ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ (ဝဆွီယသ် – Will) (အပိုင်း-၂) မုဖ်သီ ဦးစန်းအောင် (B.Sc)
ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ (ဝဆွီယသ် – Will) (အပိုင်း-၂)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့ (၅-၂-၂ဝ၁၆)ရက်၊ ယောင်မွလ်ဂျူမုအဟ် သောကြာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ် ပြုရန် ကြွရောက်လာကြသော လေးစားအပ်ပါတဲ့ ဂျမာအသ်ဝင်များခင်ဗျား။
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု—
ကျွန်တော်တို့အနေနဲ့ အခုလိုတည်ငြိမ်အေးချမ်းစွာဖြင့် အလ္လာဟ်အရှင်မြတ်ကို `အိဘာဒသ်´ပြုခွင့် ရရှိတဲ့ အပေါ်မှာ၊ အလ္လာဟ်အရှင်မြတ်ရဲ့ ဒေသနာတော်တွေကို နားဆင်ခွင့်ရရှိတဲ့အပေါ်မှာ၊ ဟောပြောတင်ပြခွင့်ရရှိတဲ့ အပေါ်မှာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တင်ပြမယ့်အပိုင်းကတော့ ဝဆွီယသ်- (Will – သေတမ်းစာ) အပိုင်း-၂ ကို ဆက်လက် တင်ပြသွားမှာဖြစ်ပါတယ်။ ပထမ ကျွန်တော့်အနေနဲ့ ဒီခေါင်းစဉ်ဟာ နှစ်ပိုင်းလောက်တင်ပြပြီးရင် ပြီးဆုံးလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ပေမယ့် ဒီ Subject ဟာ ဥပဒေရေးရာဖြစ်တဲ့အတွက်ကြောင့် သေသေချာချာ၊ စုံစုံလင်လင်တင်ပြ ရမှာဖြစ်တဲ့အတွက် (၃) ပိုင်းလောက်အထိ တင်ပြရလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ဂျမာအသ်ဝင်များ လိုအပ် လာမယ်ဆိုရင်တော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းတွေမေးနိုင်အောင် စီစဉ်ပေးပါ့မယ်။
အလ္လာဟ်အရှင်မြတ်က လူတွေကို လုပ်ပိုင်ခွင့်ပေးထားတာရှိပါတယ်။ အဲဒီပေးထားတဲ့ လုပ်ပိုင်ခွင့်ကို လူတွေအနေနဲ့ ဘယ်လိုအကျိုးရှိရှိ၊ မှန်မှန်ကန်ကန် အသုံးချမလဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့က ဝဆွီယသ်(သေတမ်းစာ)တို့၊ အမွေတို့ဆိုတာကို သူဌေးတွေနဲ့သာ ဆိုင်တယ်လို့ ထင်မြင်နေကြပါတယ်။ ကျန်သူတွေနဲ့ မဆိုင်ဘူးရယ်လို့တော့ မထင်လိုက်ပါနဲ့။ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မိမိသည်ပေးသူဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ရယူသူဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် အဲဒီပေးသူနဲ့ ရယူသူနှစ်ဦးကြားက ကူညီစောင်မသူသက်သေတစ်ယောက်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီလို ကုရ်အာန်ပါညွှန်ကြားထားတဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို သိနားလည် သဘော ပေါက်ထားဖို့ လိုပါမယ်။
