ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ (ဝဆွီယသ် – Will) မုဖ်သီ ဦးစန်းအောင် (B.Sc)
ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ (ဝဆွီယသ် – Will)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့ (၁၅.၁.၂ဝ၁၆) ရက်၊ ယောဝ်မွလ်ဂျုမုအာဟ် သောကြာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုရန် ကြွရောက်လာကြသော လေးစားအပ်ပါတဲ့ ဂျမာအသ်ဝင်များခင်ဗျား ….
………………… အတ်ဆလားမုအလိုင်းကွမ်း ဝရဟ်မသွလ္လားဟိ ဝဘရကားတုဟု ………
ကျနော်တို့အနေနဲ့ အခုလို တည်ငြိမ်အေးချမ်းစွာဖြင့် အလ္လာဟ်အရှင်မြတ်ကို ‘အိဘာဒသ်’ ပြုခွင့်ရရှိတဲ့အပေါ်မှာ၊ အလ္လာဟ်အရှင်မြတ်ရဲ့ ဒေသနာတော်တွေကို နားဆင်ခွင့်ရရှိတဲ့အပေါ်မှာ၊ ဟောပြောတင်ပြခွင့်ရရှိတဲ့ အပေါ်မှာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။
ဒီကနေ့ ကျနော်တင်ပြဖို့ရွေးချယ်ထားတဲ့ ခွတ္တဗါဟ် ရဲ့ခေါင်းစဉ်ကတော့ “ ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ (Will) ဖြစ်ပါတယ်။ ဒီကနေ့ ကျနော် အပိုင်း(၁)ကို တင်ပြမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဥပဒေပိုင်းဆိုင်ရာတွေ၊ လေးနက်တဲ့ အကြောင်းအရာတွေနဲ့ ရှုပ်ထွေးတဲ့အပိုင်းလေးတွေ ပါဝင်နေတဲ့အတွက် အပိုင်းခွဲပြီး တင်ပြရခြင်းဖြစ်ပါတယ်။
ကျနော်တင်ပြတဲ့အခါ မရှင်းလင်းတာတွေ ရှိနိုင်ပါတယ်။ တစ်ချို့အပိုင်းတွေမှာ ဥပမာတွေ၊ ဥပမေယျ ပုံဆောင်ချက်လေးတွေနဲ့ တင်ပြရမယ့် အပိုင်းကဏ္ဍတွေရှိပါတယ်။ လူကြီးမင်းတို့ဆီမှာလည်း တွေ့ကြုံခဲ့ကြတဲ့ ဖြစ်စဉ်လေးတွေရှိကောင်းရှိနေမယ်။ ဒီလိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မေးခွန်းပေါ်ပေါက်လာတာမျိုးရှိမယ်ဆိုရင် ဒီခွတ္တဗာဟ်ပြီးတဲ့အချိန်မှာသော်လည်းကောင်း၊ ဒါမှမဟုတ် တစ်ချိန်ချိန်မှာသော်လည်းကောင်း၊ မေးခွန်းမေးမြန်နိုင်ပါတယ်။ ဒီလိုအစ္စလာမ့်ဥပဒေမျိုးနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြရာမှာ အားသာချက်တစ်ရပ်က ကျနော်ကိုယ်တိုင်က ‘မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် (မ.မ.လ ဌာနချုပ်) မှာဓမ္မသတ်မှူးအဖြစ် (၁၆)နှစ်တိုင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တရားရုံးတက်ခဲ့ရတဲ့ အမှုပေါင်း(၁၅)မှုထက်မနည်းကိုလည်း တာဝန်ယူပြီး လိုက်ပါဖြေရှင်းခဲ့ရပါတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် အမှုပေါင်း(၃ဝဝ)ကျော်ကိုကျနော်ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ရပါတယ်။ အဲဒီအမှုတွေထဲမှာ အခုပြောမဲ့`ဝဆွီယသ်´ သေတမ်းစာဆိုင်ရာအမှုတွေလည်းပါဝင်ပါတယ်။ ဒါကြောင့်ကျနော့အနေနဲ့ စာတွေ့တွင်မက လက်တွေ့ပါ တရားရုံးအထိ ကူညီဖြေရှင်းပေးခဲ့ရတဲ့အတွက် အတွေ့အကြုံလည်းရှိခဲ့တော့ လိုအပ်ရင်ကူညီ ဆောင်ရွက်ပေးနိုင်ပါတယ်လို့ဦးစွာတင်ပြလိုပါတယ်။
