ကမ္ဘာမြေ ငြိမ်းချမ်းပါစေ 19.9.2014 မုဖ်သီ ဦးသန်းအောင် (LL.B)

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ….

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော့်အနေနဲ့ အခုလို ဂျွမ္မာဟ်ခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိကို `အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့´ ရက်သတ္တပါတ်အဖြစ် သတ်မှတ်ထားပါတယ်။ အတိအကျပြောရမယ်ဆိုရင် စက်တင်ဘာလ ၂၁ရက်နေကို နိုင်ငံ တကာမှာ`အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့´အဖြစ် ကျင်းပကြသလို၊ မြန်မာနိုင်ငံမှာလည်း မကြာခင်ကျင်းပ တော့မှာဖြစ်ပါတယ်။

ဒါကြောင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပေးသောအားဖြင့် ကျွန်တော်ဒီကနေ့ တင်ပြ မယ့် ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်က `ကမ္ဘာမြေငြိမ်းချမ်းပါစေ´ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ `ကမ္ဘာမြေ ငြိမ်းချမ်းပါစေ´ ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြဖို့အတွက်မှာ ကျွန်တော့်အနေနဲ့ စစ်ရဲ့အနိဌာရုံတွေကို အစပြုပြီးတင်ပြခွင့်ပြုပါ။

စစ်၊ စစ်ဘေးရဲ့ဒဏ်တွေကြောင့် အကျိုးဆက်အနေနဲ့ ကလေးငယ်တွေရဲ့စိတ်တွေ စိုးရိမ်ကြောက်ရွံ့မှုတွေ၊ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အရွယ်နှင့်မမျှအောင်တွေ့ကြုံရတဲ့ စစ်ဘေးဒုက္ခကို ပြန်မတွေး ရဲအောင် ဖြစ်နေကြပါတယ်။ သူတို့ကိုပြုစုပျိုးထောင်နေတဲ့ သူတို့ရဲ့မိဘတွေနဲ့ အထူးသဖြင့် သူတို့ရဲ့မွေးသမိခင် တွေရဲ့ မျက်ရည်တွေပင်လယ်ဝေလျက်ရှိနေကြပါတယ်။

အဲ့ဒီစစ်ဘေးဒုက္ခခံနေရတဲ့ မိဘတွေနဲ့ ကလေးသူငယ်တွေ၊ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုဝေဒ နာတွေကို ကုသပေးဖို့ဟာ လွန်စွာအရေးကြီးပါတယ်။ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန် စွမ်းသူတွေ၊ ကလေးသူငယ်လူမမယ်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေ လွန်စွာထိခိုက်နစ်နာ၊ ဆုံးရှုံးလျက်ရှိနေပါတယ်။ သူတို့ဘ၀၊ သူတို့အသက်ဘယ်လို ဆက်လက်ရှင်သန်ရမလဲလို့ စိုးရိမ်သောကတွေ ပင်လယ်ဝေရင်းနဲ့ သူတို့မှာ လုံခြုံမှုတွေမဲ့နေပါတယ်။

ပညာသင်ကြားရမဲ့ ကလေးငယ်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကိုရင်ဆိုင်နေရတာကြောင့် ပညာသင် ကြားရေးကို စိတ်ဝင်စားမှု နည်းပါးလာပါတယ်။ အဲဒီကတဆင့် လူမှုရေးဒုက္ခတွေ ပင်လယ်ဝေနေပြီးတော့ တနင့် တပိုးခံစားနေရတဲ့အခါမှာ နည်းနည်းပါးပါး အဆင်ပြေတည်ငြိမ်မှုရလာတဲ့ ဒေသမှာ ကျောင်းတွေဖွင့်ဖို့ စီစဉ်လိုက်တဲ့ အခါ အဲ့ဒီကလေးသူငယ်တွေ စာသင်ကြားလိုစိတ်မရှိကြတော့တာကို တွေ့ရပါတယ်။

သူတို့၊ သူတို့တွေရဲ့ဘ၀တွေဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အထူးသဖြင့် အချိန်အခါ မရွေးသေသွားနိုင်တဲ့ ဘ၀တွေဟာလွန်စွာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေကြရတာကို ကျွန်တော်တို့တွေ့နေရမှာ ဖြစ်ပါတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ စစ်ပွဲတွေရဲ့ အနိဌာရုံတွေကြောင့် စစ်ဘေးစစ်ဒဏ်ကို တွေ့ကြုံနေကြရတဲ့ လူတွေ ဒီနေ့ကမ္ဘာပေါ်မှာ အမြောက်အများရှိပါတယ်။ အဲ့ဒီလိုနဲ့ ငတ်မွတ်ခေါင်းပါးတဲ့ ဒဏ်ကိုခံနေရတဲ့လူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူ ၉ ဦးထဲမှာ တစ်ဦးဟာ ရင်ဆိုင်ခံစားနေရဆဲရှိပါတယ်။

သူတို့တေဟာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခက်အခဲများစွာကို ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် `စစ်´ဟာ မုန်းတီးရွံရှာဖို့ ကောင်းပါတယ်။ `စစ်´ဆိုတာ လူတွေရဲ့ အသက်ကို သေစေပါတယ်။ ခြေပြတ်၊ ပေါင်ပြတ်၊ လက်ပြတ်၊ မျက်စိကွယ်စတဲ့ လူစဉ်မမီ လူဖြစ်ရှုံး၊ မသန်စွမ်းဘ၀ကို ရောက်စေပါတယ်။ ပညာရေး၊ စီးပွားရေးတွေ အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ဆုံးရှုံးပျက်စီးစေပါတယ်။ အိုးအိမ်၊ တိုက်တာ၊ လယ်ယာကိုင်းကျွန်း တွေပျက်စီးစေပါတယ်။ မိခင်နှင့် ချစ်သူခင်သူတို့ရဲ့ မျက်ရည်တွေကို ပင်လယ်ဝေစေပါတယ်။

ဒါကြောင့် ကျွန်တော်တို့အားလုံး စစ်ကိုမုန်းကြပါတယ်။ အဲ့ဒီစစ်ကို မုန်းတဲ့လူတွေအတွက် ငြိမ်းချမ်းရေးဟာ ဆေးတစ်ခွက်အနေနဲ့ တည်ရှိနေပါတယ်။ ငြိမ်းချမ်းရေးရဲ့ သဘောသဘာဝကို ဖော်ညွှန်းတဲ့အခါမှာ `စစ်မက်ကင်း ဝေး….. ငြိမ်းချမ်းရေး´ဆိုပြီးတော့ ဖော်ပြကြပါတယ်။

