ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ (ဝဆွီယသ် – Will) (အပိုင်း-၃) မုဖ်သီ ဦးစန်းအောင် (B.Sc)

ကုရ်အာန်ကရည်ညွှန်းသော သေတမ်းစာ (ဝဆွီယသ် – Will) (အပိုင်း-၃)

မုဖ်သီ ဦးစန်းအောင် (B.Sc)

        ဒီကနေ့ (၄-၃-၂ဝ၁၆)ရက်၊ ယောင်မွလ်ဂျူမုအဟ် သောကြာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ် ပြုရန် ကြွရောက်လာကြသော လေးစားအပ်ပါတဲ့ ဂျမာအသ်ဝင်များခင်ဗျား။

အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု—

ကျွန်တော်တို့အနေနဲ့ အခုလိုတည်ငြိမ်အေးချမ်းစွာဖြင့် အလ္လာဟ်အရှင်မြတ်ကို `အိဘာဒသ်´ပြုခွင့် ရရှိတဲ့ အပေါ်မှာ၊ အလ္လာဟ်အရှင်မြတ်ရဲ့ ဒေသနာတော်တွေကို နားဆင်ခွင့်ရရှိတဲ့အပေါ်မှာ၊ ဟောပြောတင်ပြခွင့်ရရှိတဲ့ အပေါ်မှာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တင်ပြမယ့်အပိုင်းကတော့ “ ဝဆွီယသ်- (Will – သေတမ်းစာ) အပိုင်း-၃” ကို ဆက်လက် တင်ပြသွားမှာဖြစ်ပါတယ်။ ယခင်ကျွန်တော်တင်ပြခဲ့သလို (၀ဆွီယာသ်)သေတမ်းစာပြုလုပ်တဲ့အခါမှာ ပုံစံ (၂) မျိုးရှိပါတယ်။ တစ်မျိုးက နှုတ်အားဖြင့် ပြုလုပ်ခြင်းနဲ့ ကျန်တစ်မျိုးက စာအားဖြင့်ရေးသားမှတ်တမ်းတင်ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။ သို့သော်ငြားလည်းနှုတ်အားဖြင့် မှာကြားခဲ့ခြင်းသည် ခိုင်မာအားကောင်းမှုမရှိ၊ အားနည်းချွတ်ချော်မှုများ ရှိသည်လို့ ပြောခဲ့ပါတယ်။ အငြင်းပွားစရာ အများကြီးရှိတယ်။ နောက်တစ်နည်းဖြစ်တဲ့ စာနဲ့ရေးသားမှတ်တမ်းတင်ခြင်း ကတော့ အားကောင်းတယ်။ ခိုင်မာတိကျမှုရှိတယ်။ အငြင်းပွားစရာသိပ်မရှိဘူး။ သို့သော်ငြားလည်း ဒီလိုရေးသား တဲ့အခါမှာ သတ်မှတ်ချက်တွေရှိတယ်။ ကျမ်းမြတ်ကုရ်အာန်ကို အခြေခံပြီးထုတ်ပြန်ထားတဲ့ အစ္စလာမ်ဥပဒေအရ သေတမ်းစာတစ်စောင်အဖြစ် အတည်ပြုနိုင်ရန် ပါဝင်ရမဲ့ အချက် (၄)ချက်ကို ကျွန်တော်ဆက်လက်တင်ပြနေဆဲဖြစ်ပါတယ်။

(၁)အချက်က သေတမ်းစာရှင် (Testator) ဘယ်သူက ဒီဝဆွီယသ်(သေတမ်းစာ)ကိုရေးတာလဲ။ (၂)အချက်က သေတမ်းစာအားဖြင့် ပေးသောပစ္စည်း(သို့မဟုတ်) အကျိုးခံစားခွင့်ကဘာလဲ။ ဒီအချက် နှစ်ချက်ကို ကျွန်တော်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။

 

 

              (၃) သေတမ်းစာအားဖြင့် အမွေရပိုင်ခွင့်ရှိသူ။

ဒီအပတ်မှာတော့ အပိုင်း(၃)ဖြစ်တဲ့ သေတမ်းစာအားဖြင့် မည်သူတွေ အမွေရပိုင်ခွင့်ရှိသလဲ။ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက အမွေရပိုင်ခွင့်ရှိသလဲဆိုတာကို ကျွန်တော် ဆက်လက်တင်ပြသွားပါမယ်။ ဒီနေရာမှာ အစ္စလာမ်ဥပဒေ (Islamic Law)ကို အခြေခံပြီး ပြောရမယ်ဆိုရင် မွတ်ဆလင်မ်တစ်ဦးသည် မိမိပိုင်ပစ္စည်းကိုသော်လည်းကောင်း၊ ဒါမှမဟုတ် ပစ္စည်းတစ်ရပ်၏ အကျိုးခံစားခွင့်ကို သော်လည်းကောင်း၊ (ဥပမာ အိမ်တစ်လုံးကိုသော်လည်းကောင်း၊ အကျိုးခံစားခွင့်ဖြစ်တဲ့ ထိုအိမ်၏ အိမ်လခအပါအဝင် ပြောင်းရွှေ့ ရောင်းချခြင်းမှ ရငွေတို့ကိုသော်လည်းကောင်း) ပေးပိုင်ခွင့်ရှိပါတယ်။

