ကုရ်ဘာနီ (အပိုင်း-၁) ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

ကုရ်ဘာနီ
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ အခုလို သောကြာဂျူမု အဟ် ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုအပ်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော့်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို လည်း ကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်။ ကျွန်တော့်ရဲ့တင်ပြမှုကို လာရောက်နားသောတဆင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးများကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ဒီကနေ့ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၉ရက် သောကြာနေ့ (ဂျွမ္မာဟ်)နေ့ဖြစ်ပါတယ်။ နောက်များမကြာမီ တိတိကျကျပြောရရင် စက်တင်ဘာလ ၁၂ ရက်နေ့ဟာ ဇုလ်ဟဂ်ျလ ၁၀ရက်နေ့ဖြစ်ပါတယ်။ အဲဒီနေ့ဟာ အစ္စလာမ် ဘာသာဝင်တွေအတွက် အီဒွလ်အဿွဟာနေ့ဖြစ်ပါတယ်။ ဇုလ်ဟဂ်ျလဟာ ဟဂ်ျကျင့်စဉ်တွေကျင့်ရတဲ့ လထူး လမြတ်ဖြစ်ပါတယ်။ အီဒွလ်အဿွဟာနေ့မှာ ဟဂ်ျသွားကြတဲ့ ဟာဂျီတွေဟာ သားကောင်လှီးပြီးဝေမျှစားသုံးကြ သလို၊ ဟဂ်ျမသွားကြတဲ့သူတွေကလည်း သားကောင်ကိုလှီးပြီး ကိုယ်တိုင်လည်း စားသုံးကြပါတယ်။ အထူးသဖြင့် မရှိဆင်းရဲသားတွေကို ဝေမျှကြတာဖြစ်ပါတယ်။
ဒီနေ့ကို အီဒွလ်အဿွဟာနေ့ဆိုတာထက် ဘက္ကရီးအီးဒ်နေ့၊ ကုရ်ဘာနီအီးဒ်နေ့ဆိုပြီး လူသိများပါတယ်။ တစ်ချို့ကဆိုရင် ကုရ်ဘာနီဆိုတာ မွတ်ဆလင်မ်တို့ရဲ့ နွားလှီးသတ်တဲ့အီဒ်ပွဲတော်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံ လို ထေရ၀ါဒဗုဒ္ဓဘာသာအများစု ရှိကြတဲ့အတွက် ဒီအီဒ်ပွဲတော်ကို သူတို့အနေနဲ့ မျက်စိစပါးမွှေးစူးနေသလို မမြင်ချင်၊ မကြည့်ချင်သလို ဖြစ်နေပါတယ်။ တကယ်တော့ အီဒွလ်အဿွဟာနေ့ဆိုတာ နွားလှီးသတ်တဲ့ပွဲတော်နေ့ မဟုတ်ပါ။ နွား၊ ဆိတ်၊ ကျွဲ၊ သိုး၊ ကုလားအုတ်ဆိုတဲ့ ခြေလေးချောင်းသတ္တ၀ါများဟာ အီဒ်ပွဲတော်ကျင်းပတဲ့အခါ ကျွေးမွေးဧည့်ခံရတဲ့ လှူဖွယ်ပစ္စည်းများသာဖြစ်ပါတယ်။
