ကုရ်အာန်က ရည်ညွှန်းသော အနာဂတ်စီမံကိန်း(Future Plan)ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

ကုရ်အာန်က ရည်ညွှန်းသော အနာဂတ်စီမံကိန်း(Future Plan)

ယခုအပါတ်မှာတော့ “ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော မွတ်စလင်မ်တို့၏ အနာဂတ်မျှော်လင့်ချက်” “Future Plan” ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြ ဆွေးနွေးသွားပါမယ်။ မကြာသေးခင်က မုဖ်သီဆရာဦးစန်းအောင်က အနာဂတ်ပျောက်ဆုံး နေသော လူ့အဖွဲ့အစည်းဆိုတဲ့ခေါင်းစဉ်နဲ့ သူတင်ပြသွားတဲ့အခါမှာ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့ Muslim Community အတွက် ရင်လေးမိတယ်။ ဆရာကတော့ Muslim Community တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး။ အနာဂတ်ပျောက်ဆုံးနေသော လူမှုအဖွဲ့အစည်းတစ်ခုအကြောင်း တင်ပြတာ တော်တော်လေးကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့မွတ်စလင်မ်တွေရဲ့ အနာဂတ်ကို ဘယ်လိုပြင်ဆင်ရင် ကောင်းမလဲလို့ စဉ်းစားမိပါတယ်။ ပြီးခဲ့တဲ့အပါတ်က ယောမင်းကြီးဇရပ် စကားဝိုင်းဆိုတာကို ကျွန်တော်သွားနားထောင်ခဲ့ပါတယ်။ အဲ့ဒီမှာလည်းဘဲ “အနာဂတ်အတွက် မြန်မာနိုင်ငံ အဆင်သင့်ဖြစ်ပြီလား” တဲ့။ ဆွေးနွေးတဲ့ခေါင်းစဉ်။ အဲ့ဒီလို တိုက်ဆိုက်မှုတွေနဲ့အတူ ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ အနာဂတ် ဘာလဲ။ ဘယ်လဲ။

ဘာသာရေးစကားလုံးနဲ့ပြောရင် ကျွန်တော်တို့ မွတ်စလင်မ်တွေအားလုံးက အာခိရသ်(အနာဂတ်ကာလ)ကို ယုံကြည် ပါတယ်လို့ သစ္စာဆိုထားကြတာလေ။ ဒါပေမယ့်မွတ်စလင်မ်တွေမှာ အာခိရသ်ကိုယုံကြည်တယ်ဆိုတာကို အသေစွဲကိုင်ထား တာတစ်ခုက အာခိရသ်ဆိုတာ သေပြီးတဲ့နောက်ပိုင်း၊ ကေယာမသ်ရဲ့ နောက်ပိုင်းပြန်လည်ရှင်ပြန်ထပြီးမှ ရလာမယ့် ဂျန္နသ်နဲ့ ဂျဟန္နမ် ဆိုတဲ့ အာခိရသ်ကိုဘဲ ယုံတာ။ ကျွန်တော်တို့ရဲ့ နောင်လာမယ့် နှစ်(၅၀) မြန်မာနိုင်ငံမှာ Muslim Community ဘယ်လိုများ ရပ်တည်နေနိုင်မလဲဆိုတာကို ကျွန်တော်တို့ မစဉ်းစားဘူး။ ကျွန်တော်တို့မှာ Plan မရှိဘူး။ Future Plan မရှိဘူး။ သိပ္ပံပညာရှင်တွေက နောင်အနှစ် (၃၀၀) နေရင် ကမ္ဘာကြီး ဒုက္ခရောက် တော့မယ်။ အပူလှိုင်းတွေက ဖြတ်နေပြီ။ ရေခဲတောင်တွေက ပျော်နေပြီ။ ဖန်လုံအိမ် အာနိသင်တွေက ဘယ်လိုထကြွနေပြီ။ လူဦးရေ ပေါက်ကွဲမှုက အဆမတန်များလာပြီ။ လူတွေက နေစရာတွေက ကျုံ့လာပြီး။ လူတစ်ဦးနေစရာ (၃)ပေဘဲ ရှိတော့မယ်။ နောင်နှစ်ပေါင်း (၃၀၀)နေမှ ဖြစ်လာမယ့်ကိစ္စကို သူတို့သောကရောက်နေတယ်။ နောင်အနှစ် (၃၀၀)နေရင် ဒီကမ္ဘာပေါ်မှာ လူသားတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့အရေး သူတို့က သောကရောက်နေကြတယ်။ မွတ်စလင်မ်တွေဖြစ်တဲ့ကျွန်တော်တို့က နောင်နှစ်ပေါင်း (၃၀၀)အသာထား၊ ကျွန်တော်တို့ သားသမီး၊ မြေး၊ မြစ် မျိုးဆက် ၃ ဆက် အတွက်တောင် မစဉ်းစားဘူး။

အားလုံး အလ္လာဟ်လုပ်လိမ့်မယ်။ အလ္လာဟ်စီမံထားပြီးသား။ အလ္လာဟ်ကြည့်ပြီး စီစဉ်လိုက်လိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ မွတ်စလင်မ်ဆိုသူတွေနဲ့ နောင်နှစ်ပေါင်း (၃၀၀) လောက်မှာ ဖြစ်လာမှာကို စိုးရိမ်သောကရောက်နေတဲ့ မွတ်စလင်မ် မဟုတ်သူတွေနဲ့ ဘယ်သူက အာခိရသ်ကို ယုံကြည်တယ်လို့ ထင်ပါသလဲ။ သူတို့က အာခိရသ်အတွက် ဘယ်လောက် ပြင်ဆင်သလဲဆိုတာ ကြည့်ပါဦး။ နောင်လာမယ့် မျိုးဆက်သစ်အတွက် ဘယ်လိုစီမံရမလဲ။ ဘာတွေလုပ်ရမလဲ။ ဘာတွေပြင်ဆင်ပြီး၊ ဘာတွေကိုတော့ တားဆီးရမလဲဆိုတာ စီမံနေကြတယ်။ သူတို့တတွေက ရဟူဒ်၊ နဆွရာ တွေနော်။ ဘာသာမဲ့တွေနော်။ မွတ်စလင်မ်တွေက အားလုံးအလ္လာဟ်လုပ်မယ်ဆိုပြီး အလ္လာဟ်ခေါင်းပုံချလိုက်တယ်။ ဒါက ကျွန်တော်တို့နဲ့ သူတို့ရဲ့ အနာဂတ်ကို ယုံကြည်ပုံ ပုံစံကွာခြားပုံကို ကျွန်တော်တင်ပြတာပါ။ ကျွန်တော်တို့က အနာဂတ်ဆိုတာကို ကွယ်လွန်သေဆုံးပြီးနောက်လို့ ယူဆထားကြတာလေ။