ဒီနေရာမှာ ဒီနေ့ခေါင်းစဉ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းကိစ္စတစ်ရပ်ကို တင်ပြပါရစေ။ ကျနော်တို့အစ္စလာမ်ဘာသာဝင်တွေသဘောပေါက်ထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကျနော်တို့က တခြားညီနောင်ဘာသာတွေ (ဥပမာ ဗုဒ္ဓဘာသာ)နဲ့ အငြင်းအခုံလုပ်တဲ့အခါမှာ အဖြေမထွက်ဘူး။ ငြင်းတာကို ကျနော်မဝေဖန်ဘူး။ အပြစ်မပြောဘူး။ ဘာကြောင့်အဖြေမထွက်သလဲ။ ဒါကိုပဲစဉ်းစားကြရအောင်။
အစ္စလာမ်က ‘ပရမတ်’နဲ့ ‘ပညတ်’ကို မျှအောင်ကျမ်းမြတ်ကုရ်အာန်ကပြတယ်။ အခြားညီနောင်ဘာသာတွေမှာက ‘ပရမတ်’ အပိုင်းမှာတော်တော်အားသာပြီး ‘ပညတ်’ပိုင်းက နည်းနည်းအားနည်းတာကိုတွေ့ရပါတယ်။ (ကျနော် အရှိအတိုင်း ပြောတာပါ။) သူတို့ဘာသာတရားတွေမှာ ‘ပညတ်’ပိုင်းဆိုတာက လူသားပညာရှင်တွေ လုပ်ခဲ့တာ။ အစ္စလာမ်မှာက ‘ပညတ်’ရော ‘ပရမတ်’ပါ အလ္လာဟ်အရှင်မြတ်က ပြဌာန်းပေးထားတာပါ။ အစ္စလာမ်က (The Last Revealation) ဖြစ်တဲ့အပေါ်မှာ ‘ပရမတ်’အပိုင်းရော ‘ပညတ်’ အပိုင်းပါမျှပြီးဖေါ်ပြထားတာတွေ့ရပါလိမ့်မယ်။ ဒီလိုတင်ပြခြင်းက ကျနော့အနေနဲ့ အစ္စလာမ်ဘာသာကသာအကောင်းဆုံးလို့ ရည်ရွယ်တင်ပြနေခြင်းမဟုတ်ပါ။
‘ပရမတ်’ဆိုတာက (Absolute Truth) ‘ပကတိသစ္စာတရား’ ကိုဖေါ်ညွှန်းတဲ့အပိုင်းပါ။ လူသားတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအလိုက် လိုက်နာရမယ့် ‘ပညတ်’ အပိုင်းမှာတော့ နည်းနည်း အားလျော့တာတွေရှိတာကိုတွေ့ရပါတယ်။ အစ္စလာမ်မှာတော့ ဘယ်ဘာသာတရားမှာမှ မပြဌာန်းထားတဲ့ အသေးစိပ်လိုက်နာကျင့်သုံးရမဲ့ ‘ပညတ်’ အပိုင်းတွေကိုပါ ပြဌာန်းထားတာတွေ့ရပါတယ်။ ဥပမာ ဘယ်လိုအမွေခွဲရမယ်၊ ဘယ်လို ‘နိကာဟ်’ ထိမ်းမြားမှုပြုရမယ်၊ ဇနီးမောင်နှံ ဘယ်လိုကွာရှင်းရမယ်၊ သေတမ်းစာကို ဘယ်လိုရေးရမယ်၊ ဆိုတာတွေကို တစ်နည်းအားဖြင့် လိုက်နာကျင့်သုံးရမဲ့ ‘ပညတ်’ အပိုင်းတွေကို အသေးစိပ်ပြဌာန်းပေးထားပါတယ်။ အစ္စလာမ်မှာ အဲဒီ ‘ပညတ်’ အပိုင်းတွေသည်ပင် အီမာန်ယုံကြည် ချက်အဆင့်မှာရှိနေပါတယ်။ အဲဒါက ကုရ်အာန်ရဲ့ပြီးပြည့်စုံပါတယ်ဆိုတဲ့ အားသာချက်တစ်ရပ်ဖြစ်နေပါတယ်။ ဥပမာ ဗုဒ~ဓ ဘာသာမှာဆိုရင် အထက်မှာကျနော်တင်ပြခဲ့တဲ့ ‘ပညတ်’ အပိုင်းတွေက (Buddhist customary law) နဲ့သွားတာပါ။ ဘုရားဟောမှာမရှိသလောက်ပါ။ ကျနော်က ဘယ်ဘာသာကိုမှ ဟိုအချက်မပါလို့၊ ဒီအချက်မပါလို့ မကောင်းပါဘူးဆိုပြီးပြောနေတာမဟုတ်ပါ။ သဘောသဘာဝ မတူခြင်းကိုသာထောက်ပြနေခြင်းပါ။
