ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ အပိုင်း(၂)
ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ
အပိုင်း(၂)
မုဖ်သီ ဦးသန်းအောင် (LL.B)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်ကတော့ ၂၁-၂-၂၀၁၄ ရက်နေ့က ကျွန်တော်တင်ပြခဲ့တဲ့ `ကျမ်း တော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ´ဆိုတဲ့ ခေါင်းစဉ် အပိုင်း-၂ ကို ဆက်လက်တင်ပြသွားရမှာဖြစ်ပါတယ်။
လူကြီးမင်းများအားလုံး အခုလက်ရှိ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ ရာသီဥတု အခြေအနေကို ခံစားလျက်၊ တွေ့ကြုံလျက် ရှိနေကြပါတယ်။ ပုံမှန်အားဖြင့် နွေရာသီရောက်ရင်၊ နွေရာသီရောက်ခါ နီးမှာ တည်ရှိရမယ့် ရာသီဥတုအပူချိန်ထက် အခုအချိန်ဟာ အင်မတန်မှ ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ကျွန်တော်တို့ အားလုံး ခံစားရလျက်ရှိနေကြပါတယ်။
အဲဒီလိုဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေထဲက လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်တို့လူသားတွေရဲ့ အတ္တ အကျိုးစီးပွားကို ရှေ့တန်းတင်ဆောင်ရွက်မှုကြောင့် အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားတဲ့ သဘာဝအရင်းအမြစ်တွေ၊ သစ်တောအရင်းအမြစ်တွေ၊ ရေအရင်းအမြစ်တွေ၊ သယံဇာတအရင်းအမြစ်တွေကို ကျွန်တော်တို့ ကိုယ်ကျိုးစီးပွား အတွက် လုပ်ကိုင်ဆောင်ရွက် ထုတ်ယူသုံးစွဲကြတဲ့အတွက်ကြောင့် ကျွန်တော်တို့လူသားတွေရဲ့ လက်ချက်ကြောင့် ဒီကနေ့ Climate Change ဆိုပြီး ဖြစ်ပြီးတော့ ရာသီဥတုတွေ မျိုးစုံပြောင်းလဲပြီး ဒီကနေ့ သတင်းစာအရကြည့် ရင် အခုလို အင်မတန်ပူပြင်းတဲ့ရာသီဥတုကို ရန်ကုန်မှာ ခံစားနေရတဲ့အချိန်မှာ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာ လေပြင်း မိုးကြီးကျမယ်လို့ မိုးလေ၀သကနေ ကြေငြာထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုမျိုး ရာသီဥတုတွေပြောင်းလဲပြီး ကျွန်တော်တို့ အခုလို ဖြစ်ပျက်ပြောင်းလဲမယ့်၊ ခံစားရမယ့် တုန့်ပြန်မှု ရလဒ်၊ အကျိုးဆက်အခြေအနေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က အခုလိုပူပြင်းတဲ့အခြေအနေမျိုးနဲ့ တွေ့ကြုံရနိုင်တဲ့ အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လမ်းညွှန်ပြဋ္ဌာန်းချက်ကို ချိုးဖောက်သွေဖည်တဲ့လူတွေ ဖြစ်ပေါ်ခံစား ရမယ့် အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော် ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၄) အာယတ်(၃၉)အထိ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအချိန်ကလည်း ကျွန်တော် အမြည်းသဘောနဲ့ ပြောခဲ့ပါတယ်။ ပူပြင်းတဲ့ရာသီဥတုရဲ့ဒဏ်ကို အခုလို ခံရပြီးပြီဆိုပေမယ့် ပြီးသွားမှာမဟုတ်ဘဲနဲ့ ရေ သယံဇာတတွေ၊ ပင်လယ်သမုဒ္ဒရာထဲမှာ လူတွေ အလွန် အကျွံလုပ်ပြီး ဓါတုလက်နက်တွေ အပြိုင်အဆိုင် စမ်းသပ်ဖောက်ခွဲမှုတွေ လုပ်တဲ့အတွက်ကြောင့် အဲဒီလိုလုပ်တဲ့လူ တွေရဲ့အကျိုးဆက်ကြောင့် အလ္လာဟ့်ဥပဒေ လမ်းညွှန်ပြဋ္ဌာန်းချက်ကို သွေဖည်ဆန့်ကျင်လိုက်တဲ့အတွက် ကြုံတွေ့ လာရမယ့် ပင်လယ်ပြင်မှာ ဖြစ်ပေါ်လာတဲ့အနေအထားကိုလည်း အလ္လာဟ်အရှင်မြတ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက နောက်ဆုံးကျမ်းဂန်အဖြစ် ထုတ်ပြန်ပေးခဲ့တဲ့ ကျမ်းတော်မြတ်ကုရ်အာန်မှာ အတိအလင်း ဖော်ပြ ထားပါတယ်။