ဒါကြောင့် ကျွန်တော်အနေနဲ့ အနာဂတ်အတွက် စီမံကိန်း (၃)ခုကို ရွေးချယ်တင်ပြဖို့ စီစဉ်ထားပါတယ်။ (၃)ခုဘဲရှိတာ မဟုတ်ဘူးနော်။ ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ (၃)ခုကိုဆွေးနွေးသွားမှာပါ။ ကျွန်တော်တို့ဘာပဲလုပ်လုပ် တမန်တော်မြတ်ကြီး ရဲ့ Life ကို လေ့လာကြည့်တယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လှည့်ကြည့်တယ်။ တမန်တော်မြတ်ရဲ့ အနာဂတ်စီမံကိန်း Future Plan။ သူလုပ်ခဲ့တာကောင်းလို့ ဒီကနေ့လူကြီးမင်းတို့ ကျွန်တော်တို့ ဒီအခြေအနေမှာရှိနေတာ။ သူ့ရဲ့စီမံကိန်းတွေကို ဒီကနေ့ကမ္ဘာကြီးက အကောင်အထည်ဖေါ်နေတာ နှစ်(၁၄၀၀) ကျော်ခဲ့ပြီ။ Plan က မရပ်ဘူး။ သွားနေတယ်။ လူမရှိတော့ပေမယ့် Plan ရှိတယ်။ ကျွန်တော်တို့က လူသေရင် Plan ရပ်။ တမန်တော်မြတ်က ကျွန်တော်တို့ကို လူသွားလိုက်ပေမယ့် Plan ရှိနေရမယ် ဆိုတာကိုပြခဲ့တယ်။ ဒါ့ကြောင့်

တမန်တော်မြတ်ရဲ့ဘဝကို လေ့လာကြည့်တဲ့အခါမှာ၊ တမန်တော်မြတ်သည် စီးပွါးဥစ္စာရှာဖွေခြင်းကို မတားထားဘူး။ လုပ်ရမယ်။ နောက်ပြီး ပညာရှာဖွေလေ့လာသင်ယူခြင်း၊ ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေ ဖန်တီးဖေါ်ထုတ်ရမယ်။ နောက်ပြီး လုပ်ပိုင်ခွင့်၊ အခွင့်အာဏာပါဝါ(နိုင်ငံရေးတစ်ခုတည်းပြောတာမဟုတ်)။ အဲ့ဒီတော့ (၁)စီးပွားရေး (၂)ပညာရေး (၃)လုပ်ပိုင်ခွင့်၊ အခွင့်အာဏာ၊  အဲ့ဒီ(၃)ခုမရှိရင် အဲ့ဒီလူမျိုး၊ အဲ့ဒီလူမှုအဖွဲ့အစည်းဟာ သူတပါးရဲ့ ကျွန်ပြုခြင်းကိုခံရမယ်။ ခေတ်သစ်ကျွန်ပြုခြင်းပေါ့။  စီးပွားရေး Zero ပြနေတယ်၊ Down နေပြီ။ ပညာရေးဘာမှမရှိဘူးဆိုရင် လုပ်ပိုင်ခွင့်၊ အခွင့်အာဏာ ဆိုတာအဝေးကြီးမှာရှိနေမယ်။ ပိုဆိုးသွားပြီ။ အဲ့ဒီ(၃)ချက်မရှိတဲ့ လူမှုအဖွဲ့အစည်းဟာ ဘယ်သောအခါမှ ခေါင်းမထောင် နိုင်ဘူး။ အဲ့ဒီအချက်(၃)ချက်နဲ့ပြည့်စုံနေတဲ့ လူတွေရဲ့ ကျွန်ပြုခြင်းကိုခံရလိမ့်မယ်။ တမန်တော်မြတ်ရဲ့ Life ကို ကျွန်တော် ကြည့်တဲ့အခါမှာ ကျွန်တော်မြင်တာက (ကျွန်တော်မြင်တယ်ဆိုတာက ကျွန်တော်တစ်ယောက်တည်း ထူးဆန်းပြီးမြင်တာ မဟုတ်) ကမ္ဘာပေါ်မှာရှိသော ပညာရှင်တွေ၊ စောစောကပြောတဲ့ ရဟူဒ် နဆရာတွေလည်း မြင်တဲ့ ရှုထောင့်တွေရှိတယ်။   

ကျွန်တော်တို့ မွတ်စလင်မ်တွေက ဘာသာရေး ရှုထောင့် တစ်ခုတည်းကနေမြင်တာ။ တမန်တော်မြတ်ကြီးဟာ သူတော်စင်ကြီး၊ ပလီထဲမှာ ထိုင်နေတယ်။ မုတ်ဆိတ်တွေကလည်းအရှည်ကြီး၊ ခေါင်းပေါင်းကြီးပေါင်းပြီးတော့ ဒီလိုမျိုး ပုံဖေါ်တာ။ တစ်နေ့တစ်နေ့ တမန်တော် ဘာလုပ်နေသလဲ။ ထမင်းစားရင် ဘယ်လိုစားရမလဲ။ ရေသောက်ရင် ဘယ်လို သောက်ရမလဲ။ လူသေရင်ဘာစာတွေ ဖတ်ရမလဲ။ အိမ်သာတက်ရင် ဘာဖတ်ရမလဲ။ ဒါမျိုးတွေနဲ့ဘဲ တမန်တော်ဟာ သူ့ရဲ့ Life ကို ကုန်ဆုံးစေခဲ့တယ်လို့ ကျွန်တော်တို့ မွတ်စလင်မ်တွေ သိထားကြတာ။ တစ်ဖက်က ရှုထောင့်ကပြန်ကြည့်တော့ တမန်တော်မြတ်က စကတည်းက ဟဇရသ် အဗူဗက္ကရ်လို ပုဂ္ဂိုလ်ကို အစ္စလာမ်ဘက်ပါအောင် စည်းရုံးခဲ့တယ်။ အလကား စည်းရုံးတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော ဟဇရသ် အဗူဗက္ကရ်ဟာ စီးပွါးရေးအမြင်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့၊ တကယ်လည်းဘဲ ချမ်းသာတယ်။ ဒါကတစ်ဖက်က လူတွေရဲ့အမြင်။

