(၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ဆုတောင်းပြည့် ၀တ်ကျောင်းတော်၌ ၈၈မျိုးဆက်မှ ဦးကိုကိုကြီး ပြောကြားသော အမှာစကား

 (၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ဆုတောင်းပြည့် ၀တ်ကျောင်းတော်၌ ၈၈မျိုးဆက်မှ ဦးကိုကိုကြီး ပြောကြားသော အမှာစကား

အားလုံးမင်္ဂလာပါ။

ဘုရားသခင်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း သင်တို့အားလုံးအပေါ်မှာ ကျရောက်ပါစေ။ ဒီနေ့ တမန်တော်နေ့အခမ်းအနားမှာ အခုလိုလာရောက်စကားပြောကြားခွင့် ရတဲ့အတွက်ကြောင့် အခမ်းအနားဖြစ်မြောက်အောင် စီစဉ်ကြတဲ့ ပုဂ္ဂိုလ်တွေရော၊ တက်ရောက်အားပေးကြတဲ့ ပရိသတ်အားလုံးကိုပါ အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့ ၈၈မျိုးဆက် ကျောင်းသားတွေအနေနဲ့ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာပြီး တစ်နှစ်စွန်းစွန်းလေး ရှိလာတဲ့အချိန်မှာ နိုင်ငံအနှံ့၊ ဒေသအနှံ့ကို သွားရောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ဟောပြောတာတွေလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဒေသအလိုက် ဆွေးနွေး ဟောပြောတာတွေရှိသလို အခါအားလျော်စွာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြားမှာ interfaith အပြန်အလှန် ဆက်သွယ်နိုင်ဖို့ ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ မန္တလေးမှာဆိုရင် ဘာသာပေါင်းစုံ စုစည်းထား တဲ့ interfaith နဲ့ ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။           ကျွန်တော်တို့ဟာ တစ်လျှောက်လုံး အမှောင်ခေတ်ထဲမှာ အထူးသဖြင့် အာဏာရှင် လက်အောက်မှာ နေခဲ့ကြရတဲ့အတွက် အခုဒီမိုကရေစီကို ဦးတည်တော့မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်က ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့။ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် လူမျိုး တစ်မျိုးနဲ့တစ်မျိုးကြား၊ တိုင်းရင်းသား တစ်မျိုးနဲ့တစ်မျိုးကြား၊ ဘာသာဝင် တစ်ခုနဲ့တစ်ခုကြား အပြန်အလှန် ယုံကြည်လေးစားမှု တည်ဆောက်ဖို့ အင်မတန်အရေးကြီးပါတယ်။

အဲဒီတော့ နိုင်ငံသစ်တည်ဆောင်တဲ့နေရာမှာ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်နိုင်မယ့် လူ့အဖွဲ့အစည်းမျိုး မဖြစ်ဘဲနဲ့ ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုနည်းနဲ့မှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကချင်ဒေသမှာဖြစ်နေတဲ့ ကချင်လူမျိုးဆိုတဲ့ တိုင်းရင်းသားအမှတ်အသား သရုပ်တင်  မကဘဲနဲ့ အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်နေတဲ့အတွက် ဘာသာရေး အမှတ်အသားသရုပ်တွေ ရှိနေပါတယ်။ ရခိုင်ဒေသဖြစ်နေရင်လည်း လူမျိုးရေး မဟုတ်ဘဲနဲ့ ဘာသာရေးအမှတ်အသားသရုပ်တွေပါ ပါလာပါတယ်။

အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်နိုင်ငံမှာ နိုင်ငံသားစိတ်ဓါတ်၊ နိုင်ငံသားဆိုတဲ့ ယုံကြည်မှုကို လေးလေးနက်နက် မွေးမြူပြီးတော့ တစ်ဘက်မှာလည်း ဒုက္ခရောက်နေတဲ့ သူတွေအားလုံးကို လူမျိုးဘာသာမခွဲဘဲနဲ့ တပြေးညီ ကူညီပေးနိုင်ဖို့၊ ထောက်ပံ့ပေးနိုင်ဖို့ ဦးတည် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တလျှောက်လုံးမှာ ပြောရေးဆိုခွင့်မရှိခဲ့၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ခွင့် မရခဲ့တဲ့အခါကျတော့ ယုံထင်ကြောင်ထင် တစ်ယောက် နှင့်တစ်ယောက် အထင်မှားမမြင်မှားတွေ၊ အထင်အမြင်လွဲမှားမှုတွေဖြစ်ခဲ့ရတာ အများကြီး ရှိခဲ့ပါတယ်။