ငြိမ်းချမ်းရေးဆိုတာကို ပညာရှင်တွေက အခုလိုပဲ ဖွင့်ဆိုသတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီဖွင့်ဆိုချက်ဟာ သွေးထွက်အောင်မှန်ပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ စစ်နဲ့ဆူပူအုံကြွမှုတွေ၊ တရားမဲ့မှုတွေ ကင်းရှင်း နေခြင်းပါပဲ။ ဒါပေမဲ့တစ်ချို့ကတော့ ဒီဖွင့်ဆိုချက်ဟာ မလုံလောက်သေးဘူးလို့ လက်ခံထားကြပါတယ်။ သူတို့ပြော တာက ငြိမ်းချမ်းရေးဟာ တရားမျှတမှုနဲ့ တွဲဖက်နေသင့်တယ်လို့ ဖော်ပြပါတယ်။ တရားမျှတမှု(Justice) ကင်းမဲ့တဲ့၊ ငြိမ်းချမ်းရေး Peaceဟာ ငြိမ်းချမ်းရေး မမည်ဘူးလို့ ဖော်ညွှန်းပါတယ်။ ဒါကြောင့် ကမ္ဘာတလွှားကလူတွေက `ငါတို့ အပေါ်မှာ တရားမျှတမှုရှိရင် ငြိမ်းချမ်းရေးလည်း ရှိလိမ့်မယ်´လို့ ကြွေးကြော်အော်ဟစ်ပြီး တရားမျှတရေးတံဆိပ် ကပ်ထားတဲ့ ဆူပူလှုပ်ရှားမတရား ပြုကျင့်မှုတွေမှာ သူတို့စီးမျောနစ်ဝင်လာကြပါတယ်။ တရားမဲ့အပြုအမူတွေနဲ့ သူတို့တုံ့ပြန်လာကြပါတယ်။

ဒီလိုအခြေအနေမျိုးနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ တကယ်တော့ လက်တွေ့မဆန်လှပါဘူး။ ငြိမ်းချမ်းရေးရဲ့ အခြေခံတစ်ခုဖြစ်စရာ မလိုဘူးလို့မြင်မိပါတယ်။ `တရားမျှတရေး´ခေါင်းစဉ်တပ်ပြီး လူတွေကြမ်းရမ်းလာတဲ့အခါ ငြိမ်းချမ်းရေးက ပိုလို့တောင်ဝေးကွာသွားရပါတယ်။ ဘာကြောင့်လဲဆိုရင် ဆူပူအုံကြွမှုရှိနေတဲ့ ၀န်းကျင်ဒေသမှာ အကျိုးမဲ့မှုတွေပဲ ဖြစ်ပေါ်နေလို့ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးအတွက်သာ လိုလားခုံမင်အပ်ပါတယ်။

လူတွေက ငြိမ်းချမ်းရေးကို မျှော်ကိုးပြီး စိတ်ရှည်သည်းခံကြံ့ခိုင်မှုရှိလာကြမယ်ဆိုရင် အခွင့်အလမ်းတွေ ပွင့်လန်းလာမှာဖြစ်ပါတယ်။ သူတို့မျှော်မှန်းရာ ဘ၀ခရီးပန်းတိုင်ကိုလည်း ပေါက်မြောက်စေရာ အလားအလာ ကောင်းတွေကိုလည်း ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ဆက်တွဲအနေနဲ့တရားမျှတမှုဆိုတာကို လည်း ရရှိခံစားလာရမှာဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ပဏာမခြေလှမ်းတွေလည်း ဖြစ်ထွန်းအောင်မြင်လာ ဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စကားချပ်အနေနဲ့ တင်ပြရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် သက်ဆိုးရှည်နေတဲ့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ ညီနောင်အချင်းချင်း တိုက်ခိုက်မှုတွေ ဒီလကုန်(သို့မဟုတ်) ရှေ့လ လဆန်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတော့မယ်ဆိုတဲ့ သတင်းစကားကြားသိရတာ ဟာ ကျွန်တော်တို့အားလုံးအတွက် ငြိမ်းချမ်းရေး ခေါင်းလောင်သံဆိုရင်လည်း မမှားပါဘူး။ ဒါကို ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုရမှာဖြစ်ပါတယ်။

ဒီနည်းစနစ်နဲ့ အောင်မြင်သွားတဲ့ အခိုင်အမာသာဓကလေးတစ်ခု ပြောပြချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စက်မှု မြို့တော် ၂ မြို့တော်ဖြစ်တဲ့ ဟီရိုရှီးမားနှင့် နာဂါဆာကီကို ၁၉၄၅ ခုနှစ်သြဂုတ်လမှာ အနုမြူဗုံးနဲ့ ဖျက်ဆီးခံခဲ့ရပါ တယ်။ ဒီအဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ နောက်ပိုင်းမှာ ဂျပန်နိုင်ငံဟာ အရင်ကကျင့်သုံးခဲ့တဲ့ ဖက်ဆစ်စနစ်အတိုင်း အကြမ်းအရမ်းကိစ္စတွေကို ရှောင်ကြဉ်ပြီးသူတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းကိုပဲ ရှာဖွေရှာကြံခဲ့ပါတယ်။ အဲ့ဒီအတွက် အကျိုးကျေးဇူးက နှစ်ပေါင်း ၄၀ ခန့်ကြာတဲ့အခါ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေးထိပ်သီးနိုင်ငံ ဖြစ်လာပြီး အခြားနိုင်ငံတွေကို မျှဝေသုံးစွဲလှူဒါန်းပေးဝေနေတဲ့ အဆင့်အထိကို ရောက်ရှိလာခဲ့ပါတယ်။

ဒါကြောင့် အကြမ်းနည်းနဲ့ကြိုးပမ်းလို့အချိန်တွေ ကြာရင်လည်းအောင်မြင်မှုရဖို့က ကမ်းမမြင် လမ်းမမြင် အခြေအနေမှာရှိမှာပါ။ ငြိမ်းချမ်းတဲ့နည်းနဲ့ ကြိုးပမ်းရင်တော့ အချိန်ကာလ တိုတိုလေးအတွင်းမှာ အောင်မြင်ဖွံ့ဖြိုး တိုးတက်မှုအတွက် ခရီးပေါက်နိုင်တာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့လက်တွေ့ကျတဲ့ ဖော်မြူလာကို ပညာရှင်တွေက `ပြဿနာတွေဘေးချိတ်ကာ၊ အခွင့်ကောင်းကို ဖမ်းဆုပ်ပါ´ဆိုပြီးတော့ ဖော်ပြကြ ပါတယ်။

