ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ် (အပိုင်း-၂) မုဖ်သီ ဦးသန်းအောင် (LL.B)

ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ် (အပိုင်း-၂)

မုဖ်သီ ဦးသန်းအောင် (LL.B)

                လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့ခင်ဗျား –

            အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟ်

            ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအာဟ် ခွတ္တဗာဟ် ဟောပြောတင်ပြခွင့်ရရှိတဲ့ အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရဝပြု ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကြွရောက်အားပေး နားသောတဆင်နေကြပါသော လူကြီးမင်းများ အားလုံးကို လည်း ကျေးဇူးတင် ဂါရဝပြုပါကြောင်း ပြောကြားလိုပါတယ်။

            ကျွန်တော်ဒီနေ့ တင်ပြမယ့်ခေါင်းစဉ်ကတော့ ပြီးခဲ့တဲ့(၂၈-၆-၂၀၁၉)ရက်နေ့မှာတင်ပြခဲ့တဲ့ “ကုရ်အာန်ကညွှန်ပြသော လူမှုကျင့်ဝတ်”ဆိုတဲ့ ခေါင်းစဉ်ရဲ့ အပိုင်း-၂ ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးသိထားတဲ့ အစ္စလာမ်၊ နာခံအပ်နှင်းခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ လမ်းစဉ်ကို ပုံဖော်တဲ့ ဒီန် ဘဝတည်ဆောက်မှုလမ်းစဉ်ဟာ ကျန်တဲ့ဘာသာ သာသနာတွေနဲ့ နဲနဲလေး မတူညီတဲ့အပိုင်းတွေ ရှိနေပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဘာသာရေးလို့ပြောလိုက်ရင် တော်တော်များများလူတွေ နားလည်လိုက်တာက ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်းဆိုတဲ့ အပိုင်းလောက်မှာဘဲ သဘောပေါက်ထားကြပါတယ်။

            အစ္စလာမ်ကိုလည်း အခြားသော ဘာသာသာသနာတွေရဲ့ ရှုထောင့်ကနေကြည့်လိုက်ရင် အစ္စလာမ်က သူတို့ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ဘာသာသာသနာ၊ ဝတ်ပြုဆုတောင်းတာတွေလောက်နဲ့ မပြီးဘဲနဲ့၊ အစ္စလာမ်ရဲ့ ဘဝတည်ဆောက်မှု လမ်းစဉ်ကို လက်တွေ့လိုက်နာကျင့်သုံးနေတဲ့ မွတ်စလင်မ်တွေရဲ့ ဘဝတည်ဆောက်မှု ပုံသဏ္ဍာန်က ကွဲပြားလျှက်ရှိနေတာကို မြင်နေကြပါတယ်။ တကယ်လည်းဘဲ ဟုတ်ပါတယ်။ အစ္စလာမ်ရဲ့ ဒီန်ဘဝတည်ဆောက်မှုလမ်းစဉ်က လောကီကို စွန့်လွှတ်ဖို့ မသင်ကြားပါဘူး။ အဲဒီလောကီကို စွန့်လွှတ်ဖို့ မသင်ကြားပေမယ့်လည်း၊ အဲဒီလောကီအရေးကို ဆောင်ရွက်နေရင်းနဲ့ အနာဂတ်ကာလလို့ ပြောတဲ့ လောကုတ္တရာအရေးကိုလည်း ဆောင်ရွက်ဖို့ အစ္စလာမ်က သင်ကြားပေးထားပါတယ်။

            တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က ကျွန်တာ်တို့ကို လမ်းနှစ်သွယ်ကိုပြထားတယ်။ လမ်းတစ်သွယ်က ဖြောင့်မတ်မှန်ကန်တဲ့(ဆွေရသွလ် မွတ်စ်သကီမ်)ဆိုတဲ့ လမ်းစဉ်၊ နောက်လမ်းတစ်သွယ်က လူတွေစိတ်ကူးနဲ့ ပုံဖော်ပြီး ကောင်းမယ်ထင်လို့လုပ်နေတဲ့ အလ္လာဟ်သတ်မှတ် ပြဌာန်းထားခြင်းမရှိတဲ့လမ်းစဉ်၊ အဲဒီလမ်းနှစ်သွယ်ကို ကျွန်တော်တို့ကို ပြထားပါတယ်။

            လူတစ်ယောက်က၊ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ရွေးချယ်ရမှာက လမ်းမှန်ကိုလိုက်ဖို့ရွေးမှာလား၊ လမ်းမှားမှာပဲ ပျော်မွေ့ပြီးနေလိုက်မှာလား ဆိုတာကတော့ အဲ့ဒီ လူ့အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်းဝင်၊ လူတစ်ဦးချင်းစီရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်၊ ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်တဲ့ ကျင့်သုံးမှုရရှိပြီး ဖြစ်တာဟာ၊ သက်ရှိအားလုံးထဲမှာ လူသားတစ်မျိုးဘဲရှိပါတယ်။ အဲ့ဒီလူသားမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ သူကြိုက်တာကိုရွေးချယ်၊ ပြီးရင်ဆုံးဖြတ်၊ သူကြိုက်တဲ့အတိုင်း ကြံစည် ပြုမူလုပ်ကိုင်ဆောင်ရွက်၊ ဒါပေမယ့် လူသားမှာ စိတ်တိုင်းကျ ရွေးချယ်လို့မရတဲ့ အခြေအနေတစ်ရပ်ရှိပါတယ်။