ဒီကနေ့ အပိုင်း (၂) မှာ ကျွန်တော်အဓိကထား ပြောရမယ်ဆိုရင် (၁၅-၁-၂ဝ၁၆) ရက်ကပြောခဲ့တဲ့ အပိုင်း (၁) မှာ ‘ဝဆွီယာသ်’ တစ်ခုလုပ်တဲ့အခါ ပုံစံနှစ်မျိုးရှိတယ်။ တစ်ခုက စာဖြင့်သော်လည်းကောင်း၊ တစ်ခုက နှုတ်ဖြင့်သော်လည်းကောင်း၊ လုပ်လို့ရတယ်။ ဒီနှစ်ခုအနက် ပို၍ခိုင်လုံတာက စာအားဖြင့်သေတမ်းစာရေးခြင်းဖြစ်တယ်။ သိပ်ပြီး အငြင်းပွားစရာမရှိဘူး။ နှုတ်ဖြင့် မှာကြားခဲ့ခြင်းက ပြဿနာအနည်းအများရှိတယ်။ အငြင်းပွားဖွယ်ရာဖြစ်စရာရှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သေတမ်းစာရှင် ကွယ်လွန်သေဆုံးသွားပြီးတဲ့အခါမှာ ဝဆွီယသ် တစ်ရပ်ကို ကိုင်တွယ်ဆောင်ရွက်ရေးမှာ ကိုင်တွယ်ဆောင်ရွက်ရတဲ့ လူတွေက မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့အတွက် သက်သေအချက်အလက်(Proof) တွေ အများ ကြီးလိုတယ်။ လိုအပ်တာတွေ အများကြီးစိစစ်ရတယ်။ ဒါမှသာလျှင် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာဖြစ်တဲ့ အတွက်ကြောင့် ဒီဝဆွီယသ်ကို ဦးစီးဦးဆောင်ပြုလုပ်ပေးတဲ့ သူတွေအနေနဲ့ Document တွေ၊ proof တွေ တောင်း မှာဘဲ။ စိစစ်မှုတွေ သူလုပ်မှာဘဲ။
ဒါကြောင့် ကျွန်တော်အတွေ့အကြုံအရ ဝဆွီယာသ်တစ်ရပ်ဟာ နှုတ်နဲ့မှာကြားခဲ့တာထက် စာနဲ့ရေးသား မှတ်တမ်းတင်ခြင်းက ဖြေရှင်းရတာ လွယ်တယ်။ အားကောင်းတယ်။ ပြဿနာသိပ်မရှိဘူး။ ဥပမာတစ်ခုအနေနဲ့ ပြောပြရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်၊ ကိုင်တွယ်ဖြေရှင်းပေးခဲ့ရတဲ့ အမှုတစ်ခုဆိုရင် သေတမ်းစာရှင်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို နှုတ်အားဖြင့် ဇနီးသည်ကိုတိုးတိုးလေးမှာသွားတယ်ပေါ့။ ဒါကိုဇနီးသည်က ဘာသာရေးပညာရှင်ကြီးတစ်ယောက်ထံကနေပြီး ‘ဖတ္တဝါ’ ဓမ္မသတ်ဆုံးဖြတ်ချက်ယူလာတယ်။ သေတမ်းစာမြောက်တယ်ပေါ့။ ဒီအမှုမှာ ပိုင်ဆိုင်မှုပမာဏက တော်တော်များ တယ်။ တိုက်တွေ၊ ကားတွေအပါအဝင်ပေါ့။ စက်ရုံတွေပါ ပါတယ်။ ဖြစ်နေတာက ကွယ်လွန်သူသေတမ်းစာရှင်ရဲ့ ဇနီးနဲ့ သားအငယ်ဆုံးကတစ်ဖက်၊ သားအကြီးဆုံးနဲ့ သားအလတ်ကတစ်ဖက်ဖြစ်နေတာပါ။
ဇနီးသည်ဖက်က ပြောတာက “ကျွန်မကို ကျွန်မယောက်ျားက မှာသွားတယ်။ နင်နဲ့ နင့်သားအငယ်ဆုံးက လက်ရှိပိုင်ဆိုင်မှုတွေကို အားလုံးယူလိုက်ပေါ့။” တဖက်သားနှစ်ယောက်က ဒါကို မကျေနပ်ဘူး။ ကျွန်တော်က ‘သေတမ်းစာကို ဘယ်လိုပေးခဲ့သလဲ’ လို့မေးတော့ ‘ကျွန်မကိုကွယ်လွန်ကာနီးမှာ ခင်ပွန်းသည်က နားထဲမှာတိုးတိုးလေးကပ်ပြောသွားတယ်။ ဒါကိုတဖက်က ပညာရှင်ကြီးက တရားဝင်တယ်လို့ထောက်ခံထားပါတယ်’ ဆိုပြီးပြောပါတယ်။ ဖြစ်နေတဲ့ပြဿနာက ဒီနေရာမှာပါ။ နှုတ်နဲ့တိုးတိုးလေးပြောသွားတဲ့ ပြဿနာပါ။ စာအားဖြင့် အထောက်အထားမရှိဘူး။ ဒီတော့ ကျွန်တော်က သားနှစ်ယောက်ဖက်ကို ပထမဦးဆုံး အကြံပေးတာက ရှေ့နေတစ်ယောက်ငှား။ ပြီးရင် ဖခင်ကျန်ရစ်ခဲ့တဲ့ ပစ္စည်းစာရင်း အစုံအလင် အတိအကျဖော်ပြပြီး သတင်းစာမှာ အမွေဆိုင်ဖြစ်ကြောင်း ကြေငြာလိုက်ပါလို့ ပြောပါတယ်။ သားနှစ်ယောက်ရဲ့ သဘောတူညီချက်မရပဲ ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်းမပြုရလို့ ကြော်ငြာထည့်ခိုင်းပါတယ်။ အဲဒီအခါမှ တဖက်က ပြဿနာတက်လာပါတယ်။ နောက်ဆုံး ဒီအမှုက တရားရုံးမှာ ‘ဝဆွီယသ် ‘မမြောက်တော့ပဲ “အမွေခွဲဝေခြင်း” ဆိုတဲ့ ပုံစံနဲ့ပဲဖြေရှင်းလိုက်ရပါတယ်။