ကျွန်တော်တို့ မွတ်ဆလင်မ်လောကမှာရောထွေးနေတာက သေတမ်းစာနဲ့ အမွေကို ရောထွေးနေကြတယ်။ သေသေခြာခြာ ခွဲခြားနားမလည်ဘူးဖြစ်နေပါတယ်။ ပညာရှင် လောကမှာတောင် ဒီလိုခွဲခြားနားမလည်တာရှိနေပါတယ်။ အမှန်ကတော့ ဒါက ဥပဒေပိုင်းကို သီးခြားလေ့လာတဲ့ ပုဂ္ဂိုလ်များ၊ ဥပမာ မုဖ်သီအတန်းတက်ထား တဲ့ လူတွေလောက်ပဲ ဒါကိုနားလည်တယ်။ အမွေနဲ့သေတမ်းစာ ကွာခြားမှုမှာ အမွေဟာလူတိုင်းနဲ့ မဆိုင်ဘူး။ နောက်ပိုင်း အမွေနဲ့ သေတမ်းစာကွာခြားမှုတင်ပြတဲ့အခါ ဘာတွေဘယ်လိုကွာခြားသလဲဆိုတာ သိလာပါမယ်။ အမွေမှာက ပြင်ပလူတွေနဲ့ သိပ်မဆိုင်ဘူး။ သေတမ်းစာမှာက မည်သူနဲ့မဆို သက်ဆိုင်တယ်။ အဲဒါကွာခြားချက်များအနက်တစ်ချက်ပဲဖြစ်ပါတယ်။

အစ္စလာမ့်ဥပဒေအရ မွတ်ဆလင်မ်တစ်ဦးသည် မွတ်ဆလင်မ်မဟုတ်သူ တစ်ယောက်အတွက် သေတမ်းစာရေးသားနိုင်ပါတယ်။ (မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေမှာလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရားရုံးမှာ ဆုံးဖြတ်ထားချက် တွေလည်းရှိတယ်။) နောက်တစ်ချက် ဒီနေရာမှာ တဆက်တည်းသိဖို့က မွတ်ဆလင်မ်တစ်ဦးက မွတ်ဆလင်မ် မဟုတ်သူတစ်ဦးအတွက် သေတမ်းစာရေးနိုင်သလို၊ မွတ်ဆလင်မ်မဟုတ်သူတစ်ဦးက မွတ်ဆလင်မ်တစ်ဦးအတွက် သေတမ်းစာရေးပေးခဲ့မယ်ဆိုရင် အဲဒီသေတမ်းစာအရ ရရှိလာမဲ့အရာကို မွတ်ဆလင်မ်တစ်ဦးက လက်ခံပိုင်ဆိုင်ခွင့်ရှိပါတယ်။ သေတမ်းစာအရ ပစ္စည်းကိုသော်လည်းကောင်း၊ အကျိုးခံစားခွင့်ကိုသော်လည်းကောင်း၊ လက်ခံရယူပိုင်ခြင်းဟာ အစ္စလာမ့်ဥပဒေ အရအကျုံးဝင်ပါတယ်။   ဒါကြောင့် မွတ်ဆလင်မ်တစ်ဦးက မွတ်ဆလင်မ်မဟုတ်သူတစ်ဦိးအတွက် သေတမ်းစာရေးနိုင်သလို၊ မွတ်ဆလင်မ်မဟုတ်သူတစ်ဦးရဲ့ သေတမ်းစာအရ ပေးသောအကျိုးခံစားခွင့်ကို မွတ်ဆလင်မ် တစ်ဦးမှလည်း ရယူခံစားခွင့်ရှိပါသည်။ တချက်တော့ရှိပါတယ်။ မွတ်ဆလင်မ်တစ်ဦးအနေနဲ့ အစ္စလာမ့်ယုံကြည်ချက်နဲ့ ဆန့်ကျင်ဖီလာဖြစ်တဲ့ မည်သည့်လူမှုရေးအဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ၊ ဘာသာရေးအသင်းအဖွဲ့ကိုဖြစ်စေ (ဥပမာ ဝတ်ရွတ်အသင်းတစ်သင်းကိုပေးမယ်ဆိုပါစို့။) ပွင့်ပွင့်လင်းလင်းပြောရရင် အစ္စလာမ်ဥပဒေအရ ဒါမျိုးကိုပေးလို့မရပါဘူး။ သာမန်ပရဟိတလုပ်ငန်းတွေရှိမယ်။ အခြားအသင်းအဖွဲ့ဆိုင်ရာတွေရှိမယ်။ အများအကျိုး အတွက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပေးမယ်ဆိုရင် ပေးလို့ရပါတယ်။

အများပိုင်ဖြစ်တဲ့ ဆေးရုံ(ဥပမာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး) (ဟာဂျီမ ပျဉ်းမနား ဒေါ်ပုက ရန်ကုန်ပြည်သူ့ ဆေးရုံဝင်းအတွင်းမှာ ကျောက်ကပ်ဆေးရုံလှူဒါန်းခဲ့တာ သက်သေသာဓကတစ်ရပ်ပါ။) ဒါကြောင့် အများပိုင် ဆေးရုံ၊ ကျောင်း စတာတွေကို သေတမ်းအား ဖြင့် လွှဲပေးပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဘာသာရေးကို အခြေခံတဲ့ အဖွဲ့အစည်းများမဖြစ်စေရ။ ဒီလိုပေးမယ်ဆိုရင် သတိထားရမယ့် အချက်တစ်ချက်က သေတမ်းစာရှင် ကွယ်လွန်ချိန်မှာ သေတမ်းစာအားဖြင့် အမွေရရှိမည့်သူကွယ်လွန်သွားပြီးဆိုရင်တော့ အဲဒီသေတမ်းစာဟာ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆေးရုံတွေ၊ အသင်းအဖွဲ့တွေကိုပေးမယ်ဆိုရင် သေတမ်းစာရှင် ကွယ်လွန် သေဆုံးပြီးနောက် သေတမ်းစာ အသက်ဝင်လာသည့်အခါ ထိုဆေးရုံ၊ ထိုအသင်းအဖွဲ့များဆက်လက်တည်ရှိနေရန် လိုအပ်ပါတယ်။ ဆက်လက်မတည်ရှိတော့ဘူးဆိုရင် သေတမ်းစာပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။

