ဆူရာဟ်တော်များအကြောင်း သိကောင်းစရာ27.6.2014 မုဖ်သီ ဦးစန်းအောင် (B.Sc)

ဆူရာဟ်တော်များအကြောင်း သိကောင်းစရာ
မုဖ်သီ ဦးစန်းအောင် (B.Sc)
ယနေ့ (၂၇-၆-၂၀၁၄) ယောင်မွလ်ဂျူမုအာဟ်မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြုရန် ကြွရောက် လာကြတဲ့ ဂျမာအသ်ဝင် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား-
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
မကြာမီကာလမှာ တိတိကျကျပြောရရင်တော့ (၂၈-၆-၂၀၁၄) မနက်ဖြန်ညနေပိုင်းမှာ ရမဒွါန်လမြတ်ရဲ့ ဆန်းဦးစလကို ကျနော်တို့ အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှာ မြင်တွေ့ရတော့မှာဖြစ်လို့ နောက်တစ်ရက်ဖြစ်တဲ့ (၂၉-၆-၂၀၁၄)နေ့၊ တနင်္ဂနွေနေ့ဟာ ရမဒွါန်လဆန်း(၁)ရက်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ရမဒွါန်လမြတ်ဟာ ကျနော် တို့နဲ့ အင်မတန်မှ နီးကပ်တဲ့အနေအထားမှာ ရောက်နေပါပြီ။ အထူးသဖြင့် ရမဒွါန်လမြတ်မှာ ကျနော်တို့ မွတ်ဆလင်မ်တွေဟာ ဆွီယာမ်ဥပုသ် ဆောက်တည်ကြသလို ကုရ်အာန်(၂း၁၈၅)အရ ကျမ်းမြတ်ကုရ်အာန် ကျရောက်တဲ့ လမြတ်ဖြစ်တဲ့အတွက် ကျမ်းမြတ်ကုရ်အာန်ကိုလည်း အဖန်တလဲလဲ ရွတ်ဖတ်ကြပါတယ်။ အချို့က လမြတ်ရမဒွါန်ကို `ကျမ်းမြတ်ကုရ်အာန်၏လ´ဆိုပြီးလည်း တင်စားခေါ်ဝေါ်ကြပါတယ်။
ဒါကြောင့် လမြတ်ရမဒွါန်မှာ ကုရ်အာန်ကျမ်းမြတ်ကျရောက်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့၊ ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ခွတ္တဗါဟ်မှာ ကျနော့်အနေနဲ့ ကုရ်အာန်ကျမ်းမြတ်အကြောင်းကို ပြောပါ့မယ်။ ကျမ်းမြတ်ကုရ်အာန်ကို ကျနော် တို့ ဖတ်ရွတ်တဲ့အခါမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ ထူးခြားချက်တွေ၊ အမှတ်သညာတွေကို ကျနော်တို့ မြင်တွေ့ရပါ တယ်။ အဲဒီအမှတ်သညာတွေအနက်မှာ ကျနော်တို့ ထင်ရှားစွာတွေ့ရတဲ့ အမှတ်သညာတစ်ခုကတော့ ကုရ်အာန် ကို အခန်းကဏ္ဍအလိုက် ခွဲခြားသတ်မှတ်ထားတဲ့ `စူရာဟ်´တော်များဆိုတဲ့ အမှတ်အသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် လမြတ်ရမဒွါန်ကို ကြိုဆိုတဲ့အနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ ကျနော်တင်ပြမယ့် ခွတ္တဗါဟ်ရဲ့ခေါင်းစဉ် က `ဆူရာဟ်တော်များအကြောင်း သိကောင်းစရာ´ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။