ဒါကြောင့် ကျနော်တို့ဘာသာတရားတွေကို နှိုင်းယှဉ်လေ့လာသုံးသပ်တဲ့အခါမှာကျရင် အဖြေမှန်တစ်ခုထွက်ဖို့ မလွယ်ဘူး။ အဲ့ဒါလေးကိုတော့ ပထမအနေနဲ့ ကျွန်တော်တို့သဘောပေါက်ပေးဖို့ လိုပါမယ်။
ဒီကနေ့ ကျနော်တင်ပြမဲ့ “ဝဆွီယာသ်(သေတမ်းစာ)” နဲ့ပတ်သက်ရင်လည်း ‘ပရမတ်’သဘောရော၊ ‘ပညတ်’သဘောပါ နှစ်ခုလုံးပါဝင်ပါလိမ့်မယ်။ ‘ပရမတ်’ သဘောအရဆိုရင် ဒါဟာ `သတ်ကဝါ´တရားလို့ အခြေပြုပြောထားသလို ‘ပညတ်’ သဘောအရကြည့်မယ်ဆိုရင် အဲဒီ ‘ဝဆွီယသ်-သေတမ်းစာ’ တစ်စောင်(Will)ကို ဘယ်လိုဘယ်ပုံ လုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတာကို ကျမ်းမြတ်ကုရ်အာန်က အတိအကျလမ်းညွှန်ပြဌာန်းပေးထားပါတယ်။ အဲဒီပြဌာန်းချက်ကို သွားငြင်းမိလိုက်ရုံမျှနှင့် မွတ်ဆလင်မ်တစ်ဦးဖြစ်ချင်းဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ စဉ်းစားစရာဖြစ်လာတယ်။ ဒါကတစ်ပိုင်းပါ။
ဒါပေမဲ့ ဒီနေ့မွတ်ဆလင်မ်လောကမှာ ဝဆွီယာသ်(သေတမ်းစာ) ဆိုတာအရေးမပါသလောက် ဖြစ်နေပါပြီး။ ဒီနေ့မွတ်ဆလင်မ်ပညာရှင်တော်တော်များများကသည်ပင်လျှင် ‘သေတမ်းစာ-Will’ ဆိုသည်မှာ ခရစ်ယာန်နဲ့သာသက်ဆိုင်၏။ မွတ်ဆလင်မ်နှင့် မသက်ဆိုင်ပါဘူးလို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေရှိနေပါတယ်။ ပညာရှင်လောကမှာပင် ပြောနေကြတာပါ။ အဲဒီကိစ္စကို ကျနော်က ကုရ်အာန်မှာ ဒီလောက်တောင် အာယသ်(၄)ခုလောက်နဲ့ ပြဌာန်းလမ်းညွှန်ထားပါလျက်နဲ့ ဘာဖြစ်လို့ မရှိဘူးလို့ ပြောရသလဲ။ ခင်ဗျားတို့ အဖြေပေးပါလို့ မေးတဲ့အခါမှာတော့ တချို့ပညာရှင်တွေက ဘာတွေနဲ့ အဖြေပေးသလဲဆိုတော့-
`ကျနော်တို့ ‘အုလုမုလ်ကုရ်အာန်’ (ကုရ်အာန်ဆိုင်ရာပညာရပ်များ)ဆိုတဲ့ဘာသာရပ်ကို သင်ကြားရတဲ့အခါမှာ `နာဆီက်း’ (ဖျက်သိမ်းပေးခြင်း) နဲ့ `မာန်ဆူက်း´(ဖျက်သိမ်းခံရခြင်း) ဆိုတဲ့အခန်းကဏ္ဍ (Chapter) ရှိပါတယ်။ ဒီလို`နာဆီက်း’ (ဖျက်သိမ်းပေးခြင်း) နဲ့ `မာန်ဆူက်း´(ဖျက်သိမ်းခံရခြင်း) အပိုင်းမှာ သက်ဆိုင်ရာအခြေခံပြဌာန်းချက်တွေရှိပါတယ်။ လက်ခံခြင်း၊ လက်မခံခြင်းက တစ်ပိုင်းပါ။ လိုအပ်ချက်အရ နှိုင်းယှဉ်လေ့လာနိုင်အောင်တော့ ကျနော်တင်ပြပါရစေ။ အဲဒီသတ်မှတ်ချက်မှာ
(၁) ကုရ်အာန်ရဲ့ဘယ်အပိုင်း၊ ဘယ်အာယသ်ကိုတော့ဖြင့် ကုရ်အာန်ရဲ့အခြားသော ဘယ်အာယသ်အားဖြင့် ပယ်ဖျက်လိုက်ပြီးဆိုတာ….
