(၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ဆုတောင်းပြည့် ၀တ်ကျောင်းတော်၌ ၈၈မျိုးဆက်မှ ဦးမြအေး ပြောကြားသော အမှာစကား

(၁၄၈၇)နှစ်မြောက် တမန်တော်နေ့အခမ်းအနားတွင် ဆုတောင်းပြည့် ၀တ်ကျောင်းတော်၌ ၈၈မျိုးဆက်မှ ဦးမြအေး ပြောကြားသော အမှာစကား

အတ်စ္စလားမုအလိုင်းကွမ်း။

ကျွန်တော်ထင်ပါတယ် ကျွန်တော့်အသက်(47)နှစ်မှာ ဗလီတစ်ခုမှာ ကျွန်တော့်သူငယ်ချင်း၊ ကျွန်တော့်အစ်ကို ကိုကိုကြီး ပထမဦးဆုံး မိန့်ခွန်းပြောကြားရတယ်လို့ ထင်ပါတယ်။

ပိုပြီးတော့မှ အံ့အားသင့်ဖွယ်ရာကောင်းတာက မြန်မာနိုင်ငံမှာရှိတဲ့ ဗလီတွေထဲမှာ တွေ့လေ့တွေ့ထမရှိတဲ့ အမျိုးသမီးတွေက တစ်ဖက်၊ အမျိုးသားတွေက တစ်ဖက်၊ ၀တ်စား ဆင်ယင်မှုက အစ ဗမာဆန်ဆန်နဲ့ အသိုင်းအ၀ိုင်းတစ်ခုကို တွေ့လိုက်တဲ့အတွက် ကိုကိုကြီး နည်းနည်း ရှော့(ခ်)များ ရသွားလားမသိဘူး။

ကျွန်တော်တို့ဟာ လူသားရယ်လို့ ဖြစ်လာခဲ့လို့ရှိရင် ကျွန်တော်ထင်ပါတယ် 99.9% ဟာ အဖိုး၊ အဖွား၊ အဖေ၊ အမေ အစဉ်အလာအရ ဘာသာတရား တစ်ခုရဲ့ အသားဝါခြင်း၊ ဖြူခြင်း၊ နီခြင်း၊ မဲခြင်းကို ဆက်ခံရတယ်လို့မြင်ပါတယ်။

ဘာသာတရားတိုင်းရဲ့ အဆုံးအမဟာ လူလူချင်း ခွဲခြားဆက်ဆံဖို့ဆိုပြီးတော့ ဘယ်ဘာသာ တရားကမှ မပြဌာန်းခဲ့ပါဘူး။ လူရယ်လို့ဖြစ်လာလို့ရှိရင် ရုတ်ချည်း တံဆိပ်ရိုက်ခံရတဲ့ ဘာသာ တရားအပေါ်မှာ နက်နက်နဲနဲ လေ့လာပြီးမှ လူလူချင်းဆက်ဆံရေး တည်ဆောက် သင့်တယ်လို့ မြင်ပါတယ်။ ပိုမိုဆိုးဝါးစေတဲ့ အခြေအနေကတော့ နှစ်ပေါင်း(၅၀) စစ်စနစ်ဆိုး၊ ခေတ်ဆိုးထဲမှာ ကျွန်တော် အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ အတိအလင်းပဲပြောပါ့မယ်။ အစ္စလာမ် ဘာသာဝင်တွေဟာ မျက်စိပိတ်ထားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အသိုင်းအ၀ိုင်းတွေကြား မှာ ပဒေသရာဇ် အရိပ်အယောင်တွေ  လင်ယူသားမွေး ကလေးထိန်းတဲ့အလုပ်၊ ရိုင်းရိုင်းပြောရရင် အိမ်ဖော်သာသာ အလုပ်ကနေ ရုန်းထွက်နိုင်တဲ့အခြေအနေ မရှိပါဘူး။ ဒါ လက်ရှိအစ္စလာမ် ဘာသာဝင်တွေ ကမ္ဘာနဲ့အမျှ ကြုံနေရတဲ့ပြသနာပါ။ တစ်ပြိုင်နက်တည်းမှာ ဗလီဝတ်ကျောင်းတော် တွေ ကနေပြီးတော့မှ ဘယ်လို သင်ကြားပေးလိုက်ပါတယ်။ ဗလီဝတ်ကျောင်းတော်တွေ ကနေပြီးတော့မှ ဘယ်ဘာသာတရားကို ဘယ်လိုစော်ကားပါ ဆိုတဲ့စကားလုံးတွေ သင်ပေးလိုက်ပါ တယ်ဆိုတဲ့ တစ်ဖက်သက် ၀ါဒဖြန့်ချိမှုအောက်မှာ ဘာမှ မသိနားမလည်တဲ့ အစ္စလာမ်ဘာသာဝင် တွေ လူးလှိမ့်ပြီး ဒုက္ခရောက်ခဲ့တယ်ဆိုတာ နှစ်ပေါင်း(၅၀)ရှိပါပြီ။ ဒီကနေ့ ကျွန်တော်တို့ စောစောက ကျွန်တော့်အစ်ကို ကိုကိုကြီးပြောသွားသလိုပဲ ကျွန်တော်တို့ဟာ မြန်မာပြည်မှာ နေတယ်။ မြန်မာ့မြေပေါ်မှာ ရှင်သန်တယ်။