အဲဒါဘာလဲဆိုတော့ နှုတ်အားဖြင့် တိုးတိုးလေးကပ်ပြောတယ်ဆိုရုံနဲ့ ခိုင်လုံတဲ့သက်သေမရှိတဲ့အပေါ်မှာ ‘သေတမ်းစာ’ မမြောက်ဘူးဆိုတာပါပဲ။ တကယ်လို့နှုတ်အားဖြင့် သေတမ်းစာပြောမယ်ဆိုရင် လည်း အထမြောက်ပေမဲ့ သတ်မှတ်လုပ်ထုံးတွေ၊ နည်းဥပဒေတွေရှိပါတယ်။ ဒါတွေကိုလိုက်နာဆောင်ရွက်ရမှာပါ။ ဒါကြောင့် ဒီအပတ်ကျွန်တော် အထူးပြုတင်ပြချင်တဲ့အပိုင်းကတော့ အင်မတန် ခိုင်လုံပါ တယ်ဆိုတဲ့ ‘ဝဆွီယသ်’ တစ်စောင်၊ တနည်းအားဖြင့် ‘ဝဆွီယသ်နာမာ’ ပေါ့။ ‘နေကာဟ်နာမာ’ ရှိသလို ‘ဝဆွီယသ်နာမာ’ ဆိုတာလည်းရှိပါတယ်။ ဒီတော့ ဘယ်လိုအချက်တွေပါမှ ဝဆွီယသ်တစ်စောင်မြောက်တယ်ဆိုတဲ့ သတ်မှတ်ချက် တွေကို တင်ပြပါမယ်။ အဲဒီသတ်မှတ်ချက်က (၄) ချက်ရှိပါတယ်။ ကျွန်တော်တို့က ဝဆွီယသ် တစ်စောင် ကိုယ့်အရှေ့ရောက်လာပြီဆိုရင် အဲဒီ အချက်(၄) ချက်ပါသလားဆိုတာကို အရင်စစ်ဆေးရပါတယ်။ အဲဒီလို အချက် (၄) ချက်ပါမှ သာလျှင် ခိုင်လုံတိကျတဲ့ ဝဆွီယသ်တစ်စောင်ဖြစ်ပါတယ်။
အဲဒီလို မပြည့်စုံခဲ့ဘူးဆိုရင်တော့ ပယ်ဖျက်တဲ့အဆင့်မဟုတ်ပေမဲ့ ပြန်လည်ဆန်းစစ်ရမဲ့ အနေအထားကို ရောက်သွားတယ်ပေါ့။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ဝဆွီယသ်ရေးသည်ဖြစ်စေ၊ ရေးသားသူတစ်ဦးတစ်ယောက်ကိုအကူအညီပေးသည်ဖြစ်စေ၊ ဒါမှမဟုတ်တစ်ဦးတစ်ယောက်က ကိုယ့်အတွက်ကို ဝဆွီယသ် ရေးပေးသည်ဖြစ်စေ၊ ဒီအချက်တွေကို သိနားလည်သဘောပေါက်ထားပြီးဖြစ်တယ်ဆိုရင်၊ ဒီပုံစံလုပ်ဆောင်မယ်ဆိုရင်၊ ကိုင်တွယ်ဆောင်ရွက်တဲ့အခါမှာ၊ ခွဲဝေကြတဲ့ အခါမှာ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။
သေတမ်းစာမှာ ပါရမယ့်အချက်(၄)ချက်ဆိုတာက –
(၁) သေတမ်းစာရှင်ဘယ်သူလဲ။
ဝဆွီယာသ်ပေးမဲ့ (သေတမ်းစာရှင်)၊ ဒါမှမဟုတ် မူလပိုင်ရှင် ဘယ်သူလဲ။ Testator ပေါ့။
(၂) သေတမ်းစာအားဖြင့် ပေးသောပစ္စည်း(သို့မဟုတ်) အကျိုးခံစားခွင့် (Bequest) ဘာပစ္စည်းလဲ။
ဥပမာ အိမ်လား၊ ကားလား၊ ဒါမှမဟုတ်ရင် ပစ္စည်းတစ်ရပ်လုံး မဟုတ်ပဲ၊ ပစ္စည်းတစ်ရပ်ရဲ့ အကျိုးခံစားခွင့်လား။ တစ်နည်းအားဖြင့် အိမ်တစ်လုံးလား၊ ဒါမှမဟုတ်ရင် အဲဒီအိမ်ရဲ့ အိမ်ငှားရမ်းခ(အိမ်လခ)လား။ အမည်ပြောင်းခလား။
(၃) သေတမ်းစာအားဖြင့် အမွေရသူ (Legatee, Heir)၊
တနည်းအားဖြင့် ဝဆွီယာသ်ရှင် ကွယ်လွန်ပြီးနောက် ဘယ်သူ့ကို ပေးရမှာလဲ။ မောင်ဖြူလား၊ မောင်နီလား၊ မောင်မဲလား၊ ဝဆွီယသ် အပေါ်ဘယ်သူခံစားခွင့်ရှိတာလဲ ဆိုတဲ့အပိုင်းက ပေါ်လွင်ထင်ရှားမှုမရှိပြန်ရင်လည်း အဲဒီ ဝဆွီယာသ် ဟာ ခိုင်လုံတဲ့ ဝဆွီယာသ် မဖြစ်လာနိုင်ပါဘူး။
