ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ အပိုင်း(၄) 13.6.2014မုဖ်သီ ဦးသန်းအောင် (LL.B)
ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ
အပိုင်း(၄)
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ အမျိုးသား/အမျိုးသမီးအပေါင်းတို့ခင်ဗျား
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော်အနေနဲ့ တာဝန်ကျတဲ့အပတ်တွေမှာ `ကျမ်းတော်မြတ်ကုရ်အာန်မှ ပုံဆောင်ချက်များ´ဆိုတဲ့ အပိုင်း ၁-၂-၃ ကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအခါမှာ ကျမ်းမြတ်ကုရ်အာန်က မည်သို့ပင် ဖွင့်ဆိုတင်ပြထားစေကာ မူ လူတွေဟာ မိမိတို့ရဲ့ အတ္တနောမတိကို ရှေ့တန်းတင်ပြီးတော့ တမန်တော်မြတ်(ဆွ)ကို စောဒကတွေ အမျိုးမျိုး ပြုလုပ်မေးမြန်း ဆောင်ရွက်ခဲ့တဲ့အကြောင်းတင်ပြခဲ့ပြီး ကျမ်းမြတ်ကုရ်အာန်က ပြန်လည်ရှင်းလင်းဖွင့်ဆိုပြတဲ့အ ကြောင်း ကျွန်တော် တင်ပြထားခဲ့ပါတယ်။ အဲဒီလို ပြောနေရင်းနဲ့ပဲ ကျမ်းမြတ်ကုရ်အာန်က နာမ် သဘောတရား အားဖြင့်၊ စိတ်ဓာတ်သဘောအားဖြင့် တောင်တွေလို မာကျောနေတဲ့လူတွေ၊ စိတ်နှလုံးသားပိုင်ရှင်တွေကို သိမ်မွေ့ နူးညံ့စေဖို့ ကုရ်အာန်က လမ်းညွှန်ပြခဲ့တဲ့အကြောင်းနဲ့ လူ့စိတ်နှလုံးသားဆိုတဲ့ မြေဆီလွှာကိုခွဲစိတ်ပြီး အလ္လာဟ် အရှင်မြတ်ရဲ့ လမ်းညွှန်ချက်ကို သိနားလည်သဘောပေါက်ခြင်းအားဖြင့် မိမိတို့ရဲ့နှလုံးသားမှာ စမ်းရေချောင်းတွေ စီးသွင်လာစေမယ်လို့ ကျမ်းမြတ်ကုရ်အာန်က ဖော်ညွှန်းနေတာကိုလည်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ပြီး တော့ အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပြထားတဲ့ ဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ် `စေရာသွာလ် မွတ်စ်သကီးန်း´ဆို တဲ့ လမ်းစဉ်ကိုလည်း အမြန်ဆုံးခရီးပေါက်ဖို့ ကျမ်းမြတ်ကုရ်အာန်ကပဲ လမ်းညွှန်ပြသပေးလျက်ရှိနေပါတယ်။ အမိုက်မှောင်ထု ဖုံးလွှမ်းနေပြီး ဘ၀ဆိုတာ ဘာမှန်းမသိကြတဲ့ ဘ၀သေနေတဲ့သူတွေကို တစ်နည်းအားဖြင့် အသိမဲ့ နေသူ၊ ပညာမဲ့နေသူ၊ ဆင်ခြင်ဥာဏ်အမြော်အမြင်မရှိသူ၊ အတ္တ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်လျက်ရှိသူ အဲဒီ လို လူတွေရဲ့ စိတ်နှလုံးသားတွေ ဖြူစင်သန့်ရှင်းလာပြီး ဘ၀ရှင်သန်ဖွံ့ဖြိုးတိုးတက်စေဖို့ ကျမ်းမြတ်ကုရ်အာန်ဟာ ဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံတဲ့လမ်းညွှန်မှုကို ပြုနေတယ်ဆိုတဲ့အကြောင်း၊ ကျမ်းမြတ်ကုရ်အာန်ကပဲ လူသားတွေ ကို သူတို့မေးနေတဲ့ စောဒကတွေကို အဖြေပေးလျက်ရှိနေတဲ့အကြောင်း ကျွန်တော် ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့ ပါတယ်။
ယခု ဆက်လက်ပြီးတော့ အပိုင်း-၄ကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ခေါင်းစဉ်ငယ် ကတော့ `စောဒကနှင့်အဖြေ´ပဲ ဖြစ်ပါတယ်။ မယုံကြည်သူ၊ ကာဖိရ်ဆိုတဲ့ အမှန်သစ္စာတရားကို ဆန့်ကျင်ဖုံးကွယ် ချင်ကြတဲ့ လူတွေဟာ စောဒကမျိုးစုံဝင်ပြီး ပြောရင်းနဲ့ တစ်ခါ ကျမ်းမြတ်ကုရ်အာန်နဲ့ပတ်သက်ပြီးသော် လည်းကောင်း၊ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)နဲ့ပတ်သက်ပြီးသော်လည်းကောင်း သူတို့တတွေဟာ စောဒက၀င် လျက်ရှိကြပါတယ်၊ စောဒက၀င်ခဲ့ကြပါတယ်။ ဒါကို ကျမ်းမြတ်ကုရ်အာန် ကျရောက်တဲ့အချိန် သူတို့ရဲ့ စောဒက၀င် မှုနဲ့ပတ်သက်ပြီးတော့ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၁)အာယတ် ၅ နဲ့ ၆မှာ အခုလို ဖော်ပြထားပါတယ်။