– ကိုယ့်ကိုယ်ကိုယ် မြန်မာရယ်လို့ ခံယူတဲ့စိတ် မထားသမျှ ကာလပတ်လုံး ကျွန်တော်တို့ကို ဘယ်သူကမှလည်း တန်းတူရည်တူ အခွင့်အရေး ပေးမှာမဟုတ်ပါဘူး။

– ငါတို့ကိုတော့ ဘယ်သူက ခွဲခြားတာပဲ။ ငါတို့ကိုတော့ ဘယ်သူက နှိမ့်ချဆက်ဆံတာပဲ ဆိုတာတစ်ခုတည်းနဲ့ ငါတို့ကကော ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဆက်ဆံခံရအောင် လုပ်နေတာလား၊ ငါတို့ကိုယ် ငါတို့ narrow angle ထောင့်ကျဉ်းထဲမှာ ခွဲခြားခံပြီး နေနေတာလားဆိုတာ အရင် သိအောင် ကွဲကွဲပြားပြားလုပ်ဖို့ လိုမယ်လို့ ကျွန်တော် အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်းကို တိုက်တွန်းချင်ပါတယ်။

– သမိုင်းအဆက်ဆက်၊ မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက်မှာ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ဆောင်ရွက်ခဲ့တာဟာ အထင်အရှားရှိပါတယ်။

–  ဟုတ်ပါပြီ။ ဒီကနေ့ ဆရာကြီးဦးရာဇတ်ရဲ့ နေပုံ၊ ထိုင်ပုံ၊ လုပ်ပုံ၊ ကိုင်ပုံ မှန်တဲ့အတွက်ကြောင့် ဆရာကြီးဦးရာဇတ်ကို ဘယ်သူကမှ ကုလားကြီးဦးရာဇတ်လို့ပြောတာ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။

– ကျွန်တော်တို့ကိုယ်တိုင်က ရော မြန်မာမြေပေါ်မှာနေပြီးတော့က ဘာမှမသိ နားမလည်ဘူး၊ ရောက်လည်းမရောက်ဖူးဘူး၊ ကမ္ဘာကြီးကိုလည်း အင်တာနက်ပြတင်းပေါက်ကနေ မထွက်ကြည့်ဖူး ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင်ကိုက တိုင်းတပါးယဉ်ကျေးမှုကို အထင်ကြီးလေးစားနေရင်တော့ ကုလားလို့အခေါ်ခံရတာ သိပ်မထူးဆန်းပါဘူး။

