ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားတွင် သွေးမေတ္တာ ( ပရဟိတအသင်း ) နာယက ရွှေသန်လျင်ဆရာတော် မိန့်ကြားသော သြ၀ါဒကထာတော်
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုအခမ်းအနားတွင် သွေးမေတ္တာ ( ပရဟိတအသင်း ) နာယက ရွှေသန်လျင်ဆရာတော် မိန့်ကြားသော သြ၀ါဒကထာတော်
(၅၉)လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်း တော် “ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးနှင့် သဟဇာတ ဖြစ်မှု”အခမ်းအနားမှာ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော် များရဲ့ကိုယ်စား သွေးမေတ္တာ ပရဟိတအဖွဲ့ရဲ့ နာယက ဆရာတော်တစ်ပါးအနေနဲ့ စကားပြောခွင့်ရတဲ့အတွက် အင်မတန်မှ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ဒီကနေ့ ဆောင်ရွက်ကြတဲ့ ဘာသာပေါင်းစုံ ချစ် ကြည်ညီညွတ်ရေးနဲ့ လူမှုရေး သဟဇာတဖြစ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့လျှော်ညီစွာ ဦးဇင်းတို့ ဘာသာပေါင်းစုံအားလုံး၊ ဘာသာပေါင်းစုံရဲ့အကြောင်း၊ ပုဂ္ဂိုလ်များရဲ့ဘ၀၊ ဘာသာဝင် အသီးသီး၊ သူတော်စင်အသီးသီးတို့က ဤနေရာ၊ ဤဒေသ ကို ကြွရောက်ပြီးတော့ တစ်စုတစ်ဝေးတည်း တွေ့ရမြင်ရလို့ ဦးဇင်းတို့ရဲ့ မြန်မာနိုင်ငံကြီးရဲ့ ရှေ့အလားအလာဖြစ်တဲ့ ဘာသာပေါင်းစုံညီညွတ်မှုကို တည်ဆောက်ပြီးတော့ မြန်မာ နိုင်ငံကို ခေတ်မှီတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်အောင် တည် ဆောက်ဖို့ရန်အတွက် တတပ်တအားနဲ့ ဒီလို အခမ်းအနား ကြီးကို ကျင်းပရခြင်းဖြစ်ပါတယ်။
နောက်ပြီး ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော် များရဲ့ကိုယ်စား ဒီကနေ့ ဦးဇင်းပြောပေးမယ့် ခေါင်းစဉ်က တော့ “ငြိမ်းချမ်းရေး ခေါင်းလောင်းသံ” လို့ ခေါင်းစဉ် တပ်ပြီးတော့ ဒီနေ့ ဒီအခမ်းအနားကြီးမှာ ဘာသာပေါင်းစုံမှ ကြွရောက်လာကြတဲ့ အားလုံးသောသူတော်စင်တွေကို ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ရှုထောင့်ကနေပြီးတော့ ငြိမ်းချမ်း ရေးအတွက် ဆောင်ရွက်ကြတဲ့နေရာမှာ ငြိမ်းချမ်းရေးအ တွက် ဒို့ ဘယ်လိုများ ဘာသာပေါင်းစုံလက်တွဲပြီးတော့ ဆောင်ရွက်ကြမလဲ။
ဟုတ်ကဲ့။ ခေါင်းစဉ်ရဲ့နာမည်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနဲ့ လူမှုရေး သဟဇာတဆိုတော့ ဒီ မြန်မာနိုင်ငံမှာရှိကြတဲ့ ဘာသာပေါင်းစုံချစ်ကြည်ဖို့၊ ညီညွတ် ဖို့ဆိုတဲ့ဥစ္စာ ဦးဇင်းတို့ဘာနဲ့ တည်ဆောက်မလဲလို့ ဒီလို မေးခွန်းလေး မေးစရာဖြစ်လာပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ဖို့ရန်အတွက်၊ ညီညွတ်ဖို့ရန်အတွက် ဦးဇင်းတို့ ဗုဒ္ဓ ရှင်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေ ထဲမှာတော့ ဗုဒ္ဓရှင်တော်မြတ်က ဘာသာပေါင်းစုံ ညီညွတ် ရေး၊ ချစ်ကြည်ရေး၊ တစ်ဦးနဲ့တစ်ဦး အဆင်ပြေရေး အစရှိ တာတွေကို ပေါင်းစည်းနိုင်ဖို့ရန်အတွက် ဗုဒ္ဓဟောကြားတော် မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ ဗုဒ္ဓဟောကြားတော် မူခဲ့သ လို အခြားခြားသော ဘာသာတွေထဲမှာလည်းပဲ ဒီတရားကို လက်ခံကျင့်သုံးနေကြတာ ရှိပါတယ်။ အဲဒါက တခြားမဟုတ် ပါဘူး။ မေတ္တာတရားပါ။ ဒီကနေ့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေ တဲ့ စစ်မက်တွေ၊ အနိဌာရုံတွေနဲ့ ပတ်သက်ပြီး မေတ္တာတရား ပျက်ပြယ်နေတဲ့အတွက်ကြောင့်မို့လို့ ဦးဇင်းတို့တစ်ယောက် နဲ့တစ်ယောက် သတ်ကြတယ်။ ပုတ်ကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျူးကျော်ကြတယ်။ စစ်မက်အန္တရာယ် ဖြစ်ကြ တယ်။ ပဋိပက္ခတွေဖြစ်ကြတယ်ဆိုတာ ဒါမေတ္တာကို မတည် ဆောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်ကြတာဆိုပြီး ဦးဇင်း တို့ဗုဒ္ဓဘာသာရဲ့ ရှုထောင့်အနေနဲ့ ဒီလိုမြင်ပါတယ်။
အဲဒီတော့ မေတ္တာဆိုတာ များသောအားဖြင့် သိကြ တာကတော့ မေတ္တာဆိုတာ ချစ်တာလို့ ဒီလောက်ပဲသိကြ တာ များပါ တယ်။ မေတ္တာရဲ့ အနက်အဓိပ္ပါယ်က ချစ်ခင်ခြင်း၊ စိုစွတ်ခြင်း၊ စေးကပ်တတ်ခြင်းကို မေတ္တာလို့ ဗုဒ္ဓရဲ့ကျမ်းစာ များမှာ မိန့်တော်မူပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်တာ၊ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားလေးတွေ စိုစွတ်နေတာ၊ တစ်ဦးနဲ့တစ်ဦး မေတ္တာ အစေးကလေးတွေကပ်နေတာကို ဒါ မေတ္တာလို့ခေါ်ပါတယ်။ အဲဒီ မေတ္တာကလည်းပဲ သုံးမျိုးရှိ တယ်ပေါ့။ ကိုယ်နဲ့ပြုတဲ့ ကာယကံ မေတ္တာတဲ့။ နှုတ်စကားနဲ့ ပြောဆိုတဲ့ ၀စီကံ မေတ္တာတဲ့။ စိတ်နဲ့ ကြံစည်တဲ့ မနောကံ မေတ္တာဆိုပြီးတော့ ဗုဒ္ဓရဲ့ကျမ်းစာများမှာ မေတ္တာအမျိုးအစား တွေ သုံးမျိုးရှိပါတယ်။
စေးကပ်တတ်တဲ့ သဘောနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုလို့ရှိရင် ဦးဇင်းတို့သုံးစွဲနေကြတဲ့ ပစ္စည်းတွေထဲမှာ စူပါဂလူး ( Super glue ) ဆိုတဲ့ ကော်တစ်မျိုးရှိပါတယ်။ အဲဒီ စူပါဂလူးဆိုတဲ့ကော်နဲ့ ကပ်လိုက်တဲ့အရာမှန်သမျှသည် မကွာနိုင်အောင်၊ ခွာလို့မရလောက်အောင် ကပ်လို့သွားတဲ့ သဘောရှိပါတယ်။ မေတ္တာသဘောလည်း စူပါဂလူးကော်နဲ့ အလားတူပါတယ်။ ဦးဇင်းတို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက်ဆိုရင် မေတ္တာဆိုတဲ့ စူပါဂလူးကော်နဲ့ ဘာသာဝင်တွေအားလုံးအကုန် ကပ်ထား ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေရော၊ ခရစ်ယာန် သူတော်စင်တွေရော၊ အစ္စလာမ် ဘာသာဝင် သူတော်စင်တွေရော၊ ဟိန္ဒူဘာသာဝင် သူတော်စင်တွေ ရော၊ ဒီမြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေကိုသောက်ပြီး မြန်မာ နိုင်ငံမှာ ကြီးပြင်းလာကြတဲ့၊ မြန်မာနိုင်ငံကြီးကို ငြိမ်းချမ်း အောင်ထူထောင်ကြတဲ့ မိမိတို့ဘာသာဝင် သူတော်စင်အား လုံးမှာ မေတ္တာဆိုတဲ့ စူပါဂလူးကော် အင်မတန်လိုအပ်ပါ တယ်။ ကာယကံ မေတ္တာဆိုတဲ့ စူပါဂလူး၊ ၀စီကံ မေတ္တာ ဆိုတဲ့ စူပါဂလူး၊ မနောကံ မေတ္တာဆိုတဲ့ စူပါဂလူးကော်၊ အဲဒီ ဒီကော်သုံးမျိုးနဲ့ စွဲစွဲမြဲမြဲ ကပ်ထားမယ်ဆိုရင် အခုဖြစ် ပေါ်လာတဲ့၊ ဖြစ်ပြီးသွားတဲ့၊ ပဋိပက္ခတွေဟာ ဖြစ်ပေါ်လာ နိုင်စရာ အကြောင်းမရှိနိုင်ပါဘူး။
