ကျမ်းမြတ်ကုရ်အာန်၏ အခြားအမည်နာမများ ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)

ကျမ်းမြတ်ကုရ်အာန်၏ အခြားအမည်နာမများ

ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)

အလ္လာဟ်အရှင်မြတ်သည် လွန်ခဲ့သောနှစ်ပေါင်း (၁၄၀၀)အလျှင်က တမန်တော်မုဟမ္မဒ်(ဆွ)ကို ရစူလ် အဖြစ်ရွေးချယ်ခန့်အပ်စေလွှတ်ခဲ့ပြီးသည့်နောက် ကျမ်းတော်မြတ်ကုရ်အာန်ကို ခပ်သိမ်းကုန်သော လူသားတို့၏ လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်ပို့ချရာတွင် တစ်ကြိမ်တည်း၊ တစ်ခါတည်း မဟုတ်ဘဲ အဆင့်ဆင့်အလီလီ ပို့ချစေခဲ့ သည်။
ကျမ်းမြတ်ကုရ်အာန်ကို လေ့လာစူးစမ်းကြည့်လျှင် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်အား `ကုရ်အာန်´ ဟူသော အမည်နာမအပြင် အခြားသော အမည်နာမ အမျိုးမျိုးနှင့် ခေါ်ဝေါ်သုံးစွဲထားသည်ကို တွေ့ရှိရလေသည်။ ထိုကဲ့သို သုံးစွဲထားသော အမည်နာမများအား သာဓကအားဖြင့် ဖော်ပြရမည်ဆိုလျှင်
၁။ အလ်ကိသားဗ် ၂။ အလ်ကုရ်အာန် ၃။ အဇ္ဇိက်ရု ၄။ ကလိမသုလ္လာဟ် ၅။ အရ်ရုဟ် စသည်တို့ဖြစ်သည်။
၁။ အလ်ကိသားဗ်
အလ်ကိသားဗ်ကို ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် မည်သို့သုံးနှုန်းထားသည်ဆိုသော် –
`ထိုကုရ်အာန်ကျမ်းတော်ထဲတွင် (၀ါ) ထိုအလ်ကိသားဗ်ထဲတွင် ဒွိဟသံသယ ဖြစ်ဖွယ်တစ်စုံတစ်ရာမျှ အလျင်းမရှိချေ။´
ဒီနေရာမှာ ကျွန်ုပ်တို့အနေနှင့် ကုရ်အာန်၏ ထူးခြားလှသော ဂုဏ်ထူးဝိသေသတစ်ခုအား တွေ့ရှိရပေမည်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်ပြုလုပ်စီိမံထားသော ဥပဒေ(ကုရ်အာန်)ထဲ၌ သံသယဖြစ်စရာ၊ အငြင်းပွားစရာ များ လုံးဝတွေ့ရှိရမည် မဟုတ်ပေ။ ကျွန်ုပ်တို့အနေနှင့် သံသယဖြစ်စရာ၊ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာကို တွေ့ရှိ ခဲ့လျှင် ထိုအရာသည် သေချာပေါက် ကွဲလွဲလျှက်ရှိနေပေမည်။ ကုရ်အာန်မှပြောသော (အလ်ကိသားဗ်)၏ သဘောတရားမှာ ဥပဒေပြုခြင်း၊ လုံခြုံစိတ်ချ စနစ်ကျစွာတည်ရှိခြင်း စသည့်အနက်အဓိပ္ပါယ်များ ပါဝင်သည်။ ထို့အတွက် ဥပဒေပြုသောသူသည် အလ္လာဟ်အရှင်မြတ်ဖြစ်၍ ထိုအရှင်မြတ်က ပြုလုပ်ပြဌာန်းသတ် မှတ်သည့် ဥပဒေသည် (အလ်ဟက်)ဆိုသည့် တိကျမှန်ကန်သော အမှန်တရားပေါ်လွင် အခြေခံထားခြင်းဖြစ်သည်။ ထိုသည့်အကြောင်းကို ကျမ်းမြတ်ကုရ်အာန် (၅း၄၈)တွင် –