“ အမှန်သစ္စာတရားကို လက်ခံနိုင်စွမ်းမရှိကြတဲ့လူတွေက တမန်တော်မြတ် ဟောကြားတင်ပြတဲ့ တရားတော် (ကုရ်အာန်) ကျမ်းမြတ်ဟာ ဂယောင်ချောက်ချား၊ ဂယောက်ဂယက် မြင်မက်တဲ့အိပ်မက်မျှသာ ဖြစ်ပါတယ်။
အမှန်စင်စစ် ၎င်းတမန်တော်မြတ်ဟာ အဲဒီ(ကုရ်အာန်)ကျမ်းကို လုပ်ကြံလီဆည် ဖန်တီးခဲ့လေတယ်။ ထို့အ ပြင် ၎င်းသည် ကဗျာလင်္ကာဆရာတစ်ဦးသာ ဖြစ်ပါတယ်။ ထိုသို့မဟုတ်ခဲ့ပါက ရှေးယခင် ပုဂ္ဂိုလ်များထံ ရဆူလ်တမန် တော်များ စေလွှတ်ခြင်းခံရသကဲ့သို့ သက်သေလက္ခဏာတစ်ရပ်ကို ၎င်း(တမန်တော်) ယူဆောင်လာသင့်သည်ဟု ပြောဆိုခဲ့ကြလေသည် ” (ကုရ်အာန်-၂၁း၅-၆)
သူတို့ရဲ့ နားလည်နိုင်စွမ်းဟာ အဲဒီလောက်ပဲရှိလို့သာ တမန်တော်မြတ်ကို ကဗျာဆရာလင်္ကာဆရာလို့ စွပ်စွဲစောဒကတက်ကြတာလို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျမ်းမြတ်ကုရ်အာန်ရဲ့ အဖွင့်ကဏ္ဍ ဆူရာဟ် ဖှာတိဟာ ကိုကြည့်လိုက်ရင် `အင်းန်´သံစဉ်နဲ့ ရှိပါတယ်။ ဆူရာဟ်အစ `အလ်ဟမ်းဒုလိလ္လာ´ ကစပြီး ဆူ ရာဟ်အဆုံး `၀လာဒ်ဒွါလီးန်´အထိ အပိုဒ် ၇ပိုဒ်စလုံး အင်းန် သံစဉ်နဲ့ပဲ အဆုံးသတ်ဖွဲ့ဆိုထားတာ တွေ့ရပါတယ်။ ဒီလိုပဲ ဆူရာဟ်ရဟ်မန်ကိုကြည့်လိုက်ရင် အာန်း သံစဉ်နဲ့ ကာရန်နဲ့ဖွဲ့ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆူရာဟ် ယာဆင်းန်ကိုကြည့်လိုက်ရင်လည်း အင်းန် ဆိုတဲ့ ကာရန်နဲ့ဖွဲ့ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်။
သာမန်အားဖြင့် ကျမ်းမြတ်ကုရ်အာန်ရဲ့ ဖွဲ့ဆိုထားတဲ့ အာယတ်ဒေသနာတော်တွေကို သာမန်အမြင်အား ဖြင့်ကြည့်ရင် ကဗျာ၊ လင်္ကာ စာချိုးနဲ့ ရသမြောက်နေတာကို တွေ့ရမှာပါ။ ဒါကိုဖော်ပြလိုက်တဲ့အတွက် အဲဒီခေတ်၊ အဲဒီအခါက တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)က ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယတ်တွေ၊ လူတွေကို ဟောကြား၊ တင်ပြ၊ ဖတ်ပြလိုက်တဲ့အခါ (အဲဒီခေတ်အခါက ရှိခဲ့တဲ့ အာရဗ်အသိုင်းအ၀ိုင်းရဲ့ဓလေ့ဖြစ်တဲ့ လူတွေကို အကြောင်း တစ်စုံတစ်ရာ အသိပေးချင်လို့ရှိရင် ကဗျာ၊ လင်္ကာတွေစပ်ဆိုပြီး ကြေညာလိုက်တဲ့အခါ လူတွေဟာဖတ်ပြီး နှလုံး သားထိ စွဲမြဲစေတယ်) အဲဒီလို ကဗျာ၊ လင်္ကာဆရာအားလုံးရဲ့ ရေးသားဖွဲ့နွဲ့မှုထက် အဆပေါင်း အသင်္ချေ၊
အသင်္ချာ၊ နှိုင်းတုမမီ သာလွန်တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ဖွင့်ဆိုရှင်းလင်းမှုကို ပြောပြလိုက်တဲ့အခါမှာ အဲဒီ ဒေသခံ ကဗျာဆရာတွေရဲ့ ဆရာကြီးဆိုပြီးတော့ သူတို့က သူတို့ရဲ့အယူအဆကို စောဒက၀င်လိုက်တဲ့အခါမှာ ဒီလူ (တမန်တော်)ဟာလည်း ကဗျာ၊ လင်္ကာဆရာတစ်ယောက်သာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ် တမ်းက ကဗျာလင်္ကာဆိုတာ တမန်တော်မြတ်နဲ့ လားလားမျှမသက်ဆိုင်ဘူးဆိုတဲ့ စာပိုဒ် ကျမ်းမြတ်ကုရ်အာန် (၃၆း၆၉)မှာရှိပါတယ်။ တမန်တော်မြတ်နဲ့ ကဗျာ၊ လင်္ကာနဲ့ မအပ်စပ်ဘူး။
ပညာရှင်တွေပြောတာက များသောအားဖြင့် အင်မတန်ပြောင်မြောက်တဲ့ ကဗျာဆိုတာ စိတ်ခံစားချက်ကိုပဲ ဦးစားပေးတယ်။ လက်တွေ့လိုက်နာကျင့်သုံးဖို့ကျရင် ကဗျာလင်္ကာတွေက ထိရောက်တဲ့အပိုင်းကျရင် မပါတော့ ဘူး။ ဒါကြောင့် သူတို့စောဒက၀င်ခဲ့တဲ့ ကဗျာလင်္ကာဆရာပါလို့ပြောတဲ့ တမန်တော်မြတ်နဲ့ ကဗျာလင်္ကာဆိုတာ လုံးဝမအပ်စပ်ဘူးဆိုတာ ကျမ်းမြတ်ကုရ်အာန်ကပဲ လမ်းညွှန်သွန်သင်ဆုံးမထားပါတယ်။ ပြီးတော့ တမန်တော်မြတ် (ဆွလ္လ)ကဲ့သို့ အာယတ်တွေကို ယူလာတယ်ဆိုတာ ဒီအာယတ်မှာ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သက်သေပြတဲ့ အခါမှာ ကိုယ်တော်မြတ်လက်ထက်ရောက်တဲ့အခါ လက်တွေ့ကျတဲ့ ကိစ္စရပ်တွေကိုပဲ ဦးစားပေးပြီး ဖော်ပြပါတယ်။ ဒါပေမယ့် သူတို့ စောဒက ဘာလို့ဝင်နေလဲဆိုတာကို အလ္လာဟ်အရှင်မြတ်က ဆူရာဟ်(၂၁း၆)မှာ