ရှေးဦးစွာ နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်သွားတဲ့ ကျမ်းမြတ်ကုရ်အာန်(၂း၁၈၅)ကို ရှင်းပြပါရစေ။
“ လူသားတို့အတွက် လမ်းညွှန်ချက်ဖြစ်သော၊ ယင်းလမ်းညွှန်ချက်ကို ထပ်ဆင့်အကျယ်တ၀င့် ရှင်းလင်းပြဆို ထားသော၊ အမှန်နှင့်အမှားကို သိသာထင်ရှားစွာ ခွဲခြားပေးနိုင်သည့် မှတ်ကျောက်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်
သည် လမြတ်ရမဒွါန်၌ ကျရောက်ခဲ့ပေပြီ။ သို့ဖြစ်ရာ အသင်မည်သူမဆို ထိုလမြတ်နှင့် တွေ့ကြုံရလျှင် ဆွီယာမ်ဥပုသ် ဆောက်တည်လိုက်ပါလေ ” (ကုရ်အာန် – ၂း၁၈၅)
ဒီအာယတ်တော် (၂း၁၈၅)က လမြတ်ရမဒွါန်နဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆက်စပ်မှုကို ဖော်ညွှန်းနေတာ တွေ့ရပါတယ်။ ကျမ်းမြတ်ကုရ်အာန်က ကျနော်တို့ရဲ့ ဘ၀တည်ဆောက်မှုစနစ်မှာ အမှားနဲ့အမှန်ကို ခွဲခြမ်းစိပ်ဖြာပြ တဲ့ မွရ်ကိန်း – မှတ်ကျောက်ဖြစ်ကြောင်းကို ရည်ညွှန်းဖွင့်ဆိုနေပါတယ်။
ဒါကြောင့် မွတ်ဆလင်မ်တိုင်းဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ အနှစ်သာရများကို နားလည်အောင် ကြိုးစားရမှာ ဖြစ်သလို ကျမ်းမြတ်ကုရ်အာန်ရဲ့ အခင်းအကျင်းတွေ၊ ထူးခြားချက်တွေ၊ အမှတ်သညာတွေ အစရှိတာတွေကိုလည်း နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုနားလည်သဘောပေါက်နိုင်ဖို့အတွက် ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ် တော်များအကြောင်းကို ကျနော်တင်ပြဖို့ ရွေးချယ်ထားပါတယ်။ ဒီနေရာမှာ ကျနော်ရှင်းလင်းတင်ပြလိုတဲ့အကြောင်း အချက်တစ်ရပ်ကိုတော့ ဦးစွာပထမ တင်ပြပါရစေ။ ဆူရာဟ်တော်များအကြောင်း သိကောင်းစရာကို ကျနော်တင်ပြ တဲ့အခါမှာ ပညာရှင်တွေအကြားမှာ ဖြစ်ပေါ်နေတဲ့ အယူအဆကွဲပြားမှု၊ အမြင်မတူမှု၊ သဘောထားမကိုက်ညီတဲ့ အရေးကိစ္စတွေကိုပါ ထည့်သွင်းတင်ပြရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြတဲ့အခါမှာ ဒီလိုကွဲပြားမှု၊ အမြင်မတူမှုတွေကို ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ရပ် အသွင်သဏ္ဍာန်မျိုးနဲ့ ရှုမြင်သုံးသပ်ခြင်းမပြုကြဘဲ၊ ဖြေရှင်းလို့ရတဲ့ အလ္လာဟ် ချီးမြှင့်တဲ့ ပုစ္ဆာတစ်ပုဒ်လိုတော့ မြင်တတ်ဖို့၊ မြင်ပေးဖို့လိုအပ်ပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။
