ကျမ်းတော်မြတ်ကုရ်အာန်ပါ ဗဒရ်စစ်ပွဲ – ကုရ်အာန်သုတေသီ နူးရ်ဦးခင်မောင်

ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာမှာ ကျမ်းတော်မြတ်ကုရ်အာန်မှာ ကျွန်တော် လေ့လာ တွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေး ဇူးတင်ပါတယ်။

 

ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစု စောင့် ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော် မြတ်ကုရ်အာန်အကြောင်း ဟောပြောတင်ပြခွင့်ပေး ထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော် မက်စ်ဂျိဒ် ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုး ဖြည့်ဆည်းပေးသူ `ဟာဒီမွန်း´လို့ခေါ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား/အမျိုးသမီးများကို အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်။ ကျွန်တော်တင်ပြမယ့် အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ ကုရ်အာန်မှာပါတဲ့ `ဗဒရ်စစ်ပွဲ´ အကြောင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျာ ကျွန်တော့်ရဲ့တင်ပြမှုကို မရှင်း လင်းခဲ့ရင် ဆွလားသ်ပြီးမှ သီးခြားဆွေးနွေးနိုင်ပါတယ်။

 

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာကဟ်သုဟု´

ဗဒရ်စစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ။ ဗဒရ်စစ်ပွဲ ဖြစ်ပွားခြင်းရဲ့ အကြောင်းရင်းက ဘာလဲ။ တမန်တော် မြတ်မုဟမ္မဒ်(ဆွ)က ဟောပြောတင်ပြ ဖိတ်ခေါ်ခဲ့တဲ့ `သောဝ်ဟီးဒ်´ အလ္လာဟ်တစ်ပါးတည်းရဲ့ ဒီးန်စနစ် ဇယား၊ အစ္စလာမ်ကို ယုံကြည်သူ မွတ်ဆလင်မ်တွေကို မက္ကာဟ်မြို့က ကုရိုက်ရှ်မျိုးနွယ်ဝင် ကာဖိရ်မုရှ်ရိက်များ က မွတ်ဆလင်မ်တွေကို မိမိတို့ရဲ့ နေရပ်ဒေသဖြစ်တဲ့ မက္ကာဟ်မြို့မှာ မနေနိုင်ဘဲ စွန့်ခွာသွားအောင် ညှင်းပန်း နှိပ်စက်မှု၊ ဒုက္ခအမျိုးမျိုးပေးခဲ့တယ်။

 

အဲဒီလို ညှင်းပန်း နှိပ်စက်မှု၊ ဒုက္ခအမျိုးမျိုးကို မခံနိုင်ဘဲ နေရပ်ဒေသမှ စွန့်ခွာသွားခဲ့တဲ့ မွတ်ဆလင်မ် တွေရဲ့ အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းတွေကို သိမ်းပိုက် ခြင်း၊ မွတ်ဆလင်မ်တွေ စွန့်ခွာသွားရောက်ပြီး မှီခိုခဲ့တဲ့ နေရာဒေသ (အဘီဆီးနီးယားနဲ့ မဒီနာမြို့) ရှိ အကြီး အကဲများဆီကို သွားပြီး တိုင်းပြည်မှ `ဟစ်ဂျရသ်´ စွန့်လွှတ်သွားခဲ့သော မွတ်ဆလင်မ်တွေကို ခိုလှုံခွင့် မပေးဖို့ လုံ့ဆော်ခဲ့တယ်။

 

မတော်မတရား ညှင်းပန်းနှိပ်စက်ခြင်းခံရပြီး၊ မဒီနာဟ်မြို့ကိုရောက်ခဲ့တဲ့ မွတ်ဆလင်မ်တွေဘက်က ကုရိုက်ရှ်မျိုးနွယ်ဝင် ကာဖိရ်မုရှ်ရိက်တွေရဲ့ စီးပွားရေး ကို ချုပ်ချယ်ခြင်း၊ ကုန်သည်တွေရဲ့ သွားလာလှုပ်ရှားမှု ကို လက်ရုံးရည်ဖြင့် ပိတ်ပင်ကြတဲ့အတွက် ကာဖိရ်မုရှ် ရိက်တွေက မခံမရပ်ဖြစ်ပြီး ဗဒရ်စစ်ပွဲဖက်ကို ဦးတည်ခဲ့ တာဖြစ်တယ်။

 