            အဲ့ဒါကဘာလဲဆိုရင် မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်၊ ကြံစည်ပြုမူ၊ လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်၊ တုန့်ပြန်မှုရလာဒ် (ကာနူးန်၊ မုကဖသေအမလ်)လို့ ခေါ်တဲ့Law of Requital ၊ အလ္လာဟ်အရှင်မြတ်က သတ်မှတ် ပြဌာန်းထားတဲ့ တုန့်ပြန်မှုရလာဒ်ကိုတော့ သူရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ အလ္လာဟ်အရှင်မြတ်က အလွန်တရာဘဲ တရား မျှတတော်မူတဲ့အရှင် ဖြစ်တဲ့အတွက် လူသားကို၊ စောစောက ရွေးချယ်ပိုင်ခွင့်ပြုပြီးတဲ့အခါမှာလည်း သူ့ကို သူ့ဝန်သူထမ်းဖို့ တာဝန်ပေးအပ်လိုက်ပါတယ်။ တစ်နည်းအားဖြင့် လူဆိုတာ ကိုယ့်ဝန်ကိုယ်ထမ်းရမယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။ (ဝအလ်လိုင်စ လီလ်အင်န်စန်၊ အိလ္လာ မာစအာ) လူသားဟာကိုယ်ကိုယ်တိုင်ရဲ့ ကြိုးပမ်းအားထုတ်မှုရဲ့ ရလာဒ် အကျိုးဆက်ကိုပဲ ရပိုင်ခွင့်ရှိတယ်။ အဲ့ဒီတော့ ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့ အပိုင်းကို တွေ့ရပါတယ်။

            ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ်အမှတ် ၆ ၊ အာယသ်အမှတ် ၁၆၄ မှာ “မည်သူမဆို မည်သည့် တစ်စုံတစ်ရာကို ရှာဖွေဆည်းပူး ပြုလုပ်မယ်ဆိုရင် အဲ့ဒီအကျိုးဆက်ရလာဒ်ဟာ ထိုသူ့အပေါ်မှာဘဲ တာဝန်ရှိသည်”  ။ တစ်နည်းအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဟာ မိမိကိုယ်တိုင်ရဲ့အပေါ်မှာဘဲ မူတည်နေပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေဖြစ်တဲ့ အားလျော်စွာ များသောအားဖြင့် လူ့သဘာဝမှာ ကိုယ်နဲ့ အကြီးအကဲများဖြစ်တဲ့ အနီးစပ်ဆုံးက မိဘ၊ ပြီးရင် ဆရာသမားတွေ၊ ပြီးရင် အကြီးအကဲတွေ၊ တာဝန်ရှိတဲ့လူတွေ အဆင့်ဆင့်ကို ကျွန်တော်တို့က တစ်နည်းအားဖြင့် ခေါင်းလွှဲချလေ့ရှိပါတယ်။

            အဲ့ဒီကနေ နောက်ဆုံး ရှိုင်သွာန်ဆီရောက်သွားတယ်။ ရှိုင်သွာန်လုပ်လို့ ကျွန်တော်လမ်းလွဲသွားတာပါလို့ ပြောကြတယ်။ အဲ့ဒီထက်ဆိုးတဲ့ လူတွေရှိတယ်။ ရှိုင်သွာန်ရဲ့ ညီနောင်သားချင်းများဆိုတဲ့အုပ်စုတွေ၊ အဲဒီလူတွေက ဘယ်သူဆီအထိ ပို့လိုက်ကြသလဲဆိုရင် အလ္လာဟ်လုပ်လို့ ကျွန်တော်လမ်းလွဲသွားတာပါလို့တောင် ပြောကြတယ်။ ကျွန်တော် ဒီလိုဖြစ်တာဟာ ကျွန်တော့် ဆရာကြောင့်၊ ကျွန်တော့် မိဘကြောင့်၊ ကျွန်တော့်အကြီးအကဲကြောင့်လို့ ပြောပြီး အဲ့ဒီကိစ္စကြောင့် အပြစ်ဒဏ်ခံရရင် သူတို့ခံပါလိမ့်မယ်လို့ ပြောကြပါတယ်။ ဒါမျိုးတွေ ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ အများကြီး တွေ့နေရပါတယ်။ ကိုယ့်ကြောင့်လို့ပြောဆိုပြီး ပြုပြင်ပြောင်းလဲသူ လူနည်းစုသာရှိပါတယ်။

            ဆက်လက်ပြီး လေ့လာကြည့်မယ်ဆိုရင် “ ၎င်းပြင် မည်သည့် သယ်ပိုးထမ်းရွက်သူ တစ်ဦးတစ်ယောက်ကမျှ မည်သူ၏ ဝန်ထုပ်ဝန်ပိုးကိုမျှ သယ်ပိုးထမ်းရွက်ပေးလိမ့်မည် မဟုတ်ပါ” ၊ ကိုယ့်ဝန်ကိုယ်ထမ်းရမယ်။ ကိုယ့်အားကိုယ်ကိုးရမယ်။ တစ်နည်းအားဖြင့် ကိုယ်လုပ်သမျှ ကိုယ်ဖြစ်ကိုယ်ခံဆိုတာဟာ ဒါတကယ့် ကုရ်အာန်ကညွှန်ပြတဲ့ တိကျတဲ့အဖြေလို့လဲ ကျွန်တော်တို့ ယူလို့ရပါတယ်။