ဒါဟာတကယ်တော့ အစ္စလာမ်ကပေးခဲ့တဲ့ ငြိမ်းချမ်းရေးအမြင်ဖြစ်ကြောင်း ကျွန်တော်တို့သက်သေပြနိုင် ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က `ဟိုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ်´ချုပ်ဆိုတဲ့အခါမှာ ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က ကိုယ်နဲ့အမြင်မတူတဲ့၊ အသွင် မတူတဲ့လူတွေက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရာမှာ တစ်ဖက်စောင်းနင်းတောင်းဆိုမှုတွေ ပြုလာတဲ့အပေါ်မှာ သွေးထွက်သံယိုမှုနဲ့၊ ထိခိုက်သေကြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာကိုစိုးပြီးတော့ လိုက်လျောမှုများစွာနဲ့ `ဟိုဒိုင်ဗီ ယာငြိမ်းချမ်းရေး´စာချုပ်ကို ချုပ်ဆိုခဲ့တယ်ဆိုတာ လူကြီးမင်းများအားလုံးလည်း အသိဆုံးဖြစ်မှာပါ။ အဲ့ဒီ ဟိုဒိုင်ဗီ ယာ ငြိမ်းချမ်းရေးစာချုပ်ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ အထင်ကရမှတ်တမ်းမှတ်ရာနဲ့ တည်ရှိလျက်ရှိနေပါတယ်။ ဒါဟာ အစ္စလာမ်ကပေးတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားအမြင်ဆိုရင်လည်း မမှားပါဘူး။

တစ်ခါတစ်လေမှာတော့ ငြိမ်းချမ်းရေးဒါမှမဟုတ် အဖြည့်ခံကျင့်ထုံးအဖြစ်လည်း ကြုံတွေ့ရလေ့ရှိပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဟာ အပြုစိတ်ရဲ့ထွက်ကုန်ဖြစ်ပြီးတော့ အကြမ်းဖက်မှုကတော့ အပျက်စိတ်ရဲ့ထွက်ကုန် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးက လူ့အဖွဲ့အစည်းရဲ့ မူမှန်အခြေအနေဖြစ်ပြီး အကြမ်းဖက်မှုက လူ့အဖွဲ့အစည်းရဲ့မူမမှန် အခြေအနေဖြစ်ပါတယ်။

ငြိမ်းချမ်းရေးက သဘာဝထုံးတမ်းအစဉ်အလာနှင့် လိုက်လျောညီထွေရှိသလောက် အကြမ်းဖက်မှုကတော့ သဘာဝထုံးတမ်းအစဉ်အလာနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းတဲ့ အခြေအနေတွေ တည်ဆောက်ထားနိုင်ရင် လုပ်ငန်းဆောင်တာအားလုံး ချောမွေ့နိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့ ၀န်းကျင်နှောက်ယှက်ဖျက်ဆီးခံလိုက်ရရင် တရားမဲ့ပြုကျင့်နေတဲ့ လူတွေရဲ့အင်အားသုံးဖျက်ဆီးမှုခံလိုက်ရရင် အဲ့ဒီ လူ့အဖွဲ့အစည်းရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဖရိုဖရဲကမောက်ကမ ဖြစ်ကုန်ကြတာဓမ္မတာပါပဲ။

ဒီဥပဒေသဟာ လူတွေအတွက်ဖြစ်သလို စကြ၀ဠာတစ်ခုလုံးအတွက်လည်း ဖြစ်ပါတယ။် အကြမ်းဖက်မှုနဲ့ ငြိမ်းချမ်းရေးမှာ ကျယ်ပြန့်တဲ့ အဓိပ္ပါယ်သက်ရောက်မှုတွေရှိနေပါတယ်။ အမုန်းခရီး တာထွက်ကနေ စစ်ပွဲပန်းတိုင် ဆီရောက်တဲ့အထိ လုံးပမ်းအားစိုက်ကြိုးပမ်းမှုခြေလှမ်းတိုင်းဟာ အကြမ်းဖက်မှုပါ။ သည်းခံ၊ စိတ်ရှည်၊ ခွင့်လွှတ်၊ နားလည်၊ စာနာစိတ်ထားပြီးတော့ အဲ့ဒီအခြေအနေကနေ မေတ္တာပင်လယ်ဆီရောက်တဲ့အထိ ဇွဲ၊ လုံ့လ၊ ၀ီရိယ ရေစီးတိုင်းဟာ ငြိမ်းချမ်းရေးပါ။

အကြမ်းဖက်မှုနဲ့ငြိမ်းချမ်းရေး နှစ်ခုစလုံးဟာ လူ့အတွေးအခေါ်က ထုတ်လုပ်လိုက်တဲ့ ထွက်ကုန်တွေချည်း ပါဘဲ။ အဲ့ဒီတော့ အကြမ်းဖက်မှုက အပြုသဘောလုပ်ဆောင်ချက်တွေအတွက် တံခါးပိတ်ထားတတ်ပါတယ်။ ငြိမ်း ချမ်းရေးကတော့ အပြုသဘောလုပ်ဆောင်ချက်တွေအတွက် တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ဂျာမာန် စိတ်ပညာရှင် `အဲလ်ဖရက်ဒ် အက်ဒလာက – တစ်ခုတည်းသော လူသားပိုင် အရည်အသွေးဟာ အနုတ်လက္ခဏာဘက်ကနေ အပေါင်းလက္ခဏာဘက်ကို ပြောင်းလဲပစ်နိုင်စွမ်းဖြစ်တယ်။´လို့ဆိုခဲ့ပါတယ်။ အဲ့ဒီတစ်ခုတည်းသောအဖြေက `ငြိမ်းချမ်းရေး´ပါဘဲ။ လူသားရဲ့ဦးနှောက်ဟာ အကန့်အသတ်မဲ့စွမ်းအင်တွေ သိုလှောင်ထားတဲ့ အလ္လာဟ့်နိအ်မသ် ချီးမြှင့်ထားတဲ့ ရတနာစံအိမ်တစ်ခုပါဘဲ။ ပဋိပက္ခကာလတစ်ခုမှာ လူသားဟာငြိမ်းချမ်းတဲ့ စိတ်ဆုံးရှုံးသွားခဲ့မယ်ဆို ရင် သူ့ရဲ့စွမ်းရည်ကို အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ အသုံးချနိုင်စွမ်းတွေပါ ဆုံးရှုံးပျောက်ကွယ်သွားပါတော့ တယ်။