ကျွန်တော်တို့က သိထားတာက ဟဇရသ် အဗူဗက္ကရ်က နောက်ဆုံး  သူ့ရဲ့ဆိုင်(၁၁)ဆိုင်ကို ဒီန်အပေါ်မှာ စွန့်လွှတ်ခဲ့တယ်ပေါ့။ နောက်ဆုံး ဟဇရသ် အဗူဗက္ကရ်ဟာ ဒီန်အတွက်မွဲသွားတော့ ကျွန်တော်တို့ပါ လိုက်မွဲရမလို သိထားကြ တာလေ။ ယေး ဒွန္နယာ မုရ်ဒါးဟ်၊ မုရ်ဒါးကိုး ကျာဟ်နေဝါလား ကွတ္တားဟဲ။ စာဆိုတောင်ရှိတယ်လေ။ ကျွန်တော်တို့က အဲ့လို မြင်တာလေ။ ဒီဒွန္နယာကြီးက အပုပ်ကောင်ကြီး၊ အဲ့ဒီအပုပ်ကောင်ရဲ့အနောက်ကို လိုက်ရင် ခွေးဘဲတဲ့။ ဒီလိုမျိုး ကျွန်တော် တို့ကို အကြီးဆုံးမှိုင်းတွေ အသွင်းခံခဲ့ရတာ။ အဗူဗက္ကရ်လို ပုဂ္ဂိုလ်မျိုးကို စည်းရုံးခဲ့တာက စီးပွါးရေးသမား တစ်ယောက်၊ စီးပွါးရေးအမြင်ရှိသူတစ်ယောက်ရဲ့ စွမ်းရည်ဟာ Muslim Community တည်ထောင်တဲ့အခါမှာ သူ့ရဲ့စွမ်းအား တွေ အများကြီး အသုံးချလို့ရခဲ့တယ်။ နောက်တစ်ခု။ ဟဇရသ် အုမရ် လို ပုဂ္ဂိုလ်မျိုးကိုလည်း တမန်တော်စည်းရုံးခဲ့တယ်။ ဟဇရသ် အုမရ်က သတ္တိရှိတယ်။ ဟဇရသ် အုမရ် မွတ်စလင်မ် မဖြစ်ခင် တမန်တော်နဲ့ သူ့နောက်လိုက်တွေ ပုန်းလျှိုးကွယ်လျှိုး နေခဲ့ရတယ်။ ဟဇရသ် အုမရ် မွတ်စလင်မ်ဖြစ်လာပြီးတဲ့အခါမှာ တမျိုးတဖုံ ပြောင်းလဲသွားခဲ့တယ်။ အခွင့်အာဏာ ပါဝါဆိုတာလည်း Muslim Community အတွက် လိုအပ်တယ်ဆိုတာ တမန်တော်သဘောပေါက်တယ်။

တမန်တော်မြတ်ရဲ့ မဟာဗျူဟာ စီမံကိန်းထဲမှာ ဟဇရသ် အုမရ်ကို စည်းရုံးရမယ်ဆိုတာပါတယ်။ ကျွန်တော်တို့ ဘာသာရေးရှုထောင့်မှာ ဘာပြောလဲဆိုတော့ အလ္လာဟ်ဆီမှာ ဒုအာတောင်းခဲ့တယ်လို့ ပြောကြတယ်။ ပြီးတော့ ဟဇရသ် အလီ။ ကိုယ်တော်ဟာ ပညာဖြစ်တယ်ဆိုရင် အလီက ပညာရဲ့တံခါးပေါက် ဖြစ်တယ်ဆိုတဲ့ နာမည်ကြီး ဟဒီးစ်တစ်ပုဒ်ရှိတယ်။ တမန်တော်မြတ်ဟာ ပညာရှင်တွေကို မွေးမြူ၊ ပြုစု၊ ပျိုးထောင်ခဲ့တယ်ဆိုတာ သိထားရမယ်။ နောက်ထပ် ယူစရာ သမိုင်းကြောင်းတွေ အများကြီးရှိခဲ့တယ်။  

လိုရင်းကိုချုပ်ရမယ်ဆိုရင် တမန်တော်မြတ်ဟာ စီးပွားရေး၊ ပညာရေး၊ လုပ်ပိုင်ခွင့် အခွင့်အာဏာဆိုတဲ့ ဒေါက်တိုင် (၃)ခုကို ပုံဖော်ခဲ့တယ်။ အဲ့ဒီအတိုင်း မဒီနာကို ဟစ်ဂျရသ် လုပ်သွားတဲ့အခါမှာ အဲ့ဒီ ဒေါက်တိုင် (၃)ခုနဲ့ဘဲ Muslim Community ကို တည်ဆောက်ခဲ့တာ။  ကျွန်တော်တို့ဘာသိလဲ။ မဒီနာကိုရောက်သွားပြီး ၇ နှစ် ၈ နှစ် တမန်တော် ဘာလုပ်သလဲ။ ရောက်တာနဲ့ ပလီအကြီးကြီးဆောက်၊ ဇကိရ်တွေလုပ်၊ ဒါဘဲလား၊ ဒါလုပ်တာလဲမှန်ပါတယ်။ ဒီလောက်ဘဲလား။ အဲ့ဒီကာလမှာ တမန်တော်ဟာ နိုင်ငံရေး၊ ပညာရေး၊ စီးပွါးရေး၊ စစ်ရေး၊ လူမှုရေး စတာတွေကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်တာ။ ၇-နှစ်ပြည့်တဲ့အခါမှာ မဒီနာရဲ့ လူမုှ့အဖွဲ့အစည်းအသိုင်းအဝိုင်းကို အာရေဗျတခွင်က လှမ်းမျှော်ကြည့်ရတဲ့အနေအထား ဖြစ်သွားတယ်။ မက္ကာကနေ မဒီနာကို ထွက်သွားတဲ့အချိန်တုန်းက အာရဗ်တွေထင်ခဲ့တာက မုဟမ္မဒ်နဲ့ သူ့လူတွေဟာ အလကား၊ ပျောက်ကွက်သွားမယ်လို့ အထင်သေးခဲ့ကြတာ။ ဒါပေမယ့် ၇-နှစ်ပြည့်တော့ ရောမအင်ပါယာကပါ ခေါင်းထောင်ကြည့်ရတယ်။

ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၆၂၊ အာယသ်တော် ၉ မှာ ဖော်ပြထားတာက “အို. . . မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ ဆွလာသ်အတွက် ဖိတ်ခေါ်သံ(အာဇန်)ကြားရသောအခါ (ဖါစ်အောင် အိလာ ဇိကိရ်လ်လာဟ်) ဇိကိရ်ဆီကို အမြန်ဆုံးလာကြလေကုန်။ ”  စိတ်ဝင်စားစရာကောင်းတာက ခေါ်တုန်းက ဆွလာသ်အတွက်ခေါ်ပြီး၊ လာတော့ ဇိကိရ်ဆီကို လာကြတဲ့။ ဆွလာသ်နဲ့ဇိကိရ် ဘာလဲဆိုတာကိုတော့ လူကြီးမင်းတို့ လေ့လာကြပါ။ အဲဒီအထိက ရှင်းပါတယ်။ မွတ်စလင်မ် နိုင်ငံတွေမှာဆိုရင် သောကြာနေ့ အချိန်ရောက်ရင် ဆိုင်တွေ၊ လုပ်ငန်းတွေပိတ်၊ ပလီကို သွားကြတာပေါ့။ အာယသ်က ဆက်ပြောတာက (ဝဇရွလ် ဗိုင်းအ်) “အသင်တို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို စွန့်လွှတ်ပြီးလာကြ။ ”  ဆက်လက်ဖော်ပြတာက (ဇာလေကွန်းမ်၊ ခိုင်းရွလ်လကွန်မ်၊ အင်န်ကွန်သွန်မ် သအ်လမွန်န်) ဒီနေရာမှာ အက္ကလ် အကြောင်းပြောထားတယ်။ “အသင်တို့သာ ဒီန်ရဲ့အကျိုးကျေးဇူးတွေကို သိမယ်ဆိုရင် အဲ့ဒါဟာ အကောင်းဆုံးဆိုတာ အသင်တို့သိလိမ့်မယ်။ ” မိမိရဲ့လုပ်ငန်းတွေကိုစွန့်ပြီး ပလီလာတာဟာ အကျိုးရှိတယ်ဆိုတာသိမှ၊ ဒါကလဲ အက္ကလ်ရှိတဲ့လူဘဲ သိလိမ့်မယ်။ အက္ကလ်မရှိတဲ့လူ မသိဘူး။

ဒါပေမယ့် ဒီအာယသ်က ကုန်ရောင်းကုန်ဝယ်လုပ်နေတဲ့ ကုန်သည်ပွဲစား၊ ဆိုင်ပိုင်ရှင်တွေကို အလ္လာဟ်က ရည်ညွှန်းတာလား။ ဝန်ထမ်းတွေမပါဘူးလား။ ကျောင်းသားတွေမပါဘူးလား။ အခြားလုပ်ငန်းတွေလုပ်နေကြတဲ့လူတွေ မပါဘူး လား။ ကျွန်တော်တို့ရဲ့နေ့တဓူဝ လူမှုစီးပွားရေးနယ်ပယ်ထဲမှာရှိနေတဲ့လူတွေ၊ မိမိတို့ရဲ့အလုပ်တွေကို စွန့်လွှတ်ပြီးတော့ အလ္လာဟ်ရဲ့ ဇိကိရ်ဆီလာခိုင်းတာ။ အဲ့ဒီဇိကိရ်တွေရဲ့ လမ်းညွှန်ချက်ကို ယူပြီးသွားရင် ဘာလုပ်ရမလဲ။ ဆက်လက်ပြီး အာယသ် ၁၀ မှာ ဆက်ပြောထားတယ်။ “ဖအိဇာ ကုဒွီယသီစ် ဆွလာဟ် ” ဆွလာသ်ပြီးှဆုံးသွားပြီဆိုရင် “ဖန်းန်သရှေ့ရူ၊ ဖီလ်အရ်ဒ်” ကမ္ဘာမြေပြင်အနှံ့သွားလာကြလော့။ ပလီထဲမှာ အိပ်နေလို့ မရဘူး။ “ဝဘ်သဂူး” ရှာကြလော့။ “မင်န် ဖွာဒ် လိလ္လာဟ်” အလ္လာဟ်ပေးကမ်းချီးမြှင့်ထားတဲ့ ကျေးဇူးတော်တွေ။ တစ်နည်းအားဖြင့် နိအ်မသ်တော်တွေကို အသင်တို့ရှာကြ။ ပလီထောင့် တစ်ထောင့်မှာ ၂၄ နာရီ  အိပ်နေဖို့၊ ထိုင်နေဖို့ အလ္လာဟ်မပြောဘူး။

ဘာသာပြန်ထဲမှာတော့ “ရိုဇီရိက္ခာရှာဖွေကြလော့” လို့ ရိုးရိုးလေးဘာသာပြန်ထားပါတယ်။ အဲ့ဒီဘာသာရေးစကားလုံး ကပြဿနာဘဲ။ ကျွန်တော်တို့က (ရိုဇီ)ရိက္ခာဆိုရင် စားစရာသောက်စရာလောက်ဘဲသိထားတယ်။ ဒီနေရာမှာ အလ္လာဟ်ရှာခိုင်းထားတာ ဘာလဲ။ (မင်န်ဖွာဒ်လိလ္လာဟ်) အလ္လာဟ်ကျေးဇူးပြုထားတဲ့အရာတွေ၊ အလ္လာဟ်ပေးထားတဲ့ နိအ်မသ်တွေ။ အဲ့ဒီအထဲမှာ စီးပွားရေး မပါဘူးလား။ ပညာရေးမပါဘူးလား။ စောစောကပြောတဲ့ လူမှုရေး၊ နိုင်ငံရေး၊ ပရဟိတအရေးတွေ မပါဘူးလား။ အကျိုးကျေးဇူးရှိတဲ့ အလ္လာဟ်ဖန်တီးထားတာတွေ၊ နိအ်မသ်တွေအများကြီးရှိပါတယ်။ မီးတွေလင်းနေတာ ကျွန်တော်တို့အတွက် အလ္လာဟ့်ရဲ့ နိအ်မသ်ဘဲ။ ဘယ်သူကို အကြောင်းခံလဲ။ သောမတ်စ် အလ်ဖာ အက်ဒီဆင်။ မူစလ်မန် မဟုတ်ဘူး။  အဲ့ဒီ နိအ်မသ်တွေကို ကျွန်တော်တို့ မွတ်စလင်မ်တွေကြိုးစားပြီး ရှာဖွေဖော်ထုတ်ဖို့ တာဝန်မရှိတော့ဘူးလား။ တချိုကဆရာတွေပြောတာကြားဘးတယ်။ ကျွန်တော်တို့မှာ တာဝန်မရှိဘူးတဲ့။ အလ္လာဟ်သူတို့ကို ခိုင်းလိုက်လိမ့်မယ်။ ခင်ဗျားတို့က အေဗာဒသ် ဘဲလုပ်။ နမားဇ်ဖတ်၊ ကုရ်အာန်ဖတ်၊ သပ်စ်ဗီ ဘဲစိပ်နေ။ ခင်ဗျားတို့လိုတာကို အလ္လာဟ် အဲဒီဂျူးတွေ နဆွရာတွေကို လုပ်ခိုင်းလိုက်လိမ့်မယ်။ မွတ်စလ်မန်တွေအတွက်အဆင်သင့်ဘဲ။ အဲဒီလိုမျိုး  ကျွန်တော်တို့က ဂျင်းအကြီးကြီးကို အထည့်ခံထားရတာ။ မှိုင်းတွေ မှိုင်းတွေနဲ့ ပြည့်နှက်နေတယ်။