            အစ္စလာမ်က ထူးကဲတဲ့ အရည်အသွေးတွေ ဖော်ညွှန်းနေတယ်။ ကုရ်အာန်က သွန်သင်ဆုံးမတဲ့အရာတွေ၊ လမ်းညွှန်ချက်တွေက ကျွန်တော်တို့ကို လူ့ဘဝကြီးထဲမှာ နေထိုင်နေတဲ့အချိန်မှာ ဘယ်လိုပြောဆို၊ ပြုမူ၊ ကျင့်ကြံနေထိုင် အားထုတ်ရမယ်၊ လူတွေနဲ့ ဘယ်လိုပြောဆို ပြုမူ၊ ကျင့်ကြံနေထိုင် အားထုတ်ရမယ်၊ လူတွေနဲ့ဘယ်လို ပတ်သက်ရမယ်၊ လူ့ကျင့်ဝတ်တွေ ဘာတွေရှိလည်းဆိုတာကိုလည်း သင်ပေးပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် ၆ ၊ အာယသ် ၁၅၂ နဲ့ ၁၅၃ မှာ ကိုယ်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ)က သူ့ရှေ့မှာရှိတဲ့ အရင်ကကျမ်းရပုဂ္ဂိုလ်တွေရော၊ ဆွာဗေဟီးန်ဆိုတဲ့ ကြယ်တာရာ တွေကို ကိုးကွယ်တဲ့ လူတွေရော၊ မူရ်ှရစ်က်လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်ကို တစုံံတရာနဲ့ တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ် နေတဲ့လူတွေရော၊ ကာဖိရ်လို့ခေါ်တဲ့ သွေဖည်ငြင်းဆန်နေတဲ့အုပ်စုတွေရော၊ တနည်းအားဖြင့် လူသားအားလုံးကို သတင်းစကားပေးဖို့ ဒီအာယသ်မှာ ဖော်ညွှန်းနေတာကို တွေ့ရပါတယ်။

            (ကုလ် သအာလောင် အသ်လု မာ ဟရ်ရမာ ရဗ္ဗုကွန်မ်၊ အလိုင်ကွန်မ်) “ အို…တမန်တော်… အသင် ပြောဟော ကြေညာလိုက်ပါ။ အသင်တို့လာရောက်ကြလေကုန်။ အသင်တို့ရဲ့ပြုစုပျိုးထောင်တဲ့အရှင်က အသင်တို့ကို ထိထိရောက်ရောက်  တားမြစ်ပိတ်ပင်ထားတဲ့ (တစ်နည်း) ဟရမ် သတ်မှတ်ထားတဲ့ ကိစ္စတွေကို ကျွန်ုပ်ဖတ်ကြားတင်ပြပါမယ်။ ”  (ဝလာသုရှ်ရိကု ဗိဟီ ရှိုင်းအာ) “ အလ္လာဟ်အရှင်မြတ်ကို မည်သည့် တစုံတရာနှင့်မှ တုဖက်နှိုင်းယှဉ် ယှဉ်တွဲကိုးကွယ်၊ ယုံကြည်အားထားခြင်း လုံးဝ မပြုကြနဲ့။ ”  (ဝဗီလ် ဝါလေဒိုင်းနိ အိဟ်စါနာ) “ မိဘနှစ်ပါးနဲ့ ပတ်သက်ပြီး အသင်တို့ဟာ ညီညွတ်မျှတ အချိုးအစားကျပြီး သူတို့ကို အကောင်းဆုံးပြောဆို ပြုမူလုပ်ကိုင်ဆောင်ရွက်ပါ။ သူတို့ဘဝမြှင့်တင်ဖို့၊ အကျိုးရှိဖို့ လုပ်ဆောင်ကြပါ။ တစ်နည်းအားဖြင့် သူတို့သက်တမ်း ရှိသမျှနဲ့ ကောင်းစွာ ပြောဆိုပြုမူ၊ ယုယ၊ ကြင်နာစွာနှင့် သူတို့ရဲ့ကျန်းမာရေး လိုအပ်ချက်ကစလို့ သူတို့ ကွယ်လွန်သေဆုံးသွားပြီဆိုရင် သူတို့ရဲ့ နာရေးကိစ္စ ဆောင်ရွက်တဲ့အထိ သားသမီးတွေဟာ မိဘတွေအပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းရွက်ရမယ်လို့ သင်ပေးထားပါတယ် ။  ”  

            စောစောက ဟရမ်လို့ပြောပြီး တားမြစ်ချက်၊ အခုက တိုက်တွန်းချက်ဖြစ်ပါတယ်။ အလ္လာဟ်ကို ရှရိက်လုပ်ရင် ဟရမ်၊ မိဘကို စောစောက ညွှန်ပြထားတဲ့အချက်နဲ့ ဆန့်ကျင်ဘက်လုပ်ကိုင်လိုက်ရင်၊ ဒါက စဉ်းစားစရာပါ။ မိဘကို ပြုစု၊ ယုယကြင်နာ ပိုက်ထွေးဖို့ ဘယ်လောက်အရေးပါသလဲဆိုရင် အရှေ့မှာ အလ္လာဟ်အရှင်မြတ်နဲ့ ပတ်သက်တဲ့ကိစ္စကို တင်ပြပြီးတဲ့အချိန်မှာ မိဘနဲ့ပတ်သက်တဲ့ကိစ္စကို တင်ပြပါတယ်။