အဲဒီတော့ တစ်ချို့ကတော့ ပြောတယ်ပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်ကလည်း အစ္စလာမ် ဘာသာဝင်တစ်ယောက်ဖြစ်တဲ့အခါကျတော့ ကိုမြအေးက အစ္စလာမ်ဘာသာဝင်တွေကို တော် တော်ပြောတယ်လို့ ပြောတယ်။

ကျွန်တော့်ရဲ့စိတ်ရင်းမှာတော့ ကိုယ့်ကိုယ်ကို ကြက်မွှေးလေးနဲ့သပ်ပြီး သူများကို သံ brush နဲ့ တိုက်တဲ့အလုပ်မျိုးတော့ ကျွန်တော်မလုပ်နိုင်ပါဘူး။

မိမိကိုယ်မိမိ အရင်ပြုပြင်ဖို့ကိုပဲ ကျွန်တော့် community ကိုကျွန်တော်ချစ်တဲ့အတွက် ကျွန်တော့် community ကို ကျွန်တော် ပြုပြင်ပြောင်းလဲချင်တဲ့အတွက် ကျွန်တော် ဒီစကားတွေကို ဆက်တိုက်  ဆက်တိုက်  ဆက်တိုက် ပြောအုံးမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် အင်မတန်မှ လေးစားစရာကောင်းတဲ့ တမန်တော် မုဟမ္မဒ်(ဆွ)ရဲ့ ဒီအခမ်းအနား မဟာတမန်တော်နေ့အခမ်းအနားမှာ ကျွန်တော်တို့ အခမ်းအနားလုပ်နေရုံနဲ့ မရပါဘူး။ အခမ်းအနားတစ်ခုတည်းနဲ့ ကျွန်တော်တို့ ပြီးသွားလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ တမန်တော် ဘယ်လိုကျင့်သုံးခဲ့သလဲ။ ကျွန်တော်တို့ရဲ့တမန်တော်ဟာ (၂၃)နှစ်အတွင်းမှာ ဘယ်လို စံပြပုဂ္ဂိုလ်အဖြစ် အစ္စလာမ်သာသနာကို ထူထောင်ခဲ့သလဲဆိုတာ ကြည့်ရပါလိမ့်မယ်။

– ကျွန်တော်တို့တမန်တော် ၀ဖသ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်မေးပါမယ် ဘာပိုင်ဆိုင်မှုတွေ ရှိခဲ့သလဲ။ ဟုတ်ကဲ့ ဒီနေ့ အစ္စလာမ်ဘာသာဝင်များရဲ့ ပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ကိုယ်တော်မြတ်မှာ ပိုင်ဆိုင်မှုရယ်လို့ ကျွန်တော် တောင်ဝှေးပဲ သိပါတယ်။

– ကျွန်တော် ဥပမာလေးတစ်ခုပြောပါမယ်။ ဘာသာရေးကို ကျွန်တော်မြင်တဲ့ နိုင်ငံရေးအမြင်နဲ့ ချဉ်းကပ်ပြီး ပြောပါ့မယ်။ ကျွန်တော်တို့ ဒီကနေ့ အစ္စလာမ်ဘာသာဝင်ထဲမှာ ပိုက်ဆံရှိတဲ့သူတွေ အများကြီးရှိပါတယ်။ အိမ်မှာ housekeeper တွေ၊ အိမ်ဖော်မြောက်များစွာတွေ၊ ကလေးထိန်းက အစ ထားပြီး နေခဲ့ပါတယ်။ ကိုယ်တော်မြတ် စ,တက်တက်လာခြင်းလုပ်တဲ့အလုပ် ကျွန်တော် နားလည်တာက နံပါတ်(၁) ကျွန်တွေအားလုံး လွတ်မြောက်အောင် လုပ်ခဲ့ပါတယ်။ နံပါတ်(၂) အမျိုးသမီးတွေအားလုံးကို အကုန်လွတ်မြောက်အောင် လုပ်ခဲ့ပါတယ်။

