နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော
ဇွန်လ ၂၃ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှုများအပါအဝင် လက်တလော ဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ်လျဉ်းပြီး မြန်မာ မွတ်စလင် အစည်းအရုံး (B.M.A) က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ
———————————————–
ဒီမိုကရေစီအစိုးရသစ်သည် ရက်(၁၀ဝ)အတွင်း လူသစ်၊ မူသစ်တို့ဖြင့် စစ်အစိုးရ လမ်းကြောင်းဟောင်းမှ စတင်ခွဲခွါ ပြောင်းလဲတော့မည်ဟု လူထုကို မျှော်လင့်ချက် ပေးခဲ့သည်။
၁။ သို့သော် ရက်(၁၀ဝ)အတွင်း ၂၀၁၆ ဇွန်လ၂၂ရက်နေ့ ဝေါမြို့နယ် သူရဲသမိန်ရွာတွင် မြန်မာမွတ်စလင်များနှင့် သူတို့၏ ဗလီနှင့် အိုးအိမ်များ တိုက်ခိုက် ဖျက်ဆီးခံရသည်။ (မွတ်စလင်များ၏ ဥပုသ်လမှာ တိုက်ခိုက်ခြင်း ဖြစ်သည်။)
၂။ ရက်(၁၀ဝ)အတွင်း ယခုလကုန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရွာရှိ မြန်မာမွတ်စလင်များ၏ ဗလီတစ်လုံးကို ဖျက်သိမ်းရန် စီစဉ်လျှက်ရှိသည်။
၃။ ရက်(၁၀ဝ)အတွင်း မြိုင်ကြီးငူဆရာတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့၏ နေရာများတွင် ဥပဒေမဲ့ ကျူးကျော်စေတီများတည်၍ ရန်စ စော်ကားမှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။
၄။ ရက်(၁၀ဝ)အတွင်း မဘသသုံးနှစ်မြောက် ပြည်လုံးကျွတ် ညီလာခံကြီး ကျင်းပပြီး မွတ်စလင်များ၏ ဗလီများ၊ အိုးအိမ်များကို ဖျက်ဆီးပစ်ဖို့ သတ္တိရှိကြရန် မြန်မာတစ်ပြည်လုံးရှိ သံဃာများနှင့် ပြည်သူများကို အတိအလင်း လူသိရှင်ကြား သွေးထိုးလှုံ့ဆော်ခဲ့သည်။.(မဘသသည် မြန်မာပြည်တွင် သံဃာ့မဟာနာယကအဖွဲ့ တစ်ဖွဲ့မှလွဲ၍ မည်သည့်သံဃာ အဖွဲ့အစည်းမှ ဖွဲ့စည်းခွင့်မရှိဟူသော တည်ဆဲ သံဃာ့မဟာနာယက ဥပဒေကို ဆန့်ကျင်၍ ယခင် ဦးသိန်းစိန်အစိုးရက မိမိဥပဒေကို မိမိချိုးဖောက်ပြီး ဖွဲ့စည်းခွင့်ပေးထားခဲ့သော ဥပဒေပြင်ပက အဖွဲ့အစည်းဖြစ်သည်။ မဘသကို ဆက်ရှိခွင့်ပေးလျှင် သံဃာ့မဟာနာယက ဥပဒေကို ဖျက်သိမ်းရမည်ဖြစ်သည်။)
၅။ ရက်(၁၀ဝ)အတွင်း သာသနာရေးဝန်ကြီး ဦးသူရအောင်ကိုက တိုင်းရင်းသား မြန်မာမွတ်စလင်များကို ဧည့်နိုင်ငံသား အဖြစ် ပြောဆို လိုက်သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသူအဖြစ် သမိုင်းတွင်သွားသည်။)
၆။ ရက်(၁၀ဝ)အတွင်း မြန်မာမွတ်စလင် ခလေးငယ်များကို ရှက်ရွံ့အားငယ်စေရန်၊ ကျောင်းသားအချင်းချင်း ခွဲခြားမှုများ ဖြစ်စေရန် ကျောင်းမှတ်ပုံတင်လုပ်ရာတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြန်သည်။
၇။ ရက်(၁၀ဝ)အတွင်း တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာ ကန့်ကွက်ခဲ့သည်။
၈။ ရက်(၁၀ဝ)အတွင်း နေ့စဉ်ရက်ဆက် ဘာသာရေးအရ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အစွန်းရောက် အခြေခံဝါဒီများ မြန်မာနိုင်ငံတွင် မရှိပါဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာရှိ လူ့အခွင့်အရေး ညီလာခံမှာ ယခင်စစ်အစိုးရများကဲ့သို့ ဖုံးကွယ် တင်ပြခဲ့သည်။
၉။ ရက်(၁၀ဝ)အတွင်း တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်စွာ ဥပဒေမဲ့အဖွဲ့အစည်း မဘသ၏ ဆောင်ပုဒ်အတိုင်း တပ်မတော်သည် အမျိုး ဘာသာ သာသနာကို ကာကွယ်မည်ဟု ၂၀ဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရထက် အာဏာပိုရှိသော ကာချုပ် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသည့် ကာချုပ်အဖြစ် သမိုင်းတွင်သွားသည်။)
အထက်ပါ အချက်အလက်များအရ ဒီမိုကရေစီအစိုးရသစ်သည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးများ လစ်လျူရှုရာတွင် ယခင်စစ်အစိုးရများနှင့် ထပ်တူကျနေသည့်အပြင် ပိုဆိုးလာသည်များကိုလည်း ဝမ်းနည်းစွာဖြင့် ထင်ထင်ရှားရှား တွေ့ရသည်။
ဒီမိုကရေစီ အစိုးရသစ်သည် ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူကို မိမိကတိပေးခဲ့သော မူများ၊ ကတိများအတိုင်း ကြံ့ကြံ့ခံ ရပ်တည်၍ နိုင်ငံသားများ၏ အသက်အိုးအိမ် လုံခြုံရေးအတွက် ဥပဒေချိုးဖောက်သူများကို ဟန့်တားလောက်သော စံပြ ပြစ်ဒါဏ်များဖြင့် ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် ချမှတ်အရေးယူရန် အရေးတကြီး လိုအပ်နေသည်။
ထိုကဲ့သို့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးမယူပါက အကြမ်းဖက်သူများသည် ပိုမိုအတင့်ရဲလာပြီး နိုင်ငံအနှံ့ အလားတူ အကြမ်းဖက်မှုများ တိုးပွါးလာအောင် အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားလျှင်လက်ရှိ ဒီမိုကရေစီ အစိုးရတွင်သာ အပြည့်အဝ တာဝန်ရှိသွားမည်ဖြစ်ကြောင်း အထူးသတိပေး တိုက်တွန်းလိုက်သည်။
ရက်စွဲ ၂၀၁၆ ဇွန်လ ၂၄
Credit – https://web.facebook.com/MMediaMyanmarVersion/posts/1118749508167518