ဗဒရ်စစ်ပွဲဟာ ဟစ်ဂျရီ (၂)ခုနှစ် ရမဒွါန်လ (၁၇)ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တမန်တော် မြတ်မုဟမ္မဒ်(ဆွ)ဟာ သက်တော်ထင်ရှားရှိခဲ့စဉ်က စစ်ပွဲပေါင်း(၃၅)ပွဲ ဖြစ်ပွားခဲ့တယ်။ တမန်တော်မြတ်က အချို့ အချို့စစ်ပွဲမှာ ပါဝင်ခဲ့ပေမယ့်၊ အချို့စစ်ပွဲမှာ မပါဝင်နိုင်ခဲ့ဘူး။ မိမိရဲ့ နယ်မြေဒေသမှာ အေးချမ်းသာ ယာရေး၊ စစ်သားစုဆောင်းရေး၊ လက်နက်စုဆောင်း ရေးမှ အချိန်ကုန်သွားခဲ့တယ်။

 

ဒါပေမဲ့ ၀မ်းနည်းစရာကတော့ တမန်တော် မြတ်ကို ချစ်တဲ့၊ မြတ်နိုးတဲ့၊ တမန်တော်မြတ်ရဲ့ စွန္နသ် တွေကို အကောင်အထည်ဖော်တယ်လို့ ပြောနေကြ တဲ့ လူတွေ၊ သူတို့ယုံကြည်ကြတဲ့ ကျမ်းစာအုပ်တွေမှာ တမန်တော်မြတ်ကို အိပ်ယာဝင်နဲ့ ရေချိုးခန်းထဲမှာပဲ အချိန်ကို ကုန်လွန်သွားစေခဲ့တာ တွေ့ရပါတယ်။

 

စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်တယ်ဆိုတာ စစ်သည်တော်တွေကို စနစ်တကျ နေရာချပေးခြင်းဟာ အရေးကြီးတဲ့အတွက် `ဗဒရ်´စစ်ပွဲမှာ တမန်တော် မြတ်မုဟမ္မဒ်(ဆွ)က မိမိရဲ့စစ်သည်တော်တွေကို စနစ် တကျနေရာချပေးခဲ့တဲ့အကြောင်း၊ ခရစ်ယာန်ဘာသာ ၀င် စာရေးဆရာ Mr.Tom Endre က ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူရေးသားခဲ့တဲ့ Life of Mohammed စာအုပ်စာမျက်နှာ (၂၀၃)မှာ တမန်တော်မြတ်ကို ချီးကျူးထားပါတယ်။

 

`ဗဒရ်´စစ်ပွဲနဲ့ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၃) အာယတ်(၁၂၁)မှာ အလ္လာဟ်က မုအ်မင်န်တွေကို ဘာပြောထားလဲ။

 

“တစ်ချိန်သောအခါ အသင်တို့အနက်မှ လူနှစ်စု (တစ်နည်းအားဖြင့်) မျိုးနွယ်စုနှစ်စုက စိတ် ပျက်အားလျော့၊ စိတ်ဓါတ်ကျလုနီးပါး ဖြစ်ခဲ့တယ်။ အမှန်မှာကတော့ အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေဟာ အလ္လာဟ်အရှင်မြတ်အပေါ်မှာ ယုံပုံ လွှဲအပ် အားကိုးအားထားရမှာ ဖြစ်တယ်။ ဘာကြောင့် လဲဆိုလျှင် အလ္လာဟ်သည်သာလျှင် မုအ်မင်န်တွေ အတွက် `၀လီ´မိတ်ဆွေ ဖြစ်ပါတယ်”

 

ဒီအာယတ်တော်မှာပါတဲ့ `ဟွမ်းမွန်´ရဲ့အနက် သဘောတရားကတော့ စိတ်ထဲမှာပေါ်ပေါက်ခြင်း၊ တွေးတောခြင်း၊ စိတ်ပိုင်းဖြတ်ခြင်းဆိုပြီး ကောက်ယူကြ တယ်။ စိတ်အားလျော့ရန် တွေးတောခဲ့သော မျိုးနွယ်စု နှစ်စုမှာ `ဗနူစလ်မဟ်´ နဲ့ ´ဗနူဟာရိဆဟ်´ ဖြစ်ပါ တယ်။

 

အဲဒီလို စိတ်အားလျော့ရန် တွေးတောခြင်းဟာ သူတို့ရဲ့ ယုံကြည်မှု အီမာန်အားနည်းမှုကြောင့် မဟုတ် ပါဘူး။ သူတို့ရဲ့ စစ်သားအင်အား၊ စစ်လက်နက် အင်အား၊ စားနပ်ရိက္ခာနည်းမှုကြောင့်သာ ဖြစ်တယ်။

 