(၂) ကုရ်အာန်ရဲ့ ဘယ်အာယသ်ကိုတော့ ဘယ်ဟဒီဆ်းအပိုဒ်နဲ့ ပယ်လိုက်ပြီးဆိုတာ ….
(၃) ဘယ်ဟဒီးစ်အပိုင်းကိုတော့ ကုရ်အာန်ဘယ်အာယသ်နဲ့ ပယ်လိုက်ပြီးဆိုတာ….
(၄) ဘယ်ဟဒီးစ်ကို ဘယ်ဟဒီးစ်အရ ပယ်လိုက်ပြီးဆိုတာ….
အဲဒီလို အချက်(၄) ချက်ကို သင်ကြားရပါတယ်။
သူတို့တင်ပြချက်အရဆိုရင် ဝဆွီယသ်(သေတမ်းစာ) အခန်းကဏ္ဍဟာ ကျမ်းမြတ်ကုရ်အာန် (၂း၁၈ဝ၊ ၂း၁၈၁၊ ၂း၁၈၂) နဲ့ ကုရ်အာန် (၅း၁ဝ၆) ဆိုပြီး ပေါင်း(၄)နေရာမှာပါဝင်ပေမဲ့ နောက်ပိုင်းမှာ အမွေနဲ့သက်ဆိုင်တဲ့အာယသ်တွေဖြစ်တဲ့ ကုရ်အာန် (၄း၁၁၊ ၄း၁၂၊ ၄း၁၇၆) အာယသ်တွေက အထက်အပိုဒ်(၁)မှာပါတဲ့ ‘ နာဆီက်း’ နဲ့ ‘ မာန်ဆူက်း’ ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်အရ ‘ဝဆွီယသ်’ ဆိုင်ရာအာယသ်တွေဟာ ပျက်ပြယ်သွားပြီ လို့အတည်ပြုလိုက်ပါတယ်။ အဲဒီ အာယသ်တွေက ‘မန်ဆူက်း’ လုပ်ခြင်းခံလိုက်ရပြီတဲ့။ ပယ်ဖျက်ခြင်း ခံလိုက်ရပြီပေါ့။
ဒါကို ကျနော်ကဘာကြောင့်တင်ပြနေရသလဲဆိုတာ့ ကျနော်တို့ကို တစ်စုံတစ်ယောက်က ဒီအာယသ်တွေဟာ ‘မန်ဆူက်း’လုပ် ပယ်ဖျက်ခံရပြီးသားလို့ ထောက်ပြရင် ပြန်မရှင်းတတ်မှာစိုးရိမ်လို့ တင်ပြရခြင်းဖြစ်ပါတယ်။ သူတို့က ဘယ်လိုသတ်မှတ်သလဲဆိုရင် ကုရ်အာန်မှာ ပါတဲ့ ‘ဝဆွီယသ်’နဲ့ပတ်သက်တဲ့ အာယသ်တွေသည် ‘ဘရကသ်’ မင်္ဂလာရှိမှုအတွက်ပဲ ဖတ်ရမယ်။ လိုက်နာကျင့်သုံးဖို့ အကျုံးမဝင်တော့ဘူး။ ကျမ်းမြတ်ကုရ်အာန်ထဲမှာ အချို့သောအာယသ်တော်တွေဟာ ‘ဘရကသ်’ အနေအထားပဲရှိတော့တယ်။ အသုံးချစရာမလို၊ လိုက်နာကျင့်သုံးရန်မလိုတော့ဘူး လို့ပြောဆိုနေကြပါတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး ဒီကနေ့သေတမ်းစာ(ဝဆွီယသ်)ဟာ အကြုံးမ၀င်တော့ပါဘူးလို့ သူတို့ကအထောက်အထားပေး အဆိုပြုနေကြပါတယ်။
ကျနော်ဒီခေါင်းစဉ်ကို တင်ပြရခြင်းက ‘အစ္စလာမ်မှာ သေတမ်းစာရေးသားခြင်းဟာ အကျုံးမဝင်ပါဘူး’ လို့ပြောဆိုလာတာနဲ့ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်မှာ သေတမ်းစာ ရေးသား ခြင်းကို ဘယ်လိုလမ်းညွှန်ထားတယ်ဆိုတာကို အများမွတ်ဆလင်မ်တွေ သိသာနိုင်ရန်အတွက်ဖြစ် ပါတယ်။
ပထမဦးဆုံးအနေနဲ့ ကုရ်အာန်ကရည်ညွှန်းတဲ့ ‘သေတမ်းစာဆိုသည်မှာဘာလဲ’ ဆိုတာကို တင်ပြပါရစေ။
