာ မွတ်ဆလင်မ်နဲ့ဖြစ်နေတာပါ။ နောက်ပြီး ဗလီဝတ်ကျောင်းတော်များနဲ့ ပတ်သက်ပြီး ကောလဟာလတွေက အမျိုးမျိုးထွက်နေပါတယ်။ ဒါကြောင့် သံဃာတော်ကြီးများအပါအ၀င် အားလုံးကို ဗလီထဲမှာပဲ ဖိတ်ခေါ်ဖြေရှင်းလိုက်ရတာပါ။

ဒုတိယရည်ရွယ်ချက်က လက်ရှိလူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပေါ်နေတဲ့ပြသနာကို လူ့အဖွဲ့အစည်းဝင် အားလုံးက (သံဃာတော်များအပါအ၀င်) ပါဝင်ဖြေရှင်း ဆောင်ရွက်ရမယ်လို့ ခံယူထားပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ စောစောတုန်းက ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေ ညွှန်ကြား တဲ့အတိုင်း ဒီလိုမျိုး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်ကြခြင်းဖြင့် အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းအောင် ကြိုးပမ်းကြပါစို့လို့ ပြောကြားရင်းနဲ့  နိဂုံးချုပ်လိုက်ရပါတယ်။

 

မွဖ်သီ ဦးစန်းအောင် (B.Sc)