`ဗဒရ်´စစ်ပွဲအတွက် နေရာရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ်(၈) အာယတ်(၅)မှာ အလ္လာဟ်က တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။  “ အသင့်ကို အဆင့်ဆင့်ပြုစုပျိုးထောင် လမ်းညွှန်ရှင် အလ္လာဟ်က အသင့်ကို ထွက်စေခဲ့ တယ်။ အသင်ရဲ့အိမ်တော်မှ မှန်ကန်စွာအားဖြင့် ဧကန်အမှန် မုအ်မင်န်တို့အနက်မှ အချို့ကတော့ သူတို့လိုလား နှစ်သက်ခဲ့တာ မဟုတ်ဘူး။ အသင့်ကို ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက် လမ်းညွှန်ရှင်ဖြစ်တဲ့ အလ္လာဟ် က မှန်ကန်မှုနှင့်တကွ အသင့်ကို အသင်ရဲ့ အိမ်တော်မှ ထွက်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန် မုအ်မင်န်များမှ အချို့က အဲဒီလို ထွက်ရမှာကို နှစ်သက်လိုလားခဲ့တာ မဟုတ်ပေ။ ”

 

ဒီအာယတ်တော်ရဲ့ ဆိုလိုရင်း သဘောက တော့ `ဗဒရ်´စစ်ပွဲကို မြို့ရဲ့အပြင်မှ တိုက်သင့်တယ် လို့ တမန်တော်မြတ်က ထင်မြင်ယူဆပြောဆိုမှုကို တမန်တော်မြတ်ရဲ့ အဆွဟာဘ် ရဲဘော်ရဲဘက်များက အဲဒီလိုထင်မြင်ယူဆ ပြောဆိုမှုကို လိုလားနှစ်သက်ခဲ့ တာ မဟုတ်ဘူး။ သူတို့ရဲ့ပြောဆိုမှုအရ မြို့အပြင်ကို ထွက်ပြီး တိုက်မည်ဆိုလျှင် သေပွဲကို ဦးတည်နိုင်တယ် လို့ ယုံကြည်ခဲ့တယ်။

 

တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ဟာ အလ္လာဟ် အရှင်မြတ်ရဲ့ `၀ဟီ´လမ်းညွှန်ချက်အရ မိမိရဲ့ နေရပ် ဒေသ မက္ကာဟ်မြို့တော်ကို ဟစ်ဂျရသ် စွန့်လွှတ်ပြီး။ မဒီနာဟ်မြို့တော်ကို ရွှေ့ပြောင်းနေထိုင်မှုမှာ (၂)နှစ်ထဲ ကို ရောက်တုန်းပဲရှိတယ်။ မက္ကာဟ်မြို့သား ကာဖိရ် မုရှ်ရိက်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုဟာ မက္ကာဟ်မြို့မှာ အရင်အတိုင်းပဲရှိခဲ့တယ်။ မက္ကာဟ်မြို့က မွတ်ဆလင်မ် တွေကို အဆက်မပြတ် ဒုက္ခပေးနေတဲ့ ရန်သူ ကာဖိရ် မုရှ်ရိက်တွေရဲ့ ကုန်သည်တစ်ခုဟာ အရှ်ရဖီ ခေါ် ရွှေဒင်္ဂါးငါးသောင်းတန်တဲ့ ကုန်ပစ္စည်းတွေကို ယူဆောင်ပြီး ဆီးရီးယားနိုင်ငံမှ မက္ကာဟ်မြို့ကို လာနေ တဲ့အကြောင်း၊ အဲဒီကုန်သည်အုပ်စုကို မက္ကာဟ်မြို့မှာ ကျော်ကြားတဲ့ခေါင်းဆောင်ဖြစ်သူ `အာဗူဝုဖ်ယာန်´က စီမံအုပ်ချုပ်ကြောင်း၊ အဲဒီကုန်သည် အုပ်စုဟာ မဒီနာဟ်မြို့အနီးမှ ဖြတ်သန်းသွားမည်လို့ သတင်းရရှိ ခဲ့တယ်။

 

တမန်တော်မြတ်ရဲ့ အဆွဟာဘ်တွေက ကာဖိရ် မုရှ်ရိက်တွေရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို အလူးအလိမ့်ခံရပြီး နေခဲ့ရတဲ့အတွက် ယခုလို အခွင့် အခါသာတဲ့အချိန်မှာ မက္ကာဟ်မြို့သား ကာဖိရ်မုရှ်ရိက် တွေရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်ရန် အခွင့် ကောင်းတစ်ရပ်ဖြစ်တယ်လို့ အခြေအနေအရ မွတ်ဆလင်မ်တွေရဲ့ စိတ်ထဲမှာ အတွေးပေါ်ခဲ့တာ ဖြစ်တယ်။

 

မက္ကာဟ်မြို့ဆိုတာ ကောက်ပဲသီးနှံထွက်တဲ့ မြို့ဒေသမဟုတ်ဘူး။ မက္ကာဟ်မြို့သူမြို့သားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ အခြားတိုင်းတပါးနဲ့ ကူးသန်းရောင်းဝယ် ဖောက်ကားမှုပေါ်မှာ တည်ရှိခဲ့ တာဖြစ်တယ်။