            (ဝလာ သာက်သူလူ အောင်လာဒကွန်မ် မီန်အင်မ်လာက်) “ အသင်တို့ရဲ့ရင်နှစ်သည်းခြာ သားသမီးတွေကို ငတ်မွတ် ခေါင်းပါးမှုကို စိုးရိမ်သောအားဖြင့် မသတ်ကြနဲ့။ ” ဘာသာပြန် (တိုက်ရိုက်)က မသတ်ကြနဲ့။ ဒီဆိုလိုရင်းကို စဉ်းစား ကြည့်လိုက်တော့ “ကသလ်” လုပ်တယ်ဆိုတာက ကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာမဲ့သွားအောင်လုပ်တာ။ သူတို့ရဲ့ဘဝ အညွန့်တလူလူတက်လာမယ့်ကိစ္စကို ပျက်စီးအောင်လုပ်တာ။ အသိမဲ့သွားအောင်၊ ပညာမဲ့သွားအောင် လုပ်တာ။ ဒီနေ့ အင်မတန် ခေတ်စားနေတဲ့ သက်ငယ်မုဒိန်းကျင့်တယ်ဆိုတဲ့ ကိစ္စဟာ အဲဒီ့ကလေးရဲ့ဘဝကို သတ်ပစ်လိုက်တာနဲ့အတူတူပဲ။ အခုခေတ် ဖြစ်ပေါ် ဖြစ်ပျက်နေတာတွေကိုပါ ဒီအထဲမှာ ထည့်လို့ရတယ်။ အရွယ်မရောက်၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်လေးတွေကို ကျွန်တော်တို့ နေ့စဉ် တွေ့ကြုံမြင်တွေ့နေရတဲ့ ယဉ်ပါးနေတဲ့ တောင်းစားခိုင်းတာတွေ၊  လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ ကလေးလုပ်သား အများကြီးပါ။ ပညာသင်ရမယ့်အချိန်မှာ ပညာမသင်ရဘဲနဲ့ သူတို့ဟာ အလုပ်သမား အဖြစ်နဲ့ နေနေရတာဟာ ကလေးတွေရဲ့ ဘဝကို သတ်တာပါ။ မလုပ်ကြနဲ့လို့ တားထားတာကအစ္စလာမ်ပါ။ ကုရ်အာန်ပါ။ သေသေချာချာ လေ့လာမယ်ဆိုရင် အစ္စလာမ်က ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက စနစ်တကျ ပုံဖော်ပေးထားတယ်။ စကားလုံးကတစ်လုံးတည်း။ ငတ်မွတ် ခေါင်းပါးသွားမှာကို စိုးရိမ်ပြီး ကလေးတွေကို မသတ်ကြပါနဲ့တဲ့။ ကျွန်တော်တို့ အများစုက ထင်နေတာ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စ တစ်ခုလောက်ကိုဘဲ ကုရ်အာန်က ရည်ညွှန်းတယ်လို့ ထင်နေတာ။ ဒါက လူူ့အဖွဲ့အစည်းဝင်တွေ အားလုံးမှာလည်း တာဝန်ရှိပါတယ်။

            (နဟ်နူ နရ်ဇူကူ ကွန်မ် ဝအိယာဟွန်းမ်) “ ငါ (အလ္လာဟ်အရှင်မြတ်)သည် အသင်တို့ကို လိုအပ်ချက်အဝဝကို ထောက်ပံ့ဖြည်းဆည်းပေးနေသလို၊ သူတို့ကိုလည်း လိုအပ်ချက်ကို ထောက်ပံ့ဖြည့်ဆည်းပေးနေတော်မူသောအရှင် ဖြစ်သည်။ ”            (ဝလာ သာက်ရဗူလ် ဖဝါဟိရှ မာဇွဟရ မီန်ဟာ ဝမာ ဗသွာန်) “ လူနှင့်လူ့ပတ်ဝန်းကျင်က လက်ခံနိုင်စွမ်းမရှိသော မတရားမှု၊ မကောင်းမှုအစုစုကို အရှက်အကြောက် ကင်းမဲ့သော၊ စက်ဆုပ်ရွံရှာဖွယ်ရာကိစ္စများကိုအထင်အရှားဖြစ်စေ၊ ပုန်းလျှိုး ကွယ်ဝှက်၍ဖြစ်စေ ကြံစည်ပြုမူခြင်း အနားသို့ပင်မကပ်ကြလေနှင့်။ ”  အနားတောင်မကပ်နဲ့လို့ပြောတာ၊ ကျူးလွန်ဖို့ဆို အဝေးကြီး။ ဖဝါဟိရှ် ဆိုတာက လူ့ကျင့်ဝတ်သိက္ခါဖောက်ဖျက်ခြင်း၊ တရားမျှတမှုမရှိခြင်း။ မတရားသော၊ မမှန်ကန်သော နည်းလမ်းဖြင့် စီးပွားရှာခြင်း၊ ပြောရင်တစ်မျိုး၊ လုပ်ရင်တစ်မျိုး၊ လောဘကြီးပြီး စေးနဲတွန့်တိုခြင်းတို့ ဖြစ်ပါတယ်။