ဆက်လက်ပြီး ကျနော့်အနေနဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ်တော်များအကြောင်းကို တင်ပြသွားပါမယ်။
အရဗီဝေါဟာရ `ဆူရာဟ်´ဆိုတာဘာလဲ။ အရဗီဝေါဟာရ `ဆူရာဟ်´ ဆိုသည်မှာ စည်းရိုး၊ ခြံစည်းရိုးဟူ သော အဓိပ္ပါယ်ရရှိပါတယ်။ ဥပမာ- အိမ်တစ်လုံး၊ မြေကွက်တစ်ကွက်အား ပတ်လည်ကာရံထားသော ခြံစည်းရိုး ဟူသည့်သဘောမျိုးဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်အရ ၀ါကျ(အာယတ်တော်)များ အများအပြားကို အကြောင်း အရာနှင့် ထူးခြားမှုအပေါ်အခြေပြု၍ သတ်သတ်မှတ်မှတ် ကဏ္ဍအလိုက်ခွဲခြားပြီး စုဆောင်းထားသော စာပုဒ်တစ် ပုဒ်စီကို `ဆူရာဟ်´လို့ခေါ်ပါတယ်။
ဆူရာဟ်များ စီစဉ်ထားရှိမှုကို ဆက်လက်တင်ပြပါမယ်။ အစ္စလာမ်သုတေသီအများစုက ယခုလက်ရှိ ကျမ်း တော်မြတ်ကုရ်အာန်၌ စီစဉ်ထားရှိသော `ဆူရာဟ်´ တော်များ၏ အစီအစဉ်ကို သဘောတူလက်ခံထားကြပြီးဖြစ်ပါ တယ်။ ဒါကြောင့် ဆွလားသ်တည်ဆောက်တဲ့အခါမှာသော်လည်းကောင်း၊ `တေလာဝသ်´ရွတ်ဖတ်တဲ့အခါမှာသော်
လည်းကောင်း၊ လက်ရှိတည်ရှိနေတဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် အချို့ပညာရှင်များ က `ဆူရာဟ်´များ၏ အစီအစဉ်ထားရှိမှုနဲ့ပတ်သက်ပြီးတော့ အယူအဆ(၃)မျိုးကို တင်ပြခဲ့ပါတယ်။
(၁) ပထမအယူအဆအနေနဲ့ ကျမ်းမြတ်ကုရ်အာန်၏ ဆူရာဟ်များစီစဉ်ထားရှိမှုမှာ သာဝကကြီးများ၏ လွတ်လပ်သော စဉ်းစားတွေးခေါ်ဆုံးဖြတ်ချက် (Ijtihaad of the Companions) အပေါ်ဖြစ်ပါတယ်။ ဥပမာ- သာဝကကြီးဇိုက်ဒ် (Zayd)က ကျမ်းမြတ်ကုရ်အာန်ကို စီစဉ်ပြုစုရာ၌ ဆူရာဟ်များ၏ထားရှိမှုအစီအစဉ်ကို သူ၏ စဉ်း စားတွေးခေါ်မှုဆိုင်ရာ စီစဉ်ဆုံးဖြတ်ချက်အရ စီစဉ်ထားရှိခဲ့ရာ အခြားသာဝကကြီးများကလည်း သဘောတူညီချက် ပေးခဲ့တယ်လို့ ဆိုကြပါတယ်။ ဆူရာဟ်များ၏ စီစဉ်ထားရှိမှုနှင့်ပတ်သက်ပြီး အဲဒီလိုယူဆချက်ဟာ `အေမာမ် မာလိက်´ (d-179 A.H) နှင့် `အဘူဘကရ် ဘာကီလာနီ´ (d-430 A.H) တို့ရဲ့ အယူအဆများဖြစ်ပါတယ်။