 

အဲဒီတော့ တမန်တော်မြတ်က အဆွဟာဘ် ရဲဘော်ရဲဘက် (၃၁၃)ပါးနှင့်အတူ အဆွဟာဘ် (၃၁၃) ပါးဆိုတာ စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားတဲ့ စစ်တပ် မဟုတ်ဘူး။ သို့သော် စစ်လက်နက် အပြည့်အစုံ တပ်ဆင်ထားတာမဟုတ်သော်လည်း အလ္လာဟ်အရှင် မြတ်က တမန်တော်မြတ်ကို ချီးမြှင့်ထားတဲ့ အံ့မဆုံး သော အရည်အချင်းနှင့် (၃၁၃)ပါး အဆွဟာဘ်တွေကို စနစ်တကျ စစ်တပ်ဖြစ်အောင် စီစဉ်ခဲ့တယ်။ အဲဒီ အဆွဟာဘ်တွေမှာ ကုလားအုတ်အကောင်(၇၀)နှင့် မြင်း(၂)ကောင်သာ ရှိခဲ့တယ်။

 

အဲဒီလို စီစဉ်တဲ့အချိန်မှာ ဆီးရီးယားနိုင်ငံက ပြန်လာသော ကာဖိရ်မုရှ်ရိက် ကုန်သည်တွေ ဒီသတင်း ကို ကြားသိရတဲ့နောက် အဲဒီကုန်သည်တွေဟာ သူတို့ ကို ကာကွယ်ဖို့အတွက် မက္ကာဟ်မြို့ကို လူလွှတ်ပြီး စစ်တပ်ကိုခေါ်စေခဲ့တယ်။ နောက်ပြီးတော့ ကုန်သည် တွေ အမြဲသွားလာနေကျ ခရီးလမ်းကြောင်းကို ပြောင်း လဲပြီး ပင်လယ်ကမ်းခြေမှ မက္ကာဟ်မြို့ကို ပြန်သွားခဲ့ တယ်။

 

မက္ကာဟ်ကို အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်ဖြစ်သူ `အဗူဂျာဟဲလ်´က အခြားအခြားခေါင်း ဆောင်များနှင့်အတူ စစ်သား(၉၅၀)ပါတဲ့ စစ်တပ်ကို ဦးဆောင်ပြီး စိတ်အားတက်ကြွစွာ မဒီနာဟ်မြို့ကို ဦးတည်၍ စစ်ချီတက်လာပြီး `ဗဒရ်´ဆိုတဲ့နေရာမှာ စခန်းချခဲ့တာဖြစ်တယ်။
`ဗဒရ်´ဆိုတဲ့နေရာဟာ မဒီနာမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၂၀)မှာ တည်ရှိခဲ့တာဖြစ် တယ်။ ဒီဖြစ်ပျက်မှုဟာ ဟစ်ဂျရီ (၂)ခုနှစ် ရမဒွါန်လ ယခုလို (၁၇)ရက်၊ သောကြာနေ့၊ ခရစ်သက္ကရာဇ် (၆၂၄)ခု၊ မတ်လ (၁၁)ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်။

 

စစ်ပွဲမဖြစ်ခင် တမန်တော်မြတ်နဲ့ အဆွဟာဘ် တွေက အခြေအတင်ပြောဆိုမှုနှင့် ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၈) အာယတ် (၆)မှာ အလ္လာဟ် အရှင်မြတ်က ဘာပြောခဲ့လဲ။
“ အဆွဟာဘ် ရဲဘော်ရဲဘက်များက မှန်ကန် တဲ့ အကြောင်းပြချက်နှင့်ပတ်သက်ပြီး အဲဒီမှန်ကန်တဲ့ အကြောင်းတရား ပေါ်လွင်ထင်ရှားခဲ့ပြီးတဲ့နောက် သူတို့ကို သေခြင်းတရားဆီကို မောင်းနှင်ခြင်း ခံရဘိ သကဲ့သို့ သူတို့ မျက်ဝါးထင်ထင် မြင်နေသောအခါ အသင် တမန်တော်နှင့် အပြန်အလှန်ပြောဆို ငြင်းခုံနေ တာ ဖြစ်တယ်။ ”

 