မွတ်ဆလင်မ်အများစုကလည်း အီဒွလ်အဿွဟာအီဒ်ပွဲတော်ကျင်းပရာမှာ နွားလှီးခြင်းကို ဂုဏ်ယူသလို လုပ်နေကြလို့ နွားလှီးတဲ့အီဒ်လို့ အထင်ခံရတာလည်း မဆန်းပါဘူး။ တစ်ချို့ကဆိုရင် ယဇ်ပူဇော်တာလို့တောင် ဆိုးဆိုးဝါးဝါးမြင်နေကြတာလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ အီဒွလ်အဿွဟာနေ့ဆိုရင် နိုင်ငံတော်က (အစိုးရ ရုံးပိတ်ရက်)လို့ သတ်မှတ်ပြီး ကုရ်ဘာနီလုပ်ရမဲ့ ကွင်းတွေကို သတ်မှတ်ပေးပါတယ်။ အဲဒီကွင်းတွေမှာ စည်ပင်တွေ၊ ရဲတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေကို တာဝန်ချထားပေးပါတယ်။
အဲဒီမှာ အတွေ့အကြုံလေးတစ်ခုကို ဝေမျှချင်ပါတယ်။ အဲဒီကွင်းထဲမှာ တာဝန်ချထားတဲ့ စည်ပင်၊ ရဲ၊ ဆရာဝန်တွေဟာ များသောအားဖြင့် မွတ်ဆလင်မ်တွေ မဟုတ်ကြပါဘူး။ မွတ်ဆလင်မ်တွေကလည်း ကုရ်ဘာနီ လုပ်တဲ့လူတွေက အီဒ်ခွတ္တဗာဟ် နှင့် အီဒ်ဆွလားသ်ကို အဲဒီကွင်းထဲမှာပဲ ဆောင်ရွက်ကြပါတယ်။ တစ်ခုသော အီဒ် ပွဲတော်နေ့ ကျွန်တော်လည်း ကုရ်ဘာနီကွင်းထဲရောက်ရှိနေတဲ့အချိန်မှာ တရားဟော(ခွတ္တဗာဟ်ပြော)တဲ့ ဆရာက အသတ်ခံရတဲ့နွားတွေ ဆိတ်တွေဟာ ဂျန္နသ်မှာနေရာရမယ့်အရာတွေဖြစ်တယ်။ သူတို့ရဲ့အမွှေးအရေအတွက်နှင့် အမျှ လှီးဖြတ်သူများ(ကုရ်ဘာနီပြုသူ များ)ဟာ ကုသိုလ်အကျိုးစ၀ါးဗ်တွေရမယ်လို့ ဟောပါတယ်။
ဒီဟောပြောတင်ပြချက်တွေဟာ ကုရ်အာန်ကို ကိုးကားပြီးဟောပြောတာမဟုတ်ဘဲနဲ့ ကျောင်းတော်ဝါဒ ဆရာကြီးများရဲ့ ကျမ်းအသီးသီးကို ကိုးကားပြီးပြောကြားခြင်းသာဖြစ်ပါတယ်။ အဲဒီလို ပြောပြီးကာမှ ကုရ်အာန် ၂၂း၃၇မှာပါတဲ့ `၎င်းတို့၏ အသား၊ ၎င်းတို့၏ အသွေးများသည် အလ္လာဟ်ထံကိုမရောက်၊ အသင်တို့၏သက္က၀ါ တရားသည်သာ အလ္လာဟ်ထံရောက်ပေသတည်း။´လို့ပြောပါတယ်။ အဲဒီအခါမှာ ဒီအီးဒ်ခွတ္တဗာဟ်တရားကို စိတ် ၀င်စားစွာ နားထောင်နေတဲ့ ကျွန်တော့်ဘေးနားက စည်ပင်အရာရှိက `သက္က၀ါဆိုတာ တိရစ္ဆာန်တွေရဲ့ အမွှေးကို ပြောတာလား´လို့ ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်လည်း ရုတ်တရက် ရယ်ရမလို၊ ငိုရမလိုဖြစ်ပြီး မဟုတ်ပါ ဘူးဗျာလို့ပဲ ပြောလိုက်ရပါတယ်။ သူတို့မွတ်ဆလင်မ်မဟုတ်သူတွေ ဒီလိုတွေးမိတာ မဆန်းပါဘူး။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ ကိုယ်တိုင်ကိုက သက္က၀ါဆိုတာဟာ အင်္ကျီရှည်ကြီး(လန်ဘာကုရ်သာ)၀တ်တာကို ပြောတာလို့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ကျမ်းတွေ ရှိနေတာပဲလေ။ မေးတဲ့သူက မေးခွန်းတွေ အများကြီးမေးပေမယ့် ကျွန်တော့်အခြေ အနေအချိန်အခါအရ ပြန်မဖြေနိုင်ခဲ့တာကို စိတ်မကောင်းဖြစ်ရပါတယ်။
နောက်တစ်ယောက်က အစ္စလာမ်မဟုတ်သူတစ်ယောက် ကုရ်အာန်ဘာသာပြန်ကို လေ့လာနေရင်းနဲ့ ဟဂ်ျနဲ့ပတ်သက်တဲ့ အာယသ်တွေထဲက ဘာသာပြန်ကိုဖတ်ပြီး အခုလိုဝေဖန်ပါတယ်။ စူရာဟ် ၂၂း၃၆မှာ အလ္လာဟ်က သားကောင်တွေနဲ့ယဇ်ပူဇော်ဖို့ ပြောထားပါ တယ်။ အသားတွေ အသွေးတွေကသူ့ဆီမရောက်ဘူး။ လူတွေအတွက်လှူဒါန်းဖို့ပြောထားတယ်။ ယဇ်ပူဇော်တာကို အလ္လာဟ်ကို ရိုသေတဲ့အလေ့အထ အထိမ်းအမှတ် အဖြစ် လက်ခံတယ်လို့ပြောတယ်။ ပြီးတော့ ကုရ်ဘာနီကုလား အုတ်များသည် သာသနာ့အထိမ်းအမှတ်ဖြစ်သည်။ အသားများ၊ အသွေးများသည် အလ္လာဟ်ထံသို့ မရောက်။ လူတို့ အတွက် လှူဒါန်းကြပါ။ ကုရ်ဘာနီပြုလုပ်ခြင်း အကျင့်သီလသည် အလ္လာဟ်ထံသို့ရောက်၏ ဆိုတဲ့အချက်တွေက ဘာသာပြန်ထဲမှာပါတယ်လို့ သူကပြောပါတယ်။ ဒါကြောင့်ဘာဘဲပြောပြော ကုရ်ဘာနီဆိုတာ ယဇ်ပူဇော်ပွဲတစ်မျိုးဖြစ်တယ်လို့ သူကစွပ်စွဲပါတယ်။
ဒါဟာ ကျွန်တော်တို့ ဘာသာပြန်ထဲမှာ ဒီလိုယူဆစရာ ရေးသားမှုတွေပါနေတဲ့အပြင် ကျွန်တော်တို့ မွတ်ဆလင်မ်တွေ အနေနဲ့ကလည်း ကုရ်ဘာနီကို နွားသတ်ပွဲကြီးတစ်ခုလိုဖြစ်အောင် ပုံဖော်နေကြလို့ ကျွန်တော် တို့ကို အခြားဘာသာဝင်တွေက အထင်အမြင်လွဲမှားနေခြင်းလည်း ဖြစ်ပါတယ်။ ကုရ်ဘာနီနဲ့ပတ်သက်ပြီး ကျမ်းမြတ် ကုရ်အာန် စူရာဟ် ၂၂း၃၆ ကို လေ့လာကြည့်မယ်ဆိုရင် `အလ္လာဟ်သည် စားသုံးရန် ရည်စူးထားသော သားကောင် များကို အလ္လာဟ်ပြဌာန်းသတ်မှတ်ထားသည့် စနစ်ဇယား၏ အထိမ်းအမှတ်များအဖြစ် ပြုလုပ်ထားသည်။ ၎င်းသား ကောင်များ၌ သင်တို့အတွက် ကောင်းကျိုးများရှိနေ၏။ ၎င်းသားကောင်များကို စားသုံးရန်လှူဖွယ် ပစ္စည်းများအဖြစ် ထည့်သွင်းစီတန်း၍ အလ္လာဟ်လမ်းညွှန်ကို အသိအမှတ်ပြုပါလေ။ ၎င်းတို့ ငြိမ်သက်စွာလဲလျောင်း သွားသောအခါ စားသုံးကြကုန်လော့။ ၎င်းအသားများကို ဖွင့်ဟတောင်းခံသူများအား လည်းကောင်း၊ ရည်ရွယ် ထားသူများကို လည်းကောင်း၊ ကျွေးမွေးကြကုန်လော့။ ငါအရှင်အား ကျေးဇူးသိတတ်ကြစေရန် အလို့ငှာ သတ္တ၀ါ များကို သင်တို့အကျိုးငှာ ဤကဲ့သို့ ပြုလုပ်ထားတော်မူ၏။´
ဒါက ကျမ်းမြတ်ကုရ်အာန်မှာ ကျွန်တော်တွေ့ရှိရတဲ့ လေ့လာမှုပါ။ ဒါပေမယ့် ဘာသာပြန်မှာတော့ ကွဲလွဲမှု လေးတွေ တွေ့ရမှာပါ။ ဒီနေရာမှာ ဒီအာယသ်မှာပါတဲ့ (၀လ်ဘုဒ်နာ)ဆိုတဲ့စကားလုံးကို ကုရ်ဘာနီကုလားအုတ်ဆို ပြီး ဘာသာပြန်တာတွေ့ရပါတယ်။ ကုရ်ဘာနီကုလားအုတ်များကို အလ္လာဟ်၏သာသနာ အထိမ်းအမှတ်များအဖြစ် ပြုလုပ်ထား၏လို့ ဘာသာပြန်မှာ ပါပါတယ်။ ဒီစာပိုဒ်ဟာ `အလ္လာဟ်သည် စားသုံးရန် (သို့) လှူဒါန်းရန် ရည်စူးထား သော သားကောင်များကို အလ္လာဟ်သတ်မှတ်ထားသည့် စနစ်ဇယားအထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသည်´လို့ ဖော်ပြထားတာပါ။ ဒီအာယသ်မှာပါတဲ့ (ရှဟာဟိဒဟ်)ဆိုတာ `ပြဌာန်းသတ်မှတ်ထားသော စနစ်ဇယား၏ အထိမ်း အမှတ်များဖြစ်ပါတယ်။´
အလ္လာဟ်အရှင်မြတ်က လူ့လောကကြီကို ဖန်ဆင်းခြင်းဟာ လူကိုပဓာနထားပြီး ဖန်ဆင်းခြင်းဖြစ်ပါတယ်။ အခြားအရာအားလုံး သက်ရှိ၊ သက်မဲ့များဟာ လူသားများအကျိုးအတွက် ဖန်ဆင်းခြင်းဖြစ်တယ်။ ဒါကြောင့် စားသုံး ဖို့ ဖန်ဆင်းထားတဲ့ သတ္တ၀ါတွေဟာ အလ္လာဟ်ပြဌာန်းသတ်မှတ်ထားတဲ့ စနစ်ဇယား၏အထိမ်းအမှတ်များသာ ဖြစ်တယ်။ ဒါ့အပြင် ကျွန်တော်တို့ ဒီကနေ့ သုံးစွဲနေတဲ့ ကုရ်ဘာနီဆိုတဲ့ စကားလုံးကိုက ကုရ်အာန်ရဲ့စကားလုံး မဟုတ်ပါဘူး။ ကုရ်အာန်မှာ ကုရ်ဘာနီဆိုတဲ့စကားလုံး လုံးဝမပါပါဘူး။ ပြီးတော့ တန်းစီထားတဲ့ ကုရ်ဘာနီ သားကောင်တွေကို အလ္လာဟ့်ရဲ့နာမတော် တသရွတ်ဆိုပြီးတော့ အလ္လာဟ်ကို များစွာသတိရပါလို့ ဘာသာပြန် လိုက်တော့ သတ္တ၀ါများကို လှီးသတ်၍အလ္လာဟ်ကို ယဇ်ပူဇော်ကြလော့ လို့ နားလည်ကုန်ကြပါလေရော။