– နောက်ဆုံး မဒီနာမှာ ဗလီဆောက်ပြီးတဲ့အခါမှာ ပထမဦးဆုံး ဆော်သြရတဲ့ အာဇန်ပေးရတဲ့ ပုဂ္ဂိုလ်ဟာ ကျွန်ထဲကလာတဲ့ ဘီလာသခင်ဆိုတာ သမိုင်းမှာအထင်အရှားရှိပါတယ်။ ကိုယ်တော် မြတ်ကိုယ်တိုင်က အာရဗ်ဖြစ်ပေမယ့်လည်း ဘီလာသခင်က ဒီနေ့စကားနဲ့ပြောရရင် နီဂရိုးပါ။ အဲဒီတော့ အသားမည်းတစ်ယောက်ကို (ခပ်ကြမ်းကြမ်းပဲ ပြောပါ့မယ်) မြင့်မြတ်တဲ့ဗလီရဲ့ ပထမဦးဆုံးအာဇန်ပေးတဲ့ပုဂ္ဂိုလ်အဖြစ် လူတန်းစားမခွဲခြားဘဲနဲ့ ရွေးချယ်ခဲ့တဲ့ ကိုယ်တော်မြတ်ရဲ့ နမူနာကိုကြည့်ပြီး ကျွန်တော်တို့က ဘယ်ဘာသာက ဘယ်လို၊ ဘယ်သူက ဘယ်လိုဆိုပြီး ဝေဖန်နေရုံနဲ့ အစ္စလာမ်ဘာသာဝင် ဖြစ်မယ်လို့ ထင်ပါသလားလို့ ကျွန်တော်မေးချင်ပါတယ်။

– ကျွန်တော်တို့မှာ စံပြပုဂ္ဂိုလ် ကိုယ်တော်မြတ် ရှိပြီးသားပါ။ ကိုယ်တော်မြတ်ရဲ့ ကျင့်စဉ်တွေ၊ တရားတွေဟာ ထမင်းစားခါနီး ဆားလျက်မှ မဟုတ်ပါဘူး။ မုတ်ဆိတ်ထားမှ မဟုတ်ပါဘူး။ ကိုယ်တော်မြတ်ဝတ်သလို လိုက်ဝတ်မှ မဟုတ်ပါဘူး။ ကိုယ်တော်မြတ် နေခဲ့၊ ထိုင်ခဲ့၊ လုပ်ခဲ့၊ ပြုခဲ့၊ မူခဲ့၊ နေထိုင်ပုံအတိုင်းပဲ ကျွန်တော်တို့ နေထိုင်ခြင်းဟာ စွန္နသ်လို့ ကျွန်တော် နားလည်ပါတယ် ခင်ဗျား။

–  ပြစားမှုသက်သက်နဲ့တော့ အစ္စလာမ်ဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူးဗျာ။

အဲဒီတော့ ကျွန်တော်တို့ သူများတွေ အထင်အမြင်လွဲတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ သူများတွေ အထင်အမြင်လွဲတာကို သူများတွေကို အပြစ်တင်နေမယ့်အစား ငါတို့ဘာဖြစ်လို့ အထင်အမြင်လွဲခံရအောင် နေခဲ့သလဲဆိုတာကို ကျွန်တော်တို့ ဆန်းစစ်ပြီး၊ ဝေဖန်ပြီး ပြုပြင်သင့် တာကို ပြုပြင်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်ပြောချင်ပါတယ်။