            စောစောက ကလေးသူငယ်တွေမှာ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံယူပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ရေး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေ ရထိုက်ကြောင်း တွေ့ရပါတယ်။ ဒီအာယသ်တော်မှာ စကားလုံးလေး တစ်ခုတည်း (ကသလ်)နဲ့ ကလေးသူငယ်များ၏ ရပိုင်ခွင့် အခွင့်အရေးတွေကို ဖော်ညွှန်း ထားတာကို တွေ့ရပါတယ်။

(ဝလာ သာက်သူလူန် နပ်ဖ်ဆာလ်လသီ ဟရ်ရမလ်လားဟု အီလ်လာဗီလ်ဟာက်)ဒီအာယသ်ရဲ့ ဘာသာပြန်မှာတော့ကျွန်တော်က မူလဘာသာပြန်ဆိုမှုနဲ့မတူတဲ့ ဘာသာပြန်ဆိုမှုနဲ့ဖွင့်ဆိုပြပါမယ်။ တိုက်ရိုက်ဘာသာပြန်က “ အလ္လာဟ်အရှင်မြတ် က ဟရမ်သတ်မှတ်ထားသော မည်သည့်လူသားတစ်ယောက်ကိုမျှ အမှန်တရား အကြောင်းပြချက်မှတစ်ပါး အသင်တို့ မည်သူ့ကိုမျှ မသတ်ကြလေနှင့် ” ဒီအာယသ်ပါ ဟရမ်ဆိုတဲ့ အဓိပ္ပါယ်က တစ်ဖက်ကတားမြစ်တာ။ နောက်တစ်ဖက်က မက္ကာမှာ ရှိတဲ့ ဝတ်ကျောင်းတော်ကြီးကို ဘယ်လိုခေါ်သလဲဆိုတော့ မဲစ်ဂျစ်ဒီလ် ဟရမ်လို့ ခေါ်ကြတယ်။ အဲဒီမှာ ဟရမ်ဆိုတဲ့ စကားလုံး ပါတယ်။ အဲ့ဒါကို ဘာသာပြန်တဲ့အခါကျတော့ မြင့်မြတ်သောကျောင်းတော်။ ဘာကြောင့်မြင့်မြတ်သွားတာလဲ။ စောစောက ပြောတဲ့ မကောင်းမှု ဒုစရိုက်ပါ ပညစ်ကျုအစုစုကနေ ကင်းစင်နေတဲ့အတွက် မြင့်မြတ်သွားတာ။ လူဆိုတဲ့သက်ရှိကို အလ္လာဟ်အရှင်မြတ်က လူ့ဂုဏ်သိက္ခာများစွာနဲ့ ဂုဏ်ပေးချီးမြှောက်ထားတယ်။အလ္လာဟ်အရှင်မြတ်က ဂုဏ်ပေးချီးမြှောက်စွာနဲ့ ချီးမြှင့်ထားတဲ့ လူ့အသက်ကို မှန်ကန်ဖြောင့်မတ်သော တရားဥပဒေရဲ့ ဆုံးဖြတ်ချက်မှတပါး ဘယ်သူ့ကိုမှ မသတ်ရဘူး။ အစ္စလာမ်က လူ့အသက်ကို အဲ့ဒီလောက်တန်ဖိုးထားရတယ်။ ဥပမာ – လူတစ်ယောက် ပြစ်မှုကျူးလွန်လိုက်တာဟာ သေစားသေစေ ပြစ်ဒဏ် ထိုက်သင့်တဲ့ကိစ္စရှိရင် သူ့ကို သေဒဏ်ပေးဖို့ တာဝန်ရှိတာက တရားစီရင်ရေးအဖွဲ့ဖြစ်တယ်။ အမိန့်စီရင်ချက်ချမှ သတ်လို့ရတာ။ ကျွန်တော်တို့ ငယ်ငယ်က သူခိုးမိရင် ဝိုင်းပြီးဆွမ်းကြီးလောင်းကြတယ်။ အခုတော့ သူခိုးပြေးလာတာ တွေ့ရင်တောင် အနားမကပ်ရဲတော့ဘူး။ အခုခေတ်သူခိုးတွေက ကျွန်တော်တို့ထက်မိုက်တယ်။ သူတို့မှာ ဒါးပါလာတယ်။ အရင်က သူခိုးတွေက ဒါးမပါဘူး။ အရမ်းသဘောကောင်းတယ်။ ခိုးဖို့လာရင် ခိုးပဲခိုးတယ်။ မိရင်ပြေးတယ်။ အခုသူခိုးတွေက ခိုးတယ်။ မိရင် လုယက်တယ်။ နောက်တဆင့်လူကိုရန်ပြုပြီး သတ်တယ်။ အဆင့်မြင့်သွားပြီ။

(ဇာလေကွန်မ် ဝါစ်စွာကွန်မ် ဗိဟီ၊ လအလ်လကွန်မ် သအ်ကိလွန်န်) “ အလ္လာဟ်အရှင်မြတ်က ဒီအရာကို အသင်တို့ကို သေသေချာချာ လမ်းညွှန်မိန့်ကြားနေပါတယ်။ ဒါမှသာအသင်တို့ဟာ သေသေချာချာ သိနားလည် သဘောပေါက်ကြပေမည်။ ” ဒီအာယသ်မှာ အချက် ၅ ချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။

(၁)        အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ်အားထားမှုပြုခြင်း ရှရိက်ကို   ဟရမ်အဖြစ် ထိထိရောက်ရောက်တားမြစ်ထားပါတယ်။