ဥပမာ တစ်ခုအနေနဲ့ ဦးနီက မမြကို `နင်သားယောက်ျားလေးမွေးရင် သေတမ်းစာအားဖြင့် ငွေ(၁ဝ)သိန်းယူစေလို့ သေတမ်းစာရေးမယ်ဆိုပါတော့။ အကယ်၍ မမြသည် ခလေးမမွေးခဲ့ရင်သော်လည်းကောင်း၊ သမီးမိန်းကလေးပဲ မွေးခဲ့ရင်သော်လည်းကောင်း၊ အဲဒီသေတမ်းစာပျက်ပြယ်ပါတယ်။

ဒါကြောင့် အစ္စလာမ့်ပညာရှင်များက မသေချာမရေရာသော အရေးကိစ္စတစ်ရပ်အပေါ်မှာ သေတမ်းစာရေးသားခြင်းသည် ခိုင်လုံသောသေတမ်းစာတစ်ရပ်အဖြစ်အတည်ပြုရေးမှာ အခက်အခဲ အများအပြားရှိပါတယ်လို့ သတ်မှတ်ကြပါတယ်။ သေတမ်းစာတစ်ရပ် ရေးသားမည်ဆိုပါက ရေရာသေချာတဲ့ ကိစ္စတစ်ရပ်ကို ရေးသားမှသာ ခိုင်လုံသောသေတမ်းစာတစ်စောင်ဖြစ်မှာ ဖြစ်ပါတယ်။

နောက်သတိထားရမယ့်အချက်က လူတစ်ဦးသည် သေတမ်းစာတစ်စောင်ရေးပြီးနောက်၊ ထပ်မံ၍ ဒုတိယအကြိမ် သေတမ်းစာတစ်စောင်ထပ်ရေးပါက ပထမရေးခဲ့သော သေတမ်းစာသည် အလိုအလျောက် ပျက်ပြယ် ပြီး ဖြစ်ပါတယ်။ ပထမရေးခဲ့တာကို ဖျက်သိမ်းလိုက်ပါကြောင်းကြေညာရန် မလိုအပ်ပါ။ ဥပမာ သေတမ်းစာရှင်ကွယ်လွန် သေဆုံးပြီးနောက် သေတမ်းစာနှစ်စောင် ပေါ်ပေါက်နေပါက ရက်စွဲအရ နောက်ဆုံးရေးခဲ့သော သေတမ်းစာသည်သာ အကျုံးဝင်မည်ဖြစ်ပြီး၊ ပထမသေတမ်းစာသည် အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ပါတယ်။ ဒါကြောင့် သေတမ်းစာရှင်တစ်ယောက်သည် မသေမချင်း သေတမ်းစာကို အကြိမ်ကြိမ်ကြိုက်သလို ရေးနိုင်တယ်။ သို့သော် နောက်ဆုံးရက်စွဲဖြင့် ရေးသားသော သေတမ်းစာတစ်စောင်သာလျှင် အတည်ဖြစ်ပါလိမ့်မယ်။

 

(၄) သေတမ်းစာအတည်ပြုသူ။ (Executor)

ဒီအပိုင်းကတော့ သေတမ်းစာတစ်စောင်မှာ သေတမ်းစာအတည်ပြုသူကို ဘယ်လိုအခန်းကဏ္ဍကထည့်သွင်းနေရာပေးရမလဲ ဆိုတဲ့အပိုင်းပါ။ သေတမ်းစာအတည်ပြုသူကို အရပ်စကားနဲ့ပြောရင် သက်သေပေါ့။ အစ္စလာမ်မှာက ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂)၊ အာယသ်တော်(၂၈၂) မှာ စာချုပ်စာတမ်းကို ဘယ်လိုရေးရမယ်၊ ဘယ်လိုသက်သေတွေ ထားရမယ်ဆိုတာကို ပြဌာန်းထားပြီးဖြစ်တဲ့အတွက်ကြောင့် ဤသေတမ်းစာသည်လည်းပဲ စာချုပ်စာတမ်းကဲ့သို့ အကျုံးဝင်တဲ့အတွက်ကြောင့် သက်သေရှိရလိမ့်မယ်။ အဲဒီသက်သေပြုသူကို ကျွန်တော်တို့က ဥပဒေအကြောင်းအရ ‘သေတမ်းစာအတည်ပြုသူ(Executor)’ လို့သတ်မှတ်ထားပါတယ်။ သက်သေမပါသော သေတမ်းစာတစ်စောင်သည် သေတမ်းစာမြောက်ရန် ခိုင်လုံမှုမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်က ဘာပြောထားသလဲ။ ကျမ်းမြတ်ကုရ်အာန်  (၅း ၁ဝ၆) မှာ…

`အို – အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့အကြားဝယ် တစ်ဦးတစ်ယောက်ထံ သေခြင်းတရား ရောက်ရှိတော့မည်ဖြစ်၍ ဝဆွီယာသ်မှာတမ်းတစ်ရပ်ဆောင်ရွက်မည်ဆိုပါက သင်တို့ယုံကြည်သူများအနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးကို သေတမ်းစာအတည်ပြုသူ သက်သေအဖြစ် ထားရှိကြရပေမည်။ အကယ်၍ အသင်တို့သည် ခရီးလမ်းခုလပ်၌ ယင်းသို့သော အရေးကိစ္စကြုံလာမှုအပေါ် လိုအပ်ချက်တစ်ရပ်အနေဖြင့် အခြားဘာသာဝင်နှစ်ဦးကို သေတမ်းစာအတည်ပြုသူအဖြစ်လည်း ထားရှိနိုင်သည်။´   (ကုရ်အာန် – ၅း ၁ဝ၆)