အလားတူ မူကွဲအယူအဆများလည်း ရှိပါတယ်။ တမန်တော်မြတ်ထံသို့ ကျမ်းမြတ်ကုရ်အာန် ကျရောက် စဉ် ဆွဟာဘာသာဝကကြီးများကလည်း လိုက်လံမှတ်သားမှုများ ရှိကြပါတယ်။ သူတို့ရဲ့မှတ်တမ်းများကို အခြေပြု ပြီး ယင်းပုဂ္ဂိုလ်ကြီးများက ကုရ်အာန်ကို မိတ္တူ (Mus-haf) တစ်စောင်အဖြစ် ပြုစုကြသောအခါ သာဝကကြီးအလီ (ရဿွီ)က `အလ်အိက်ရာအ်´ကို အစပြု ဆူရာဟ်အဖြစ်ထားရှိပြီး၊ ဒုတိယဆူရာဟ်အဖြစ် အလ်မုဒ္ဒဆ္ဆီးရ်ကို ထားရှိ ခဲ့ပါတယ်။ သာဝကကြီး `အူဘိုင်း(ရ) အိဗ်နေကအာဘ်း´နှင့် `အိဗ်နေမဆ်အူးဒ်´တို့ကမူ ပထမဦးဆုံးဆူရာဟ် အဖြစ် `အလ်ဘကရာဟ်´ကိုထားရှိကာ ပြီးနောက်`အန်နီဆား´၊ ပြီးနောက် `အာလ်အင်မရားန်´စသဖြင့် စီစဉ် ထားကြပါတယ်။ ဤသည်မှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ဆူရာဟ်များ စီစဉ်ထားရှိမှုသည် တမန်တော်မြတ်၏ထောက်ခံ မှုမပါဘဲ ဆွဟာဘာ သာဝကကြီးများက မိမိတို့ရဲ့သဘောနဲ့ ဆူရာဟ်များကို စီစဉ်ထားရှိနေသည့် သဘောမျိုးဖြစ် နေရာ ဤအယူအဆကို သဘောတူသူ နည်းပါးပါတယ်။ အချို့ကလည်း ဆွဟာဘာ သာဝကကြီးများ၏ ဒီဆောင် ရွက်မှုဟာ အများဖတ်ရွတ်လေ့လာရန်မဟုတ်ဘဲ မိမိတို့ ကိုယ်ပိုင်မှတ်တမ်းတင်မှုတစ်ရပ်သာ ဖြစ်တယ်လို့ ဆိုကြပါ တယ်။
(၂) ဒုတိယအယူအဆအနေနဲ့ ကျမ်းမြတ်ကုရ်အာန်၏ ဆူရာဟ်များ ထားသိုစီစဉ်မှုကို တမန်တော်မြတ်က အဓိကဆောင်ရွက်ခဲ့ပြီး အချို့ဆူရာဟ်များကိုတော့ ဆွဟာဘာ သာဝကကြီးများက စီစဉ်ထားရှိခဲ့သည်ဟု အဆိုပြု ကြပါတယ်။ ဒီအယူအဆအရ တမန်တော်မြတ်က မည်သည့်ဆူရာဟ်များကို စီစဉ်ထားသိုဆောင်ရွက်ခဲ့ပြီး ဆွဟာဘာများက မည်သည့်ဆူရာဟ်များကို စီစဉ်ဆောင်ရွက်ခဲ့သည်နှင့်ပတ်သက်ပြီး တိတိကျကျမှတ်တမ်းမရှိပေ။ ဤအယူအဆရှိသူအချို့က တင်ပြကြတာတော့ `ဆူရာဟ်အန်ဖာလ်း´နှင့်`ဆူရာဟ်သောဝ်ဗါဟ်´တို့ကို ဆွဟာဘာ
သာဝကကြီးများ ဆောင်ရွက်ခဲ့ကြပြီး၊ ကျန်ဆူရာဟ်အားလုံးကိုမူ တမန်တော်မြတ်ကြီးက စီစဉ်ဆောင်ရွက်ခဲ့တယ် လို့ တင်ပြကြပါတယ်။ ပညာရှင် ဘိုင်ဟကီ (d-458 A.H)က ဤအယူအဆကို လက်ခံထားသည်။
(၃) တတိယအယူအဆအနေနဲ့ ကျမ်းမြတ်ကုရ်အာန်၏ ဆူရာဟ်များစီစဉ်ထားရှိမှုမှာ တမန်တော်မြတ်၏ အမိန့်တော်နှင့်အညီဖြစ်သည်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီအယူအဆမှာ ဖော်ပြပါအယူအဆများအနက် အခိုင် လုံဆုံးနှင့် အများစုက သဘောတူသော အယူအဆတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်ရဲ့ဆူရာဟ် များစီစဉ်ထားရှိမှုဟာ တမန်တော်မြတ် သက်ရှိထင်ရှားရှိစဉ်ကတည်းကပင် ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း အထောက် အထားတစ်ရပ်ပင်ဖြစ်ပါတယ်။