(၂)        မိဘနှစ်ပါးအား ရိုသေလေးစားလျှက် ကောင်းမွန်စွာပြောဆို ပြုမူစောင့်ရှောက်ပေးမှု၊ ကူညီယုယထောက်ပံ့ရန်။

(၃)        ဆင်းရဲမွဲတေ ငတ်မွတ်မှုကို အကြောင်းပြ၍ စိုးရိမ်ကြောင့်ကြပြီး မိမိရင်သွေးတို့ုကို ပညာမဲ့အောင်၊ အသိမဲ့အောင်၊ ပျက်စီးအောင်ပြုခြင်း၊ သတ်ဖြတ်ခြင်း မပြုကြရ။ မိမိကိုယ်တိုင်၊ မိဘနှစ်ပါးနှင့် သားသမီးတို့အား အလ္လာဟ်ကသာ ထောက်ပံ့ကျွေးမွေးထားခြင်းသာ ဖြစ်သည်။

(၄)        စက်ဆုပ်ရွံရှာဖွယ် ညစ်ညမ်းသော ကိစ္စရပ်များ ကျူးလွန်ရန်မဆိုထားနှင့် အနားသို့ပင် မကပ်ကြရပါ။ ခိုးခြင်း၊ လုယက်ခြင်း၊ လိမ်လည် အလွဲသုံးစားပြုလုပ်ခြင်း၊ ကာမေသုမိစ္ဆစာရကံကျူးလွန်ခြင်း (မုဒိန်းမှု)၊ လုယက်သတ်ဖြတ် (ရာဇဝတ်မှုမျိုးစုံ)၊ ယဉ်ကျေးသောလူ့ အသိုင်းအဝိုင်းက လက်ခံနိုင်ဖွယ်မရှိသော ကိစ္စရပ်များမပြုလုပ်ရန်။

(၅)        တရားဥပဒေပြဌာန်းသတ်မှတ်ချက်အရ သေဒဏ်၊ ပြစ်ဒဏ်ထိုက်သင့်စေသော စီရင်ချက်ချမှတ်ခံရခြင်း မှတပါး လူ့အသက် မသတ်ရပါလို့ ညွှန်ပြသတိပေး နှိုးဆော်ဆုံးမ လမ်းညွှန်မိန့်ကြားထားတာ လေ့လာ တွေ့ရှိရပါတယ်။

ဆက်လက်ပြီး စူရာဟ် ၆ အာယသ်တော် ၁၅၃ မှာ ဖော်ပြထားတာက “ထို့ပြင် အသင်တို့သည် ကောင်းမွန်တိုးတက် စေလိုသောနည်းလမ်း (ရည်ရွယ်ချက်) မှတပါး၊ မိဘမဲ့(ခိုကိုးရာမဲ့)၊ ကလေးသူငယ် (လူငယ်လူရွယ်) တို့၏ ပစ္စည်းဥစ္စာ အရင်းအမြစ်၏ အပါးသို့၊ ၎င်းတို့ လူလားမြောက်အရွယ်ရောက် (အသက်ပြည့်)သည်အထိ မချဉ်းကပ်ကြလေနှင့်။ ”

ဒီအာယသ်မှာပါတဲ့ ယသီမ်ကို ကျွန်တော်တို့ သိထားတာက အဖမဲ့၊ မိဘမဲ့၊ အဲဒီလောက်မှာဘဲ မရပ်ဘဲနဲ့ လူတစ်ယောက်က တခြားလူရဲ့ ပံ့ပိုးကူညီအားပေးမှု အထောက်အပံ့မှမရရင် သူ့ဘဝ ရပ်တည်ဖို့ခက်နေတယ်ဆိုရင် (မိဘ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အဲ့ဒီအချိန်မှာ အဲ့ဒီလူဟာ ယသီမ် ဖြစ်ပါတယ်။ အရေးကြီးဆုံးက အိမ်တွေမှာ အကြီးအကဲတွေ၊ ဥပမာ အစ်ကိုအကြီးဆုံး၊ အမအကြီးဆုံး၊ သြဇာရှိတဲ့လူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ မိဘနဲ့အတူ အလုပ်အတူ လုပ်နေတဲ့လူတွေ ဖြစ်ပါတယ်။ ယသီမ်ကလေးများရဲ့ ရပိုင်ခွင့်ကို မတရားယူ စားသောက်သူတွေဟာ မီးခဲကို မျိုချစားသောက်တာနဲ့ပမာညီတယ် ဆိုတဲ့ ကုရ်အာန် အာယသ်တော်တွေလည်း ရှိပါတယ်။