“ သေတမ်းစာဆိုသည်မှာ လူတစ်ဦးတစ်ယောက်သည် မိမိပိုင်ပစ္စည်းကိုသော်လည်းကောင်း၊ မိမိပိုင်ပစ္စည်းနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ မိမိကွယ်လွန်သေဆုံးပြီးသည့်နောက် အကျိုးခံစားခွင့်သက်ရောက်စေရမည်ဟု စည်းကမ်းသတ်မှတ်ချက်များဖြင့် မိမိသက်ရှိထင်ရှားစဉ်ကာလအတွင်း နှုတ်အားဖြင့်ဖြစ်စေ၊ စာရေးသားခြင်းအာဖြင့်ဖြစ်စေ၊ မှာကြား လွှဲပြောင်းပေးခဲ့ခြင်းကို ခေါ်ဆိုပါသည်။”
မိမိပိုင်ပစ္စည်းတစ်ရပ်ကိုသော်လည်းကောင်း၊ ဒါမမဟုတ် အကျိုးခံစားခွင့်ကိုသော်လည်းကောင်း၊ ပိုင်ဆိုင်မှုနှင့်အကျိုးခံစားခွင့်၏ရာခိုင်နှုန်းကိုသော်လည်းကောင်း၊ သေတမ်းစာပြုလုပ်ခဲ့မယ်ဆိုရင် ဒါတွေဟာ ဘယ်အချိန်မှာ အကျိုးသက်ရောက်မလဲဆိုတော့၊ သေတမ်းစာ ပြုလုပ်သူကွယ်လွန်သေဆုံးပြီးမှသာ အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ဘာနဲ့မှားတတ် ကြသလဲဆိုတော့ အမွေနဲ့မှားတတ်ကြတယ်။ အမွေမှာလည်း ဒီသဘောရှိတယ်။ အမွေသည် အမွေပိုင်ရှင်ကွယ်လွန်သေဆုံးမှ အသက်ဝင်လာပါလိမ့်မယ်။ သေတမ်းစာနဲ့ အမွေနဲ့မတူညီပါဘူး။ ဒါပေမယ့် တူညီတဲ့အချက်က သေတမ်းစာသည်လည်းကောင်း၊ အမွေသည်လည်းကောင်း၊ နှစ်ခုစလုံးသည် မူရင်းပိုင်ရှင်ကွယ်လွန် သေဆုံးသွားမှသာလျှင် အကျိုးသက်ရောက်မှုရှိပါတယ်။
ဟာသသဘောမျိုးနဲ့ပြောရရင် ကျနော် (မ.မ.လ)ဓမ္မသတ်ဌာနမှာ တာဝန်ယူစဉ်က ဒါမျိုးတွေ ရောက်လာကြတယ်။ အမွေခွဲပေးပါဆိုတော့ ကျနော်က အမွေရှင်ဘယ်သူလဲ၊ ဘယ်တုံးကကွယ်လွန်သွားတာလဲ၊ လို့မေးတော့ ဟာ..အမွေရှင်ရှိနေပါတယ်။ မဆုံးသေးပါဘူး။ ပြဿနာလေးတွေနည်းနည်းရှိလို့ အမွေခွဲလိုက်ချင်လို့ပါ တဲ့။ ကျနော်က “ ဟာ…ပစ္စည်းပိုင်ရှင်က မသေသေးဘူးလေ၊ ဒီတော့ အမွေခွဲလို့ မရသေးဘူး၊ ပစ္စည်းပိုင်ရှင် သက်ရှိထင်ရှားရှိနေစဉ်ကာလမှာ အမွေခွဲလို့မရဘူး၊ သူကွယ်လွန်မှ အမွေခွဲလို့ရတယ်” လို့ပြန်ရှင်းပြရတာမျိုးတွေရှိပါတယ်။ ဒါကြောင့် သေတမ်းစာတစ်ရပ်ကို သေတမ်းစာရှင်သည် သူမကွယ်လွန်မီ နှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့် သော်လည်းကောင်း၊ ပြုလုပ်ခွင့်ရှိတယ်။ နှစ်မျိုးလုံးသည် အကျိုးသက်ရောက်မှုရှိတယ်။ ဒါကို ပထမ ဦးစွာကျွန်တော်တို့ သိထားဖို့လိုအပ်တယ်။
သေတမ်းစာကို အရဗီဘာသာအားဖြင့် ‘ဝဆွီဟဟ်’ (ဝဆွီယသ်) လို့ခေါ်ပြီး အင်္ဂလိပ်လိုတော့ ‘Will’ လို့ခေါ်ပါတယ်။ ( Will = A legal document that says what is to happen to somebody’s money and properties after they die.)