အပျက်သဘော စဉ်းစားတွေးခေါ်ခြင်းက လူသားရဲ့စွမ်းရည်ကို အဲ့ဒီအချိန်မှာ နှိုးဆွပေးလိုက်ပါတယ်။ ဒါကြောင့် တစ်ဦးခြင်းပဲဖြစ်ဖြစ်၊ နိုင်ငံအလိုက်ပဲဖြစ်ဖြစ် အခြေအနေအရပ်ရပ်တိုင်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင် စွမ်းရှိရင် မရေမတွက်နိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လာပါလိမ့်မယ်။ ဒါဟာ အနုတ်လက္ခဏာကနေ၊ အပေါင်းလက္ခ ဏာကို ပြောင်းလဲသွားစေမဲ့အခါအခွင့်ပဲ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာမှာ ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြဿနာအတော်များများရဲ့ အရင်းအမြစ်ကို ခြေရာခံကြည့်ရင် သဘာဝငြိမ်းချမ်းစံကနေ သွေဖီမှုကြောင့်ဆိုတာ တွေ့ရပါလိမ့်မယ်။ သဘာဝတရားဟာ ကျွန်တော်တို့လူသားတွေအတွက် လိုက်နာရမယ့်အကောင်းဆုံးစံပါဘဲ။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျွန်တော် တို့ကို သင်ကြားပေးတဲ့အခါမှာ အာယသ်အခြေအနေ(၂)ရပ်ကို ပြောပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ညွှန်းထားသော အာယသ်တော်များနဲ့ ဒီသဘာဝလောကဓါတ်ကြီး တည် ရှိဖွဲ့စည်းထားတဲ့ အာယသ်တော်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဲ့ဒီသဘာဝလောကဓါတ်ကြီးကို ကြည့်ရင်လည်း အင်မတန်စံယူစရာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို သဘာဝလောကဓါတ်ကြီးက သင်ပေးနေတဲ့အရာ တွေကို ကျွန်တော်တို့ အကောင်းဆုံးအသုံးချဖို့ လိုအပ်နေတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ကြယ်တွေ၊ ဂြိုဟ် တွေဟာ သူတို့ရဲ့(အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့) ပတ်လမ်းအတိုင်း မရပ်မနားရွေ့လျားနေကြပါတယ်။ ဒါပေမယ့် သူတို့ဟာ တစ်ခုနဲ့တစ်ခုဘယ်သောအခါမှ တွန်းတိုက်မိတာမျိုးတွေ မရှိပါဘူး။ သူတို့က လူတွေအတွက် ဘ၀မှာအချင်းချင်း ပြဿနာတစ်စုံတစ်ရာမျှမတက်ဘဲ လိုရာပန်းတိုင်ဆီသို့ ခရီးဆက်နိုင်ကြဖို့ သင်ခန်းစာပေး လျက်ရှိနေကြပါတယ်။ ဒီလိုပဲ နေဟာလည်းအကောင်းဆုံးစံတစ်ခုပါပဲ။ ကျွန်တော်တို့အခြားသူတွေအတွက် လုံးဝ မခွဲခြားတဲ့နည်းလမ်းနဲ့ ဘယ်လိုရှင်သန်ခွင့်ပေးရမလဲဆိုတာကို နေက ပြသသင်ပေးနေပါတယ်။ သစ်ပင်တွေကို ကြည့်ရင်လည်း လူတွေအတွက် ထင်ရှားတဲ့သာဓကကိုတွေ့ရမှာပါ။ သစ်ပင်တွေက လူတွေအတွက် အန္တရာယ်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သူတို့စုပ်ယူလိုက်ပြီး လူတွေအတွက် အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကျန်းမာစေ၊ အကျိုးရှိစေတဲ့ အောက်ဆီဂျင်ကို ပြောင်းလဲထုတ်ပေးဖြည့်ဆည်းပေးနေပါတယ်။

နောက်ပြီးပန်းတွေကို ကြည့်လိုက်ရင်လည်း ကျွန်တော်တို့အတွက် သူတို့ရဲ့ဝန်းကျင်ကို သင်းပျံ့မွှေးကြိုင် တဲ့ ရနံ့တွေကို ဖြစ်ပေါ်နေစေပါတယ်။ ရေစီးဟာလည်းစုန်တစ်ခါ ဆန်တစ်လှည့် စီးဆင်းနေရင်း လူသားတွေကို အကျိုးပြုလျက်ရှိနေပါတယ်။ လယ်ယာမြေတွေကို ကြည့်လိုက်ရင်လည်း သူတို့ဟာလူသားတွေဆီက ဘာတုန့်ပြန်မှု တစ်ခုမှမရပါဘဲနဲ့ သူတို့လယ်မြေမှာ စိုက်ပျိုးလိုက်တဲ့ သစ်ပင်၊ ပန်းမာလ်၊ လယ်ယာထွက်ကုန်သီးနှံတွေကို တိုးတက်ဖွံ့ဖြိုးလာအောင် လယ်မြေတွေက အကျိုးပြုထုတ်လုပ်ပေးလျက်ရှိနေပါတယ်။ ဒါတွေကို ကြည့်လိုက်ရန် ကျွန်တော်တို့လူတွေဟာ သဘာဝလောကဓါတ်ကြီးရဲ့ပြသနေတဲ့ စံနှုန်းတွေကနေယူပြီး ကိုယ်ကျိုးမဖက်၊ ကိုယ်ကျိုး မတွက်တဲ့ ပရဟိတတန်ဖိုးတွေနဲ့ လူတွေအတွက် စွဲမက်အတုယူစရာတွေ သဘာဝလောကကြီးမှာရှိနေတာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့သာ သူတို့လည်းလူတွေကို အကျိုးမပြုခဲ့ဘူးဆိုရင် သူတို့ဟာ တန်ဖိုးမဲ့သွားမှာဖြစ်ပါတယ်။

လူတွေရဲ့လက်ရှိခေတ်ကာလမှာ ပြုလုပ်ဆောင်ရွက်မှုဟာ တကယ်ဆိုရင် ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာ စစ်မှာ သေကြေပျက်စီး၊ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးတွေထက်ပိုပြီးတော့များနေပါပြီ။ သူတို့ဟာအကြမ်းဖက်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေမှုတွေ၊ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေအောင်လုပ်ကိုနေတဲ့ လုပ်ရပ်တွေဟာ အမှန် တော့ ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့အတူတူပဲလို့ ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

အလ္လာဟ်အရှင်မြတ် စီရင်ဖြစ်ထွန်းစေထားတဲ့ လှပတဲ့သဘာဝလောကဟာ လူတွေကြောင့် ကောင်း ကောင်းကြီးပျက်စီးရကိန်းဆိုက်နေပါပြီ။ ပျံ့နှံ့နေတဲ့ အကြမ်းဖက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေ၊ ကမ္ဘာကြီးပူနွေးမှုတွေဟာ တတိယကမ္ဘာစစ်ဖြစ်တာထက်တောင် အန္တရာယ်များပါတယ်။ တကယ်တော့ ဒီကိစ္စတွေ ကပဲ ကျွန်တော်တို့အတွက် တတိယကမ္ဘာစစ်ကြီးသဖွယ် ဖြစ်လို့နေပါပြီ။ ဒါကြောင့် ငြိမ်းချမ်းရေး ရစေတဲ့နည်းကို ပညာရှင်တွေက အခုလိုဖော်ပြပါတယ်။ စိတ်ရဲ့ငြိမ်းချမ်းရေး၊ မိသားစုငြိမ်းချမ်းရေး၊ သဘာဝလောက ငြိမ်းချမ်းရေး စတဲ့ ငြိမ်းချမ်းရေးကိစ္စဟာ အကောင်းဆုံးရှင်သန်ရာဘ၀လမ်းအတွက် မရှိမဖြစ်ကိစ္စပါ။ ငြိမ်းချမ်းရေး ပျောက်ဆုံး ရင်တော့ အရာရာဟာ အဓိပ္ပါယ်မဲ့သွားမှာဖြစ်ပါတယ်။