ဒီအာယတ်တော်ရဲ့ဆိုလိုရင်း တရားသဘော ကတော့ `ဗဒရ်´စစ်ပွဲမှာ မွတ်ဆလင်မ်တွေဘက်က (၃၁၃)ယောက်၊ ဒီ (၃၁၃)ယောက်မှာ စစ်လက်နက် မပြည့်စုံမှု၊ စားနပ်ရိက္ခာလည်း မပြည့်စုံမှု၊ ရန်သူ ကာဖိရ် မုရှ်ရိက်ဘက်မှာကျတော့ စစ်သားဦးရေ(၉၅၀) ဖြစ်ပြီး စစ်လက်နက်နှင့် စားနပ်ရိက္ခာမှာလည်း ပြည့်စုံ တယ်။ အဲဒီလို စစ်သားအင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာ အလွန်များပြားပြီး ကွာခြားနေမှုကြောင့် အဆွဟာဘ်အချို့က တမန်တော်မြတ်နဲ့ အပြန်အလှန် ပြောဆို ငြင်းခုံခဲ့တာဖြစ်တယ်။

 

`ဗဒရ်´စစ်ပွဲမှာ တစ်ဖက်က အင်အားနည်းမှု ကြောင့် စိုးရိမ်စိတ်နဲ့ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ် (၃) အာယတ်(၁၂၃)မှာ အလ္လာဟ်က ဘာပြောခဲ့လဲ။ “ ဧကန်မုချ အလ္လာဟ်အရှင်မြတ်က ဗဒရ်စစ် ပွဲမှာ အသင်တို့ကို အကူအညီပေးတော်မူခဲ့တယ်။ အသင်တို့ အင်အားချည့်နဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် အသင်တို့ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက်ကို လိုက်နာရမည်။ အဲဒီလို လိုက်နာမှသာလျှင် အသင်တို့ ကျေးဇူးတရားကို သိတတ်သူတွေဖြစ်မည်။ ”

 

ဒီအာယတ်တော်က အသင်တို့ ဗဒရ်စစ်ပွဲမှာ အင်အားနည်းတဲ့အချိန်မှာ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်က အသင်တို့ကို အကူအညီပေးခဲ့ပြီး ဖြစ် တယ်။ ဒါကြောင့် အသင်တို့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေကို သိတတ်သူတွေ ဖြစ်ကြရန် အလို့ငှာ အရှင်မြတ်ရဲ့ပြဌာန်းချက် ဥပဒေသတွေကို လိုက်နာဆောင်ရွက်သူ သက္က၀ါရှင်တွေ ဖြစ်ရမည်။
ဗဒရ်စစ်ပွဲဟာ မဒီနာဟ်မြို့တော်ရဲ့ အနောက် တောင်ဘက် မိုင်(၂၀)ခန့်အကွာအဝေးမှာ တည်ရှိ သော ခရီးစခန်းရဲ့နာမည်ဖြစ်ပါတယ်။ အဲဒီစခန်းမှာ ဟစ်ဂျရီ(၂)ခုနှစ်၊ ရမဒွါန်လ (၁၇)ရက်၊ သောကြာနေ့ ခရစ်သက္ကရာဇ်(၆၂၄)ခု၊ မတ်လ (၁၁)ရက်နေ့ မုအ်မင်န်တွေနှင့် မက္ကာဟ်မြို့သား ကိုရိုက်ရှ် ကာဖိရ် မုရှ်ရိက်တွေကြားမှာ ကမ္ဘာ့သမိုင်းမှာ ထူးခြားထင်ရှား တဲ့ စစ်ပွဲတစ်ပွဲ ဖြစ်တယ်။
ဗဒရ်စစ်ပွဲဟာ မက္ကာဟ်မြို့သား ကာဖိရ် မုရှ်ရိက်တွေက မိုင်ပေါင်း(၃၀၀)ကျော်မှာရှိတဲ့ မဒီနာဟ် မြို့က မုအ်မင်န်တွေကို ကျူးကျော်ခဲ့တဲ့စစ်ပွဲ၊ ဗဒရ်စစ်ပွဲ ဟာ မက္ကာဟ်မြို့က ကာဖိရ် မုရှ်ရိက်တွေရဲ့ ကျူးကျော် မှုကို မဒီနာဟ်မြို့က မုအ်မင်န် မွတ်ဆလင်မ်တွေ၊ ခံစစ် အနေအထားမှ တိုက်တဲ့စစ်ပွဲဖြစ်ပါတယ်။ ဗဒရ်စစ်ပွဲ ဟာ အလင်းက အမှောင်ထုကို ဖယ်ရှားခဲ့သောစစ်ပွဲ ဖြစ်ပါတယ်။ ဗဒရ်စစ်ပွဲဟာ သမိုင်းကိုပြောင်းပြန်လှန်ပြီး သမိုင်းစာမျက်နှာကို အသစ်ရေးထားတဲ့ စစ်ပွဲဖြစ်ပါ တယ်။

 