အဲဒါကြောင့်မို့လို့ ဒီ မေတ္တာနဲ့ပတ်သက်ပြီးတော့ ဦးဇင်းတို့ စာရေးဆရာ၊ ကဗျာဆရာရဲရင့်ရဲ့ ကဗျာလေးတစ် ပုဒ်ကို ဒီနေရာမှာ ဦးဇင်းတို့ သူတော်စင်တွေအတွက် ဒီမေတ္တာလေးကို ဖော်ကျူးလိုပါတယ်။
“ မေတ္တာအလင်းတောက်ခြင်းဟာ
ကမ္ဘာ့မိသားစုကြီးတစ်ခုလုံး
ထာဝစဉ် အားထားမြင်တွေ့ရမည့်
လျှို့ဝှက်ကယ်တင်ရှင်ဖြစ်ပေမဲ့
မေတ္တာတရားခေါင်းပါးမှုနတ်ဆိုးက
ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်
ယနေ့ မျက်ရည်နှင့်သွေးများကို
စနစ်တကျ ဖန်တီးပေးနေပါတယ်။
မေတ္တာရဲ့အလင်းတောက်မှုဟာ
ကမ္ဘာ့မိသားစု တစ်ခုလုံးအတွက်
ထာဝစဉ် ဆောင်ရွက်ရမယ့်
လျှို့ဝှက်အင်အား ဖြစ်ပေမယ့်
သစ္စာတရား ခေါင်းပါးမှုနတ်ဆိုးက
ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်
ဒီကနေ့ သဘာဝဘေးအန္တရာယ်ဆိုးများကို
စနစ်တကျ ဆောင်ကြဉ်းပေးလို့နေပါတယ်။
မေတ္တာ၊ သစ္စာရောင်ခြည်တို့သည်ကား
ကမ္ဘာ့မိသားစုကြီး တစ်ခုလုံးအတွက်
ငြိမ်းချမ်းရေး နိဗ္ဗာန်ဘုံများ ဖန်ဆင်းပေးနိုင်ပေမယ့်၊
စစ်ဆိုတဲ့စစ်ပွဲဆင်နွှဲမှုတွေက
ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်
ကြကွဲဖွယ်ငရဲလမ်းများကို
စနစ်တကျဖန်တီးပေးနေပါပြီ။”
ဒါကြောင့် မေတ္တာခေါင်းပါးရင် ဦးဇင်းတို့တွေ ကမ္ဘာ့မိသားစုတွေအကုန်လုံး နေ့စဉ်နဲ့အမျှ မျက်ရည်သုတ် ပြီးတော့ နေကြရမှာဖြစ်တယ်။ မေတ္တာတရားဆိုတဲ့ စူပါဂလူး ကော် ပျက်ပြယ်သွားရင် မကပ်တဲ့ပုဂ္ဂိုလ်များမှာ သွေးချောင်း စီးပြီးတော့ အနိဌာရုံတွေကို မြင်ကြရမှာဖြစ်တယ်။ ယနေ့ နိုင်ငံရပ်ခြားက နိုင်ငံတကာသတင်းတွေမှာလည်းပဲ မေတ္တာ တရား ခေါင်းပါးတဲ့အတွက်ကြောင့်မို့လို့ တွေ့ကြုံခံစားနေရ တဲ့ စစ်မက်အန္တရာယ်တွေ၊ သဘာဝ အန္တရာယ်တွေ၊ ဒါတွေ ဟာ မေတ္တာတရားခေါင်းပါးမှုကြောင့်ဖြစ်တာပဲ။ မေတ္တာတ ရားခေါင်းပါးမှုနတ်ဆိုးကြီးကနေ ဖန်တီးပေးလိုက်တဲ့သဘာဝ တရားတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးဇင်းတို့ ဟောဒီ နေရာမှာ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအပေါ်မှာ ဆောင်ရွက်ကြတဲ့အတွက် ဦးဇင်းတို့အီတာလျံ ဘုန်းတော် ကြီး တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်တော်မူတဲ့ အီတာလျံဘုန်းတော်ကြီး ဦးလောကနန္ဒ မိန့်တော်မူခဲ့တဲ့ စကားလေးတစ်ခွန်းကိုလည်း လက်ဆောင်ပါးပါရစေ။
“ ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းတို့၊ ဘာသာတရား ကို အလေးထားကြကုန်လော့။ စစ်ကို ဘာသာတရားက တားဆီးနိုင်သည်။ ဘာသာတရားမှတစ်ပါး စစ်မီးငြိမ်းပေးရန် မျှော်လင့်စရာမရှိ။”
ဒါကြောင့် ဒီကမ္ဘာလောကကြီးထဲမှာရှိနေကြတဲ့ ဘာသာဝင်တွေ၊ မိမိတို့ယုံကြည်ရာ၊ယုံကြည်ရာကို ကိုးကွယ် နေကြတဲ့ ဘာသာတရားကိုင်းရှိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေ၊ ဒီ စစ်ကိုဘာသာရေးတရားက တားဆီးနိုင်တယ်။ အီတာလျံ ဘုန်းတော်ကြီး ဦးလောကနန္ဒ မိန့်တော်မူတဲ့စကားပါပဲ။
ဒီကနေ့ဖြစ်ပေါ်နေတဲ့ စစ်မက်ဘေးအန္တရာယ်တွေ ကို ဒီကနေ့ ဘာသာဝင်အသီးသီးမှာ ရှိကြတဲ၊့ ကိုးကွယ် ဆည်းကပ်နေကြတဲ့ ဘာသာဝင်အသီးသီးတို့ရဲ့ မေတ္တာဆို တဲ့ အခုနက စူပါဂလူးကော်၊ အဲဒီ မေတ္တာဆိုတဲ့ စူပါဂလူး ကော်နဲ့ အားလုံး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်မြို့နဲ့တစ်မြို့၊ တစ်နယ်နဲ့တစ်နယ်၊ တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည်၊ ဘာသာရေးကို အဓိကထားပြီးတော့ ဒီမေတ္တာတရားတွေနဲ့ ဆက်နွယ်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် ဒီ ဦးဇင်းတို့ ကိုးကွယ်နေကြတဲ့ ဘာသာတရားကြောင့်ဖြစ်ပေါ်လာမယ့် စစ်မက်အန္တရာယ်ကိုတောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ “ဘာသာတရားမှတစ်ပါး စစ်မီးငြိမ်းပေးရန်မျှော်လင့်စရာမရှိ” လို့ ဦးလောကနန္ဒ အီတာလျံဘုန်းတော်ကြီးက တစ်ချိန် တုန်းက ဒီလိုမိန့်တော်မူပါတယ်။
အဲဒီတော့ မေတ္တာတရားရဲ့ စွမ်းအင်တွေဆိုတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေမှ မဟုတ်ပါဘူး။ အခြားအခြားသော ဘာသာတွေမှာလည်းပဲ ဒီမေတ္တာတရား ကို လက်ကိုင်ထားပြီးတော့ ကျင့်သုံးနေကြတာ တူညီတဲ့ သဘာဝတရားတစ်ခုပါပဲ။ ဦးဇင်းတို့ဗုဒ္ဓဘာသာရဲ့ ကျမ်းဂန် များမှာတော့ ဗုဒ္ဓရှင်တော်မြတ်က မေတ္တာတရားပွားများပြီး တော့နေရမယ်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဘာသာနဲ့ တစ်ဘာသာ၊ တစ်မြို့နဲ့တစ်မြို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ အားလုံး မေတ္တာတရားဆိုတဲ့ စူပါဂလူးကော်တွေ ကပ်ပြီး တော့ မေတ္တာတရားကို အခြေခံပြီးတော့ နေထိုင်ကြမယ် ဆိုရင် ဒီကမ္ဘာလောကကြီး သာယာနိုင်မယ်။ အေးချမ်းနိုင် မယ်။ ၀ပြောနိုင်မယ်။ အဆင်ပြေနိုင်ပါတယ်။ အဲ့ဒါတွေတင် မက ဦးဇင်းတို့ လူသားတွေရဲ့ သက်တမ်းတွေပါ ရှည်လာနိုင် ပါတယ်။ မေတ္တာရဲ့အစွမ်းသတ္တိဟာ အတူတကွ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ယှဉ်တွဲနေရတဲ့ ကောင်းကျိုးတရားရဲ့ အကျိုး ဆက်ပါပဲ။
