ဆင်ကဏ္ဍကို ဖြန့်ထွက်တွေးခြင်း မုဖ်သီ ဦးသန်းအောင် (LL.B)
ဆင်ကဏ္ဍကို ဖြန့်ထွက်တွေးခြင်း
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါ တယ်။
ကျွန်တော်ဒီနေ့ တင်ပြမယ့်ခေါင်းစဉ်ကတော့ ကျမ်းမြတ်ကုရ်အာန် `ဆူရာသွလ် ဖီးလ်´(ဆင်ကဏ္ဍ) (ဆူရာဟ် ၁၀၅)`ဆင်ကဏ္ဍကို ဖြန့်ထွက်တွေးခြင်း´ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာလိုက်တဲ့အခါမှာ စကြ၀ဠာအနန္တနဲ့ ကမ္ဘာဂြိုဟ်ကို အလ္လာဟ်အရှင်မြတ်က ဖြစ် ထွန်းပေါ်ပေါက်စေတော်မူထားပါတယ်။ အဲဒီ ကမ္ဘာဂြိုဟ်မှာပဲ ကမ္ဘာမြေပြင်တည်ရှိသလို၊ တစ်ဖက်မှာ ပင်လယ် သမုဒ္ဒရာတွေ၊ ရေထုလွှာတွေ တည်ရှိနေပါတယ်။ တခါရေထဲမှာ အင်မတန်သေးငယ်တဲ့ ပုစွန်ဆိတ်ကလေး ကနေ အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ `ဝေလငါး´အထိ တည်ရှိနေပါတယ်။ အဲဒီလိုပဲ စကြ၀ဠာမှာလည်း အင်မတန် သေးငယ်တဲ့ `အက်တမ်´လို့ခေါ်တဲ့ အရာကနေ ဟိုး`နေ´လို့ခေါ်တဲ့ အရာအထိ တည်ရှိနေပါတယ်။
ကမ္ဘာမြေပြင်ကို ကြည့်လိုက်ရင်လည်း အင်မတန်သေးငယ်တဲ့ ပိုးကောင်လေး(မြင်သာမယ်ဆိုရင် ပုရွက် ဆိတ်၊ ဖြုတ်)ကနေ ကုန်းမြေသတ္တ၀ါထဲမှာ အကြီးဆုံးလို့ သတ်မှတ်ထားတဲ့ `ဆင်´ဆိုတဲ့ သတ္တ၀ါကိုလည်း အလ္လာဟ်အရှင်မြတ်က ဖြစ်ထွန်းပေါ်ပေါက်စေထားပါတယ်။ အင်မတန်ထူးဆန်းတာက ကျမ်းတော်မြတ်ကုရ် အာန်မှာ အခုနပြောတဲ့ ခြင်တို့၊ ပုရွက်ဆိတ်တို့ ပျားဆိုတဲ့ သတ္တ၀ါတွေရဲ့အကြောင်းတွေကို ဖော်ပြထားသလို၊ အကောင်အကြီးဆုံးဖြစ်တဲ့ `ဆင်´သတ္တ၀ါရဲ့ အကြောင်းကိုလည်း ဆူရာဟ်သွလ်ဖီးလ်(ဆင်ကဏ္ဍ)ဆိုပြီး ဆူရာဟ် ၁၀၅ မှာ အာယသ် ၁ မှ ၅ အထိဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး ငယ်စဉ် ၅ နှစ် ၆ နှစ် အရွယ်အရဗီကျောင်းစတက်ပြီဆိုတာနဲ့ တစ်နှစ်၊ နှစ်နှစ်နေ ရင် ကုရ်အာန်ထဲက နောက်ဆုံး ဆူရာဟ် ၁၀ ပုဒ်ကို အလွတ်ကျက်မှတ်ခဲ့ရတဲ့အထဲက အရှေ့ဆုံးက ဆူရာဟ် (အလမ် သရ)ဆိုရင် မှတ်မိကြပါတယ်။ ကျွန်တော်ဘာသာပြန်ကို အရင်တင်ပြပါ့မယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့ ပေး ထားတဲ့ ခေါင်းစဉ်အတိုင်း `ဆင်ကဏ္ဍ´ကို ကျွန်တော်ဘယ်လိုဖြန့်ထွက်ပြီး တွေးမိလဲဆိုတာကို တင်ပြမှာဖြစ်ပါ တယ်။
“ အို – နဗီတမန်တော် အသင့်အား အဆင့်ဆင့်ပြုစုပျိုးထောင် စီမံခန့်ခွဲလမ်းညွှန်တော်မူသော အရှင်က ဆင်ပိုင်ရှင်တွေကို ဘယ်လိုဘယ်ပုံ ပြုလုပ်စီမံလိုက်တယ် ဆိုတာနဲ့ပတ်သက်ပြီး အသင်စူးစမ်းဆင်ခြင် သိမြင် နားလည်သဘောပေါက်အောင် လေ့လာသုံးသပ်ခြင်း မပြုဘူးလား”လို့ မေးထားပါတယ်။ (၁၀၅း၁)
ဒီနေရာမှာ ရိုးရိုးလေးမေးတဲ့ မေးခွန်းနဲ့ ကျမ်းမြတ်ကုရ်အာန်မှာ (အလမ်သရ)လို့မေးလိုက်ပြီဆိုရင် အဲဒါဟာ စူးစမ်း၊ ရှာဖွေ၊ သိမြင်နားလည်သဘောပေါက်အောင် လေ့လာစေချင်တဲ့ သဘောလို့ ကျွန်တော်သုံးသပ်မိပါတယ်။
“ အဲဒီအရှင်မြတ်ကပဲ အမှန်သစ္စာတရားကို ဖျက်လိုဖျက်ဆီးလုပ်ရန် အားထုတ်ကြိုးပမ်းနေပြီး လူနှင့် လူ့ ပတ်ဝန်းကျင်ကို ဆုံးရှုံးအောင်ပြုလုပ်မည့် လူတို့ရဲ့ အကြံအစည်အားထုတ်မှုကို လွဲမှားမှု၊ ဆုံးရှုံးမှု၊ ပျက်ပြားမှု အတွင်းမှာပဲ ပြုလုပ်ခဲ့သည် မဟုတ်ပါလော။” (၁၀၅း၂)
တနည်းအားဖြင့် သူတို့လက်နဲ့ သူတို့ကို ကြိုးကွင်းပြန်စွတ်လိုက်တဲ့ နည်းလမ်းမျိုးပြုလုပ်ခဲ့တယ် မဟုတ်ဘူး လားလို့ ပြောခြင်းဖြစ်တယ်။ အဲဒီအခါမှာ အင်မတန်ကြီးမားတဲ့ ဆင်တပ်ကြီးချီတက်လာတဲ့အခါမှာ ကုရ်အာန် ၁၀၅း၃မှာ ဖော်ပြထားတာကို တိုက်ရိုက်ဘာသာပြန်ရရင်
“၎င်းပြင် ထိုအရှင်မြတ်သည် အမှန်သစ္စာတရားကို ဖျက်ဆီးမယ့် မသမာသူတွေရဲ့ အင်အားကြီးမား လှပါတယ်ဆိုတဲ့ ဆင်တပ်ကြီးကို (ဖြိုခွင်းဖို့) ငှက်များကို အုပ်စုလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်ပါလော။” (၁၀၅း၃)