ဆက်လက်ပြီး ဆူရာဟ်အရေအတွက်ကို တင်ပြပါမယ်။ သုတေသီအားလုံးက ကျမ်းမြတ်ကုရ်အာန်မှာ ဆူရာဟ်(၁၁၄)ပါးရှိတယ်လို့ လက်ခံအတည်ပြုထားပြီးဖြစ်ပါတယ်။ သို့သော် အနည်းစုသော သုတေသီ အုပ်စုက `ဆူရာဟ်အန်ဖာလ်း´ နဲ့ `ဆူရာဟ်သောဝ်ဗါဟ်´ဟာ ဆူရာဟ်(၂)ပုဒ်မဟုတ်ဘဲ ဆူရာဟ်တစ်ပုဒ်တည်းသာဖြစ်လို့ ကျမ်းမြတ်ကုရ်အာန်မှာ ဆူရာဟ်ပေါင်း(၁၁၃)ပါးသာရှိကြောင်း အဆိုပြုထားသည်လည်းရှိပါတယ်။ ဤအယူအဆနဲ့ ပတ်သက်ပြီး အေမာမ်ဇာရ်ကရှ်ရှီးက အောက်ပါအတိုင်း တုံ့ပြန်ခဲ့ပါတယ်။
ယခုလက်ရှိ ကျမ်းမြတ်ကုရ်အာန်ပါ အာယတ်တော်(၁၁၄)ပါးဆိုတာဟာ ပညာရှင်အများစုက ခိုင်မာစွာ အတည်ပြုထားပြီးဖြစ်ပါတယ်။ ပထမဦးဆုံး `ဆူရာဟ်ဖှာတေဟာ´မှ နောက်ဆုံး `ဆူရာဟ်အန်နားဆ်´အထိကို တမန်တော်မြတ်ကိုယ်တော်တိုင်က အတည်ပြုထားပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်မုဂျာဟီးဒ် (d-100 A.H) အဆိုပြုသလို `ဆူရာဟ် အန်ဖားလ်´ နဲ့ `ဆူရာဟ်သောဝ်ဗါဟ်´ကို ဆူရာဟ်တစ်ပုဒ်တည်းအနေနဲ့ သတ်မှတ် ပြီး ကုရ်အာန်မှာ ဆူရာဟ်(၁၁၃)ပါး ပါရှိသည်ဟုအဆိုပြုခြင်းမှာ ဆူရာဟ်တစ်ပုဒ်ချင်းအပေါ် တမန်တော်မြတ်က အမည်ပေးခဲ့ခြင်းကို ငြင်းဆန်ခြင်းပဲဖြစ်ပါလိမ့်မယ်။
ဆက်လက်ပြီး ဆူရာဟ်များ၏ အမည်နာမတော်များအကြောင်းကို တင်ပြပါမယ်။ ကျမ်းတော်မြတ်ကုရ် အာန်ရဲ့ ဆူရာဟ်(၁၁၄)ပါးမှာ သက်ဆိုင်ရာ အမည်နာမများရှိပါတယ်။ ဥပမာ- ဆူရာဟ်နီဆာ၊ ဆူရာဟ် ကားဖ် အစ ရှိသည်တို့ဖြစ်သည်။ အချို့ဆူရာဟ်များ၌ အမည်နှစ်မျိုးအထိပင် ရှိကြပါတယ်။ ဥပမာ- `ဆူရာဟ်သောဝ်ဗါဟ်´ ကို `ဆူရာဟ်ဘရာအသ်´ဟုလည်း ခေါ်ဆိုသလို `ဆူရာဟ် အလ်ဂါဖီးရ်´ကို `ဆူရာဟ်အလ်မုအ်မီးန်´ဟုလည်း ခေါ် ဆိုကြပါတယ်။
ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ်အမည်များကို အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်နဲ့အညီ တမန်တော်မြတ် (ဆွလ္လ)က မှည့်ခေါ်အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်၌ အရှည်ဆုံးဆူရာဟ်အမည်က `ဆူရာဟ်ဘကရာဟ်´ ဖြစ်ပြီး၊ အတိုဆုံးဆူရာဟ်က `ဆူရာဟ် ကောင်စရ်´ ဖြစ်ပါတယ်။