အမှန်က `၎င်းသားကောင်များကို စားသုံးရန် လှူဖွယ်ပစ္စည်းအဖြစ် ထည့်သွင်းပြီး အလ္လာဟ်လမ်းညွှန်ကို အသိအမှတ်ပြုလေ။´ လို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုရ်အာန်မှာ ပြောထားတာတစ်ခုက အစ္စလာမ်မတိုင်မီ အရဗ်တွေမှာ ဘုရားသခင်အတွက်ဆိုပြီး သတ်မှတ်ထားတဲ့ သတ္တ၀ါတွေရှိခဲ့ပါတယ်။ ဒီသတ္တ၀ါ တွေကို သူတို့အနေနဲ့ သတ်ဖို့မဆိုထားနဲ့ တို့ထိကိုင်ဖို့တောင် ကြောက်တတ်ကြပါတယ်။ ဒီလိုသတ်မှတ်ဖို့ အလ္လာဟ်က မပြောထားပါဘူးလို့ ကုရ်အာန် ၅း၁၀၃ မှာ ဖော်ပြထားပါတယ်။ တကယ်တော့ သတ္တ၀ါအားလုံးဟာ အလ္လာဟ်ပဲ ဖြစ်ထွန်းပေါ်ပေါက်စေထားတာပါ။ ဒီစာပိုဒ်(အာယသ်)တော်က ယဇ်ပူဇော်မှုကို တားမြစ်တဲ့ညွှန်ကြား ချက်လည်းဖြစ်ပါတယ်။
ရှေးအာရဗ်တွေက ကလေး ၁၀ ကောင် မွေးတဲ့ ကုလားအုတ်မတွေ၊ ကလေး ၅ ကောင်မွေးတဲ့ ကုလား အုတ်မတွေ၊ ရိုးရာအယူအဖြစ် ဘေးမဲ့ပေးထားတဲ့ ကုလားအုတ်မတွေ၊ အမကြီးဘဲ နှစ်ကြိမ်ဆက်တိုက်မွေးတဲ့ ကုလားအုတ်မတွေ၊ သား ၁၀ ကောင်ထိ မျိုးစပ်ပြီးတဲ့ ကုလားအုပ်အထီးတွေ အလ္လာဟ်နာမည်တပ်ပြီး ဘေးမဲ့ပေး ထားကြပါတယ်။ ဒီဘေးမဲ့ပေးထားတဲ့ ကုလားအုတ်တွေကို သတ်စားဖို့မပြောနဲ့။ နို့ညှစ်ဖို့၊ အလုပ်ခိုင်းဖို့၊ ရိုက်နှက် မောင်းထုတ်ဖို့တောင် မလုပ်ရဲကြပါဘူး။ သူတို့ဟာ အမြတ်တနိုးနဲ့ အလ္လာဟ်ကို ပူဇော်ပသတဲ့ပုံစံမျိုးနဲ့ လုပ်ထားကြ ပါတယ်။ အဲဒီလိုမျိုးကုလားအုတ်တွေကို ဗဟီရဟ်၊ ဆအီဗာဟ်၊ ၀ဆီလာဟ်၊ ဟာမ်းလို့ အမည်ပေးပြီး ရိုးရာဓလေ့ အရ ပူဇော်ပသဘေးမဲ့ပေးထားကြပါတယ်။
ဒါကိုအလ္လာဟ်အရှင်မြတ်က ဒီလိုသတ်မှတ်ခိုင်းခြင်း မဟုတ်ဘူးလို့ ကုရ်အာန်စူရာဟ် ၅း၁၀၃ မှာ အခုလို ဖော်ပြထားတာကတော့— `အလ္လာဟ်က ဗဟီရာဟ်ကိုလည်းကောင်း၊ စအီဗာဟ်ကို လည်းကောင်း၊ ၀ဆီလာဟ်ကို လည်းကောင်း၊ ဟားမ်ကို လည်းကောင်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် သစ္စာတရားကို ဖုံးကွယ်လို့ သူတို့ကအလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မမှန်လုပ်ကြံ၍ မုသားစကားပြောဆိုကြကုန်၏။ များစွာသော သူများသည်ကား အသိတရားကင်းမဲ့ကြကုန်၏။´ ဒီအာယသ်(စာပိုဒ်)က တိရစ္ဆာန်တွေကို အလ္လာဟ်အမည်တပ်ပြီး၊ မြင့်မြတ်မှုမှာ မထားနဲ့လို့ ပြောထားတာပါ။