ဒါကြောင့် စောစောကပြောတဲ့ ဒေါက်တိုင်(၃)ခု (စီးပွား၊ ပညာ၊ အာဏာ)မရှိရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နိမ့်ကျနေဦးမှာဘဲ။ သူတစ်ပါးရဲ့ ကျွန်ပြုခြင်းကို ခံနေရဦးမှာဘဲ။ စီးပွားရှာတာနဲ့ ပတ်သက်ပြီးတော့လည်း ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄ ၊ အာယသ် ၂၉ မှာ အလ္လာဟ် လမ်းညွှန်သွန်သင်ထားပါတယ်။ “အို. . . မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဖက်နှင့်တစ်ဖက် သဘောတူကျေနပ်မှုဖြင့် တစုံတရာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သည်မှတပါး မိမိဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသောနည်းနှင့်မပြုလုပ်ကြလေနှင့်။ ” ဒါကအလ္လာဟ် ဥပဒေသ။ ရိုးရှင်းပါတယ်။ စီးပွားရေးလုပ်ကြပါ။ မတရားတာတော့ မလုပ်ကြနဲ့။ တရားမျှတ မှန်ကန်သောစီးပွားရေးတွေ လုပ်ကြပါလို့ ကုရ်အာန် ဒီအာယသ်က ပေးတယ်။ အဲ့ဒီတော့ စီးပွားရေးလုပ်ဖို့က (ဖရဇ်)တာဝန်ဘဲ မဟုတ်ဖူးလား။ မတရား မလုပ်နဲ့လို့ဘဲ တားတာ။ စီးပွားရေးမလုပ်နဲ့လို့ တားထားလို့လား။ စောစောက အာယသ်မှာ ကမ္ဘာမြေအနှံ့သွားကြ၊ ရှာဖွေကြလို့ အမိန့်ပေးထားတာ။ စီးပွားရှာတယ်ဆိုတာ ကျွန်တော်တို့လောကအကျိုးလို့ဘဲ ထင်ထားတာလေ။

ရေဝါယသ်တွေ၊ အဆိုအမိန့်တွေကလည်း နားယဉ်နေပြီလေ။ လောကကြီးက အပုပ်ကောင်။ ဘာလုပ်မှာလဲ။ ချမ်းသာရင် အလ္လာဟ်အရှေ့ရောက်ရင် စာရင်းစစ်တာကြာမယ်။ ဆင်းရဲလေ စစ်စရာမရှိလေ။ အပြစ်ဂိုနာဟ်မရှိလေ ဂျန္နသ်ကို မြန်မြန်ရောက်မယ်ဆိုတဲ့ Mineset ကို ထည့်ခြင်းခံထားရတယ်။ ဘယ်လောက်တောင် မှားယွင်းတဲ့အခြေအနေလဲဆိုတာ စဉ်းစားကြည့်ကြပါ။ ဒီကနေ့ခေတ် တိုးတက်နေတဲ့နိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ Profile ကို Click တစ်ချက်နှိပ်ယုံနဲ့ အားလုံးပေါ်လာတယ်။ အလ္လာဟ်က အဲ့ဒီထက်ပိုပြီးစွမ်းဆောင်နိုင်တယ် ဆိုတဲ့ Mineset ကြတော့ ဘာလို့မပေါ်လာတာလဲ။ စာအုပ်လှန်ပြီးစစ်ဆေးနေမယ်လို့ မထင်လိုက်နဲ့။ ဒါက အခုခေတ်။ နောင်အနှစ် (၂၀၀)နေရင် ဘယ်လောက်မြန်တဲ့ နည်းစနစ်တွေပေါ်လာမလဲ မသိနိုင်ဘူး။ ဒီကနေ့ချမ်းသာမှုဟာ အာခိရသ်အတွက်လည်း အကျုံးဝင် တယ်ဆိုတာ သိထားရပါမယ်။ ဘယ်လို အကျုံးဝင် ပါသလဲ။

ကျွန်တော်တို့အမြဲတမ်း ဒုအာတောင်းတယ်လေ။ (ရဗ္ဗန၊ အာသိန၊ ဖီးဒ် ဒွန္နယာ ဟစန၊ ဝဖီလ်အာခေရသိ၊ ဟစန) ဒွန္နယာအတွက် အရင်၊ ပြီးတော့ အာခိရသ်အတွက်။ ဒွန္နယာအတွက် မလိုအပ်ရင်မတောင်းနဲ့လေ။ ဖြုတ်ထားလိုက်ကြပေါ့။ ဒွန္နယာမှာ ကျဆုံးသွားတဲ့လူတစ်ယောက်ကို အလ္လာဟ်က အာခိရသ်မှာ ပန်းကုံးစွပ်ပြီးကြိုဆိုလိမ့်မယ်လို့ ကျွန်တော်တို့က ထင်နေတာ။ ဒီမှာဘယ်လောက်စုတ်ပြတ်မလဲ၊ ဟိုရောက်ရင် အဆင့်အတန်းမြင့်မယ်လို့ ထင်နေကြတာ။ မှားလိုက်လေ။ ဒီကနေ့ စီးပွားရေး၊ ငွေကြေး ဥစ္စာတွေက အာခိရသ်နဲ့ဆိုင်တာပေါ့။ ဘာလို့မဆိုင်ရမှာလဲ။ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်း အတွက် ပြန်လည်အသုံးချလို့ရတယ်။ ပညာရေးမှာသုံးလို့ရတယ်။ (ဘိုင်သွလ်မာလ်) စနစ်ဆိုတာ တမန်တော်မြတ်ခေတ်မှာ စပြီး အကောင်အထည်ဖော်ခဲ့တာ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသီအိုရီမှာ အပြောင်းအလဲတိုင်း အပြောင်းအလဲတိုင်းမှာ အခွင့်အလမ်းရှိတယ်။ အဲ့ဒီအခွင့်အရေးကို ကျွန်တော်တို့မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းက မဆုပ်ကိုင်နိုင်ဘူး။

အခုဘဲ မကြာခင်မှာ (၂၀၂၀)လာတော့မယ်။ ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ အပြောင်းအလဲတိုင်းမှာ ကျွန်တော်တို့က ယောယိမ်းလိုက်၊ဘသားယိမ်းလိုက်နဲ့ Plan မရှိဘူး။ ဒါပေမယ့် ဒါကိုသိတဲ့စီးပွားရေးသမားတွေကတော့ ပိုပြီးပိုပြီး ချမ်းသာသွားတယ်။ မွတ်စလင်မ်ထဲမှာလည်း ရှိမှာဘဲ။ အဲ့ဒီတော့ ချမ်းသာတဲ့သူတွေကဘာလုပ်မလဲ။ ဒွန္နယာ အတွက်ဘဲလား။ အာခိရသ်အတွက် အကျုံးမဝင်ဘူးလား။ အလ္လာဟ်ပြောထားတာတွေ၊ Plan တွေရှိတာပေါ့။ ကျွန်တော် တို့ကမသိဘူး။ သိအောင်လည်း မလုပ်ပေးကြဘူး။