ဒီနေရာမှာ (သွိုင်းရန်)ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ဟာ ငှက်လို့ဘာသာပြန်လို့ရသလို သူ့ရဲ့ဆင့်ပွား အဓိပ္ပါယ်မှာ ဦးနှောက်ဆိုတဲ့ အသိနဲ့အမြင့်မားဆုံးဆိုတဲ့အရာ အဓိပ္ပါယ်ကိုလည်းရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြင်တွေ့ နေရတဲ့ ငှက်တွေဟာ အမြင့်မှာပျံနေတာကို ကြည့်ခြင်းအားဖြင့် ငှက်ရဲ့အသွင်သဏ္ဍာန်ဟာ အမြင့်မှာရှိတဲ့ အနေ အထားကို ပေါ်လွင်ပါတယ။် (အဘာဘီလ်)ဆိုတာကို ကျွန်တော်တို့က ငှက်တစ်မျိုးလို့ နားလည်သဘောပေါက် ထားပေမယ့် သူ့ရဲ့မူရင်းစကားလုံးဟာ အရဗီဘာသာ စာစကားမဟုတ်ပါဘူး။ အငှားစကားလုံးဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ်ဆင့်ပွား အဓိပ္ပါယ်မှာဘာရှိသေးလဲဆိုရင် လွှမ်းမိုးမှု၊ ဖိအားဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ ဒါကြောင့် ဒီအာယသ် (၁၀၅း၃)ကို နောက်တနည်းနဲ့ဘာသာပြန်လိုက်မယ်ဆိုရင် ဘယ်လိုရနိုင်သေးလဲဆိုတော့ “အသိဥာဏ် ဆင်ခြင်တုံတရားမြင့်မားတဲ့၊ ပညာရည်ပြည့်ဝတဲ့၊ အရည်အသွေးမြင့်မားတဲ့ သြဇာလွှမ်းမိုးမှု အင်အားစုကို အလ္လာဟ် အရှင်မြတ်စေလွှတ်လိုက်တယ်”လို့ ဖော်ညွှန်းနေခြင်းပင်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်ဖြန့်ထွက်တွေးပြီး တင်ပြတဲ့အခါပိုပြီး မြင်သာထင်သာ ရှိလာမှာဖြစ်ပါတယ်။
“ အဲဒီ အမြင့်ပျံငှက်များဟာ အဖျက်သမားတွေရဲ့အပေါ်ကနေ ပျံသန်းနေရင်းနဲ့ ရွှံ့စေး၊ ရွှံ့ခြောက်(တနည်း အားဖြင့် အပေါ်ယံကြည့်ရင် ပျော့ပျောင်းတယ်လို့ ထင်ရပေမယ့်၊ သူ့ရဲ့အရှိန်နဲ့ထိလိုက်ရင် အင်မတန်ပြင်းပြနာကျင် ဖွယ်ခံစားမှုကို ရရှိလာနိုင်တဲ့အရာ)နဲ့ ပြုလုပ်ထားတဲ့ ကျောက်ခဲနဲ့(သရ်မီးဟင်မ်) သူတို့အပေါ်ကို ပစ်ခတ်လျှက် ရှိနေကြတယ်။”
အဲဒီမှာ (ပစ်ခတ်လျှက်)ဆိုတဲ့ စကားကိုလည်း နည်းနည်းလေးမှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ပိုင်း ဒီဇာတ်လမ်းဖြစ်ပေါ်လာရတဲ့ သမိုင်းကြောင်းကို ရှင်းပြတဲ့အခါမှာ လူကြီးမင်းများတို့ ပိုပြီး သဘော ပေါက်လာပါလိမ့်မယ်။ အဲဒီနောက်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေသဟာ အဲဒီ အဖျက်သမားရန်စွယ် အသွယ်သွယ်တို့ကို
“ထို့နောက် ထိုအရှင်သည် ၎င်းတို့အား ကြိတ်ဝါးခြင်းခံရသော ကောက်ရိုးဖတ်ကဲ့သို့ (တနည်းအားဖြင့်) လျင်မြန်စွာ ပျက်ဆီးလွယ်သော အရာကဲ့သို့) ပြုလုပ်တော်မူခဲ့သည်မဟုတ်လား။” (၁၀၅း၅)လို့ ကုရ်အာန်က ဖော်ပြ ထားပါတယ်။ ဘာသာပြန်ကို ကြည့်လိုက်ရင် ဒီမှာတင်ပြီးသွားပါပြီ။ အဲဒီဆူရာဟ်ဖီးလ် ချပေးရခြင်းနဲ့ပတ်သက်တဲ့ အကြောင်းကို ပညာရှင်တွေက `သိဗ်ယာနုလ်ကုရ်အာန်´အတွဲအမှတ် ၃၀ ဆူရာဟ်ဖီးလ်ကဏ္ဍမှာ ဖော်ပြထား တာကို လူကြီးမင်းတို့ သုံးသပ်လို့ရအောင် ကျွန်တော်တင်ပြပေးပါ့မယ်။ အဲဒီခေတ်ကာလ အချိန်က အီသီယိုး ပီးယားနိုင်ငံဟာ ဘုရင်စနစ်ကျင့်သုံးပါတယ်။ (တိုက်ဆိုင်လို့ ဒီနေ့ခေတ်ကိုကြည့်ရင် ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အရမ်းပိန်တဲ့လူကို တွေ့တွေ့၊ အငန်းမရအစားအသောက် စားနေတာကိုတွေ့တွေ့ ငတ်ပြတ်နေတာပဲ၊ အီသီယိုးပီးယားက လာတာ ဆိုပြီး ထေ့ငေါ့ရှုတ်ချကဲ့ရဲ့ခဲ့ကြတယ်။
အခုတော့ ကျွန်တော်တို့က သူတို့ကိုပြန်ပြီး မော့ကြည့်နေရတယ်။ စလာမ်တိုက်လိုက်ရပြီ။ သူတို့ ဒီလို ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုစနစ်တွေကများ လုပ်ပေးလိုက်သလဲဆိုတာ ကျွန်တော်တို့လေ့လာအတုယူရမှာပေါ့။) အီသီယိုးပီးယားဘုရင်ဟာ ယမန်၌ ဘုရင်ခံတစ်ဦးခန့်အပ်ခဲ့သည်။ ဘုရင်ခံရဲ့အမည်က `အဗ်ရဟာ´ဖြစ်ပါတယ်။ အဲဒီခေတ်က အရဗ်နိုင်ငံတွေမှာ နဗီတမန်တော် အီဗ္ဗ်ရာဟင်မ်(အ-စ)ရဲ့ စနစ်၊လမ်းစဉ်ကို လိုက်နာကျင့်သုံးနေ ကြတဲ့ ဟနီဖီတွေ အမှန်သစ္စာတရားကို (ကျွန်တော်တို့ ဒီကနေ့မွတ်စလင်မ်တွေပြောတဲ့ ဟန်နဖီမဟုတ်ပါ) လိုက်တဲ့လူတွေ အများကြီးရှိနေခဲ့တယ်။ အဲဒီလူတွေက ဟဂ်ျဆိုတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နေခဲ့ကြတယ်။ မွတ်ဆလင်မ်တွေ။ အဲဒီတော့ သူတို့က ကအ်ဗာဟ်မှာ အထင်ကရနဲ့ သူတို့ရဲ့တာဝန်တွေကို ထမ်းရွက်နေတဲ့အခါ ကျတော့ ဘုရင်ခံအဗ်ရဟာက မကျေမနပ်ဖြစ်တယ်။ ဘာကြောင့်လည်းဆိုရင် သူ့ဆီမှာ သူ့စနစ်ကိုလိုက်နာတဲ့ လူတွေကနေပြီး အမှန်သစ္စာတရားအပေါ်မှာ လိုက်နာတဲ့လူတွေ များလာတဲ့အခါ သူဟာမကျေနပ်ချက် မနာလိုမှု ကနေ ဒေါသဖြစ်ပေါ်လာတယ်။