(၄) သေတမ်းစာကို အတည်ပြုသူ (Executor)၊
‘ဝဆွီယသ်’ ရေးသားရာမှာ ထားရှိရမဲ့သက်သေပါ။ အစ္စလာမ်က စာချုပ်ချုပ်တဲ့ကိစ္စကို လွန်ခဲ့တဲ့နှစ်ပေါင်း (၁၄ဝဝ) ကျော်ကတည်းက ပြဌာန်းထားတယ်နော်။ ကျမ်းမြတ်ကုရ်အာန် (၂း ၂၈၂) မှာပြဌာန်းထားပါတယ်။ အစ္စလာမ်မှာ သက်သေက သိပ်အရေးကြီးတယ်။ နေကာဟ် ပြုလုပ်တဲ့အခါမှာလည်း သက်သေလိုအပ်သလို ဝဆွီယာသ်တစ်ရပ်လုပ်တဲ့အခါမှာလည်း သက်သေလိုပါတယ်။ ဒါကို ‘သေတမ်းစာအတည်ပြုသူ’ လို့ ဥပဒေအရခေါ်ပေမဲ့ သက်သေပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ် က ကျွန်တော်တင်ပြခဲ့ပါတယ်။ ကျမ်းမြတ်ကုရ်အာန် (၅း ၁ဝ၆) မှာ ဝဆွီယသ် လုပ်တဲ့အခါ ဘယ်လို သက်သေတွေထားရမလဲဆိုတာ ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။
ဆက်လက်ပြီး ဒီ(၄)ချက်နဲ့ပတ်သက်ပြီး အသေးစိပ်အပိုင်းတွေကို ကျွန်တော်ဆက်လက်တင်ပြပေးပါမယ်။
(၁) သေတမ်းစာရှင် (Testator)။
သေတမ်းစာရှင်ဆိုတာကတော့ မိမိကွယ်လွန်သွားတဲ့အခါမှာ မိမိပိုင်ဆိုင်မှုကို ဘယ်သူတွေ ဆက်လက် ခံစားပိုင်ဆိုင်ဖို့ သေတမ်းစာအားဖြင့် မှာကြားပေးသွားသူကို ခေါ်ပါတယ်။ ဒါကြောင့် သေတမ်းစာတစ်ရပ်မှာ သေတမ်းစာရေးသားသူ ဘယ်သူဖြစ်တယ်ဆိုတာကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံထည့်သွင်းရေးသားပေးဖို့ လိုအပ်ပါတယ်။ သေတမ်းစာရှင်ဟာ အရွယ်ရောက်ပြီးသူဖြစ်ရပါမယ်။ သေတမ်းစာရှင်းဟာ အရွယ်ရောက်ပြီးသူ ဖြစ်ရပါမယ်။ ရူးသွပ်နေသူမဖြစ်စေရပါ။
ဒီနေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အာလင်မ်ပညာရှင်အချို့က ဝဆွီယာသ်နဲ့ အမွေကိုခွဲခြားနိုင်စွမ်းမရှိသေးပါဘူး။ ကျွန်တော် ဝဆွီယာသ် အကြောင်းရေးသားလိုက်တဲ့အခါမှာ ကျမ်းမြတ်ကုရ်အာန် (၄း ၁၁)နဲ့ (၄း ၁၂) မှာ အမွေခွဲဝေခြင်း (ယောက်ကျားလေး ၂ ပုံ မိန်းကလေး ၁ ပုံ) ပြဌာန်းပါရှိပြီးကာမှ ဘာလို့သေတမ်းစာရေးခွင့် ရှိနေရမှာလဲဆိုပြီး အချို့မေးလာကြတာရှိပါတယ်။ ဒါပေမဲ့ သူတို့ကို မေးကြည့်။ အမွေနဲ့သေတမ်းစာ ဘာကွာလဲဆိုရင် သူတို့မပြောနိုင်ကြဘူး။
အမွေနဲ့ သေတမ်းစာ တစ်ခုချင်းစီဟာ ဘယ်နေရာမှာဘယ်လို အားသာချက်ရှိလဲဆိုတာ မပြောနိုင်ကြဘူး။ ဥပဒေပညာရှင်တွေက ပြောနိုင်ကြပေမဲ့ အာလင်မ်ပညာရှင်များကမပြောနိုင်ပါဘူး။ တတ်သိနားလည်တဲ့ ဘာသာရေးပညာရှင်ဆရာကြီးတွေတော့ရှိပါတယ်။ ဒါပေမယ့် အများစုက “ အမွေခွဲခြင်း ပြဌာန်းချက်ရှိပြီးနေမှတော့ သေတမ်းစာဆိုတာ ဘာလို့လိုအပ် နေရတာလဲ” ဆိုတဲ့မေးခွန်းကို မေးတတ်ကြပါတယ်။ အမှန်တကယ်တော့ အမွေနဲ့သေတမ်းစာမှာ သူ့နေရာနဲ့သူ အားသာချက်တွေရှိပါတယ်။ နှစ်ခုစလုံးမှာ တူညီတဲ့အခြေခံသဘောတွေရှိသလို၊ မတူညီတဲ့သဘောတွေလည်းရှိပါတယ်။ အမွေမှာအကျိုးသက်ရောက်မှုမရှိတဲ့အကြောင်းအရာတွေက သေတမ်းစာမှာတော့ အကျိုးသက်ရောက်မှု ရှိလာတာကိုတွေ့ရပါတယ်။ ဒီအပိုင်းကိုတော့ နောက်ပိုင်းကျွန်တော်ရှင်းပြတဲ့အခါ ပါဝင်လာပါလိမ့်မယ်။