ချိန်ခွင်လျှာတစ်ဖက်စောင်းနင်းနဲ့ ဟန်ချက်မပျက်အောင်ထိန်းညှိပေးဖို့ လိုအပ်တဲ့အရာတွေက မေတ္တာ တရား၊ သစ္စာတရား၊ ကရုဏာတရား၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်ခြင်း၊ နားလည်စာနာခြင်း၊ ရိုင်းပင်းကူညီ ခြင်း၊ မျှဝေခံစားခြင်းနဲ့ အတူတကွ ပူးပေါင်းနေထိုင်လိုစိတ်ရှိခြင်းတွေဆိုတာ ထင်ရှားပါတယ်။ အချို့က ညီညွတ်ခြင်းကို ဆောင်ကြဉ်းတဲ့အခါ ကွဲပြားချက်တွေကို ရှင်းထုတ်ပစ်ဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ ဒါပေမဲ့ ဒီအမြင်က တကယ်တော့ မခိုင်မာပါဘူး။ လက်တွေ့လည်းမကျပါဘူး။ မှားနေပါတယ်။ နှင်းဆီပန်းမှာရှိနေတဲ့ ဆူးတွေကို လူကြီးမင်းတို့အပါအ၀င်၊ ကျွန်တော်အပါအ၀င် လူတိုင်းကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီဆူး တွေ အကုန်လုံးကို ဖယ်လိုက်ဖို့ကတော့ မလွယ်ပါဘူး။ ဆူးရှိတဲ့အပင်တွေ ကင်းစင်သွားအောင် ရှင်းပစ်ဖို့ဆိုတာ ပိုပြီးမလွယ်ပါဘူး။ မလွယ်ရတဲ့အကြောင်းက ဆူးတစ်ခုကိုဖယ်ပစ်လိုက်ရင် အဲဒီနေရာမှာ နောက်ဆူးတစ်ခုပြန်ထွက် လာဦးမှာပါ။ တကယ်လို့ နှင်းဆီခင်းတစ်ခုလုံးကို ဘူဒိုဇာနဲ့ထိုးပစ်လိုက်ရင်လည်း နောက်စိုက်ခင်းတစ်ခုမှာ နှင်းဆီ ပင်အသစ်တွေဟာ ဆူးမကင်းစွာနဲ့ပဲ ပြန်ပေါက်လာဦးမှာဖြစ်ပါတယ်။ ဒီကိစ္စမှာ နှင်းဆီပန်းရဲ့ဆူးရှိနေမှုကို နားလည် သည်းခံပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်လူ့ပတ်ဝန်းကျင်မှာ နေထိုင်ဖို့ ငါတို့ပဲနေမယ်။ ကျန်တဲ့လူတွေမနေနဲ့ `သွား´ဆို တဲ့ ပုံစံမျိုးနဲ့လုပ်လို့မရပဲနဲ့ Live and Let Live လို့ခေါ်တဲ့ `ကိုယ်လည်းနေပါ၊ သူလည်းနေပါစေ´ ဆိုတဲ့မူကို ကျင့်သုံးဖို့ လိုတယ်ဆိုတာကို လူတော်တော်များများ သိလာကြပါတယ်။

ယခုဖြစ်ပျက်နေတဲ့ကိစ္စတွေမှာ လူတွေဟာ စစ်ကိုမလိုလားဘူး၊ တိုက်ပွဲတွေမလိုလားဘူး၊ ပဋိပက္ခတွေ မလိုလားဘူး၊ ရန်ပွဲတွေ မလိုလားဘူးလို့ နှုတ်ကနေလှိုင်လှိုင်ကြီး ပြောနေကြပြီး ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ တစာစာဟစ်ကြွေးအောင်ဟစ်နေပေမဲ့၊ လူတွေအချင်းချင်း နှိမ့်ချခွဲခြားဆက်ဆံမှုတွေ ပြုပြီးတော့ လူအချင်းချင်း ဒုက္ခရောက်အောင်၊ စိတ်သောကရောက်အောင်၊ မလုံခြုံအောင်၊ ပြဿနာမျိုးစုံဖန်တီးလေ့ရှိနေကြပါတယ်။ ဒါဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပေါ်နေပါတယ်။ လွယ်လွယ်နဲ့ပြောရမဲ့ စကားလုံးရွေးပြောရရင် အဲ့ဒီနည်းက `အနုနည်းနဲ့ အကြမ်း ဖက်တဲ့နည်း´ပါ။ ရုတ်တရက်ကြည့်လိုက်ရင် ဘာမှမလုပ်ထားသလိုပဲ။ စစ်လည်းမဖြစ်ဘူး၊ ယမ်းငွေ့လည်းမဝေဘူး။ ဒါပေမဲ့အဲ့ဒီ ပတ်ဝန်းကျင်မှာ နှိမ့်ချ၊ ခွဲခြား၊ ဆက်ဆံပြီးတော့ အနုနည်းနဲ့အကြမ်းဖက်ခြင်းကို ခံစားနေရတဲ့လူတွေ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါတယ်။ အဲဒါကို ကျမ်းမြတ်ကုရ်အာန် စူရာ(၂)အာယသ်(၁၉၁)မှာ-

`တိုက်ပွဲတွေ တိုက်ခိုက်ခြင်း၊ စစ်ပွဲတွေဖြစ်ခြင်းများထက် ခွဲခြားဆက်ဆံ ညှင်းပန်းနှိပ်စက်ခြင်းက ပို၍ ဆိုးဝါးစေတယ်။´ ဒီလိုပဲ ကုရ်အာန်က ပြဆိုပါတယ်။ တစ်ခါကျမ်းမြတ်ကုရ်အာန် (၂) အာယသ် (၂၁၇)မှာ—