– ကျွန်တော်တို့ တစ်ခုပဲ လိုချင်ပါတယ်။ စောစောက ကိုကိုကြီးလည်း ပြောသွားပါပြီ။ ကျွန်တော်တို့သွားနေတဲ့ လူ့အဖွဲ့အစည်းဟာ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားခံရမှုမရှိတဲ့ စနစ်တစ်ခုကို ကျွန်တော်တို့သွားချင်တာပါ။ အဲဒီလိုသွားချင်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်ကလည်း ဒီနိုင်ငံအပေါ်မှာ သစ္စာရှိဖို့လိုမယ်လို့ ပြောချင်ပါတယ်။ မြန်မာ့ဟန်၊ မြန်မာလိုနေထိုင်ဖို့ ကျွန်တော် ပြောချင်ပါတယ်။ အဲဒီလို နေထိုင်တဲ့အခါမှာ ကိုယ့်ရဲ့အီမာန်ကို မပျက်စေဘဲ၊ ကိုယ့်ရဲ့ ယုံကြည် ချက်တရားများကို မပျက်ယွင်းစေဘဲ ပြုပြင်ပြောင်းလဲရေးကို တန်းတူညီမျှ သွားချင်ပါတယ်။

– နောက်တစ်ခု ကျွန်တော်ပြောချင်တာက ကမ္ဘာမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ အစ္စလာမ်နိုင်ငံတွေမှာ ဘင်္ဂလားဒေ့ရှ်မှလည်း အမျိုးသမီးဝန်ကြီး ချုပ်တွေ ဘာတွေ အားလုံးလည်း သိပြီးသားပါ။ တူရကီမှာ အားလုံးသိပြီးသားပါ။

– ကျွန်တော်တို့ ဒီမှာရှိနေတဲ့ အစ္စလာမ်အမျိုးသမီးတွေကို ပဒေသရာဇ်အိမ်ထောင်ရေးလို့ ခေါ်တဲ့ အိမ်တွင်းပုန်း အနေနဲ့ပဲထားမယ်ဆိုရင် အစ္စလာမ်လူ့အဖွဲ့အစည်းက ဒီအမျိုးသမီးတွေက နေမှ ကလေးငယ် အမျိုးသားတွေကို ပြုစုပျိုးထောင်ပေးရတာပါ။ အဲဒီတော့ ဒီအမျိုးသမီးကို ဒီလိုပုံစံထားမယ်ဆိုရင် ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေဟာ သမိုင်းဦးပုံပြင်ထဲမှာပဲ ရှိနေပြီး၊ မဟာဖိုရ်ဝါဒကြီးစိုးတဲ့၊ အများအမြင်စောင်းစေတဲ့ ဘာသာတစ်ရပ် ဖြစ်နေဦးမှာပဲ။

– အဲဒီတော့ ကျွန်တော်တို့အနေနဲ့ တပြိုင်နက်တည်းမှာ အရင့်အရင်က ရှိပြီးသားပါ။ ဒီတရား တွေက သိပ်မထူးဆန်းတော့ပါဘူး။ အခု ဗလီဝတ်ကျောင်းတော်က ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော် တော်တော်လေး အလျှော့အတင်း ရပါတယ်။ အမှန်အတိုင်းပါပဲ။ ကိုကိုကြီးနဲ့ ကျွန်တော် အခုန ပြောနေပါတယ်။ ကိုမြအေး ခင်ဗျားတို့ဗလီထဲကိုဗျာ တစ်ခြားဘာသာဝင်တွေကို လာရောက် လေ့လာခွင့်လေးတော့ ပေးသင့်တယ်ဗျာတဲ့။ ကိုကိုကြီးပြောတဲ့ဟာ သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ဗလီထဲကို တစ်ခြားဘာသာဝင်တွေက လာလေ့လာခွင့်မရှိဘူး။ ကျွန်တော်တို့ဗလီတွေ ထဲမှာ ဘာတွေရှိမှန်းလဲမသိဘူး။