“ ၎င်းတို့အလျင် ၎င်းတို့၏ လုပ်ရပ်အကျိုးဆက်တွေကြောင့် ငါအရှင် ပျက်စီးစေတော်မူခဲ့သော မည်သည့် မြို့၊ ရွာဒေသကမှ အဲဒီ သက်သေလက္ခဏာတော်တွေကို ကြားသိတွေ့မြင်သိရှိကြပါလျက် သက်ဝင်ယုံကြည်ခဲ့ကြ သည်မဟုတ်ပေ။ ဒါကြောင့် ဒီလူတွေဟာ သက်ဝင်ယုံကြည်ကြဦးမည်လော ” (ကုရ်အာန်-၂၁း၆)
ကမ္ဘာစကြ၀ဠာအနန္တဟာ အာယတ်တွေဖြစ်သလို ကုရ်အာန်ကျမ်းမြတ်ထဲမှာလည်း အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတော်တွေ ပါဝင်နေပါလျက် လူတွေက တန်ခိုးဗျာဒိတ်တွေပြသဖို့ တောင်းဆိုခဲ့ကြပါတယ်။ လူ့ သဘောသဘာဝအရ လက်တွေ့ကျတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေထက် ပိုမိုလွန်ကဲသော သဘောသဘာဝ အဖြစ်အပျက်၊ လူ့သဘာဝနဲ့ အလှမ်းဝေးတဲ့မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဖွဲ့ဆိုမှုတွေကိုသာ အချို့လူတွေက အမှန်တရားထင်နေပြီး စောဒက၀င်ခဲ့ကြတာ တွေ့ရပါတယ်။ အစောပိုင်းကလူတွေလည်း အဲဒီလို တောင်းဆိုမှုမျိုးစုံ တောင်းဆိုခဲ့ကြပေ မယ့် လက်တွေ့ကျတဲ့လုပ်ငန်းတွေကိုတော့ ယုံယုံကြည်ကြည်လက်ခံခြင်း မရှိခဲ့ကြပါဘူး။း ဒါကြောင့် အမှန်တရား နှင့် ဆန့်ကျင်ပြီး မိစ္ဆာအမှားကို ကျူးလွန်တော့ ပျက်စီးကြရတော့တာဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
စကြ၀ဠာ၊ အနန္တ၊ မိုး၊ မြေ၊ နေ၊ လ၊ ကြယ်တံခွန်တွေ၊ သစ်တော၊ ပင်လယ် သမုဒ္ဒရာတွေအားလုံး သူ့အခြေ အနေ၊ အချိန်အခါ၊ အနေအထားနဲ့ တာဝန်ယူဆောင်ရွက်လှုပ်ရှားလျက်ရှိပြီး လူသားတွေကို အကျိုးပြုလျက်
ရှိနေကြတယ်။ ဒါတွေအားလုံးဟာ အလ္လာဟ်အရှင်မြတ်က စီမံပေါ်ပေါက်ဖြစ်ထွန်းစေထားခြင်းပဲ ဖြစ်ပါတယ်။ တစ် နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတော်တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ လူသား။ မျက်စိက မြင်တဲ့ အလုပ်၊ နားက ကြားတဲ့အလုပ်၊ ပါးစပ်က စားမယ်၊ ပြောမယ်၊ လက်က လှုပ်ရှားမယ်၊ ခြေထောက်သွားမယ်၊ လာမယ်၊ လက်ရဲ့အလုပ်ကို ခြေထောက်ကလုပ်လို့မရဘူး။ ခြေထောက်ရဲ့အလုပ်ကို လက်ကလုပ်လို့မရဘူး။ မျက်စိရဲ့အလုပ်ကို နားကလုပ်လို့မရဘူး။ နားရဲ့အလုပ်ကို ပါးစပ်ကလုပ်လို့မရဘူး။ လူသားတွေရဲ့ ခန္ဓာကိုယ် ရပ်တည်လှုပ်ရှား အသက်ရှင်နေထိုင်နိုင်နေခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတော်တစ်ရပ်ပဲ ဖြစ်ပါတယ်။
သက်သေလက္ခဏာ အာယတ် နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထား သော အာယတ် သက်သေလက္ခဏာအထောက်အထားများနဲ့ စကြ၀ဠာအနန္တနဲ့ ကမ္ဘာပေါ်မှာဖြစ်ထွန်းစီရင်ထားတဲ့ ရှိသမျှ သက်ရှိသက်မဲ့အရာဝတ္ထုအားလုံး တည်ရှိ၊ တိုးပွား၊ ရှင်သန်နေခြင်း၊ သေဆုံးနေခြင်း၊ ဖြစ်တည်ခြင်း၊ ပျက်စီးနေခြင်းအားလုံးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတော်များပဲဖြစ်ပါတယ်။ ဒါပေမယ့် လူ့ သဘာဝမှာ လူတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတွေ မိမိရဲ့ လက်တစ်ကမ်းအကွာနဲ့ မိမိကိုယ် တိုင်ရဲ့ ကိုယ်ခန္ဓာအတွင်းမှာပဲရှိတယ်ဆိုတာ မသိကြပါဘူး။
“ ထိုနည်းတူ အသင်တို့၏ ကိုယ်များအတွင်းတွင်လည်း သက်သေလက္ခဏာတော်များရှိနေသည်။ သို့ပါလျက် အသင်တို့သည် သိမြင်နားလည်သဘောပေါက်ခြင်း မရှိကြပြီလော ” (၅၁း၂၁)
ကျမ်းမြတ်ကုရ်အာန်မှာ ဒီလိုမေးခွန်းထုတ်မေးမြန်းထားပါတယ်။ အဲဒီလို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန် တော်မြတ်ကို စောဒက၀င်ခဲ့ကြတဲ့အကြောင်း ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂၅)၊ အာယတ် (၄) ကနေ (၇) အထိ