ဒီးန်စနစ်ဇယား အစ္စလာမ်ကို သက်ဝင်ယုံ ကြည်လိုက်နာသူ မုအ်မင်န်တွေ ခံစစ်အနေအထားမှာ တိုက်ခဲ့တဲ့စစ်ပွဲများအနက်မှာ ဗဒရ်စစ်ပွဲဟာ အလွန် တရာ အရေးပါအရာရောက်တဲ့ စစ်ပွဲတစ်ပွဲဖြစ်တယ်လို့ Historians History of the World V.B.P စာအုပ် စာမျက်နှာ(၂၂)မှာ ရေးသားထားတာဖြစ်တယ်။

 

အလားတူ အမေရိကန် Professor Hint ကလည်း ဗဒရ်စစ်ပွဲဟာ အစ္စလာမ် လူနေမှုစနစ်ကို အကောင်အထည်ဖော်ရမှ ပထမဦးဆုံး ထင်ရှားလှတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်တယ်လို့ Professor ရေးသား ထားသော History of the Arabs စာအုပ်စာမျက်နှာ (၁၁၇)မှာ သေသေချာချာ ရေးသားခဲ့တာဖြစ်တယ်။

 

ဗဒရ်စစ်ပွဲဖြစ်တဲ့အချိန်မှာ မုအ်မင်န်တွေဖက် က အလွန်မတန် အင်အားနည်းပြီး၊ ဒီစစ်ပွဲမှာ မုအ်မင်န် စစ်သည်တော်များမှာ (၃၁၃)မျှသာဖြစ်ပြီး၊ အစီးအနင်း အတွက် မြင်း(၂)ကောင်နဲ့ ကုလားအုတ်(၇၀)မျှသာ ရှိခဲ့တယ်။ အဲဒီအချိန်မှာ တမန်တော်မြတ်က အို– အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဒီလက်တစ်ဆုပ်စာ မုအ်မင်န်တွေ ဒီစစ်ပွဲမှာ သွေးမြေကျရှဟီးဒ်ဖြစ်သွား မည်ဆိုရင် ကေယာမသ်နေ့အထိ အရှင်မြတ်ရဲ့ နာမတော်ကို တသ သတိရသူ ရှိလိမ့်မည်မဟုတ်ဘူး။ အို — အလ္လာဟ်အရှင်မြတ် ကူညီထောက်ပံ့တော်မူပါ ဟု ဆုမွန်တောင်းဆိုခဲ့တယ်။
ဒါကြောင့် ကုရ်အာန် ဆူရာဟ်(၃) အာယတ် (၁၂၄-၁၂၅-၁၂၆)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြော ထားလဲ။

 

“ အသင်တို့ကို အဆင့်ဆင့်ပြုစုပျိုးထောင် လမ်းညွှန်ရှင် အလ္လာဟ်အရှင်မြတ်က အသင်တို့ အတွက် မလာအိကာဟ် စွမ်းအားစု သုံးထောင်ချပေး၍ ထောက်ပံ့ပေးခြင်းအားဖြင့် မလုံလောက်စေဘူးလား ” ဆိုပြီး တမန်တော်မြတ်က အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေကို မေးမြန်းခဲ့တယ်။
“ အကယ်၍ အသင်တို့က ကြံ့ကြံ့ခံရပ်တည် ပြီး အမိန့်တော်ကို နာခံလိုက်နာမည်ဆိုလျှင် ရန်သူ တွေက အသင်တို့အပေါ် လျှပ်တပြတ်ထိုးစစ်ဆင်မှုကို အလ္လာဟ်အရှင်မြတ်က လက်နက်ကိရိယာ အပြည့် အစုံ တပ်ဆင်ထားတဲ့ မလာအိကာဟ် စွမ်းအားစု ငါးထောင်အင်အားဖြင့် အသင်တို့အတွက် အထောက် အပံ့ အကူအညီပေးမည်။ ”

 

“ ငါ အရှင်မြတ်က အဲဒီအထောက်အပံ့များ အားဖြင့် အသင်တို့ရဲ့ နှလုံးသားတွေကို တည်ငြိမ် အေးချမ်းအောင် သတင်းကောင်းအဖြစ် ပြုလုပ်ပေးခဲ့ ခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ အကူအညီ၊ အထောက်အပံ့ ပေးနိုင်မှုဟာ အနန္တတန်ခိုးတော်ရှင် အနန္တဉာဏ်တော်ရှင် အလ္လာဟ်အရှင်မြတ်ထံမှာသာ လျှင် ဖြစ်တယ်။ ”

 