အဲဒီမှာ ဘာသာရေးနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ ၈၈မျိုးဆက်များရဲ့ အယူအဆက ဒါဟာတစ်ဦးချင်းရဲ့ လွတ်လပ်စွာ ကိုးကွယ် ခွင့်၊ ယုံကြည်ခွင့် ဖြစ်တယ်။ အဲဒီမှာမှ ကျွန်တော်တို့က နိုင်ငံရေးရှုထောင့်က ကြည့်တဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းဟာ စာထက် အက္ခရာ၊ ကျောက်ထက်အက္ခရာတင်တဲ့ ကာလကနေ ပြန်ကြည့်နေသလိုပဲ နှစ်ပေါင်းထောင်ချီပြီး ရှိနေပါပြီ။ အဲဒီတော့ ထူးခြားတာက ကျွန်တော်တို့က နိုင်ငံသေးသေးလေး။ လူဦးရေကလည်း နည်းပါတယ်။ ဘေးပတ်ဝန်းကျင်က ဧရာမ လူဦးရေများတဲ့နိုင်ငံတွေ တရုတ်တို့၊ အိန္ဒိယတို့ ကြားထဲမှာ ဒီနိုင်ငံလေး နှစ်ပေါင်းထောင်ချီအောင် ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာကို ကျွန်တော် တို့ ပြန်တွေးကြည့်ဖို့ကောင်းပါတယ်။ အဲဒါက ဒီနိုင်ငံရဲ့ထူးခြားချက်ပါ။ တရုတ်တွေအများကြီး ၀င်လာလို့ ကျွန်တော်တို့ဟာ တရုတ်တွေ ဖြစ်မသွားဘူး။ အိန္ဒိယနဲ့အတူတူ အင်္ဂလိပ်လက် အောက်မှာနေခဲ့လို့  အိန္ဒိယဖြစ်မသွားဘူး။ အဲဒါ ဒီနိုင်ငံရဲ့ ထူးခြားချက်ပဲ။

ဘာကြောင့်လဲဆိုတော့ ဘာသာအယူအဆတွေ၊ ဘာသာတရားတွေ ၀င်လာပေမယ့်လို့ မြန်မာဆိုတဲ့ အမှတ်အသားသရုပ်ကို ထိန်းသိမ်းနိုင်ခဲ့တာဟာ ထူးခြားချက်တစ်ရပ်ပါပဲ။ ဥပမာ ကျွန်တော်တို့ အမျိုးသားဝတ်စုံဆိုပြီးတော့ ၀တ်လာတဲ့အခါ ယေဘုယျပုံသဏ္ဍာန်ကိုကြည့်ရင် ဒါဟာ (အင်္ကျီ ကော်လံ) တရုတ်ဘက်က လာတဲ့ပုံစံပါ။ ဒါဟာ(ပုဆိုး)  အိန္ဒိယဘက်က လာတဲ့ပုံစံပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အမျိုးသားဟန်ဖြစ်အောင် မွေးထားနိုင်ခဲ့တယ်။ ဒင်္ဂါးဆိုလည်း ဒီအတိုင်းပဲ။ စာပေဆိုလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ဟာ အဲဒါကိုက ထူးခြားတာ။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေကျတော့ ကိုယ့်နိုင်ငံထဲမှာ အချင်းချင်း စည်းတွေထားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားနေတဲ့အချိန်မှာ အခုပဲ ကျွန်တော်ပြောဖြစ်တယ်။ ဟို  တစ်ချို့နေရာတွေမှာ ထင်သာမြင်သာအောင်ပြောတဲ့နေရာမှာ အသုံးအနှုံးနဲ့ ပတ်သက်လို့ ကျွန်တော့်ကိုခွင့်လွှတ်စေချင်ပါတယ်။ ကုလား၊ ဗမာ အဲဒီလိုတွေပြောနေကြပြီးတော့ ဟဂ်ျကို ဘုရားဖူးသွားတဲ့အခါမှာ ဗမာပြည်ကလာတဲ့ အစ္စလာမ်ဘာသာဝင်မို့လို့ ပါကစ္စတန် တစ်ယောက်လိုမျိုး၊ အာရပ်တစ်ယောက်လိုမျိုး မဖြစ်နိုင်ပါဘူး။ သူတို့ကို ဗမာပြည်ကလာတဲ့ အစ္စလာမ်ဘာသာဝင်တွေအဖြစ်၊ မြန်မာနိုင်ငံသားတွေအဖြစ်ပဲ ဆက်ဆံပါတယ်။ ဥပမာ ဟာ  တရုတ် ဘာညာနဲ့ပြောကြတယ်။ ကျွန်တော်တို့ ဒီက လသာကနေ အမေရိကကို ရွှေ့ပြောင်းသွား တဲ့ တရုတ်တွေကို ဘယ်သူကမှ တရုတ်ပြည်ကလာတဲ့ တရုတ်တွေလို့ မသတ်မှတ်ပါဘူး။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် မြန်မာနိုင်ငံကလာတဲ့ မြန်မာနိုင်ငံသားတွေ အဖြစ်ပဲ သတ်မှတ် ပါတယ်။