`ခွဲခြားဆက်ဆံညှင်းပန်းနှိပ်စက်တာဟာ လူတွေကို အနုနည်းနဲ့ အကြမ်းဖက်တာဟာ တိုက်ခိုက်၊ သတ် ဖြတ်တာထက် ပိုဆိုးပါတယ်။´ လို့ ပြဆိုထားပြန်ပါတယ်။ ကျွန်တော်အပါအ၀င် လူအများဟာ အိမ်က ဇနီး မယား(သို့မဟုတ်)ဆွေမျိုးသားချင်းထဲက ကလေးတစ်ဦးမွေးပြီဆိုရင် ပထမမေးခွန်းက ယောက်ကျားလေးလား၊ နောက်အသားဖြူသလား၊ ချောသလား၊ ငါနဲ့(အဖေ)တူသလား၊ ဖြူဖြူချောချောဆိုရင် ငါ့ကလေး၊ ချစ်တယ်။ ကျွန်တော့်လို ငမဲတုံးဆိုရင်တော့ အလကားကောင် မီးသွေးခဲ၊ ကပ္ပလီ၊ ကလေးမှားလာတာပဲဖြစ်မယ်။ ဒါဟာဘာကို ပြသလဲဆိုရင် ကျွန်တော်တို့သည်ပင်လျှင် သူများက ကိုယ့်ကိုခွဲခြားဆက်ဆံတာကို မကြိုက်ဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် မိသားစုထဲမှာပြန်ပြီး ခွဲခြားဆက်ဆံမှုပြုနေကြတယ်။ လူတွေဟာ ဒီနေ့ကမ္ဘာပေါ်မှာ ကြည့်လိုက်ရင် လူမျိုးရေးခွဲခြားဆက်ဆံမှု အများကြီးလုပ်တယ်။ နိုင်ငံတကာ ဘောလုံးပွဲတွေမှာ ဘောလုံးသမားတွေကို ဘယ်လို လူမျိုးရေးခွဲခြားမှုတွေ လုပ်တယ်ဆိုတာ သိကြမှာပါ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ သူများကိုနာမည်ဖျက်ရမယ်ဆိုရင် နံပါတ်တစ် နီဂရိုးဆိုရင် ကပ္ပလီ၊ နီဂရိုးဆို ရင် နီဂရိုးပေါ့။ ဒါပေမဲ့ နှိမ့်ချပြီးတော့ ကပ္ပလီလို့ခေါ်လိုက်တယ်။ နည်းနည်း အသားညိုတာနဲ့ ဒီလူကုလား၊ ဖြူပြီး အသားနီ နှာခေါင်းနည်းနည်းပြားတာနဲ့ ဒီလူတရုတ်၊ လူတွေကို လူတွေအချင်းချင်းပဲ နှိမ့်ချ၊ ခွဲခြားဆက်ဆံကြတယ်။ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေလုပ်တယ်။ `ငါတို့လူမျိုးမှ First Class´ကျန်တဲ့လူတွေ အလကား။ ကမ္ဘာပေါ်မှာ အဲ့ဒါမျိုးတွေ အများကြီးပဲ။ ဘာသာရေး ခွဲခြားဆက်ဆံမှုလုပ်တယ်။ တိုင်းပြည်နိုင်ငံမှာ အုပ်ချုပ်မင်းလုပ်နေတဲ့ အစိုး ရက ငါတို့သက်ဝင်နေတဲ့ ဘာသာကိုပဲမင်းတို့လည်းယုံ။ အားလုံး အဆင်ပြေချောမွေ့မယ်။ ငါတို့နဲ့မတူရင်တော့ သေဖို့သာပြင်။ အနုနည်းနဲ့အကြမ်းဖက်တဲ့နည်းနဲ့ ပညာပေးခြင်းခံရမယ်။ ဒါလည်း ကမ္ဘာပေါ်မှာ အများကြီးပဲ။

အသားအရောင်ခွဲခြားဆက်ဆံမှုလုပ်တယ်။ ဒေသခွဲခြား ဆက်ဆံမှုတွေလုပ်တယ်။ ကျား၊မ လိင်ခွဲခြားဆက် ဆံမှုလုပ်တယ်။ ယောက်ကျားမှ မဟာလူသား ပထမတန်းစား၊ မိန်းမလား၊ ကလေးမွေး၊ထမင်းချက်၊ အ၀တ်လျှော် တဲ့ အလုပ်ကိုလုပ်။ အဲ့ဒီလို နှိမ့်ချ၊ ခွဲခြားဆက်ဆံမှုတွေ မရပ်ရင် လူတွေအော်နေတဲ့ ငြိမ်းချမ်းရေး မရဘူး။ ဒါကြောင့်

(၁) ခွဲခြား၊ နှိမ့်ချဆက်ဆံမှုတွေ ချက်ခြင်းရပ်ဖို့ လိုပါတယ်။

(၂) ခွဲခြား၊ နှိမ့်ချဆက်ဆံမှုတွေကို ချက်ခြင်းရပ်ပစ်ပြီး နောက်လူတွေကိုလည်း သူလည်းလူ၊ ငါလည်းလူပါ ဆိုတဲ့ လူက၊ လူကို၊ လူလို မြင်ပြီး လူက၊ လူကို၊ လူလိုဆက်ဆံတတ်တဲ့ လူပီသသော စိတ်နေစိတ်ထားမွေးပြီး အသိအမှတ်ပြုတတ်သောစိတ် ရှိဖို့လိုပါတယ်။

အဲ့ဒါမှ တကယ်ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ပြောတဲ့ လူတွေရဲ့တန်ဖိုးရှိတဲ့ ငြိမ်းချမ်းရေးရစေမဲ့ နည်းလမ်းပါ။ နောက်တစ်ခါ အမုန်းတွေကို ချက်ခြင်းရပ်ရပါမယ်။ အမုန်းတွေကို ဖြစ်ပေါ်စေလာတဲ့ စကားတွေ၊ တရားတွေ၊ အမူအကျင့်တွေ သတင်းမီဒီယာက ဖော်ပြတဲ့ရေးသားချက်တွေ ချက်ခြင်းရပ်ဖို့လိုပါတယ်။ အဲဒီအမုန်း တွေကို ချက်ခြင်းမရပ်နိုင်ဘူးဆိုရင် ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ စစ်ပွဲတွေဖြစ်ပြီး အဲ့ဒီဒေသ၊ အဲ့ဒီပတ်ဝန်းကျင်၊ အဲ့ဒီ လူ့အဖွဲ့အစည်း အဲ့ဒီနိုင်ငံဟာ အမြဲတမ်းသောကတွေ၊ ဒုက္ခတွေ ပင်လယ်ဝေနေမှာဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာ(၃) အာယသ်(၁၁၈)မှာ

`လူတွေ ပြင်းထန်သောရန်ညှိုးထားမှု၊ မနာလိုမုန်းတီးမှုတွေနဲ့ သူတို့ပြဿနာတွေ ပဋိပက္ခတွေကို ဖန်တီး လေ့ရှိတယ်။ သူတို့က အမုန်းတရားတွေဆိုတဲ့ အမုန်းစကားတွေ Hate Speech တွေကို သူတို့ရဲ့နှုတ်လျှာတွေနဲ့ စကားတွေ၊ တရားတွေနဲ့ ပြန့်ပွားအောင် ဖန်တီးနေတဲ့လူတွေရှိတယ်။´ ဒါက ၀စီကံအားဖြင့်ပြောတာ။ မနောကံ (အတွင်းစိတ်)မှာ ပိုများတယ်။ ကြီးကျယ်တယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၅)၊ အာယသ်(၆၄)မှာ