အဲဒီ မိစ္ဆရိယစိတ်ကြောင့် သူ့ဆီမှာဒေါသစိတ်ပွားများလာတယ်။ အဲဒီဒေါသကြောင့် လက်တုန့်ပြန်လက် စားချေဖို့ မက္ကာဟ်ရှိ ကအ်ဗာကျောင်းတော်ကြီးကို ဖြိုချ၊ ဖျက်ဆီးဖို့ စစ်သည်ဗိုလ်ပါများစွာပါတဲ့ `ဆင်တပ်ကြီး´ ကို ကိုယ်တိုင်ဦးစီးပြီး မက္ကာဟ်ကို ချီတက်လာပါတော့တယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့အဆိုအရ အဲဒီဖြစ်ရပ်ဟာ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)မီးရှူးသန့်စင်ဖွားမြင်တော် မမူမီ(ရက်ပေါင်း ၅၀)အလိုမှာ ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။ တချို့ပညာရှင်တွေရဲ့အဆိုက အဲဒီ `အဗ်ရဟာ´မက္ကာမြို့ကို ဖျက်ဆီးဖို့ `ဆင်တပ်ကြီး´နဲ့ ချီတက်လာတဲ့နေ့ဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) မီးရှူးသန့်စင်ဖွားမြင်တော်မူတဲ့နေ့လို့လည်း ဆိုပါတယ်။
ဆင်တပ်ကြီးချီတက်လာတဲ့အခါမှာ မက္ကာမြို့ကအ်ဗာဟ်ကျောင်းတော် အနီးအနားကို အရောက်မှာ ပင်လယ်နီဘက်က ငှက်ကလေးတွေ ပျံဝဲလာပါတယ်။ အဲဒီငှက်ကလေးတွေဟာ နှုတ်သီးနဲ့ခြေထောက်တွေမှာ ကျောက်စရစ်ခဲကလေးတွေ သယ်ယူလာခဲ့ပါတယ်။ အဲဒီဆင်တပ်ကြီးရဲ့ အပေါ်ကိုပျံဝဲပြီးတော့ ငှက်ကလေးတွေကို ပစ်ချကြပါတယ်။ အဲဒီလို ပစ်ချလိုက်တဲ့အခါမှာ ကျောက်စရစ်ခဲတွေထိပြိး အလ္လာဟ်အရှင်ြမတ်ရဲ့`ကုဒ္ဒရသ်´တော် နဲ့ အဲဒီဆင်တပ်ကြီးဟာ ဖရိုဖရဲဖြစ်ကာ ထုတ်ချင်းပေါက်ဒဏ်ရာတွေ၊ ပြင်းထန်နာကျင်ဖွယ်ဒဏ်ရာတွေရကာ သေကြေပျက်စီးသွားကြပါတယ်။
ဒါကြောင့် အဲဒီဖြစ်ရပ်ဟာ အရဗ်ကမ္ဘာမှာ အင်မတန်ထင်ရှားတဲ့ အကြောင်းတစ်ရပ်ဖြစ်ခဲ့ မှတ်တမ်းတင် ခဲ့ပါတယ်။ အဲဒီဖြစ်ရပ် ဖြစ်ခဲ့တဲ့နှစ်ကို `အာမုလ်ဖီးလ်´`ဆင်နှစ်´လို့လည်း အရဗ်တွေက ခေါ်ခဲ့သတ်မှတ်ခဲ့ကြပါ တယ်။ အဲဒါဆိုရင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)မတိုင်မီက ဆင်တပ်ကြီးက ကအ်ဗာဟ်ကို ဖြို့ဖို့လာတယ်။ ကျွန်တော်တို့ငယ်ငယ်က သင်ကြားခဲ့ရတဲ့အထဲမှာ ဘာပါသလဲဆိုတော့ တမန်တော်မုဟမ္မဒ်(ဆွ) မီးရှူးသန့်စင် ဖွားမြင်ပြီး တမန်တော်နဗူဝသ်မရခင်မှာ ကအ်ဗာဟ်ထဲက အဆောင်ထဲမှာ ဗူသ်ရုပ်ထုပေါင်း ၃၆၀ ရှိတယ်လို့ ကျွန်တော်တို့သင်ခဲ့ရတယ်။ ကျွန်တော်စဉ်းစားကြည့်တယ်။ ဗူသ်ရုပ်ထုတွေရှိနေတဲ့ ဒီအဆောက်အဦးကြီးကို အဗ်ရဟာက ဖျက်ဖို့လာရင်ဗူသ်ကို မနှစ်သက်တဲ့အလ္လာဟ်က ခွင့်ပြုရမှာလား။ တားမြစ်ရမှာလား။
ဆရာ ဦးမြတ်သူ စကားနဲ့ပြောရရင် မတောက်တစ်ခေါက်၊ တောက်တစ်ခေါက်၊ ဥာဏ်တစ်ထွာတစ်မိုက်လေးနဲ့ စဉ်းစားကြည့်ပါတယ်။ ဆင်တပ်ကြီးကိုခွင့်ပြုလိုက်ရမှာပေါ့။ ဒါမှသာလျှင် ဗူသ်တွေ လည်း ပျက်စီးပြီး အသစ်တဖန် ပြောင်းဆောက်လိုက်ရမှာပေါ့၊ နောက်တစ်ခါ သဲကန္တာရထဲကို ဆင်တပ်ကြီးက ချီတက်လာတယ်ဆိုတာကလည်း ကျွန်တော်က ထပ်ပြီးစဉ်းစားတာပေါ့။ သဲကန္တာရထဲကို ဆင်တပ်ကြီးဘယ်လိုလာမလဲ။ ကုလားအုတ်တပ်ကြီးတို့ မြင်းတပ်ကြီးတို့ဆိုတော်သေးတယ်။ ဒါပေမယ့် အဲဒီကိစ္စ အဲဒီခေတ်က ပြီးသွားပြီ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ပြီးသွားပြီ ဒီအာယသ် ဒီဆူရာဟ်ကို ကျွန်တော်တို့ဖတ်ပေါ့။ ကုသိုလ်ရမှာပေါ့။ ဒီလောက်ပဲလား။ (အလ္လာဟ်က ကုရ်အာန်ထဲမှာ ကုရ်အာန်ကို စူးစမ်းဆင်ခြင်လေ့လာ သုံးသပ် သုတေသနပြုပါလို့ ပြောထားတယ်။ ဒီဆူရာမှာအချို့စကားလုံးကို အတိတ်ကာလပြကြိယာနဲ့ဖော်ပြပြီး အချို့ကို ပစ္စုပ္ပန်နဲ့အနာဂါတ်ကာလပြကြိယာသုံးထားပါတယ်။ ဒါကြောင့်ခေတ်ကာလတိုင်းဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ ဆိုတာထင်ရှားပါတယ်။)
ဒါကြောင့် ကျွန်တော်ဖြန့်ထွက်ပြီးတွေးကြည့်ပါတယ်။ `ဆင်´ဆိုတာ ကုန်းနေသတ္တ၀ါတွေထဲမှာ အကြီးဆုံး၊ ခွန်အားအရှိဆုံး။ အဲဒီဆင်ကို ပိုင်တဲ့ဆင်ပိုင်ရှင်(အဆွဟ်ဘေဖီးလ်)တွေဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အင်အားတွေ သိပ်ကြီးလာပြီဆိုရင်၊ လူတွေအများကြီးလည်း ဖြစ်လာပါပြီဆိုရင် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အင်အားကြီးတယ်၊ ဘာကောင်၊ ညာကောင်ဆိုပြီး မှတ်ယူတတ်ကြပါတယ်။ သူ့ကို သွားမထိနဲ့။ သူ့နောက်မှာ အကောင်ကြီးကြီး အမြီးရှည်ရှည်ရှိတယ်လို့လဲ ပြောဆိုတတ်ကြပါတယ်။ လူအုပ်စုသိပ်တောင့်လာပြီးတော့ သူတို့ ကိုယ်သူတို့ အင်အားရှိလာပြီဆိုပြီး သတ်မှတ်ကြတဲ့ လူတွေက ကိုယ့်ကိုယ်ကို ဆင်နဲ့ပြောတယ်။ ဒါပေမယ့် အဲဒီ ဆင်လောက်ကြီးတဲ့ ကောင်ကြီး ဘာမှမဟုတ်တဲ့ ငှက်သေးသေးလေး။ အဲဒီငှက်သေးသေးလေး နှုတ်သီးနဲ့ခြေ ထောက်က သယ်လာတဲ့ကျောက်ခဲသေးသေးလေးနဲ့ အပေါ်က ပစ်ချလိုက်တာ သူ့ဘ၀ပျက်သွားတယ်။ စဉ်းစား ကြည့်ရင်အဖြေတစ်ခုတော့ ထွက်နိုင်ပါတယ်။ အသိဥာဏ်ဆင်ခြင်တုံတရားမြင့်မားပြီး စွမ်းရာထက်မြက်ဖို့က ပိုအရေးကြီးတာတွေ့ရမှာပါ။