“ အမှန်သစ္စာတရားကို သွေဖည်ငြင်းဆန်ကြတဲ့လူတွေက ဒီကုရ်အာန်ဟာ ဤ သူ(တမန်တော်မြတ် မုဟမ္မဒ်) လီဆည်လုပ်ကြံဖန်တီးထားတဲ့ မုသားသက်သေပဲဖြစ်တယ်။ အဲဒီကိစ္စမှာ ၎င်းအား အခြားအမျိုးသားတွေကလည်း ကူညီရိုင်းပင်းခဲ့ကြတယ်ဟု ပြောဆိုခဲ့ကြလေသည်။ ထိုသို့ ပြောဆိုစွပ်စွဲ စောဒက၀င်ခဲ့၍ ထို သွေဖည်ငြင်းပယ်သော သူတို့သည် မတရားမှု၊ စည်းမျဉ်းချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် မုသားစကားကို ဖန်တီးကျူးလွန်ခဲ့ကြလေပြီ ” (ကုရ်အာန်-၂၅း၎)
အဲဒီလို သူတို့ ဘာလို့စွပ်စွ၊ဲကြသလဲဆိုတာကို လေ့လာကြည့်ရင် ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်ကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းဝင်တွေဟာ လူ့တာဝန်တွေကျေပွန်ကာ လူ့ကျင့် ၀တ်နဲ့အညီ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး(အပြည့်အ၀ဖော်ဆောင်နိုင်ရေး)တွေကို လမ်းညွှန်ချက် ဘောင်ထဲကနေ ရရှိဖော်ဆောင်နိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် လူတော်တော်များများက လူ့တန်ဖိုး၊ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ လူ့ တာဝန် ကျေပွန်မှုတို့ကို ရှေ့တန်းမတင်ချင်တဲ့လူတွေဟာ သူတို့အတ္တ အကျိုးစီးပွားနဲ့ဆန့်ကျင်လာတဲ့အခါ သူတို့ အတ္တနောမတိနဲ့ မကိုက်ညီတဲ့အခါ ဒီလိုမျိုးစွပ်စွဲလာခဲ့ကြပါတယ်။ ထို့အပြင် တမန်တော်မြတ်ကို ဆင်းရဲသား လူတန်းစားတွေ အတော်များများက ယုံကြည်သက်ဝင်ကြသူတွေကိုပါ တမန်တော်မြတ် လီဆည်လုပ်ကြံတဲ့ကိစ္စမှာ အားပေးကူညီသူ အခြားအမျိုးသားတွေလို့ စွပ်စွဲပြောဆိုခဲ့ကြတယ်။
ဒါပေမယ့် အလ္လာဟ်အရှင်မြတ်က ထိုသို့ပြောဆိုစွပ်စွဲ စောဒက၀င်ခဲ့ကြတဲ့ သွေဖည်ငြင်းပယ်ကြသူတွေဟာ မတရားမှု၊ စည်းမျဉ်းချိုးဖောက်မှု၊ အလွဲသုံးစွဲမှုနှင့် မုသားစကားများကို ဖန်တီးကျူးလွန်ကြသူများသာ ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ တစ်နည်းအားဖြင့် သူတို့ဟာ မတရားမှုနှင့် မုသာဝါဒကို ကျူးလွန်ကြသူများသာဖြစ်ကြောင်း ထင်ဟပ်စေခဲ့ပါတယ်။ တစ်ဖန် ကျမ်းမြတ်ကုရ်အာန် ဆူရဟ် (၂၅း၅)မှာ
“ ဒါ့အပြင် သွေဖည်ငြင်းဆန်ကြတဲ့ မုသာဝါဒီတွေက ဒီကုရ်အာန်ကျမ်းမြတ်သည် ဤသူ (တမန်တော်မြတ်) ရေးသားမှတ်တမ်းတင်ထားခဲ့သော ရှေးသူဟောင်းတွေရဲ့အခြေအမြစ်မရှိတဲ့ ပုံပြင်များသာ ဖြစ်တယ်။ ထို့အပြင် ထို အခြေအမြစ်မရှိသော ပုံပြင်များကို ဤသူ၏ရှေ့တွင် နံနက်ခင်းတွင်လည်းကောင်း၊ ညနေခင်းတွင်လည်းကောင်း ဖတ်ကြားခြင်းခံရလေသည် ” ဟုပြောဆိုခဲ့ကြလေသည်။ (ကုရ်အာန်-၂၅း၅)
ဒီအာယတ်အရ ကျွန်တော် သေသေချာချာပြောချင်တာက “ ဒီကုရ်အာန်ကျမ်းမြတ်သည် ဤသူ (တမန်တော်မြတ်) ရေးသားမှတ်တမ်းတင်ထားခဲ့သော ” ကာဖိရ်တွေက ကျမ်းတော်မြတ်ကုရ်အာန်သည် တမန် တော်မြတ် သက်တော်ထင်ရှားရှိစဉ်ကတည်းက ရေးသားမှတ်တမ်းတင်ထားခဲ့ပါတယ်လို့ စောဒက၀င်ရင်းနဲ့ပြော တယ်။ အဲဒါကို အဲဒီ (ကုရ်အာန်)ကိုယုံပါတယ်လို့ပြောတဲ့ မွတ်ဆလင်မ်ဆရာတော်ကြီးများနဲ့ မွတ်ဆလင်မ် တော် တော်များများက ကျမ်းတော်မြတ်ကုရ်အာန်ကို တမန်တော်မြတ်က သက်တော်ထင်ရှားရှိစဉ်က ရေးသားမှတ်တမ်း တင်မှုမပြုဘဲ နောက်ပိုင်း ခလီဖွာ-သမ္မတကြီးတွေလက်ထက်မှ ရေးသားမှတ်တမ်းတင်တယ်လို့ပြောတယ်။ ကုရ်အာန်ထဲမှာတော့ ကာဖိရ်တွေကပြောတယ်။ ဒီကုရ်အာန်ကို ဒီတမန်တော်က ရေးသားမှတ်တမ်းတင်ထား
တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ပြီးတော့ ထပ်ပြောသေးတယ်။ ဒီကုရ်အာန်ဟာ ရှေးသူဟောင်းတွေရဲ့ အခြေ အမြစ်မရှိတဲ့ ပုံပြင်များသားဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တမန်တော်မြတ်က ကျမ်းမြတ်ကုရ်အာန် သူ့ဆီ ထုတ်ပြန်ပို့ချလိုက်တဲ့အချိန်မှာ ကျန်တဲ့လူတွေကိုတင်ပြပြီး ရေးသားမှတ်တမ်းတင်တဲ့အခါမှာ ဟိုး စကြ၀ဠာရဲ့အစ၊ ဖြစ်တည်ပုံ၊ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာပေါင်းနေရာမှ ကွဲကွာသွားပုံ၊ သက်ရှိတွေ ဖြစ်တည်လာပုံ၊ ကမ္ဘာဦးအစ လူတွေ၊ တမန်တော်တွေစေလွှတ်ခဲ့ခြင်း၊ မိခင်ဝမ်းကြာသိုက်မှာ သန္ဓေတည်ပုံ (ဆူရာဟ် ၂၂း၅) အဲဒီလို အကြောင်းအရာ မျိုးစုံကို တမန်တော်မြတ်ဟာ တင်ပြပြောဆို ရေးသားမှတ်တမ်းတင်ထားလေတော့ သွေဖည်ငြင်းဆန်တဲ့ မုသာ ၀ါဒီတွေက ၀ဟီရဲ့သဘောသဘာဝကို နားမလည်ကြတဲ့အတွက် တမန်တော်မြတ်ကို ကဗျာရူး၊ လင်္ကာရူး၊ ပုံပြော ကောင်းသူလို့ စောဒက၀င်စွပ်စွဲခဲ့ကြခြင်းဖြစ်ပါတယ်။
အမှန်က အထက်ကအကြောင်းအရာတွေအားလုံးဟာ အလ္လာဟ်အရှင်မြတ်က တမန်တော်ကို အသိပေး လို့ တမန်တော်က သိခြင်းသာဖြစ်ပြီး တမန်တော်ဟာ တစ်ဆင့်ယုံကြည်သက်ဝင်ကြသူတွေကို တင်ပြခြင်းပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် ကျမ်းမြတ်ကုရ်အာန်လာ အာယတ်များကို နံနက်ခင်းတွင်လည်းကောင်း၊ ညနေခင်းတွင်လည်း ကောင်း လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ဒီဆူရာဟ်မှာ ပဲ အလ္လာဟ်အရှင်မြတ်က ဆက်ပြီးမိန့်တော်မူပါတယ်။ ဆူရာဟ် ၂၅ အာယတ် ၆မှာ စောစောက စောဒကကို ဖြေတဲ့အဖြေပါ။
“ အို … နဗီတမန်တော် အသင် ဟောပြောကြေညာလော့။ ဤ ကျမ်းမြတ်ကုရ်အာန်သည် စကြ၀ဠာ အနန္တ နှင့် ကမ္ဘာဂြိုဟ်တစ်ခွင်တစ်ပြင်ရှိ လျှို့ဝှက်ချက်အလုံးစုံကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်က ထုတ်ပြန်ပို့ချ တော်မူခဲ့ခြင်းဖြစ်သည်။ ဧကန်မုချ ထိုအရှင်မြတ်သည် အလွန်တရာ လုံခြုံမှုပြုပေးတော်မူသော၊ လိုလေသေးမရှိ ထောက်ပံ့ဖြည့်ဆည်းပေးတော်မူသော အရှင်ဖြစ်တော်မူသည် ” (ကုရ်အာန် – ၂၅း၆)
ဒီအာယတ်ကို လေ့လာကြည့်ရင် ကုရ်အာန်ကို ဘယ်သူပိုင်သလဲ၊ ကုရ်အာန်ရဲ့ပိုင်ရှင်၊ ကျမ်းမြတ် ကုရ်အာန်ရဲ့ စာရေးဆရာ (စကားလုံးရွေးချယ်မှု နိမ့်ပါးမှုအတွက် ကျွန်တော့်ရဲအားနည်းချက်ဖြစ်ပါသည်) မူရင်း ကျမ်းပိုင်ရှင် အလ္လာဟ်ပါ၊ ကျမ်းတော်မြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးတာ အလ္လာဟ်ပါ၊ ကျမ်းမြတ်ကုရ်အာန်ကို စုစည်းပေးတာ အလ္လာဟ်ပါ၊ ကျမ်းမြတ်ကုရ်အာန်ကို ကိယာမသ်တိုင်အောင် မပျောက်မပျက် မချို့ယွင်းရအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးထားတာ အလ္လာဟ်အရှင်မြတ်သာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်မှာ ဒွိဟသံသယဖြစ်စရာ၊ ယုံမှားသံသယဖြစ်စရာ၊ စိုးစဉ်းမျှမရှိ။ အဲဒါ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်။ သူတို့ သူတို့ခေတ်အခါက လူတွေက သူတော်စင်ဆိုရင် မြေလျှိုး၊ မိုးပျံ၊ ၀တ်ဖြူ စင်ကြယ်ဝတ်၊ တန် ခိုးတစ်ခုခုလုပ်ပြ။ ဒါပေမယ့် ဒီတမန်တော်မြတ်(မုဟမ္မဒ်)က ဘာမှလုပ်မပြဘူး။ အိမ်ထောင်လည်း ပြုထားတယ်။ သားတွေ၊ သမီးတွေလည်း မွေးထားတယ်။ ဈေးလည်းသွားတယ်။ အများသူငါလိုပဲ အစားအသောက်(ဟာလာလ်နဲ့ သွိုင်ယက်ဘ်ဖြစ်တဲ့အစားအစာ)လည်းစားတယ်။ အဲဒီတော့ စောဒက တက်ပြန်ပြီ။ ဆူရာဟ် (၂၅း၇)မှာ
“ ထို သွေဖည်ငြင်းဆန်၊ ဆန့်ကျင်ဖုံးကွယ်ကြသူတို့က ပြောဆိုခဲ့ကြသည်မှာ (ဤ ရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်း(တမန်တော်)သည် အစားအစာများကို စားသုံးအကျိုးခံစားလျက် ရှိလေ သည်။ ထို့အပြင် ဈေးများအတွင်း ၀င်ထွက်၊ သွားလာလျက်ရှိလေသည်။ အကယ်၍သာ ၎င်း(တမန်တော်)ထံသို့ စေတမန်တစ်ပါး (စွမ်းအားရှင်တစ်ဦး) အဘယ်ကြောင့် စေလွှတ်ခြင်းမခံရတာလဲ။ အဲဒီလို စေလွှတ်ခဲ့ရင် အဲဒီစွမ်းအား ရှင် စေတမန်က ၎င်းနှင့်အတူတကွ သတိပေးနှိုးဆော်သူ ဖြစ်လာပေမည် ” (ကုရ်အာန်-၂၅း၇)
ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော်တို့ဆရာကြီးရဲ့ ဆုံးမတဲ့စကားတစ်ခွန်းကို သတိရမိပါတယ်။ မင်းတို့ မျက်စိအာရုံရဲ့သက္က၀ါ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုလိုချင်ရင် ဈေးထဲသွားပါတဲ့။ ဈေးထဲမှာ အမျိုးသမီးတွေ အရမ်းများတယ်။ အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့်ထက် ဈေးထဲကိုလာတဲ့အခါမှာ သူတို့ရဲ့ဝတ်စားဆင်ယင်မှုဟာ ပိုမိုလွန်ကဲတယ်။ အဲဒီအခါမှာ မင်းတို့မမြင်သင့် မမြင်အပ်တဲ့အရာတွေ မြင်ရလိမ့်မယ်။ ဒါ့အပြင် ဈေးအရောင်းအ ၀ယ်ပြုလုပ်ရာမှာ မှန်ကန်တိကျ စစ်မှန်ဖို့လည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ဈေးထဲသွားရင်း တရားတော်နှင့်အညီ လိုက်နာကျင့်သုံးလို့ရပါတယ်။ အများမိုးခါးရေသောက်ပြီး သွေဖည်ဖောက်ပြန်နေတဲ့ ပတ်ဝန်းကျင်မှာ ရိုးသားသူက စံပြနမူနာပါ။
အရက်မရှိတဲ့နေရာမှာ အရက်မသောက်ဘူးဆိုသူထက် အရက်တွေ အများကြီးအလွယ်တကူရနိုင်တဲ့ နေရာမှာ အရက်မသောက်သူသာလျှင် ပိုပြီးကိုယ့်ကိုယ်ကို ထိန်းညှိနိုင်သူလို့ သတ်မှတ်နိုင်မှာဖြစ်တယ်။ ဒီတော့ တမန်တော်မြတ် ဈေးသွားတာဘာဆန်းလဲ။ တမန်တော်မြတ်က `ငါဟာ မင်းတို့လိုပဲ သေမျိုး လူသားတစ်ယောက်။ မင်းတို့ထက် တစ်ခုပဲထူးတယ်။ အဲဒါက အလ္လာဟ်အရှင်မြတ်ရဲ့ ၀ဟီထုတ်ပြန်ပို့ချခြင်းခံရတာ တစ်ခုပဲထူးတယ်။´ ဒါက တမန်တော်မြတ် သက်တော်ထင်ရှားရှိစဉ်အခါက ကာဖိရ်တွေရဲ့စောဒက။
တမန်တော်မြတ် ၀ဖားသ်(ကွယ်လွန်သေဆုံး)ပြီးနောက် အစ္စလာမ်နှင့်ကုရ်အာန်ကို စောဒက၀င်နေတဲ့ လူ တွေအကြောင်း ကျွန်တော် ဆက်ပြီးတင်ပြသွားပါမယ်။ ဒီကနေ့ ကျွန်တော်တို့ ဆိုင်တွေ၊ လုပ်ငန်းတွေ စောစော
သိမ်းကြမှာပါ။ တချို့ဆို မနက်ကတည်းက ရေဝေး၊ ကန်တော်လေး၊ တာမွေ ကဗရ်စတန်တွေကို ရောက်ခဲ့ပြီးသူ တွေလည်းရှိနေမှာပါ။ ဇေရာရသ်လုပ်ခဲ့ပြီးကြမှာပါ။ ကျွန်တော်တို့ငယ်ငယ်က အခုလို ရှအ်ဗန်လ(၁၅)ရက် `ရှအ်ဗေဘရာသ်´ ဆိုရင် အိမ်တွေက ပြောပါတယ်။
ဒီနေ့ည မဂ္ဂရစ်ဗ်ပြီးရင် ဆူရာဟ်ယာစင်န် ၃ခေါက်ဖတ်မယ်။ တစ်ခေါက်ပြီးရင် ဒုအာတစ်ခါတောင်းမယ်။ ပြီး ရင် ဇေရာရသ် သွားလုပ်ရမယ်။ လူကြီးတွေက ကျွန်တော်တို့ကို ဒီလိုနေ့ဆိုရင် (အာလမေ အာရ်ဝါ)မှာ ကွယ်လွန် သူတွေ တန်းစီပြီးလာစောင့်နေမယ်။ အဲဒီအချိန်မှာ ဖရိရှ်တာတွေကရောက်လာပြီး ဘယ်သူတွေဆီက ဘယ်သူ့ အတွက် ဒုအာတွေပါလာပြီ။ ဒါကြောင့် သားတွေ ဇေရာရသ်သွားမှ (အာလမေ အာရ်ဝါ)မှာ အဖေပျော်သွားမှာ။ တကယ်လို့သာ သား၊သမီးတွေ ဇေရာရသ်မလုပ်ခဲ့ရင် ဟိုမှာရှိနေတဲ့သေသူဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ မျက်နှာငယ် ငိုပြီးပြန်ရလိမ့်မယ်ဆိုတော့ မိဘဘိုးဘွားတွေ စိတ်ချမ်းသာဖို့၊ မျက်နှာမငယ်ဖို့ ဇေယာရသ်သွားလုပ် ကြရပါတယ်။ မော်လ၀ီတွေကလည်း တရားဒေသနာတွေဟောကြပါတယ်။ တစ်ချို့ဆို ကုရ်အာန်(၄၄း၃)ကိုဖတ်ပြီး ရှဗေဗရာသ်ဆိုပြီး အော်ကြပါတယ်။