`သူတို့ဟာ စစ်မီးကို မွှေးတိုင်း မွှေးတိုင်း အလ္လာဟ်ကတော့ အဲ့ဒီစစ်မီးကို ငြိမ်းလျက်ငြိမ်းလျက် ရှိစေခဲ့ တယ်။´ လူတွေလူတွေထဲမှာ ကျွန်တော်ပြောတာ လူတွေအကြောင်း။ လူဆိုတာနဲ့ မွတ်ဆလင်မ်တွေလည်း ပါတယ် နော်။ မွတ်ဆလင်မ် မဟုတ်သူများလည်းပါတယ်နော်။ စစ်မီးမွှေးချင်တဲ့ လူတွေရှိနေတယ်။ အလ္လာဟ်လမ်းညွှန် ပြဌာန်းချက်ကို လိုက်နာတဲ့လူတွေက စစ်မီးကို ငြိမ်းစေတယ်။ အဲဒီတော့ အလ္လာဟ့်လမ်းညွှန်ပြဌာန်းချက်ကို လိုက်နာသူတွေ အမုန်းပွားများစေမဲ့စကား၊ တရား၊ ကောလဟလတွေ၊ စာအုပ်စာတမ်း Media ထုတ်လွှင့်မှုတွေ ချက်ချင်းရပ်ဖို့လိုပါတယ်။ အဲ့ဒီလို ချက်ချင်းရပ်မှ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းကို ရရှိလာနိုင်ပါတယ်။ အဲ့ဒီလို ဖြစ်ဖို့ အတွက် `သံသယတွေပျောက်ပြီး၊ အမှန်ဘ၀ရောက်ဖို့´ လိုအပ်ပါတယ်။ သံသယဆိုတာ အလွန်ကြောက်စရာ ကောင်းပါတယ်။ ယုံကြည်မှုတည်ဆောက်ရပါမယ်။ ယုံကြည်မှုမရှိရင် လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာရှိပါ တယ်။

သတင်းစာပါ အကြောင်းအရာတစ်ခုမျှဝေ ပေးချင်ပါတယ်။ (၁၁.၉.၂၀၁၄)ရက်နေ့ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့မှာ တည်ငြိမ်အေးချမ်းလာပြီဆိုပြီးတော့ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီနေ့ည စစ်တွေ မြို့ လျှပ်စစ်ဓါတ်အားပေးရုံမှာ `၀ါယာရှော့ခ်´ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အမုန်းတရားတွေ၊ အမုန်းစကားတွေပွားစေချင်တဲ့လူတွေ၊ ပြီးတော့ နယ်မြေအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မလို လားပျက်စီးစေချင်တဲ့ လူတွေ အဖျက်သမားအချို့က `ဘင်္ဂါလီတွေ´မီးလာရှို့တယ်ဆိုပြီး သတင်းမှားကို ထုတ်ပြန် လိုက်ပါတယ်။ အဲ့ဒီအခါမှာ လူစုလူဝေးတွေ ဖြစ်လာပါတယ်။ တကယ်ဖြစ်တာက ၀ါယာရှော့ခ်ဖြစ်တာပါ။

သက်ဆိုင်ရာက အမှန်အတိုင်းဖြေရှင်းပေးခဲ့တဲ့အတွက် ပြန်လည်တည်ငြိမ်၊ ငြိမ်းအေးသွားပါတယ်။ ဒါကို ကြည့်ရင် အမုန်းတွေ၊ သံသယတွေ ဘက်နှစ်ဘက်မှာ ရှိနေသမျှ တည်ငြိမ်အေးချမ်းမှုကို အန္တရာယ်ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် အမုန်းတွေ၊ သံသယတွေကို ချက်ချင်းရပ်ဖို့လိုပါမယ်။ ကမ္ဘာပေါ်မှာကြည့်လိုက်ရင် ဥရောပမှာ ရုရှားယူကရိန်း ပြဿနာရှိနေတယ်။ တိုက်ပွဲတွေဖြစ်ပြီး စစ်ပြေးဒုက္ခသည် နှစ်သိန်းခြောက်သောင်းကျော်ရှိနေ တယ်။ အာရှကိုကြည့်လိုက်ရင် အီဂျစ်၊ ဆီးရီးယား၊ အစ္စရေး၊ ပါလက်စတိုင်း၊ အီရတ်၊ အာဖဂန်၊ ပါကစ္စတန် စတဲ့ဒေသတွေမှာ ISIS ၊ အလ်ကိုင်ဒါ၊ အာဖရိကမှာလည်း ဒီအတိုင်းပဲ ဘိုကိုဟာရမ်စတဲ့ ပြဿနာတွေနဲ့ ငြိမ်းချမ်းမှု မရှိဘူးဖြစ်နေတယ်။ အဲဒီအဖျက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လိုပါမယ်။

တိုင်းပြည်ဒေသနိုင်ငံတွေမှာ သံသယစိတ်တွေနဲ့ အမုန်းတွေပွားများလာတဲ့အခါမှာ ငြိမ်းချမ်းရေးပပျောက် ပြီး ပြဿနာတွေရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အံ့သြစရာကောင်းတဲ့ အချက်လေးတွေ ဝေမျှချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အရွယ်ရောက်ပြီး သားရဲ့အဖေဖြစ်လို့ပါပဲ။ တရားဥပဒေစိုးမိုးရေး တော်တော်အားနည်းနေပါတယ်။ သတင်းစာမှာပါတဲ့ စိုးရိမ်စရာကောင်းတဲ့ အဖြစ်အပျက် နှစ်ခုကို  တင်ပြပါ့မယ်။

ရဲစခန်းမှာ အမှုဖွင့်ဖို့သွားတိုင်တဲ့ အချိန်မှာ တရားခံဖြစ်မဲ့လူက တရားလိုကို ဓါးနဲ့ထိုးလိုက်ပါတယ်။ ရဲစခန်း မှာဖြစ်ပါတယ်။ နောက်တစ်ခါ တရားရုံးထဲမှာ အမှုစစ်ဆေးနေတုန်း တရားလိုကို တရားခံက ဓါးနဲ့ထိုးလိုက်တယ်။ ဒီကနေ့ ပြစ်မှုမျိုးစုံ ကျူးလွန်နေသူတွေကို ကြည့်လိုက်ရင်၊ အများစုဟာ ကလေးတွေ၊ လူငယ်တွေဖြစ်နေပါတယ်။ ဥပဒေမှာရှိပါတယ်။ ၁၆ နှစ်အောက်ဆို ကလေး၊ ၁၈ နှစ်အောက်က လူငယ်၊ လူသတ်မှုထဲမှာပါတာ ၁၆နှစ်အရွယ်၊ ၁၈နှစ်အရွယ်၊ အကြီးဆုံးကလေးမှ ၂၁ နှစ်။ မကြာခင်က မြောက်ဒဂုံမှာလူတစ်ယောက်ကို သတ်ပြီး ငွေသိန်း ၈၀ ယူသွားတယ်။ လူငယ်နှစ်ယောက်က သတ်တယ်။ အပေါင်းအပါ ၅ ယောက်။ ပညာသင်ကြားရမဲ့အရွယ် အလုပ် အကိုင် အခွင့်အလမ်းရှာဖွေရမဲ့ အချိန်မှာ ဒီလူငယ်တွေဟာ ထောင်ထဲမှာ ထောင်ထမင်းစားပြီး အသက်ရှင်လျက် ဘ၀သေနေရပြီ။ မိမိရဲ့သားသမီးတွေကို လိုအပ်သလို ထိန်းသိမ်းဖို့တင်ပြခြင်းဖြစ်ပါတယ်။