`ငါအရှင်မြတ်သည် အသင့်ထံသို့ တိကျမှန်ကန်သော ကျမ်းဂန်တစ်စောင်ကို ဥပဒေပြုထုတ်ပြန်ချမှတ်ခဲ့ လေသည်။ ထိုကျမ်းဂန်သည် ရှေးယခင်က ထုတ်ပြန်ပို့ချပေးခဲ့သော ကျမ်းဂန်များကို ထောက်ခံအတည်ပြုပြီးသည့် အပြင် ယင်းကျမ်းဂန်များအား ထိန်းသိမ်းစောင့်ရှောက်ထားလျှက်ရှိ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့၏ စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ချမှတ်သည့် ဥပဒေတရားတော်နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ အသင့် ထံသို့ ရောက်ရှိခဲ့ပြီးဖြစ်သော တိကျမှန်ကန်သောကျမ်းကို စွန့်လွှတ်ပြီး ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေ နှင့်။´ ဟူ၍ပါရှိပါသည်။ ထိုအာယသ်တော်အား လေ့လာကြည့်လျှင် (အလ်ကိသားဗု ဗိလ်ဟက်)ဆိုပြီး၊ (ကိသားဗ်) နှင့် (ဟက်)ကို တွဲလျှက်အသုံးပြုထားသည်ကို တွေ့ရှိရပါလိမ့်မည်။ အလ္လာဟ်အရှင်မြတ်ပြဌာန်းသော ဥပဒေသည် (ဟက်)အပေါ်တွင် တည်ရှိနေသည့်အတွက် အချိုးအစားကျနပြေပြစ် ညီညွတ်မှုရှိလေ၏။
၂။ အလ်ကုရ်အာန်
ကျမ်းတော်မြတ်ကုရ်အန်ာထဲ၌ ကုရ်အာန်အား `အလ်ကုရ်အာန်´ဟူ၍(၄)ကြိမ်တိုင်တိုင် သုံးစွဲထားပါသည်။ ကုရ်အနာ်(၂း၁၈၅)တွင် (အလ်ကုရ်အာန်) ဟူသောစကားလုံးအား
`ရမဿွာန်ဟူသော ထိုလ၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက် လာခဲ့လေသည်။ ထိုကုရ်အာန်ကျမ်းတော်မြတ်သည် လူသားခပ်သိမ်းတို့အဖို့ ဘ၀တည်ဆောက်မှု လမ်းညွှန်ချက် အဖြစ်လည်းကောင်း၊ တရားလမ်းမှန်အား ရရှိစိမ့်သောငှာ အမှားနှင့်အမှန်ကို ခွဲခြားသိသာစေသော ထင်ရှားလှ သည့် သက်သေလက္ခဏာတော်အဖြစ်လည်းကောင်း၊ ကျရောက်ခဲ့သော ကျမ်းဖြစ်လေသည်။´ ဟူ၍သုံးနှုန်းထားပါ သည်။
ထိုအာယသ်တော်၏ ထူးခြားချက်မှာ ကျမ်းတော်မြတ်ကုရ်အာန် (ဆူရာဟ်ဖှာတိဟာ)မှစ၍ (ဆူရာဟ် နာစ်) အထိ စ၊လယ်၊ဆုံး စာအုပ်တစ်အုပ်လုံးတွင် (အလ်ကုရ်အာန်)ဟူသော ဝေါဟာရအား စတင်သုံးစွဲရာ အာယတ်ဖြစ် သည်။ နောက်တစ်ချက်အနေနှင့် အလ္လာဟ်အရှင်မြတ်သည် (အလ်ကုရ်အာန်)ဟူသော ဝေါဟာရအား သုံးစွဲသည့် အခါ ကုရ်အာန်ကို စတင်ထုတ်ပြန်ပို့ချပေးခဲ့သော (ရမဿွန်)လ ရောက်သည့်အခါမှ စတင်သုံးစွဲထားသည်ကို တွေ့ ရှိရပါလိမ့်မည်။ ထိုအာယသ်မတိုက်မီ ရှေ့မှာရှိခဲ့သော အာယသ်တော်များတွင် (အလ်ကုရ်အာန်)ဟူ ဝေါဟာရ အစား (အလ်ကိသားဗ်)(သို့)(အလ်ဟက်)ဟူ၍ သုံးစွဲထားခြင်းသည် ကျမ်းမြတ်ကုရ်အာန်၏ ထူးခြားသော ၀ိသေသ တစ်ခုဖြစ်လေသည်။ (ကုရ်အာန်)ဟူသည်ကား ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် အမှားနှင့်အမှန်ကိုလည်းကောင်း၊ အကောင်းနှင့်အဆုးကိုလည်းကောင်း၊ (သောင်ဝ်ဟီးဒ်)နှင့် (ရှိရ်က်)ကို လည်းကောင်း၊ အတုနှင့်အစစ်ကို လည်းကောင်း၊ တိကျစွာခွဲခြားစိတ်ဖြာပေးမည့် မှတ်ကျောက်ဟူ၍ သုံးစွဲထားလေသည်။