ဆိုလိုရင်းကတော့ သေတမ်းစာရေးမယ်ဆိုရင် မွတ်ဆလင်မ်တွေထဲက သက်သေ(၂)ယောက်ထားရှိရမယ်။ သက်သေအဖြစ်ထားရှိရန် မွတ်ဆလင်မ်မရှိခဲ့လျှင်သော်လည်းကောင်း၊ သို့မဟုတ် မွတ်ဆလင်မ်ဖြစ်လင့်ကစား ယုံကြည်ထိုက်သူမဟုတ်ခဲ့လျှင်၊ ကိုယ်ရည်ကိုယ်သွေးပျက်ပြားသူတွေဖြစ်နေခဲ့လျှင် အခြားဘာသာ(ဗုဒ္ဓ၊ ခရစ်ယာန်၊ ဂျူး) စသည်မှ ယုံကြည်ထိုက်သူနှစ်ဦးကိုထားရှိရမယ် လို့ဆိုလိုခြင်းဖြစ်ပါတယ်။ သေတမ်းစာရှင်ကွယ်လွန်သွားသည် နှင့်တပြိုင်နက် သေတမ်းစာအားဖြင့် မှာကြားခဲ့သော ပစ္စည်း၊ အကျိုးခံစားခွင့်အရပ်ရပ်ဟာ ယင်းသေတမ်းစာမှာဖော်ပြခန့်အပ်ထားခဲ့တဲ့ သေတမ်းစာအတည်ပြုသူ (Executor)၏ စီမံခန့်ခွဲမှုအောက်ကိုရောက်ရှိသွားရပါလိမ့်မယ်။ အဲဒီအခါမှာ မိသားစုကသော်လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ ယင်းသေတမ်း စာပါပစ္စည်း၊ အကျိုးခံစားခွင့်နှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိတော့ပါဘူး။ ဒါကြောင့်သေတမ်းစာအတည်ပြုသူ သက်သေကလည်း သေတမ်းစာပါအချက်အလက်များနှင့်အညီ သေတမ်းစာအားဖြင့် အမွေရသူတွေကို တိတိကျကျမှန်မှန်ကန်ကန် လွှဲပြောင်းပေးသွားရမည်ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ ခိုင်လုံတဲ့သေတမ်းစာတစ်စောင်ဖြစ်ရန် အထက်ပါ အချက်(၄)ချက်နှင့်ပြည့်စုံရန်လိုအပ်ကြောင်းကို တင်ပြလိုက်ရပါတယ်။ ဆက်လက်ပြီး တင်ပြမှာက သေတမ်းစာတစ်စောင်ကို သေတမ်းစာရှင် ကွယ်လွန်သေဆုံးပြီးနောက် ပြောင်းလဲ၊ ပြင်ဆင်ခွင့် ပြုလုပ်နိုင်ပါသလားဆိုတာကို တင်ပြပါမယ်။

 

သေတမ်းစာကို ပြင်ဆင်ခွင့်ရှိပါသလား။

ရေးသားမှာကြားခဲ့ပြီးသော သေတမ်းစာတစ်ရပ်ကို ပြောင်းလဲခွင့်၊ ပြင်ဆင်ခွင့်နှင့်ပတ်သက်ပြီး အပိုင်း(၂)ပိုင်းခွဲပြီး သုံးသပ်ပြရမှာဖြစ်ပါတယ်။ ဒါကတော့ သေတမ်းစာရှင်အပိုင်းနှင့် သေတမ်းစာအတည်ပြုသူအပိုင်းပါ။

သေတမ်းစာရှင်အပိုင်းကကြည့်မယ်ဆိုလျှင် သေတမ်းစာဆိုသည်မှာ သေတမ်းစာရှင်ကွယ်လွန်သေဆုံးမှ သာလျှင်အတည်ဖြစ်တဲ့အတွက် သေတမ်းစာရှင် မကွယ်လွန်ခင်အချိန်မှာ အတည်မဖြစ်သေးသည့်အပေါ် သေတမ်းစာရှင်က မိမိသေတမ်းစာကို ပြောင်းလဲပြင်ဆင်ခွင့်ရှိပါတယ်။ ဖျက်သိမ်းခွင့်ရှိပါတယ်။ မသေသေးခင်အချိန် အတွင်း ကြိုက်သလိုပြောင်းလဲပြင်ဆင်ခွင့်၊ ဖျက်သိမ်းခွင့်ရှိပါတယ်။ ဥပမာ ဦးနီသည် မောင်ဖြူအတွက် သေတမ်း စာတစ်စောင်ရေးလိုက်တယ်။ ဒါပေမဲ့ မောင်ဖြူသည် ဦးနီသဘောမကျတဲ့ ကိစ္စတစ်ရပ်ရပ်ကိုလုပ်မယ်၊ ဒါမှမဟုတ် သေတမ်းစာရှင်ဦးနီအပေါ် စော်ကား၊ အကောက်ကြံ၊ ရိုင်းစိုင်းသည့်အပြုအမူများ ပြုလုပ်တဲ့အတွက် ဦးနီအနေဖြင့် မောင်ဖြူနှင့်ပတ်သက်ပြီး ရေးသားထားသော သေတမ်းစာကို ပြောင်းလဲပြင်ဆင်မယ်၊  သို့မဟုတ် အပြီးအပိုင် ဖျက်သိမ်းမယ်ဆိုရင် ပြုလုပ်ခွင့်ရှိပါတယ်။ ဒါကသေတမ်းစာရှင်အပိုင်းကပါ။

သေတမ်းစာအတည်ပြုသူအပိုင်းမှကြည့်လျှင် တရားမျှတမှုရှိတဲ့ သေတမ်းစာတစ်စောင်ကို ပြောင်းလဲ၊ ပြင်ဆင်၊ ဖျက်သိမ်းခွင့်မရှိကြောင်း ကျမ်းမြတ်ကုရ်အာန် (၂း ၁၈၁)တွင် အောက်ပါအတိုင်း ပြဌာန်းထားပါတယ်။