အလ္လာဟ်အရှင်မြတ်က ကမ္ဘာလောကမှာရှိတဲ့ သက်ရှိသက်မဲ့တွေကို လူသားတို့အကျိုးအလို့ငှာ ဖြစ်ထွန်း ပေါ်ပေါက်စေထားတယ်။ ဒါကို လူသားတွေက မိမိတို့အကျိုးတရားအတွက် အသုံးမပြုပဲ မြင့်မြတ်တဲ့အရာတွေလို့ သတ်မှတ်ပြီး မထိရဲ၊ မကိုင်ရဲဖြစ်နေရင်သာ အလ္လာဟ်ကို လိမ်လည်မုသားစကားနဲ့ မတရားစွပ်စွဲလုပ်ကြံတာပါတဲ့။ အသိတရားကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ အမှန်က အလ္လာဟ်အတွက်ဘာမှ မလိုအပ်ပါဘူး။ လူသားတွေဘက်က အလ္လာဟ်အတွက်ဘာမှ လုပ်ပေးဖို့မလိုဘူး။ အလ္လာဟ်ပြီးပြည့်စုံဆုံးသော အရှင်ဖြစ်တယ်။ လူတွေအနေနဲ့သာ မိမိတို့အကျိုးအတွက် အလ္လာဟ်ဖန်ဆင်းထားသော သက်ရှိသက်မဲ့တွေကို အလ္လာဟ်ပြဌာန်း စနစ်နဲ့အညီ မှန်မှန်ကန်ကန် အသုံးချဖို့သာလိုအပ်ပါတယ်။ ဒါကို အလ္လာဟ်အတွက်၊ အလ္လာဟ်အတွက်ဆိုပြီး ပြောဆိုကျင့်ကြံကျင့်သုံးနေခြင်းဟာ အရာအားလုံးကို ပိုင်စိုးတော်မူတဲ့အရှင်၊ အလ္လာဟ်ရဲ့ဂုဏ်တော်ကို ထိခိုက်စော် ကားနေခြင်းသာဖြစ်တယ်။ ဒါကြောင့် သူတို့ဟာလိမ်လည်လှည့်ဖြား အသိတရားမဲ့သူတွေလို့ အလ္လာဟ်က ပြောခြင်း ဖြစ်တယ်။ လူသားအကျိုးအတွက် အသုံးချရမဲ့ တိရစ္ဆာန်တွေကို အသုံးမချဘဲ မြင့်မြတ်တဲ့သတ္တ၀ါအဖြစ် သတ်မှတ် ပြီး၊ မထိနဲ့ မတို့နဲ့ဖြစ်နေခြင်းဖြင့် ဖြုန်းတီးနေတာကို ပြင်းပြင်းထန်ထန်ရှုံ့ချထားပါတယ်။
ဒီလိုသတ်မှတ်ထားတာကို ပယ်ဖျက်ဖို့အတွက် ကုရ်အာန် ၂၂း၃၆ မှာ စားဖို့ခွင့်ပြုထားတဲ့သားကောင်တွေ ကို စားဖို့တိုက်တွန်းထားတာပါ။ ဒီလို စားသုံးတဲ့အခါမှာလည်း သတ္တ၀ါတွေကို ညှင်းပန်းနှိပ်စက်တဲ့နည်းနဲ့ မသတ် ဖြတ်ပဲ နာကျင်ခံစားရမှုအနည်းဆုံးဖြစ်အောင် လည်ပင်းသွေးကြောကို လှီးဖြတ်လိုက်ခြင်းဖြင့် နာကျင်မှုကို အသိပေးတဲ့ ဦးနှောက်ကို အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ လည်လှီးခံရတဲ့သတ္တ၀ါဟာ နာကျင်မှုမရှိ တော့ပေမယ့် အကြောအချဉ်တွေရုန်းကန်နေတာကို ကြည့်ပြီး သနားစဖွယ်လို့ မြင်နေပြီး ရက်စက်လိုက်တာလို့ ထင်စရာပါ။ `ရုန်းကန်လှုပ်ရှားနေချိန်မှာ စားသုံးဖို့ခွင့်ပြုမထားဘဲ ငြိမ်သက်စွာလဲလျောင်းသွားသောအခါကြမှ စားသုံး ကြလော့လို့ ဆိုပါတယ်။´