ဟက် ပေါ်တွင် အခြေခံထားသော ကုရ်အာန်အား လူသားတို့အနေဖြင့် မည်သို့အသုံးပြုရမည်ဆိုသည်ကို ကျမ်းတော်မြတ်ကုရ်အာန် (၁၄း၁)တွင်
`အသင်သည် လူသားအားလုံးတို့ကို ၎င်းတို့အား ပြုစုပျိုးထောင် လမ်းညွှန်တော်မူသော အရှင်မြတ်၏ အမိန့်တော်နှင့် အမှောင်ထုမှ အလင်းရောင်သို့ ထုတ်ဆောင်ကယ်တင်စေအံ့သောငှာ ငါအရှင်မြတ်သည် ယင်း ကျမ်းမြတ်ကို အသင့်ထံသို့ ထုတ်ပြန်ပို့ချခဲ့လေ၏။´ ဟုဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ချက် တရားကင်းမဲ့နေလျှင် (အဇ်ဇုလုမာသ်)ဆိုသည့် မှားယွင်းမှုအနေအထားသို့ လူသားသည် ရောက်ရှိနေပေလိမ့်မည်။ ထိုသို့ မဖြစ်ရလေအောင် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်သူများသည် (အန်နူးရ်)တည်းဟူသော ကျမ်းမြတ်ကုရ်အာန်၏ လင်းရောက်ခြည်ကို မိမိတို့၏ ပတ်ဝန်းကျင်တွင် ထွန်းလင်းတောက်ပလာအောင် ကြိုးပမ်း အားထုတ်ဆောင်ရွက်ရမှာဖြစ်သည်။
၃။ အဇ္ဇိက်ရု
`ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ပြောဆိုခဲ့ကြသည်မှာ အို- ဇိကိရ်တည်းဟူသော ကုရ်အာန်ကို ထုတ်ပြန်ပို့ချခြင်းခံရသော အကြင်သူ ဧကန်စင်စစ် အသင်သည် ဦးနှောက်ဆင်ခြင်တုံတရားကို မှန်ကန်စွာ အသုံး မပြုနိုင်သောသူဖြစ်သည်။´
ကာဖိရ်သွေဖည်ငြင်းပယ်ဖုံးကွယ်သူများသည် တမန်တော်မြတ်(ဆွ)အား ရူးသွပ်နေသောသူဟု ပြောဆိုရ ခြင်းမှာ အဓိကအကြောင်း(၂)ချက် ရှိပေသည်။ တမန်တော်မြတ်(ဆွ)ကို ဟောကြားတင်ပြခဲ့သော ကုရ်အာန်ဟူ သည့် ဇိကိရ်အား မလိုက်နာမကျင့်သုံးလိုတဲ့ သူတို့၏မူလဆန္ဒကြောင့်ဖြစ်ပြီး၊ ကုရ်အာန် အာယသ်တော်များသည် ထိုခေတ်ထိုအခါတွင်ရှိသော ကဗျာဆရာ၊ လင်္ကာဆရာများအပေါ်သို့ လွှမ်းမိုးအောင်နိုင်မှုရှိခြင်းအပေါ် တမန်တော် မြတ်(ဆွ)ကိုလည်း ကဗျာ၊ လင်္ကာစပ်ဆိုသီကုံးသောသူ၊ ဦးနှောက်မူမမှန် ရူးသွပ်နေသူဟု စွပ်စွဲခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွ)သည် ကဗျာလင်္ကာဆရာတစ်ဦး မဟုတ်ကြောင်းကို ကျမ်းမြတ်ကုရ်အနာ် (၃၆း၆၉)တွင်
`ငါအရှင်မြတ်သည် ထိုသူအား(တမန်တော်မြတ်)အား လင်္ကာစပ်ဆိုသီကုံးခြင်းကို သင်ကြားပို့ချပေးခဲ့သည် မဟုတ်ပေ။ ထို့ပြင် ယင်းလင်္ကာစပ်ဆိုသီကုံးခြင်းသည်ကား ထိုသူ(တမန်တော်မြတ်)နှင့် မည်သို့မျှ အပ်စပ်ခြင်း မရှိပေ။ ထိုတရားလမ်းညွှန်ချက်မှာ ဆုံးမသြ၀ါဒ(အဇ္ဇိက်ရိ)နှင့် ထင်ရှားသောကုရ်အာန်ကျမ်းတော်မြတ်သာလျှင် ဖြစ်သည်။´ဟူ၍ဖော်ပြပါရှိပေသည်။
