ဆွီယာမ်ဥပုသ် စောင့်ထိန်းခြင်းဆိုသည်မှာ ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်
ဆွီယာမ်ဥပုသ် စောင့်ထိန်းခြင်းဆိုသည်မှာ
ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်
ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ် အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့ အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ် အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်း ကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့် ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုး သား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းဆိုသည်မှာ´ ဖြစ်ပါတယ်။ လေးစား အပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ်ဆွလားသ် အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ် မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်ုပ်တို့မွတ်ဆလင်မ်တွေ `ဆွီယာမ်´ဥပုသ်စောင့်ထိန်းခြင်းနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၂) အာယသ်(၁၈၃)မှာ အလ္လာဟ်အရှင်ြမတ်က ဘာပြောထားလဲ
`အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းသည် သင်တို့ထက်အရင်တွင် ရှိခဲ့သူတို့အပေါ် ပြဌာန်းခဲ့သော သတ်မှတ်ချက်တစ်ရပ်ဖြစ်သလို အသင်တို့အပေါ်၌လည်း ပြဌာန်းထားပြီးသော သတ်မှတ်ချက်တစ်ရပ်ပင်ဖြစ်သည်။ ဤသည်မှာ သင်တို့အနေဖြင့် အလ္လာဟ်အရှင်မြတ်ပြဌာန်းထားသော ရှောင် ရန်တို့ကိုရှောင်၍ ဆောင်ရန်တို့ကို ဆောင်နိုင်ရေး(တက္က၀ါရှိရေး)အတွက်ဖြစ်သည်။ ´(၂း၁၈၃)
အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းထားတဲ့ ဒီးန်စနစ်ဇယား၊ အစ္စလာမ်ဟာခိုင်လုံတိကျ မှန်ကန် ကြောင်း သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေ၊ အသင်တို့အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေ စည်းမျဉ်းတွေကို ဘ၀တစ်လျှောက်လုံး ရှောင်စရာနှင့်ဆောင်စရာတွေကို တိတိကျကျ ဆောင်ရွက်ပြီး ရှောင်နိုင်တဲ့ အကြောင်းတရားတွေကို တည်ဆောက်နိုင်ဖို့အတွက် အသင်တို့ရဲ့အရင်ရှိခဲ့တဲ့ အဲဒီလူတွေပေါ်မှာ အစဉ်အလာ အားဖြင့် သတ်မှတ်ပြဌာန်းခဲ့ပြီးဖြစ်တယ်။ ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းဟာ လူတွေရဲ့နေ့စဉ်ဘ၀မှာ စည်းမျဉ်း စည်းကမ်းအတိုင်း နေထိုင်ကျင့်သုံးမှုစနစ်ကို အသင်တို့အတွက်လည်း