ကျွန်ုပ်တို့သည် မွတ်ဆလင်မ်များဖြစ်ကြသည် ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)

ကျွန်ုပ်တို့သည် မွတ်ဆလင်မ်များဖြစ်ကြသည်

ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)

အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု
လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
အခုလိုသောကြာ ဂျုမုအာဟ်ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုအပ်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့ တင်ပြမှု ကို လာရောက်နားသောတဆင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးများကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ဒီသောကြာဆွလားသ်ကို တည်ဆောက်ကြတဲ့သူတွေဟာ မွတ်ဆလင်မ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် မွတ်ဆလင်မ်တွေပါလို့ပြောလိုက်ရင်၊ ကျွန်တော်တို့ထဲက မွတ်ဆလင်မ်တွေကရော မွတ်ဆလင်မ်မဟုတ်တဲ့သူတွေကရော ကျွန်တော်တို့ကို စွန္နီလား၊ ရှီအာဟ်လားဆိုပြီး မေးကြပါတယ်။ စွန္နီပါလို့ပြောလိုက်ရင်လည်း မပြီးသေးပါဘူး။ ဟနဖီလား၊ ရှာဖီလား မာလကီလား၊ ဟမ်ဗလီလား၊ ၀ဟ်ဗီလား၊ ဆလ်ဖီလား၊ ကာဒီယနီလားစသည်ဖြင့် ထပ်ဆင့်မေးခွန်းတွေကို အဖြေပေးနေကြရပါတယ်။
ရှီအာပါလို့ပြောတဲ့လူတွေကိုလည်း ၁၂ ပါး အီမာန်လား၊ အစ္စမာအီလ်လားဆိုပြီး ထပ်ပြီးမေးကြတယ်။ ကျွန်တော်တို့က မွတ်ဆလင်မ်လို့ပြောလိုက်တာနဲ့ မပြီးဘူးလား၊ ရှီအာတို့၊ စွန္နီတို့ဆိုတာက၊ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)မရှိတော့တဲ့အချိန် အလီသခင် ကွယ်လွန်ပြီးနောက် နိုင်ငံရေးအရ ထင်ထင်ရှားရှား ကွဲကုန်ကြတာပါ။ တကယ်တော့ ကျွန်တော်တို့တွေဟာ မွတ်ဆလင်မ်တွေဘဲဖြစ်ပါတယ်။ နောက်ဟနဖီတို့ ရှီအာတို့ဆိုတာကလည်း စွန္နီအုပ်စုထဲမှာ အစ္စလာမ်ကို ပိုကောင်းအောင် ဘယ်လိုကျင့်ကြံမလဲလိုဆိုတာကို တင်ပြရင်းတင်ပြရင်း ဒီတင်ပြချက်တွေကို သဘောမတူသူတွေက နောက်တစ်ကျောင်းထောင်ရင်းနဲ့ ကျောင်းတော်ဝါဒတွေဖြစ်လာတယ်။ ကျွန်တော်တို့ ဘာသာရေးစကားနဲ့ပြောရရင် ဒါတွေဟာ မဇ်ဟဘ်တွေဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ ကျွန်တော်က ကျွန်တော်တို့တွေဟာ စွန္နီမွတ်ဆလင်မ်မဟုတ်ပါဘူးလို့ပြောရင် တော်တော်တုန်လှုပ်ကြတယ်။ ခင်ဗျားစွန္နီမွတ်ဆလင်မ်မဟုတ်ဘူးလားလို့ တအံ့တသြပြန်မေးကြတယ်။ ကျွန်တော် တို့ မွတ်ဆလင်မ်ပါလို့ပြောတာကို မပြည့်စုံဘူးလို့ တော်တော်ထင်ကြတယ်။ ပလီတွေကို ကြည့်လိုက်ရင်လည်း ပလီ ဆိုင်းဘုတ်တပ်တာ၊ စွန္နီဆိုတဲ့စကားလုံးမပါရင် မဖြစ်ဘူးလို့ ထင်ထားကြတယ်။ ကျွန်တော်တို့ ၅၉ လမ်းပလီကို အချို့သော နိုင်ငံတကာကလူတွေလာရောက်လေ့လာတဲ့အခါ ခင်ဗျားတို့က စွန္နီလား၊ ရှီအာလားဆိုပြီးမေးကြတယ်။ ပလီရဲ့ အပြင်အဆင်၊ ကျွန်တော်တို့ရဲ့အပြုအမူ၊ အပြောအဆိုတွေကို ကြည့်ပြီးမေးတယ်။ လူတိုင်း လူတိုင်းရဲ့စိတ်ထဲမှာ မွတ်ဆလင်မ်ဆိုရင် စွန္နီဖြစ်ရင်ဖြစ် မဖြစ်ရင် ရှီအာဖြစ်ရမယ်လို့ တွက်ထားကြတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာဆို စွန္နီလို့ပြောခဲ့ရင်တောင် ခင်ဗျားသဗ္ဗလီးဂ်လား၊ ဒါရ်ဂါလား၊ မောင်လွတ် လားဆိုပြီး ထပ်ဆင့်မေးကြသေးတယ်။ ဒါတွေမှ မဟုတ်ဘူးဆိုရင် အဟ်မဒီယာလားလို့ မေးကြသေးတယ်။ ဒါကြောင့် ဒီကနေ့ (၅-၄-၂၀၁၇) မှာ ရွေးချယ်တင်ပြမယ့်ခေါင်းစဉ်ကို `ကျွန်ုပ်တို့သည် မွတ်ဆလင်မ်များဖြစ်ကြသည်။´လို့ ရွေးချယ်ထားပါတယ်။ ကျွန်တော်ပြောမှာကမွတ်ဆလင်မ်ဆိုရင် ဘယ်လိုခံယူချက်ရှိမယ်။ ဘယ်လိုလုပ်ငန်းဆောင် တာတွေကို ထမ်းရွက်ရမလဲဆိုတာကို တင်ပြသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်လိုခံယူချက်ထားရမှာလဲ ဆိုတာကို ဦးစားပေးတင်ပြမှာပါ။ ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း မွတ်ဆလင်မ်ဆိုတာ ဘယ်ကနေ ဖြစ်လာ သလဲဆိုတော့ အစ္စလာမ်ကနေဖြစ်လာတာပါ။ အစ္စလာမ်ဆိုတာ အလ္လာဟ်ရဲ့စည်းမျဉ်းတွေဖော်ဆောင်တာဖြစ် တယ်။ အစ္စလာမ်ရဲ့ပန်းတိုင်ဟာ ဘာလဲလို့မေးရင် လောကငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်းဟာ အစ္စလာမ်ရဲ့ပန်း တိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့မွတ်ဆလင်မ်တွေ အခုထိပန်းတိုင်ကို မရောက်နိုင်သေးပါဘူး။