ဇိက်ရ်ရဲ့ အနက်အဓိပ္ပါယ်မှာ သတိပေးခြင်း၊ သွန်သင်ဆုံးမခြင်း၊ တစ်စုံတစ်ခုသောအရာကို သတိရတသ ဖော်ထုတ်ခြင်း စတဲ့သဘောတရားများ ပါဝသည်။ ကျမ်းမြတ်ကုရ်အာန်ထဲတွင် ကုရ်အာန်ကို အဇ္ဇိက်ရုဟု ခေါ်ဆိုရ ခြင်းအကြောင်းရင်းမှာ – လူတွေရဲ့ သမိုင်းဆိုင်ရာဖြစ်စဉ်များ၊ လူသားမျိုးနွယ်တို့ရဲ့ တိုးတက်ရခြင်း၊ ဆုတ်ယုတ် ရခြင်းစတဲ့ ကျိုးကြောင်းနိယာမတွေကို နှောင်းလူတို့အနေနှင့် ဖတ်ရှုလေ့လာသိရှိပြီးမှ သတိမူစရာ သင်ခန်းစာယူ ဖွယ်ရာ အဆုံးအမများဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် (၁၅း၉)တွင်
`ငါအလ္လာဟ်အရှင်မြတ်သည် အဇ္ဇိက်ရု တည်းဟူသော ဆုံးမသွန်သင်ချက်ကို ထုတ်ပြန်ပို့ချပေးခဲ့ပြီးသည့် နောက် ယင်းအဆုံအမတရားကို ငါအလ္လာဟ်ကိုယ်တော်တိုင်ပင် ထိန်းသိမ်းစောင့်ရှောက်ထားတော်မူမည်။´ ဟု အာမခံထား မိန့်ဆိုတော်မူလေသည်။ ထိုအာယသ်တော်အား ကျွန်ုပ်တို့သေချာစွာလေ့လာကြည့်လျှင် ကျမ်းတော် မြတ်ကုရ်အာန်၏ စာပေလင်္ကာရသမြောက်မှုအပိုင်းကို ၀ိသေသတစ်ရပ်အဖြစ် တွေ့ရှိရပေမည်။ ထိုအာယသ်တော် တွင် စကားလုံးဝေါဟာရအားဖြင့် (၇)လုံးသာပါရှိသည်။ စကား(၇)လုံးတွင် (၄)လုံးမှာ အလ္လာဟ်အရှင်မြက သူကိုယ် သူ(ငါအလ္လာဟ်)(ငါအလ္လာဟ်)ဟု နာမ်စားအဖြစ် အကြိမ်ကြိမ်သုံးနှုန်းထားလေသည်။ အာယသ်တော်တွင် ပါရှိသော စကားလုံးအတိုင်းတိတိကျကျ မြန်မာဘာသာသို့ ပြန်ဆိုဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ ကျမ်းတော်မြတ်ကုရ် အာန်ထဲတွင် ဖော်ပြထားသော အာရဗီစာပေအရေးအသားသည် လွန်စွာကျစ်လစ်သိပ်သည်းခိုင်မာမှုရှိပြီး၊ အခြား အခြားသော ဘာသာစာပေအရေးအသားများထက် များစွာသာလွန်ကောင်းမွန်ပေသည်။
အဇ္ဇိက်ရု၏ မူရင်းစကားလုံး ဇ-က-ရ နှင့် ပတ်သက်ပြီး ကုရ်အာန်(၂း၁၅၂)တွင်
`ငါအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ရိုသေလိုက်နာခြင်းအားဖြင့် အောက်မေ့တသ သတိရကြ ကုန်လော့။ ငါအရှင်မြတ်လည်း အသင်တို့အား ကူညီစောင့်ရှောက်ခြင်းအားဖြင့် သတိရတော်မူအံ့။´ဟု ဆိုထားလေ သည်။