ဒါကြောင့်သေတမ်းစာတစ်ရပ်မှာ သေတမ်းစာရှင်(သေတမ်းစာရေးသားသူ) ဘယ်သူဖြစ်တယ်ဆိုတာကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ တိတိကျကျရေးသားမှတ်တမ်းတင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် မှတ်ပုံတင်ရှိနေ ပြီဖြစ်တဲ့အတွက် မှတ်ပုံတင်အမှတ်ပါ ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။ Identity သိပ်အရေးကြီးတယ်။ ဘာဖြစ် လို့လဲဆိုတော့ သေတမ်းစာရှင် ပေးသွားတဲ့ပစ္စည်းဟာ သေသူတကယ်ပိုင်၏/ မပိုင်၏ ဆိုတဲ့အပိုင်းကို ကျွန်တော်တို့က စိစစ်ရမှာဖြစ်လို့ပါ။
အထူးသတိပြုရမှာက ကိုယ်မပိုင်တဲ့ပစ္စည်းကို ဝဆွီယာသ် ရေးလို့မရပါဘူး။ လင်ပိုင်တဲ့ပစ္စည်းကို မယားက ဝဆွီယာသ် ရေးလို့မရသလို မယားပိုင်တဲ့ပစ္စည်းကို လင်က ဝဆွီယာသ် ရေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ္စလာမ်မှာ ခင်ပွန်းပိုင်ဆိုင်မှုနဲ့ ဇနီးပိုင်ဆိုင်မှုအပိုင်းမှာ သီးခြားစီဖြစ်တဲ့ ကဏ္ဍတွေရှိနေပါတယ်။ ဥပမာ လက်ထပ်ထိမ်းမြားစဉ်မှာ ခင်ပွန်းက ဇနီးကိုချီးမြှင့်တဲ့ ‘မဟာရ်’ ဆိုတာမျိုးက ဇနီးသည်ရဲ့ တစ်ဦးတည်းပိုင်ဆိုင်မှုပါ။ အဲဒီ ဇနီးသည်ပိုင် ‘မဟာရ်’ ကို ခင်ပွန်းသည်က ဝဆွီယသ် မှာထည့်သွင်းရေးသားခွင့်မရှိပါဘူး။
(၂) သေတမ်းစာအားဖြင့် ပေးသောပစ္စည်း (သို့မဟုတ်) အကျိုးခံစားခွင့်။
သေတမ်းစာအားဖြင့်ပေးသောပစ္စည်း(သို့မဟုတ်) အကျိုးခံစားခွင့်တစ်ရပ်ဟာ သေတမ်းစာရှင်ရဲ့ တရားဝင်ပိုင်ဆိုင်ခွင့် ရှိရပါမယ်။ ဒါတင်မက သေတမ်းစာအားဖြင့်ပေးသောပစ္စည်း(သို့မဟုတ်)အကျိုးခံစားခွင့်သည် သေတမ်းစာရှင်ကွယ်လွန်ချိန်မှာ အမှန်တကယ်တည်ရှိနေရပါမယ်။ ဒါပေမယ့် သေတမ်းစာရှင် မကွယ်လွန်မီ (သို့မဟုတ်) သေတမ်းစာရေးသားချိန်မှာ မတည်ရှိသေးသော်လည်း သေတမ်းစာရှင်ကွယ်လွန်ချိန်မှာ အမှန်တကယ် ပိုင်ဆိုင်တည်ရှိနေပြီိဆိုရင် သေတမ်းစာအရ အတည်ဖြစ်ပါတယ်။
ကျွန်တော်တို့ ဘယ်လောက်ထိအောင် စိစစ်ရသလဲဆိုရင် ဥပမာ လူတစ်ယောက်ဟာ မြေတစ် ကွက်ဝယ်လိုက်တယ်။ သို့သော်လည်းသူ ဝဆွီယသ် ရေးတဲ့အချိန်မှာ ဒီမြေက စရံပေးတဲ့ အဆင့်ပဲရှိဦးမယ်။ သူအမှန်တကယ်မပိုင်ဆိုင်သေးဘူး။ ဒါပေမဲ့ သူကွယ်လွန်ချိန်မှာ ငွေအကြေပေးဆပ်ပြီးလို့ ဒီမြေကိုအမှန်တကယ်သူပိုင်နေပြီးဆိုရင်တော့ သူ့ရဲ့ ဝဆွီယသ် ဟာအထမြောက်ပါတယ်။ သို့သော် ဒီမြေကွက်တစ်ရပ်လုံးကို ဝဆွီယသ် ရေးခဲ့ပေမဲ့ စရံပဲပေးရသေးတယ်။ သူကွယ်လွန်ချိန်အထိကျန်ငွေပေးချေခြင်းမရှိသေးလို့ ပိုင်ဆိုင်မှု လက်ဝယ်မရသေးဘူးဆိုရင်တော့ အဲဒီမြေကွက်နဲ့ပတ်သက်ပြီးရေးသားမှာကြားခဲ့တဲ့ ဝဆွီယသ် ဟာပျက်ပြယ်သွားပါတယ်။ ပေးခဲ့တဲ့ စရံငွေဟာလည်း ပုံမှန်အမွေပုံထဲကို ဆင်းသက်သွားပါလိမ့်မယ်။