ဦးဇင်းတို့ ယနေ့လူသားအားလုံး ပေါက်ဖွားနေထိုင် ကြတဲ့ ကမ္ဘာလောကမှာ လူသားတွေရဲ့သက်တမ်းကို ကြည့် လိုက်တဲ့အခါကြတော့ (၇၅)နှစ်သက်တမ်းလို့ ဗုဒ္ဓရဲ့ ကျမ်းစာထဲမှာ မိန့်တော်မူထားတယ်။ (၇၅)နှစ်သက်တမ်း မှာ ဒီကနေ့ လူလာပြီးတော့ဖြစ်ကြတယ်။ မိမိတို့ ယုံကြည်တဲ့ အလျောက် မိမိတို့်ယုံကြည်တဲ့ဘာသာကို ကိုးကွယ်ဆည်း ကပ်ခွင့်ရကြတယ်။ အဲ့ဒီ မေတ္တာတရားကြောင့် ရှေတုန်းက ဦးဇင်းတို့ ဘာသာအသီးသီးမှာ အသက်အရွယ်ကြီးတဲ့၊ အသက် ခုနှစ်ဆယ်၊ ရှစ်ဆယ်၊ ကိုးဆယ် စသည်ဖြင့် အသက်အရွယ်ကြီးတဲ့ သူတော်စဉ်တွေ၊ ဒီအထဲမှာ အများ ကြီး ပါပါလိမ့်မယ်။ ရှေးရှေးတုန်းက ဦးဇင်းတို့ အဖိုးကြီးတွေ၊ အဖွားကြီးတွေ ဟုတ်လား။ အဲ့ဒီခေတ်ကာလတုန်းကလူတွေ ရဲ့သက်တမ်းမှာ အသက်လည်းရှည်ကြတယ်။ ကျန်းမာရေး လည်း ကောင်းကြတယ်။ အစစအရာရာအားလုံး အဆင်ပြေ ကြတယ်။ ဒါဘာ့ကြောင့်လဲဆိုတော့ မေတ္တာရဲ့စွမ်းအင်လို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်များမှာ ဒီလို မိန့်တော်မူပါတယ်။ တဖြည်းဖြည်းနဲ့ လူတွေရဲ့သဏ္ဍာန်မှာ လိုချင်မှုဆိုတဲ့ လောဘ၊ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်ခြင်း အမျက်ဒေါသဖြစ်ခြင်းဆိုတဲ့ ဒေါသ၊ တွေဝေမိုက်မဲခြင်းဆိုတဲ့ မောဟ၊ လူသားအားလုံးတို့ရဲ့ သဏ္ဍာန်မှာ အဲဒီတရားများ သည် အမှောင်တရားပါပဲ။ လိုချင်တပ်မက်မှုတွေများလျှင် ထိုသူသည် မြင်နိုင်စွမ်းရှိတဲ့ ဥာဏ်တွေကို ပိတ်ဖုံးသွားပြီး တော့ အမှောင်ထဲရောက်သွားတာနဲ့ တူပါတယ်။ ဒေါသတရားနှင့် အာဃာတတရားတွေ ကြီးထွားလာပြီဆိုရင် ကောင်းသည်၊ ဆိုးသည် မခွဲခြားနိုင်တော့ပါဘူး။ အဲ့ဒီအခါ ကျတော့ လူသားတို့ရဲ့ အမြင်အာရုံတွေဟာ အမှောင်ထဲကို ရောက်သွားတာနဲ့တူပါတယ်။
အဲ့ဒီတော့ ကမ္ဘာလောကကြီးမှာ ဒီနေ့ ဖြစ်ပေါ်နေ တဲ့ ဒီဘေးဒုက္ခတွေကို ဗုဒ္ဓမြတ်စွာက သူ့ရဲ့ဒေသနာ၊ ကျမ်းစာတွေထဲမှာ “သတ္တ၀ါတွေရဲ့ သဏ္ဍာန်မှာတဲ့၊ ဦးဇင်းတို့ အားလုံးသော သတ္တ၀ါတွေရဲ့ သဏ္ဍာန်မှာ လိုချင်တပ်မက် မှုတွေ အားကြီးလာတဲ့အခါ ဒီကမ္ဘာလောကကြီးမှာ ငတ်မွတ် တဲ့ဘေးတွေ ဆိုက်ရောက်လာမယ်” တဲ့။ ဒီနေ့ ဦးဇင်းတို့ ကမ္ဘာလောကကြီးကိုကြည့်ရင် ချမ်းသာတဲ့နိုင်ငံတွေက ဖိနှိပ် ချုပ်ချယ်ပြီးတော့ အစစအရာရာကို တန်ဖိုးတွေ မြှင့်တင်လာ တဲ့အခါကျတော့ နိမ့်ကျတဲ့၊ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေက ခေတ်မီတဲ့ပစ္စည်းတွေကို မသုံးနိုင်ကြဘူး။ အဲ့ဒီအခါကျတော့ လူသားတွေရဲ့သဏ္ဍာန်မှာ ဘာဖြစ်လာသလဲဆိုတော့၊ စီးပွား ရေးမပြေလည်တဲ့အတွက် အစာရေစာ ငတ်မွတ်ခေါင်းပါး လာတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ဘေးဒုက္ခတွေ ကြုံတွေ့ လာကြတယ်။ သတ္တ၀ါတွေရဲ့သဏ္ဍာန်မှာ အမျက်ထွက်ခြင်း၊ မကျေနပ်ခြင်းဆိုတဲ၊့ ပဋိပက္ခဖြစ်ခြင်းဆိုတဲ့ ဒေါသတရားတွေ လွှမ်းမိုးလာတဲ့အခါမှာ လူတွေဟာ တုတ်၊ ဒါးလက်နက်တွေ ကိုင်ဆွဲပြီးတော့ ဒီကမ္ဘာလောကကြီးမှာ စစ်မက်ဘေးတွေ ဖြစ်လာတတ်တယ်။
ဒါတွေကို ပြန်ကြည့်တဲ့အခါမှာ “လောဘတရားကို အခြေခံ၍ မကျေနပ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ ပဋိပက္ခ ဖြစ်ခြင်းဆိုတဲ့ ဒီဒေါသတရားတွေကိုအခြေခံပြီးတော့ သတ္တ၀ါတွေရဲ့သဏ္ဍာန်မှာ တစ်ယောက်နှင့် တစ်ယောက် မကျေနပ်တဲ့အတွက် တုတ်ဆွဲ၊ ဓားဆွဲ၊ ရရာလက်နက်ဆွဲ တိုက်ပွဲဝင်ပြီးတော့ နေရတဲ့အတွက် ဒီစစ်ဘေးဒုက္ခကြီး၊ လက်နက်ဘေးကြီး ကျရောက်တတ်တယ်” လို့ ဗုဒ္ဓမြတ်စွာက သူ၏ဒေသနာတော် ကျမ်းစာထဲမှာ ဒီလိုမိန့်တော်မူခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒေသနာတော်တွေ ထဲမှာ ဒီနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်နေတဲ့ အခြေအနေ တွေကို ပြန်သုံးသပ်ကြည့်ရင် မှားတယ်ဆိုတာ ဗုဒ္ဓရဲ့ ကျမ်းစာတော်မှာ မရှိပါဘူး။ ဒါကြောင့်မို့ ဒီနေ့ မောဟ ကိလေသာ မောဟဆိုတဲ့ တရား၊ တွေဝေမိုက်မဲခြင်းဆိုတဲ့ တရား၊ သတ္တ၀ါတို့ရဲ့ သဏ္ဍာန်မှာ ကိန်းအောင်းလာတဲ့အခါ လူသားအားလုံးတို့ရဲ့သဏ္ဍာန်မှာ ရောဂါမျိုးစုံစွဲကပ်လာ တယ်။ ဒီနေ့ ဦးဇင်းတို့ မကြားဖူးတဲ့ရောဂါတွေ၊ ဒါတွေကို ပြန်ကြည့်တဲ့အခါမှာ အဲဒီတွေဝေခြင်း၊ မိုက်မဲခြင်း၊ ကောင်း တာနဲ့ မကောင်းတာကို ခွဲခြားမနားလည်ခြင်းဆိုတဲ့ ဒီမောဟ တရားတွေအခြေခံပြီးတော့ သတ္တ၀ါတွေရဲ့သဏ္ဍာန်မှာ ဒီ မောဟတရားတွေလွှမ်းမိုးလာတဲ့ ဒီခေတ်ကာလမှာ ပေါက် ပွားလာကြတဲ့ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူအစရှိတဲ့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဒီကမ္ဘာလောကကြီးထဲမှာ နေထိုင်ကြတဲ့ ဘာသာဝင်အသီး သီးတို့မှာ ကုစားလို့မရနိုင်တဲ၊့ ကူးစက်တတ်တဲ့၊ ရောဂါဆိုး ကြီးတွေ ကျရောက်လာတတ်တယ်။ အဲ့ဒါကြောင့် ဗုဒ္ဓရဲ့ ဒေသနာတော် ရှုထောင့်ကနေပြီးတော့ ပြောပေမဲ့လို့ အခြား အခြားသော ဘာသာတွေမှာလည်း ဒါ ဦးဇင်းတို့ ဒီတရား တွေကို ယုံကြည်လက်ခံကြမှာပါပဲ။
ဦးဇင်းတို့ ဒီနေ့ ဒီအကြောင်းအရာတွေကို ကြည့် ရင် ဒါတွေကိုအခြေခံပြီးတော့ ကမ္ဘာလောကကြီးထဲမှာ စစ်မက်တွေ ဖြစ်နေကြတယ်။ ချမ်းသာတဲ့နိုင်ငံတွေက ချမ်း သာသလို ငတ်မွတ်နေတဲ့ နိုင်ငံတွေက ငတ်မွတ်နေကြ တယ်။တစ်ချို့နိုင်ငံများဆိုရင် သောက်စရာရေမရှိတဲ့အတွက် ကြောင်၊့ စားစရာအစာမရှိတဲ့အတွက်ကြောင့် ဒုက္ခအကြီး အကျယ် ရောက်နေကြတယ်။ ဒါတွေဟာ ပြန်ကြည့်လိုက် မယ်ဆိုရင်၊ ဦးဇင်းတို့ ဗုဒ္ဓရဲ့ကျမ်းစာ၊ ဒေသနာတွေအားဖြင့် ပြောပေမဲ့လို့ သဘာဝအားဖြင့် ကြည့်လိုက်မယ်ဆိုရင်၊ ဒီတရားတွေဟာ ဒီနေ့ ဘာသာဝင်အသီးသီးမှာ ခံစားနေရ တာကိုတွေ့ရပြီး မှန်ကန်တဲ့တရားပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၆၀၀)ကျော်လောက်က ဗုဒ္ဓဟောခဲ့တဲ့ တရားဆိုပေမယ် လို့လည်း ဒီကနေ့ထိအောင် ဒီတရားတော်တွေဟာ လူသား တွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ အမြင့်ဆုံးဒီဂရီ ရောက်ရှိနေမယ်ဆိုရင် သတ္တ၀ါတွေရဲ့သဏ္ဍာန်ဟာ ထိတ် လန့် နေကြရမှာပဲ။ ဒေါသတရားတွေ၊ မကျေနပ်မှုတွေ၊ လောဘတရားတွေ၊ အာဃာတ တရားတွေ၊ သတ္တ၀ါတွေရဲ့ သဏ္ဍာန်မှာ လွှမ်းမိုးနေတဲ့ခေတ်ကာလမှာ အဲ့ဒီခေတ်ကာလ မှာ ရောက်ရှိနေကြတဲ့ ဘာသာဝင်သူတော်စင်တို့ရဲ့ သဏ္ဍာန်မှာ အဲ့ဒီ လက်နက်ဘေးဆိုးကြီးတွေ ဆိုက်ရောက် လာမှာပဲ။ မောဟဆိုတဲ့၊ ကောင်းတာ မကောင်းတာ ခွဲခြား နားမလည်တတ်တဲ့ ဒီသဘာဝတရားကြီးတွေ အားလုံးတို့ရဲ့ သဏ္ဍာန်မှာ ရှိနေမယ်ဆိုရင်တဲ့ အဲ့ဒီ ခုနကပြောတဲ့ ရောဂါ ဘယမျိုးစုံဆိုတဲ့ ကုစားလို့မရတဲ့ ရောဂါမျိုးစုံဟာ ပေါ်ပေါက် လာမှာပဲ။ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူအစရှိတဲ့ ဘာသာအသီးသီးမှာ ရှိကြတဲ့ ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ ဘာသာဝင်အသီးသီးတို့ရဲ့ သဏ္ဍာန်မှာ ဒီတရားတွေ လွှမ်းမိုးနေရင်လည်း လွှမ်းမိုးနေခြင်းခံရတဲ့ ဘာသာဝင် အား လုံးတို့က ဒီအကျိုးဆက်တွေကို ခံစားနေကြရမှာပါပဲ။
ဒါကို ပြန်ကြည်တဲ့အခါကျတော့ ဦးဇင်းတို့ အပေါ် ယံတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီနေ့ မြန်မာနိုင်ငံမှာ တစ်ဘာသာနဲ့တစ်ဘာသာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ပြန်ကြည့်တဲ့အခါမှာ ဟာ- ဗုဒ္ဓဘာသာဝင်က အစပြုလို့၊ ဟာ- မွတ်စလင်မ်က အစပြုလို့၊ ခရစ်ယာန်က အစပြုလို့ စသည်ဖြင့် အပြင်ဘက်က ကြည့်လိုက်မယ်ဆိုရင် ဦးဇင်းတို့ ‘ဘယ်ဘာသာ’ ဆိုတဲ့ ပညတ်ကို တွေ့ရမှာပါ။ အတွင်းကို နှိုက်နှိုက်ချွတ်ချွတ် ကြည့်လိုက်တဲ့အခါကြတော့ ဘယ်ဘာ သာကမှ စတင်ပြီးတော့ ကျူးလွန်တာမဟုတ်ပါဘူး။ လူသား အားလုံးတို့ရဲ့ သဏ္ဍာန်မှာဖြစ်တဲ့ “စိတ်” ပါ။ အဲ့ဒီ စိတ်က ကောင်းသောစိတ်ဝင်နေတဲ့ဘာသာ သူတော်စင်တွေမှာ ကောင်းသောစိတ်က ကောင်းတဲ့အကျိုးဆက်တွေရမှာပါပဲ။ လူသားအားလုံးတို့ရဲ့သဏ္ဍာန်မှာ မှီတင်းနေတဲ့ မကောင်း စိတ်က မိမိတို့ကို မကောင်းတဲ့အကျိုးဆက်တွေကို ပေးနေ မှာပဲ။ အဲ့ဒီတော့ ဘယ်ဘာသာကလုပ်တယ်။ ဘယ်ဘာသာ က အစပြုတယ်လို့ နော်- ပညတ်တဲ့တရားတွေဖက်က ပြောနေပေမဲ့ သဘာဝတရားအဖြစ်နဲ့ ပြောရမယ်ဆိုရင်တော့ ဘယ်ဘာသာကမှ လုပ်တာမဟုတ်ဘူး။ အဲ့ဒီဘာသာကို သတ္တ၀ါတွေရဲ့၊ လူသားအားလုံးတို့ရဲ့၊ ဘာသာဝင်တို့ရဲ့ သဏ္ဍာန်မှာဖြစ်နေတဲ့ စိတ်တစ်ခုကပဲ ကောင်းတဲ့လုပ်ငန်းကို လုပ်တယ်။ မကောင်းတဲ့ အဖျက်လုပ်ငန်းကို လုပ်တယ်။ အဲ့ဒီတော့ ဘယ်ဘာသာက လုပ်တယ်၊ ဘယ်ဘာသာက အစပြုတယ်လို့ ဦးဇင်းတို့ ပညတ်နေတယ်။ တကယ်တမ်း တော့ ဒီစိတ်ကဘဲ ဦးဇင်းတို့ ကောင်းတဲ့လုပ်ငန်းတွေ လုပ် ဖြစ်တယ်။ မကောင်းတဲ့လုပ်ငန်းတွေ လုပ်တယ်။ အဲဒီ့ စိတ်ကလေးကို၊ဦးဇင်းတို့က မကောင်းတဲ့ဖက်ကို တိမ်းညွှတ် နေတဲ့ မကောင်းတဲ့စိတ်ကလေးကို ကောင်းတဲ့ဖက်ကို လှည့်ပေးလိုက်မယ်ဆိုရင် ဦးဇင်းတို့ မြန်မာနိုင်ငံကြီး ဒီ့ထက် မက အေးချမ်းလာမယ်၊ သာယာလာမယ်၊ ၀ပြောလာမယ်၊ စည်ကားလာမယ်။
ယနေ့ ခေတ်မှီတဲ့၊ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံ တော်ကြီးကို (၂)နှစ်တာချီတက်နေတဲ့ကာလမှာ ဘာသာဝင် အသီးသီးတို့က မိမိတို့ရဲ့ ဘာသာရေးရှုထောင့်ကနေပြီး တော့ ကိုယ့်မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းအောင်၊ သာယာ အောင် အားလုံးဟာ ကျန်တဲ့၊ ကျန်တဲ့ ဘာသာဝင်တွေများ နှင့်လည်း မိမိတို့ ‘မေတ္တာ’ ဆိုတဲ့ စူပါဂလူးကော်လေးတွေနဲ့ ကပ်ပြီးတော့ ဒီလို နေကြ၊ ထိုင်ကြမယ်ဆိုရင် ဦးဇင်းတို့ မြန်မာနိုင်ငံကြီး ဒီ့ထက်မက တိုးတက်လာမှာ၊ မြင့်မားလာ မှာ၊ အောင်မြင်လာမှာ၊ ကြီးပွားလာမှာကို ဦးဇင်းတို့ မြင်ပါ တယ်။
ဒါကြောင်မို့ ဗုဒ္ဓမြတ်စွာပွင့်တော်မူတုန်းက လူတွေ ရဲ့သက်တမ်း (၁၀၀) တမ်းမှာနေရပြီးတော့ အခုနပြောခဲ့တဲ့ မကောင်းစိတ်တွေကြောင့် မေတ္တာဆိုတဲ့ စူပါဂလူးကော်တွေ ပြယ်တဲ့အတွက်ကြောင့်မို့လို့ သက်တမ်းက လျော့လာတယ် လို့ ဗုဒ္ဓမြတ်စွာက ဒီလိုမိန့်ပါတယ်။ ယနေ့ သက်တမ်း(၇၅) နှစ်ကဆိုတော့ (၂၅) နှစ် လျော့သွားပါပြီ။ ကမ္ဘာလောကကြီး စတင်တည်ထောင်စဉ်တုန်းက သက်တမ်းသည် (၁၀၀)တမ်း လို့၊ ဒီလိုပြောကြပေမယ်လို့ ယနေ့(၂၅)နှစ် လျော့သွားတာ သည် ဘာကြောင့် သတ္တ၀ါတွေရဲ့သက်တမ်း လျော့သွား လည်းဆိုရင် မေတ္တာဆိုတဲ့ စူပါဂလူးကော် မကပ်တဲ့အတွက် ကြောင့် သတ္တ၀ါတွေ သက်တမ်း လျာ့သွားခြင်းဖြစ်ပါတယ်။ သတ္တ၀ါတို့ရဲ့ သက်တမ်းသည် ဘယ်လောက်အထိ လျော့ သွားမလဲဆိုရင် ယနေ့(၇၅)နှစ်၊ (၇၅)ကနေရင်း တဖြေးဖြေး နဲ့ (၇၀)၊ (၇၀)ကနေ(၆၀)၊ (၆၀)ကနေ(၅၀)၊ (၄၀)၊ (၃၀)၊ (၃၀)ကနေ(၂၀)၊ (၂၀)ကနေ(၁၀)နှစ် သက်တမ်းအထိကို ဦးဇင်းတို့ ဘာသာဝင်သူတော်စဉ်တွေအားလုံး ဒီကနေ့ မြန်မာနိုင်ငံမှာ နေကြတဲ့၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာနေကြတဲ့ လူတွေအကုန်လုံးဟာ (၁၀)နှစ်သက်တမ်းကို ရောက်လာ မယ်လို့ ဗုဒ္ဓမြတ်စွာရဲ့ ကျမ်းစာတွေမှာ ဒီလိုပြထားပါတယ်။ ဘာကြောင့် လူတွေရဲ့သက်တမ်းလျော့သွားတာလဲ။ တိုသွား တာလဲ။ ဦးဇင်းတို့ အကြောင်းရှာကြည့်တဲ့အခါကျတော့ မေတ္တာတရားခေါင်းပါးသွားလို့ပါ။