ကျွန်တော် ဖိလစ်ပိုင်မှာ ကျွန်တော့်ညီမ ဗုဒ္ဓဘာသာဝင်တွေ အမျိုးသမီးတွေနဲ့ ကျွန်တော် ဘရူနိုင်းက ဆောက်ပေးထားတဲ့ဗလီကို ရောက်တယ်။ ရောက်တဲ့အခါမှာ အကုန်လုံးက မေးတယ်။ ဗလီထဲမှာ ဘာရှိလဲတဲ့။ ကျွန်တော်လည်း တော်တော်ပြောရခက်တယ်။ ဗလီထဲမှာ ဘာရှိလဲ ဆိုတာကို။ ကျွန်တော်သိတာ ဗလီထဲမှာ ဘာမှာမှမရှိတာ။ ဗလီဆိုတာက အားလုံးစုပေါင်းပြီး ၀တ်ပြုတဲ့နေရာလေ။

အဲဒီတော့ အများနားလည်နေတာက ကျွန်တော်တို့ ဒီမှာရှိနေတဲ့ဗလီဆရာတွေက မဟုတ် မဟတ်တရားတွေကို သင်ထားပေးတယ်။ မဟုတ်မမှတ်တရားတွေနဲ့ တစ်ခြားဘာသာဝင်တွေကို တိုက်ခိုက်တယ်ဆိုပြီး အင်တာနက်တွေမှာ၊ စာရွက်စာတမ်းတွေမှာ အကုန်ဖြန့်ဝေနေတာ ကြားနေ ရတယ်။

– တကယ်တော့ ကျွန်တော့်အသက်နဲ့ အာမခံပြီးပြောပါတယ်။ ဘယ်ဗလီဆရာကမှ အဲဒီလို သင်ကြားမပေးဘူးဆိုတာကို မြအေး အသက်နဲ့အာမခံပြီး ပြောပါတယ်လို့၊ ရဲရဲတင်းတင်းကြီး ပြောပါတယ်။

ဒီနေ့ ဒီအချိန်အခါမှာ ကျွန်တော်တို့ ဘာသာရေး တိုင်း ဘာသာရေးတိုင်းဟာ လူသားတွေ ယဉ်ကျေးအောင်၊ လူသားတွေ သိမ်မွေ့နူးညံ့အောင်၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကိုယ်ချင်းစာ စိတ်တွေ၊ အပြန်အလှန်လေးစားမှုတွေ မြင့်မားလာအောင် သင်ကြားပေးတဲ့ တရားဓမ္မတွေပါ။ အဲဒီတော့ ကျွန်တော်တို့ကို အထင်အမြင်လွဲနေတဲ့၊ အထင်အမြင်မှားမှုတွေကို နှုတ်အားဖြင့် ချေဖျက်နေလို့မရပါဘူး။ အဲဒီတော့ ကျွန်တော်ဖြစ်စေချင်တာက တကယ် ကျွန်တော် ၀မ်းသာ ပါတယ်။ အခုလို အမျိုးသမီးတွေရော၊ အမျိုးသားတွေရော ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော့်အစ်ကို ကိုကိုကြီးရော ဒီလို ဗလီဝတ်ကျောင်းတော်မှာ စုံရ ကြုံရတာမျိုး ဖြစ်ရပ်တွေ အများကြီးဖြစ်စေချင် ပါတယ်။ အခြား၊ အခြားသော ဘာသာဝင်များရဲ့ ဘုန်းတော်ကြီးများ၊ ရဟန်းများ၊ သိက္ခာတော်ရ ဆရာတော်များကိုပါ ဗလီဝတ်ကျောင်းတော်ထဲကို ခေါ်ပြီးတော့ အပြန်အလှန် တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုတွေကို တည်ဆောက်နိုင်မယ်ဆိုလို့ရှိရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အခြား၊ အခြားသော ဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ အီမာန်ကို မပျက်ယွင်းစေဘဲ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်းနှင့် သဟဇာတဖြစ်တဲ့ လူမှု အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်သွားကြပါလို့ အစ္စလာမ်ဘာသာဝင်များအားလုံးကို မေတ္တာရပ်ခံ တိုက်တွန်းရင်း ကျွန်တော် နိဂုံးချုပ်ပါတယ် ခင်ဗျား။