`အကြင်သူတို့သည် မှာကြားချက်(သေတမ်းစာ)တစ်ရပ်ကို ကြားနာပြီးနောက် ယင်းမှာကြားချက် (သေတမ်းစာ)အား ပြောင်းလဲခဲ့ပါမူ ယင်းကဲ့သို့ပြောင်းလဲ အစားထိုးမှုကြောင့် ယင်းသူတို့သည် ကိုယ်ရည်ကိုယ် သွေးပျက်ပြယ်သူ ဒုစရိုက်သမားများသာဖြစ်လေသည်။´  (ကုရ်အာန် – ၂း၁၈၁)

သေတမ်းစာရှင် ကွယ်လွန်သေဆုံးပြီးနောက် တရားမျှတသော သေတမ်းစာတစ်စောင် ဖြစ်ပါလျက်နှင့် မည်သူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ ပြောင်းလဲပြင်ဆင်ခြင်းကို အစ္စလာမ်တရားတော်က လက်မခံပါကြောင်း ကျမ်းမြတ်ကုရ်အာန် (၂း၁၈၁)အရ သိသာထင်ရှားတဲ့ အထောက်အထားတစ်ရပ်ဖြစ်ပါတယ်။

ဒါပေမဲ့ သေတမ်းစာတစ်စောင်ကို ပြောင်းလဲ၍မရပါဆိုပေမဲ့ သေတမ်းစာရေးသားခဲ့သူသည် လူသားတစ်ဦးဖြစ်တဲ့အတွက်၊ မေ့မှားမှုတစ်စုံတစ်ရာရှိနိုင်သလို ဘက်လိုက်ရေးသားမှုများလည်းရှိနိုင်ပါတယ်။ နောက်တစ်ချက်သတိထားရမှာက သေတမ်းစာတစ်ရပ်သည် ကုရ်အာန်ကျမ်းမြတ်လို ကောင်းကင်ကျမှာတမ်းတစ်ရပ်တော့ မဟုတ်ပါဘူး။ လူသားကရေးတာပါ။ အားနည်ချက်ရှိနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော်ကျမ်းမြတ်ကုရ်အာန်ရဲ့ သဘောသဘာဝကို လှစ်ဟပြလိုပါတယ်။ ကျမ်းမြတ်ကုရ်အာန်ဟာ အစကိုလည်းပြပြီး အဆုံးကိုလည်းပြတယ်။ အဲဒီအစနှင့်အဆုံးကြားကို လူသားတွေ စဉ်းစားဆင်ခြင်နိုင်ဖို့ လမ်းညွှန်ပြထားပေးပါတယ်။ ဒါကြောင့်သေတမ်းစာကို ဘယ်လိုအခြေအနေမျိုးမှာ ပြောင်းလဲခွင့်၊ ပြင်ဆင်ခွင့်ရှိသနည်းဆိုတာကို လေ့လာရပါလိမ့်မယ်။

ကျမ်းမြတ်ကုရ်အာန် (၂း ၁၈၁) အရ သေတမ်းစာကို ပြောင်းလဲပြင်ဆင်ခွင့်မရှိဘူးဆိုတာ အထက်မှာတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြင်ဆင်ပြောင်းလဲခွင့်မရှိတဲ့ သေတမ်းစာမျိုးဆိုတာက မူလသေတမ်းစာရှင်အနေနဲ့ တရားမျှတမှုရှိတဲ့၊ ဘက်လိုက်မှုကင်းတဲ့ သေတမ်းစာမျိုးကိုရေးသားခဲ့ဖို့လိုပါတယ်။ အထူးသဖြင့် သေတမ်းစာကိုအတည်ပြုပေးသူတွေအနေနဲ့လည်း တရားမျှတမှုရှိတဲ့ သေတမ်းစာမျိုးဖြစ်ဖို့ သေတမ်းစာရှင်ကို နားချပြောဆိုပေးရပါလိမ့်မယ်။ ဥပမာ-သားသမီးတွေရှိပါလျက်နဲ့ စိတ်ဆိုးစရာ၊ ဒေါသထွက်စရာအကြောင်းတစ်ခုကြောင့် သားသမီးတွေကို လုံးဝမပေးပဲ ဗလီတစ်လုံးကို ကျန်ခဲ့တဲ့ပိုင်ဆိုင်မှုအားလုံးပေးလိုက်မယ် ဆိုတဲ့သေတမ်းစာမျိုးကတော့ အစ္စလာမ်တရားတော်အရ တရားမျှတတဲ့ သေတမ်းစာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အစ္စလာမ်မှာက ဒေါသကိုအကြောင်းပြုပြီး မွေးခဲ့တဲ့သားသမီးတစ်ယောက်ကို အမွေပြတ်သဘောမျိုး ဖယ်ထုတ်ခွင့်မရှိပါဘူး။ ဒီလိုတရားမျှတမှုမရှိတဲ့၊ ဘက်လိုက်မှုတွေရှိနေတဲ့ သေတမ်းစာတစ်စောင်ကို ဘယ်လိုပြုပြင်၊ ပြင်ဆင်ခွင့်ရှိတာနဲ့ပတ်သက်ပြီး ကုရ်အာန် (၂း ၁၈၂) မှာ ဒီလိုပြဌာန်းထားပါတယ်။

`သို့ဖြစ်ရာ သေတမ်းစာရှင်၏ တစ်စုံတစ်ရာသော မေ့မှားချွတ်ချော်မှုကြောင့်၊ (သို့မဟုတ်) မဖြစ်သင့် မဖြစ်ထိုက်သည်ကို ရည်ရွယ်ချက်တစ်ရပ်ဖြင့် မှားယွင်းစွာ ဆောင်ရွက်ခဲ့မှုကြောင့်၊ သေတမ်းစာတစ်စောင်သည် စိုးရိမ်သောက ဖြစ်ဖွယ်ရာ အခြေအနေတစ်ရပ်ဆီသို့ ရောက်ရှိလာပြီဆိုပါက သေတမ်းစာအတည်ပြုသူ အနေဖြင့် အမွေဆိုင်တို့အကြား စေ့စပ်ညှိနှိုင်းသင့်မြတ်စေခဲ့ပါမူ ယင်းသို့ဆောင်ရွက်ခြင်းမှာ အပြစ်ဆိုဖွယ်ရာ မရှိပြီ။´ (ကုရ်အာန် – ၂း ၁၈၂)