ခရစ်ယာန်အဖွဲ့အစည်းက အမ်အိုင်တီ ဆိုတဲ့ ကျောင်းကြီးထောင်ထားတယ်။ သူတို့က အစ္စလာမ်အကြောင်းသိချင်လို့ ဖိတ်ခေါ်လို့ ကျွန်တော်တို့ဆီက ဆရာဦးစန်းအောင်တောင် အဲ့ဒီကျောင်းမှာ စာသွားသင်ပေးရတယ်။ မြန်မာနိုင်ငံမှာက ယုံကြည်မုှတွေ ပြန်လည်တည်ဆောက်နေရတဲ့အချိန် ဖြစ်နေတယ်။ ဒီလိုကျောင်းတွေဖြစ်ပေါ်လာတာက စီးပွားရေးသမားတွေ က ရင်းနှီးမြှုပ်နှံလို့ဖြစ်လာတာ။ ကျွန်တော်တို့ မွတ်စလင်မ်တွေ အဲ့ဒီအလုပ်မလုပ်နိုင်ဘူးလား။ တော်တော်လေးတော့ ခဲယဉ်းတယ်။ စီးပွားရေးမတည်ဆောက်နိုင်ရင် ဘာမှ တည်ဆောက်လို့ရမှာမဟုတ်ဘူး။ ဒါကြောင့် မွတ်စလင်မ် လူ့အဖွဲ့အစည်းမှာ စီးပွားရေးသမားတွေစုပြီး၊ ပညာရေး၊ လူမုှရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပံ့ပိုးကူညီနိုင်တယ်။ အဲ့ဒီလိုလုပ်တာဟာ အာခိရသ်အတွက် မျိုးစေ့ချပေးခြင်း ဖြစ်တယ်။ တမန်တော်ခေတ်မှာ တမန်တော်ကိုယ်တိုင် လုပ်ခဲ့တဲ့လုပ်ငန်းဖြစ်ပါတယ်။

နောက်တစ်ချက်က ပညာရှာဖွေရမယ်။ ပညာရှာဖွေတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ အငြင်းပွားမှုတွေ အများကြီးရှိတယ်။ ပညာရှာရမယ်လို့ပြောတဲ့အခါမှာ ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမှ ပညာမရှာရဘူးလို့မပြောဘူး။ဒါပေမယ့် ပြဿနာက ပညာဘာလဲဆိုတာမှာ ပြဿနာ။ သာသနာ့ပညာနဲ့ခေတ်ပညာဆိုပြီး ကျွန်တော်တို့ မွတ်စလင်မ်လူ့အဖွဲ့အစည်းမှာ  ကွဲလွဲမှုဟာ အကြီးမားဆုံးအဖြစ်တည်ရှိနေတယ်။

ရန်ကုန်မြို့ရဲ့နာမည်ကြီး ဆရာကြီးတစ်ပါး ဟိုတနေ့က Live လွှင့်တယ်။ ကျွန်တော် တော်တော်သဘောကျတယ်။ (ပညာဆိုတာ သာသနာ့ပညာတစ်ခုတည်း မဟုတ်ဘူးတဲ့။ ဆရာဝန်လည်း ဖြစ်အောင်လုပ်ရမယ်။ အင်ဂျင်နီယာလည်း ဖြစ်အောင် လုပ်ရမယ်။ သိပ္ပံပညာရှင်လည်းဖြစ်အောင် လုပ်ရမယ်။) အားလုံး လူသားအကျိုးပြုတဲ့ပညာတွေကို သင်ရမယ်လို့ ဆရာကြီးပြောတာကြားပြီး ကျွန်တော်အားရှိသွားတယ်။ ကျွန်တော်တို့ကသာသနာ့ပညာသာလျှင် ပညာလို့ထင်နေကြတာလေ။

စောစောကပြောခဲ့တဲ့ ရဟူဒ်၊ နဆရာက ကမ္ဘာမြေကြီး နောင်အနှစ်(၃၀၀)နေရင် ဖြစ်လာမယ့် ဆိုးကျိုးတွေအတွက် သောကရောက်နေကြတယ်။ သူ့ရဲ့  မျှော်လင့်ချက်ဘာလဲလို့သွားမေးရင် ရိုးရိုးလေးဘဲ၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းသာယာဖို့ဘဲ။ အသက်ကို မေးကြည့်လိုက်။ ၇၅၊ ၈၀ ဖြစ်နေပြီ။ မကြာခင် ကမ္ဘာပေါ်က သွားရတော့မှာ။ သူလုပ်ရမှာက ကျွန်တော်တို့ တွေးထင်ထားသလိုဆိုရင် ဘုရားကျောင်းထဲဝင်ပြီး ဇကီရ်၊ ဖကီရ် နဲ့ နေရမှာလေ။ ကျွန်တော်တို့တွေးထင်ထားသလိုဆို ဂျန္နသ်ရောက်၊ ဟူရ်ကညာပျိုတွေနဲ့ ပျားရည်ချောင်းတွေ၊ အရက်ချောင်းတွေမှာပျော်ပါးမယ်လို့ တွေးနေတဲ့အချိန် သူက အဲ့ဒါတွေ အာရုံမရောက်ဘဲနဲ့ နောင်အနှစ်(၃၀၀)နေရင် ကမ္ဘာကြီးဘာဖြစ်မလဲဆိုပြီး အာရုံရောက်နေတယ်။ သူမှားများ မှားနေသလား။ စဉ်းစားစရာပေါ့နော်။