ဘာသာဝင်၊ သူတော်စင်အသီးသီးတို့ မေတ္တာ တရားခေါင်းပါးလာပြီဆိုရင် သက်တမ်းတွေက တိုလာတယ်။ စစ်မက်တွေဖြစ်လာမယ်။ သဘာဝဘေးအန္တရာယ်တွေ ကျ ရောက်လာမယ်။ အဲဒီအန္တရာယ်တွေကြောင့် သတ္တ၀ါတွေက မရှုမလှသေဆုံးပြီးတော့ ကမ္ဘာလောကကြီးထဲကနေ ထွက် ခွာသွားကြရတယ်။ ဒါကြောင့်လူတွေရဲ့သက်တမ်းသည် ကမ္ဘာလောကကြီးမှာရှိကြတဲ့ လူတွေရဲ့သက်တမ်းသည် (၁၀)နှစ်သက်တမ်း ရောက်လာလိမ့်မယ်တဲ့။ ဒါလည်း ဦးဇင်း တို့ ဗုဒ္ဓရဲ့ကျမ်းစာထဲမှာ ဆိုထားပေမယ်လို့ သဘာဝတရား တွေနဲ့ ကြည့်မယ်ဆိုရင်လည်းပဲ ဒါဟာအင်မတန်မှန်တဲ့ တရားပါပဲ။
ရှေးတုန်းကလူကြီးတွေက အလောင်းမင်းတရား ကြီး၊ မဟာဗန္ဓုလတို့ခေတ်ကဆိုရင် မြန်မာလူမျိုးကြီးတွေရဲ့ အရပ်အမောင်းဟာ အင်မတန်မှ ထောင်ထောင်မောင်း မောင်းကြီးတွေ၊ လက်ရုံးရည်၊ နှလုံးရည်နဲ့လည်း ပြည့်စုံကြ တဲ့ သူရဲကောင်းကြီးတွေ။ ပုဂံခေတ်တုန်းကလည်း သူရဲ ကောင်းကြီးတွေ ပေါ်ခဲ့တယ်။ အဲ့ဒီ သူရဲကောင်းကြီးတွေ ခေတ်ကာလတုန်းက အရပ်အမောင်းတွေ၊ သက်တမ်းတွေ ရှည်ကြတယ်။ ယနေ့ဦးဇင်းတို့ လက်ရှိနေကြတဲ့ ခေတ် ကာလပြောင်းနေတဲ့ ဒီနေ့ ဒီအချိန်အခါမှာရှိကြတဲ့၊ ဘာသာ ပေါင်းစုံမှာရှိကြတဲ့ လူတွေရဲ့ ခန္ဓကိုယ်ဖွံ့ဖြိုးမှု၊ အသက်ရှည် မှု ဒါတွေကို ပြန်ကြည့်တဲ့အခါကျတော့ ရှေးရှေးနဲ့ မတူတော့ ဘူး။ စားစရာတွေ၊ သောက်စရာတွေ ပေါ်လာပေမဲ့လို့ အဲဒီစားစရာတွေ၊ သောက်စရာတွေရဲ့နောက်မှာ ဓာတုဗေဒ ဆေးဝါးတွေကလည်းပဲ ပါလာတဲ့အတွက်ကြောင့်မို့လို့ သတ္တ၀ါတွေရဲ့သဏ္ဍာန်မှာ ခုနကပြောတဲ့ ရောဂါဘယတွေ ထူပြောပြီး များလာတယ်။ ခန္ဓာကိုယ်မှာကျတော့လည်း တောင့်တောင့်တင်းတင်း၊ ဖွံ့ဖွံ့ဖြိုးဖြိုးဖြစ်မလာတော့ဘူး။ အဲဒီ လိုနဲ့ တဖြည်းဖြည်းနဲ့ အရပ်အမောင်းတွေက တိုလာတယ်၊ အသက်တွေက တိုလာကြတယ်၊ စသည်ဖြင့် ဒါတွေကိုပြန် ကြည့်တဲ့အခါမှာ ဒါဟာ မေတ္တာတရားရဲ့ ခေါင်းပါးမှုတွေ ကြောင့် သက်တမ်းတိုလာတယ်လို့ သဘာဝအားဖြင့်လည်းပဲ ကြည့်လိုက်ရင် ဒါဟာ မှန်ကန်နေတာပါပဲ။
အဲဒီတော့ အဲဒီသက်တမ်း(၁၀)နှစ်ကို သက်တမ်း ပြောင်းတဲ့အခါမှာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက ဒီကမ္ဘာလောက ကြီးထဲမှာရှိကြတဲ့ နိုင်ငံအသီးသီး၊ ဒေသအသီးသီးမှာရှိကြတဲ့ လူတွေရဲ့စိတ်နှလုံးဟာ တိရစ္ဆာန်တို့ရဲ့ စိတ်နှလုံးနဲ့ တူသွား လိမ့်မယ်တဲ့။ ယနေ့ ဦးဇင်းတို့ တူနေပြီလား။ မတူသေးဘူး လားဆိုတဲ့ အချက်ကလေးကို ဆန်းစစ်ကြည့်ကြမယ်။ ဒီကနေ့ လူသားအားလုံးတို့ရဲ့သဏ္ဍာန်မှာ ခုနကပြောခဲ့တဲ့ အဖျက်စိတ်တွေ၊ ဒေါသစိတ်တွေ၊ အာဃာတစိတ်တွေ၊ ဒီစိတ်တွေလွှမ်းမိုးနေတဲ့ အချိန်ကာလမှာ သတ္တ၀ါတွေရဲ့ အသက်တွေတိုလာပြီးတော့၊ ရောဂါဘယတွေများပြီးတော့ လာတယ်။ သဘာဝအန္တရာယ်တွေ ကျရောက်လာတယ်။ ရှေးရှေးတုန်းက ဦးဇင်းတို့ မြန်မာနိုင်ငံကြီးမှာ မုန်တို်င်းဆို တာကို ဦးဇင်းတို့ သူတော်စင်တွေ မကြားခဲ့ဖူးပါဘူး။ ဟုတ်လား၊ လွန်ခဲ့တဲ့ (၄၊ ၅၊ ၆) နှစ်လောက်တုန်းက နာဂစ် မုန်တိုင်းဆိုပြီးတော့ အင်မတန်ဆိုးသွမ်းတဲ့၊ ကြောက်စရာ ကောင်းတဲ့၊ နတ်ဆိုးကြီးတမျှရှိတဲ့ မုန်တိုင်းကြီး ဦးဇင်းတို့ရဲ့ မြန်မာနိုင်ငံကြီးကို ၀င်ရောက်နှောက်ယှက်ပြီးတော့ ဒုက္ခပေး သွားတာ၊ လူတိုင်းဒါမြင်ရမှာပါ။ ဒါတွေက ဗုဒ္ဓဘာသာရဲ့ ရှုထောင့်ကနေကြည့်လိုက်တဲ့ အခါကြတော့ သတ္တ၀ါတွေရဲ့ မေတ္တာတရားခေါင်းပါးမှုကြောင့် သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာတယ်။ စစ်မက်ဘေးတွေ ကြုံတွေ့လာတယ်။ ရောဂါဘယတွေတိုးလာတယ်။ အဲတော့ ဦးဇင်းတို့ သူတော် စင်တွေရဲ့ သက်တမ်းသည် ယနေ့(၇၀)ရှိပေမယ့်လို့ တဖြည်း ဖြည်းနဲ့ သက်တမ်းသည် လျော့သွားတယ်။ လျော့သွားတဲ့ အခါမှာ လူတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကလည်းပဲ တဖြည်းဖြည်း နဲ့ သေးသွားတယ်။ ခန္ဓာကိုယ်သေးသွားတဲ့အခါကျတော့ အသိဥာဏ်တွေကလည်းပဲ သေးသွားမှာပါ။ အသိဥာဏ်တွေ သေးသွားတဲ့အခါကျတော့ ကောင်းတာမကောင်းတာကို မခွဲခြားနိုင်တော့ဘူး။ မကောင်းတဲ့ဖက်ကိုအများကြီးလုပ်ကြ၊ ကိုင်ကြမယ်။ ပြီးတော့တစ်ခါ အဲဒီ (၁၀)နှစ်သက်တမ်း ကာလမှာ တစ်ယောက်နဲ့တစ်ယောက် လမ်းပေါ်မှာ တွေ့ ကြတဲ့အခါ ‘မင်းကဘာလဲ၊ ငါကဘာလဲ’ ဆိုပြီးတော့ ကြီးတဲ့ သူက ငယ်တဲ့သူကို အနိုင်ကျင့်မယ်။ နှိပ်စက်မယ်။ အဲ့လို အနိုင်ကျင့် နှိပ်စက်တဲ့အခါကျတော့ မနိုင်တဲ့သူက နိုင်ရာ နိုင်ရာ လက်နက်ကိုင်စွဲပြီးတော့ အဲ့ဒီမှာ ခုခံကြရမယ်။