ဒါဆိုရင် ကာကွယ်ရေး၊ စစ်ရေးအမြင်နဲ့ ဒီဆူရာဟ်ကို ကျွန်တော်ဖြန့်ထွက်တွေးကြည့်ပါမယ်။ တမန်တော် မြတ် မုဟမ္မဒ်(ဆွ)လက်ထက်က ဘဒရ်စစ်ပွဲဖြစ်ခဲ့တယ်။ ဘဒရ်စစ်ပွဲဖြစ်တဲ့ အချိန်မှာ တမန်တော်မြတ်က ဘဒရ် အရပ်ကနေ ခုခံစစ်ဆင်နွှဲဖို့အတွက် နေရာယူတဲ့အခါမှာ တောင်ပေါ်ကနေ နေရာယူထားခဲ့တယ်။ ရန်သူလာခဲ့ရင် ရန်သူဟာ ကိုယ့်တပ်ရဲ့ အောက်မှာပဲရှိတယ်။ ထို့ကြောင့် အပေါ်စီးရတဲ့ အုပ်စုဟာ အောက်မှာရှိနေကြတဲ့ အုပ်စု။ စစ်ပွဲတစ်ပွဲကို ချဥ်းကပ်တဲ့အခါမှာ အပေါ်စီးရအောင်လုပ်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်ပွဲတွေဖြစ်ရင် တောင်ကုန်းကိုပဲ တက်သိမ်းရတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကုန်းပေါ်ကနေပဲ အမြောက်နဲ့ထု၊ လက်ပစ် ဗုံးနဲ့ထုလို့ ကောင်းတာကိုး။ ဒါကြောင့် အပေါ်ရောက်အောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။
နောက်တစ်ခါ ကျွန်တော်တို့တိုင်းပြည်နိုင်ငံရဲ့ ကာကွယ်ရေး။ ကျွန်တော်တို့ မြန်မာနိုင်ငံ အကြောင်းပေါ့။ မကြာခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါ့၊ ကိုးကန့်မှာ ရန်သူတွေက တောင်ကုန်းတွေပေါ်က ပစ်ခတ်တော့ အ အဲဒီတောင်ကုန်းတွေကို ရအောင်ပြန်သိမ်းရတာတွေ့ရပါတယ်။ အဲဒါမပြောခင် ကျွန်တော်နမူနာ တစ်ခုပြချင်တာက ၁၉၉၀/၉၁ လောက်က ကူဝိတ်နိုင်ငံကို အီရတ်နိုင်ငံက သိမ်းလိုက်တဲ့အတွက် နိုင်ငံပေါင်းစုံက စစ်ရေးအရ၀င်ဖို့ လုပ်တဲ့အခါမှာ အီရတ်မှာစစ်သည်ဗိုလ်ခြေ (ငါးသိန်း)နဲ့ တင့်ကားအပါအ၀င် ကြည်းတပ်အင်အား မြောက်များစွာရှိတယ်။ တိုက်လေယာဉ်တွေလည်းရှိတယ်။ ဒါပေမယ့် အီရတ်နောက်ဆုံး ရှုံးသွားတာက သူ့ကို (B.52) လေယာဉ်နဲ့ ဗုံး(၂)လုံးပဲ ကြဲချလိုက်တယ်။ ထိုနည်း၎င်း ဒုတိယကမ္ဘာစစ်မှာလည်း ဖက်ဆစ်ဂျပန်ကို လေကြောင်းကနေ ဗုံးကြဲပြီးမှဘဲ စစ်ပွဲတွေရပ်သွားတာတွေ့ရမှာပါ။
တနည်းအားဖြင့် ကြည်းတပ်အင်အား ဘယ်လောက်ပဲ တောင့်တင်းခိုင်မာပါတယ်လို့ ပြောပြော၊ လေကြောင်းက တိုက်ခိုက်တဲ့လေကြောင်းတိုက်ပွဲမှာ ကြည်းတပ်က မခုခံနိုင်ဘူး။ ဒါကြောင့် (ဆူရာဟ်သွလ်ဖီးလ်) ကို ဖြန့်ထွက်တွေးပြီးတော့ တိုင်းပြည်နိုင်ငံကာကွယ်ရေးလုံခြုံရေးအတွက် အသုံးချမယ်ဆိုရင် လေကြောင်း အင်အား တိုးတက်ခိုင်မာအောင် လုပ်ထားမယ်ဆိုရင် ပိုင်ဆိုင်ထားမယ်ဆိုရင် အဲဒီလေကြောင်း အင်အားကောင်းတဲ့စနစ်ဟာ ကြည်းတပ်အင်အားကို အနိုင်ရပါတယ်။ နိုင်ငံရေးဘက် လှည့်ကြည့်လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ (၁၉၈၈)ရှစ်လေးလုံး အရေးတော်ပုံဆိုရင် လူကြီးမင်းတို့တော်တော်များများ တွေ့ကြုံခဲ့ပြီးဖြစ်ပါတယ်။ နှစ်ပေါင်း(၂၆)နှစ် တစ်ပါတီ အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေလာခဲ့တာ၊ တိုင်းပြည်ကို နောက်ထပ်နှစ်ပေါင်း(၅၀) လောက် ဆက်လက်အုပ်ချုပ်ဖို့ အဆင်သင့်၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်အပြင် ပါတီတွင်း မှာလည်း ကေဒါ၊ တင်းပြည့်၊ အရံဆိုပြီး စနစ်တကျစီမံထားခဲ့တာ။
မဆလပါတီ ပြုတ်တော့ ဘာအကြောင်းနဲ့ပြုတ်တယ်ထင်သလဲ။ လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်ခွေ တစ်ခွေဖွင့်တဲ့ ကိစ္စ၊ ကြို့ကုန်းက လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်ခွေတစ်ခွေ ဖွင့်တဲ့ကိစ္စ။ သေးငယ်တဲ့ အကြောင်းအရာ အသေးအမွှားကိစ္စတစ်ရပ်လို့ ထင်ရတဲ့အကြောင်း။ ဒါပေမယ့် တိုင်းပြည်ပျက်သွားတယ်။ အစိုးရ (၃)ဆက် ပြောင်းသွားတယ်။ ကြို့ကုန်းက စန္ဒာဝင်းဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ စိုင်းထီးဆိုင်သီချင်းခွေက စလိုက်တဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေနဲ့ဖြစ်၊ လုံထိန်းရောက်လာ၊ နောက်တစ်နေ့ သေနတ်နဲ့ ပစ်ပြီး လူစုခွဲ၊ လူငယ်ကျောင်းသား ကိုဘုန်းမော်သေတယ်။ အဲဒီကစလို့ အရေးအခင်းကြီးဖြစ်လာပြီး တိုင်းပြည်ပျက်တယ်။ သေးငယ်တဲ့ အကြောင်းအရာဆိုပြီးတော့ လျှော့တွက်လို့မရဘူးဆိုတာ သက်သေပါ။ အဲဒီလို သေးသေးလေးကနေ အကြီးကြီး တွေဖြစ်လာတတ်တယ်ဆိုတာကိုလည်း ဒီကုရ်အာန် ဆူရာဟ်(၁၀၅) ဆူရာဟ်ဖီးလ်ကို ဖြန့်ထွက်တွေးရင် မြင်နိုင်ပါတယ်။