နောက် ကိုယ့်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ နောက်ကျတဲ့ အောက်ကျနောက်ကျဖြစ်ရတဲ့ ဒဏ်ကိုလည်း အဲဒီခုနက အခေါ်အဝေါ်တွေ တရုတ်တို့၊ ကုလားတို့လို့ အခေါ်ခံရတဲ့သူတွေလည်း အတူတူပဲ ခံရပါတယ်။ ဥပမာအားဖြင့် နိုင်ငံကူးလက်မှတ် passport အနီကိုင်သွားတာနဲ့  ဒီနိုင်ငံ ထဲမှာ အချင်းချင်းခေါ်ဝေါ်နေတဲ့ တရုတ်ခေါ်ခေါ် ကုလားခေါ်ခေါ် ဗမာခေါ်ခေါ် ဘေးဖယ်ထား လိုက်တာ။ show money ပါသလား။ ဟိုမှာ ဘယ်လောက်နေမှာလဲ။ အပြန် လေယာဉ်လက်မှတ် တစ်ခါတည်းပါသလား။ ဘယ်သူက ဒီမှာနေတဲ့အတောအတွင်းမှာ တာဝန်ယူမှာလဲ ဆိုတာတွေကို တစ်ခြားနိုင်ငံသား passport စာအုပ်တွေ ဆက်ဆံသလို အဆက်ဆံမခံရဘဲနဲ့ သီးခြားနှိမ်ချပြီး ဆက်ဆံခံရတာချင်း အားလုံးအတူတူပါပဲ။ နိုင်ငံအပြင်ထွက်သွားရင် ပိုသိပါတယ်။

အဲဒီတော့ ကျွန်တော်တို့ဟာ နိုင်ငံအသစ်တည်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဒဏ်ခံရတော့လဲ ဗမာရယ်၊ တရုတ်ရယ်၊ ကုလားရယ်၊ ရခိုင်ရယ်၊ မွန်ရယ် မခွဲပါဘူး။ အကုန်လုံးခံရတာပါပဲ။ အဲဒါကို ကျွန်တော်တို့ တလှေတည်းစီးတယ် အတူတူပဲလို့ မြင်တယ်။ လှိုင်းထဲ လေထဲမှာ အတူတူနေရတဲ့ သဘာဝကို the same boat လို့ပြောတာ။ အဲဒီ လှိုင်းထဲ လေထဲမှာ နေရတဲ့သဘာဝချင်းဟာ အားလုံးအတူတူပါပဲ။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံကို ပြန်တည်ဆောက်နေတဲ့အခါမှာ ကျွန်တော် တို့ဟာ ဘာသာရေးယုံကြည်မှုတွေနဲ့၊ လူမှုရေး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံမှုတွေကို ခွဲထားစေဖို့လိုပါတယ်။