ဒါကြောင့် သေတမ်းစာတစ်စောင်မှာ သက်သေအဖြစ် (သေတမ်းစာအတည်ပြုသူ) ပါဝင်မဲ့ပုဂ္ဂိုလ် များသည် မိမိအတည်ပြုမဲ့ သေတမ်းစာတစ်စောင်သည် တရားမျှတမှု ရှိ၊ မရှိ။ ဘက်လိုက်မှု ရှိ၊ မရှိ သိရှိလေ့လာရန် လိုအပ်ပါတယ်။ တရားမျှတမှုမရှိပဲ ဘက်လိုက်မှုရှိတဲ့ သေတမ်းစာဖြစ်နေပါက အတည်ပြုသူအဖြစ် မဆောင်ရွက် ပေးနိုင်ကြောင်း ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ သေတမ်းစာရှင် ကွယ်လွန်ပြီးနောက် သေတမ်းစာရှင်ရေးခဲ့သော သေတမ်းစာတစ်စောင်သည် အတည်ဖြစ်ခဲ့သော်လည်း မမျှတမှု၊ ဘက်လိုက်မှု၊ မေ့မှားချွတ်ချော်မှုတို့ကြောင့် မိသားစုဝင်များအကြား ပြဿနာပေါ်ပေါက်လာပါက သေတမ်းစာအတည်ပြုသူနှင့် သက်ဆိုင်ရာ အမွေဆိုင် တို့အကြား စေ့စပ်ညှိနှိုင်းပြီး သေတမ်းစာပါ အချက်အလက်များ ပြောင်းလဲပြင်ဆင်ခွင့်ကို ကုရ်အာန် (၂း ၁၈၂) က ခွင့်ပြုထားပါတယ်။

ဥပမာ အထက်မှာတင်ပြခဲ့သလို သေတမ်းစာရှင်တစ်ဦးဟာ မိမိ၏သားသမီးများကို စိတ်ဆိုးမကျေနပ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ဆိုင်သမျှအားလုံး ဗလီတစ်လုံးကို လွှဲပြောင်းပေးဖို့ သေတမ်းစာရေးသားခဲ့ခြင်းမျိုး၊ သားများကိုစိတ်ဆိုးပြီး သမီးတွေကိုပဲလွှဲပြောင်းပေးဖို့ သေတမ်းစာရေးသားခဲ့ခြင်းမျိုး၊ အမှန်တကယ်ခံစားခွင့် ရှိသော်လည်း မေ့လျော့ကျန်ခဲ့တာမျိုး၊ ပေးရန်ရှိတဲ့ အကြွေးများကို လျစ်လျူရှုပြီးမပေးပဲသေတမ်းစာရေးခဲ့တာမျိုး၊ ဒီလိုရေးသားခဲ့တဲ့ သေတမ်းစာတစ်စောင်ဟာ တရားမျှတမှုရှိတဲ့ သေတမ်းစာတစ်စောင်အဖြစ် သတ်မှတ်ဖို့မဖြစ်နိုင်ပါဘူး။

သေတမ်းစာရေးသားမှာကြားခြင်းနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာတော့ ပညာရှင်အများစုရဲ့ သဘောတူညီချက်အရ –

“သေတမ်းစာတစ်စောင်ရေးသား မည်ဆိုပါက ရေးသားသူပိုင်ဆိုင်မှု၏ ၃ ပုံ ၁ ပုံထက်ပို၍ မရေးရ”

ဆိုပြီး ပညတ်ချက်တစ်ရပ်ကို ဆုံးဖြတ်သတ်မှတ်လိုက်ကြပါတယ်။ လက်ရှိတည်ဆဲ အစ္စလာမ်ဥပဒေအရ ဥပမာ လူတစ်ဦးဟာ  ပိုင်ဆိုင်မှု ကျပ်သိန်း (၃ဝ) ရှိတဲ့အပေါ်မှာ ကျပ်သိန်း (၃ဝ) စလုံးကို သေတမ်းစာရေးသားခဲ့သော်လည်း ပညာရှင်များရဲ့ (အီဂ်ျမာ)သဘောတူဆုံးဖြတ်ချက်အရ သေတမ်းစာအပေါ်မှာ သုံးပုံတစ်ပုံဖြစ်တဲ့ ကျပ်(၁ဝ) သိန်းပဲအကျုံးဝင်မှာဖြစ်ပြီး ကျန်သိန်း (၂ဝ)ဟာ သက်ဆိုင်ရာအမွေပုံထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