အရဗ်နွေဦးကိုလည်း ကြည့်လိုက်ပါဦး။ ဒီလိုပဲ အာဏာရှင်တွေတောက်လျှောက် အုပ်ချုပ်နေတဲ့အချိန်မှာ ဘာမပြောညာမပြောနဲ့ တူနီးရှားနိုင်ငံတက္ကသိုလ် ကျောင်းသားတစ်ယောက် သူ့ကိုယ်သူဓါတ်ဆီလောင်းပြီး မီးရှို့ လိုက်တယ်။ အရဗ်တစ်ခွင်တပြင် နေရာအနှံ့ အရဗ်နွေဦးဆိုပြိး ပေါ်ပေါက်လာပြီး ကမ္ဘာကျော်သွားတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ကောင်းသွားတဲ့နိုင်ငံရှိသလို နဂိုထက်ပိုဆိုးသွားတဲ့ နိုင်ငံတွေလည်းရှိတယ်။ ဒါကတော့ စီမံခန့်ခွဲမှု အပိုင်းပေါ့။ အဲဒီလို မဖြစ်အောင် ဘာလုပ်မလဲဆိုတာကို ကျွန်တော်နိဂုံးအပိုင်းမှာ တင်ပြပါ့မယ်။ လူ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်လည်း တစ်ခါအုပ်စုကြီးတဲ့လူတွေ၊ အင်အားကြီးလာပြီလို့ ထင်ရတဲ့လူတွေက အင်အားငယ်တယ်လို့ ထင်ရတဲ့သူအုပ်စုကို အမြဲတမ်းဒုက္ခပေးတယ်။ အဲဒီလို ဒုက္ခပေးလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ကိစ္စရပ်တွေဖြစ်ပေါ် လာတဲ့အခါမှာ မထင်မှတ်တဲ့ အကြောင်းကြီးတွေ ဖြစ်သွားတတ်ပါတယ်။ အာကာသမိုးကောင်းကင်ကနေ မိုးရေ တစက်တစက်စီကျလာလိုက်တာ ရေပြင်ကျယ်ကြီးဖြစ်လာပြီး၊ ထုထည်ကြီးမားလာလိုက်တာ လူတော်တော် များများ ရေဘေးဒုက္ခရောက်ခဲ့ရတာတွေ့ရမှာပါ။
ဒီကနေ့ခေတ်မှာ တန်ချိန် သိန်းနဲ့ချီပြီး ပစ္စည်းလူ သယ်ယူပို့ဆောင်ပေးနေတဲ့ သင်္ဘောကြီးတစ်စီးကိုပဲ ကြည့်ပါ။ ဘာမှမပြောပလောက်တဲ့ အပေါက်လေးတစ်ခု အောက်ခြေ၀မ်းဗိုက်မှာ ပေါက်သွားပြီဆိုရင်၊ အချိန်မီ ဖာထေးပိတ်ဆို့ပြုပြင်မှု မလုပ်နိုင်ဘူးဆိုရင် အဲဒီအလွန်ကြီးမားပါတယ်ဆိုတဲ့ သင်္ဘောကြီး တစ်စီးလုံးမှာ ဘာမဟုတ် တဲ့၊ အလွန်သေးငယ်တဲ့၊ အပေါက်လေးတစ်ပေါက်ကြောင့် ပင်လယ်ကြမ်းပြင်ကြီးနဲ့ မိတ်ဆွေဖွဲ့ဆုံးရှုံးနစ်နာ သွားနိုင် ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ အနေအထား။ လူ ။ ကျွန်တော်တို့ လူလို့ဖြစ်လာတဲ့အခါမှာ ကျွန်တော် တို့က ဘာဖြစ်မှာလဲ။ ဒီကိစ္စလေးက အသေးအမွှားပါကွာ။ ဒီတစ်ခါလေးမှားတာပဲ။ ဘာဖြစ်လဲ။ ပြင်လိုက်မှာပေါ့။ မှားလိုက်၊ ပြင်လိုက်၊ ပြန်မှားလိုက်၊ ပြန်ပြင်လိုက်၊ မှားရင်းပြင်ရင်းနဲ့ ကျွန်တော်သတိထားမိတဲ့ အကြောင်းလေး ပြောပြပါမယ်။ အမုန်းတရားတွေ အမုန်းစကားတွေဖြစ်စေဖို့ စကားလေးတစ်ခွန်းတည်းနဲ့ ပြောဆိုလိုက်တယ်။ အဲဒီ အခါ မသိနားမလည်တဲ့လူတွေက စိတ်လိုက်မာန်ပါ လုပ်လိုက်တော့် မဖော်ပြနိုင်လောက်တဲ့ လူနေအိမ်ခြေ၊ ပစ္စည်း၊ လူ့အသက်တွေများစွာ သေကြေပျက်စီးခဲ့ရတာတွေ ရှိပါတယ်။ သတိအသိရှိရပါလိမ့်မယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေအများကြီးရှိပါတယ်။ အဲဒီတည်ဆဲဥပဒေတွေဟာ အရင်တုန်းက မြန်မာနိုင်ငံတရားစီရင်ရေး ဥပဒေပုဒ်မ (၁၃)အရ ထိမ်းမြားလက်ထပ်ခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ အမွေခန်းတွေနဲ့ ပတ်သက်လာရင် အစ္စလာမ်ဘာသာဝင်တွေဟာ Islamic Law နဲ့ ဖြေရှင်းဆောင်ရွက်ရပါတယ်။ အခုပြဌာန်းလိုက်တဲ့ အထူးဥပဒေတွေဟာ အထူးဥပဒေဖြစ်တဲ့အတွက် ဥပမာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ (၄၉၇)မှာ တရားဝင်ခင်ပွန်း ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ နောက်ယောက်ျားတစ်ယောက်နဲ့ ထပ်မံအိမ်ထောင်ပြုသည် ဖြစ်စေ၊ လင်ရှိမယားနှင့် ပေါင်းသင်းသည်ဖြစ်စေ၊ ဖောက်လွဲဖောက်ပြန်လုပ်တဲ့ ယောက်ျားကို လင်ဖြစ်သူက သဘောမတူရင် မယားခိုးမှုနဲ့ တရားစွဲလို့ရပါတယ်။ မယားဖြစ်သူကို အဲဒီကိစ္စအတွက် အားပေးကူညီသူအဖြစ် ပြစ်ဒဏ်မထိုက်စေရလို့ ပြဌာန်းထားပါတယ်။ ဒါက ပြဌာန်းဥပဒေပါ။
အခုအထူးပြုပြဌာန်းလိုက်တဲ့ တစ်လင်တစ်မယားစနစ် ဥပဒေမှာ ပြစ်မှုပုဒ်မ (၄၉၇)မှာတုန်းက တို့လွတ်တယ်။ တို့နဲ့ မဆိုင်ဘူးလို့ အခုလုပ်လို့မရတော့ဘူး။ အခုပြဌာန်းထားတဲ့ တစ်လင်တစ်မယားဥပဒေမှာ တရားဝင်လင်ယောက်ျားရှိတဲ့ မိန်းမတစ်ယောက် တရားဝင်လင်ယောက်ျားနဲ့ မကွာရှင်းထားပဲနဲ့ နောက်ယောက်ျား တစ်ယောက် ကို ပေါင်းသင်းမယ်ဆိုရင် အဲဒီအမျိုးသမီးကို ပတ်ဝန်းကျင်ကသော်လည်းကောင်း၊ သူ့ယောက်ကျား ကသော်လည်းကောင်း၊ ရဲကသော်လည်းကောင်း အရေးယူပိုင်ခွင့်ရှိတယ်။
ဈေးဦးပေါက်သွားပါပြီ။ အမျိုးသမီးတစ်ဦး ဈေးဦးပေါက်သွားပါပြီ။ တကယ်တော့ ယုန်ထောင်ကြောင်မိ ဆိုတဲ့အထဲ ပထမဦးဆုံး ဈေးဦးပေါက်မယ့် ယုန်တွေတော့ ကျွန်တော်တို့ထဲက မဖြစ်ရင် သိပ်ကောင်းမှာပဲ။ အခုပြောခြင်းဟာ ကိုယ်ကျင့်တရားစံနှုန်းကို ပြောခြင်းဖြစ်ပါတယ်။ ယုန်ထောင်ကြောင်မိ မှာ ပထမဦးဆုံး ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့ထဲက မဖြစ်ရင်သိပ်ကောင်းမှာပါ။ စာရင်းအရ ၂၅ ယောက် ၂၅ မှု ရှိနေပါပြီ။ အခုထက်ထိတော့ ယုန်တစ်ကောင်မှ မမိသေးဘူး။ ကြောင်တွေပဲမိနေတယ်။ ဒါကျွန်တော် သတင်းစာ ဂျာနယ်တွေဖတ်ပြီး သိရတာပါ။ အဲဒီထဲမှာမှ အမျိုးသမီးတစ်ယောက်ပါသွားတယ်။ ကျွန်တော်ဖတ်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ အရင် ဥပဒေအရဆိုရင် (၄၉၇)အရ သူလွတ်နေတယ်။ အခုတော့ ပါသွားပြီ။ ဒါကြောင့် ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ဟာ တရားဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်လို့ မှတ်ယူရမှာဖြစ် ပါတယ်။
ဒါဟာ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားမှာလည်း သေးသေးလေး၊ အသေးအမွှား၊ မပြောပလောက် ပါဘူးလို့ လျှော့မတွက်မိကြပါနဲ့။ အဲဒီသေးသေးလေးကို လုပ်ရင်းလုပ်ရင်းနဲ့ ကြီးမားတဲ့ ပြဿနာကြီးဖြစ်လာနိုင် ပါတယ်။ တချို့ကိစ္စတွေမှာ သိတယ်မဟုတ်လား။ သူတို့ဘာသူတို့ လူငယ်နှစ်ယောက် ခိုးရာလိုက်ပြေးကြတယ်။ ဘာမှမဖြစ်ဘူး။ သူတို့နှစ်ယောက်ကြည်ဖြူနေတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာကြတော့ သူတို့နှစ်ယောက် ဘယ်လောက်ပဲ ကြည်ဖြူ၊ ကြည်ဖြူ ဘေးပတ်ဝန်းကျင်က မကြည်ဖြူတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေတက် တတ်ပါတယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့သတိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်တွေကို ထိန်းဖို့လို တယ်။ ကျွန်တော်တို့ရဲ့ခံယူချက်၊ စိတ်နေသဘောထား၊ အကျင့်အမူ၊ အပြောအဆို၊ အလုပ်အကိုင်၊ အကြံအစည် တွေ အားလုံးကို အကောင်းဆုံးဖြစ်ရန် ပြောင်းလဲဖို့လိုပါပြီ။
စီးပွားရေးနဲ့ပတ်သက်ပြီး ပြောကြည့်မယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ဒီကိစ္စဟာ အသေးလေး၊ အသေးလေး Child Play ပါဆိုပြီး စီးပွားရေးဆိုင်ရာမှာ အားနည်းချွတ်ချော်အောင်လုပ်တာ။ အသေးအမွှားလို့ သတ်မှတ်ပြီးလုပ်ရင်းနဲ့ အကြီးအကျယ်ဘေးဒုက္ခ အန္တရာယ်ရောက်သွားပြီး မရှူနိုင်၊ မကယ်နိုင် ဖြစ်သွားတဲ့ လူတွေအများကြီးရှိတယ်။
ဥပမာ တစ်ခုပြောပြမယ်။ ၁၉၉၆/၉၇ မှာ ဂျော့ရှ်ဆိုးရော့ဆိုတဲ့ ပုဂ္ဂိုလ်က တစ်ယောက်တည်း။ အဲဒီ တစ်ယောက်တည်းက ငွေကြေးဈေးကွက်ကို ကိုင်ပြီးလှုပ်လိုက်တာ အရှေ့တောင် အာရှမှာရှိတဲ့ ဘဏ်တွေ၊ ငွေကြေးဈေးကွက်တွေ၊ စီးပွားရေး ဈေးကွက်တွေအားလုံးဟာ တစ်ခါတည်း ပျက်စီးသွားတယ်။ ဖရိုဖရဲဖြစ်သွား တယ်။ စုတ်ပြတ်သတ်သွားတယ်။ တစ်ယောက်တည်းကလုပ်တာ။ အသေးလေးပါလို့ တွက်လို့မရဘူး။ လူဦးရေ သန်းထောင်ချီရှိတဲ့ အရှေ့တောင် အာရှဒေသကြီး တစ်ခါတည်းလှုပ်ခတ်သွားတယ်။ ဟိုကတစ်ယောက်တည်း ကိုင်လှုပ်လိုက်တာ။ အဲဒါဘာလဲ။ အင်အားရှိတဲ့လူ၊ အထက်စီးရသွားတဲ့လူ၊ အဲဒီအားရှိတဲ့လူက၊ အားရှိတဲ့ အနေအထားနဲ့ တစ်ခုခုလုပ်လိုက်ရင် ဘယ်လောက်ပဲကြီးပါတယ်။ ငါတို့က ဆင်ကြီးပါလို့ ပြောနေလည်း အဲဒီ ဆင်လည်းငှက်ကလေးချီလာတဲ့ ခဲသေးသေးလေးနဲ့ တစ်ချက်ထိလိုက်တာနဲ့ တစ်ခါတည်း `ဖနာ´ပဲ။
ဒါကြောင့် အသေးအမွှားဆိုတာ မရှိပါဘူး။ အားလုံးကို အလေးအနက်ထားပြီး လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စောစောက ကိစ္စရပ်တွေကို ကျွန်တော်ဖြန့်ထွက်ပြီး တွေးရင်းနဲ့ နောက်ထပ်စဉ်းစားမိတာက ဒီလို ကိစ္စရပ်တွေဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ အထက်ဘိုးဘွားဘီဘင်ကတည်းက မြန်မာနိုင်ငံမှာ မွေးတယ်။ မြန်မာ နိုင်ငံမှာကြီးတယ်။ မြန်မာနိုင်ငံက ဆန်ကိုစားတယ်။ မြန်မာနိုင်ငံက ရေကို သောက်တယ်။ မြန်မာနိုင်ငံလွတ်လပ် ရေးအတွက် အသက်၊ သွေး၊ ချွေး စတေးခဲ့ပြီးပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တယ်။ မြန်မာနိုင်ငံမှာပဲသေတယ်။ မြန်မာနိုင်ငံမှာပဲ ကျွန်တော်တို့ထပ်ပြီး အဆက်ဆက် ကြီးပြင်းရှင်သန်လာရတယ်။