“ထိုမှတပါးအသင်တို့သည် အခြင်အတွယ်၊ အတိုင်းအတာ၊ အချိန်အတွယ်၊ မျှတစွာဖြင့် အပြည့်အ၀ ပြုလုပ်ပေးကြ ပါလေ။ ” အလေးတင်းတောင်း အချိန်အတွယ်သာမက လူသားတွေရဲ့ မည်သည့်ရပိုင်ခွင့်အခွင့်အရေး၊ အခွင့်အလမ်း ကိစ္စရပ်တွေကိုမဆို မှန်မှန်ကန်ကန်၊ အညီအမျှ၊ မျှမျှတတ အပြည့်အဝပေးကြပါလို့ သင်ကြားပေးနေကြောင်း သဘောပေါက်မိ ပါတယ်။ “ငါအရှင်မြတ်သည် မည်သည့်လူသား တစ်စုံတစ်ဦးကိုမျှ ၎င်း၏ စွမ်းရည်နှင့်အညီမှအပ တာဝန်ပေးတော်မူသည် မဟုတ်ပေ။ ” အလ္လာဟ်အရှင်မြတ်က (လာ နူကလ်လိဖူလ်လာဟူ နပ်ဖ်စန်န်အီလ်လဝုစ်အဟ) အလ္လာဟ်အရှင်မြတ်က လူသားကို သူလုပ်နိုင်တဲ့ အတိုင်းအတာအတိုင်းပဲ တာဝန်ပေးတယ်။ မနိုင်ဝန် မထမ်းခိုင်းဘူး။ ဘက်လိုက်မှုကင်းပြီး မျှမျှတတ အခွင့်အရေးပေးခြင်းကြောင့် တစ်စုံတစ်ဦးမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်ဘူး။      

“အသင်တို့သည် စကားပြောဆိုသည့်အခါ (သက်သေခံရာတွင်ဖြစ်စေ၊ တရားစီရင် ဆုံးဖြတ်ရာတွင်ဖြစ်စေ၊ ကိစ္စရပ် တစ်ခုကို တာဝန် ဝတ္တရားအရ၊ အကြံပြုတင်ပြရာတွင် ဖြစ်စေ) မိမိ၏ နီးကပ်စွာရှိသူ (ဆွေမျိုးသားချင်း၊ မိတ်ဆွေအရင်းအချာ) ဖြစ်သည့်တိုင် တရားမျှတစွာ ပြောဆိုကြရမည်။ ” သက်သေခံမယ်၊ ဒါမှမဟုတ် ကိစ္စရပ်တစ်ခုကို အကြံပြုတင်ပြမယ်၊ ကိစ္စရပ် တစ်ခုကို ဥပမာ ဖသ်ဝါပေးပိုင်ခွင့်ရှိတဲ့ လူနဲ့ လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ကိစ္စရပ်တစ်ခုကို စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေး စတဲ့ လူနဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ မိမိရဲ့ မိဘ၊ သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေရင်းချာ ဖြစ်နေပါစေ၊ (ဖအ်ဒိလူ)တရားမျှတစွာ၊ တော်တည့်မှန်ကန်တိကျစွာ ဆောင်ရွက်ကြပါလို့ အမိန့်ပေးထားပါတယ်။ ဘက်မလိုက်ပါနှင့်။ အဂတိ ကင်းကြရန် ညွှန်ပြချက်ပါ။

တရားမျှတမှု၊ အဒလ် (Justice) အရေးကြီးပါတယ်။ ဒီကနေ့ အဂတိလိုက်စားမှုကိစ္စတွေ များပြားလာတဲ့အတွက် ဥပဒေပြဌာန်းပြီး အရေးယူနေရတယ်။ ကျမ်းတော်မြတ်ကုရ်အာန်က လူတွေ အဂတိမလိုက်စားပါနဲ့လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ထဲက ဖော်ညွှန်းနေတယ်။ ဒါကြောင့် အစ္စလာမ်ဆိုတာ ဘာသာရေးတစ်ခုတည်း မဟုတ်သလို၊ ကုရ်အာန်ဆိုတာကလည်း သီးသန့့်ဘာသာရေးကျမ်းတစ်ခုလို ဘုရားလေးရှိခိုးလိုက်၊ ပုတီးလေးစိတ်လိုက်၊ ဆုလေးတောင်းလိုက်နဲ့ ပြီးသွားမယ့် ကျမ်းတစ်စောင် မဟုတ်ပါဘူး။ လူ့ဘဝတည်ဆောက်မဲ့လမ်းစဉ် (CODE OF LIFE) ဖော်ညွှန်းပေးထားတဲ့ ဘဝတည်ဆောက်မှု လမ်းစဉ် ဒီန်ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။

“ထို့အပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထားရှိသော ကတိသစ္စာများကို တည်ကြရပေမည်။ ” ကျွန်တော်တို့ အလ္လာဟ်နဲ့ ထားထားတဲ့ ကတိတည်ကြရမယ်။ ဖျက်လို့မရဘူး၊ Contract ကိုဖျက်ရင် ဖျက်တဲ့လူဟာ အပြစ်ဖြစ်မယ်။ အလ္လာဟ်နဲ့ ကျွန်တော်တို့ ကတိရှိတယ်။ အဲ့ဒါဘာလဲ။“လားအိလာဟ၊ အစ်လာလ္လာဟ်၊ မုဟမ္မဒူရ် ရဆူလွလ္လာဟ်။ ”  ကျွန်တော်တို့က အလ္လာဟ်ကို ကတိပေးထားတယ်။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်၊ ယုံကြည်၊ ကိုးစား၊ အားထားရာအရှင် အလျင်းမရှိ၊ မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်၏ ရဆူလ်တမန်တော်ဖြစ်သည်ဟု ကတိပေးထားတယ်။ အလ္လာဟ်ကလွဲရင် ကျွန်တော်တို့ မည်သည်ကိုမျှ၊ မည်သူ့ကိုမျှ ကိုးကွယ်အားထားခြင်း မပြုပါဘူးလို့ သက်သေခံထားကြ ပါတယ်။ ကျွန်တော်တို့က တကယ်လက်တွေ့ လိုက်နာကျင့်သုံးတေ့ာ အလ္လာဟ့်အမိန့် ခဏ ထားထားတယ်၊ ရဆူလ် လမ်းစဉ်ခဏ ထားထားတယ်၊ အခု ဆရာတို့ ဆရာသခင်ကြီးတို့ ဘယ်လိုပြောဟော လမ်းညွှန်သလဲ၊ အဲဒါဘဲ အရင်လုပ်လိုက်ပါဆိုရင် ကျွန်တော်တို့ပြောတဲ့ (ဝဘိ အဟ်ဒီလ်လားဟိ၊ အောင်းဖူ) အလ္လာဟ်နဲ့ထားတဲ့ ကတိတည်ကြဆိုတဲ့ လမ်းညွှန် ဘယ်ရောက်သွားလဲ။