ဘာသာရေးဟာ ကျွန်တော်တို့ရဲ့ယုံကြည်မှု။ ဒါ ဗလီတစ်ခုမှာ ကိုယ်ယုံကြည်ရာ တူညီတဲ့သူတွေ စုဝေးကြမယ်။ ဘုရားကျောင်းမှာ သက်ဆိုင်ရာယုံကြည်တဲ့သူတွေ စုဝေးကြမယ်။ တခြား သာရေးနာရေးကိစ္စတွေမှာ၊ လူမှုရေးကိစ္စတွေမှာ အားလုံးမှာ တစ်သားတည်း ကျွန်တော်တို့ အစည်းအတားမရှိ၊ တံတိုင်းမရှိ ဆက်ဆံနိုင်တဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ တည်ဆောက် ကြရမယ်။

ကျွန်တော်တို့၊ ကိုမြအေးတို့ ဖိလစ်ပိုင်နိုင်ငံကို လေ့လာရေး သွားခဲ့ပါတယ်။ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ် ကြိုးပမ်းတဲ့နေရာမှာ လေ့လာဖို့ကောင်းတဲ့ model တစ်ခုအနေနဲ့၊ ပုံစံတစ်ခုအနေနဲ့ ဟိုမှာက ခရစ်ယာန်အများစုနေတဲ့နိုင်ငံမှာ မွတ်စလင်၊ မော်ရိုကိုတွေနဲ့ ငြိမ်းချမ်းရေးဘယ်လို တည်ဆောက်ထားသလဲ။ လက်နက်ကိုင်ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ သူတွေ။ အခု သူတို့ပြောပုံအရဆိုရင် 90 ရာခိုင်နှုန်းကျော်လောက် သဘောတူညီမှုရပြီးပြီ။ ကျွန်တော်တို့ အဲဒါကို လေ့လာစရာတစ်ခုအနေနဲ့ သွားတဲ့အခါမှာ အဲဒီမှာ ဆော်ဒီကနေပြန်လာတဲ့ အိုလမာပညာရှင်တွေနဲ့ ကျွန်တော်တို့တွေ့ခဲ့ပါတယ်။ မုတ်ဆိတ်တွေ၊ အာရပ်ဝတ်စုံတွေနဲ့ မဟုတ်ဘူး။ ကြည့်လိုက်ရင် ဖိလစ်ပိုင်နိုင်ငံသား တခြားသူတွေနဲ့ ဘာမှ မထူးဘူး။ ဒါပေမယ့် သူဟာ အစ္စလာမ်ပညာရှင်။ အဲဒီတော့ ဆိုလိုတာက အီမာန်ဆိုတာ ကျွန်တော်တို့ နားလည်သလောက်က အကျင့်သီလပဲ။ အီမာန်နဲ့ social နဲ့ ကျွန်တော်တို့ ရောထွေးလိုက်တဲ့အခါမှာ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲစရာတွေ၊ ပဋိပက္ခဖြစ်စရာတွေ ကြုံရတဲ့အခါကျတော့ နှစ်ပေါင်းထောင်ချီပြီး ဒီလောက် ရေရှည်တည်တံ့လာတာကို၌က ကျွန်တော်တို့ရဲ့ အားလုံးဘုံသဘောဆောင်တဲ့ ဒီအမှတ်အသား သရုပ်ကို ကျွန်တော်တို့ ထိန်းသိမ်းနိုင်ခဲ့လို့။

သို့သော် ဒီထဲမှာ တိုင်းရင်းသားမျိုးနွယ်စု အမျိုးမျိုးပါတယ်။ ဘာသာယုံကြည်မှုအမျိုးမျိုး ပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော အမှတ်အသားသရုပ်က မြန်မာနိုင်ငံသားဆိုတဲ့ အမှတ်အသားသရုပ်။ အဲဒါကို ကျွန်တော်တို့က ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံသားအခွင့်အရေးလို့ပြောရင် လူမျိုးကြောင့်၊ ဘာသာကြောင့် ခွဲခြားခံရတာမျိုးမရှိတဲ့ မြန်မာနိုင်ငံလူ့အဖွဲ့အစည်း ဖြစ်အောင်လုပ်တဲ့ နေရာမှာ တစ်ခါတစ်လေမှာ စိတ်ခံစားမှုတွေ လွန်ကဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပြောကြ၊ ဆိုကြ၊ တုံ့ပြန်ကြတာ တွေဟာ နားလည်မှုကို ပိုပြီးတော့ဝေးသွားစေတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ်လို့ရမယ့်၊ ရင်ချင်းအပ်လို့ရမယ့်၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တဲ့၊ ရင်းနှီးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ အလေးအနက် တိုက်တွန်းချင် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။