ရှဗေဗရားသ်၊ မလာအိကဟ်တွေဆင်းလာမယ်။ ဒီတစ်နှစ်(ရှေ့နှစ်)အတွက် မှတ်တမ်းနဲ့သက်ဒီရ်(ကံကြမ္မာ) စီးပွားရေး၊ ကျန်းမာရေး၊ အသက်ရှင်ရေး။ ဒီနေ့ညမှာ ရေးကြမယ်။ ဒီနေ့ညအတွက်တော့ ကျွန်တော်တို့ဟာ သူတော်ကောင်းတွေပေါ့။ လူတိုင်း နှစ်သက်သဘောကျမယ့် အချက်အလက်တွေဖြစ်တဲ့ အသက်ရှည်ခြင်း၊ ကျန်း မာခြင်း၊ စီးပွားဥစ္စာပေါများခြင်းဆိုတဲ့ ကိစ္စတွေကို ကြိုတင်မှတ်တမ်းတင်မယ်ဆိုတော့ အဲဒီအချိန်ကာလမှာ ကောင်း တာလုပ်ရမှာပေါ့။ ဒါက မူလအသိပါ။ အလ္လာဟ့်အလိုတော်နှင့် ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးခွင့်ရခဲ့ ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးခွင့်ရတော့ စောစောက ဖတ်လိုက်တဲ့ဆူရာဟ် (၄၄း၃)က … ဟို တမန်တော်မြတ်လက်ထက်တုံးက စောဒက၀င်ခဲ့တဲ့လူတွေက ကာဖိရ်တွေ။ အခုစောဒက အသစ်ဝင်တဲ့လူတွေက မွတ်ဆလင်မ် သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ်ဆိုသူတွေ။
“ ဧကန်မုချ ငါအရှင်မြတ်သည် ယင်ကျမ်းဂန်ကို ကျက်သရေမင်္ဂလာအပေါင်း၊ ကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံသော ညတစ်ညတွင် အသေအချာပင် ထုတ်ပြန်ပို့ချပေးသနားတော်မူခဲ့ပြီ။ ဧကန်မုချ ငါအရှင်မြတ်သည် သတိပေးနှိုးဆော်တော်မူသည့် အရှင်ဖြစ်တော်မူသည်။ ထိုညဥ့်တွင် နက်နဲသိမ်မွေ့သော၊ ဆင်ခြင်ဉာဏ်အမြှော်အမြင် နှင့်ပြည့်စုံသော အရေးကိစ္စဟူသမျှကို စနစ်တကျ သတ်မှတ်အတည်ပြုခြင်း ခံကြရလေသည် ” (ကုရ်အာန်-၄၄း၃-၄)
“ ဧကန်မလွဲ ငါအလ္လာဟ်အရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းမြတ်ကို မြင့်မြတ်သော၊ ကိစ္စဥဿုံအလုံးစုံ စီမံခန့်ခွဲသော ညတစ်ညတွင် စတင်ထုတ်ပြန် ပို့ချပေးတော်မူခဲ့သည်။ —- လိုင်လသွလ်ကဒရ် မြင့်မြတ်သောညဥ့် သည် လပေါင်းတစ်ထောင်ထက်ပင် ပိုမိုကောင်းမွန်လေသည် ” (ကုရ်အာန် – ၉၇း ၁ မှ ၅)
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၄၄း၃)နဲ့ (၉၇း ၁ မှ ၅)အရဆိုရင် လိုင်လသွလ်ကဒရ်နဲ့ လိုင်လသွလ် မူဘာရက်က်ဆိုတာ တစ်ခုတည်း၊ တစ်ရက်တည်း။ ဒါဆိုရင် လိုင်လသွလ်ကဒရ် ဒါမှမဟုတ် လိုင်လသွလ်မူဘာရက် ဆိုတာ ရှအ်ဗန်လ(၁၅)ရက်နေ့မဟုတ်ပါလား။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၁၈၅)အရဆိုရင်
“ (ဆွီယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသော အနည်းငယ်မျှသော နေ့ရက်များသည်) ရမဒွါန်လပင်ဖြစ်သည်။ ထိုလ၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်ခဲ့လေ သည် ” (ကုရ်အာန်-၂း၁၈၅)
ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်ကို ချပေးခဲ့တာ ရမဒွါန်လ၊ ကဒရ်ညဖြစ်ပါတယ်။ ကဒရ်ညဟာ တစ် နည်းအားဖြင့် လိုင်လသွလ်မူဘာရက်လည်းဖြစ်ပါတယ်။ ဒါဆိုရင် လိုင်လသွလ်မူဘာရက်ဟာ ရှအ်ဗန်လ(၁၅)ရက် နေ့မဟုတ်သလို၊ အဲဒီနေ့ညမှာ ကျမ်းမြတ်ကုရ်အာန်ကျရောက်တဲ့နေ့ (ညဥ့်)လည်းမဟုတ်ဘူးဆိုတာ ထင်ရှားနေပါ တယ်။ အဲဒီရှအ်ဗန်လ(၁၅)ရက်နေ့ ရှအ်ဗေဘရသ်ကိစ္စ လူတွေ ဘာလို့ပြောနေကြလဲဆိုတာ လေ့လာကြည့်လိုက် တော့ ရမဒွါန်လ လိုင်လသွလ်ကဒရ်ညမှာ ကုရ်အာန်ကို ချပေးခဲ့တာ။ အဲဒီလိုင်လသွလ်ကဒရ်ကို လိုင်လသွလ် မူဘာရက်ဆိုပြီးတော့ ကျက်သရေမင်္ဂလာနဲ့ ကောင်းချီးမင်္ဂလာတွေ ပြည့်စုံတဲ့ညလို့ ထပ်မံဖော်ညွှန်းတယ်။ လူတွေ ကတော့ အဲဒီညကို ရှာဗေဘရသ်ညလို့ ပြောကြဟောကြတယ်။ အမှန်စင်စစ် ရမဒွါန်လရဲ့ လိုင်လသွလ်ကဒရ် (မြင့် မြတ်လှတဲ့ညဥ့်)မှာသာ ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခဲ့တာဖြစ်ပါတယ်။
အလ္လာဟ်ကတော့ အဲဒီကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ညဟာ လိုင်လသွလ်ကဒရ်ည ရမဒွါန်လရဲ့ ညတစ်ညလို့ လမ်းညွှန်မိန့်ကြားထားပါတယ်။ အဲဒီမှာ အလ္လာဟ်အရှင်မြတ်က အင်မတန် နက်နဲသိမ်မွေ့တဲ့ကိစ္စတိုင်း ကို စီမံခန့်ခွဲဖွယ်ရာကိစ္စအ၀၀ကို တိကျစွာ ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ဆုံးဖြတ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန် ထုတ်ပြန်ပို့ချတဲ့ လိုင်သလွလ်ကဒရ် တစ်နည်းအားဖြင့် လိုင်လသွလ်မူဘာရက်ဆိုတဲ့ ရမဒွါန်မှာဆောင်ရွက်လိုက် တယ်။ အဲဒီမှာ ဘာချပေးလည်းဆိုတော့ ရဟ်မသ်လို့ခေါ်တဲ့ အထောက်အပံ့၊ ကရုဏာ၊ မေတ္တာ။ သေချာကြည့်ရင် အလ္လာဟ်အရှင်မြတ်ဟာ ရဟ်မန်၊ ရဟီးမ်အရှင်။ တမန်တော်မြတ်ကိုကြည့်လိုက်ရင်`ရဟမသွလ်လီလ် အာလမီန်း´