နောက်တစ်ချက်က သေတမ်းစာအားဖြင့်ပေးသော ပစ္စည်း(သို့မဟုတ်) အကျိုးခံစားခွင့်သည် သေတမ်းစာရှင် ကွယ်လွန်ချိန်မှာ အမှန်တကယ်တည်ရှိနေရပါမယ်ဆိုတဲ့အတိုင်း၊ ဥပမာ ကျွန်တော်မှာ ကားတစ်စီးရှိတယ်ဆိုပါစို့။ ကျွန်တော် သေတမ်းစာရေးလိုက်တယ်။ ကျွန်တော်၏ကားကို သားသမီးဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ပေးပါသည်လို့ ရေးလိုက်တယ်။ သို့သော်ငြားလည်း ကျွန်တော်ကွယ်လွန်သေဆုံးသွားတဲ့အချိန်မှာ ဒီကားမရှိတော့ဘူး။ ကျွန်တော် မကွယ်လွန်မီမှာ အကြောင်းကြောင်းကြောင့် ဒီကားကိုကျွန်တော်ကပဲ ရောင်းလိုက်တယ်ဆိုပါစို့။ ကျွန်တော်ကွယ်လွန်တဲ့အခါ သေတမ်းစာအရ ဒီကားကိုဘယ်သူ့ကိုပေးထားပါတယ်ဆိုတာပေါ်လာပြီး။ ဒါပေမယ့် အဲဒီအချိန်မှာ ဒီကားကမရှိတော့ဘူး။ ဒါဆိုရင် သေတမ်းစာရှင်ကွယ်လွန်ချိန်မှာ သေတမ်းစာမှာဖေါ်ပြထားတဲ့ပစ္စည်းဟာ အမှန်တကယ်မရှိတော့တဲ့အတွက်အဲဒီသေတမ်းစာပျက်ပြယ်သွားပြီဖြစ်ပါတယ်။
ဦးဖြူက သူပိုင်ဆိုင်တဲ့ ဆိတ်မတစ်ကောင်ကို မောင်နီဆိုသူအား သေတမ်းစာအားဖြင့် ပိုင်ဆိုင်ခွင့်ပေးလိုက်တယ်ဆိုပါစို့။ အဲဒီသေတမ်းစာထဲမှာ ဦးဖြူကတဆက်တည်း ဆိတ်မကြီး မှ နောင်တွင်မွေးဖွားလာမဲ့ ဆိတ်သားပေါက်အားလုံးကိုလည်း မောင်နီသာပိုင်ဆိုင်ခွင့်ရှိပါတယ်လို့ ရေးသား မှာကြားခဲ့မယ်ဆိုရင်လည်း ဦးဖြူသေတမ်းစာရေးချိန် မတည်ရှိသေးပေမယ့် ဦးဖြူကွယ်လွန်ချိန်မှာ တိုးပွားလာမယ့် ဆိတ်သားပေါက်လေးတွေကိုလည်း သေတမ်းစာအရ မောင်နီပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်။
အကယ်၍များ ဒီနေရာမှာ ဦးဖြူဟာ သူပိုင်ဆိုင်ထားတဲ့ ဆိတ်မကြီးကိုသာလျှင် မောင်နီကိုသေတမ်းစာနဲ့ ပေးပြီးနောက်ထပ်တိုးပွားလာမည့် ဆိတ်သားပေါက်တွေကို မောင်မဲကိုပေးဖို့ သေတမ်းစာရေးခဲ့မယ်ဆိုရင် ဦးဖြူ ကွယ်လွန်တဲ့အခါ တိုးပွားနေတဲ့ ဆိတ်သားပေါက်တွေဟာ မောင်မဲသာပိုင်ဆိုင်စေမှာဖြစ်ပြီး ဒီသေတမ်းစာဟာ အစ္စလာမ့်တရားတော်အရ အကျုံးဝင်အထမြောက်တဲ့သေတမ်းစာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် မွတ်ဆလင်မ်တစ်ဦးအနေနဲ့ သေတမ်းစာပြု လုပ်မယ်ဆိုရင် ပစ္စည်းကိုယ်ထည်ကိုဖြစ်စေ၊ အကျိုးခံစားခွင့်ကို ဖြစ်စေ၊ သေတမ်းစာမှာထည့်သွင်းရေးသားခွင့်ရှိပါ တယ်။ ပစ္စည်းကိုယ်ထည်နဲ့ အကျိုးခံစားခွင့်ကို တစ်ဦးတစ်ယောက်တည်းကိုပေးရန် ရေးသားနိုင်သလို၊ ပစ္စည်းကိုယ် ထည်ကို တစ်ဦးကိုပေးပြီး အကျိုးခံစားခွင့်ကို အခြားတစ်ဦးကို ပေးဖို့လည်း သေတမ်းစာရေးသားနိုင်ပါတယ်။