သို့သော်လည်း ဒီလိုသတ်မှတ်ချက်နှင့် ပတ်သက်ပြီးတော့ စောဒကတက်ဖွယ်ရာ အချက်တစ်ရပ်က ရှိနေပြန်တယ်။ ဥပမာ လူတစ်ယောက်မှာ သားတစ်ယောက်နှင့် သမီးတစ်ယောက်သည်ရှိတယ်ဆိုပါစို့။ အဲဒီပုဂ္ဂိုလ်က မိမိကွယ်လွန်လျှင် မိမိပိုင်ပစ္စည်းအရပ်ရပ်ကို သားဖြစ်သူအား ၆ဝ%ပေးပြီး သမီးဖြစ်သူအား ၄ဝ% ပေးဖို့သေတမ်းစာရေးသားခဲ့လေမယ်။ ဒီသေတမ်းစာအပေါ် သားနှင့်သမီးတို့ကလည်း သဘောတူလက်ခံကြမယ်။ ဒါမျိုးဆိုရင် `ယင်းကဲ့သို့သော သေတမ်းစာမျိုးကို သုံးပုံတစ်ပုံထက် ပိုမရေးဟူသော ကန့်သတ်ချက်ဖြင့် ထိန်းချုပ် မည်ဆိုပါက တရားမျှတမှုရှိပါ၏လော။´ဆိုတဲ့ မေးခွန်းဟာ အရေးတယူ စဉ်းစားရမဲ့ မေးခွန်းတစ်ရပ်ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် တရားမျှတမှုရှိနေတဲ့၊ အမွေဆိုင်များအကြားမှာ အားလုံးကျေနပ်လက်ခံမှုရှိတဲ့၊ အငြင်းပွားစရာမရှိတဲ့ သေတမ်းစာမျိုးကို ‘ သုံးပုံတစ်ပုံထက်ပိုပြီးသေတမ်းစာမရေးရ’ ဆိုတဲ့ကန့်သတ်ချက်နဲ့ မထိန်းချုပ်သင့်ပါဘူး။ တစ်နည်းအားဖြင့် ဒိလိုသေတမ်းစာမျိုးကို ကုရ်အာန်(၂း ၁၈ဝ)အရ ‘ပြောင်းလဲပြင်ဆင်ခွင့်မရှိသော သေတမ်းစာ’ အမျိုးအစားအဖြစ် သတ်မှတ်သင့်ပါတယ်။ ဒါပေမဲ့ တရားမျှတမှုမရှိတဲ့၊ ဘက်လိုက်မှုဖြစ်နေတဲ့၊ ချွတ်ချော်အားနည်းနေတဲ့ တစ်နည်းအားဖြင့် အမွေဆိုင်များအကြား အငြင်းပွားဖွယ်ရာဖြစ်တဲ့၊ အငြင်းပွားခွင့်ရှိတဲ့သေတမ်းစာမျိုးကိုတော့ ‘ ပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံထက်ပိုပြီး သေတမ်းစာမရေးရ’ ဆိုတဲ့ မူဘောင်နဲ့ ကန့်သတ်သင့်ပါတယ်။ ဒီလိုကန့်သတ်ပြီး သက်ဆိုင်ရာအမွေဆိုင်တွေအကြားမှာ ညှိုနှိုင်းသဘောတူညီချက်နဲ့ ဆောင်ရွက်သင့်ပါတယ်။

အခုနောက်ဆုံး မည်သို့သော အခြေအနေမျိုး၌ သေတမ်းစာ ပျက်ပြယ်သနည်းဆိုတာ တင်ပြပါမယ်။ သေတမ်းစာပျက်ပြယ်ရခြင်းအခြေအနေတွေကတော့…

၁/သေတမ်းစာ၏ရည်ရွယ်ချက်သည် အစ္စလာမ်ယုံကြည်ချက်နှင့် ဆန့်ကျင်ခြင်း။

မွတ်ဆလင်မ်တစ်ဦးဟာ မိမိကွယ်လွန်သည့်အခါ မိမိပိုင်ပစ္စည်းများကို ထုခွဲရောင်းချပြီး ဘာသာခြားဘုရား ကျောင်းတစ်ဆောင်ဆောက်ဖို့ သေတမ်းစာရေးသားခဲ့လျှင် ယင်းသေတမ်းစာပျက်ပြယ်ပါတယ်။

၂/ မရေရာ၊ မသေချာသော အနာဂါတ်ဖြစ်စဉ်တစ်ရပ်အပေါ် သေတမ်းစာရေးခြင်း။

ဦးဖြူဆိုသူက မိမိကွယ်လွန်သောအခါ မိမိ၏သမီး သားယောက်ျားလေးမွေးမှသာ ယင်းကလေးအတွက် မိမိပိုင် ပစ္စည်းများအနက်မှ ခွဲပေးရမည်ဟု သေတမ်းစာရေးခဲ့လျှင် ဦးဖြူကွယ်လွန်ချိန်မှာ သမီးဖြစ်သူက သားယောကျာ်းလေးမမွေးခဲ့လျှင် ယင်းသေတမ်းစာပျက်ပြယ်ပါတယ်။

၃/ သေတမ်းစာရှင်ထက် သေတမ်းစာအားဖြင့် အမွေရသူက စော၍ကွယ်လွန်ခြင်း။

ဦးဖြူက မောင်နီအတွက် သေတမ်းစာရေးသားခဲ့တယ်ဆိုပါစို့။ မောင်နီက ဦးဖြူထက်အရင်သေဆုံးခဲ့လျှင် ယင်းသေတမ်းစာ ပျက်ပြယ်ပါတယ်။ သေတမ်းစာအရ  မောင်နီရဲ့ရပိုင်ခွင့်ကို မောင်နီရဲ့မယား၊ သားသမီးများကဆက်ခံ ရယူပိုင်ခွင့်မရှိပါဘူး။

၎/ သေတမ်းစာ (၂) စောင်ဖြစ်နေသောကြောင့် ပထမရေးခဲ့သော သေတမ်းစာပျက်ပြယ်ခြင်း။

သေတမ်းစာရှင် ကွယ်လွန်ပြီးသေတမ်းစာအတည်ဖြစ်သော အချိန်၌ သေတမ်းစာတစ်စောင်၊ နှစ်စောင် သို့မဟုတ် မည်၍မည်မျှရှိသည်ဖြစ်ပါစေ။ နောက်ဆုံးရေးခဲ့သော သေတမ်းစာသာလျှင် အတည်ဖြစ်ပြီး ကျန်အားလုံး ပျက်ပြယ်ပါတယ်။