အထက်မှာ ကျွန်တော်တင်ပြထားတယ်။ ကုရ်အာန်ဆူရာဟ်(၃) အာယတ်တော်(၁၂၄-၁၂၅-၁၂၆) တွေကို လေ့လာကြည့်မယ်ဆိုရင် (၁) ဇွဲ (၂) လုံ့လ (၃) ၀ိရိယ (၄) ကြံ့ကြံ့ခံမှု နှင့် (၅) အမိန့် နာခံမှုဟူသော အစွမ်းသတ္တိငါးခုကို လက်ကိုင်ထားသူ၊ အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တစ်ယောက် အတွက် အဲဒီအစွမ်းသတ္တိငါးခုဟာ ယုံကြည်သူ မုအ်မင် န်ရဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်မှ ဖြစ်တယ်။ ဒါကြောင့် အဲဒီအစွမ်းသတ္တိငါးခုကို အလ္လာဟ်အရှင် မြတ်က မလာအိကာဟ် ငါးထောင်လို့တင်စားပြီး ပြော ထားတာ ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က ဘာကြောင့် မုအ်မင်န် တွေကို အကူအညီပေးခဲ့တာနဲ့ပတ်သက်ပြီး အာယတ် (၁၂၇) မှာ ပြောထားတာကတော့ “အလ္လာဟ်အရှင်မြတ်က အီမာန်သက်ဝင် ယုံကြည်သူ မုအ်မင်န်တွေကို ကူညီမြှင့်တင်ပေးခြင်း ဟာ အမှန်တရားကို မယုံကြည် သွေဖည်ငြင်းပယ်သူ မက္ကာဟ်မြို့သား ကာဖိရ် မုရှ်ရိက်များအနက်မှ တစ်စု ကို အားအင်ချည့်နဲ့စေရန်၊ ဒါမှမဟုတ် သူတို့ရဲ့ အလိုဆန္ဒမပြည့်ဝဘဲ၊ ဂုဏ်သိက္ခာကျဆင်းပြီး ပြန်လှည့် ဆုတ်ခွာ ထွက်ပြေးကြရန် အလ္လာဟ်အရှင်မြတ်က စီမံ တော်မူခဲ့တာဖြစ်တယ်။ ”

 

တစ်နည်းပြောရရင် ဒီးန်စနစ်ဇယား၊ အစ္စလာမ် ကို သက်ဝင်ယုံကြည် လက်ခံခဲ့တဲ့အတွက်ကြောင့် မက္ကာဟ်မြို့သား ကာဖိရ် မုရှ်ရိက်များက မက္ကာဟ်မြို့ သား မုအ်မင်န်တွေကို ညှင်းပမ်းနှိပ်စက်မှုနဲ့ အမျိုးမျိုး ဒုက္ခပေးခြင်းခံရမှုကြောင့် နောက်ဆုံး မုအ်မင်န်တွေ မက္ကာဟ်မြို့ကို စွန့်ခွာပြီး မဒီနာဟ်မြို့သို့ ရောက်ခဲ့ တယ်။ မဒီနာဟ်မြို့သို့ ရောက်ခဲ့တဲ့ မုအ်မင်န်တွေကို မက္ကာဟ်မြို့သား ကာဖိရ် မုရှ်ရိက်တွေက မဒီနာဟ်မြို့ ကို သွားပြီး အင်အားနည်းတဲ့ မုအ်မင်န်တွေကို တစ်ယောက်မကျန် တိုက်ခိုက်ချေမှုန်းချင်တဲ့စိတ်နဲ့ တိုက်ခိုက်ခဲ့တဲ့ ကာဖိရ် မုရှ်ရိက်များအနက်မှ စစ်သား (၇၀)ကျဆုံးပြီး စစ်မြေပြင်မှာ မရှုမလှ ထွက်ပြေးကြ သည်မက စစ်သုံ့ပန်းအဖြစ် မုအ်မင်န်တွေရဲ့လက်ထဲ မှာ (၇၀)အဖမ်းခံခဲ့ရတာ ဖြစ်တယ်။

 

ဒီဗဒရ်စစ်ပွဲနဲ့ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၈) အာယတ်(၁၇)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲဆိုရင် “ အသင်တို့က စစ်မြေပြင်မှာ ဆန့်ကျင်ဘက် ရန်သူတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ဘူး။ သို့သော် အလ္လာဟ်အရှင်မြတ်က အဲဒီရန်သူ ကာဖိရ်တွေကို အလ္လာဟ်က သတ်ဖြတ်ခဲ့တာဖြစ်တယ်။ အသင် (တမန်တော်) မြှားပစ်လွင့်ခဲ့တဲ့အချိန်မှာ အသင် ကိုယ်တိုင် ပစ်ခဲ့တာမဟုတ်ဘဲ၊ သို့သော် အလ္လာဟ် အရှင်မြတ်က အဲဒီမြားကို ပစ်လွင့်ခဲ့တာဖြစ်တယ်။ ”
ကျမ်းတော်မြတ်ကုရ်အာန်မှာ လမ်းညွှန်ထား တဲ့ ဒီးန်စနစ်ဇယားဟာ လူ့ဘ၀ တည်ဆောက်မှုမှာ အပြန်အလှန် ပေါင်းစည်းညွီညာမှုကို ရောက်လာသည် အထိ ပေါင်းစည်းညီညွတ်၊ ညီညာမှုကို လမ်းညွှန်ထား ပါတယ်။ အလ္လာဟ်ရဲ့ပြဌာန်းချက်ကို တမန်တော်မြတ် ကြီးကိုယ်တိုင် လိုက်နာကျင့်သုံး အကောင်အထည် ဖော် တည်ဆောက်ပြခဲ့တာ ဖြစ်ပါတယ်။