ကျွန်တော် ဗွီဒီယိုတစ်ခုကြည့်ဘူးတယ်။ နိုင်ငံခြားမှာဆို နွားတွေကို အရှင်လတ်လတ်စက်ထဲကို ထည့်လိုက်တယ်။ ခဏနေတော့ စက်ရဲ့အခြားတစ်ဖက်ကနေ အရိုးတခြား၊ အသားတခြားထွက်လာတယ်။ အဲဒီလို မျိုး လုပ်တာထက် သားကောင်ကို လည်ပင်းသွေးကြောဖြတ်ပြိး သတ်တာက သတ္တ၀ါတွေကို ညှင်းဆဲရာမရောက် ပါဘူး။ လည်ပင်းသွေးကြောကို လှီးဖြတ်တာက နာကျင်မှုကိုဖော်ပြတဲ့ ဦးနှောက်နဲ့ နာကျင်မှုဖြစ်နေတဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို အဆက်ဖြတ်လိုက်တာပါ။တုတ်နဲ့ရိုက်သတ်တာထက်စာရင် နာကျင်မှုအနည်းဆုံးဖြစ်ပါတယ်။ သတ္တ၀ါတွေကို လူသားတွေအကျိုးဆောင်ရွက်ဖို့ ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့အတွက် စားသုံးဖို့လိုအပ်ရင် စားသုံး ရမယ်။ ဒီလို စားသုံးတဲ့အခါမှာလည်း နာကျင်မှုအနည်းဆုံးဖြစ်အောင်၊ အန္တရာယ်ဖြစ်စေတဲ့သွေးတွေ ကုန်စင်အောင် (ဇဗာဟ်)လည်လှီးစားရမယ်လို့ အလ္လာဟ်ကလမ်းညွှန်ပါတယ်။ ဒီအချက်က လူသားကိုဖြစ်ထွန်းပေါ်ပေါက် ဖန်ဆင်းမှုသာ အဓိကဆိုတာကို ပေါ်လွင်စေပါတယ်။
ဒါပေမယ့် အဓိကနေရာမှာ ရရှိထားတဲ့ လူသားတွေဟာ သတ္တ၀ါတွေကို မြင့်မြတ်တဲ့နေရာမှာ ထားနေရင်း ကနေ တဖြည်းဖြည်း ကိုးကွယ်ရာနေရာကို ပို့လိုက်ကြပါတော့တယ်။ အခုခေတ်အထိ တိရစ္ဆာန်တွေကို ကိုးကွယ်နေတဲ့ လူအချို့ရှိနေသေးတာကို ကျွန်တော်တို့မြင်တွေ့ရမှာပါ။ ကျမ်းမြတ်ကုရ်အာန်ကတော့ ဒီလိုဓလေ့ တွေကို တော်လှန်ရိုက်ချိုးနေတာပါ။ ဒါကို ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၂း၃၇ မှာ –
`၎င်းသားကောင်များ၏ အသွေးအသားများသည် အလ္လာဟ်ထံသို့ရောက်သည်မဟုတ်။ သင်တို့၏ စည်းစောင့်ခြင်း (သက္က၀ါ)သည်သာ အလ္လာဟ်ထံသို့ရောက်၏။ အလ္လာဟ်၏မြင့်မြတ်ကြီးကျယ်မှုကို သင်တို့လူသား များ သတိရှိရန်အတွက် သတ္တ၀ါများကို သင်တို့၏ အသုံးချခံဖြစ်စေထား၏။ ဤအချက်သည်လောကကို အလှဆင် သူများအတွက် သတင်းကောင်းဖြစ်၏။´လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် သားကောင်များကို သတ်ခြင်းဖြင့်အလ္လာဟ်ထံ အသွေးအသားများရောက်မည်မဟုတ်ပဲ အလ္လာဟ်ပြနည်းစနစ်အတိုင်းသတ်ဖြတ်စားသုံး လှူဒါန်းမှသာလျှင် အလ္လာဟ်နည်းနာစနစ်ကို စောင့်ထိန်းလိုက်နာ သူ (သက္က၀ါ)ရှင်များဖြစ်မည်ဖြစ်သည်။ ထိုသက္က၀ါတရားသည်သာ အလ္လာဟ်ထံရောက်မည်ဖြစ်သည်လို့ တင်ပြထား တာပါ။ အီဒွလ်အဿွဟာနေ့မှာ သားကောင်တွေကို နာကျင်စေမှုအနည်းဆုံးနည်းလမ်းနဲ့ လှီးဖြတ်ပြီးဝေငှစားသုံး လှူဒါန်းခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့်ဒါကို တမန်တော်အိဗ်ရာဟီမ်နဲ့ တမန်တော်အစ္စမာအီလ်တို့ရဲ့ပေးဆပ် စွန့်လွှတ်လှူဒါန်းမှု အရပ်အခေါ် ကုရ်ဘာနီလို့ ပြောဆိုဆောင်ရွက်နေတာ တမန်တော်ကြီး ၂ ပါးရဲ့ ပေးဆပ် စွန့်လွှတ်မှုကို သားကောင်ကိုလှီးဖြတ်ခြင်း(ကုရ်ဘာနီပြုခြင်း)ဖြင့် ဂုဏ်ပြုတယ်လို့ ပြောနေတာတွေဟာဖြင့် သူတို့ နှစ်ပါးရဲ့ဆောင်ရွက်မှုကို သေးသိမ်အောင်လုပ်နေတာဖြစ်ပါတယ်။
တကယ်တော့ ဒီတမန်တော်ကြီး ၂ ပါးဟာ စကြ၀ဠာအပေါင်းရှိရှိသမျှအရာအားလုံးဟာ တစ်ပါးတည်း သောအရှင် အလ္လာဟ်ရဲ့ဖြစ်ထွန်းပေါ်ပေါက်စေမှုသာဖြစ်တယ်ဆိုတဲ့ အရှင်တစ်ဆူဝါဒ(သောင်ဝ်ဟီးဒ်)ကို အကောင် အထည်ဖော်ခဲ့တာ၊ ဒီလိုနားလည်လက်ခံခြင်းဖြင့်သာ တစ်လောကလုံးရဲ့ငြိမ်းချမ်းမှု ရစေနိုင်တယ်။ သဲကန္တာရ အဖြစ် ခြောက်သွေ့နေတဲ့နေရာမှာတောင် စိမ်းလန်းစိုပြည်စေတယ်။ အဲဒီလိုဖြစ်အောင် ခမည်းတော်၊ သားတော်၊ ဇနီးသည်တို့ဟာ နေရာမှာတောင် သဲကန္တာရမှာ စွန့်လွှတ်စွန့်စားပေးဆပ်မှုပေါင်းများစွာနဲ့ ကြိုးပမ်းခဲ့ကြတယ်။ သူတို့ ရဲ့ ကြိုးပမ်းမှုကြောင့် ယနေ့ကမ္ဘာအရပ်ရပ်က လူသားတွေဟာ မက္ကာမြို့၌သတ်မှတ်ကာလမှာ လာရောက်တွေ့ဆုံ ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်နေတာဖြစ်တယ်။ ဒီအကြောင်းအရာတွေကို သတိရပြီး ကျွန်တော် တို့က အီဒွလ်အဿွဟာပွဲတော်နေ့ကို ကျင်းပရမှာဖြစ်ပါတယ်။ ဒီအကြောင်းကို အလ္လာဟ်စွမ်းအားပေးရန် အသေး စိတ်ထပ်မံတင်ပြပါ့မယ်။ ကျွန်တော်တို့ အားလုံးစစ်မှန်တဲ့ အီဒွလ်အဿွဟာနဲ့ ဆုံးဆည်းနိုင်ကြပါစေလို့ ဆုမွန် တောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။