ပြဌာန်းသတ်မှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီတော့ ကျွန်ုပ်တို့ တွေ့ကြုံနေရတာဟာ ကျောင်းသုံးဝေါဟာရလား၊ ဒါမှမဟုတ် ကုရ်အာန်ကနည်းပေး လမ်းညွှန်တဲ့ လူ့ဘ၀တည်ဆောက်မှုစနစ်ရဲ့ ထိုက်ထိုက်တန်တန်ပြောထားတဲ့ စကားလားဆိုတာကို ခွဲခြားနားလည် ပြီး သိရှိရမှာဖြစ်တယ်။ ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းဟာ အစ္စလာမ့်ရေးရာ မလုပ်မနေရတာဝန်တစ်ရပ်ဖြစ်တယ်။ ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းအားဖြင့် အချိန်နှင့်စည်းနဲ့ကမ်းနဲ့ စားသောက်ခြင်း၊ မေထုန်မှီဝဲခြင်းနှင့် မကောင်းမှု ဒုစရိုက်မှုတွေမှာ ရှောင်ကြဉ်ရမည့်စိတ်ဓါတ်ကို ချုပ်တည်းနိုင်တဲ့ ဆွဘရ်ကြံ့ခိုင်မှုရှိလာမှာဖြစ်ပါတယ်။
နောက်ပြီးတော့ ဥစ္စာဓနကြွယ်ဝချမ်းသာမှုကြောင့် ငတ်ပြတ်ဆာလောင်မှုဆိုတာ မသိသောအချို့လူချမ်း သာတွေဟာ ဆွီယာမ်ဥပုသ်စောင့်ထိန်းမှုကြောင့်၊ မိမိတို့ကိုယ်တိုင်ဆာလောင်တဲ့အခါကျတော့ နေ့စဉ်ငတ်ပြတ် ဆာလောင်နေကြတဲ့ ဆင်းရဲသားတွေကို ကိုယ်ချင်းစာနာပြီးတော့ ပေးကမ်းမျှဝေခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျွန်ုပ်တို့ မွတ်ဆလင်မ်တွေ လူမျိုးမရွေး၊ ဒေသခံမရွေး၊ လူတန်းစားမခွဲခြားပဲ `၀ဟီ´ဘ၀ လမ်းညွှန်ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ ဥပဒေစည်းမျဉ်းနှင့်အညီ တစ်ချိန်တည်းတညီတညွတ်တည်း တစ်မျိုး တစ်စားတည်းရည်မှန်းချက်တစ်ခုတည်းနှင့် ဆွီယာမ်ဥပုစ်စောင့်ထိန်းပြီး အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံခြင်းအားဖြင့် လက်တွေ့မှာတော့ ကျန်းမာမှု၊ ညီညွတ်မှု၊ ကိုယ်ချင်းစာနာမှု၊ ဇွဲသတ္တိရှိလာမှု၊ လူတော်လူကောင်း သူမွန်သူမြတ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ကောင်းစေတနာတွေပွားများစေမှာဖြစ်ပါတယ်။
ဒါကြောင့် ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းရဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၂) အာယသ်(၁၈၄)မှာ အလ္လာဟ်အရှင်မြတ်က
`ဆွီယာမ်စောင့်ထိန်းရန်အတွက် ရက်များမှာသတ်မှတ်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ သင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် (ဆွီယာမ်သတ်မှတ်ကာလ၌) ဖျားနာမကျန်းဖြစ်နေလျှင် သို့မဟုတ် ခရီးတစ်ခုသွားနေ လျှင် (ဆွီယာမ်ပျက်ကွက်သည့်အပေါ်) ကျန်အခြားရက်များ၌တွက်ချက်ပြီး ပြန်လည်ဖြည့်စွက်စောင့်ထိန်းရပေ မည်။ တဖန်တစ်ဦးတစ်ယောက်သည် `ဆွီယာမ်´စောင့်ထိန်းရန် အခက်အခဲတစ်စုံတစ်ရာရှိခဲ့လျှင် (တစ်ရပ်ပျက် ကွက်မှုအတွက်) ဆင်းရဲသားတစ်ဦးအား တစ်နပ်စာကျွေး၍ အစားဖြည့်စွက်ရပေမည်။ သို့ဖြစ်ရာ မည်သူမဆို ကောင်းမှုကုသိုလ်တစ်ရပ်ကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အကယ်၍ အသင်တို့အနေဖြင့် သိရှိနားလည်သဘော ပေါက်ကြမည်ဆိုလျှင် `ဆွီယာမ်´စောင့်ထိန်းခြင်းသည် သင်တို့အတွက် ကောင်းမှုသီလကို ဆောက်တည်ခြင်းပင် ဖြစ်သည်။´(၂း၁၈၄)
ရမဿွန်လမှာ ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းကိုပင် ပင်ပင်ပန်းပန်းမနိုင်မနင်း စောင့်ထိန်းရမည်ဆိုရင် အဲဒီလိုစောင့်ထိန်းမယ့်လူအတွက် အဲဒီဆွီယာမ်ဥပုသ်အစား၊ သူဆင်းရဲသားတစ်ယောက်ရဲ့ အစားအစာဆွီယာမ် တစ်ရက်အတွက် အစားအစာလျှော်ကြေးပေးဖို့တာဝန်ရှိတယ်။ ဒါကြောင့်မည်သူမဆို အခြားတစ်ဦးတစ်ယောက် အတွက် စိတ်ကောင်းစေတနာနှင့် ကြည်ဖြူစွာပြုလုပ်မည်ဆိုရင် အဲဒီလုပ်ရပ်ဟာ ပြုလုပ်သူအတွက် သာလွန် ကောင်းမြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဆက်လက်ပြီး ဆွီယာမ်ဥပုသ်စောင့်ထိန်းခြင်းရဲ့ ကောင်းကျိုးနှင့်ဥပဒေစည်းမျဉ်းနှင့်ပတ်သက်ပြီး အာယသ် (၁၈၅)မှာ အလ္လာဟ်အရှင်ြမတ်က `လူသားတို့အတွက် လမ်းညွှန်ချက်ဖြစ်သော ယင်းလမ်းညွှန်ချက်ကို ထပ်ဆင့် အကျယ်တ၀င့်ရှင်းလင်းပြဆိုထားသော အမှားနှင့်အမှန်ကို သိသာထင်ရှားစွာ ခွဲခြားပေးနိုင်သည့် မှတ်ကျောက် ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်သည် ရမဿွန်လမြတ်၌ ကျရောက်ခဲ့ပေပြီ။ သို့ဖြစ်ရာ အသင်(ယုံကြည်သူ) တို့ အနက်မှ မည်သူမဆို ထို(ရမဿွန်)လမြတ်နှင့် တွေ့ကြုံရလျှင်`ဆွီယာမ်´ဥပုသ်စောင့်ထိန်းလိုက်ပါလေ။´ (၂း၁၈၅)
`အလ္လာဟ်အရှင်မြတ်သည် သင်တို့၏လွယ်ကူချောမွေ့မှုကို ဆန္ဒရှိတော်မူ၍ အသင်တို့၏ခက်ခဲ ကြပ်တည်းမှုကို ဆန္ဒရှိတော်မမူပေ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်သူများဖြစ်ကြစေရေး အလို့ငှာ အရှင်မြတ်သတ်မှတ်ချက်များကို ပြီးပြည့်စုံအောင် တွက်ချက်စီစစ်ဆောင်ရွက်ကြသလို သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ထားသည်နှင့်အညီ အလ္လာဟ်အရှင်မြတ်သည်သာ အကြီးအကျယ်ဆုံးဖြစ်ကြောင်း ကို သက်သေပြုမြွက်ဟကြပါလေ။´(၂း၁၈၅)