နောက်ဥပမာတစ်ခုအနေနဲ့ ဦးနီက သူပိုင်တဲ့အိမ်တစ်လုံးမှာ လူငှားတင်ထားပြီး မောင်ဖြူနဲ့ မောင်မဲအတွက် သေတမ်းစာရေးမယ်ဆိုပါတော့။ အိမ်ပိုင်ဆိုင်မှုကို မောင်ဖြူကိုပေးပြီး၊ အိမ်ငှားရမ်းခလစာကို မောင်မဲကိုပေးမယ် ဆိုပြီး သေတမ်းစာရေးခြင်းဟာ အစ္စလာမ်တရားတော်နဲ့ ကိုက်ညီမှုရှိပါတယ်။
ကျွန်တော်တို့ ၅၉ လမ်း ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ‘မရ်ဟူမ်း’ အလ်ဟဂ်ျ ဦးတင်မြိုင်(အလ္လာဟ်အရှင်၏ ရဟ်မသ်တော်များကျရောက်ပါစေ)ကနေပြီးတော့ ‘ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့’ကို တိုက်(၅)တိုက်ရဲ့ အိမ်လခ၊ ပြောင်းရွှေ့မှုအတွက်ရငွေ၊ ပိုင်ဆိုင်မှုအားလုံး လွှဲပေးခဲ့ပါတယ်။ နောက်တစ်ဦးက အလ်ဟဂ်ျဦးမြတ်လင်း(မရ်ဟူမ်း)ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁ဝ၁)လမ်းမှာ တိုက်တစ်လုံးပေးထားပါတယ်။ နောက် နိုင်ဂရုပ် မှ အလ်ဟဂ်ျဦးကျော်နိုင်ဦးကလည်း တိုက်တစ်လုံးရဲ့ ပိုင်ဆိုင်မှုကို (၅၉)လမ်းဗလီအတွက်ပေးထားပြီး ရတဲ့ တိုက်ခန်းလခကိုတော့ ‘ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့’ ကို လှူဒါန်းထားပါတယ်။ ဘာဖြစ်လို့ ကျွန်တော် ဒါတွေပြောပြနေရသလဲဆိုရင် ဝဆွီယသ်အပိုင်း(၁)ကို တင်ပြခဲ့တဲ့ ၁၅-၁-၂ဝ၁၆ နောက်ပိုင်းမှာ ဒီဝဆွီယသ်နဲ့ ပတ်သက်ပြီးမေးခွန်းတွေ အများကြီးမေးလာပါတယ်။ ဝဆွီယသ်နဲ့ ပတ်သက်ပြီး မွတ်ဆလင်မ် တော်တော်များများက မသိကြဘူး။ တချို့ကဆို ဝဆွီယသ်ဆိုတာ အစ္စလာမ်မှာမရှိဘူးလို့တောင် ပြောကြတယ်။
တချို့ဆိုရင် ကျွန်တော့်ကို ဝဆွီယသ်(သေတမ်းစာ)အပိုင်းမှာ ကျွန်တော်က ‘အနောက်တိုင်းခရစ်ယာန်အယူအဆတွေနဲ့ အစ္စလာမ်ရှရီအဟ်ကိုချိန်ထိုးကိုက်ညှိနေတယ်’ လို့တောင် စွပ်စွဲကြပါတယ်။ ဆိုလိုတာက ဒီလို ‘အိဂ်ျသိဟာဒ်’ ဆိုတဲ့ ပညာရပ်ဟာ တဖြည်းဖြည်းပျောက်ကွယ်လာသည် နှင့်အမျှ စဉ်းစားတွေးခေါ်ဥာဏ်အမြော်အမြင်နဲ့ ဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေဟာ ပျောက်သွားမှာဖြစ်ပါတယ်။ သေတမ်းစာရေးသားခြင်းဖြစ်ဖြစ်၊ နှုတ်ဖြင့်မှာကြားသည်ဖြစ်ဖြစ် မိမိအမှန်တကယ်ပိုင်ဆိုင်တာကို ရေးသားမှာကြား ခွင့်ရှိတဲ့အတွက်ကြောင့် မိမိမပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ အကျိုးခံစားခွင့်တွေကို သေတမ်းစာရေးသားခွင့် မရှိဘူး ဆိုတာ ကျွန်တော်တင်ပြခဲ့ပါတယ်။
ကျွန်တော် “ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊ (မ.မ.လဌာနချုပ်) မှာဓမ္မသတ်မှူးချုပ်တာဝန်ထမ်းဆောင်စဉ်က တစ်ချို့သောအမှုတွေမှာ ဒီအချက်ကိုအများကြီးတွေ့ခဲ့ရပါတယ်။ သေတမ်းစာရေးတဲ့အခါ မှာ မကျေနပ်ချက်တွေ ခံစားချက်တွေနဲ့ ရေးတာရှိသလို၊ ဖိအားပေးရေးစေမှုတွေလည်း ရှိပါတယ်။ အမှန်က လွတ်လပ်သောဆန္ဒနဲ့ရေးရမှာ ဖြစ်ပါတယ်။ မကျေနပ်ချက်၊ ခံစားချက်တွေနဲ့ မိမိပိုင်ပစ္စည်း၊ အကျိုးခံစားခွင့်တွေကို မိမိသားသမီးကို လုံးဝမပေးပဲ၊ အခြားအဖွဲ့အစည်း၊ ဘာသာရေးဝတ်ကျောင်းတော်တွေကို ပေးခြင်းဟာ ‘အမာနသ်’ကို ‘ခယာနသ်’ သက်ရောက်စေနိုင်ပါတယ်။ မဆိုင်တဲ့ နေရာတွေကရပြီး၊ ကိုယ့်ရဲ့ Generation မျိုးဆက်ကဒုက္ခရောက်သွားစေမဲ့ကိစ္စမျိုး ဖြစ်တယ်။