အဲဒီပင်လယ်ပြင်မှာ လှိုင်းတွေ ကမောက်ကမဖြစ်ပြီးတော့ လှိုင်းကြီးပြီး မုန်တိုင်းတွေထန်လာတဲ့အခါမှာ ဖြစ်ပေါ်လာမယ့်၊ အများသိပြီးသားဖြစ်တဲ့ နာမည်တစ်ခုပြောရမယ်ဆိုရင် ဆူနာမီလှိုင်းတွေ၊ နိုင်ငံတော်တော်များများ မှာ ၂၀၀၈ ခုနှစ်၊ မေလ(၂)ရက်နေ့က ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းဖြစ်ပေါ်မှုကြောင့် ရေပြင်မှာဖြစ်ပေါ်လာမယ့် လှိုင်းမျိုးကို အခု ကျွန်တော်တင်ပြမယ့် ကုရ်အာန်အာယတ်ကို နားသောတဆင်ရင်းနဲ့ လူကြီးမင်းတို့အာရုံထဲမှာ မြင်ကြည့်လို့ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၄) အာယတ်(၄၀)မှာ
“ သို့တည်းမဟုတ် သွေဖည်တဲ့ အဓမ္မ၀ါဒီတွေ ကျူးလွန်ဆောင်ရွက်ခဲ့ကြတဲ့ မကောင်းမှုတွေရဲ့ အကျိုးဆက် တုန့်ပြန်မှုက အလွန်နက်ရှိုင်းတဲ့ ပင်လယ်သမုဒ္ဒရာထဲရှိ မိုက်မှောင်ထုကြီးများနှင့် ပမာတူလေသည်။ အဲဒီသမုဒ္ဒရာ ပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိတယ်။
အဲဒီလှိုင်းတံပိုးရဲ့အထက်မှာ အခြားနောက်ထပ် လှိုင်းတံပိုးတစ်ခုထပ်ရှိသေးတယ်။ အဲဒီလှိုင်းတံပိုးအထက် မှာ မိုးတိမ်တွေလည်းရှိပြန်တယ်။ (မိုးထိအောင်ကြီးတဲ့ မြင့်တဲ့ ရေလှိုင်းကြီးပေါ့)
နောက်ဆုံး အမှောင်ထုတွေအပေါ်မှာ အမိုက်မှောင်ထု ကပ်လျက်ရှိနေလေတော့ အမိုက်မှောင်ထုထဲရှိနေတဲ့ လူတစ်ဦးဟာ ကိုယ့်လက်ကို ထုတ်ကြည့်ရင်တောင် မြင်နိုင်ချေ လုံးဝမရှိပါ။ စင်စစ် အလ္လာဟ်အရှင်မြတ်က အဲဒီလူကို အလင်းရောင်မလုပ်ပေးဘူးဆိုရင် အဲဒီလူ ဘယ်လိုမှ အလင်းမရရှိနိုင်တော့ပါ ” (၂၄း၄၀)
ဒီအာယတ်ကို လေ့လာကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်တွေဟာ ပင်လယ်သမုဒ္ဒရာ ကို ကျွန်တော်တို့လူသားတွေ စုပြီးတော့ ပြုလုပ်ထားတာမဟုတ်ပါဘူး။ တကယ်ဆိုရင် ပင်လယ်သမုဒ္ဒရာ ရေပြင်ကြီးဟာ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူထားတဲ့ ကျွန်တော်တို့အတွက် `နိအ်မသ်´ပါ။ အဲဒီ ပင်လယ်ပြင်ထဲက ရှိနေတဲ့ `နိအ်မသ်´တွေကို ကျွန်တော်တို့က မျှခြေစနစ်နဲ့အညီ သဟဇာတဖြစ်စွာ သုံးစွဲမှုမပြု ဘဲနဲ့ အဲဒီပင်လယ်သမုဒ္ဒရာပြင်တွေကို ကျွန်တော်တို့က လက်နက်တွေ ဖောက်ခွဲစမ်းသပ်တဲ့နေရာတွေလုပ်ပြီး အဲဒီ ရေအရင်းအမြစ်တွေကို သဟဇာတဖြစ်မှုနဲ့ လွန်ကဲတဲ့ အလွန်အကျွံသုံးစွဲမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို တွေ့ရမှာဖြစ်ပါတယ်။
လူသားရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ မြင်သာထင်ရှားရှိမှု၊ အဲဒီလို လူသားရဲ့လက်ချက်ကြောင့် ဖြစ်ပေါ်လာ မယ့် အကျိုးဆက်ဖြစ်အောင် သူလုပ်ပြီးတဲ့နောက်မှာ (စောစောက ကိုယ့်လက်ကို ထုတ်ကြည့်ပါဆိုသလို၊ ပင်လယ် ပြင်မှာ ဒီလောက်ကြီးမားတဲ့ လှိုင်းလုံးကြီးကျနေတဲ့အချိန်မှာ ဘယ်သူကမှ ငါ့လက်ကို မြင်ဖူးတယ်ရှိအောင်ဆိုပြီး ကြည့်မှာမဟုတ်ပါဘူး)။ ကျွန်တော် နားလည်သဘောပေါက်တာက အဲဒီအချိန်မှာ မူလတုံးက လူတို့လက်ချက် ကြောင့် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ (ကာနူးန် မူကာဖာသိအမလ်)ခေါ်တဲ့ ( Law of equital ) မိမိရဲ့လုပ်ရပ်ကြောင့် အကျိုးတုန့်ပြန်မှုရလာမယ့် ရလဒ်အပေါ်မှာ အဲဒီအချိန်မှာ သူဟာ သူ့လက်နဲ့ ဘာမှကာကွယ်တားဆီး ခြေဖျက်လို့ရ မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ တုန့်ပြန်မှုရလဒ် သေချာပေါက်ရလာတဲ့အချိန်မှာ အဲဒီလူသား၊ လူ့အဖွဲ့ အစည်းဝင်တွေက ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုရလဒ်ကို သူတို့အစွမ်းအစနဲ့သူတို့ ပြောင်းလဲဆောင်ရွက်ခွင့်ရှိမှာ မဟုတ်တော့ပါဘူး။
အဲဒီတော့ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူထားတဲ့ (အလ်္လ-နူးရ်) အလင်းရောင် — ဒီနေရာမှာ ကျွန်တော်တို့ကို ပြဆိုသွားတာက ကျမ်းမြတ်ကုရ်အာန်ဟာလည်း ကျွန်တော်အားလုံးအတွက် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူထားတဲ့ အလင်းရောင်ဖြစ်ပါတယ်။ အဲဒီ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေ ကို ကျွန်တော်တို့ သိနားလည်သဘောပေါက်အောင်လုပ်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်မှ စောစောကပြောတဲ့ အမှောင်ထု ဖုံးလွှမ်းနေတဲ့ အခြေအနေကနေ ကျွန်တော်တို့ ကင်းဝေးလာမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ဟာ ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်ကိုင် ဆောင်ရွက်ရမယ့်ကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ လိုမယ်ဆိုတာကို ပေါ်လွင်ထင်ရှားပါတယ်။ အဲဒီအပြင် ကျမ်း တော်မြတ်ကုရ်အာန်က ဖော်ပြလိုက်တဲ့ နောက်ကိစ္စတစ်ခု ပေါ်လာပါတယ်။ အဲဒါဘာလဲဆိုရင် ကျွန်တော်တို့ဟာ လူတွေဖြစ်တယ်။ လူ့အဖွဲ့အစည်းဝင်တွေဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘ၀ ရပ်တည် ဖို့အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘ၀ရေးရာအဖြာဖြာ စသည်ဖြင့် နည်းလမ်းမျိုးစုံနဲ့ ဘ၀ကို တည် ဆောက်ကြတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဘ၀ကို သေသေချာချာ မွမ်းမံပြီးနေဖို့လိုပါတယ်။
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ထင်သာမြင်သာရှိတဲ့ ပုံစံသစ်တစ်ခုကို ဖော်ပြပါတယ်။ ကျွန်တော် တို့ မြန်မာမှုနယ်ပယ်မှာရှိနေတဲ့ အလွယ်တကူသိထား မှတ်မိလွယ်တဲ့ကိစ္စတစ်ခုရှိပါတယ်။ `အမယ်ဘုတ်ရဲ့ သူ့ချည်ငင်´လို့ခေါ်ပါတယ်။ ဒါဆိုရင် ချည်ငင်နေတယ်ဆိုတာ ကောင်းတာလုပ်နေတာပဲလေ။ ဒါပေမဲ့ လုပ်ရင်းလုပ် ရင်းနဲ့ ရှုပ်ရင်းရှုပ်ရင်း၊ တဖြည်းဖြည်း လုပ်ရှုပ် ရှုပ်လုပ်ဖြစ်ပြီး လုံးလည်ချာလည်ဖြစ်သွားရော။
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက အဲဒီလိုအခြေအနေ မျိုးကို မရောက်ဖို့လမ်းညွှန်မိန့်ကြားထားပါတယ်။ အမယ်ဘုတ်ရဲ့ သူ့ချည်ငင်ကို ဘာနဲ့ပြသလဲဆိုရင် ကတိသစ္စာနဲ့ ပြတယ်။ ကျွန်တော်တို့ မြန်မာမှုမှာ `ကတိသစ္စာတည်သောအခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက် သစ်ပင်၊ ဆေးဘက်ဝင်သည်´တဲ့။ ကတိသစ္စာ ဘယ်လောက်အရေးကြီးသလဲဆိုရင် ရှေးလူကြီးတွေပိုသိတယ်။ ရှေးလူကြီးတွေက အမြဲပြောတာ (မင်းတို့ ဒီခေတ်ကျမှ ဘာဖြစ်လဲမသိဘူး၊ လူတွေကလည်း ကတိလည်းမတည် ဘူး၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တယ်၊ ဒို့ခေတ်ကဆိုရင်လေ ငါတို့ရဲ့ `ဇမီးန်´ဆိုတဲ့အမိမြေ ကွဲအက် ဒဏ်ရာတစ်ခုရရင် အဲဒီ`ဇမီးန်´ဆိုတဲ့မြေကြီးကို ဒဏ်ရာမှာ သိပ်ထည့်လိုက်ရင် ဒဏ်ရာပျောက်ရော။ ငါတို့ရဲ့ အမိမြေဆိုတဲ့ `၀သန်ကိ ဇမီးန်´ဟာ အင်မတန်သန့်စင်တယ်လို့ ငါတို့ခံယူထားတယ်။ ဒီကနေ့သာ အဲဒီလို လုပ်ကြည့် မေးခိုင်ပိုးဝင်ပြီး ဒုက္ခရောက်မှာပဲ။)
ဒါဟာ ဘာကိုပြနေသလဲဆိုရင် လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေရဲ့ ကတိသစ္စာမတည်ကြည်မှုအပေါ်မှာ မြေဆီလွှာမှာရှိနေတဲ့ ဓါတ်သဘောကိုပါ ပြောင်းလဲသွားစေတာဖြစ်တယ်။ ဒါကို ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၆) အာယတ်(၉၁)နဲ့ (၉၂)မှာ
“ အလ္လာဟ်နှင့်ပြုလုပ်ထားသော ကတိသစ္စာကို တည်မြဲအောင် ဆောင်ရွက်ကြပါ။ ဒါ့အပြင် အသင်တို့ ကတိ ပဋိဉာဉ်ပြုပြီးတဲ့အခါ အတည်ပြုဆောင်ရွက်ကြပါ။ ထို့နောက် အသင်တို့ ကတိပဋိဉာဉ် အခိုင်အမာပြုလုပ်ပြီးနောက် အဲဒီကတိပြုချက်တွေကို မဖောက်ဖျက်ကြလေနှင့်။ အဲဒီလို ကတိပဋိဉာဉ်ပြုကြတဲ့အခါမှာ အသင်တို့ဟာ အလ္လာဟ် အရှင်မြတ်ကို သက်သေအဖြစ် အခိုင်အမာ ပြုလုပ်ခဲ့ကြလေတယ်။ (ဘာလုပ်လုပ် အလ္လာဟ်သိတယ်၊ မြင်တယ်၊ ကြား တယ်) စင်စစ် အလ္လာဟ်အရှင်မြတ်က အသင်တို့ ဘာတွေကို ပြုလုပ်၊ လုပ်ကိုင်ဆောင်ရွက်ကြသလဲဆိုတာ အကြွင်းမဲ့ သိတော်မူတဲ့အရှင်ဖြစ်တော်မူတယ် ” (၁၆း၉၁)
ဒီနေရာမှာ အလ္လာဟ်က `အလ္လာဟ်နဲ့ပေးထားသောကတိ´ကို တည်ကြလို့ပြောတယ်။ ကျွန်တော်တို့က (တစ်နည်း… ကျွန်တော်တို့ မွတ်ဆလင်မ်ဆိုသူတွေက) အလ္လာဟ်နဲ့ကတိပြုထားကြတာရှိနေတယ်။ အဲဒါဘာလဲ ဆိုရင် `လားအိလားဟ အစ်လ္လလ်လဟ်´ ရေစာလသ်အနေနဲ့ `မုဟမ္မဒူရ် ရစူလွလ္လာ´ ဆိုပြီး ကျွန်တော်တို့ဆိုထား ကြတယ်။ လက်ခံကတိပြုထားကြတယ်။
တိုက်ဆိုင်လို့ပြောပြရမယ်ဆိုရင် မကြာခင်မှာ သန်းခေါင်စာရင်းကလည်း စစ်တော့မှာပါ။ သန်းခေါင်စာရင်း ဆိုလို့ ညဘက်လာမှာမဟုတ်ပါဘူး။ မနက်ဖက်လာမှာပါ။ အဲဒီတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာနဲ့ပတ်သက်ရင် (၅)မျိုးပဲဖော်ပြထားပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ နတ်ကိုးကွယ် သူများဆိုပြီးရှိပါတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းကောက်တဲ့အထဲမှာ (International Level)ဖြစ်ဖို့အတွက် `ဘာသာမဲ့´။ သူက ကြေငြာခွင့်ရှိတယ်။ ဘာသာမဲ့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ လေ့လာတဲ့အခါ နောက်ဆုံးစာရင်းအရ ကမ္ဘာပေါ်မှာ ဘာသာမဲ့က သန်း(၁၂၀၀)ရှိတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅ပုံ ၁ပုံ ခန့်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ စကားစစ်ထိုးပွဲလို `ဘာသာမဲ့များတာ ကောင်းသည်´ `ဘာသာမဲ့များတာ မကောင်းပါ´ ဆိုပြီး လေ့လာလိုက်ရင် ကျွန်တော်ကတော့ `ဘာသာမဲ့များတာ ကောင်းသည်´လို့ပဲပြောရမယ်။ အထောက် အထားပြပါမယ်။
`လားအိလာဟာ´ ဘာသာမဲ့ပဲ။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ အလ္လာဟ်နဲ့ ပထမဦးဆုံး ကတိပြုကြတဲ့ ကလေမာဟ်မှာ ပထမဦးဆုံးပြောတဲ့ `လားအိလားဟ´ဆိုတာ ကျွန်တော့်မှာ ကိုးကွယ်အားထားရာအရှင် မရှိပါဘူး လို့ပြောတာ။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ အစ္စလာမ်သက်ဝင်ယုံကြည်ပြီး မွတ်ဆလင်မ်ဖြစ်ချင်ပြီဆိုရင် ပထမဦးဆုံး ကိုးကွယ်ရာအရှင်မရှိ ဘာသာမဲ့ဖြစ်ကြောင်း ကြေငြာရပါတယ်။ ပြီးမှ `အိလ္လလ္လာဟ်´ အလ္လာဟ်ကိုပဲ ယုံတယ်ဆိုပြီးဆိုရပါတယ်။ ဒါကြောင့် ကျွန်တော်က ပြောတာ။ ဘာသာမဲ့တွေများတာကောင်းတယ်။ ဘာသာမဲ့တွေ ကုရ်အာန်ကိုလေ့လာရင်းနဲ့ အစ္စလာမ်ကို နားလည်သဘောပေါက်လာပြီး အလ္လာဟ်ကို အီမာန်ယူလာကြလိမ့်မယ်။ အခု သူတို့က `လားအိလားဟ´ မှာရပ်နေကြတာ။ ပြီးရင် သူတို့ `အိလ္လလ္လာဟ်´ နဲ့ဆက်လိုက်ရင် `လားအိလားဟ အိလ္လလ္လာဟ်´ ဖတ်တဲ့သူ၊ ယုံကြည်တဲ့သူ၊ သိတဲ့သူဖြစ်လာမယ်။ ကျွန်တော်က ဖတ်တဲ့သူလို့ပြောမိတယ်။ အမှန်က ဖတ်တဲ့သူ မဟုတ်ဘူး။
အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လ)ကို မိန့်တော်မူတာ။ ` အလ္လာဟ်အရှင်မြတ်အပ အခြား ခ၀ပ်ကိုးကွယ်ထိုက်သောအရှင် လုံးဝ(လုံးဝ)မရှိဘူး´ဆိုတာကို အသင်သိနားလည် သဘောပေါက်ထားလိုက်လို့ ပြောတာ။ သိအောင်လုပ်လို့ပြောတာ။ ဒါကို ကျွန်တော်တို့ သိဖို့လိုတယ်။ အဲဒီလိုသိထားပြီး ယုံကြည်ချက်ရှိထားတဲ့ အလ္လာဟ်နဲ့ပြုလုပ်ထားတဲ့ကတိကို ရာထူးအာဏာကြောင့်သော်လည်းကောင်း၊ နေရာဌာနတစ်ခုရဖို့သော်လည်း ကောင်း၊ ငွေကြေးအရင်းအမြစ် ရဖို့သော်လည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ထိတ်လန့် ငတ်မွတ်ခေါင်းပါးမှုကြောင့် သော်လည်းကောင်း မည်သည့်အကြောင်းကြောင်းကြောင့်မှ အဲဒီကတိကို ဘယ်တော့မှ မဖေါက်ဖျက်နဲ့တဲ့။
ဘာဖြစ်လို့လဲ။ လူတွေက တစ်ခုခုလုပ်ပြီဆိုရင် အလ္လာဟ်ကို တိုင်တည်တယ်။ `ခိုဒါကီး ကစ္စမ်´။ တစ်ချို့က ကစ္စမ်နဲ့ပြောတာ ကျွန်တော်မလိမ်ဘူး။ အဲဒီမှာ ပြသနာမရှိသေးဘူး။ ဘယ်အချိန်မှာလဲဆိုရင် `အလ္လာဟ်ကီကစ္စမ်၊ မဂ်ရိဗ်အချိန် ကျွန်တော်မလိမ်ဘူး´ အဲဒီ ကျွန်တော်မဂ်ရိဗ်အချိန် မလိမ်ဘူးလို့ပြောတဲ့လူက သူအမှန်အတိုင်း ပြော တယ်နော်။ ဟို အလိမ်ခံရတဲ့လူက အပြစ်ရှိတယ်။ ဘာလို့လဲဆိုတော့ သူအမှန်အတိုင်းပြောတယ်။ သူ မဂ်ရိဗ် အချိန်မလိမ်ဘူးလို့ပြောတာ။ ဒါပေမဲ့ သူလိမ်မယ်၊ သတိထား၊ သူဝန်ခံပြီးပြောတယ်။ ကျွန်တော်တို့လူတွေက အဲဒီလိုကျိန်ဆိုပြီးပြောရင် ပိုပြီးသဘောကျတယ်။
အလ္လာဟ်က ဘာပြောလဲ။ မင်းတို့အလုပ်အကိုင်၊ အခွင့်အလမ်းတွေ တစ်ခုခုဆောင်ရွက်ဖို့အတွက် ကတိ ပဋိဉာဉ်အခိုင်အမာပြုလုပ်တဲ့အခါမှာ သင်တို့ဟာ အလ္လာဟ်အရှင်မြတ်ကို သက်သေအဖြစ် အသင်တို့ပြောဆို ဆောင်ရွက်လေ့ရှိတယ်။ ပြီးရင် အဲဒီကတိတည်အောင်လုပ်ကြ။ ကျွန်တော်တို့က ကိစ္စတစ်ခု၊ လုပ်ငန်းတစ်ခု ဆောင်ရွက်တော့မယ်ဆိုရင် `အင်ရှာအလ္လာဟ်´လို့ပြောတယ်။ အဲဒီ`အင်ရှာအလ္လာဟ်´ဆိုတာ သေချာပေါက်ဖြစ် မယ့်ကိစ္စ၊ လုပ်မယ့်ကိစ္စကို ပြောရမှာ။ ကျွန်တော်တို့လူတွေက `အင်ရှာအလ္လာဟ်´လို့ပြောပြီး မြန်မာမှုပြုလိုက်တယ် အိမ်ရှာမလာပါနဲ့။ ကျွန်တော်တို့က အလ္လာဟ်အရှင်မြတ်ရဲ့ `အာယတ်´တော်တွေကို ထိကပါး ရိကပါး၊ စော်ကား၊ မော်ကား နောက်ပြောင် ကျီစယ်လျက်ရှိနေကြပါတယ်။
ပြီးတော့ ဘာပြောလဲ။ မရဘူးဆိုရင် မရဘူး လွယ်လွယ်လေးပြောရမှာကို `အင်ရှာအလ္လာဟ်´ မနက်ဖြန် လာခဲ့လို့ပြောတယ်။ ဒါက မရနိုင်တဲ့ကိစ္စမှာ သုံးသလိုဖြစ်နေတယ်။ အလ္လာဟ်အရှင်မြတ်က ဖြစ်စေချင်တာက မနက်ဖြန်ဒီကိစ္စကို ကျွန်တော်မဖြစ်မနေ ဆောင်ရွက်ပါမယ်လို့ ပြောတဲ့အခါမှာ `အင်ရှာအလ္လာဟ်´ထည့်ပြောစေ ချင်တာ။ ဖြစ်နိုင်တဲ့ကိစ္စ၊ တတ်စွမ်းနိုင်တဲ့ကိစ္စကိုပြောတဲ့အခါမှာ ဖြစ်အောင်လုပ်ဖို့ပြောတာ။ ကျွန်တော်တို့က အလ္လာဟ်ကိုတည်တိုင်တယ်။ ပြီးရင် အဲဒီကတိတွေကို မတည်ဘူး။ မဆောင်ရွက်ဘူး။ အလ္လာဟ်ကပြောတယ်။ ကတိစကားတစ်ခွန်းကြောင့် လုပ်ငန်း၊ အဖွဲ့အစည်းတွေ အများကြီးထိခိုက်နစ်နာ ဆုံးရှုံးပျက်စီးသွားစေတယ်။ ကတိတည်တဲ့လူ၊ လူ့အဖွဲ့အစည်းတွေနဲ့ဆိုရင် လူတွေဟာ စီးပွားရေးကို သူတို့နဲ့ ယုံယုံကြည်ကြည်လုပ်ကိုင် ကြတယ်။
အလ္လာဟ်အရှင်မြတ်က စင်စစ် အသင်တို့ဘာတွေကို ပြုလုပ်၊ လုပ်ကိုင်ဆောင်ရွက်ကြသလဲဆိုတာကို အကြွင်းမဲ့သိတော်မူတဲ့အရှင်ဖြစ်တယ်။ အဲဒီလို အလ္လာဟ်ကပြောပြီးတဲ့နောက် ဘာကြောင့်လဲဆိုတာကို ဆူရာဟ် (၁၆) အာယတ်(၉၂)မှာ-
“ အသင်တို့သည် မိမိ၏ချည်မျှင်များကို ကြိုးပမ်းအားထုတ်၍ ကောင်းမွန်ခိုင်ခံ့စွာ ငင်ပြီးနောက် ထိုချည်မျှင် ကို မိမိကိုယ်တိုင် အစိတ်စိတ်၊ အပိုင်းပိုင်း (ရှုတ်ထွေး)ဖျက်စီးခဲ့သော အမျိုးသမီးကဲ့သို့ မဖြစ်ကြလေနှင့်။ အစုအဖွဲ့၊ အုပ်စုတစ်စုသည် အခြားအစုအဖွဲ့၊ အုပ်စုတစ်စုထက် ပိုမိုတိုးတက်ကြီးပွား အကျိုးခံစားနိုင်ရန် အသင်တို့သည် မိမိတို့ ၏ ကတိပဋိဉာဉ်ပြုမှုကို အချင်းချင်းကြား ပရိယာယ်ဖြင့် (အမှန်တကယ် မဆောင်ရွက်ပေးနိုင်ပါဘဲ) အသုံးပြုကြလေ သည်။ အလ္လာဟ်အရှင်မြတ်သည် အဆိုပါ ပဋိဉာဉ် ကတိသစ္စာပြုခြင်းအားဖြင့် အသင်တို့၏အပြောနှင့်အလုပ် ညီ၊ မညီ ပေါ်လွင်ထင်ရှားစေမည်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့ သဘောကွဲလွဲခဲ့သည်များကို ကိယာမသ် ရှင်ပြန်ထ မြောက်မည့်အချိန်တွင် အသင်တို့အတွက် ထင်ရှားစွာ ရှင်းလင်းပြတော်မူပေမည် ” (၁၆း၉၂)
ဆိုလိုရင်းက ကိုယ့်လုပ်ရပ်ကို ကိုယ်ကိုယ်တိုင်က ဖျက်ဆီးတာ။ လူတွေက တစ်ခုခုဖြစ်ပြီဆိုရင် ဘေး ပယောဂလို့ ထင်ကြတယ်။ အမှန်က ကိုယ်က ကတိသစ္စာမတည်လိုက်တဲ့အခြေအနေ။ ဒါကို အလ္လာဟ်က နမူနာပြ တာ။ ကိုယ့်လုပ်ရပ်ကြောင့် အခြေအနေတွေ ရှုပ်ထွေးသွားအောင် မလုပ်ကြနဲ့လို့ပြောတာ။ ပြီးတော့ ကိုယ်၊ ကိုယ့်အဖွဲ့အစည်း၊ အခြားသူ၊ အခြားအဖွဲ့အစည်းထက် ပိုမိုတိုးတက် ကြီးပွားအောင်မြင်ရန် (အမှန်တကယ် မဆောင်ရွက်ပေးနိုင်ပါဘဲ) မက်လုံးပေး၊ ပရိယာယ်ဆင်ပြီး ပဋိဉာဉ်ပြု ကတိသစ္စာမထားကြနဲ့။ ထိုကတိသစ္စာ ပဋိဉာဉ်ပြုမှုကို သင်တို့ အပြောနဲ့အလုပ် ညီမညီ ပေါ်လွင်ထင်ရှားစေမယ်လို့ အလ္လာဟ်က သတိပေးထားတယ်။ ကိယာမသ် ရှင်ပြန်ထရမယ့်နေ့မှာ ထင်ရှားစွာ ရှင်းလင်းပြစေမယ်လို့ အလ္လာဟ်က အသိပေးထားခြင်းဖြစ်တယ်။
ကျွန်တော်တို့က အစ္စလာမ်ကို သက်ဝင်ယုံကြည်တဲ့ မွတ်ဆလင်မ်တွေဖြစ်တော့ အနာဂါတ်ကာလ အာခိရသ်ကို ယုံတာကိုး။ ဒီတော့ ကျွန်တော်တို့က ကျန်တဲ့လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေကိုလည်း အာခိရသ်ကို ယုံတဲ့လူတွေလိုပဲ သဘောပေါက်တယ်။ ဒီနေ့ ကျွန်တော်တို့က ဆရာ့ကို မတရားလုပ်ရင် ကျွန်တော့်ကို မတရားပြန် လုပ်မယ့်လူ ပေါ်လာလိမ့်မယ်။ ဒီနေ့ ကျွန်တော်က လူကြီးမင်းတို့ရဲ့ ပစ္စည်းကိုခိုးရင် ကျွန်တော့်ပစ္စည်းကို ခိုးမယ့်သူ သေချာပေါက်ပေါ်လာလိမ့်မယ်။ အဲဒါဟာ အာခိရသ်ကိုယုံတာ။ ကျွန်တော်တို့ အာခိရသ်ကို ဘာလို့ယုံတာလဲဆိုရင် အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို အဆုံးသတ်မှာချုပ်ထားတယ်။ လူဟာ သူ့သဘောနဲ့သူ လုပ်ချင်တာလုပ် လို့မရဘူး။ လူသားတွေရဲ့လုပ်ကိုင်ဆောင်ရွက်ချက်၊ ပြောဆိုမှုတွေ၊ အပြုအမူ၊ အကျင့်အကြံ၊ အနေအထိုင်တွေ အားလုံး တစ်ချိန်ကျရင် အလ္လာဟ်အရှင်မြတ်ရဲ့ ဥပဒေပြဋ္ဌာန်းချက်ရဲ့ ဆုံးဖြတ်မှုကို ပြန်လည်ခံယူရလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့က ယုံထားတော့ တစ်ခုခုမတရား၊ မဟုတ်မမှန်တာ ပြောဆို၊ ပြုမူ၊ လုပ်ကိုင်ခါနီးကျရင် ကိုယ်ချင်းစာစိတ်နဲ့ အာခိရသ်ကိုယုံတော့ မလုပ်ဖြစ်ဘူး။ တရားကိုမှတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က ကိယာမသ်ဆိုတဲ့နေ့မှာ စစ်ဆေးဆုံးဖြတ် ပွင့်လင်းထင်ရှားစေတော်မူမယ့် အရှင်ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ သတိပြုရမယ့်အချက်တွေကို ပြန်လည်ဖော်ပြရမယ်ဆိုရင်-
အလ္လာဟ်အရှင်မြတ်နဲ့ထားတဲ့ကတိ တည်ဖို့လိုပါတယ်။ လူသားအချင်းချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း ကြားမှာထားတဲ့ကတိ တည်ဖို့လိုပါတယ်။ ကတိပေးထားပြီးရင် အတည်ပြုဆောင်ရွက်ပေးရန်၊ ကတိမဖောက်ဖျက် ရန်လိုပါတယ်။ အထူးပြုဖော်ပြရရင် မွတ်ဆလင်မ်မှန်ရင် ကတိတည်ကြည်သူဖြစ်ရပါမယ်။ ဒါ့အပြင် ဘ၀သက်တမ်း တစ်လျှောက် ဘယ်လောက်ပဲ ကတိတည်ကြည်၊ တာဝန်ကျေပွန်သည်ဖြစ်ပါစေ၊ ဒီနေ့ဒီရက်မတိုင်ခင် ဘယ် လောက်ပဲ ကတိတည်တည်၊ တရားအသိ၊ အသိတရားတစ်ချက်လွတ်သွားပြီး တစ်ကြိမ်တစ်ခါ ကတိဖောက် ဖျက်ခဲ့ရင်လည်း ကိုယ်အခိုင်အမာ တည်ဆောက်ပျိုးထောင်ထားတဲ့ Good Will ဆိုတဲ့ ကောင်းတဲ့ဂုဏ်သတင်းကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ မလုပ်နိုင်တဲ့ကိစ္စကို တစ်ဖက်သားယုံကြည်အောင် ဟန် ဆောင်မက်လုံးတွေနဲ့ ပရိယာယ်အဖြစ် မသုံးဖို့ကိုလည်း အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ပြဋ္ဌာန်းထားပါတယ်။
အပြောနဲ့အလုပ်ညီပြီး ကတိတည်ရင် လုပ်ငန်းကောင်းသတင်း၊ အမည်ကောင်းသတင်းနဲ့အတူ လူတွေရဲ့ ယုံကြည်စိတ်ချရမှု ပိုမိုရရှိလာမှာဖြစ်လိမ့်မယ်လို့ ဒီကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၆) အာယတ်(၉၂)က ကျွန်တော် တို့ကို သင်ပေးပါတယ်။ ကျွန်တော်တို့ဟာ လူသားအဖွဲ့အစည်းဝင်တွေဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဝင်တွေဖြစ်တဲ့ အတွက်ကြောင့် လူသားဆန်ဆန် လူတွေအားလုံးဟာ တည်ငြိမ်အေးချမ်း၊ လုံခြုံဘေးကင်းတဲ့ လူ့အဖွဲ့အစည်းဝင် ဖြစ်စေချင်ပါတယ်။ ဆန်ရေစပါးပေါများပြီးတော့ အေးအေးချမ်းချမ်းနဲ့နေရတာကို လိုလားပါတယ်။ မတည်ငြိမ်၊ မလုံ ခြုံပါဘဲနဲ့ မအေးချမ်းတဲ့ လူ့အဖွဲ့အစည်းဝင်တွေကြားထဲမှာ မနေချင်ပါဘူး။
အဲဒီတော့ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၁၆) အာယတ်(၁၁၂)မှာ ဥပမာပုံဆောင်ချက်တစ်ခုနဲ့ လူ့အဖွဲ့အစည်းနှစ်ခုကို နှိုင်းယှဉ်ဖော်ပြပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုက တည်ငြိမ်၊ အေးချမ်း၊ ဘေးကင်းလုံခြုံတဲ့ လူ့အဖွဲ့အစည်း။ ထို့ကြောင့် ဆန်ရေစပါးပေါများ၍ အေးငြိမ်းချမ်းသာမှု ခံစားနေကြရတယ်။ မတည်ငြိမ်၊ မအေးချမ်း၊ မလုံခြုံ၊ ဘေးမကင်းတဲ့ လူ့အဖွဲ့အစည်းဟာ ဆန်ရေစပါးရှားပါးပြီး၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ တွေ့ကြုံရပါတယ်။ ကျမ်း မြတ်ကုရ်အာန် ဆူရာဟ်(၁၆) အာယတ်(၁၁၂)မှာ-
“ အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာ(ဒေသတစ်ခု)နှင့်ပတ်သက်၍ ဥပမာပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော်မူခဲ့လေ ပြီ။ အဲဒီရွာ(ဒေသ)ဟာ ဘေးရန်ခပ်သိမ်းကင်းငြိမ်းလျက် လူတွေဟာ တည်ငြိမ်၊ ငြိမ်းအေးလျက်ရှိနေကြပါတယ်။
အဲဒီအရပ်ဒေသ(ရွာ)မှာရှိတဲ့ လူတွေအတွက် အရင်းအမြစ်၊ အထောက်အပံ့၊ စားနပ်ရိက္ခာဟာ နေရာအနှံ့ အပြား ဖောသီစွာ အလျှံပယ် ရောက်ရှိလျက်ရှိလေတယ်။ ထိုသို့သော အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးတော်မူသော နိအ်မသ်ကျေးဇူးတော်များ (သဘာဝအရင်းအမြစ်၊ သစ်တောအရင်းအမြစ်၊ သယံဇာတအရင်းအမြစ်၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ အရင်းအမြစ်တွေ ပေါကြွယ်ဝပေမဲ့လည်း)ကို တရားနည်းလမ်းတကျမဟုတ်ဘဲ အတ္တ ကိုယ်ကျိုးစီးပွားကိုရှေးရှုကာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးအထူးပြုမှုတွေကို ငြင်းဆန်ကာ တရားသဖြင့်မဟုတ် သော နည်းလမ်းများဖြင့် လူသားတို့သည် အလွန်အကျွံ ဆန့်ကျင်သွေဖည်ကာ ပြုလုပ်ဆောင်ရွက်ကြသည်။
ထိုလုပ်ရပ်၏ အကျိုးဆက်အဖြစ် ထိုဒေသ(ရွာ)ရှိ လူအများတို့သည် ဆာလောင်မွတ်သိပ် ငတ်မွတ်မှုနှင့် စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုတွေကို မြည်းစမ်းထိတွေ့ ခံစားကြရစေတော်မူပေမည် ” (၁၆း၁၁၂)
ဆိုလိုတာက အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတဲ့ နိအ်မသ်တွေကို တရားနည်းလမ်းတကျ၊ မျှခြေ စနစ်နဲ့ ထုတ်ယူသုံးစွဲခံစားကြမယ်ဆိုရင် တည်ငြိမ်၊ အေးချမ်း၊ ဘေးကင်းလုံခြုံလျက်ရှိနေကြမှာ ဖြစ်သလို၊ အဲဒီလို မဟုတ်ဘဲ အတ္တ ကိုယ်ကျိုးစီးပွားရှေးရှုကာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးအထူးပြုမှုတွေကို စည်းမျဉ်းတွေ ဖောက်ဖျက် ငြင်းဆန်သွေဖည်ကာ အလွန်အကျွံ မတရားနည်းလမ်းများနဲ့ ပြုလုပ်ဆောင်ရွက်ကြမယ်ဆိုရင် အဲဒီလိုလုပ်ရပ်ရဲ့ အကျိုးဆက်အဖြစ် ထိုဒေသ (ရွာ)၊ တစ်နည်း အဲဒီတိုင်းနိုင်ငံဟာ အဲဒီကလူတွေဟာ ဆာလောင်မွတ်သိပ် ငတ်မွတ်ခေါင်းပါးမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မယ့် စိုးရိမ်ထိတ်လန့်၊ ကြောက်ရွံ့မှု တွေကို မုချဧကန် မြည်းစမ်းကြရလိမ့်မယ်၊ ခံစားကြရလိမ့်မယ်လို့ အလ္လာဟ်အရှင်မြတ်က ဥပမာပုံဆောင်ချက် တစ်ရပ်အနေနဲ့ လူသားတွေကို သတိပေးနေခြင်းဖြစ်တယ်။ အလ္လာဟ်က မေးခွန်းတွေမေးမယ့်အထဲမှာ ကျမ်းမြတ် ကုရ်အာန် ဆူရာဟ်(၁၀၂) အာယတ်(၈)မှာ-
“ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူထားတဲ့ ကျေးဇူးတော်အရင်းအမြစ်တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက် အကျိုးပြုမယ့်ကိစ္စတွေမှာ သုံးစွဲဆောင်ရွက်ခဲ့သလဲဆိုတာ သေချာပေါက်မေးမယ် လို့ပြောတာပါ ” (၁၀၂း၈)
ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ခုဟာ တည်ငြိမ်အေးချမ်းမှု အလွန်အရေးကြီးပါတယ်။ တည်ငြိမ်အေးချမ်းမှု ရှိလျှင် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ပြီး ဆန်ရေစပါးပေါများပြီး ဖွံ့ဖြိုးတိုးတက်ပါမယ်။ အလ္လာဟ့် ကျေးဇူးနှင့်တည်ရှိနေတဲ့ သဘာဝပတ်ဝန်းကျင် တည်ငြိမ်အောင်ထိန်းသိမ်းရေးကိုမလုပ်ဘဲ၊ ပျက်စီးယို့ယွင်းအောင် လုပ်ရင် အဲဒီအကျိုးဆက်တုံ့ပြန်မှုရလဒ်ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာကာ သဘာဝဘေးအန္တရာယ်တွေကျရောက်မယ့် စိုးရိမ်ကြောက်ရွံ့မှုနဲ့ ငတ်မွတ်ခေါင်းပါးမှု၊ ဆန်ရေစပါး ရှားပါးမှုတွေနဲ့ ကျွန်တော်တို့ ကြုံတွေ့လာရနိုင်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန်က တင်ပြထားတာကို ပြောကြား ရင်း နိဂုံးချုပ်အပ်ပါတယ် ။ ။