ဒါတွေဟာ စောစောကပြောတဲ့ ပြဿနာတွေရဲ့ ဆက်နွယ်ဂယက်ရိုက်မှုလို့ ကျွန်တော်ကတော့ ယူဆမိ ပါတယ်။ ဒါကြောင့် လူတွေလောဘ၊ ဒေသ၊ မောဟ၊ အတ္တအကျိုးစီးပွား၊ ရန်ညှိုးရန်စ၊ အာဃာတတွေ၊ တရားမဲ့ပြု ကျင့်မှုတွေ၊ တကယ်ဆိုရင် ကြီးထွားလာနေပါပြီ။ တရားမျှတမှုတွေ ကင်းဝေးလာနေပါတယ်။ မညီမျှမှုတွေ ဖြစ်လာ နေပါတယ်။ နှိမ့်ချခွဲခြားဆက်ဆံမှုတွေ များလာနေပါတယ်။ လူတွေမှာ တရားဓမ္မဆိုတဲ့ သစ္စာတရားကို မကျင့်သုံး ကြတော့ပါဘူး။ မေတ္တာတရား၊ ကရုဏာတရား၊ သစ္စာတရား၊ ယဉ်ကျေးမှု၊ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာကြ ပါတယ်။ ပညာတတ်တွေ လျော့နည်းလာပြီး၊ ပညာမဲ့တွေ တိုးလာနေပါတယ်။ ဆင်ခြင်ဥာဏ် အမြော်အမြင် ကင်းမဲ့ လာကြပါတယ်။ မူးယစ်ဆေးဝါးမျိုးစုံဟာ အလွယ်တကူဝယ်ယူ သုံးစွဲလာနိုင်ကြတဲ့အတွက် လူငယ်တွေဟာ အနာဂါတ်ပျောက်လာကြပါတယ်။ အနာဂါတ်မဲ့လာကြပါတော့တယ်။ ဦးတည်ချက်မရှိ၊ ပန်းတိုင်မရှိဖြစ်လာကြပါ တယ်။

အဲ့ဒီအခါမှာ လူလူချင်းတန်ဖိုးထားဆက်ဆံတတ်မှုတွေ လျော့နည်းကျဆင်းသွားပါတယ်။ လူတော်တော် များများဟာ လူ့ကျင့်ဝတ်ဖောက်ဖျက်လာကြပါတယ်။ လူလူချင်းတန်ဖိုးထား မလေးစားကြတော့ပါဘူး။ လူ့အခွင့် အရေးကို မှားယွင်းစွာအဓိပ္ပါယ်ဖွင့်ပြီး အခြားလူတွေရဲ့ အခွင့်အရေးကို အသိအမှတ်မပြုနိုင်ကြတော့ပါဘူး။ လူ့အခွင့်အရေးကို တန်ဖိုးမထားကြတော့ သားရဲတိရစ္ဆာန်များကဲ့သို့ သတ်ချင်ဖြတ်ချင်တဲ့ စိတ်ရိုင်းတွေဝင်လာနေ ကြပါတယ်။ နဲနဲလေး ဆိုတာနဲ့ တုတ်၊ ဓါး၊ လက်နက်တွေ စွဲကိုင်ပြီး ရိုက်နှက်၊ တိုက်ခိုက်၊ လုယက်၊ သတ် ဖြတ်မှုတွေ ဖြစ်လာနေတာ Media တွေမှာ နေ့စဉ်ဖတ်ရှုတွေ့မြင်နေရပါတယ်။

ကမ္ဘာအရပ်ဒေသများစွာမှာ လူတွေဟာမိမိသက်ဝင် ယုံကြည်တဲ့ဘာသာ၊ သာသနာက ဆုံးမ တော်မူထားတဲ့ တရားစစ်၊ တရားမှန်၊ ဓမ္မတရားနဲ့အညီ နေထိုင်ဘ၀တည်ဆောက် အသက်ရှင်လှုပ်ရှားမှုတွေ မလုပ် ကြတဲ့အတွက် ဒီဖြစ်ရပ်တွေဖြစ်နေရတာပါ။ အကယ်၍သာ တရားစစ်၊တရားမှန်၊ ဓမ္မတရားရဲ့ညွှန်ကြားချက်နဲ့အညီ  မွတ်ဆလင်မ်ဆိုရင် အလ္လာဟ်ပြကုရ်အာန်နည်းကျ သွန်သင်ဆုံးမလမ်းညွှန်ချက် ကုရ်အာန်နှင့်အညီ နေထိုင်ကျင့် သုံး ဘ၀တည်ဆောက်ကြမယ်ဆိုရင် အခုဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေဖြစ်လာမှာ မဟုတ်ပဲနဲ့ လူတစ်ဦးချင်း ငြိမ်းချမ်းပြီး လူ့ အဖွဲ့အစည်းကို ငြိမ်းချမ်းစေတဲ့လူတွေ ဖြစ်လာမှာ မလွဲပါဘူး။

ဒါကြောင့် အခုချိန်ကစပြီး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အာဃာတတွေ၊ တရားမဲ့ပြုကျင့် မှုတွေကို ဖြစ်ပေါ်စေတဲ့ စစ်ပွဲဆိုတဲ့အနိဌာရုံတွေကို ချက်ချင်းရပ်ကြပါ။ အမုန်းတွေကို ရပ်ပါ။ ပဋိပက္ခတွေကို ရပ်ပါ။ ခွဲခြားဆက်ဆံမှုတွေကို ရပ်ပါ။ အာဃာတတွေကို ရပ်ပါ။ တရားမဲ့ပြုကျင့်မှုတွေကို ရပ်ပါ။ နောက်ဆုံး စစ်ပွဲမှန်သမျှ ရပ်ပါ။ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးအတွက် အဆင်သင့်အနေအထားမှာရှိပြီး ငြိမ်းချမ်းရေးကို မမေ့ပါနဲ့။ မပျောက်ပျက်အောင် ထိန်းသိမ်းပါ။

`ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ မြန်မာပြည်(မြန်မာနိုင်ငံ) ငြိမ်းချမ်းပါစေ´ လို့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။