ပညာရှာရမယ်ဆိုတာကို ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂ ၊ အာယသ် ၃၁ မှာ (ဝအလ်လမ၊ အာဒမလ်၊ အာခ်မားအာ၊ ကုလ္လဟာ . . . ) (အလ္လာဟ်အရှင်မြတ်က အာဒမ်ကို ပညာရပ်ပေါင်းစုံရဲ့ အကြောင်းအရာတွေကို သင်ပေးတယ်။) ဒါကို နားလည်ဖို့တော့လိုပါတယ်။ အလ္လာဟ်က မောင်အာဒမ် လာထိုင်၊ ဒါက အာလစ်ဖ်၊ ဒါက ဗေ။ အဲ့ဒီလိုရိုးရိုးကြီးတော့ မတွေးနဲ့ပေါ့။ လူသားမျိုးနွယ်ဖြစ်လာမယ့်လူတွေရဲ့ အခြေခံအသိဉာဏ်ထဲမှာ ရှိရှိသမျှ ပညာရပ်တွေကို သင်ယူတတ်မြောက်နိုင်တဲ့စွမ်းအား၊ စွမ်းရည်တွေကို အလ္လာဟ်က ချီးမြှင့်ပေးလိုက်တာ။ မွတ်စလင်မ်တွေမတတ်ဘူး။ မသင်လို့မတတ်တာ။ သင်တဲ့လူတွေ တတ်တယ်။ လေယာဉ်တွေတည်ထောင်တာ မွတ်စလင်မ် မဟုတ်ဘူး။ မလုပ်လို့မဖြစ်တာ။ အခုနောက်ပိုင်းမှာတော့ မွတ်စလင်မ် ပညာရှင်တွေပေါ်လာပါပြီ။ ကြိုးစားထိုးဖောက်ပြီး ဝင်ဖို့လိုတယ်။ ဒီတာဝန်တွေဟာငါတို့တာဝန်လို့ ယူဆဖို့လိုပါတယ်။ ဒီပညာရပ်တွေဟာ ငါတို့လည်း သင်ဖို့လိုတယ်လို့ ခံယူဖို့လိုတယ်။

ဒေါက်တာယူနွတ်စ်က ဘင်္ဂလားဒေ့ရှ်မှာ Graming Bank တည်ထောင်ပြီး Novel Prize ရခဲ့တယ်လေ။ ဒါကြောင့် ပညာဆိုတာအကုန်ပါတယ်။ စူရာဟ် ၂၁း၈၀ မှာဆိုရင် ဒါဝူးဒ်(အ)ကို သံချပ်အင်္ကျီ ပြုလုပ်ဖို့ အလ္လာဟ်သင်ပေးတယ်။ ယူစွတ်ဖ်(အ)နဲ့ပတ်သက်ပြီး အိပ်မက်(စကား)များရဲ့အနက်သဘောကို သင်ပေးတယ်လို့ စူရာဟ် ၁၂း၂၁ မှာပါတယ်။ ဒါကြောင့် ဘာသာဗေဒနဲ့ပတ်သက်ပြီး ဂျပန်စာစကား၊ ကိုးရီးယားစာစကား စတာတွေ သင်တာဟာလည်း လိုအပ်တယ်။ ဆူလိုင်မန်(အ)နဲ့ ပတ်သက်ပြီး ငှက်သတ္တဝါတွေနဲ့ သူစကားပြောနိုင်တယ်။ လူသားကို စကားပြောလို့တတ်အောင် အလ္လာဟ်သင်ပေးကြောင်း စူရာဟ် ၅၅း၄ မှာ ပြောထားတယ်။ ထိုအရှင်မြတ်သည် ကလောင်တံဖြင့် သင်ပေးသည်။ (စူရာဟ် ၉၆း၄)လို့ ကုရ်အာန်က ညွှန်းပါတယ်။ အဲ့ဒီလိုပညာရပ်တွေတတ်တဲ့လူတွေကို အာလင်မ်လို့ခေါ်တာ။ အရဗီဘာသာစာပေမှာ (အီလ်မွန်)ဆိုတဲ့ ဝေါဟာရက ပညာ။ မြန်မာလို ပညာဆိုတဲ့ဝေါဟာရရဲ့ရှေ့မှာ စကားလုံးတွေ ရှိသေးတယ်။ ဘာပညာလဲ။ ဥပမာ- သိပ္ပံပညာ၊ ဝိဇ္ဇာပညာ၊ အနုသုခုမ ပညာ၊ စာပေပညာ၊ ကုန်သည်စီးပွားလမ်းညွှန်မှု ပညာ၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာ၊ ပန်းချီ ပညာ၊ ပန်းပုပညာ စသဖြင့် ပညာဆိုတာ ရေတွက်လို့တောင် မကုန်နိုင်ဘူး။

အဲ့ဒီလိုဘဲ အရဗီမှာလည်းဘဲရှိတယ်။ အရဗီမှာ (အီလ်မွန်)လို့ ပြောလိုက်ရင် Since ကိုတွဲပြီး ပြောတဲ့ပညာ ဖြစ်တယ်။ အရဗီမှာ ဝိဇ္ဇာပညာကိုပြောတာက(ဖန်းန် နူန်)လို့ပြောတယ်။ (အီလ်မွန်)လို့ ပြောလိုက်ရင် Since နဲ့နွယ်သော ပညာရပ်တွေ။ အာလင်မ်လို့ပြောလိုက်ရင် ဘာတွေတတ်နေရမှာလဲ။ အူလ်မာလို့ပြောလိုက်ရင် ဘယ်လိုအစုအဖွဲ့ဖြစ်နေရမှာလဲ။ အဲ့ဒီ အဓိပ္ပါယ်တွေပါပြီးသား။ အဲ့ဒါတွေ တတ်၏၊ မတက်၏ ကတော့ ကိုယ်တိုင်ဘဲမေးခွန်းထုတ်ပြီးဖြေကြည့်ရမှာဘဲ။ ပညာနဲ့ပတ်သက်ရင်  ခေတ်ပညာ၊ သာသနာ့ပညာမခွဲဘဲနဲ့ လောကကိုအကျိုးပြုမည့် မည်သည့်ပညာရပ်ကိုမဆို သင်ဖို့လိုအပ် ပါတယ်။ တမန်တော်မြတ်က ဒီလိုပုံစံနဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပြခဲ့တယ်။ လူဖြစ်လာတဲ့အတွက် ကျွန်တော်တို့မှာ သင်နိုင်စွမ်းတွေလည်း ရှိနေတယ်။ အဲ့ဒီလိုမျိုးပညာရပ်တွေကိုသင်တဲ့ (အာလီမ်)တွေပေါ်လာဖို့လိုအပ်တယ်။