ကျွန်တော်တို့ဟာ ဒီမြေမှာ မွေး၊ ဒီမြေမှာကြီး၊ ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီလေကိုရှူ၊ ဒီတိုင်းပြည်က ဆန်ကိုစားပြီး ဒီတိုင်းပြည် အပေါ်မှာ ကျေးဇူးသစ္စာစောင့်သိပါ့မယ်လို့ ပြောထားတဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားရတာ။ ကျွန်တော်တို့တိုင်းပြည်အပေါ်မှာ သစ္စာရှိရမယ်။ ဒီတိုင်းပြည်အပေါ်မှာ သစ္စာရှိတဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ Citizen ဆိုတဲ့ နိုင်ငံကြီးသားတွေ ဖြစ်ကြပါတယ်။ အဲဒီမှာ ကျွန်တော်ကဖြန့်ထွက်တွေးရင်းနဲ့ ကျွန်တော်တို့ နိုင်ငံကြီးသားပီသဖို့အတွက် လာမယ့် ၈ ရက် ၁၁ လ ၂၀၁၅ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် ကျွန်တော်တို့ အားလုံးမဲပေးပိုင်ခွင့် ရှိတဲ့လူအားလုံး ဆန္ဒမဲပေးဖို့ လိုပါတယ်။ အဲဒါ ကျွန်တော်တို့ ဒီနိုင်ငံသားဖြစ် ကြောင်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
မြန်မာပြည်ကိုချစ်ပါတယ်။ ငယ်ငယ်တုန်းက စာထဲမှာ သင်လို့ပါဆိုပြီးတော့ ပြောနေရုံနဲတော့ မရပါဘူး။ အဲဒီတော့ အဲဒီ နိုင်ငံသားဆိုတဲ့ဟာ၊ နောက်ပညာရှင်တွေက ပြောပါတယ်။ တာဝန်ရှိတဲ့အချိန်မှာ မလုပ်ပဲနဲ့ ဒီအရာနဲ့ပတ်သက်တဲ့ အခွင့်အရေးတောင်းမယ်ဆိုရင်တော့ သင်တော်တော်လွန်သွားပါလိမ့်မယ်။ အဲဒီလို လွန်တဲ့ အထဲမှာ ကျွန်တော်တို့ မပါဖို့ လိုပါတယ်။ နိုင်ငံသားလို့ပြောတဲ့ နိုင်ငံကြီးသားဆိုတဲ့ စကားလုံးဟာ စီနဲ့စထားတဲ့ အတွက် အခုကနေစပြီး ကျွန်တော်တင်ပြမယ့် စကားလုံးတွေအားလုံး စီတွေနဲ့ပဲ စပါလိမ့်မယ်။ ပထမဦးဆုံး Citizen နိုင်ငံကြီးသား၊ နိုင်ငံသားကောင်းဖြစ်တဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့အားလုံး Character စာရိတ္တအင်အား၊ ကိုယ်ကျင့်တရားစံနှုန်းတွေ ကိုယ်တိုင်မြင့်မားဖို့ လိုပါလိမ့်မယ်။ အဲဒီလို ဖြစ်ဖို့အတွက် ကျွန်တော်တို့ ဒီကနေ့ ကျွန်တော်တို့ရဲ့ မွေးဖွားရာ တိုင်းပြည်နိုင်ငံ တစ်နည်း ကျွန်တော်တို့ရဲ့ Country အတွက် ကျွန်တော်တို့ ပုခုံးပေါ်မှာ ရောက်လာတဲ့တာဝန်တွေကို ကျွန်တော်တို့ ကျေပွန်ဖို့လိုပါတယ်။ အဲဒီတာဝန်ကျေပွန်ဖို့အတွက် Candidate လို့ ခေါ်တဲ့ ကိုယ်စားလှယ်တော်တွေကို ရွေးချယ်ဖို့ ကျွန်တော်တို့ အခွင့်အရေးရလာပါတယ်။ Civic Society, Civil Society ဆိုတဲ့ နိုင်ငံသားတွေရဲ့ ဘ၀အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အရည်အသွေး အားကောင်းဖို့ လိုပါလိမ့်မယ်။
အဲဒီ Cadidate တွေရဲ့အခြေအနေမှာ သူတို့ရဲ့ Capability ဆိုတဲ့ အသုံးမပြုနိုင်သေးတဲ့ စွမ်းရည်တွေနဲ့ ဘယ်လိုအခြေအနေရှိလည်း ဆိုတာကို၊ Calculate စနစ်တကျတွက်ချက်ပြီးတော့ Choice ရွေးချယ်နိုင်ခွင့် မကြာ ခင် နေ့ရက်တွေမှာရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းများအားလုံး၊ မိသားစုများအပါအ၀င် မဲဆန္ဒပေး ပိုင်ခွင့်ရှိသူများအားလုံးဟာ နိုင်ငံကြီးသား ပီသစွာနဲ့ (၈-၁၁-၂၀၁၅)(တနင်္ဂနွေနေ့)မှာ ကိုယ့်အခွင့်အရေးရှိသည် နှင့်အညီ မဲပေးကြဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် ဖြစ်ချင်တာတွေလည်းရှိပါတယ်။ ဒါပေမယ့် ဖြစ်ချင်တာတွေကိုပဲ ရှေ့တန်းတင်လို့မရဘဲနဲ့ ဖြစ်နိုင်တာတွေကိုလည်း စဉ်းစားဖို့လိုပါတယ်။ ဖြစ်သင့်တာလည်း ထည့်စဉ်းစားရပါမယ်။ ဖြစ်နေတာတွေကိုလည်း သုံးသပ်ပြီးတော့ ကျွန်တော်တို့ Choice ရွေးချယ်နိုင်စွမ်းရှိဖို့လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ Chance အခွင့်အလမ်းတွေ အသေအချာရနေပါပြီ။
အဲဒါကို ကျွန်တော်တို့အနေနဲ့ Careful သတိအသိရှိရှိနဲ့ စေ့စပ်သေချာစွာ ရွေးချယ်ရန်နှင့် Check အရည် အသွေးစစ်ဆေးပြိး သေချာအောင်လုပ်ဖို့လိုလိမ့်မယ်။ လူကြီးမင်းတို့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု Choice ဟာ Correct အမှားကိုအမှန်အစားထိုးပြီးချိန်မှာ မှန်ကန်မှုရှိဖို့လည်း လိုပါလိမ့်မယ်။ အဲဒီတော့ Candidate ကိုယ်စား လှယ်တွေရဲ့ Capacity ဥာဏ်စွမ်းအား၊ အရည်အသွေး၊ အရည်အချင်းပြည့်ဝမှုနဲ့ Character ကိုယ်ကျင့်တရား၊ စာရိတ္တစံနှုန်း ဘယ်လောက်မြင့်လည်းဆိုတာကိုလည်း ကျွန်တော်တို့ သေသေချာချာ လေ့လာအကဲခတ်ဖို့ လိုပါ မယ်။