ဒီနေရာမှာအငြင်းပွားစရာအနည်းငယ်ဖြစ်နေတဲ့ အစ္စလာမ်မှာ သေတမ်းစာကိုလက်ခံတယ်/ လက်မခံဘူး ဆိုတာနဲ့ပတ်သက်ပြီး အထောက်အထားနဲ့တကွ သုံးသပ်ကြပါစို့။ ကျမ်းမြတ်ကုရ်အာန် (၂း ၁၈ဝ) မှာဒီလိုပြဌာန်းထားပါတယ်။
“အသင်(ယုံကြည်သူ)တို့အပေါ် ပြဋ္ဌာန်းချက်တစ်ရပ် ထုတ်ပြန်ခြင်းခံခဲ့ရပေပြီ။ အသင်တို့အနက် တစ် ဦးတစ်ယောက်ထံ သေခြင်းတရား ရောက်လာတော့မည်ဆိုပါက ထိုသူကလည်း ပိုင်ဆိုင်မှုများ ချန်ထားခဲ့ပါလျှင် မိဘနှစ်ပါးအတွက် သော်လည်းကောင်း၊ ဆွေမျိုးသားချင်းများအတွက် သော်လည်းကောင်း၊ `ဝဆွီယာသ်´ (သေတမ်းစာ – Will) တစ်ရပ်ကို အသိတရားရှိစွာဖြင့် ဆောင်ရွက်ထားရှိခဲ့ရန် တာဝန်ရှိပေ သည်။ ဤသည်မှာ `တက္ကဝါ´ရှင်တို့အပေါ် ရှောင်လွှဲ၍မရနိုင်သော တာဝန်တစ်ရပ်ပင်ဖြစ်သည်။” (ကုရ်အာန် – ၂း ၁၈ဝ)
‘ဟတ်(က)’ဆိုရင်တော့ ကျွန်တော်တို့အလွန်သတိထားကြတယ်။ ဒါဟာတာဝန်တစ်ရပ်ဖြစ်တယ်။ ဒါကြောင့်လူတိုင်း လူတိုင်း မိမိကိုယ်မိမိ “သတ်ကဝါ” ရှင်ဖြစ်ချင်ကြမယ်ဆိုရင်တော့ ဒီအာယသ်(ဆူရာဟ် ၂း၁၈ဝ)ကိုတော့ သတိထားကြဖို့ လိုမှာပါ။ ဝဆွီယသ် မရေးရသေးခင် အကြောင်းကြောင်းကြောင့် ရုတ်တရက်သေဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ လို့ မေးစရာရှိပါတယ်။ ကိုယ်တိုင် ဝဆွီယသ် မရေးခဲ့ရင်တော့ အလ္လာဟ်ရေးတဲ့ ဝဆွီယသ် အတိုင်းဆောင်ရွက်ရတော့မယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄း၁၁၊ ၄း၁၂၊ ၄း၁၇၄၊ အရအမွေခွဲဝေခြင်းရှိနေပြီးဖြစ်တယ်။ အဲဒီမှာလည်း ဝဆွီယသ် လို့သုံးထားတယ်။ `ယုဆွီးကုမုလ်လားဟု´(အလ္လာဟ်အရှင်မြတ်က ဝဆွီယသ်ရေးမယ်)။ ခင်ဗျားတို့၊ ကျနော်တို့မရေးခဲ့ရင် အလ္လာဟ်ရေးတဲ့ ဝဆွီယသ် ပုံစံကပြဌာန်းထားရှိပြီးဖြစ်တယ်။
အဲဒီ အမွေကဏ္ဍမှာလည်း အမွေမခွဲမီအလျင် ဝဆွီယသ် သေတမ်းစာ ဘာရှိသလဲ ကြည့်ရမယ်လို့ ညွှန်းပါတယ်။ သေတမ်းစာ ပိုင်ရှင်ရဲ့ မကွယ်လွန်မီတင်ရှိနေတဲ့ အကြွေးကိစ္စကို ဖြေရှင်းပေးပြီးမှသာလျှင် အမွေ ဆိုင်တွေအနေနဲ့ အမွေခွဲဝေရမှာဖြစ်ပါတယ်။ ကျနော့မိခင်ဆုံးတော့ ဂျနာဇာ ဆွလားသ်ကို ကျနော်ကိုယ်တိုင် ‘အေမာမ်’ ဦးဆောင်ခဲ့ပါတယ်။ တချို့မှတ်မိကြမှာပါ။ ‘ဂျနာဇာ’ မစခင် ကျနော်ကြေညာပါတယ်။