ဗုဒ္ဓမြတ်စွာက နောင်ဖြစ်မယ့် အနာဂတ်ကို သူ့ရဲ့ ဒေသနာတော်မှာဟောကြားသွားတဲ့ အနာဂတ်ဟောကိန်း လို့လဲ ဆိုနိုင်တယ်ပေါ့။ အဲ့ဒီ ခေတ်ကာလကြီးဟာ အင်မ တန် ကြောက်ဖို့ကောင်းတယ်။ ကမ္ဘာလောကကြီးထဲမှာ အင်မတန် ကြောက်ဖို့ကောင်းတဲ့၊ နေလို့မကောင်းတော့တဲ့ ခေတ်ကာလဆိုးကြီးကို ဦးဇင်းတို့ရဲ့၊ သူတော်စင်တို့ရဲ့ သား သမီးတွေ၊ မြေးတွေ၊ မြစ်တွေရဲ့ နောက်ပိုင်းပေါ့ဗျာ။ အဲ့ဒါ တွေ အကုန်လုံးဟာ အဲ့ဒီ(၁၀)နှစ်သက်တမ်း နောက်ပိုင်း သည် ဘေးဆိုးဒုက္ခကြီးကို အားလုံးကြုံရမှာတဲ့။ အဲဒီတော့ (၁၀)နှစ်သက်တမ်းကာလမှာ ရောက်နေတဲ့ လူတွေရဲ့စိတ် သည် လမ်းပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ တရိစ္ဆာန် ဖြစ်တဲ့ ခွေးတွေရဲ့ အသိဥာဏ်လောက်ပဲ ရှိတယ်။ ခွေးဆိုတဲ့ သတ္တ၀ါသည် အစာတစ်ခုတွေ့ရင် တစ်ဖအေ၊ တစ်မအေ ၀မ်းထဲကဆင်းတဲ့ ခွေးဖြစ်ပေမယ်လို့ လမ်းတွေ့တာနဲ့ ဒီ အစာကိုအကြောင်းပြုပြီးတော့ ဒီခွေးနှစ်ကောင်ဟာ မတည့် တော့ဘူး။ အစွယ်တွေကြီးလာ သွားတွေကြီးလာပြီးတော့ ရန်မူပြီးတော့ ကိုက်ကြမယ်၊ ပုတ်ကြမယ်၊ သတ္တ၀ါတွေရဲ့ သဏ္ဍာန်မှာလဲ (၁၀)နှစ်သက်တမ်းကာလမှာတော့ ဒီအတိုင်း ဖြစ်မယ်တဲ့။ အဲ့ဒီအခါကျတော့ ကောင်းတဲ့သူတွေ ရှိသလို မကောင်းတဲ့သူတွေကလဲ ရှိကြတယ်။ ကောင်းတဲ့သူတွေက သတ္တ၀ါတွေရဲ့သဏ္ဍာန်မှာ မေတ္တာတရားခေါင်းပါးလာပြီ။ စစ် မက်ဘေးတွေကြုံတွေ့လာပြီ။ မေတ္တာဆိုတဲ့ စူပါဂလူးကော် တွေ မကပ်တော့ဘူးလေ။ ကမ္ဘာလောကကြီး နေလို့ ထိုင်လို့ မကောင်းတော့ဘူး။
ရှေးတုန်းကနေတဲ့ အနေအထားနဲ့ ယနေ့ မျက် မှောက်အနေအထားကို ကြည့်လိုက်ရင် ဒါ ဦးဇင်းတို့ အထူး ပြောစရာမလိုပါဘူး။ မေတ္တာတရားပြည့်စုံနေတဲ့ အချိန် အတွင်းမှာ အားလုံးသော သူတော်စင်တွေ မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းနေလို့ ဘယ်နားသွားသွား၊ ဘယ်နားလာ လာ၊ အဆင်ပြေကြမှာပါနော်။ မေတ္တာတရား ခေါင်းပါလာ ပြီဆိုရင် ဘာသာဝင်အသီးသီးတွေမှာ ဘယ်ဘာသာဝင်မဆို မေတ္တာတရား ခေါင်းပါးလာပြီဆိုရင်တော့ အိမ်ထဲက အိမ်ပြင် မထွက်ရဲလောက်အောင်ကို ဒုက္ခတွေ ကြုံတွေ့ကြရမှာပါ။ အဲ့ဒါကြောင့်မို့လို့ အဲ့ဒီခေတ်ကာလမှာ နည်းနည်းပါးပါး အသိ ဥာဏ်ရှိတဲ့သူတွေက ယနေ့ သူတို့တွေနေထိုင်တဲ့ ဒီဒေသ သည် နေဖို့တော့ မသင့်လျော်ဘူး။ တခြားတခြားနေရာ၊ တောတောင်ဒေသကို၊ လူမရောက်နိုင်တဲ့နေရာတွေကို၊ ဒီလူတွေရဲ့ ရန်ကလွတ်အောင် ပြေးကြမှဖြစ်မယ် ဆိုပြီး တော့ အဲ့ဒီ တောတောင်ဒေသတွေကို ပြေးကြတယ်။ တော တောင်ဒေသမှာ မှီပြီးတော့ ပုန်းခိုပြီးတော့မှ အဲ့ဒီကိုရောက် သွားကြတဲ့ လူတွေအချင်းချင်းဟာ ကတိ တစ်ခုလုပ်တယ် တဲ့။ ဘာကတိလုပ်သလဲဆိုတော့ ငါတို့ဒီရောက်နေကြတဲ့ လူသားအားလုံးတို့သည်၊ အဲဒီလူသားအားလုံးဆိုတဲ့အထဲမှာ ခုနက ဗုဒ္ဓဘာသာဝင်တွေလဲ ပါမယ်။ ခရစ်ယာန်၊ မွတ်စလင်မ် အစရှိတဲ့ ဘာသာဝင်အသီးသီးကလူတွေလည်း အဲ့ဒီမှာ ပါသွားပါတယ်။ အဲဒီမှာပါသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ယနေ့ ဦးဇင်းတို့ ကျင်းပတဲ့ “ချစ်ကြည်ညီညွတ်ခြင်း” ဆိုတဲ့ ဒီအစည်းအဝေးမျိုးလုပ်နေတယ်ပေါ့။ သူတို့ကလည်း အဲ့ဒီ ကာလမှာ တောထဲရောက်လာကြတဲ့ ဘာသာအသီးသီးမှာ ရှိတဲ့လူတွေဟာ ကတိတစ်ခုလုပ်တယ်တဲ့။ အစည်းအဝေး တစ်ခုပေါ့။ ဒီကို ရောက်လာကြတဲ့ ဒို့လူတွေ တစ်ယောက်နဲ့ တစ်ယောက် မညှင်းဆဲကြစတမ်း။ တစ်ယောက်နဲ့တစ် ယောက် မသတ်ဖြတ်ကြစတမ်း။ တစ်ယောက်နဲ့တစ် ယောက် အနိုင်မကျင့်ကြစတမ်း။ တစ်ယောက်ရဲ့ဘာသာကို တစ်ယောက်က မစော်ကားကြစတမ်းပေါ့။ ဒါတွေလည်းပါ တာပေါ့နော်။ အဲ့ဒီလိုမျိုး သူတို့က တောထဲရောက်နေကြတဲ့ လူအချင်းချင်း ကတိက၀တ်ပြုပြီးတော့ အဲ့ဒီမှာသူတို့ ညီညီ ညွတ်ညွတ် သဘောတူပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဲ့ဒီ တောထဲမှာ နေကြပါတယ်။ အဲ့ဒီတောထဲမှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေကြတဲ့လူတွေက မွေးလိုက်တဲ့ သတ္တ၀ါ၊ မွေးလိုက်တဲ့လူသားတွေဟာ (၁၀)နှစ်အသက် ပိုရှည်သွား တယ်တဲ့။ အဲ့ဒါ မေတ္တာရဲ့ စွမ်းအင်ပါ။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေခွင့်ရသော ပုဂ္ဂိုလ်များဟာ သက်တမ်းတွေ ပိုလာတယ်။ သက်တမ်းတွေ ရှည်လာပါ တယ်။ ခုနက တောထဲပြေးသွားတဲ့ လူတွေရဲ့ သက်တမ်းက (၁၀)နှစ်၊ သူတို့တွေက အိမ်ထောင်တွေပြုကြပြီးတော့ သား သမီးတွေထပ်ပြီးတော့မွေးတဲ့အခါမှာ သူတို့ရဲ့သားသမီးများ က (၁၀)နှစ်သက်တမ်း ရှည်လာတာကနေ အနှစ်(၂၀)ဖြစ် လာတယ်။ နောက် (၁၀)နှစ်၊ အနှစ်(၂၀) သားသမီးတွေက အိမ်ထောင်ထပ်ပြုကြလို့ သားသမီးတွေမွေးတဲ့အခါမှာ သူတို့ ရဲ့ သားသမီးတွေက အနှစ်(၄၀)၊ အဲ့ဒီကနေပြီးတော့မှ သက် တမ်းပြန်တက်သွားတဲ့အခါမှာ အသင်္ချေမရေနိုင်လောက်တဲ့ သက်တမ်းရှည်တဲ့ထိ ရောက်ရှိသွားပါတယ်။ ဒါဟာ ဘာကြောင့် ဒီလို သက်တမ်းရှည်ရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ကြည့်လိုက်ရင် မေတ္တာထားတဲ့ အတွက်ကြောင့် တဲ့။ မေတ္တာပွားတယ်၊ မေတ္တာထားတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလိုတဲ့စိတ်ကြောင့် လူသားအားလုံးတို့ရဲ့ (၁၀)နှစ်သက် တမ်းကနေပြီး ရှည်တဲ့သက်တမ်းထိ အနှစ်အသင်္ချေ နေခွင့် ရလာပါတယ်။ ဒါကြောင့် ဒီနေ့ ဦးဇင်းတို့ ဟောဒီ (၅၉)လမ်း၊ ၀တ်ကျောင်းတော်မှာ “ချစ်ကြည်ရေး၊ညီညွတ်ရေး” ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားပြီးတော့ ဘာသာပေါင်းစုံ ဒီနေ့ အစည်းအဝေးကြီးကျင်းပတာ ဦးဇင်းတို့ရဲ့ မြန်မာနိုင်ငံ ကြီးအတွက် အင်မတန်မှကံကောင်းတဲ့ လက်ဆောင်ပါပဲ။ ကံကောင်းတဲ့ ခေါင်းလောင်းသံပါပဲ။