ကျွန်တော်တို့နေ့စဉ် စူရာဟ်ဖွာတိဟာ ဖတ်နေကြတယ်လေ။  (အိယာက နအ်ဗုဒူ၊ ဝအိယကအ် နစ္စသာအီးန်)   “အရှင်မြတ်ကိုသာလျှင် သြဇာခံပြီး၊ အရှင်မြတ်ကိုသာနာခံ ဘဝတည်ဆောက် ကိုးကွယ်အားထားပါ၏။ အရှင်မြတ်ထံမှဘဲ မိမိလိုအပ်ချက် အ၀၀ကို တောင်းခံရယုူပါမည်။ ” တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကတိတွေပေးနေကြတယ်။ ပြီးတော့မှ လုပ်ချင်တာ လုပ်နေကြပါတယ်။ အလ္လာဟ်နဲ့ထားတဲ့ ကတိကို တည်ကြပါလို့ အလ္လာဟ်က ကျွန်တော်တို့ကို မှာကြားလမ်းညွှန် တယ်။ အင်ရှာအလ္လာဟ် ကျွန်တော်တို့အားလုံး အလ္လာဟ်နဲ့ထားတဲ့ ကတိကို တည်နိုင်တဲ့ သောင်ဖိက် စွမ်းအား ပေးသနားတော်မူပါစေလို့ ဒုအာလုပ်ပါတယ်။

(ဒီအာယသ်ရဲ့နောက်ဆုံးပိတ်မှာတော့ “ ထိုအရှင်မြတ်သည် အသင်တို့ သိရှိ မှတ်သားနာယူဖော်ထုတ်ကြရန် ဤသည်တို့ကို အမိန့်သတ်မှတ် ပြဌာန်းတော်မူလေသည်။ ” အသင်တို့ သဇါက်ကရူးန် သတိတရားရပြီးတော့၊ ပြန်လည် ဖေါ်ထုတ်နိုင်ကြစေရန် ဇကိရ် လုပ်နေရန်၊ ဘာကြောင့်လဲ၊ ကျွန်တော်တို့ နိစ္စဓူဝ ကျွန်တော်တို့ရဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေနဲ့ လည်ပတ်လုပ်ကိုင် ဆောင်ရွက်နေတဲ့အချိန်မှာ တစ်ခုခုကို ဆောင်ရွက်တော့မယ်ဆိုရင် အဲ့ဒီကိစ္စကို လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား၊ ပြောသင့်သလား၊ မပြောသင့်ဘူးလား၊ ဆောင်ရွက်သင့်သလား၊ မဆောင်ရွက် သင့်ဘူးလား၊ အလ္လာဟ်က ဘယ်လိုလမ်းညွှန်ပြထားသလဲ။ အဲဒါကို သိဖို့လိုအပ်သလို၊ သိတဲ့အတိုင်း လမ်းညွှန်ချက်အတိုင်း၊ လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖေါ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ပြောရသလဲဆိုရင် ဒီအာယသ်ရဲ့ အစမှာပါတဲ့ (အင်န်နမ ဟရ်ရမ)ဆိုတဲ့ကိစ္စ၊ ဟရမ်ပေါ့။

ကျွန်တော်တို့ မွစ်စလင်မ် တွေဟာ ဝက်သားစားတာကို ဟရမ်၊ ဝက်သားက ဟရမ်။ ဒီအာယသ်မှာပါနေတဲ့ အချက် ၉ချက် ရှိတယ်။ အဲဒါတွေကို ကျူးလွန်မိနေရင်ရော ဘာဖြစ်ပြီလဲ။ ဟရမ်အမှုကို ကျူးလွန်ရာ ရောက်သွားမယ်။ အသိ၊ သတိ စွဲမြဲစွာနဲ့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြုြရှောင်ကြဉ်တဲ့လုပ်ရပ်တွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကြိုးစားကြရပါမယ်။ တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က လုပ်ကိုင်ရန် ညွှန်ကြားတဲ့ ညွှန်ကြားချက်များကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းနဲ့ တားမြစ်ပိတ်ပင်ထားတဲ့ လုပ်ငန်းစဉ်များကို ရှောင်ကြဉ်နိုင်စွမ်း အရှင်မြတ် ကျွန်တော်တို့ အားလုံးကို ပေးသနားတော်မူရန် ဆုပန်ဒုအာပြုရင်းနဲ့ ကျွန်တော့်ရဲ့ တင်ပြမှုကို ရပ်နားလိုက်ပါတယ်။