အဲဒီအခါမှာ အဲဒီလူတွေ အရင်တုန်းကရော၊ အခုရော၊ လာမယ့်အနာဂါတ်မှာရော Corruption လို့ခေါ်တဲ့ အကျင့်ပျက်ခြစားမှု ဘယ်လောက်ရှိလဲ၊ မရှိအောင် ဘယ်လိုလုပ်မလဲ။ အကျင့်သိက္ခာ ပျက်စီးစေတဲ့လုပ်ရပ်တွေ လုပ်ခဲ့ဘူးတဲ့ လူတွေလား။ လုပ်နေတဲ့ လူတွေလား။ မလုပ်အောင် ဘယ်လိုလုပ်မလဲ။ အဲဒီလို အကျင့်သိက္ခာ ပျက်စီးအောင် မလုပ်ခဲ့ဘူးသူတွေ၊ မလုပ်မဲ့သူတွေကို စနစ်တကျ Critical thinking နဲ့ဝေဖန်ပိုင်းခြားတတ်သော ဆင်ခြင်ဥာဏ်အမြော်အမြင်နဲ့ လူကြီးမင်းတို့ ကျွန်တော်တို့အားလုံး Choice ရွေးချယ်ပြီး Correct မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။ နောက်တခါ Careless စာနာထောက်ထားမှု မရှိသော၊ သတိမရှိ၊ အသိမဲ့ ဂရုမစိုက်တဲ့သူ တွေ ကျွန်တော်တို့ကို Careless လုပ်မယ့် လူတွေမဖြစ်ရအောင်နဲ့ အနာဂါတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ Child ကလေးနောင်မျိုးဆက်သစ်တွေအတွက် Change အပြောင်းအလဲ ဖြစ်စေဖို့ လုပ်ရပါလိမ့်မယ်။ Change ဆိုရာမှာ အခုထက် အဘက်ဘက်က ပိုမိုကောင်းမွန်ဖွံဖြိုးတိုးတက်မှု ဖြစ်စေဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံမှာ တော်တော်အံ့သြစရာကောင်းတာက ပါတီ ၉၂ ပါတီရှိပါတယ်။ နာမည်ကြီးတဲ့ပါတီ အားလုံးပြောင်းလဲဖို့ပဲပြောနေတယ်။ ဘယ်လိုပြောင်းလဲမှာလဲ ဘယ်လောက်ပြောင်းလဲမှာလဲ။ ဘယ်တော့ ပြောင်းလဲမှာလဲ ဘယ်နည်းနဲ့ပြောင်းလဲမှာလဲဆိုတဲ့ အပေါ်မှာပဲ ၀ိဝါဒကွဲပြားနေပါတယ်။ ဒါဟာ နိုင်ငံရေးစင်မြင့် မဟုတ်တဲ့အတွက် ကျွန်တော်မဲဆွယ်စကားပြောမှာ မဟုတ်ပါ။ ကျွန်တော်တို့ ရွေးချယ်မှုမှန်ကန်ဖို့လိုတယ်။ စနစ် ကျဖို့လိုတယ်။ ကျွန်တော်တို့်ဆီမှာ အခွင့်အရေးရှိတယ်ဆိုတာကို ကျွန်တော်တင်ပြရခြင်းဖြစ်တယ်။
လူကြီးမင်းတို့ ကျွန်တော်တို့ရဲ့ အနာဂါတ်ဘ၀ကာလမှာ မှန်ကန်တဲ့ပြောင်းလဲမှု (Real Change) အံ့သြစရာကောင်းတာက (၂၀၁၅ – ဘာ ၄ ဘာ)လမှာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာမှာ ကိုယ်စားလှယ်ရွေးချယ်ပွဲ လုပ်ကြ ပါတယ်။ မြန်မာပြည်မှာတင် Time to Change လို့ ပြောနေတာ မဟုတ်ပဲနဲ့ ကနေဒါလို နိုင်ငံမှာတောင် Real Change ဆိုပြီး ပြိုင်ပွဲဝင်တဲ့ ပုဂ္ဂိုလ်က အနိုင်ရသွားတယ်။ ဒါကြောင့် ကမ္ဘာကြီးတစ်ခုလုံးကလည်း ပြောင်းလဲမယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုအတွက် ကောင်းခြင်း၊ ဆိုးခြင်းဟာ ကျွန်တော်တို့နဲ့သာ သက်ဆိုင်ပါလိမ့်မယ်။ အခုအချိန်မှာ မြန်မာတစ်နိုင်ငံလုံးက နိုင်ငံသားတွေက Change ပြောင်းလဲဖို့ဆိုပြီး ပြောဆိုလုပ်ကိုင်ဟောပြောနေပါတယ်။
ဒါပေမယ့် တော်တော်များများကို You want Change လို့မေးရင် Yes I want Change လို့ပဲ ဖြေကြမှာပါ။ Want to Change ဆိုရင်တော့ နည်းနည်းခေါင်းခါကြတယ်။ Change ကိုလိုချင်တဲ့ လူတွေက ကိုယ်ကိုယ်တိုင် လည်း Change နိုင်ဖို့ ဆန္ဒရှိဖို့လိုပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ အကြံအစည်၊ အကျင့်စရိုက်၊ အမုန်းတရား၊ အမုန်းစကားပြောခြင်းတွေ၊ အလုပ်အကိုင်တွေကိုလည်း Change လုပ်ဖို့လိုပါမယ်။ လောကကြီးကိုပဲ ပြင်လိုက်မယ်။ ငါတော့ မပြင်ဘူးဆိုရင်လည်း မဖြစ်ပါဘူး။
ဒါကြောင့် လူကြီးမင်းများအားလုံးနဲ့ ကျွန်တော်တို့ `အင်န်ရှာအလ္လာဟ်´နောက်တစ်ကြိမ် ကျွန်တော့် အလှည့်မှာ (ခွတ္တဗာဟ်)ရှေ့လရဲ့ နောက်ဆုံးပတ်လောက်ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အားလုံး ပြိုင်တူပဲ။ Yes We Can ဟုတ်ကဲ့။ ကျွန်တော်တို့အားလုံး ကိုယ့်အစွမ်းအစနဲ့ကိုယ် တကယ်လုပ်နိုင်ကြပါပြီလို့ ပြောနိုင်တဲ့ အခြေအနေ၊ အချိန်အခါကို အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ကို ပေးသနာချီးမြှင့်တော်မူပါစေလို့ ဆုမွန်ဒုအာပြုရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။