ကျွန်တော်တို့ မွတ်ဆလင်မ်တွေမှာ ငြိမ်းချမ်းသာယာတဲ့လောကရှိသလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ပူပန်သောကတွေနဲ့ ဂျကရာတွေဖိသ်နာတွေနဲ့ ဗလာမူဆီဘသ်တွေနဲ့ ကြုံတွေ့နေရတာကို တွေ့မြင်နေရပါတယ်။ မွတ်ဆလင်မ်ဆိုတာ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တယ်။ လူမျိုးတစ်မျိုးရဲ့နာမည်မဟုတ်ဘူး။ ကျွန်တော်တို့ ငယ်ငယ်ကကျောင်းတွေမှာ မေးတယ်။ မင်းဘယ်ဘာသာကိုးကွယ်သလဲဆိုရင် ကျွန်တော် အစ္စလာမ်ဘာသာ ကိုးကွယ်တယ်။ မင်းဘာလူမျိုးလဲဆိုရင် ကျွန်တော်မွတ်ဆလင်မ်လူမျိုးလို့ဖြေကြတာ များပါတယ်။ တဖြည်းဖြည်း အစ္စလာမ်ကို လေ့လာလိုက်တဲ့အခါမွတ်ဆလင်မ်ဆိုတာ လူမျိုးနွယ်စုတစ်ခုရဲ့အမည်မဟုတ်ပဲနဲ့၊ အစ္စလာမ်ရဲ့လမ်း စဉ်လမ်းညွှန်ဥပဒေသ လိုက်နာ၊ ကျင့်သုံး၊ ယုံကြည်၊ အကောင်အထည်ဖော်ရင် ဘယ်လူမျိုး၊ ဘယ်မျိုးနွယ်ဖြစ်စေ သူဟာ မွတ်ဆလင်မ်ပဲဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသူဖြစ်တယ်။
ဒါတွေကို ကျွန်တော်တို့က မျက်ခြေပြတ်ပြီး ကိုယ့်ကိုယ်ကိုယ် မွတ်ဆလင်မ်ပါလို့ပြောရင်းနဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်၊ ဆောင်ရွက်ရမယ့်လူတွေ မဟုတ်တော့ဘဲနဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးနေသူတွေ ဖြစ်မှန်းမသိဖြစ်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်သာဖြစ်ပါတယ်။ အစပိုင်းက ကျွန်တော်ရွတ်ဖတ်ခဲ့ တဲ့ ကုရ်အာန်စူရာဟ် ၂း၁၇၇ မှာ အလ္လာဟ်ကအခုလိုသင်ပေးထားပါတယ်။
`အသင်တို့သည် ကောင်းမှုတစ်ခုလုပ်ခြင်းဆိုသည်မှာ အရှေ့ဘက်ကို မျက်နှာမူတာ အနောက်ဘက်ကို မျက်နှာမူတာမဟုတ်ဘူး။´လို့ပြောပါတယ်။ ကျွန်တော်တို့က မွတ်ဆလင်မ်ဖြစ်လို့ အနောက်ဘက်ကို မျက်နှာမူပြီး ၀တ်ပြုတဲ့လူတွေကို မှတ်ယူထားကြတယ်။ ဒါဟာ လုံလောက်တဲ့ကောင်းမှုပြုနေတာ မဟုတ်ဘူးလို့ ပြောတာ။ ဒါဆို ရင် မွတ်ဆလင်မ်ဖြစ်ဖို့ဆိုရင် ဘာတွေလိုသလဲ။ အလ္လာဟ်အရှင်မြတ်ပြောတာက မွတ်ဆလင်မ်ဖြစ်ဖို့ဆိုရင် ဘာကို ယုံကြည်ရမလဲ။ ဘာကိုလက်ခံရမှာလဲဆိုတာကို အရင်သင်ပေးထားပါတယ်။ မွတ်ဆလင်မ်တစ်ယောက်ဖြစ်ဖို့ဆိုရင် `မာန်အာမနာ ဘိလ္လာဟ်´တစ်ပါးတည်းသော ကျမ်းဖြစ်တော်မူတဲ့ အလ္လာဟ်ကို ယုံကြည်ရမည်။ `ယောင်မိလ် အာခိရ်´ အနာဂါတ်ကာလကို ယုံကြည်ရမည်။ ကျွန်တော်တို့ ဒီကနေ့ပူပစ္စုပ္ပန်ကာလမှာလုပ်တဲ့ လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ကိုယုံကြည်ရမယ်။ `မလားအိကာဟ်´မလာအိကာဟ်တွေကို ယုံကြည်ရမည်။ `ကိသာဗ်´ကျမ်းမြတ်ကုရ် အာန်ကို ယုံကြည်ရမည်။ `၀နဗီယီးန´နဗီတမန်တော်တွေကို ယုံကြည်ရမယ်။
တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ယုံကြည်ရုံနဲ့ မပြီးဘူးနော်။ နဗီတမန်တော်တိုင်းကို ယုံကြည်ရမည်။ ကျမ်းမြတ်ကုရ်အာန်မှာပါတဲ့ နဗီတမန်တော်တိုင်းကိုယုံကြည်ရမယ်။ ကျမ်းမြတ်ကုရ်အာန်မှာပါတဲ့ နဗီတမန်တော် တိုင်းကို ယုံကြည်ရမှာဖြစ်တဲ့အတွက် အမည်နာမအားဖြင့် မဖော်ပြထားတဲ့ နဗီတမန်တော်တွေကိုလည်း ယုံကြည်ရပါမယ်။ ဒါက ကုရ်အာန်မှာပါတဲ့ ယုံကြည်ချက်တွေကို တင်ပြခြင်းဖြစ်ပါတယ်။ ဒါဟာ မွတ်ဆလင်မ်တစ်ယောက်အနေနဲ့ ပထမဦး ဆုံး ယုံက်ြရမယ့်ယုံကြည်ချက် ၅ ချက်ဖြစ်ပါတယ်။ ဒီယုံကြည်ချက် ၅ ချက်ကို ယုံကြည်လက်ခံပါမှ မွတ်ဆလင်မ် ဖြစ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က `လားအိလာဟ အိလ္လလ်္လာဟ် မုဟမ္မဒူရ် ရစူလွလ္လာဟ်´ဖတ်ရုံနဲ့ မွတ်ဆလင်မ် ဖြစ်မယ်လို့ထင်ကြတယ်။ အလ္လာဟ်ကတော့ ကုရ်အာန်မှာပြောထားတာက မွတ်ဆလင်မ်တစ်ယောက်ဟာ အထက် ပါ အချက် ၅ ချက်ကို ယုံကြည်လက်ခံရမယ်။ အဲဒီ ၅ ချက်နဲ့ ပြည့်စုံရင် ကျွန်တော်ကတော့ မွတ်ဆလင်မ်၊ ၀ဟာဘီ ဖြစ်ဖြစ်၊ အဟ်မဒီယာဖြစ်ဖြစ် အချက် ၅ ချက်ကို ယုံရင်မွတ်ဆလင်မ်ဖြစ်တယ်လို့ ကျွန်တော်က သတ်မှတ်တယ်။