ကျွန်တော်တို့ဟာ အစ္စလာမ်တရားတော်နှင့် ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်ရဲ့အနှစ်သာရတွေကို အများပြည်သူကို ချပြတဲ့အခါမှာ ‘သောင်ဝ်ဟီးဒ်’ ဆိုတဲ့ သဘောကိုချပြပါတယ်။ မြန်မာလိုဆိုရင်တော့ ‘ပရမတ်တရား’ ပေါ့။ အခုကျွန်တော်တင်ပြသွားတဲ့အပိုင်းတွေကတော့ ‘ပညတ်’ ပိုင်းတွေဖြစ်ပါတယ်။ အဲဒီလို ပညတ်အပိုင်းတွေကိုလည်း တင်ပြသွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ပရမတ်ကိုလည်းသိရမယ်။ ပညတ်ကိုလည်းသိရမယ်။ ကျွန်တော် “ဝဆွီယာသ်” ခေါင်းစဉ်ကို စပြီးဟောကြားတင်ပြစဉ်ကတည်းက အစ္စလာမ်မှာ “ပရမတ်နဲ့ပညတ်” ဟာမျှတစွာ ကုရ်အာန်ထဲမှာရှိနေတယ်လို့ပြောခဲ့ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်သည် ပရမတ်နဲ့ပညတ်ကို မျှတစွာချပေးထားသော အလ္လာဟ် အရှင်မြတ်ရဲ့ ‘ ဝဟီ’ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ မွတ်ဆလင်မ်တွေသိမယ်ဆိုရင်ဖြင့် ကျမ်းမြတ်ကုရ်အာန် အပေါ် ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးနဲ့ ပိုပြီးယုံကြည်လာပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ဖြင့် ကုရ်အာန်က ပြည့်စုံရဲ့လား၊ လိုအပ်ချက်တွေရှိနေသလား၊ ဆိုတဲ့မေးခွန်းတွေနဲ့ပဲ တိုင်ပတ်နေပါလိမ့်မယ်။

နိဂုံးချုပ်တင်ပြလိုတာက အလ္လာဟ်အရှင်မြတ်သည် သက်ရှိများဖန်ဆင်းသည့်အထဲတွင် စီရင်ဖြစ်ထွန်းစေ သည့် အပိုင်းမှာ ဤကမ္ဘာဂြိုဟ်မှာ လူဆိုသည်ကို အမြင့်မားဆုံး ဖန်ဆင်းထားပါတယ်။ အဲဒီလူကို ထည့်ပေးလိုက် တဲ့ ဦးနှောက်ဟာ သိပ်တန်ဖိုးရှိပါတယ်။ အဲဒီဦးနှောက်ဘယ်နေရာမှာရှိလဲ။ လူရဲ့အမြင့်မားဆုံးအပိုင်းဖြစ်တဲ့ ဦးခေါင်းမှာရှိပါတယ်။ လူတွေ တွေးခေါ်၊ မြော်မြင်၊ စဉ်းစား၊ ဝေဖန်ပိုင်းခြား၊ သုံးသပ်ဆင်ခြင်ဖို့နဲ့ ဦးနှောက်ကထွက်လာတဲ့စဉ်စားချက်တွေကို နှလုံးသားနဲ့ချင့်ချိန်ပြိး လူတွေပြန်လည်အသုံးပြုနိုင်အောင် စီမံထားခြင်းဖြစ်တယ်။ ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေမှ မဟုတ်ဘဲ။ တစ်ချို့အပိုင်းမှာ လူတွေကို ‘အိခ်လာဆွ်းနိယာသ်’ နဲ့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါကို ကျွန်တော်တို့ မေ့နေကြပါတယ်။

လူတွေက အစစအရာရာ အဆင်သင့် အလ္လာဟ်ကဇွန်းနဲ့ခပ်ပြီး ကျွေးတာမျိုးကို လိုချင်တပ်မက်ကြတယ်။ ဘာမှမလုပ်ပဲ၊ မစဉ်းစားပဲ ပါးစပ်ဟထားချင်ကြတယ်။ ကျမ်းမြတ်ကုရ်အာန်အရ အစ္စလာမ်မှာ ဘယ်အရာကိုမှ လှေနံဒါးထစ် မသတ်မှတ်ထားဘူး။ လူတွေ သူ့ခေတ် သူ့အခါ နေရာဒေသ ခေတ်၊ အချိန်ကာလတွေ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့စဉ်းစားတွေးခေါ် ဆုံးဖြတ်ပိုင်ခွင့်ကို အတိုင်းအတာတစ်ရပ်အထိ အလ္လာဟ်ကပေးထားတယ်။ အဲဒီအတိုင်းအတာဟာ ကုရ်အာန်ကပြထားတဲ့ ပညတ်ကို မကျော်ရင်ရတယ်။ ဘယ်အရာကိုမှ ပုံတူကားချပ်ကူးချလို့ မရပါဘူး။

လူတွေက ပုံသေကားချပ်ကူးချချင်ကြတဲ့အတွက် ဒီကနေ့ အစ္စလာမ်ဥပဒေတွေဟာ ပြဿနာအများကြီး ဖြစ်နေသလို လူတွေဘက်ကလည်း လိုအပ်မှုတွေရှိနေတယ်လို့ ထင်နေကြတယ်။ စဉ်းစားဖို့နဲ့ လုပ်ပိုင်ခွင့် ပေးထား တဲ့ ဘောင်ထဲကလုပ်ခြင်းဟာ ပြည့်စုံခြင်းဖြစ်ပါတယ်။ ကုရ်အာန်ရဲ့ပြည့်စုံခြင်းဆိုတာက လူတွေကို လုပ်ပိုင်ခွင့်တွေ ပေးထားခြင်းဖြစ်တယ်လို့ အနက်သဘောကောက်ယူရမှာဖြစ်ကြောင်း ပြောကြားရင်းနဲ့နိဂုံးချုပ်အပ်ပါတယ်။

ဆလာမ်း….