အဲ့ဒီတော့ ဦးဇင်းတို့ နောက်ထပ် ဗုဒ္ဓမြတ်စွာရဲ့ ရှေးတုန်းက အိန္ဒိယမှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကို အတိုချုပ်ပြောပြီးရင် ဦးဇင်းရဲ့ဒီစာတမ်းကို နိဂုံးချုပ်မှာဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံ ဗာရာဏသီပြည်မှာ ရှေးတုန်းက ရှင်ဘုရင်ကြီးတစ်ပါး တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူခဲ့ပါ တယ်။ အဲ့ဒီ ဗာရာဏသီပြည်ရှင်မင်းကြီး တိုင်းပြည် အုပ်ချုပ် တဲ့ကာလမှာ ဒီရှင်ဘုရင်ကြီးဟာ ကိုယ်ကျင့်တရားကိုလည်း ပဲ ထိန်းသိမ်းစောင့်ရှောက်တယ်။ မိမိတိုင်းပြည်မှာရှိကြတဲ့ လူသားအားလုံးတွေကိုလည်းပဲ အားလုံးရဲ့အပေါ်မှာ သူက တော့ဖြူလို့၊ သူကတော့ မဲလို့ဆိုပြီးတော့ ဒီလိုမျိုး စိတ်မထား ဘဲနဲ့ ရှင်ဘုရင်ကြီးကိုယ်တိုင်ကနေပြီးတော့ အားလုံးသော သတ္တ၀ါတွေရဲ့အပေါ်မှာ သာတူညီမျှသော မေတ္တာတရား လက်ကိုင်ထားပြီးတော့ တိုင်းပြည်ကြီးကို အုပ်ချုပ်တယ်။ အဲ့ဒီလို တိုင်းပြည်ကြီးကို အုပ်ချုပ်တဲ့အခါ တစ်နေ့သော ကာလမှာ ဘုရင်ကြီးရဲ့ အမတ်ကြီးတစ်ယောက်ဟာ လာဘ် စားတဲ့အတွက်ကြောင့်မို့လို့ ဘုရင်ကြီးက အဲ့ဒီအမတ်ကြီးကို တိုင်းပြည်ကနေပြီးတော့ နှင်ထုတ်လိုက်တယ်။ တိုင်းပြည်က နေ နှင်ထုတ်လိုက်တော့ အဲ့ဒီဗာရာဏသီပြည်ရဲ့ အနီး အနားမှာရှိတဲ့ ကောသလ္လတိုင်းတဲ့။ အဲ့ဒီတိုင်းမှာ ကောသလ္လ မင်းကတိုင်းပြည်အုပ်ချုပ်တယ်။ ခုနက ဗာရာဏသီမင်းက နှင်ထုတ်လိုက်တဲ့အမတ်က ကောသလ္လဘုရင်ကြီးထံ ချဉ်း ကပ်ပြီးတော့ သူက အခစားဝင်မယ်ပေါ့။ အခစားဝင်တော့ ကောသလ္လမင်းက “မင်းဘယ်သူလဲ။ မင်းသူလျှိုပဲ။ မင်း သူလျှိုမဟုတ်လား။ မင်းဗာရာဏသီမင်းရဲ့ သူလျှိုမဟုတ် လား ” လို့မေးတယ်။ အဲ့ဒီအခါကျတော့ တိုင်းပြည်ကနေ နှင်ထုတ်ခံရတဲ့ အမတ်က ကောသလ္လမင်းကို “ကောသလ္လ မင်းကြီး- ဗာရာဏသီပြည်ဟာ ပျားမရှိတဲ့ ပျားလပို့ လိုပါပဲ။ ပျားကောင်တွေမရှိတဲ့ ပျားအုံကြီးတွေ တောထဲမှာသွားရင် တွေ့လိမ့်မယ်။ အဲ့ဒီ ပျားလပို့လိုဖြစ်နေတဲ့ ဗာရာဏသီပြည် ဟာ ပစ္စည်းဥစ္စာတွေအားဖြင့်၊ တိုင်းပြည်ရဲ့ သဘာဝသယံ ဇာတတွေအားဖြင့်၊ အင်မတန်ပေါများတဲ့ တိုင်းပြည်ဖြစ် တယ်။
အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဗာရာဏသီမင်းကြီး ကလည်း အင်မတန် စိတ်ထားနူးညံ့ပျော့ပျောင်းတဲ့ ဘုရင် ကြီးတစ်ပါးဖြစ်တယ်။ ဒါကြောင့် အရှင်မင်းကြီး ဗာရာဏသီ ပြည်ကို လွယ်လွယ်လေးနဲ့ ကျွန်တော်တို့ သွားပြီးတော့ တိုက်နိုင်ပါတယ်။ တိုက်ယူသိမ်းပိုက်မယ်ဆိုရင် အလွယ် တကူ သိမ်းယူနိုင်ပါတယ်။ အဲလို သံတော်ဦးတင်တဲ့အခါကျ တော့ ရန်သူကောသလ္လမင်းက “မင်းဟာ သူလျှိုမဟုတ်လား။ ဗာရာဏသီမင်းရဲ့ သူလျှိုမဟုတ်လား။” အဲ့လို သူကမေးတဲ့ အခါကျတော့ အမတ်မင်းကလည်းပဲ ဗာရာဏသီမင်းက သူ့ကို နှင်ထုတ်လိုက်တဲ့အကြောင်းကို သူက အကုန်လုံး အမှန်တိုင်းလျှောက်တယ်။ “ကဲ..ဒါဆိုရင် မင်းပြောတဲ့ အတိုင်းနော်၊ ဗာရာဏသီမင်းဟာ ဘယ်လောက် နူးညံ့သိမ် မွေ့သလဲ၊ မေတ္တာထားသလဲဆိုတာကို သိရအောင် ပထမ ဆုံး ဘာပြောသလဲဆိုတော့ အဲ့ဒီ ဗာရာဏသီမင်းပိုင်တဲ့ ပိုင်နက်က အစွန်ဆုံးကရွာကလေး၊ အဲ့ဒီ အစွန်ဆုံးရွာကို မင်းတို့သွားပြီးတော့ ကျူးကျော်ကြလို့မိန့်တယ်။”
ကောသလ္လမင်းရဲ့စစ်ဗိုလ်တွေ၊ စစ်သားတွေက သွားပြီးတော့ ကျူးကျော်လိုက်တဲ့အခါကျတော့ အဲ့ဒီမှာ သူတို့ကို ၀ိုင်းဖမ်းကြတယ်။ ၀ိုင်းဖမ်းပြီးတော့ ဗာရာဏသီမင်း ထံပို့လိုက်ကြတယ်။ ဖမ်းဆီးလာတဲ့လူတွေကို ဗာရာဏသီ မင်းက မေးတယ်။
“ဟေ့… ဒီ ပုဂ္ဂိုလ်တွေ၊ ဒီ ပုဂ္ဂိုလ်တွေကို မင်းတို့ ဘာအတွက်ကြောင့် ဖမ်းလာရတာလဲ။” အဲ့ဒီတော့ အဖမ်းခံ ရတဲ့ပုဂ္ဂိုလ်တွေက ပြောတယ်။ “သူတို့ စားစရာမရှိလို့ပါ အရှင်မင်းကြီး” တဲ့၊ “ စားစရာမရှိလို့ ကျွန်တော်မျိုးတို့ အခြား နိုင်ငံကနေ အရှင်မင်းကြီးနိုင်ငံကိုရောက်လာတာပါ” တဲ့။
ဗာရာဏသီမင်းကြီးက “ သြော်… စားစရာမရှိလို့ပဲကွာ။ မင်းတို့ ဒီလိုမျိုး သတ်ကြ၊ ပုတ်ကြ၊ တိုက်ကြ၊ ခိုက်ကြရ သလားဟ။ အဲ့ဒီလိုမျိုးတွေ မင်းတို့မလုပ်ကြနဲ့။ စားစရာ မရှိရင် ဟောဒီ့မှာ ရော့။ မူးကြီး၊ မတ်ကြီးတို့- သူတို့ကို စားစ ရာ၊ သောက်စရာ၊ ၀တ်စရာ၊ နေစရာ၊ ထိုင်စရာ၊ အပြည့်အစုံ ကို ပေးလိုက်ပါ ”
ဒီလိုနဲ့ အဲ့ဒီကျူးကျော်တဲ့ပုဂ္ဂိုလ်တွေဟာ စားစ ရာ၊သောက်စရာတွေကိုရသွားတယ်။ အဲ့ဒီတော့ ကောသလ္လ မင်းက နောက်ထပ်စဉ်းစားတယ်။ စဉ်းစားပြီးတော့ကာ ကောသလ္လမင်းဟာ နီးစပ်တဲ့ အဲ့ဒီ နယ်ခြားလေးပေါ့။ အဲ့ဒီက နေပြီးတော့ တဖြေးဖြေး တဖြေးဖြေးနဲ့ သူက ရွာကြီးတွေ၊ ရွာကြီးကနေပြီးတော့ မြို့ကြီးတွေ၊ အဲ့ဒီလိုမျိုး သိမ်းပိုက်ပြီး တော့၊ ရန်စပြီးတော့၊ ကျူးကျော်ပြီးတော့၊ စစ်မက်တွေ ချီပြီးတော့ တက်လာတဲ့အခါမှာ နောက်ဆုံးဗာရာဏသီမင်း ရဲ့ နန်းရင်ပြင်ထဲကိုရောက်တယ်။ ရောက်တဲ့အခါကျတော့ ဗာရာဏသီမင်းကြီးက အဲ့ဒီပုဂ္ဂိုလ်တွေကို ဘာကြောင့် ဒီလို လုပ်ရသလဲမေးတော့ စားစရာမရှိလို့ပါ။ ကဲ… စားစရာမရှိရင် စားစရာမရှိတဲ့သူတွေကို စားစရာပေးလိုက်။ ၀တ်စရာမရှိတဲ့ သူတွေကို ၀တ်စရာပေးလိုက်။ နေစရာမရှိတဲ့ သူတွေကို နေစရာစီစဉ်ပေးလိုက်။ ဗာရာဏသီမင်းကြီးက ဥပဒေနဲ့ ဘာမှမလုပ်ဘဲနဲ့ အရေးယူအပြစ်ဒဏ်တွေကို မပေးဘဲနဲ့ ကြည်ကြည်ဖြူဖြူနဲ့ခွင့်လွှတ်ပြီးတော့ စားစရာ၊သောက်စရာ၊ နေစရာ၊ ထိုင်စရာတွေကို လုပ်ပေးလိုက်တော့ ဆိုးကျိုးတွေ အားလုံးပျောက်ပြီးတော့ ကောင်းကျိုးတရားတွေ ဖြစ်လာ တယ်။ ဒီအခါမှာ ဗာရာဏသီပြည် အရှင်မင်းကြီးက ရာဇ ပလ္လင်ပေါ်တက်ပြီးတော့ သူ့ရဲ့တိုင်းသူပြည်သားတွေကို အရှင်မင်းကြီးဟောတဲ့ တရားလေး၊ တစ်နည်းဆိုရင် လွန်ခဲ့ တဲ့နှစ် (၂၆၀၀)က ဟောကြားခဲ့တဲ့တရားပါ။ ဒီတရားတော် ကို ယနေ့ကြွရောက်လာတဲ့ သူတော်စင်တွေကို ဝေငှချင်လို့ ပါ။
အားလုံးသောအမတ်ကြီးတို့၊ တိုင်းသူပြည်သား အပေါင်းတို့….