ဒီယုံကြည်ချက် ၅ ချက်ကို ယုံကြည်ပြီးရင် ဆောင်ရွက်ရမယ့်အချက်တွေကိုလည်း အာယသ် ၂း၁၇၇ မှာ ဆက်လက်ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အဓိကပြောချင်တာက ဒီယုံကြည်ချက် ၅ ချက်ကို လက်ခံထားပြီဆိုရင် စွန္နီလည်းမဟုတ်ဘူး။ အဟ်လေဘိုက်သ်ခေါ်တဲ့ ရှီအာလည်း မဟုတ်ဘူး။ အဟ်မဒီယာလို့ ခေါ်တဲ့ ကာဒီယာနီလည်းမဟုတ်ဘူး။ ဒါပေမယ့် ဒီကျောင်းတော်ဝါဒတွေကိုတော့ ကျွန်တော်လေးစားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စောစောကဖော်ပြခဲ့တဲ့ အချက် ၅ ချက်ကို သူတို့လည်းယုံတယ်။ ကျွန်တော်သူတို့ကို လေးစားတယ်။ ဒီ ကျောင်းတော်ဝါဒတွေကို ဖော်ဆောင်ခဲ့တဲ့လူတွေကိုလည်း ပညာရှင်တွေအဖြစ် ကျွန်တော် လေးစားဂုဏ်ပြုပါတယ်။
သူတို့ရဲ့စိတ်ရင်းစေတနာက အစ္စလာမ်ကို ကောင်းသည်ထက်ကောင်းအောင် လုပ်ခဲ့ရင်းနဲ့ နောက်လိုက်တစ်ချို့ကြောင့် အယူသီး အစွန်းရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် မွတ်ဆလင်မ်လို့ပဲ သတ်မှတ်တယ်။ ကျွန်တော်က ကုရ်အာန်ကိုပဲယုံတယ်။ ကုရ်အာန်မှအပ တခြားကျမ်းကို ကျမ်းဂန်တွေကို လေ့လာ တယ်။ ဖတ်တယ်။ ဒါပေမယ့် အဲဒီကျမ်းဂန်တွေကို ကျွန်တော်မလိုက်နာဘူး။ အီမာန်မယူဘူး။ ဒါကြောင့် အရင်က ကျွန်တော်တို့ကို ဟဒီးစ်တွေကို ငြင်းပယ်သူတွေလို့ သတ်မှတ်ကြတယ်။ အဟ်လေကုရ်အာန်တွေလို့ ခေါ်ကြပါ တယ်။ တကယ်တော့ ကျွန်တော်တို့ဟာ စစ်မှန်တဲ့ဟဒီးစ်ဖြစ်တဲ့ ကုရ်အာန်ကို အီမာန်ယူထားသူတွေဖြစ်တယ်။ ပြီးတော့ `အဟ်လေကုရ်အာန်´လို့ ပြောနေတာက မွတ်ဆလင်မ်တိုင်းဟာ ကုရ်အာန်ကိုမယုံဘူးလား။ ကုရ်အာန်ကို ယုံတယ်ဆိုရင် မွတ်ဆလင်မ်တိုင်းဟာ `အဟ်လေကုရ်အာန်´ဖြစ်ရမယ်။ ဒါကို နှစ်တော်တော် ကြာကြာရှင်းပြခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့ကို အဲဒီလို `အဟ်လေကုရ်အာန်´လို့ မခေါ်တော့ပါဘူး။ ဒါပေမယ့် အခုအခါမှာ ကျွန်တော်တို့ကို နာမည်တစ်မျိုးပေးထားတယ်။ လမ်းအမှတ်တတ်ပြီး တိုက်ပုံဝတ်တဲ့အုပ်စုလို့ သတ်မှတ်ခေါ်ကြပြန်တယ်။ ကျွန်တော်ကတော့ ကျွန်တော်သည်မွတ်ဆလင်မ်ပဲဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို သူတို့ကအုပ်စုတစ်စုအဖြစ်သတ်မှတ်လိုက်တယ်။ ကျွန်တော်တို့က အုပ်စုတစ်ခု မဟုတ်ပါဘူး။ မွတ်ဆလင်မ်တွေသာဖြစ်ပါတယ်။
လမ်းအမည်တပ်တယ်ဆိုတာကလည်း ကျွန်တော်တို့ဗလီတည်နေရာက ၅၉ လမ်းထဲမှာ ဖြစ်ပြီး၊ ထူးဆန်း တာက ၅၉ လမ်းထဲမှာက ပလီတစ်လုံးကလွဲလို့ အခြားအိမ်၊ အဆောက်အဦးဘာမှ မရှိခြင်းဖြစ်ပါတယ်။ တိုက်ပုံဝတ်တယ်ဆိုတာကလည်း ကျွန်တော်တို့မြန်မာပြည်မှာနေတဲ့အတွက် မွတ်ဆလင်မ်ဆိုတာ အခြားယဉ်ကျေး မှုတွေနဲ့လည်း ၀င်ဆန့်သဟဇာတဖြစ်တယ်ဆိုတာ ကို ပြသချင်တာရယ်၊ အမျိုးသားရေး အသွင်လက္ခဏာကိုဖော်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ တကယ်လို့သာ ရှမ်းပြည်မှာခွတ္တဗာဟ်ပြောခွင့်ရခဲ့မယ်ဆိုရင် ရှမ်းရိုးရာဝတ်စုံဝတ်ပြီး၊ ကချင်ပြည်နယ်မှာ ခွတ္တဗာဟ်ပြောခွင့်ရခဲ့မယ်ဆိုရင် ကချင်ရိုးရာဝတ်စုံဝတ်ပြီး ပြောချင်ပါ တယ်။ အိန္ဒိယမှာ ပြောခွင့်ရရင် လန်ဘာကုရ်တာဝတ်မယ်။ အာရဗ်မှာပြောခွင့်ရရင် အာရဗ်ရိုးရာ ၀တ်စုံနဲ့ ပြောမယ်။ အနောက်တိုင်းမှာ ပြောခွင့်ရရင် နက်ကတိုင်နဲ့ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီနဲ့ဝတ်ပြီးပြောမယ်။ ဆိုလိုတာက အစ္စလာမ်ယဉ်ကျေးမှုဟာ ကမ္ဘာလောကမှာရှိတဲ့ ယဉ်ကျေးမှုတွေနဲ့ဝင်ဆန့်ပါတယ်လို့ ကျွန်တော်တို့က ပြသနေ တာပါ။