ဆက်လက်ပြီး ရွတ်ဖတ်ရန်အုပ်စုခွဲခြင်းကို တင်ပြပါမယ်။ ကျမ်းမြတ်ကုရ်အာန်အား ရွတ်ဖတ်ရာ၌ အဆင် ပြေချောမွေ့စေရန် တစ်အုပ်လုံးကိုအခြေပြုပြီး ကဏ္ဍာအလိုက် အုပ်စုခွဲထားပါတယ်။ အဲဒီလိုခွဲခြားထားခြင်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်လုံးကို ပြီးဆုံးသည့်တိုင်အောင် ရွတ်ဖတ်လိုသူတစ်ဦးအတွက် ရက်အကန့်အသတ် တစ်ရပ်သတ်မှတ်ပြီး အပိုင်းလိုက် အချိန်ပေး ရွတ်ဖတ်သွားနိုင်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ဒီလိုရွတ်ဖတ်နိုင်ဖို့ အတွက် (၁) မန်ဇီးလ် (၂) ဂျွဇ် (၃) ဟီးဇ်(ဘ) (၄) ရုကူ ဟူ၍ခွဲခြားထားပါတယ်။
(၁) မန်ဇီးလ်
ကျမ်းမြတ်ကုရ်အာန်ကို မန်ဇီးလ်(၇)ခုနဲ့ ပိုင်းခြားထားပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်လုံး ကို (၇)ရက်တစ်ပတ်ဖြင့် အပြီးဖတ်လိုသူတစ်ဦးသည် တစ်ရက်လျှင် `မန်ဇီးလ်´တစ်ခုကို အပြီးဖတ်ရွတ်ပါက (၇) ရက်ပြည့်လျှင် ကုရ်အာန်တစ်အုပ်လုံး ဖတ်ရွတ်ပြီးဖြစ်ပါလိမ့်မယ်။ (သို့သော် အာရပ်နိုင်ငံ၌ ရိုက်နှိပ်ထုတ်သေသော ကုရ်အာန်တွေမှာ `မန်ဇီးလ်´ကို ထည့်သွင်းရိုက်နှိပ်ထားခြင်းမရှိပ။)
(၂) ဂျွဇ်
ကျမ်းမြတ်ကုရ်အာန်ကို ဂျွဇ်(၃၀) ခွဲထားပါတယ်။ ဒါကြောင့် တစ်ရက်လျှင် တစ်ဂျွဇ်ဖတ်လျှင် ရက်(၃၀)မှာ ကုရ်အာန်တစ်အုပ်လုံး ဖတ်ရွတ်ပြီးဖြစ်ပါလိမ့်မယ်။
(၃) ဟီးဇ်(ဘ)
အရဗ်နိုင်ငံများမှာ ရိုက်နှိပ်ထုတ်ဝေသော ကျမ်းမြတ်ကုရ်အာန်တွေမှာ ဟီးဇ်(ဘ)အားဖြင့် အပိုင်းခွဲထား သည်ကို တွေ့ရှိရပေသည်။ ကျမ်းမြတ်ကုရ်အာန်ကို ဟီးဇ်(ဘ)(၆၀)ဖြင့် ပိုင်းခြားထားတဲ့အတွက် ကုရ်အာန်တစ်ဂျွဇ် လျှင် ဟီးဇ်(ဘ)(၂)ခုပါရှိပါတယ်။ ဂျွဇ်တစ်ဂျွဇ်၏အစပိုင်းဟာ ဟီးဇ်(ဘ)တစ်ခု၏ အစပိုင်းပဲဖြစ်ပါတယ်။ ဂျွဇ်တစ်ဂျွဇ် ၏အလယ်ပိုင်းဟာ ကျန်ဟီးဇ်(ဘ)တစ်ခုရဲ့ အစပိုင်းဖြစ်ပါတယ်။ တစ်ဖန် ဟီးဇ်(ဘ)တစ်ခုတွင် `ရုဘာအ်´(၄)ခုခွဲ ထားသည်ဖြစ်ရာ တစ်ဂျွဇ်တွင် `ရုဘာအ်´(၈)ခုပါရှိပါတယ်။
(၄) ရုကူ
အိန္ဒိယနိုင်ငံထုတ် ကုရ်အာန်များတွင် `ရုကူ´အပိုဒ်ခွဲများကို ထည့်သွင်းပုံနှိပ်ထားတာကို တွေ့ရှိရပါတယ်။ `ရုကူ´တစ်ခုလျှင် ဂဏန်း(၃)ခုအထက်အောက် ထည့်သွင်းရိုက်နှိပ်ထားတာကို တွေ့ရှိရပါမယ်။ ထိပ်ဆုံးဂဏန်း ဟာ `ရုကူ´ ရဲ့အမှတ်စဉ်ကိုပြခြင်းဖြစ်ပြီး အလယ်ဂဏန်းသည် ယင်းအာယတ်ရဲ့အမှတ်စဉ်ဖြစ်ပါတယ်။ အောက် ဆုံးဂဏန်းသည် ယင်း`ရုကူ´ပါဝင်သော `ဂျွဇ်´ ရဲ့အမှတ်စဉ်ဖြစ်ပါတယ်။
ရှေ့တစ်ပတ်တွင် ဆက်လက်တင်ပြပါမည်။ ။