 

အလ္လာဟ်နဲ့ အလ္လာဟ့်တမန်တော်ရဲ့ပြဌာန်း ချက်ကို သက်ဝင်ယုံကြည်သူတွေက လိုက်နာကျင့်သုံး အကောင်အထည်ဖော်ကြတဲ့ အဲဒီလို ညီညွတ်၊ ညီညာ ပေါင်းစည်းမှုကို အလ္လာဟ်အရှင်မြတ်က အလွန်နှစ် သက် မြတ်နိုးမှုကြောင့် သက်သေထူတဲ့အနေနဲ့ ဗဒရ် စစ်မြေပြင်မှာ ရန်သူဘက်ကို တမန်တော်မြတ် ပစ်လွှတ်ခဲ့သောမြှားကို အလ္လာဟ်က အဲဒီမြှားပစ်လွှတ် တာကို အသင်မဟုတ် ငါအရှင်ကိုယ်တိုင်ပစ်တာပါလို့ ချီးကျူးဂုဏ်ပြုအားပေးထားတာ ဖြစ်ပါတယ်။

 

အဲဒီတော့ အလ္လာဟ်အလိုရှိတာကို လိုက်နာ သူနှင့် မလိုက်နာသူ၊ အလ္လာဟ်အလိုရှိတာကို လိုက်နာ မည်ဆိုရင် ဂုဏ်ပေးချီးကျူးခြင်း ခံရမည်။ မလိုက်နာ ရင် ရဟ်မသ်တော်မှ ဝေးခွာသွားမှု ပြစ်ဒဏ်ပေးခံရ မည့်အကြောင်း ကုရ်အာန်ဆူရာဟ်(၃) အာယတ် (၁၂၈)မှာ-
“ အနန္တစကြာဝဠာများနှင့် လူ့လောက ကမ္ဘာဂြိုဟ်မှာရှိတဲ့ ရှိရှိသမျှ အရာအားလုံးဟာ အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တယ်။ တစ်နည်း အလ္လာဟ်သာလျှင် ပိုင်ဆိုင်တာဖြစ်တယ်။ အလ္လာဟ်က လွဲလို့ ဘယ်သူမှပိုင်ဆိုင်တာ မဟုတ်ဘူး။ အလ္လာဟ် အလိုရှိတဲ့လူ မည်သူကိုမဆို လုံခြုံမှုပေးမည်။ အလ္လာဟ်အလိုရှိတဲ့လူ မည်သူကိုမဆို ပြစ်ဒဏ်ပေး မည်။ ” (တစ်နည်း)ပြောရရင် အလ္လာဟ်အရှင်မြတ် ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းအတိုင်း လိုက်နာကျင့် သုံးသူ (တစ်နည်း) အလ္လာဟ်အလိုရှိတဲ့အတိုင်း လိုက်နာကျင့်သုံးသူကို အလ္လာဟ်က လုံခြုံမှုပေးမည်။ ဂုဏ်ပေးချီးကျူးမည်။ အလ္လာဟ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းအတိုင်း မလိုက်နာသူ (တစ်နည်း) အလ္လာဟ်အလိုရှိတဲ့အတိုင်း မလိုက်နာတဲ့လူကို အလ္လာဟ့်ရဲ့ဥပဒေက ပြစ်ဒဏ်ပေးမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်က လိုအပ်ချက်တွေကို ထောက်ပံ့ ဖြည့်ဆည်းပြီး လုံခြုံမှုပေးတော်မူသောအရှင် ဖြစ်ပါ တယ်။

 

ဒါကြောင့် မည်သူမဆို အမှန်တရားပေါ်မှာ ကြံ့ကြံ့ခံရပ်တည်ပြီး အမိန့်တော်ကို နာခံလိုက်နာမည် ဆိုလျှင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်က အားပေး ကူညီမှာ ဖြစ်ပါတယ် ဆိုတာကိုတင်ပြရင် ကျွန်တော့်ရဲ့ ဟောပြောမှုကို နိဂုံးချုပ်အပ်ပါတယ်။

 

ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်