ဒါကြောင့် သေတမ်းစာတစ်ရပ်ရေးသားတဲ့အခါမှာ တရားဥပဒေအရ ပိုင်ဆိုင်မှုအထောက်အထားက အရေးပါပါတယ်။ “ငါပိုင်တယ်လေ” လို့နှုတ်နဲ့ချည်းပြောလို့မရပါဘူး။ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုမှာက တည်ဆဲဥပဒေဖြစ်တယ်။ ဒါကြောင့် ဒီနေ့ခေတ် ဒီနေ့အချိန်အခါမှာ စာချုပ်စာတမ်းတွေ အခိုင်အမာ၊ အပြည့်အစုံရှိဖို့လိုအပ်ပါတယ်။ ပိုင်ဆိုင်ကြောင်းကို Document မပေးနိုင်ရင် မရဘူး။ အကယ်၍ မပြည့်မစုံ၊ မခိုင်မာတဲ့ပစ္စည်း၊(သို့မဟုတ်) အကျိုးခံစားခွင့်ကို ဝဆွီယသ် ရေးမယ်ဆိုရင် အခြားတဖက်က တစ်ဦးတစ်ယောက်က Document အပြည့်အစုံနဲ့ ကန့်ကွက်လာမယ်ဆိုရင် သေတမ်းစာဟာ ပျက်ပြယ်သွားပါလိမ့် မယ်။ ဒါကြောင့် သေတမ်းစာရှင်က မိမိပိုင်ဆိုင်ကြောင်းကို မိမိမကွယ်လွန်မီကပင် ခိုင်ခိုင်မာမာဖြစ်အောင် ပြုလုပ် သင့်ပါတယ်။ သတင်းစာမှာ ကြော်ငြာပြီးဥပဒေအရ တရားရုံးမှတဆင့် ပိုင်ဆိုင်ကြောင်းပြုလုပ်ရပါမယ်။
ကျွန်တော့်အနေနဲ့ မွတ်ဆလင်မ်ဓမ္မသတ်ပညာရှင်များကို အကြံပြုလိုပါတယ်။ အပြုသဘော အကြံပြုခြင်းဖြစ်ပါတယ်။ ဓမ္မသတ်ပိုင်းဆိုင်ရာကို သေသေချာချာကိုင်တွယ်ချင်တယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့တည်ဆဲ ဥပဒေတွေကို လေ့လာလိုက်စားသိရှိနားလည်သဘောပေါက်အောင် လုပ်ထားသင့်ပါတယ်။ တည်ဆဲဥပဒေတွေကို မသိထား၊ နားမလည်ထားရင် မိမိအတွက်ပါ အန္တရာယ်ရှိလာနိုင်ပါတယ်။ ‘တည်ဆဲဥပဒေတွေကို မသိရင်လည်းရပါတယ်’ လို့ပြောသူတွေလည်းရှိပါတယ်။ ကျွန်တော်က မေးတယ်။ ‘မသိရင်ဘယ်လိုလုပ်မှာလဲ’ လို့။ သူတို့ကဘာပြန်ပြောသလဲဆိုတော့…
“ ဤဓမ္မသတ်ဖြေကြားချက်နှင့်ပတ်သက်၍ တရားရုံးတွင် သက်သေအဖြစ် လာရောက်စစ်ဆေးခံမည်မဟုတ်ကြောင်း” လို့ ရေးပေးလိုက်ပေါ့တဲ့။
ပြဿနာတစ်ခုကို ဖြေရှင်းပေးတယ်ဆိုတာက တရားမျှတမှုတစ်ခုကိုရအောင် လုပ်ပေးနေတာပါ။ ဒါလေးတွေကလည်း ကျွန်တော်တို့ထည့်သွင်း စဉ်းစားရမယ့်အပိုင်းဖြစ်ပါတယ်။ အခုကတော့ Stock တို့ Share တို့ကလာပြီပေါ့ဗျာ။ အခုရှယ်ယာပိုင်တဲ့ ပစ္စည်းတစ်ခုကို သေတမ်းစာရေးမယ်ဆိုရင် ကိုယ်ပိုင်တဲ့ရှယ်ယာအပေါ်မှာဘဲ ရေးလို့ရမယ်။ အဲဒီအချက်ကိုသတိထားရမယ်။ အဲဒီမှာ ကိုယ်အမှန်တကယ် ဘယ်လောက်ပိုင်သလဲ။ အဲဒီပိုင်ဆိုင်တဲ့အပေါ်မှာပဲ ကျွန်တော်တို့က သေတမ်းစာရေးခွင့်ရှိတယ်။ မပိုင်ဆိုင်တဲ့ ရှယ်ယာအပေါ်မှာ ရေးခွင့်မရှိဘူး။
“အင်န်ရှာအလ္လာဟ်” ကျန်အပိုင်းများကို နောက်ခွတ္တဗါဟ်တွေမှာ ဆက်လက်တင်ပြသွားပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ ဆလာမ်—–