စောစောက မွတ်ဆလင်မ်ဆိုတာ အစ္စလာမ်ကနေ ဖြစ်လာတာလို့ ကျွန်တော်တင်ပြခဲ့ပါတယ်။ ပွင့်ပေါ်ပြီးသမျှသော တမန်တော်များအားလုံးဟာ အစ္စလာမ်ကိုပုံဖော်ခဲ့ကြတဲ့ မွတ်ဆလင်မ်တွေဘဲဖြစ်ပါတယ်။ တစ်ချို့ကထင်တာက အစ္စလာမ်ဆိုတာ တမန်တော်မုဟမ္မဒ်(ဆွ)က စတင်တည်ထောင်ခဲ့တာလို့ထင်ကြတယ်။ ဒါဆိုရင် ကအ်ဗာဟ်ကျောင်းတော်ကို စတင်တည်ထောင်ခဲ့သူဟာ ဘယ်သူလဲ။ တမန်တော်အီဗရာဟင်မ်(အ) ဖြစ်တယ်။ အီဗရာဟင်မ်(အ)ကလည်း အစ္စလာမ်ရဲ့အဆောက်အအုံကို ချမှတ်အကောင်အထည် ဖော်ခဲ့တာဖြစ်တယ်။ အီဗရာဟင်မ်(အ)ရဲ့အရင်နူးဟ်(အ)ကလည်း အစ္စလာမ်ရဲ့ အုတ်မြစ်ကိုချခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒီတမန်တော်တွေဟာ အစ္စလာမ်ကို ပုံဖော်တဲ့အခါ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ ကမ္ဘာလောကရဲ့ အခြေအနေ၊ ဒေသ၊ ကာလ၊ လူအမျိုးအနွယ်ပေါ်မှာ မူတည်ပြီး အစ္စလာမ်ကို ပုံဖော်ခဲ့တာဖြစ်တယ်။ အဲဒီလိုပုံဖော်ရင်းပုံဖော်ရင်းနဲ့ တမန်တော်အီဗရာဟင်မ်(အ)လက်ထက်ရောက်တဲ့အခါကျတော့ Globalization အစပြုလာပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက Globalization အစပြုလာတာဖြစ်တယ်။ လူ့ယဉ်ကျေးမှုတစ်ခု အစပြုဖို့အတွက် နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့ရပါတယ်။
တမန်တော်အီဗရာဟင်မ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ကအ်ဗာဟ် ကျောင်းတော် ကို ပြန်လည်ဖော်ထုတ်ခဲ့တာဖြစ်တယ်။ ကအ်ဗာဟ်ကျောင်းတော်ဟာ တမန်တော်အီဗရာဟင်မ်(အ) တည်ဆောက် ခဲ့တာလို့ တချို့ကပြောကြပါတယ်။ ကျွန်တော်ကုရ်အာန်ကို လေ့လာမှုအရ ကအ်ဗာဟ်ကျောင်းတော်ဟာ အီဗရာ ဟင်မ်(အ) တည်ဆောက်ခဲ့တာလို့ မတွေ့ရဘဲ၊ ပြန်လည်ဖော်ထုတ်ခဲ့တာလို့ တွေ့ရှိရပါတယ်။ ဒီကအ်ဗာဟ် ကျောင်း တော်ဟာ ရှေးဦးဝတ်ကျောင်းတော်ဖြစ်တယ်လို့ ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားပါတယ်။ တမန်တော် အီဗရာ ဟင်မ်(အ) တဆင့် တဆင့်ပုံဖော်ခဲ့တဲ့ ဒီအစ္စလာမ်ရဲ့လူမှုအဖွဲ့အစည်းကြီးကို လမ်းစဉ်ကြီးကို တမန်တော် အဆက် ဆက် ခေတ်အဆက်ဆက်ပုံဖော်လာရကနေ တမန်တော်မုဟမ္မဒ်(ဆွ) လက်ထက်ရောက်တဲ့အခါမှာတော့ ကမ္ဘာပေါ်မှာ တိုင်းနိုင်ငံအသီးသီးနယ်နိမိတ်အသီးသီးဖြစ်ထွန်းနေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ တမန်တော်မုဟမ္မဒ် (ဆွ)က အစ္စလာမ်ရဲ့အဆောက်အအုံကြီးကို အပြီးသတ်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ စာပေပညာတွေလည်း တိုးတက်လာခဲ့တယ်။ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အရင်၊ စာပေပညာဟာ မတိုးတက်မဖွံ့ဖြိုးသေးသလို လူတွေရဲ့အသိဥာဏ် တွေကလည်း မဖွံ့ဖြိုးမတိုးတက်သေးဘူး။ မြို့ရွာ၊ တိုင်းနိုင်ငံတွေလည်း အတည်တကျမရှိခဲ့ဘူး။ တမန်တော် မုဟမ္မဒ်(ဆွ)လက်ထက်မှာမှ အလ္လာဟ်အရှင်မြတ်က ပြီးပြည့်စုံတဲ့ကျမ်းမြတ်ကုရ်အာန်ကို နောက်ဆုံးကျမ်းဂန် အဖြစ် ၂၃ နှစ်တိုင် ချမှတ်ပေးခဲ့လေသည်။ အစ္စလာမ်ရဲ့ အခြေခံစည်းမျဉ်းအဖြစ် သတ်မှတ်ပြဌာန်းပေးတော်မူခဲ့ ပါတယ်။ ဒီကုရ်အာန်ကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်းထားတော်မူတယ်။ လူသားတွေထိန်းသိမ်း ခဲ့တာမဟုတ်ပါ။
ဒါကြောင့် အလ္လာဟ်ထိန်းသိမ်းထားတဲ့ ကုရ်အာန်ကြောင့် အစ္စလာမ်ဟာ ပြီးပြည့်စုံစွာရှိနေပါတယ်။ ကျွန်တော်တို့က အစ္စလာမ်ကို မပျောက်ပျက်အောင် သောကထားရမယ်လို့ထင်တယ်။ အဲဒါဟာ လွဲမှားတဲ့ သောကဖြစ်ပါတယ်။ အမှန်ကအစ္စလာမ်ဟာ ပြီးပြည့်စုံတဲ့လမ်းစဉ်အဖြစ် အလ္လာဟ်အရှင်မြတ်ကထိန်းသိမ်းထားပြီး ဖြစ်တယ်။ ဘယ်သူတွေ လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ အစ္စလာမ်လမ်းစဉ်ကတော့ အမြဲမပြတ် ထာဝရတည်ရှိနေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သောကထားရမှာက ငါသည် အစ္စလာမ်အသိုင်းအ၀ိုင်းထဲမှာ ရှိနေ သလား၊ ရှိမနေဘူးလားဆိုတာဘဲဖြစ်ပါတယ်။ တခြားသူတွေ အစ္စလာမ်လမ်းစဉ်ထဲမှာ ရှိဖို့၊ မရှိဖို့ ကျွန်တော် ကတော့ သောကမထားနိုင်ဘူး။ အခုတော့ ကျွန်တော်တို့က လွဲမှားတဲ့သောကတွေ ထားနေကြတယ်။ အစ္စလာမ်ကို ခိုင်ခိုင်မာမာ နားမလည်တဲ့အခါကျတော့ ကျွန်တော်တို့က အစ္စလာမ်လူဦးရေများဖို့ကိုပဲ ကြိုးစားရင်း၊ ကြိုးစားရင်း လူဦးရေကတော့ များလာပါရဲ့။ ဒါပေမယ့် Quantity တွေတိုးတက်လာပြီး Quality တွေကျဆင်းလျော့နည်းလာ တယ်။ ဒါကြောင့် ISIS တို့၊ တာလီဘန်တို့လို အကြမ်းဖက်သမားတွေ အစ္စလာမ်ထဲမှာ ပေါ်ပေါက်လာတယ်။
ဒီအချက်ကိုယူပြီး တခြားဘာသာဝင်တွေကလည်း ISIS တို့ တာလီဘန်တို့ကို မသိမသာမြှောက်ပင့်ပေးနေ ကြတာတွေ့ရတယ်။ တမန်တော်အီဘရာဟင်မ်(အ)လက်ထက်မှာ အစ္စလာမ်ဟာ စတင်ပြီးအကောင်အထည်ဖော်စ ပြုလာပြီး အစ္စလာမ်ရဲဘူမိနက်သံ၊ ဖြန့်ချိရာဌာနချုပ်ဖြစ်တဲ့ ကအ်ဗာဟ်ကျောင်းတော်ကြီးကို ပြန်လည်ဖော်ထုတ်ခဲ့ တယ်။ ဒီတော့ တမန်တော်အီဗရာဟင်မ်ကို ရဟူဒီတွေကလည်း လက်ခံတယ်။ နဆွရာနီတွေကလည်း လက်ခံတယ်။ ငါတို့တမန်တော်လို့ပြောတယ်။ ဒါကို ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်လိုရှင်းပြထားလဲဆိုရင် ကုရ်အာန် ၃း၆၇ မှာ —
`တမန်တော် အီဗရာဟင်မ်(အ)သည် ရဟူဒီလည်းမဟုတ်ပါ။ နဆွရာနီလည်းမဟုတ်ပါ။ သူသည် ဖြောင့် မတ်မှန်ကန်တဲ့ ငြိမ်းချမ်းရေးဝါဒီ မွတ်ဆလင်မ်တစ်ဦးသာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို တခြားအယူအဆ များနဲ့ ရောနှောကျင့်သုံးသူတစ်ဦးမဟုတ်ပါ။´ ကျွန်တော်တို့ ယဟူဒ်တို့ နဆွရာတို့ဆိုတာ အလ္လာဟ်ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်မဟုတ်ဘူး။ တမန်တော်တွေက အလ္လာဟ်စေလွှတ်တဲ့ တမန်တော်တွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတမန် တော်တွေကို အလ္လာဟ်က ယဟူဒ်လမ်းစဉ်၊ နဆွရာနီလမ်းစဉ်တည်ဆောက်ပါလို့ ခိုင်းခဲ့တာမဟုတ်ဘူး။ ဒါတွေက လည်း နောက်လိုက်ဖြစ်သူတွေက ပိုပြီးကောင်းသထက်ကောင်းအောင် ပြုပြင်ရင်းပြုပြင်ရင်းနဲ့ ကျောင်းတော်ဝါဒတွေဖြစ်လာပြီး ယဟူဒ်တို့ နဆွရာတို့ဖြစ်လာခြင်းဖြစ်တယ်။ ယဟူဒ်တွေကလည်း ငါတို့သည်သာ အလ္လာဟ်ရွေးချယ်တော်မူမယ့် လူတွေဖြစ်တယ်။ နဆွရာနီတွေကို ငါတို့ဟာ အီဆာ(အ)ရဲ့ ရှဖာအသ်ကိုရရှိမယ့်သူတွေဖြစ်တယ်လို့ပြောကြတယ်။ အလ္လာဟ်အရှင်မြတ်ကို အသီးသိးမောင်ပိုင်စီးလိုက်ကြတယ်။ လူသားအားလုံးရဲ့ ဖန်ဆင်းရှင်၊ မွေးမြူစောင့်ရှောက် တော်မူသောအရှင်ကို သူတို့အသီးသီးမောင်ပိုင်စီးလိုက်ကြတယ်။ ဒီလိုမျိုးတွေ ကျွန်တော်တို့ မွတ်ဆလင်မ်ထဲမှာ လည်းရှိတယ်။ မွတ်ဆလင်မ်ဖြစ်မှ၊ `လာအိလာဟ၊ မုဟမ္မဒ်ဒူရ် ရစူလွလ္လာဟ်´ဖတ်မှ သေခါနီးမှ မဆိုလိုက်ရရင် တောင်၊ အလ္လာဟ်ထံကို ရောက်မှ မဟုတ်ဘူး။ ဂျဟန္နမ်ရောက်မှာလို့ ပြောဆိုကြတယ်။ ဒါတွေဟာ ဘာတွေလဲဆို ရင် ကျောင်းတော်ဝါဒ၊ မဇ်ဟဗ်တွေဖြစ်တယ်။
အလ္လာဟ်က လောကမှာ ငြိမ်းချမ်းရေးလမ်းစဉ် ထူထောင်ဖို့အတွက် အစ္စလာမ်လမ်းစဉ်ကို ချမှတ်ပေးခဲ့ တာ။ ဒါကိုလူတွေက ကျောင်းတော်ဝါဒတွေနဲ့ဖုံးအုပ်လိုက်တယ်။ တည့်တည့်ပြောရရင် ဘာသာရေး အသွင်သဏ္ဍာန် လုပ်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်က ဘာသာရေးသဏ္ဍာန်လုပ်ခဲ့တာမဟုတ်ပါ။ ဒီလိုပြောရင် လူတွေကအံ့သြကြ တယ်။ အစ္စလာမ်က ဘာသာမဟုတ်ဘူးလားလို့ မေးကြတယ်။ မဟုတ်ပါဘူး။ လမ်းစဉ်တစ်ရပ်ကို ထူထောင်တာပါ။ ဘာလမ်းစဉ်လဲ။ လောကခပ်သိမ်းကို ငြိမ်းချမ်းစေမယ့်လမ်းစဉ်ကို ထူထောင်ခဲ့တာ။ အထက်က အာယသ်မှာပါတဲ့ `ဟနီးဖါန်းမွတ်ဆ်လေမာန်´လို့ပါလို့ တမန်တော် အီဗရာဟင်မ်(အ)ဟာ ဟနဖီလမ်းစဉ်ကိုလိုက်တဲ့ မွတ်ဆလင်မ် တစ်ယောက်လို့တော့ မထင်လိုက်ကြပါနဲ့။ ဒီမှာပြောတဲ့ ဟနီးဖဟ်ဆိုတာ ဖြောင့်မတ်မှန်ကန်သော သူလို့ပြောတာ ဖြစ်တယ်။
တမန်တော်အီဗရာဟင်မ်(အ)ဟာ ဖြောင့်မတ်မှန်ကန်တဲ့မွတ်ဆလင်မ် တစ်ဦးသာဖြစ်ပြီး၊ မည်သည့် ကျောင်းတော်ဝါဒနဲ့မျှ အစ္စလာမ်လမ်းစဉ်ကို ရောယှက်ခဲ့သူမဟုတ်ပါ။ အခု ကျွန်တော်တို့ကိုလည်း ကျောင်းတော် ၀ါဒထဲ အတင်းသွတ်သွင်းနေတယ်။ ကုရ်အာန်အကြောင်းပြောရင် ၅၉ လမ်း၊ ၅၉ လမ်းဆိုပြီး တခြားသော ပုံပြင်၊ ဒဏ္ဍာရီတွေပဲ ပြောကြတော့တယ်။ ဘာလို့လဲဆိုတော့ ကုရ်အာန်အကြောင်းပြောရင် ငါးကိုးလို့စွပ်စွဲခံရမှာကို အလိုလို ကြောက်နေကြတယ်။ ကျွန်တော်တို့ဟာ မွတ်ဆလင်မ်တွေဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာ မှတ်သား၊ လိုက်နာကျင့်သုံးနိုင်အောင်ကြိုးစားနေကြသူတွေ ဖြစ်တယ်။
ယဟူဒ် နဆွရာတွေဟာ ကျောင်းတော်ဝါဒဖြစ်ပေမယ့်လည်း သူတို့ဟာ တစ်ပါးတည်းသော အရှင်ကို လက်ခံကြတယ်။ သူတို့ဟာ သောင်ဝ်ဟီးဒ်ကိုလက်ခံတယ်။ တစ်ချို့သုံးပါးပေါင်းမှ တစ်ဆူဆိုတဲ့အယူဝါဒရှိကြ တယ်။ ယဟူဒီဖြစ်မှ အလ္လာဟ်လက်ခံမယ်ဆိုတဲ့ အယူဝါဒတွေရှိပေမယ့် သူတို့ဟာ တစ်ပါးတည်းသောအရှင် သောင်ဝ်ဟီးဒ်ကို လက်ခံတဲ့အတွက် သူတို့တွေကိုလည်း ကျွန်တော်တို့က လေးစားသမှုပြုရပါမယ်။ ဘာလို့လဲဆို တော့ ကျွန်တော်တို့က မွတ်ဆလင်မ်တွေဖြစ်နေလို့ပါ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄၉း၁၃ ကို လေ့လာကြည့်စေ ချင်ပါတယ်။
`အို လူသားအပေါင်းတို့ ဧကန်အမှန် ငါအလ္လာဟ်အရှင်မြတ်ဟာ အသင်တို့ကို ဖိုမျိုးရည်နှင့် မမျိုးစေ့တို့မှ ဖြစ်ထွန်းပေါ်ပေါက်စေတော်မူတယ်။ အသင်တို့အချင်းချင်းကြားမှတ်မိစေခြင်း အလို့ငှာ လူမျိုးများနှင့် မျိုးနွယ်စု အသီးသီးကိုပြုလုပ်ထားတော်မူတယ်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်ထံတော်မှာ စည်းအစောင့်ဆုံးသောသူ (သက္က၀ါရှင်)သာ ဂုဏ်သိက္ခာအရှိဆုံးဖြစ်တယ်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော် မူသော အကြွင်းမဲ့သတင်းရနေတော်မူသော အရှင်ဖြစ်တယ်။´
လူတွေဟာ ငါတို့အမျိုးနွယ်သာလျှင် မြင့်မြတ်တယ်လို့ ပြောကြမယ်ဆိုတာ အလ္လာဟ်အရှင်မြတ်က သိရှိပြီး ဖြစ်တယ်။ ချမ်းသာတဲ့မိဘကပေါက်ဖွားသည်ဖြစ်စေ၊ ဆင်းရဲတဲ့မိဘကပေါက်ဖွားသည်ဖြစ်စေ၊ အသားဖြူတဲ့ မိဘက ပေါက်ဖွားသည်ဖြစ်စေ အသားမဲတဲ့ မိဘကပေါက်ဖွားသည်ဖြစ်စေ အားလုံးဟာ မိန်းမတစ်ယောက်နဲ့ ယောက်ျား တစ်ယောက်ကြောင့် ပေါက်ဖွားလာတဲ့ လူတွေချည်းပဲ ဖြစ်တယ်။ မျိုးနွယ်များ၊ မျိုးနွယ်စုများအဖြစ် ခွဲခြားထားတာဟာ တစ်ယောက်နဲ့ တစ်ယောက် မှတ်မိစေဖို့အတွက် ဖြစ်တယ်။ မည်သို့ပင်ဆိုစေကာမူ အလ္လာဟ်ထံမှာ ဂုဏ်သိက္ခာအရှိဆုံးသူဆိုတာ လောကကို လှပအောင်တည်ဆောက်ဖို့အတွက် စောင့်ထိန်းလိုက်နာသူ၊ လောကကို ပျက်စီးရာပျက်စီးကြောင်း ကိစ္စတွေကို ရှောင်ကျဉ်သောသူ၊ အဲဒါကို သက္က၀ါရှင်လို့ ကုရ်အာန်ကပြောပါတယ်။ အဲဒီလို သက္က၀ါရှင်တွေသာလျှင် အလ္လာဟ်ထံမှာ ဂုဏ်သိက္ခာအရှိဆုံးသူဖြစ်တယ်။
အဲဒီမျိုးနွယ်စုတွေကို အကြောင်းပြုပြီးငါတို့ဟာ မြင့်မြတ်တယ်၊ ငါတို့ဟာ ကမ္ဘာကိုအုပ်စိုးခဲ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မာန်မာနတွေ မထောင်လွှားကြနဲ့။ အားလုံးဟာ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်မှ ဖြစ်ထွန်းလာသူများဖြစ်ကြတယ်။ မိမိက ဘာလဲ။ လောကကို အလင်းပေးခဲ့သူလား၊ လောကပျက်စီးရာလုပ်ရပ်တွေ လုပ်ခဲ့သူလားဆိုတာ စဉ်းစားပြီးအမှန်တကယ် အလင်းပေးခဲ့သူဆိုရင်တော့ အလ္လာဟ်ထံပါးမှာ သက္က၀ါရှင်တွေဖြစ်မယ်လို့ ပြောတာပါ။ အကယ်၍ လောကကိုဖျက်စီးခဲ့သူတွေဆိုရင်တော့ အယုတ်ညံ့ဆုံးသောသူတွေပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အလ္လာဟ်အရှင်မြတ်က မျိုးနွယ်စုတိုင်းအတွက် နဗီတမန် တော်တစ်ပါးစီစေလွှတ်ခဲတယ်လို့ ကုရ်အာန်မှာ `လူသားမျိုးနွယ်တိုင်းအတွက် အလ္လာဟ်ထံပါးမှာ သတင်းစကားကို ဖြန့်ချိသူအရှင်သူမြတ်များတစ်ဦးစီစေလွှတ်ခဲ့တယ်။´
အရှင်သူမြတ်များဆိုတာက ရစူလ်ကိုပြောတာပါ။ အယူဝါဒအသီးသီးကိုထူထောင်တဲ့ အရှင်သူမြတ်များ၊ ရစူလ်တမန်တော်များဖြစ်ပါတယ်။ တမန်တော်မပွင့်ခဲ့တဲ့ လူမျိုးနွယ်စုဆိုတာရှိကိုမရှိတာပါ။ အစ္စလာမ်က ကမ္ဘာပေါ် မှာ ပွင့်လေခဲ့သမျှသော အရှင်သူမြတ်တွေကို အသိအမှတ်ပြုတဲ့ လမ်းစဉ်ဖြစ်တယ်လို့ ကုရ်အာန်ကပြောပါတယ်။ ဒါကြောင့် မွတ်ဆလင်မ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ဘာသာတရားအသီးသီးရဲ့ လမ်းပြပုဂ္ဂိုလ်တွေကို ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုမပြုပေမယ့်လည်း အသိအမှတ်ပြုလေးစားပေးရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ဟာ မွတ်ဆလင်မ်တွေဖြစ်နေကြလို့ပါ။ ကျွန်တော်တို့ ကမ္ဘာ့အသီးသီးမှာ နောင်ပွင့်လာမယ့် ဘုရားဆို တာရှိတယ်။ အစ္စလာမ်မှာလည်း နောင်ပွင့်လာမယ့်အီမာန် မဲဟ်ဒီဆိုတာရှိတယ်။ ဒါကို အကြောင်းခံပြီး၊ အိုမိုင်ယာ မင်းဆက်ကို အီမာန်မဲဟ်ဒီလာပြီဆိုပြီး အဘာဆီယာက အာဏာသိမ်းလိုက်တယ်။ နိုင်ငံရေးလှည့်ကွက်လုပ်ဖို့ အင်မတန်ကောင်းပါတယ်။ ဒါကြောင့် အလ္လာဟ်ချမှတ်ထားတဲ့ လမ်းစဉ်တွေကို ဘာသာရေးအဖြစ် သွတ်သွင်းပြီး လူတွေကို အဆိပ်မှိုင်းသွင်းလိုက်ကြတယ်။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် နောက်ဆုံးတမန်တော်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားပြီးဖြစ်တယ်။ ကုရ်အာန် စူရာဟ် ၃၃း၄၀ မှာ
`မုဟမ္မဒ်သည် မည်သည့်ယောက်ျားသားတစ်ဦးတစ်ယောက်၏ ဖခင်မဟုတ်ပါ။ စင်စစ်မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နဗီတမန်တော်အပေါင်းတို့၏ နဗူဝသ်ကို အဆုံးသတ်သူဖြစ် သည်။´ ဒီအာယသ်တော်မှ ခါသမန်နဗီ(နောက်ဆုံးဖြစ်တယ်လို့) မပြောခင် တမန်တော်ဟာဘယ် (ရေဂျာလ်) ယောက်ျားတစ်ဦးတစ်ယောက်ရဲ့ ဖခင် မဟုတ်ဘူးလို့ပြောတယ်။ တမန်တော်ဆိုတာ အလ္လာဟ်ရွေးချယ်တာဖြစ်တယ်။ အလ္လာဟ်ရွေးပေမယ့် ရွေးတဲ့စည်း မျဉ်းစည်းကမ်းအချို့ကိုလည်း အလ္လာဟ်က ကျွန်တော်တို့ကို ကုရ်အာန်မှာ အသိပေးထားပါတယ်။ တမန်တော် တွေကို ရွေးချယ်တဲ့ အလ္လာဟ်အရှင်မြတ်ဟာ နဗူဝသ်တာဝန်ကို ရေဂျာလ်လို့ခေါ်တဲ့ ယောက်ျားသားတွေကိုပဲ ပေးတယ်။ ပေးတာကလည်း တမန်တော်တွေရဲ့ အဆက်အနွယ်ထဲကပဲပေးခဲ့တယ်။ ဒီအာယသ်မှာ တမန်တော်မှာ သားမရှိဘူးလို့ပြောထားပြီဆိုကတည်းက တမန်တော်ရာထူးရွေးစရာလမ်းစ အဆုံးသတ်သွားပြီလို ပြောခြင်းဖြစ်ပါ တယ်။
ဒါကို ခါတမန်ဆိုတာ မကိုဋ်သရဖူဖြစ်တယ်။ တမန်တော်တွေအားလုံးရဲ့ မကိုဋ်ဖြစ်တယ်လို့ ပြောတာတွေ လည်းရှိပါတယ်။ တမန်တော်အချင်းချင်းတစ်ဦးနဲ့တစ်ဦး မခွဲခြားရဘူးလို့ အလ္လာဟ်က ကုရ်အာန်မှာ သတ်မှတ်ထား တဲ့ စည်းမျဉ်းကို ကျွန်တော်တို့က ချိုးဖောက်နေကြတာဖြစ်တယ်။ တမန်တော်မုဟမ္မဒ်(ဆွ)သည် အခြားတမန်တော် တွေထက် ပို၍မြင့်မြတ်တယ်လို့ ပြောရင်ကျွန်တော်တို့က ခွဲခြားရာရောက်စေပါတယ်။ အီမာန် မဲဟ်ဒီလာမယ်၊ ၀က်တွေကိုသတ်မယ်၊ တစ်လောကလုံးကို မွတ်ဆလင်မ်ဖြစ်အောင်လုပ်မယ် စတဲ့လွန်လွန်ကျူးကျူး ဒဏ္ဍာရီ ပုံပြင်တွေနဲ့ အစ္စလာမ်ကို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ခဲ့ကြ တယ်။ ကျွန်တော်တို့က မွတ်ဆလင်မ်တွေဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်ကပြောတဲ့ မုဟမ္မဒ်(ဆွ)ကို ခါသမန်နဗီ အဖြစ်လက်ခံတယ်။ နောက်ထပ်ပွင့်မယ့်နဗီမရှိတော့ဘူး။ တမန်တော်မုဟမ္မဒ်(ဆွ)အရင် ပွင့်ပေါ်ခဲ့သမျှသော ရစူလ်တမန်တော်တွေကို ဘာသာတရား၊ အယူဝါအသီးသီးကို ထူထောင်သူတွေအဖြစ် ကျွန်တော်တို့လေးစား ရမယ်။ ကုရ်အာန်မှာပါတဲ့ နဗီတမန်တော်တွေအပြင် ကုရ်အာန်မှာမဖော်ပြတဲ့ နဗီတမန်တော်တွေလည်းရှိတဲ့ အတွက် တမန်တော်မုဟမ္မဒ် မပေါ်မီပေါ်ပေါက်ခဲ့တဲ့ သာသနာရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေဟာလည်း နဗီတမန်တော် တွေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ခံယူရမှာဖြစ်ပါတယ်။ သူတို့ဟာ အလ္လာဟ်စေလွှတ်တဲ့နဗီတမန်တော် ဖြစ်တယ်။ ဒါပေမယ့် အခုလူတွေကျင့်သုံးနေတာက အလ္လာဟ်ချမှတ်ထားတဲ့ အစ္စလာမ်လမ်းစဉ်တော့ မဟုတ်ဘူး လို့ နားလည်ရမှာဖြစ်တယ်။ ဒီတာ့ လူတွေရဲ့လွဲမှားချွတ်ချော်မှုကြောင့် မှားယွင်းတဲ့တရားတွေ ပြန့်ပွားနေပေမယ့် ဒီတရားဓမ္မတွေကို ဖော်ထုတ်ခဲ့ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျွန်တော်တို့က လေးစားရမှာဖြစ်ပါတယ်။
တမန်တော်မုဟမ္မဒ်(ဆွ)နောက်ပိုင်းမှ ပွင့်ခဲ့တဲ့ဘာသာ သာသနာတွေလည်းရှိနေတယ်။ အယူဝါဒတွေရှိ တယ်။ ဥပမာ ကွန်မြူနစ်စနစ်ကို ဖော်ထုတ်ခဲ့တဲ့ ကားလ်မာစ်အိန်ဂျယ်လ်တို့ မော်စီတုန်းတို့ကိုလည်း ဥာဏ်ကြီးရှင် တွေအဖြစ် ကျွန်တော်ကတော့ လေးစားပါတယ်။ ဘာဖြစ်လို့လဲ။ သူတို့ဟာ လူတန်းစားတွေကို အတင်းညှိတယ်။ မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်ပုံဖော်ကြတယ်။ ဒီအယူဝါဒကို နှစ်အတော်ကြာကြာ ခိုင်မြဲအောင် ကိုင်စွဲလုပ်ခဲ့ကြတယ်။ ဟစ်တလာလို လူမျိုးကိုတောင် ကျွန်တော်ကလေးစားတယ်။ ဟစ်တလာဟာ တခြားမျိုးနွယ်တွေကို ရက်စက်၊ ကြမ်းကြုတ်၊ ခက်ထန်စွာဆက်ဆံပြီးတော့ မိမိရဲ့ ဂျာမာန်အမျိုးသားကောင်းစားရေးကို သူဆောင်ရွက်ကြိုးပမ်းခဲ့တယ်။ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် သူမအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ကိုဖက်ဆစ်အာဏာရှင် ဥာဏ်ကြီးရှင်အဖြစ် ကျွန်တော် အသိအမှတ်ပြုတယ်။
နိဂုံးမချုပ်ခင်မှာ ဂျီဟာဒ်အကြောင်းကို အနည်းငယ်တင်ပြချင်ပါတယ်။ ဂျီဟဒ်လို့ပြောလိုက်ရင် မွတ်ဆလင်မ်တွေက အခြားသူတွေကို ဓါးဆွဲပြီးတိုက်ခိုက်ပြီး အစ္စလာမ်မိုက်ဇေးရှင်းလုပ်တာလို့ ယူဆနေကြပါတယ်။ ဂျီဟဒ် ဆိုတာ (၃)မျိုးရှိတယ်။ ရန်သူကို လုပ်တဲ့ဂျီဟဒ်၊ ရှိုင်တွာန်ကိုလုပ်တဲ့ ဂျီဟဒ်၊ မိမိအတွင်းစိတ်ကိုလုပ်တဲ့ ဂျီဟဒ်လို့အဆိုရှိပါတယ်။ အတွင်းစိတ်ကို လုပ်တဲ့ ဂျီဟဒ်က အကောင်းဆုံးဖြစ်တယ်လို့ပြောနေကြတဲ့ မွတ်ဆလင်မ်တွေရှိပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုမြင်သလဲဆိုရင် ရန်သူဆိုတာက ဘာလဲ။ လူ့လောက ငြိမ်းချမ်းသာယာရေးကို နှောင့်ယှက်ဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်။ အဖျက်သမားတွေကို ရင်ဆိုင်တိုက်ခိုက်ခြင်းဟာ ဂျီဟဒ်ရဲ့အစိတ်အပိုင်း တစ်ခုမျှသာဖြစ် တယ်။ မိမိရဲ့အတွင်းစိတ်မှာရှိတဲ့ ရှိုင်တွာန်လိုအဖျက်၊ အမှောင့်ပယောဂတွေကို အောင်နိုင်အောင်ကြိုးစားခြင်းဟာလည်း ဂျီဟဒ်ဖြစ်တယ်။ မိမိကိုယ်ကို အောင်နိုင်ခြင်းဟာ အောင်မြင်မှုတွေအနက်က အကောင်းဆုံးသော အောင်မြင်မှု ဖြစ်ပါတယ်။ မိမိရဲ့အတွင်းစိတ်မှာရှိတဲ့ စိတ်ပုပ်၊ စိတ်ရိုင်းတွေကို အောင်မြင်ထားတဲ့သူတစ်ဦး အတွက် ကာဖိရ်လို့ခေါ်တဲ့ မိစ္ဆာဒိဌ အဖျက်သမားတွေကို လောကငြိမ်းချမ်းရေးအတွက် မတွန်းလှန်နိုင်စရာအကြောင်းကိုမရှိဘူး။ အဖျက်သမားများကို တိုက်ခိုက်ခြင်းဟာ အင်အားချိနဲ့သော လူကောင်းများအပေါ် မေတ္တာထားခြင်းဖြစ်ပါတယ်။
ကုရ်အာန် စူရာဟ် ၂း၁၇၇ မှာမွတ်ဆလင်မ်တွေ ဆောင်ရွက်ရမယ့်ကိစ္စတွေကို အခုလိုဆက်ပြောထားပါ တယ်။ မိမိရဲ့နှစ်သက်မြတ်နိုးတဲ့ ပစ္စည်းဥစ္စာတွေကို နီးစပ်သူတွေကို ပေးဝေဖို့၊ ဆွေမျိုးမိတ်သင်္ဂဟတွေကိုပေးဖို့ အားကိုးရာမဲ့ (ရသီန်းမ်)တွေကိုပေးဖို့၊ မိစ်ကီန် နွမ်းပါးသူတွေကို ပေးဖို့ လိုအပ်နေတဲ့ခရီးသည်တွေကို ထောက်ပံ့ဖို့ လိုအပ်ချက်ရှိနေသူတွေကို ပေးဖို့ တိုက်တွန်းထားပါတယ်။ မိမိအတွင်းစိတ်ကို မိမိဂျီဟဒ်လုပ်နိုင်ရင် ဒီလိုအလုပ်မျိုးတွေလုပ်ဖို့ကို မခဲယဉ်းတော့ဘူး။ ပြီးတော့ ဆွလာသ်ဆိုတဲ့ လောကသာယာဝပြောရေးကို တည်ဆောက်ပြီး ဇကားသ်ဆိုတဲ့ ထောက်ပံ့ဒါနပြုသူ၊ ကတိတည် သူဖြစ်ဖို့ လွယ်ကူသွားပြီ။ ရောဂါဘယတွေ၊ ပဋိပက္ခတွေ စိတ်သောကတွေကြုံရင် စိတ်ဓါတ်ကို ကြံ့ကြံ့ခံ ထားဖို့ကိုလည်း အထွေအထူးမကျင့်ကြံရတော့ဘူး။ အဲဒီလူတွေဟာ ဆွာဒီကီတွေ၊ သက္က၀ါရှင်တွေဖြစ်ပါတယ်လို့ ပြောရင်းနိဂုံးချုပ်အပ်ပါတယ်။