ပြီးတော့ အစ္စလာမ်မှာသာသနာပိုင်ဝါဒဆိုတာ မရှိဘူး။ ဒါကိုမွတ်စလင်မ်တိုင်းသိတယ်။ သို့သော် သိသာသိတယ်၊ သာသနာပိုင်ဝါဒဟာ ကျွန်တော်တို့မွတ်စလင်မ်တွေထဲမှာ အမြစ်တွယ်နေတယ်။ ဆိုကြပါစို့၊ ကလေးမွေးလို့ (အာဇန်) ပေးဖို့တောင် ပလီက (မော်ဇင်)ကိုပြေးပြီးခေါ်တယ်။ (ဖွါတယာ)ဖတ်ဖို့လည်း ပလီဆရာလိုတယ်။ (ဂျနာဇာ) ဖတ်ဖို့လည်း ပလီဆရာလိုတယ်။ ကြက်လှီးတာတောင် (မော်ဇင်)ကိုလှီးခိုင်းမှဆိုတော့ ဘာဖြစ်သွားလဲ။ သူတို့လို လူတန်းစားမရှိရင် မဖြစ်ဖူးလို့ ဖြစ်သွားတယ်။ ဘယ်သူက ဖန်တီးတာလဲ။ တမန်တော်ခေတ်က ဘယ်သူပလီဆရာလဲ။ ဘယ်သူ (မော်လီဆပ်)လဲ။ အစ္စလာမ်ရဲ့ (ရှရီအသ်)မူဘောင်မှာ အဲ့ဒီလို သာသနာပိုင်လူတန်းစားဆိုတာ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဖန်တီးပေး ထားတာ။ အဲ့ဒီတော့ အဲ့ဒီနေရာရောက်နေတဲ့ လူတစ်စုက သာသနာပိုင်ဆန်လာတယ်။ ဒါကို ကျွန်တော်တို့လျှော့ရမယ်။ ဘယ်လို လျှော့မလဲ။ အားလုံးကို ဒီပညာတွေတတ်အောင် သင်ပါစေ။ (အာဇန်)လည်းပေးတတ်ရမယ်။ (ဂျနာဇာ)လည်း ဖတ်တတ်ရမယ်။ (ဖွာတယာ)လည်း ဖတ်တတ်ရမယ်။ (ဒုအာ) လည်းတောင်းတတ်ရမယ်။ နိကဟ်ရှာဒီလည်း လုပ်ပေးတတ်ရမယ်။

ကျနော်တို့မြန်မာမွတ်စလင်တွေမှာဖြစ်နေတာက အနုပညာလောကမှာ မင်းသမီးတစ်ယောက်က အကယ်ဒမီရပြီး ဆိုရင် သူက မွတ်စလင်မ်မဟုတ်တော့ဘူး ဖြစ်သွားရော။ မင်းသားတစ်ယောက်အရမ်းနာမည် ကြီးလာပြီဆိုရင် မွတ်စလင်မ်မဟုတ်တော့ဘူး ဖြစ်သွားရော။ အမှန်က မွတ်စလင်မ်ဘဲ။ ဘာဖြစ်လို့လဲ။ အခြေအနေ နှစ်ချက်ရှိတယ်။ တစ်ဖက်က လူတွေက ဘာသာခြား၊ ဘာညာဆိုပြီး ဝေဖန်ထိုးနှက်ချက်ရှိတယ်။ အဲ့ဒီတစ်ချက်တည်း မဟုတ်ဘူး။ ကျွန်တော်တို့ Muslim Community ကရော ဘယ်လောက်ထောက်ပံ့လို့လဲ၊ ရုပ်ရှင်ရိုက်တာ (ဟရမ်)လေ။ ရုပ်ရှင်မင်းသမီးလုပ်ရင် (ဂျဟန္နမ်) သွားမှာလေ။ အခြားတစ်ဖက်ကို ရင်ဆိုင်ဖို့ Background ဘာမှမရှိတော့ဘူး။ ကျွန်တော်တို့က အားမပေးဘူး။ အားကစားလား မလုပ်နဲ့။ အနုပညာလား မလုပ်နဲ့ဆိုပြီး အားမပေးဘဲထားတယ်။ အဲဒီတော့ အဲဒီလောကတွေမှာကျနော်တို့မွတ်စလင်မ်တွေ ထွန်းထွန်းပေါက်ပေါက် ထွက်မလာဘူး။ ထွက်လာတဲ့ တယောက် နှစ်ယောက်လည်း ဘာသာတွေပြောင်းကုန်ရော။ ကျနော်တို့ရဲ့အထောက်အပံ့မှမရှိတာကိုး။

အမေရိကန်နိုင်ငံရဲ့သမိုင်းအတိတ်ကို ပြန်ကြည့်ရမယ်။ တစ်ချိန်က ကျွန်သဘောက်ဘဝနဲ့ နေခဲ့ရတဲ့ လူမည်း အမျိုးသားတွေသာ အဲ့ဒီလို နောက်ဆုတ်ခဲ့မယ်ဆိုရင် အိုဘားမားဆိုတဲ့ လူမည်းကြီး အမေရိကန်သမ္မတ ဖြစ်လာစရာ မရှိပါဘူး။ သူတို့က ထိုက်တန်တဲ့နေရာကို ရအောင် ကြိုးစားပြီး ဝင်ယူတယ်။ ဘယ်သူပေးပေး မပေးပေး ကျော်လွှားပြီးယူတယ်။ ဘောလုံးသမားလား၊ ကြည့်လိုက် လူမည်း။ သီချင်းဆိုတဲ့ မိုက်ကယ်ဂျက်ဆင်၊ လူမည်း။ ရုပ်ရှင်မင်းသား ဒန်ဇဲလ်ဝါရှင်တန် လူမည်း။ နေရာတိုင်းမှာ လူမည်း။ နေရာမပေးလို့မရအောင် ကြိုးစားထားတာ။ ခင်ဗျားအကောင်းဆုံးဖြစ်နေဖို့သာ လိုတာပါ။ ကျွန်တော်တို့က ရောက်တဲ့နေရာမှာ ပညာကိုအကောင်းဆုံးဖြစ်အောင် အသုံးချသင်ယူဖို့ဘဲလိုတယ်။ အောင်မြင်မှုက နောက်က လိုက်လာမှာပါ။ နောက်ဆုံးလုပ်ပိုင်ခွင့် အခွင့်အာဏာဆိုတာ စဉ်းစားရမှာက လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး ဒါကိုဘဲ ပြောနေတာမဟုတ်ဘူး။ လူမှုရေးပါဝါတွေရော ဘယ်လောက်ရှိလို့လဲ။ လူလေးစားလောက်တဲ့ အခြေအနေမျိုးရှိလား။ လူထု ခေါင်းဆောင်အနေအထားမှာရော ရှိလား။  ဒါမှမဟုတ် ဒေါက်တာယူနွတ်စ်လို ပုဂ္ဂိုလ်မျိုးရော ရှိလား။

မွတ်စလင်ကမ္ဘာမှာတော့ အနည်းအကျဉ်းရှိတာပေါ့။ ဆိုးတာက ပိုများတယ်။ အခုဘဲမကြာခင် (၂၀၂၀)ေPlan ရှိလဲ။ ဘာမှမရှိဘူး။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းဟာ (၂၀၂၀)အလွန်မှာ ဘယ်လိုပြင်ဆင်ထားကြ မလဲဆိုတာ စဉ်းစားပြီး စီးပွားရေး၊ ပညာရေး၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ ပါဝါနဲ့ ပတ်သက်ပြီး အကောင်းဆုံးပြင်ဆင်နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း ရပ်နားလိုက်ပါတယ်။

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး