ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ အပိုင်း(၃)

ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ

အပိုင်း(၃)

မုဖ်သီ ဦးသန်းအောင် (LL.B)

          လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ အမျိုးသား/အမျိုးသမီးအပေါင်းတို့ခင်ဗျား

          `အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

          ဒီကနေ့ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်ကတော့ `ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ´ဆိုတဲ့ ခေါင်းစဉ်ရဲ့ အပိုင်း-၃ ဖြစ်ပါတယ်။ အဲဒီလိုတင်ပြတဲ့အခါမှာ ကျွန်တော်အနေနဲ့ အခန်းငယ်လေးတွေနဲ့ ခေါင်းစဉ်ငယ် လေးတွေကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

          ပြီးခဲ့တဲ့အပတ်ကလည်း ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လူနဲ့လူ့ပတ်ဝန်းကျင်မှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ ကောင်းမြတ်တဲ့လုပ်ငန်းဆောင်တာတွေမှာ ပျော်မွေ့ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူတွေရှိသလို မိစ္ဆာတောမှာပျော်မွေ့ပြီး လူတွေကို တရားမဲ့ပြုကျင့်ပြီး မတရားတဲ့အမှုမှာပျော်မွေ့နေတဲ့ လူမိုက်တွေလည်း အများကြီးရှိနေပါတယ်။ အဲဒီလိုလူတွေကြောင့် တည်ငြိမ်အေးချမ်း ဘေးကင်းလုံခြုံနေတဲ့ လူ့အဖွဲ့အစည်းကြီးဟာ ပျက်စီးယိုယွင်းမှုတွေနဲ့ ကြုံတွေ့ပြီးတော့ လူတွေကြားထဲမှာ ငြိမ်းချမ်းရေးတွေ ပပျောက်ကာ လူတွေရဲ့စီးပွားရေး ဆိုင်ရာအခွင့်အလမ်းတွေ၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေးဆိုင်ရာတွေမှာ လုံခြုံမှုကင်းမဲ့လာတဲ့အခြေအနေတွေ ဖြစ်ပေါ်လာပြီးတော့ အဲဒီ နေရာဒေသ၊ မြို့ရွာနိုင်ငံရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက် ရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး စတာတွေဟာ နိမ့်ကျတဲ့အခြေအနေတွေကို ရောက်ရှိလာရတာဖြစ်တယ် ဆိုပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၄၀၀)ကျော်ထဲက တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွလ္လ)ထံ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းမြတ် ကုရ်အာန်ထဲမှာ အတိအလင်း ဖော်ပြထားတာကို ကျနော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။

          ကျွန်တော်တို့ လူ့လောကမှာ ရုတ်တရက်ကြည့်လိုက်ရင် အမှားဟာ ကြာလာတဲ့အခါ အမှန်ကဲ့သို့ဖြစ်ပြီး တော့ နေရာယူလာတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအမှားဟာ နေရာယူပြီးတည်မြဲလာတဲ့အခါမှာ လူတွေဟာ အမှားမှာကြာမြင့်ပြီးတော့ မျက်စိ၊ နား၊ အာရုံတွေ တည်မြဲလာတဲ့အခါကျတော့ အမှားကို အမှန်လို့ပဲ ထင်မြင်၊ စွဲမြဲ လက်ကိုင်ပြုလျက်ရှိကြတယ်။ အဲဒါဟာ လူ့အဖွဲ့အစည်းဝင်အသီးသီးမှာ အတည်တကျရှိနေတာဖြစ်ပါတယ်။

          ဒါပေမဲ့ တရားလမ်းစဉ်အမှန်ကို တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့၊ လူ့အဖွဲ့အစည်းဝင်တစ်ချို့က (သို့မဟုတ်) စောစီးစွာ သိနားလည်သဘောပေါက်လာတဲ့လူတွေက အမှန်တရားဟာ ဘာလဲဆိုတာ သူတို့ကို အမှန်အတိုင်း ပြောပြလိုက်တဲ့အခါမှာ၊ တင်ပြလာတဲ့အခါမှာ သူတို့က အဲဒီအချိန်ကျမှ အမှားမှာပျော်မွေ့ပြီး မျက်စိ၊ နား ယဉ်ပါးနေ တဲ့လူတွေက အမှန်နဲ့ပြန်လည်ထိတွေ့လာတဲ့အခါမှာ မျက်စိ၊ နား ရိုင်းနေတတ်ပါတယ်။ အမှန်ကိုလက်ခံဖို့ တော် တော်လေး ခက်ခဲနေတတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့(၁၉၆၀)ကျော်နှစ်များက မွတ်ဆလင်မ်မဟုတ်တဲ့ ပညာရှင်တစ်ယောက်ရေးသားခဲ့တဲ့ အတွေးအခေါ်တစ်ရပ်မှာ “ လူတွေကို အမှောင်ထဲမှာ ခါးပိုက်နှိုက်နေတာကို ကျုပ်ကသိလို့ လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး ပြလိုက်တယ်။ လူတွေက ကျုပ်ကို ၀ိုင်းရိုက်သွားကြတယ် ” လို့ရေးခဲ့ပါ တယ်။ အမှန်ကိုပြောတဲ့အခါမှာ အမှားက ထုနဲ့ထည်နဲ့ရှိနေတဲ့အတွက်ကြောင့် အဲဒီမှားတဲ့လူတွေပေါင်းပြီး မှန်တဲ့လူ ကို ၀ိုင်းပြီးအနိုင်ကျင့်တာကို မှန်တဲ့လူက ခံလိုက်ရတာဖြစ်ပါတယ်။

          ကျမ်းမြတ်ကုရ်အာန်ထဲမှာ ခေတ်အဆက်ဆက်က ဂျာဟီလီယသ်လို့ခေါ်တဲ့ အမိုက်မှောင်ထု ဖုံးလွှမ်းနေ တဲ့ခေတ်မှာ အားကြီးတဲ့လူတွေ နိုင်စမြဲဆို ပြီး လူအုပ်စုဖွဲ့ရမ်းကား အင်အားကြီးတဲ့လူ နိုင်စမြဲဆိုပြီးတော့ Might is Right ဆိုတဲ့ပုံစံနဲ့ အနိုင်ကျင့်ပြီး အမှားကအမှန်လိုဖြစ်ပြီးတော့ အမှန်ကိုအနိုင်ကျင့်လာတဲ့စနစ်ဟာ ကျမ်းမြတ် ကုရ်အာန် ထုတ်ပြန်ပို့ချပေးခြင်းခံရတဲ့အချိန်မှာတော့ အဲဒီမိစ္ဆာဝါဒဆိုတဲ့ လူမိုက်ကြီးစိုးရေးဝါဒအမှားဟာ ကွယ် ပျောက်ခဲ့ရပါတယ်။ ကွယ်ပျောက်ခဲ့ရတဲ့ကိစ္စကလည်း ချက်ချင်းဗြုန်းကနဲ ကွယ်ပျောက်သွားတာမျိုးမဟုတ်ဘဲနဲ့ အမှန်တရားဟာ အတည်တကျဖြစ်လာပြီး လူတွေ အမှန်ကိုကိုင်စွဲ၊ ကျင့်သုံး၊ လုပ်ကိုင်ဆောင်ရွက်လာတဲ့အခါမှာ အမှားဟာ ကွယ်ပျောက်သွားရစမြဲပဲဖြစ်ပါ တယ်။

          ကျွန်တော် ယခုတင်ပြမယ့်ခေါင်းစဉ်ခွဲက ဘာလဲဆိုရင် `အမှန်နဲ့ အမှားကို ပစ်ပေါက်ခြင်း´ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၁) အာယတ်(၁၈)မှာ

          “ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှန်သစ္စာတရားဓမ္မဖြင့် အမှားမိစ္ဆာ(အဓမ္မ)ကို ပစ်ပေါက်လျက်ရှိပေတယ်။ အဲဒါကြောင့် ထိုအမှန်တရား (သစ္စာ၊ ဓမ္မ)ဟာ အမှား (မိစ္ဆာ၊ အဓမ္မ)ဦးနှောက် (တည်မြဲ ခိုင်မာနေတဲ့ မှားယွင်းတဲ့စနစ်မှား)ကို ထုတ်ပစ်လိုက်တယ်။ အဲဒီအခါ ထိုအမှား (မိစ္ဆာ၊ အဓမ္မ၊ မတရားတဲ့ မှားယွင်းတဲ့ စနစ်ဇယား)ဟာ ပျောက်ကွယ်သွားလေတယ်။ (လူတော်တော်များများဟာ) အသင်တို့ဟာ အသင်တို့ရဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက်တွေကြောင့် ပျက်စီးဆုံးရှုံးခြင်းနဲ့ ကြုံတွေ့ခံစားကြရမှာဖြစ်တယ် ”  (၂၁း၁၈)

          စောစောက ပြောခဲ့သလိုမျိုး အမှားကြာမြင့်လို့ အမှန်ထင်ပြီး လူတွေဟာ အမှန်လို့ ယူဆလုပ်ကိုင်ဆောင် ရွက်နေတဲ့ မှားယွင်းသွေဖည်တဲ့ အချည်းနှီးအကျိုးမဲ့ဖြစ်စေတဲ့လုပ်ရပ်တွေ၊ မတရားပြုမှုတွေကို အမှန်သစ္စာတရားနဲ့ (အလ္လာဟ်အရှင်မြတ်က) ငါအရှင်ပစ်ပေါက်လိုက်တယ်လို့ ပြောနေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ငါအရှင်မြတ် က အမှန်သစ္စာတရား(ဓမ္မ)နဲ့ မိစ္ဆာအမှားဆိုတဲ့ အဓမ္မကို ပစ်ပေါက်လိုက်တယ်။

          ကျွန်တော်တို့ လူရယ်လို့ဖြစ်လာရင် ကျွန်တော်တို့ရဲ့အသိဉာဏ်၊ ဆင်ခြင်တုံတရား ကင်းလွတ်တဲ့ဦးနှောက် ဟာ အမှားကိုအမှန်လို့ထင်ထားတဲ့ ကိစ္စရပ်တွေဟာ စွဲမြဲစွာနဲ့တည်ရှိနေပါတယ်။ အဲဒိလို စွဲမြဲစွာနဲ့တည်ရှိနေတဲ့ မိစ္ဆာ အမှား အဓမ္မစနစ်၊ မတရားမှုတွေ အချည်းနှီးဖြစ်စေတဲ့ `ဘာသွလ်´ဆိုတဲ့လုပ်ရပ်တွေကို ကျမ်းတော်မြတ်ကုရ်အာန် `အလ်ဟက်´ဆိုတဲ့ သစ္စာအမှန်တရား ဓမ္မကို သိလာတဲ့အခါမှာ နေရာယူလာတဲ့အခါမှာ မိစ္ဆာအမှားဟာ ဖယ်ပေး လိုက်ရတယ်။

          ကျွန်တော်တို့သည်ပင်လျှင် ယခင်က ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူး သင်ယူမှုမပြုခင်က ကျွန်တော်တို့သိထားခဲ့တဲ့ အသိအမှားတွေဟာ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးပြီး သိလာရတဲ့အခါမှာ အမှန်အသိရရှိလာတဲ့အတွက် ကျွန်တော်တို့ရဲ့ ဦးနှောက်ဆင်ခြင်တုံတရားမှာ အမှန်တရားက နေရာယူတည်မြဲ ခိုင်မာလာလျက်ရှိနေပါတယ်။

          မတရားတဲ့၊ မှားယွင်းတဲ့ မိစ္ဆာအဓမ္မ စနစ်ဇယားဟာ အမှန်သစ္စာတရား ဓမ္မ သူတော်ကောင်းအပြုအမူ အကျင့်အကြံ၊ အပြောအဆို၊ အကြံအစည်၊ အလုပ်အကိုင် ဆောင်ရွက်ချက်တွေနဲ့ တွေ့ဆုံလာရတဲ့အခါမှာ နေရာ ဖယ်ပေးလိုက်ရပါတယ်။ လွယ်လွယ်လေး ဥပမာပေးရရင် သံနဲ့သစ်သား၊ သစ်သားဟာ အလွန်ထုထည်ကြီးမား ကျစ်လစ်ခိုင်မာတယ်လို့ထင်ရပေမယ့် အပြင်ကနေ သံကို ရိုက်ထဲ့လိုက်တဲ့အခါမှာ သံက သစ်သားထဲမှာ နေရာယူ သွားပါတယ်။ သံဟာ သစ်သားထက်ပိုပြီး အင်အားခိုင်မာတဲ့အတွက် သံဟာနေရာရသွားပါတယ်။ အဲဒီလိုပဲ အမှန် သစ္စာတရားဟာ အမှားကိုဖယ်ထုတ်လိုက်ပြီး နေရာယူလိုက်တဲ့အခါ မှားယွင်းတဲ့စနစ်ဇယားဟာ ပျောက်ကွယ်သွား ပါတယ်။

          အမှား၊ အဓမ္မစနစ်၊ ဆိုးသွမ်းမိုက်မဲမှု၊ မတရားမှု၊ မိစ္ဆာအယူအဆ၊ အကျင့်အမူ၊ အကြံအစည်၊ အလုပ် အကိုင်ဆောင်ရွက်ချက်တွေဟာ အမှန်သစ္စာတရား၊ ဓမ္မ သူတော်ကောင်းအပြုအမူ၊ အကျင့်အကြံ၊ အပြောအဆို၊ အကြံအစည်၊ အလုပ်အကိုင်ဆောင်ရွက်ချက်တွေ အားကောင်းရှင်သန်လာတဲ့အခါ (မူလတည်မြဲခိုင်မာနေပါတယ် ဆိုတဲ့ အင်အားဘယ်လောက်ပဲရှိရှိ နေရာဖယ်ပေးလိုက်ရမှာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အမှား/အဓမ္မစနစ် ဟာ စဉ်းစားဆင်ခြင် တွေးခေါ်မြှော်မြင်တတ်တဲ့ လူ့အဖွဲ့အစည်းဝင်တွေရဲ့ ဦးနှောက်၊ ဆင်ခြင်တုံတရားရဲ့ ဘယ် အကန့်မှာမှ နေရာယူလို့မရနိုင်ဘဲ ဖယ်ရှားပေးရတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် အလ္လာဟ်ပြတရားဓမ္မအသိကို သိနားလည်သဘောပေါက်ပြီး စဉ်းစားဆင်ခြင် တွေးခေါ်မြှော်မြင်တတ်တဲ့ အသိတရားပိုင်ရှင်တွေရဲ့ ဦးနှောက် အကန့်ထဲမှာ မိစ္ဆာအမှား၊ မတရားမှု၊ မမှန်ကန်မှု၊ အဓမ္မစနစ်တွေ လုံးဝမရှိတော့ဘဲ ဖယ်ထုတ်ခြင်းခံလိုက်ရမှာမလွဲ ပါဘူး။

          အဲဒီတော့ အလ္လာဟ်အရှင်မြတ်က အမှန်သစ္စာတရားနဲ့ မိစ္ဆာအမှား၊ ဓမ္မနဲ့ အဓမ္မ တရားမျှတမှုနဲ့ မတရားမှု တွေ ယှဉ်တွဲပြီးရှိနေတဲ့ လူ့ပတ်ဝန်းကျင်မှာ လူတွေဘယ်ဖက်မှာနေမလဲ။ မှန်တဲ့ဘက်မှာနေမလား၊ မှားတဲ့ဘက်မှာ နေမလား။ မိစ္ဆာအမှားမှာ ပျော်မွေ့မလား၊ သစ္စာတရားမှာပျော်မွေ့မလား၊ အဓမ္မစနစ်ကို ကိုင်စွဲသုံးမလား၊ ဓမ္မကို ကိုင်စွဲသုံးမလား၊ အဲဒီလူတစ်ယောက်၊ လူတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု ဆုံးဖြတ်ရမယ့်အချိန်ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်အကျိုးဆက်ကြောင့် လူတွေတော်တော်များများဟာ သူတို့ရဲကစိတ်ကူးမှန်းဆချက်တွေနဲ့ အဓမ္မကို ဓမ္မ အဖြစ်၊ မတရားမှုကို တရားမှုအဖြစ်၊ အမှားကိုအမှန်အဖြစ် ပြောဆိုပြုမူ ကြံစည်အားထုတ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြတဲ့အတွက် `သူ့ကိုငါဖျက် ငါလျှင် ပျက်၏´ဆိုသလို ကိုယ်တိုင်ပဲပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံရမှာဖြစ် ကြောင်း ဆူရာဟ်(၂၁) အာယတ်(၁၈)မှာ အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ဆုံးမထားတယ်လို့ ကျွန်တော်လေ့လာ တွေ့ရှိသဘောပေါက်မိပါတယ်။

          ကျွန်တော်တို့ပတ်ဝန်းကျင် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့အရပ်ဒေသအသီးသီးမှာ အစ္စလာမ်ကို မလိုမုန်းတီး စိတ်နဲ့ စွပ်စွဲပြောဆိုမှုတွေ ရေးသားမှုတွေ ပြုလျက်ရှိနေကြပါတယ်။ ဒီခေတ်ကလူတွေ တမန်တော်မြတ်ကို စွပ်စွဲ တယ်။ ကုရ်အာန်ကိုစွပ်စွဲတယ်။ အစ္စလာမ်အပေါ် စွပ်စွဲပြစ်တင်ပြောဆိုတာကို ကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါမှာ ကုရ်အာန်ထဲမှာပါတဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွလ္လ)ခေတ် ခေတ်ပြိုင်တွေ စွပ်စွဲ၊ ပြစ်တင်၊ ဝေဖန်၊ ပြောဆို စောဒက၀င်တာနဲ့ ယှဉ်ကြည့်လိုက်ရင် ဒီခေတ်လူငယ်တွေ ပြောတဲ့စကားနဲ့ပြောရရင် Child Play ပါလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

          အခုခေတ်ကလူတွေ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၄၀၀)တုံးက လူတွေရဲ့အတွေးလောက်ကို မပေါက်သေးဘူးလို့ ကျွန်တော်ယူဆမိပါတယ်။ ကျွန်တော် မှားချင်လည်းမှားမှာပေါ့။ ဟိုခေတ်က လူတွေရဲ့စောဒကက ရေရေလည် လည်မြင့်တယ်။ ဒါဟာ ကျွန်တော် ကုရ်အာန်ကိုလေ့လာတွေ့ရှိပြီးတော့ ဖော်ပြတာပါ။ လူကြီးမင်းများလည်း ဒီအာ ယတ်တွေကို နားဆင်ပြီးသွားရင် သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ အခုတင်ပြမယ့်ခေါင်းစဉ်ခွဲ အနေနဲ့က `စောဒကနှင့် အဖြေ´ဆိုပြီး တင်ပြမှာဖြစ်ပါတယ်။

          ဒီခေါင်းစဉ်ကို ကျွန်တော်သုံးစွဲတဲ့အတွက် ရှေးဦးစွာ ဆရာဝါးခယ်မမောင်မင်းနိုင်ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ပထမပိုင်းမှာ ဒေါက်တာအေက်ဘားလ်ရဲ့ ရှစ်က၀ါနှင့် ဂျဝါဘေရှစ်က၀ါ (စောဒကနဲ့ စောဒကရဲ့အဖြေ)ဆိုပြီး ဘာသာပြန်ကဗျာရှည်ကြီး ထွက်ဖူးပါတယ်။ အဲဒီတုန်းကလည်း ဆရာ ၀ါးခယ်မမောင်မင်းနိုင်နဲ့ ဆရာဂျာဝီဒ်သန်းတို့က အူရ်ဒူကနေ ဘာသာပြန်ပြီး မြန်မာနိုင်ငံမှာ ထုတ်ဝေခဲ့ဖူးပါတယ်။ နောက်တစ်ခါ ဆရာကြီး Dr.ဇာကေရ်နိုက်ရဲ့ ပြောဆိုဟောပြော ချက်တွေကို ဆရာဝါးခယ်မမောင်မင်းနိုင်ကပဲ ဘာသာပြန်ဆိုလိုက်တဲ့အခါမှာ စောဒကနဲ့ အဖြေဆိုပြီး ၁ နဲ့ ၂ နှစ်အုပ်ထွက်ပါတယ်။ လေ့လာကြည့်လိုက် မယ်ဆိုရင် မွတ်ဆလင်မ်တွေကို ကမ္ဘာတစ်ခုလုံးက မေးမြန်းခြင်းခံရတဲ့ မေးခွန်း ၂၀ စီကို ၂အုပ် မေးခွန်း ၄၀ ကို ဖြေပြထားတာတွေ့ရပါတယ်။ အဲဒီမှာပါတဲ့ခေါင်းစဉ်ကို ကျွန်တော်က အလွယ်တကူယူလိုက်လို့ ဒီဆရာတွေကို ကျေးဇူးတင်ရှိကြောင်း ကျွန်တော်ပြောတာပါ။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၇) အာယတ် (၈၉)ကနေ (၉၃)မှာ

          “ ၎င်းပြင် ဧကန်မုချ ငါအရှင်မြတ်သည် လူသားတို့သိနားလည်သဘောပေါက်စေရေးအတွက် ဒီကုရ်အာန်ထဲ မှာ ဥပမာပုံဆောင်ချက်မျိုးစုံကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားထားတော်မူသည်။ သို့ရာတွင် လူအများစုဟာ ငြင်းဆန်၊ ဖုန်းကွယ်၊ ကျေးဇူးကန်းခြင်းမှတပါး ဘာကိုမျှ နှစ်သက်ခဲ့ကြသည်မဟုတ်ပါ ”   (၁၇း၈၉)

          ဒီနေရာမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ဖွင့်ဆိုချက် အလှအပတရားက ဘာကိုပြသလဲဆိုရင် `လီးန်နာဆိ´လို့ သုံးထားတာ။ လူတွေအားလုံး၊ လူသားထုတစ်ရပ်လုံးကို ညွှန်းထားတာ။ ဘယ်သူ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ် ဖြစ် ဒီကျမ်းတော်မြတ်ကုရ်အာန်ကို သူ့ရဲ့လေ့လာဆည်းပူးမှု ရယူလိုတဲ့ဆန္ဒနဲ့ လေ့လာဆည်းပူးမယ်ဆိုရင် အဲဒီလူ ကို ဒီကျမ်းတော်မြတ်ကုရ်အာန်က အလင်းပြလျက်ရှိနေတယ်။ လူတွေအတွက် ရှင်းပြတာလို့ဖော်ပြထားပြီး မွတ် ဆလင်မ်တွေအတွက် ရှင်းပြတာလို့ မဖော်ပြထားဘူး။

          ပြီးတော့ `ဖီးဟားဇာလ်ကုရ်အာန်´ဆိုတဲ့အသုံးကိုကြည့်ရင်လည်း ကျွန်တော်တို့မွတ်ဆလင်မ်တွေ အပါ အ၀င် လူတိုင်းလူတိုင်းဟာ ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဖော်ပြထားတဲ့ဖော်ပြချက်တွေကိုသာ အတည်ပြု၊ ပြောဆို မေးမြန်းဖြေဆိုဖို့လိုအပ်တယ်လို့ တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အခြားစာအုပ်တွေနဲ့ သွားပြောလိုက်မယ် ဆိုရင် ဒါဟာ အံဝင်ဂွင်ကျဖြစ်မှာမဟုတ်ပါဘူး။

          ဒါပေမဲ့ လူတွေ၊ လူတွေကို အလ္လာဟ်က နည်းလမ်းမျိုးစုံ၊ ဥပမာ ဥပမေယျတွေနဲ့ဖော်ပြပြီး လူသားတွေ သိနားလည်သဘောပေါက်ပြီး တရားအသိ၊ အသိတရားရစေရန် အဓိပ္ပါယ်ပြည့်ဝတဲ့ စံနမူနာဖြစ်တဲ့ ကောင်းမွန်မြင့် မြတ်တဲ့ ထိရောက်ဆွဲဆောင်နိုင်တဲ့ မိန့်ကြားချက်တွေနဲ့ မိန့်ကြားပေမယ့် လူအများစုဟာ မလိုက်နာ၊ မယုံကြည် သွေဖည်ငြင်းဆန်၊ ဆန့်ကျင်ဖုန်းကွယ် ကျေးဇူးကန်းခြင်းမှတပါး ဘာကိုမျှနှစ်သက်ကြမှာမဟုတ်ပါဘူး။ သူတို့ရဲ့ အတ္တကြောင့် သူတို့ရဲ့ `နဖ္ဖစေ အာမာရာ´က သူတို့သွေဖည်ငြင်းဆန် ကျေးဇူးကန်းခြင်းကိုသာ အလိုရှိလို့ သူတို့ အမှန်ကို သိနားလည်သဘောပေါက် လက်ခံနိုင်စွမ်းမရှိဘူးလို့ ကုရ်အာန်က ပြောနေခြင်းဖြစ်ပါတယ်။ အဲဒီလူတန်း စားတွေ စောဒက၀င်တဲ့အချက်လာပါပြီ။ ဆူရာဟ်(၁၇) အာယတ်(၉၀)မှာ

          “ ထို့ပြင် ထိုသူတွေ (မလိုက်နာ၊ မယုံကြည်၊ သေဖည်ငြင်းဆန်၊ ဆန့်ကျင်ဖုန်းကွယ် ကျေးဇူးကန်းသူတွေ)က တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)အား `အသင်သည် ကျွန်ုပ်တို့အတွက် ကမ္ဘာမြေမှ စမ်းချောင်းတစ်ခုကို သွင်သွင်စီး ထွက်အောင် မပြုလုပ်သမျှ ကျွန်ုပ်တို့က အသင်၏ဟောကြားတင်ပြမှုကို လုံးဝယုံကြည်သက်ဝင်ကြမှာမဟုတ်ပါ ”  ဟု ပြောဆိုခဲ့ကြလေသည်။

          ကျွန်တော်လေ့လာတွေ့ရှိတာကတော့ ခေတ်အဆက်ဆက်လူတွေ ဘာကိုကြိုက်သလဲဆိုရင် `ဟတ်ချ လောင်း´ကိုကြိုက်တယ်။ တန်ခိုးအာနုဘော်တွေနဲ့ တစ်ခုခုကိုလုပ်ပြလိုက်တဲ့ ပြယုဂ်မျိုးကို သဘောကျ တယ်။ လက်တွေ့၊ မျက်တွေ့ကြတဲ့ လူ့ဘ၀ကြီးရဲ့လက်တကမ်းက ဆောင်ရွက်လို့ရတဲ့အကြောင်းတွေကို ဖော်ပြရင် သိပ်မကြိုက်ဘူး။ အဲဒီမယုံကြည် သွေဖည်ငြင်းဆန်သူတွေက ထပ်ပြီးစောဒကတက်ပုံကို ကုရ်အာန် (၁၇း၉၁) မှာ

          “ သို့တည်းမဟုတ် အသင့်ထံ၌ စွန်ပလွံပင်များနှင့် စပျစ်ပင်များနှင့် ပြည့်စုံသောဥယျာဉ်ခြံတစ်ခုရှိရမယ်။ အဲဒီနောက် အဲဒီဥယျာဉ်ခြံရဲ့ အလယ်တည့်တည့်ကနေ စမ်းရေချောင်းများ သွင်သွင်စီးအောင် ပြုလုပ်ရမယ် ” 

          အာရဗ်တွေဆိုတော့ သူတို့ဒေသမှာ ရာသီဥတုအရ အရမ်းပူတယ်။ စွန်ပလွံပင်အစုံ၊ စပျစ်ပင်အစုံဆိုတော့ အကြောင်းကနှစ်ခုရှိတယ်။ စွန်ပလွံပင်က စွန်ပလွံသီးစားပြီး အေးအေးဆေးနားမယ်၊ ပြီးရင် တစ်ဖက်က စပျစ်ကို အရက်ချက်ပြီး အရက်ချမယ်။ အေးအေးဆေးဆေးပဲ။ ပြီးတော့ ဒီဥယျာဉ်ရဲ့အလယ်တည့်တည့်ကနေ စမ်းရေ ချောင်း သွင်သွင်စီးအောင် ပြုလုပ်ပေးပါတဲ့။ ထပ်ပြီး စောဒကတက်သေးတယ်။ ကုရ်အာန် (၁၇း၉၂)မှာ

          “ သို့တည်းမဟုတ် အသင်သည် မိမိထင်မြင်ယူဆခဲ့သည့်အတိုင်း ကျွန်ုပ်တို့အပေါ် အာကာသမိုးကောင်းကင် ကို အပိုင်းပိုင်းအစစဖြစ်ကာ ပြိုကျလာအောင်ပြုလုပ်ရမယ်။ ဒါမှမဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်အားလည်း ကောင်း၊ မလာအိကာဟ် သဘာဝစွမ်းအားစုများအားလည်းကောင်း၊ ကျွန်ုပ်တို့၏ရှေ့မှောက်သို့ သက်သေများအဖြစ် ခေါ်လာရမည် ” 

          တမန်တော်မြတ်(ဆွလ္လ)က သူ့ကို အလ္လာဟ်အရှင်မြတ်က တမန်တော်အဖြစ် စေလွှတ်လိုက်တယ်။ အလ္လာဟ်ကို ယုံရမယ်၊ မလာအိကာဟ်ကို ယုံရမယ်၊ အလ္လာဟ့်ကျမ်းတွေကို ယုံရမယ်၊ အလ္လာဟ့်ရဆူလ်တွေကို ယုံ ရမယ်၊ အာခိရသ်ကို ယုံရမယ်၊ ပြီးတော့ လိုက်နာကျင့်သုံးရင် ရလာမယ့်ကောင်းကျိုးနဲ့ မလိုက်နာမကျင့်သုံးရင် ရလာမယ့်ဆိုးပြစ်တွေကိုလည်း တင်ပြတဲ့အခါ အဲဒါဆိုရင် အဲဒီဟာတွေကို သူတို့ရှေ့ကို တစ်ခါတည်းယူလာပြလို့ ပြောကြတာဖြစ်တယ်။ ထပ်ပြီးတော့ စောဒကတက်ကြပြန်တယ်။ ဆူရာဟ် (၁၇း၉၃)မှာ

          “ သို့တည်းမဟုတ်  အသင့်၌ ရွှေအတိပြီးသော ဗိမာန်တစ်ခုရှိရမယ်။ သို့တည်းမဟုတ် အသင်သည် အာကာသမိုးကောင်းကင်သို့ တက်သွားရမယ်။ သို့ပေမယ့်လည်း အသင်သည် ထိုအာကာသမိုးကောင်းကင်မှ ကျွန်ုပ် တို့အတွက် ကျွန်ုပ်တို့ရွတ်ဖတ်နိုင်သော ကျမ်းတစ်စောင်ကို ပို့ချမပေးသရွေ့ မိုးကောင်းကင်သို့ အသင်တက်သွားခြင်း ကို အလျင်းယုံကြည်သက်ဝင် လက်ခံကြမှာမဟုတ်ပါ ” 

          လူကြီးမင်းများ ကမ္ဘာကြီးကို မျက်စိဖွင့်ပြီးကြည့်လိုက်ရင် ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက လူတွေဟာ ရွှေနဲ့ပတ်သက်ပြီး သဘောကျတဲ့သဘောရှိတယ်။ ဒီလူတွေရဲ့တောင်းဆိုချက်က အလ္လာဟ်ကိုလည်း ခေါ်လာ၊ မလာအိကာဟ်တွေလည်းခေါ်လာ၊ ဒါမှမဟုတ် ရွှေဗိမ္မာန်တစ်ခုယူလာ၊ ဒါမှမဟုတ် မိုးပေါ်တက်၊ မိုးပေါ်ကနေ သူတို့ ဖတ်ဖို့ ကျမ်းတစ်စောင်ချပေး မဟုတ်ရင်မယုံဘူး။ အဲဒီတော့ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မုဟမ္မဒ် (ဆွလ္လ)ကို အခုလို မိန့်တော်မူတယ်။ ဆူရာဟ် (၁၇း၉၃) အဆက်ဖြစ်ပါတယ်။

          “ အို… နဗီတမန်တော် အသင်ပြောလော့ ကျွန်ုပ်၏ပြုစုပျိုးထောင်ရှင်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူ သော အရှင်ဖြစ်တယ်။ ငါကိုယ်တော်သည် လူသားရဆူလ်တမန်တော် တစ်ပါးမျှသာဖြစ်ပါတယ် ” 

          အလ္လာဟ်အရှင်မြတ်ဟာ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသောအရှင်လို့ ပြောလိုက်တာက စောစောက မယုံကြည် သွေဖည်ငြင်းဆန်သူတွေ တောင်းဆိုမှုအားလုံးကို ချက်ခြင်းဖန်တီး ဖြစ်ထွန်းစေနိုင်တော်မူသောအရှင် ဖြစ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ မလိုအပ်ဘူး။ မယုံကြည် သွေဖည်ငြင်းဆန်သူတွေ တောင်းဆိုတာကို ပေးပြီးမှရလာမယ့် ယုံကြည်မှုမျိုးကို အလ္လာဟ့်အတွက် မလိုအပ်ဘူး။ သူတို့ယုံရင်လည်း အလ္လာဟ်က အလ္လာဟ်ပဲ ဖြစ်တယ်။ သူတို့မယုံရင်လည်း အလ္လာဟ်က အလ္လာဟ်ပဲဖြစ်တယ်။

          ငါကိုယ်တော် (တမန်တော်မြတ်)ဟာ သက်ရှိမျိုးနွယ်၊ လူသား၊ သေမျိုး၊ ရဆူလ်တမန်တော်တစ်ပါးပဲဖြစ် တယ်။ သေချာကြည့် … ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီးဟာ ဘယ်လောက်ရိုးသားသလဲ၊ မြေလျှိုးနိုင်တယ်၊ မိုးပျံနိုင်တယ်၊ ဘယ်လိုတန်ခိုးတွေရှိတယ်၊ စီးပွားရေးတိုးတက်ချင်သလား၊ ကလေးလိုချင်သလား၊ သားလိုချင်လား၊ သမီးလိုချင်လား၊ ဥုံဖွ မန်းမှုတ်တဲ့အလုပ်တွေ လုပ်တတ်တယ်လို့မပြောခဲ့ဘူး။ ငါဟာ လူသားတမန်တော်တစ်ပါး သာဖြစ်တယ်လို့ပြောခဲ့တယ်။ မင်းတို့ပြောတဲ့ဟာတွေ ငါဘာမှ မလုပ်ပေးနိုင်ဘူးလို့ပြောတာ။

          သူတို့လွဲနေတဲ့အချက်က ကျမ်းမြတ်ကုရ်အာန်ကို မယုံကြည်လို့သာ အခုလိုပေါက်ကရတွေ တောင်းဆိုနေ တာ။ အမှန်က ကျမ်းမြတ်ကုရ်အာန်ဟာ အမြင့်မြတ်ဆုံး၊ အကောင်းဆုံး၊ မုအ်ဂျိဇဟ်ဖြစ်ပါတယ်။ လူတွေရဲ့စကားနဲ့ ပြောရရင် တန်ခိုးပေါ့။ ကျမ်းမြတ်ကုရ်အာန်ဟာ တမန်တော်မြတ်ထံ အလ္လာဟ်ထုတ်ပြန်ပို့ချပေးခဲ့တဲ့ အကောင်းဆုံး သော မုအ်ဂျိဇဟ်ဖြစ်ပါတယ်။ တကယ်တော့ မယုံကြည် ငြင်းဆန်သွေဖည်သူတွေဟာ ကုရ်အာန်ရဲ့ လမ်းညွှန်မိန့် ကြားချက်တွေနဲ့ သူတို့ရဲ့အတ္တနောမတိနဲ့ မအပ်စပ်တဲ့အခါ စေတနာဆိုးနဲ့ မလိုမုန်းတီးစိတ်နဲ့ အထက်ပါအတိုင်း စောဒက၀င်ခဲ့ခြင်းသာဖြစ်ပါတယ်။

          တမန်တော်မြတ်များဟာ တမန်တော်မြတ်များသာဖြစ်ပါတယ်။ အလ္လာဟ်မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော် တို့ သဘောပေါက်ထားဖို့ ယုံကြည်ထားကြဖို့လိုပါတယ်။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းသာလျှင် အရာခပ်သိမ်း ကို စွမ်းဆောင်နိုင်တော်မူသော တတ်စွမ်းနိုင်တော်မူသော အရာရာကို ဖြစ်ထွန်းပေါ်ပေါက်စေတော်မူသောအရှင် ဖြစ်ပါတယ်။ တမန်တော်မြတ်များသည် လူသား၊ သက်ရှိ၊ သေမျိုးနွယ် ရဆူလ်၊ စေလွှတ်တော်မူခြင်းခံရတဲ့ သတင်း စကားချီးမြှင့်ခြင်းခံရပြီး ပြန်လည်ပို့ဆောင်ပေးတဲ့ တမန်တော်မြတ်တွေသာဖြစ်ပါတယ်။ ဒါတွေက စောစောကပြော တဲ့ အဖျက်သမား၊ မိစ္ဆာအမှားမှာ ပျော်မွေ့နေတဲ့လူတွေရဲ့ စောဒကတွေပါ။

          ကျွန်တော်တို့ဆရာတွေက ကျွန်တော်တို့ကို သင်ပေးတဲ့အခါမှာ ကျမ်းတော်မြတ်ကုရ်အာန်က ကျမ်းတော် မြတ်ကုရ်အာန်ကို ရှင်းပြတဲ့နည်းလမ်း၊ တစ်နည်းအားဖြင့်  `အလ်ကုရ်အာနု ယူဖက်စီရူလ်ကုရ်အာန်´ဆိုတဲ့ ကုရ်အာန်က ကုရ်အာန်ကို ဖွင့်ဆိုတဲ့နည်းနဲ့ သင်ကြားပြသပေးထားတဲ့အတွက် ကျွန်တော်တို့ကလည်း ကုရ်အာန်က ကုရ်အာန်ကို ရှင်းပြတဲ့နည်းနဲ့ စောစောက ကုရ်အာန်မှာ မယုံကြည် သွေဖည်ငြင်းပယ်သူတွေရဲ့ စောဒကကို ကုရ်အာန်မှာပဲရှင်းထားတယ်လို့ နားလည်ထားတဲ့အတွက် ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နောက်တစ်နေရာမှာ ရှာ ကြည့်တော့ အဲဒီစောဒကရဲ့အဖြေကို ကုရ်အာန်ဆူရာဟ်(၁၃) အာယတ် (၃၁)မှာ ဖွင့်ဆိုထားပြီးဖြစ်ပါတယ်။

          မယုံကြည်ပါဘူးလို့ပြောတဲ့လူတွေ ဓမ္မကို အဓမ္မထင်၊ အဓမ္မကို ဓမ္မထင်နေတဲ့ သွေဖည်ငြင်းပယ်သူတွေလေ အမှားမှာပဲပျော်မွေ့နေသူတွေ လူမိုက်တွေဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီး မုဟမ္မဒ် (ဆွလ္လ)လည်း မရှိတော့ဘူး။ တိမ်းပါးသွားပြီ။ နောက်ထပ် တမန်တော်ပွင့်ဖို့လည်း မရှိတော့ဘူး။ မဖြစ်နိုင်တဲ့ ဥပမာကိုတင်ပြရရင် တကယ်လို့ နောက်ထပ် တမန်တော်ဆယ်ပါးလောက်ပွင့်ပြီး သူတို့ကိုပြောလည်း သူတို့ယုံမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့  သူတို့ဟာ မိစ္ဆာအမှားမှာပဲပျော်မွေ့နေပြီး မမှန်ကန်တဲ့စနစ်အပေါ်မှာပဲ ရပ်တည် ချင်နေတဲ့လူတွေဟာ ဒီလိုပဲနေနေမှာပဲ။ ဆူရာဟ်(၁၃) အာယတ်(၃၁)မှာ `အင်းန်´ဆိုတဲ့ အကယ်၍ကို သုံးထားရင် တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ `လောင်ဝ်´ဆိုတဲ့ အကယ်၍က မဖြစ်နိုင်ဘူးလို့ပြောတာ။

          “ အကယ်၍သာ ဧကန်အမှန် ကုရ်အာန်ကျမ်းတစ်စောင်ရှိခဲ့မည်။ ထိုကုရ်အာန်ဖြင့် တောင်များကို (လွှဲဖယ်၊ ရွှေ့ပြောင်းခြင်း၊ သွားလာလှုပ်ရှားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း)ကို ခံရသည်ဖြစ်စေ သို့တည်းမဟုတ် ထိုကုရ်အာန် ဖြင့် ပထ၀ီမြေပြင်သည် ပြတ်တောက်၊ ခွဲစိတ်၊ အက်ကွဲစေခြင်းခံရသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကုရ်အာန်ဖြင့် သူသေများသည် စကားပြောဆိုစေခြင်းကို ခံကြရသည်ဖြစ်စေ၊ အဲဒီလိုဖြစ်စေတဲ့ ကုရ်အာန်လမ်းညွှန်ချက် ဖော်ပြထား ရင်လည်း သူတို့သက်ဝင် ယုံကြည်ကြမှာမဟုတ်ပါ ” 

          ဒီနေရာမှာ တောင်တွေကို သယ်ယူပို့ဆောင်ခြင်းဆိုတာ ရောင်းလိုက်လို့ တောင်တွေကိုတူးပြီး ရွှေ့သွား တာကို ဆိုလိုတာမဟုတ်ဘူး။ ဒီကုရ်အာန်ကြောင့် တောင်ကြီးရွေ့ချင်ရွေ့သွားမယ်၊ သူတို့နှလုံးသားဟာ တောင် ထက်မာကျောနေလို့ ကုရ်အာန်က သူတို့နှလုံးသားကို `နာဇိလ်´မဖြစ်ဘူး။ ဘာကြောင့်လဲဆိုရင် နှလုံးသားနူးညံ့ ပျော့ပျောင်းတဲ့လူတွေရဲ့ နှလုံးသားပေါ်မှာမှ ကုရ်အာန်က `နာဇိလ်´ဖြစ်တယ်။ (ဒါက ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်၂မှာပါတယ်) ဆိုလိုရင်းက လူတစ်ချို့ရဲ့နှလုံးသားဟာ ကမ္ဘာမြေပေါ်မှာရှိတဲ့ ကျောက်စိုင်ကျောက်ခဲ တောင်ကြီးထက်ပိုပြီး ခက်ထန်မာကျောတယ်လို့ ပြောနေခြင်းဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားတာက

          “ ကျမ်းမြတ်ကုရ်အာန်ကို တောင်တွေပေါ်မှာ ချပေးလိုက်ရင် အဲဒီတောင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေကို စိုးရိမ်ထိတ်လန့်ပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားစေတယ် ” 

          အလ္လာဟ်အရှင်မြတ်က လူရဲ့နှလုံးသား တောင်ထက်မာတယ်လို့ ဖော်ပြနေခြင်းဖြစ်ပါတယ်။ အဲဒီလိုနှလုံး သားပိုင်ရှင်တွေကနေ နူးညံ့ပျော့ပျောင်းသိမ်မွေ့တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်အောင် ကျွန်တော်တို့ကြိုးစားရမယ်။ ကုရ်အာန် ဆူရာဟ်(၁၃း၃၁)က ဆက်ပြောတာက

          “ ထိုသို့ အလျင်းမဟုတ်။ စင်စစ် အလုံးစုံသော စီမံခန့်ခွဲပိုင်ခွင့်နှင့် အမိန့်အာဏာအားလုံး အလ္လာဟ်အရှင် မြတ်သာ ပိုင်ဆိုင်တော်မူသည်။ သို့ပါလျက် အီမာန်သက်ဝင်ယုံကြည်သူတို့က အကယ်၍ အလ္လာဟ်အရှင်မြတ်အလို တော်ရှိခဲ့ရင် မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို တရားလမ်းမှန်ကို ညွှန်ပြခဲ့ပြီးဖြစ်ကြောင်း မသိခဲ့ကြလေသလော ”  

          အလ္လာဟ်အလိုတော်ရှိခဲ့ရင် တစ်နည်းအားဖြင့် အလ္လာဟ်လုပ်နိုင်တယ်။ အလ္လာဟ်က လူတွေအားလုံးကို အွမ္မသ်တစ်စုတည်းဖြစ်အောင် လုပ်နိုင်တယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂း၂၁၃)မှာလည်း လူတွေအားလုံး အွမ္မသ်တစ်စုတည်းဖြစ်အောင် လုပ်လို့ရတယ်လို့ညွှန်ထားတယ်။ ဒါပေမဲ့ အဲဒီလိုသာဖြစ်ခဲ့ရင် လုပ်ရပ်တွေလည်း တူနေမယ်၊ ယုံကြည်ချက်လည်းတူနေမယ်၊ အားလုံးစက်ရုပ်တွေလိုပဲ ဖြစ်နေမယ်။

          ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်က လူသားကို ကျန်တဲ့သက်ရှိတွေနဲ့မတူအောင် ဖြစ်ထွန်းပေါ်ပေါက်စေ ထားတော်မူခြင်းဖြစ်တယ်။ လူသားမှာ Freedom of Choice အပြည့်ပေးထားပြီးဖြစ်ပါတယ်။ ယုံကြည်မလား၊ ယုံ။ မယုံကြည်ဘူးလား၊ မယုံနဲ့၊ ရတယ်။ လူသားမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလ္လာဟ်က ချီးမြှင့်ထားတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်မရှိတာက လူသားဟာ သူ့စိတ်ကြိုက်ရွေးချယ်ပြီး လုပ်ကိုင်မှုကြောင့်ရရှိလာမယ့် တုန့် ပြန်မှုရလဒ်ကိုတော့ သူရွေးချယ်ပိုင်ခွင့်မရှိဘူး။

          “ အမှန်စင်စစ် မယုံကြည်သွေဖည် ငြင်းဆန်ဆန့်ကျင် ဖုန်းကွယ်ကြသူတွေဟာ သူတို့ ကြံစည်ပြုမူလုပ်ကိုင် ဆောင်ရွက်ခဲ့ကြတဲ့ (ကံ – ကံ၏အကျိုး) အပြုအမူတွေကြောင့် လူမှုဒုက္ခအပေါင်း ကြုံတွေ့မြဲ ကြုံတွေ့သက်ရောက် လျက်ရှိနေပေမည်။ သို့တည်းမဟုတ် ၎င်းတို့ရဲ့ မြို့ရွာဒေသရဲ့ အနီးပတ်ဝန်းကျင်မှာ အမြဲမပြတ် သက်ရောက်လျက် ရှိနေပေမည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏ချိန်းဆိုထားသော ကတိတော်(ပြစ်ဒဏ်)သည် ရောက်လာပေ မည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိချိန်းဆိုပြုလုပ်ထားသော ကတိတော်ကို အလျင်းဖောက်ဖျက်တော် မူသည်မဟုတ်ပေ ” 

          ဆိုလိုရင်းက လူသားဟာ လွတ်လပ်စွာရွေးချယ် ဆောင်ရွက်ပြုမူ ကျင့်ကြံပိုင်ခွင့်ရှိတယ်။ သူရွေးချယ်ပြီး ဆောင်ရွက်လိုက်တဲ့ကိစ္စ (ဥပမာ- သူက အမှားသံသရာမှာ ကျင်လည်နေပြီး မိုက်မဲဆိုးသွမ်းမှုတွေကို ဆောင်ရွက် ပြီးကာမှ သူတော်ကောင်းတွေ ချီးမြှင့်ခြင်းခံရမယ့် ဆုလဒ်မျိုးကိုလိုချင်လို့တော့မရဘူး။ တုန့်ပြန်မှုရလဒ်ကိုတော့ သူရွေးချယ်ပိုင်ခွင့်မရှိဘူး။

          ပြီးတော့ လုမိုက်နဲ့မပေါင်းသင်းရေး ဒို့အရေးဆိုပြီး ဒို့တာဝန်အရေးထဲမှာထည့်ရမယ်။ ဘာလို့လဲဆိုတော့ လူမိုက်နဲ့ပေါင်းမိလိုက်ရင် အဲဒီလူမိုက်က လူမိုက်အလုပ်လုပ်လိုက်ရင် မတော်မတရားပြုမူလိုက်ရင် အဲဒီလူမိုက်နဲ့ သွားပြီးပေါင်းမိလိုက်တဲ့ ပတ်ဝန်းကျင်ကလူက လူမိုက်ရဲ့လုပ်ရပ်အကျိုးဆက် တစ်နည်း ဥပဒေရဲ့အပြစ်ပေးခြင်းကို ခံရမှာပဲဖြစ်ပါတယ်။

          ကုရ်အာန်ရဲ့ဖွင့်ဆိုရှင်းပြမှုဟာ လူတွေရဲ့လက်တကမ်းအကွာက အဖြစ်အပျက်မျိုးစုံနဲ့ အပ်စပ်နေတယ်။ သူတော်ကောင်း၊ သူတော်မြတ်ပင်ဖြစ်နေပါစေ။ လူမိုက်ရဲ့ပတ်ဝန်းကျင်မှာရောက်နေရင် အဲဒီသူတော်ကောင်း သူတော်မြတ်သည်ပင် လူမိုက်တို့ရဲ့ မကောင်းတဲ့အရိပ်အောက်မှာ ရှိနေမှာဖြစ်တယ်လို့ ညွှန်းဆိုနေခြင်းဖြစ်တယ်။

          နောက်ဆုံး အလ္လာဟ်ရဲ့ချိန်းဆိုမှု ကတိ၊ ဒါလုပ်ရင် ဒါဖြစ်မယ်၊ (တူညီတဲ့ တုန့်ပြန်မှုရလဒ်) ဒါတွေရှိတယ်။ လုပ်ရပ်ရဲ့အကျိုးဆက်။ Law of Equital ကောင်းခြင်းအတွက်  ကောင်းကျိုး၊ ဆိုးခြင်းအတွက် ဆိုးကျိုး၊ သေချာ ပေါက်ကျရောက်လာမယ်။ အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ချိန်းဆိုထားတဲ့ကတိတော်ကို ဘယ်တော့မှ၊ ဘာ အကြောင်းနဲ့မှ ချိုးဖောက်တော်မူမယ့်အရှင်မဟုတ်ဘူး။

          အလ္လာဟ့်လမ်းညွှန်မှု (ကုရ်အာန်) ပြဋ္ဌာန်းချက်ဥပဒေ(ကုရ်အာန်)ကို သက်ဝင်ယုံကြည်ပြီး အကြွင်းမဲ့ စောဒကမဲ့ တိကျစွာလိုက်နာကျင့်သုံး အကောင်ထည်ဖော်ဆောင်ရွက်တဲ့ လူတွေအတွက် နှစ်ဘ၀၊ နှစ်ဋ္ဌာနမှာ ကောင်းကျိုးဝေဖြာအောင်မြင်ဖြစ်ထွန်းမှုနဲ့ ကြုံတွေ့ရမှာအမှန်ပဲဖြစ်ပါတယ်။ ဒါမှမဟုတ် အလ္လာဟ့်လမ်းညွှန်မှု (ကုရ် အာန်)၊ ပြဋ္ဌာန်းချက်ဥပဒေကို မယုံမကြည်၊ သံသယ၊ စောဒက၊ လိုသေးသည်၊ ပိုနေသည်ဆိုပြီး ဆန့်ကျင်၊ သွေဖည်ငြင်းဆန်ပြီး ဆိုးသွမ်းမိုက်မဲပြီး လူနှင့်လူ့ပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံး၊ ယိုယွင်းစေမယ့်လုပ်ရပ် တွေကိုလုပ်ရင် အဲဒီလူတွေအတွက် ဖြစ်ပေါ်လာမယ့်၊ အဲဒီလူတွေရရှိခံစားရမယ့် ပျက်စီးဆုံးရှုံးမှုနဲ့ ပြစ်ဒဏ်ကို လည်း အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။

          ဤကုရ်အာန်ကျမ်းမြတ်သည် နာမ်သဘောအားဖြင့် စိတ်ဓါတ်သဘောအားဖြင့် တောင်များသဖွယ် မာကျောခဲယဉ်းသော စိတ်နှလုံးပိုင်ရှင်များကိုပင် နူးညံ့သိမ်မွေ့စေခဲ့သည်။ လူ့စိတ်နှလုံးသားဆိုတဲ့ မြေဆီလွှာကို ခွဲစိတ်ပြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်လမ်းညွှန်ချက်ကို သိနားလည်သဘောပေါက်ခြင်းဆိုတဲ့ စမ်းရေချောင်းများ ကို စီးထွေစေခဲ့ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်သို့ အမြန်ဆုံးခရီးပေါက်စေရေး အတွက် ကုရ်အာန်က လမ်းညွှန်ပြသပေးပါသည်။ အမိုက်မှောင်ထုဖုံးလွှမ်းနေပြီး ဘ၀ဆိုတာ ဘာမှန်းမသိကြတဲ့ ဘ၀သေနေသူတွေကို (အသိမဲ့နေသူ၊ ပညာမဲ့နေသူ၊ ဆင်ခြင်ဉာဏ်အမြှော်အမြင်မရှိဘူး။ အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်လျက်ရှိသူ၊ ၎င်းတို့ရဲ့စိတ်နှလုံး ဖြူစင်သန့်ရှင်းပြီး ဘ၀ရှင်သန်ဖွံ့ဖြိုးစေခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဂုဏ်ထူးဝိသေသတွေနှင့်ပြည့်စုံသော ကုရ်အာန်ကလမ်းညွှန်ပြသမှုတွေကို မယုံကြည်သူတွေရဲ့ စောဒကကို ကုရ်အာန်ကပဲ အဖြေပေးထားတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

          ဒါကြောင့် ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ် လမ်းညွှန်မိန့်ကြားထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန် ကို ကိုယ်တိုင်လေ့လာဆည်းပူး နားလည်သဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ပြီး အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူမယ့် ကောင်းမြတ်သော၊ အောင်မြင်သော ၊ ဖြစ်ထွန်းသောအခြေ အနေများ ဆုလာဒ်များကို ရယူပိုင်ဆိုင်နိုင်သော သူများဖြစ်နိုင်စေရန် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလို့ ဆုမွန်ဒုအာပြုရင်းနဲ့ ကျွန်တော်ရဲ့တင်ပြမှုကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။    