ကျွန်ုပ်တို့၏ သာမန်အသိတွင် အဇ္ဇိက်ရု သတိရခြင်းဟူသည့် အလ္လာဟ်အရှင်မြတ်၏ အမည်နာမနှင့် ဂုဏ်တော်များကို နှုတ်အားဖြင့် မြွက်ဟရွတ်ဆိုလိုက်ရုံမျှဖြင့် ပြီးသည်ဟု ထင်နေကြသည်။ တကယ်ဆိုလျှင် ထိုမျှ လောက် လုပ်လိုက်ရုံနှင့် ပြီးမသွားချေ။ ဇိကိရ်၏ အနှစ်သာရရရှိမည်မဟုတ်ပေ။ လူသားက အလ္လာဟ်အရှင်မြတ် အား လူသားက သတိရခြင်း ပြုသည်ဆိုသည်မှာ လူသား၏ဘ၀တစ်လျှောက်လုံးတွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသော ဥပဒေသအတိုင်း စည်းကမ်းနည်းလမ်းကျစွာ လက်တွေ့လိုက်နာကျင့်သုံးနေထိုင်ခြင်း ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်က လူသားအား ပြန်လည်ကာသတိရခြင်းပြုသည်ဆိုရာဝယ် အလ္လာဟ့်လမ်းညွှန်ချက် ဥပဒေသအပေါ် တစ်သွေမတိမ်း လိုက်နာကျင့်သုံးဆောင်ရွက်သူများကို ဥပဒေသမှ ရရှိလာမည့်အကျိုးအားခံစား၊ ခံစားခွင့်ကို ထိုသူများအား ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းဖြစ်လေသည်။ ဤသည်မှာ ကုရ်အာန်မှပြောသော (အဇ္ဇိက်ရု)၏ သဘောတရားနှင့် အနှစ်သာရဖြစ်သည်။ အဘယ်ကြောင့်ဆိုသော (ဇကရ)ဟူသော ဝေါဟာရထဲတွင် လက်တွေ့ကျင့်သုံးမှုဆိုင်ရာ သဘောတရားများပါဝင်သောကြောင့် ဖြစ်သည်။ ထိုသဘောတရားကို ကျမ်းမြတ်ကုရ် အာန် (၈း၂)တွင် ထင်ထင်ရှားရှား ပြဆိုထားလေသည်။
`စစ်မှန်သော သက်ဝင်ယုံကြည်သူ(မုအ်မင်န်)တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင်၊ ၎င်းတို့၏ စိတ်နှလုံးများ ထိတ်လန့်သွားကြကုန်၏။ ထို့ပြင် အကယ်၍ ၎င်းတို့ရှေ့၌ အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ ကို ဖတ်ကြားခဲ့ပါမူ ထိုအာယတ်တော်များသည် ၎င်းတို့၏သက်ဝင်ယုံကြည်မှုကို ပိုမိုတိုးပွားခိုင်မာစေကုန်၏။ ထိုမှ တစ်ပါး ၎င်းတို့သည် မိမိတို့၏ ဘ၀တစ်ခုလုံးကို ပြုစုပျိုးထောင်စောင့်ရှောက်တော်မူသော အရှင်မြတ်အပေါ်သို့ ယုံကြည်စိတ်ချ လွှဲအပ်ကြကုန်၏။´
အထက်ပါအာယသ်တော်များအရ အလ္လာဟ်အား သက်ဝင်ယုံကြည်သူများသည် အလ္လာဟ်၏ ဇိကိရ်နှင့် ထိတွေ့ကြသောအခါ ၎င်းတို့၏နှလုံးသားများ တုန်လှုပ်လာပြီး အလ္လာဟ်အပေါ် ယုံကြည်မှုပိုမိုတိုးပွားလာမှာဖြစ် သည့်အတွက် အလ္လာဟ်၏ ဇိကိရ်ကို သိရှိနားလည်သဘောပေါက်ရန် လွန်စွာအရေးကြီးလေသည်။ ဤသည် မုအ်မင်န်တစ်ဦး၏ မရှိမဖြစ် အရည်အသွေးလည်း ဖြစ်ပေသည်။
ထို့ကြောင့် လူ့သမိုင်းဆိုင်ရာဖြစ်စဉ်များ၊ လူသားမျိုးနွယ်ဝင်အသီးသီးတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဆုတ်ယုတ်ကျဆင်းမှုများကို ကျမ်းတော်မြတ်ကုရ်အာန်တွင် သေချာစွာလေ့လာဆည်းပူး၍ သင်ခန်းစာယူမှ သာလျှင် ဇိကိရ်၏အနှစ်သာရကို ကျွန်ုပ်တို့ရရှိပေမည်။ ကျွန်ုပ်တို့၏ ဘ၀သက်တမ်းတစ်လျှောက်တွင် အလ္လာဟ်ပြ ဌာန်းထားသော စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ နေထိုင်ကျင့်သုံးမှသာ အလ္လာဟ်၏လူသားများအပေါ် ထားရှိသောဇိကိရ်ကို ကျွန်ုပ်တို့ရရှိပေလိမ့်မည်။