…. “ ကျနော်အမေ ဆုံးသွားပါပြီ။ အမေနဲ့ပတ်သက်ပြီးတော့ တစ်ဦးတစ်ယောက်က ကြွေးမြီများ တင်ကျန်မယ်ဆိုရင် ကျနော်နဲ့လာရောက်ဆက်သွယ်အကြောင်းကြားပါ။ ခိုင်လုံသောအထောက်အထားပြနိုင်ရင် ကျနော်ဖြေရှင်းပေးပါမယ်။ ကျနော့်မိခင်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မကျေလည်မှုရှိပါက ‘မာဖ်း’(ခွင့်လွှတ်)မှုပြုပေးကြပါ။”….
‘ဂျနာဇာဆွလားသ်’ရဲ့သဘောက အဲဒါမျိုးပါ။ အခုတော့ ယောက်ကျားဖြစ်သည်။ မိန်းမဖြစ်သည်ပြောပြီးဖတ်လိုက်။ ‘ဂျနာဇာဆွလားသ်’ရဲ့ အရင်းအမြစ်ကို မသိတဲ့လူက တော်တော်များနေတယ်ဗျာ။ သေဆုံးသူဟာ လူသားဖြစ်တယ်လေ။ အမှားရှိမှာပဲလေ။ ဂျနာဇာမှာဝင်ရပ်လိုက်ပြီ ဆိုကတည်းက မကျေလည်မှု၊ မကျေနပ်မှုတွေကို ခွင့်လွှတ်လိုက်ပြီဆိုတဲ့ စိတ်သဘောနဲ့ဝင်ရပ်ရမှာပါ။ အဲဒီတော့ အေမာမ်ရှေ့ဆောင် ကလည်း ဒါကိုတောင်းဆိုပေးရမယ်။ ကွယ်လွန်သူကအကြွေးဘာတွေရှိခဲ့ရင်လည်း အထောက်အထားနဲ့ လာပြရင် ကျန်ရစ်သူမိသားစုက ရှင်းပေးရမယ်။ တတ်နိုင်သလောက်ပေါ့။ သေသူကို ကျနော်တို့က လွတ်လွတ် လပ်လပ်ပေးသွားရမယ်။ အစ္စလာမ်ရဲ့လုပ်ငန်းဆောင်တာတွေမှာ အားလုံး အနှစ်သာရရှိနေတယ်။
ဒီအာယသ်တော်အရဆိုရင် အစ္စလာမ်က သေတမ်းစာ (ဝဆွီယသ်) ဆိုတာကို အခိုင်အမာယုံကြည် ရမှာဖြစ်သလို လက်ခံကျင့်သုံးရပါလိမ့်မယ်။ အထူးသဖြင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုရှိနေသူတွေအတွက် မဖြစ်မနေ လက်ခံကျင့်သုံးရမှာဖြစ်ပါတယ်။ ကုရ်အာန် (၂း ၁၈ဝ)အရ သေတမ်းစာရေးခြင်းဟာ မွတ္တကီန်း ခေါ် အလ္လာဟ် အရှင်မြတ်ရဲ့အမိန့်တော်ကိုနာခံသူတို့အတွက် ‘ရှောင်လွှဲ၍မရနိုင်သော တာဝန်တစ်ရပ်’ အဖြစ်ပြဌာန်းထားတာ တွေ့ရပါတယ်။
လူ့အဖွဲ့အစည်းမှာ အစ္စလာမ်ကို ကောင်းပါတယ်လို့ ပြောနေခြင်းက ဘာတွေကကောင်းတာလဲ။ ဒီလိုစနစ်ကျတဲ့ပြဌာန်းချက်မျိုးတွေကကောင်းနေတာပါ။ ကျနော်တို့က အခြားဘာသာဝင်တွေကို ‘ငါတို့အစ္စလာမ်က ကောင်းတယ်’ လို့ပြောပြီး ‘ဘာကောင်းတာလဲ’ မေးရင် မပြောနိုင်ကြဘူး။ အစ္စလာမ်သည် ဘယ်လိုစနစ်ကျပြီး လူ့အဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးရေးကို ဘယ်လို အထောက်အကူပေးသလဲဆိုတာကို သူများကိုချပြနိုင်မှသာလျှင်၊ အစ္စလာမ်ကောင်းတယ်လို့ နားလည် သဘောပေါက်လက်ခံနိုင်မှာပေါ့။