ဆိုတဲ့ စကြ၀ဠာလောကခပ်သိမ်းကို မေတ္တာတော်ရှင်အဖြစ်နဲ့ပွင့်ခဲ့တယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကလည်း ရဟ်မသ်ဆိုတဲ့ ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံတဲ့ အလ္လာဟ်ချီးမြှင့်ထားတဲ့ အထောက်အပံ့ဖြစ်တယ်။
ကောင်းပြီ။ ဒီရှဗေဘရသ်ဘယ်လိုရောက်လာသလဲ။ မွတ်ဆလင်မ်လောကကို ဘယ်လိုဝင်လာသလဲ။ လေ့ လာကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ခန့် တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွလ္လ) ၀ဖါးသ်(ကွယ်လွန်) ပြီးနောက် နှစ်ပေါင်း(၄၀၀)အထိ မွတ်ဆလင်မ်လောကမှာ ရှဗေဘရသ်ဆိုတဲ့ကိစ္စမရှိပါဘူး။ နှစ်ပေါင်းလေးရာကျော် ပြီးနောက်မှ ပါးရှန်းတွေဆီကနေ `နောင်ရိုးစ်´ဆိုတဲ့ ပွဲတော်တစ်ခုကနေ ၀င်ရောက်လာခြင်းဖြစ်တယ်။ ပါးရှန်းတော် တော်များများ မွတ်ဆလင်မ်ဖြစ်လာကြပြီး၊ ကိစ္စတော်တော်များများ စွန့်လွှတ်ခဲ့ပြီး မွတ်ဆလင်မ်လိုနေပေမယ့် နောင်ရိုးစ်ဆိုတဲ့ပွဲနဲ့ပတ်သက်ပြီး သူတို့မစွန့်လွှတ်နိုင်ခဲ့ဘူး။ အဲဒီနောင်ရိုးစ်ဆိုတာကိုယူပြီး ရှအ်ဗေဘရသ်ဆိုတဲ့ စကားလုံး ဖါရ်စီစကားလုံးနဲ့ ဖော်ပြထားခြင်းဖြစ်တယ်။ ပြီးတော့ အရဗီစကားလုံးနဲ့ အတင်းလိုက်တန်းညှိပြီး လိုင်လသွလ်မူဘာရက် ဆိုပြီး လုပ်လိုက်ကြပြန်ပါတယ်။ အဲဒီညတစ်ညမှာ `နဖိလ်´အပိုဖြစ်သော`အမလ်´လုပ်ရင် နှစ်ပေါင်းများစွာ ကုသိုလ်ရမယ့်ပုံစံ မက်လုံးပေးဖော်ပြလျက်ရှိကြပါတယ်။
တမန်တော်မြတ်(ဆွလ္လ)ခေတ်နှင့် ဆွဟာဗာသာဝကကြီးများ၊ ခလီဖွာသမ္မတကြီးများ ခေတ်အခါကာလ တွင် ရှဗေဗရာသ်ညဥ့်ရှိကြောင်း၊ အထက်ဖော်ပြပါအစီအစဉ်များ ဖော်ပြထားခြင်း၊ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ အချို့ ပညာရှင်များက `ဗစ်ဒအသ်´ဟု သတ်မှတ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။
မွတ်ဆလင်မ်တစ်ဦးအတွက် နေ့ဖြစ်စေ၊ ညဥ့်ဖြစ်စေ၊ မည်သည့်အရပ်ဒေသတွင် ရောက်ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အမိန့်တော်ကို ယုံကြည်သက်ဝင် လက်တွေ့လိုက်နာကျင့်သုံးပြီဆိုသည်နှင့် ထိုသူအတွက် ထိုအချိန်၊ ထိုအခါ၊ ထိုကာလသည် ကောင်းသည့်နေ့၊ ကောင်းသည့်အချိန်၊ ကောင်းသည့်ညဥ့်ပင်ဖြစ်ပေသည်။ နေ့၊ ညဥ့်၊ ကာလဒေသတို့သည် အစဉ်အမြဲ ကောင်းနေသည်သာဖြစ်ပြီး ပြုလုပ်ဆောင်ရွက် ကျင့်ကြံအားထုတ်သူလူ သား၏ လုပ်ရပ်အပြုအမူအားဖြင့်သာ ကောင်းခြင်း၊ ဆိုးခြင်းတို့ဖြစ်ပေါ်လာစေပါသည်။ ထိုနည်းတူစွာ အလ္လာဟ့် လမ်းညွှန်ချက်နှင့်အညီ အလ္လာဟ်အရှင်မြတ်ထံတော်မှသာလျှင် မိမိတို့လူသားတွေရဲ့ လိုအပ်ချက်အ၀၀ကို ကူညီ ဖြည့်ဆည်းပေးရန် တောင်းခံရယူလိုသည့်အခါ အလ္လာဟ်အရှင်မြတ် ပြသလမ်းညွှန်သည့်အတိုင်း တမန်တော်မြတ် လက်တွေ့လုပ်ကိုင်ဆောင်ရွက်သည့် အကောင်းဆုံးသော စံနမူနာအတိုင်း မိမိဘ၀သက်တမ်းတစ်လျှောက် နေ့စဉ်၊ ညဥ့်စဉ် ကောင်းမှုအစုစုတို့ကို ပြုလုပ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဒါကြောင့် ရှဗေဗရသ်ဆိုတာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်မဟုတ်သလို တမန်တော် မြတ်မုဟမ္မဒ်(ဆွလ္လ)ကိုယ်တော်တိုင် ကျင့်သုံးခဲ့ခြင်းမရှိခဲ့သော ကိစ္စတစ်ရပ်ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ် ။ ။