၎။ ကလိမသုလ္လာဟ်
`အသင့်အား ပြုစုပျိုးထောင်လမ်းညွှန်တော်မူသော အရှင်မြတ်၏ ဤမုက္ခပါဌ်တော်သည် မှန်ကန်ခြင်းအရာ ၌ တရားမျှတခြင်းအရာ၌လည်းကောင်း၊ စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခတ်ပါဌ်တော်များကို ပြောင်းလဲနိုင်သူဟူ၍ အလျင်းမရှိချေ။´
ကျမ်းတော်မြတ်ကုရ်အာန်ကို (၆း၁၁၅)ကို လေ့လာကြည့်ရာတွင် ကျမ်းမြတ်ကုရ်အာန်၏ ဥပဒေသများ သည် တိကျမှန်ကန်မှုနှင့်တရားမျှတမှု(အဒလ်)ဆိုသည့် ရှုထောင့်အနေအထားနှစ်ရပ်ပေါ်တွင် အခြေခံပြီး၊ ပြဌာန်း ထားသည်ကို တွေ့ရှိရသည်။ ကျမ်းတော်မြတ်ကုရ်အာန်၏ ထူးခြားသောဝိသေသတစ်ခုမှာ အလ္လာဟ်အရှင်မြတ် သည် ဥပဒေသတစ်ရပ်ကို ပြဌာန်းသည်ဆိုလျှင် အများစုဆိုသောအနေအထားကို ကြည့်၍ မပြဌာန်းချေ။ ထိုဥပဒေ သ၏ တရားမျှတမှုနှင့် တိကျမှန်ကန်မှုအပေါ်တွင်သာ ပြဌာန်းသတ်မှတ်လေသည်။ ထိုသဘောကို ကျမ်းတော်မြတ် ကုရ်အာန်(၂း၂၁၆)တွင် ဤသို့ပြဆိုထားလေသည်။
`အသင်တို့အပေါ်ဝယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် တာဝန်တစ်ရပ်ဖြစ်ချေသည်။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် အသင်တို့အဖို့ ရွံရှာစက်ဆုတ်ဝန်လေးဖွယ်ရာပင်ဖြစ်လေသည်။ သို့ရာတွင် အသင်တို့ ရွံရှာစက်ဆုတ်သော အရာသည်အသင်တို့အဖို ကောင်းကျိုးဖြစ်တန်ရာ၏။ ထိုနည်းတူစွာ အသင်တို့ နှစ်သက်ဖွယ်သောအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာ၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သာလျှင် အကောင်းအကျိုး၊ အဆိုးအကြောင်း ဟူသည်ကို တတ်အပ်သေချာစွာသိတော်မူပြီး၊ အသင်တို့မူ ကား တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ သိရှိနားလည်မှု ရှိကြမည်မဟုတ်ချေ။´
ဖော်ပြပါ အာယတ်တော်များအား လေ့လာကြည့်မည်ဆိုလျှင် စစ်တိုက်ခြင်းဆိုသည်မှာ ကောင်းသော အပြု အမူမဟုတ်။ လူက လူကိုသတ်ဖြတ်ရသော အလုပ်ကို အဘယ်သူသည် နှစ်သက်လိုလားပါမည်နည်း။ ဒဿနပညာ ရှင် အရစ္စတိုတယ်က မှတ်တမ်းတင်စကားတစ်ခွန်းဆိုခဲ့၏။ `ကျွန်ုပ်တို့ငြိမ်းချမ်းစွာ နေထိုင်လိုသောကြောင့် စစ်တိုက်ရခြင်းဖြစ်သည်´ဟူ၏။ တစ်ခါတစ်ရံ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် စစ်တိုက်ပြီး၊ ငြိမ်းချမ်းရေးကို ရယူ ရတာမျိုးလည်း ရှိသည်။ သို့ဖြစ်ပေရာ ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် အချို့သောအာယသ်တော်များသည် လူသားတို့အမြင်ဝယ် မနှစ်မြို့စရာ၊ ဘ၀မကျစရာဟု ထင်ရသော်လည်း လူသားများ၏ အကျိုးရရှိစိမ့်ငှာ တရားမျှ တမှုနှင့် မှန်ကန်မှုဆိုသည့် အနေအထားနှစ်ရပ်ပေါ်တွင် ပြဌာန်းထားသည်ကို တွေ့ရှိရပေမည်။