“ မေတ္တာကိုလက်ကိုင်ထားလို့ ငါတို့ဟာ ရန်သူလက်က လွတ်မြောက်လာခဲ့ကြတယ်။ မေတ္တာတရားထားလျှင် ရန်သူရဲ့လက်ကတောင် လွတ်မြောက်နိုင်ခြင်းဆိုတဲ့မေတ္တာရဲ့ အကျိုးပါပဲ။ မေတ္တာတရားပွားများနိုင်တဲ့အတွက် လောက ကြီးကို တစ်ပေါင်းတည်းပြုနိုင်တယ်။ ဦးဇင်းတို့ ဘာသာ အသီးသီးကို တစ်ပေါင်းတည်းပြုလုပ်ချင်တယ်ဆိုရင် အခြား နည်းနဲ့လုပ်လို့မရပါဘူး။ မေတ္တာနဲ့ပဲ လုပ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာသားအသီးသီးတို့ဟာ မေတ္တာတရားကို လက်ကိုင်ထားပြီးတော့ လောကကြီးကို တစ်ပေါင်းတည်း စုစည်းနိုင်မယ်။ မေတ္တာတရားဟာ လောဘသားအသီးသီးကို စေ့စပ်မှုပြုရတာ အင်မတန်မှလွယ်တဲ့အရာ။ သေတဲ့အခါမှာ လည်း အားလုံးသောသူတော်စင်တွေမျှော်မှန်းတဲ့ အထက်ဘုံ၊ အထက်နန်းကို ရောက်ရတယ်” လို့ ဗုဒ္ဓမြတ်စွာက မေတ္တာ တရားပွားများခြင်းရဲ့အကျိုး၊ မေတ္တာတရားရဲ့ဆန့်ကျင်ဖက် ဖြစ်တဲ့ ဒေါသတရားရှိမယ်ဆိုရင် ဦးဇင်းတို့ သူတော်စင်တွေ အားလုံးဟာ
(၁) ရုပ်ရည်အဆင်း ရူပကာပျက်စီးခြင်းဆိုတဲ့ အကျိုးတွေကို ခံစားရမယ်။ ဒါဘယ်ဘာသာပဲ ကျင့်သုံး၊ ကျင့်သုံး ဒေါသ တရားကိုကျင့်သုံးရင် ဗုဒ္ဓဘာသာပဲကျင့်ကျင့်၊ အခြားဘယ် ဘာသာပဲကျင့်ကျင့် အားလုံးသော သူတော်စင်ဘာသာဝင် တို့ရဲ့ နှလုံးသားထဲမှာရှိတဲ့ မကောင်းသော ဒေါသဆိုတဲ့စိတ် ကို လက်ခံထားမယ်ဆိုရင်၊
(၂) ရုပ်ရည်အဆင်းပျက်စီးခြင်းဆိုတဲ့ အကျိုးကိုခံစားရမယ်။ နောက်ပြီးဒေါသရဲ့ဆိုးကျိုးဟာ ညဖက်အိပ်မပျော်တဲ့ဝေဒနာ ဆိုးကျိုးကို ခံစားရမယ်။ ရန်သူရဲ့နေရာကို ရောက်သွားခဲ့ရင် လည်း ကိုယ့်ကိုဘယ်သောကာလမှာ ဘယ်ပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ ရန်ပြုမလဲ၊ နှိပ်စက်မလဲဆိုပြီး သောကတွေ အမြဲတမ်းရင်ဝယ်ပိုက်နေရတာမို့လို့ အိပ်စက်လို့မပျော်ဘူး ဆိုတဲ့အတွက်ကြောင့် ဘယ်ဘာသာဝင်ကပဲ ဒီဒေါသကို ကျင့်သုံး၊ ကျင့်သုံး ဒီဆိုးကျိုးတွေကိုခံစားရမယ်။
နောက်တစ်ခါ မိမိတို့မှာ ရရှိမယ့်ကောင်းကျိုးတရား တွေလည်းပဲ အခွင့်အလမ်းတစ်ရပ်အနေနဲ့ မရရှိတော့ဘူး။ အဲဒီတော့ ဒီဟာက ဦးဇင်းတို့ ကမ္ဘာ့ရန်သူတော်ကြီးပါ။ တကယ်ကြီးမားတိုးတက်တဲ့နိုင်ငံတွေက ဆုတ်ယုတ်နေတဲ့ နိုင်ငံတွေကို သူတို့က အမိန့်တွေ၊ အာဏာတွေနဲ့၊ ပြောရ မယ်ဆိုရင် သူတို့ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် မင်းတို့ကို ငါတို့ဘာတွေပေးမယ်၊ ဘာတွေထောက်ပံ့မယ်ဆိုပြီးတော့ မက်လုံးတွေပေးနေပေမဲ့ သူတို့ပြောတဲ့အတိုင်းမလုပ်ရင် နိုင်ငံခြားက ကူညီမယ့် လာဘ်လာဘစီးပွားရေးတွေ၊ အခွင့် အလမ်းတွေအကုန်လုံးဟာ ဆုံးရှုံးသွားရလိမ့်မယ်။
ဥပမာ မြောက်ကိုးရီးယားတို့၊ တောင်ကိုးရီးယား တို့၊ အမေရိကန်တို့ နောက်ပြီး ဦးဇင်းတို့ မကြာခင်တုန်းက ခြိမ်းချောက်ပြီးတော့ ကိုင်မယ်၊ ဖမ်းမယ်ဆိုတာတွေဟာ ကောင်းကျိုးတွေတစ်ခုမှမရဘဲ ဆိုးကျိုးတွေသာ လူသား တွေမှာ ခံစားရတယ်။ ဒါဟာ ဒေါသရဲ့ဆိုးကျိုးတွေပါ။ ဒီထက် မက ရထားတဲ့စည်းစိမ်တွေပါ အကုန်လုံးပျက်စီးကုန်တယ်။ ဒေါသရဲ့ဆိုးကျိုးတွေဟာ ဘယ်ဘာသာပဲ ကျင့်သုံး၊ ကျင့်သုံး ဒီဒေါသ၊ ဒီပဋိပက္ခတွေကို အခြေခံပြီးတော့ ဆောင်ရွက်နေ ကြသမျှ မေတ္တာဆိုတာကို လက်ကိုင်မပြုနိုင်ရင် ရထားတဲ့ စည်းစိမ်တွေ၊ အိုးအိမ်တွေ၊ အကုန်လုံးဟာ ပျက်စီးဆုံးရှုံး သွားပါလိမ့်မယ်။ ဒါ ဒေါသရဲ့ဆိုးကျိုးပဲ။ နောက်တစ်ခါ မိမိတို့ရဲ့သား၊ သမီးတွေ၊ ခြွေရံသင်းပင်းပုဂ္ဂိုလ်တွေလည်း ပျက်စီးမယ်။ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေလည်း ပျက်ပြားမယ်။ သေတဲ့အခါမှာ ဦးဇင်းတို့လက်တွေ့မြင်နေရ တဲ့ တိရစ္ဆာန်ဘ၀တို့ ငရဲဘ၀တို့ အစရှိတဲ့ ဒီလိုအပယ်ဆိုး ဘ၀တွေကိုရောက်ရတယ်ဆိုတဲ့ ဒီအကျိုးဆက်တွေဟာ ဒါပဋိပက္ခတွေကိုအခြေခံပြီးဖြစ်တဲ့အကျိုးဆက်တွေပါ။ဒေါသ တွေကိုအခြေခံပြီးဖြစ်ရတဲ့ အကျိုးဆက်ပါ။
ဒါကြောင့်မို့လို့ ဒီနေ့ ဒီအချိန်ကာလမှာ ဟောဒီ နေရာဌာနဖြစ်တဲ့ (၅၉)လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ် ကျောင်းတော်ကြီးမှာ ဘာသာပေါင်းစုံကသူတော်စင်တွေ တစ်နေရာတည်းမှာ စုဝေးပြီးတော့ တက်ရောက်လာကြတဲ့ အတွက် ဒါဟာ မြန်မာနိုင်ငံမှာ ဘယ်ခေတ်၊ ဘယ်အခါကမှ မဖြစ်ပေါ်ဖူးသေးတဲ့ ဘာသာရေးအခမ်းအနားကြီး တစ်ခုလို့ တောင်မှ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ အင်မတန်မှ သာယာတဲ့၊ အေးချမ်းတဲ့၊ မင်္ဂလာရှိတဲ့အချိန်ကာလပါ။
ဗုဒ္ဓဘာသာဝင်ဆရာတော်၊ သံဃာတော်ဘုရားကြီး များရဲ့ ကိုယ်စားပေါ့၊ ဦးဇင်းတို့ “သွေးမေတ္တာပရဟိတ”အဖွဲ့ ကနေပြီးတော့ ဦးဆောင်နာယက ဆရာတော်အနေနဲ့ တက် ရောက်ပြီး ဟောကြားတာပါ။ ဒီမှာတက်ရောက်ပြီးတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာတော်၊ သံဃာတော် ကြီးများရဲ့ကိုယ်စား ဦးဇင်းတို့ ဒီနေ့ ဗုဒ္ဓရဲ့သာသနာ့ရှုထောင့်၊ ဆုံးမသြ၀ါဒဆိုင်ရာရှုထောင့်ကနေပြီးတော့ ဦးဇင်းတို့ ဒီမှာ စကားပြောခွင့်ရတဲ့အတွက် ဒီ “ဘာသာစုံချစ်ကြည်ငြိမ်းချမ်း ရေး၊ ညီညွတ်ရေးနဲ့ သဟဇာတဖြစ်ရေး ” အခမ်းအနား ကိုပြုလုပ်ဆောင်ရွက်ပေးကြတဲ့ လူကြီးမင်းများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ နောက်နောင်လည်းပဲ ဒီထက် မကငြိမ်းချမ်းသာယာတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တွေဖြစ်ဖို့ နောက်ထပ်လည်းပဲ ဒီလို ဘာသာရေးအခမ်း အနားတွေ မြောက်များစွာကျင်းပကြပြီး ညီညွတ်ရေးကို တည်ဆောက်ကြပါလို့ ဦးဇင်းတို့ တိုက်တွန်းရင်းနဲ့ ဦးဇင်းတို့ အားလုံးရဲ့ပထမဦးဆုံးသော“ ငြိမ်းချမ်းရေး ခေါင်းလောင်းသံ” ကို ဒီ(၅၉)လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်း တော်ကနေပြီးတော့ မြန်မာနိုင်ငံနဲ့တကွ၊ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ ဘာသာအသီးသီး၊ လူမျိုးအသီးသီးအတွက် ငြိမ်းချမ်းကြစေဖို့ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးလိုက်ပါပြီ။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေ။ တိုးတက်ပါစေ။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။ တိုးတက်ပါစေ။ အားလုံးသော ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ သာယာခေတ်မီ တိုးတက်တဲ့ မြန်မာနိုင်ငံ ကြီးဖြစ်အောင် ဘာသာပေါင်းစုံလက်တွဲပြီး ဆောင်ရွက်ကြပါ လို့တိုက်တွန်းရင်း ဦးဇင်းရဲ့ “ငြိမ်းချမ်းရေးဆုတောင်းသံ သြ၀ါဒကထာ” ကိုနိဂုံးချုပ်အပ်ပါသည် ။ ။
သာဓု၊ သာဓု၊ သာဓု