ဒုတိယအပိုင်းအနေနဲ့ ကျနော်တင်ပြချင်တာက ‘သေတမ်းစာတစ်ရပ်ဖြစ်လာရန် မည်သည့်အချက်များက အခြေခံလိုအပ်ချက်ဖြစ်သနည်း၊’ ဆိုတဲ့အပိုင်းပါ။
သေတမ်းစာတစ်ရပ်ဆိုတာက သေတမ်းစာရှင်မရှိတော့တဲ့နောက်ပိုင်းမှာမှ သေတမ်းစာအရ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ရမှာဖြစ်လို့ သေတမ်းစာတစ်ရပ်ဟာ ခိုင်မာကြောင်း အတည်ပြုနိုင်ဖို့အထူးလိုအပ်ပါတယ်။ အစောပိုင်းမှာကျနော်ရည်ညွှန်းတင်ပြခဲ့သလို သေတမ်းစာဆိုတာက စာရေးသားခြင်းအားဖြင့် မှာတမ်းပြုနိုင်သလို နှုတ်အားဖြင့်လည်း မှာတမ်းပြုနိုင်ပါတယ်။ ဒီ(၂)မျိုးလုံးက သေတမ်းစာအဖြစ် အကျုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ သေတမ်းစာတစ်ရပ်ဟာ ခိုင်လုံသည်/မခိုင်လုံသည်နဲ့ပတ်သက်လာရင်တော့ စာအားဖြင့်ရေးသားခဲ့ခြင်းက နှုတ်နဲ့ပြောဆိုမှာကြားခြင်းထက်ပိုပြီးခိုင်မာတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ တစ်ခုမှတ်သားစရာအချက်က သေတမ်းစာဟာ ဥပမာ နိကာဟ်စာချုပ်လိုတော့ အဆင်သင့်ပုံစံ (Ready made form) မရှိပါဘူး။
မိမိနားလည်သလိုရေးခွင့်ရှိသော်လည်း ပါဝင်ရမယ့်အချက်တွေတော့ ရှိပါတယ်။ သေတမ်းစာတစ်စောင်ကို ရေးတော့မယ်ဆိုရင် မိမိကွယ်လွန်သေဆုံးပြီးနောက်၊ ယင်းသေတမ်းစာနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးမည့် ပုဂ္ဂိုလ်များ လုပ်ကိုင်ဆောင်ရွက်ရာမှာ လွယ်ကူ၊ ချောမွေ့၊ အဆင်ပြေစေရန်အတွက် သေတမ်းစာရှင်က သေတမ်းစာရေးတဲ့အခါ ဂရုစိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
စာရေးသားခြင်းဖြင့် သေတမ်းစာတစ်ရပ်ကိုဆောင်ရွက်မယ်ဆိုရင်လည်း ခိုင်လုံတိကျတဲ့ သေတမ်းစာတစ်ရပ်ဖြစ်ဖို့အတွက် အချက်(၄)ချက်ကို အခြေခံဖို့တော့လိုအပ်ပါတယ်။ အဲဒါတွေကတော့…..
(၁) သေတမ်းစာရှင် (Testator)
(၂) သေတမ်းစာအားဖြင့်ပေးသောပစ္စည်း (သို့မဟုတ်) အကျိုးခံစားခွင့် (Bequest)
(၃) သေတမ်းစာအားဖြင့်အမွေရသူ (Legatee, Heir)
(၄) သေတမ်းစာအတည်ပြုပေးသူ (executor)
စတဲ့အချက်(၄)ချက်ကိုသေတမ်းစာမှာ တိတိကျကျဖေါ်ညွှန်းထားဖို့လိုအပ်ပါတယ်။
ကျန်ရှိတဲ့အပိုင်းတွေကိုတော့ နောက်ခွတ္တဗါဟ်မှာဆက်လက်တင်ပြသွားပါမယ်။
Salaam…..