အလ္လာဟ်၏စကားရပ်၊ အလ္လာဟ်၏ဥပဒေသများသည် အဘယ်မျှ ကျယ်ဝန်းနက်ရှိုင်းသည်ကို ကျမ်းတော် မြတ်ကုရ်အာန် (၁၄း၂၄)တွင်-
`အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်သောစကားကို မည်သို့ဥပမာပေးခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်အသိအမြင် မရှိလေသလော။ အလ္လာဟ်အရှင်မြတ်၏စကားသည် သန့်ရှင်း၊ သန်စွမ်းသော သစ်ပင်တစ်ပင် ကဲ့သို့ပင် ရှိလေသည်။ ယင်းအပင်၏ အမြစ်သည်ကား မြေကြီးအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး မြဲမြံ ခိုင်ခန့်နေ၍ ၎င်းပင်စည်မှ ဖြာထွက်လာသော အကိုင်းအခက်အလက်တို့မူကား အာကာသမိုးကောင်းကင်သို့တိုင် အောင် ၀င့်ထည်စွာရှိနေကြလေ၏။´ဟု ဖော်ပြထားလေသည်။
ထိုအာယသ်တော်အရ အလ္လာဟ်အရှင်မြတ်၏ စကားရပ်(ကလိမာဟ်)များဖြစ်သော ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော်များသည် လွန်စွာနက်ရှိုင်းသည်ကို စဉ်းစားတွေးဆနိုင်လေသည်။
၅။ ရုဟ်
`ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ (ရုဟ်)တည်းဟူသော ကုရ်အာန် ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာဟူသည် အဘယ်နည်း။ ယုံကြည်မှုဟူ သည် မည်သို့နည်းဟူ၍ သိရှိခဲ့သည်မဟုတ်ပေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ငါအရှင်မြတ်အလိုရှိတော်မူသော ဘ၀တည်ဆောက်မှု လမ်းစဉ်ကို ရရှိလူသူများ အား ညွှန်ပြပေးတော်မူ၏။ ဧကန်အမှန်ပင် အသင်သည်လည်း ဖြောင့်မတ်သော၊တရားသော အမြင့်တက်သော လမ်းကို ညွှန်ပြလျှက်ရှိပေသည်။ ရုဟ်ဟူသည် ရှင်သန်လှုပ်ရှားထက်မြက်စေမည့် အရာပင်ဖြစ်သည်။ ကျမ်းတော် မြတ်ကုရ်အာန်သည် တိုးတက်အောင်မြင်လိုသော ဘ၀ကို တည်ဆောက်လိုသည့် လူသားများအတွက် ရှင်သန် လှုပ်ရှားထက်မြက်မှုကို ပေးစွမ်းစေမည့် တစ်ခုတည်းသောကျမ်းပင်ဖြစ်လေသည်။
ကျမ်းတော်မြတ်ကုရ်အာန်သည် တုနှိုင်းရာမဲ့၍ ထာဝရတည်မြဲနေတော်မူသော အလ္လာဟ်အရှင်မြတ်က လူသားထုတစ်ရပ်လုံးအတွက် တစ်ခုတည်းသော လူ့ဘ၀တည်ဆောက်မှုဆိုင်ရာ လမ်းညွှန်ချက်အဖြစ် ထုတ်ပြန် ချမှတ်ခြင်းခံရပြီး၊ ကမ္ဘာစကြ၀ဠာကြီး၏ သက်တမ်းရှိသမျှ အစဉ်အမြဲ တည်ရှိနေမည့်ကျမ်းဖြစ်ကြောင်းကို တင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။