ကျမ်းမြတ်ကုရ်အာန်က ဒီသဘောတရားကို ဘယ်လိုနည်းပေးလမ်းညွှန်တယ်ဆိုတာကို သိရှိနားလည်ပြီး သဘောပေါက်မည်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဘ၀တည်ဆောက်မှုမှာ လက်တွေ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အီမာန်သက်ဝင်ယုံကြည်မှုတူတဲ့ လူတွေအားလုံး တပြိုင်တည်း ဆွီယာမ်ဥပုသ်ဆိုတာ ထိန်းချုပ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ တားဆီးခြင်း၊ စောင့်စည်းထိန်းချုပ်တဲ့ သင်တန်းကြီးတစ်ခုကို ရမဿွန်လတစ်လ၊ တစ်နှစ်ရဲ့(၁၂)လမှာ တစ်လ ကျွန်ုပ်တို့ဆောင်ရွက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ရမဿွန်ဝင်လာပြီးဆိုတာနှင့် ကျွန်ုပ်တို့က ခါတိုင်းလို စားတယ်၊ သောက်တယ်၊ အိပ်တယ် အနေအထားတွေအားလုံး ပြောင်းလဲလိုက်ရတယ်မဟုတ်လော။
ဒီသဘောတရားကို လူ့ဘ၀သက်တမ်းဆိုတာ တသမတ်တည်း၊ တစ်မျိုးတစ်စားတည်း ဘယ်တော့မှ မသွားပေ။ အပြောင်းအလဲတွေ အများကြီးရှိမှာဖြစ်တယ်။ ဒါကြောင့် ဘ၀တည်ဆောက်မှုမှာ အောင်မြင်မှုကို လိုချင်တယ်ဆိုလျှင် အဲဒီလိုမျိုးအပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် (၁၂)လ ရာသီမှာ တစ်လသင်တန်း တက်ရမည့် ပတ်ဝန်းကျင်တစ်ခုလုံးနှင့်အတူ သင်တန်းတက်ရမည်။ ရရင် ရိုဇာ၊ မရရင် ရိုဇီဆိုတဲ့ အဓိပ္ပါယ်လွဲမှား တဲ့ ဖာရ်စီစကားလုံးကိုတော့ မသုံးသင့်ဘူး။ ဆွီယာမ်ဥပုသ်စောင့်ထိန်းရင် ကောင်းပါတယ်လို့ အလ္လာဟ်အရှင်မြတ် က ပြောထားပါတယ်။ အဲဒီမှာ ဖြစ်စေချင်တာလေးကို ထည့်ပေးထားပါတယ်။ ဒါလေးကို သဘောပေါက်ရင် သက်ဝင်ယုံကြည်သူတွေဟာ ဒီလနဲ့ကြုံကြိုက်လာရင် ဆွီယာမ်ဥပုသ်စောင့်ထိန်းကြပါစေ။ ဒီသဘောလေး ပါပါတယ်။
ဒါတွေကို သေသေချာချာ စစ်စစ်ပေါက်ပေါကသိရမည်။ အလ္လာဟ်အရှင်မြတ်က အတင်းအဓမ္မလှေနံ ဒါးထစ်တစ်ချက် လွှတ်ပြောနေတာမဟုတ်ဘူးဆိုတဲ့ သဘောတရားကိုလည်း နားလည်ရမည်။ ဒီအပြောင်းအလဲ တွေကို ကျွန်ုပ်တို့က မိုးမလင်းမှီ ကမန်းကတန်းထမျက်နှာလေးဆေးကြတယ်။ လူကြီးမင်းများစဉ်းစားကြည့်ပါ။ ဘယ်သူမှ ည ၂ နာရီ ၃ နာရီအချိန်မှာ အိပ်လို့ကောင်းတယ်။ အချိန်အေးစက်နေတဲ့ အချိန်အိပ်ရာနှင့် ကျောနဲ့ ခွာကြမှာမဟုတ်ဘူး။ အရေးကြီးတယ်ကိစ္စတစ်စုံတစ်ရာ မရှိပဲ ဘယ်သူမှ အိပ်ရာက ထကြမှာမဟုတ်ဘူး။ အလ္လာဟ် အရှင်ြမတ်က အသင်တို့အရေးကိစ္စတစ်စုံတစ်ရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသင်တို့က ဘ၀တိုက်ပွဲရဲ့ သင်တန်းကြီးကို ထွက်မည်ဆိုရင် အဲဒီအပြောင်းအလဲတွေကို လေ့ကျင့်ယူရမည်လို့ပြောထားပါတယ်။
ကျွန်ုပ်တို့က အလ္လာဟ့်အမိန့်တော်ကို ဦးထိပ်ပန်ဆင်ထားပြီးတော့မှ ခါတိုင်းလိုစားနေကြသောက်နေကြ အချိန်မဟုတ်တော့တဲ့အချိန်မှာ နိုးထလာပြီးစားဖြစ်အောင် စားကြတယ်။ အခြေအနေအပြောင်းအလဲတစ်ခုကို အလ္လာဟ့်အမိန့်တော်အရ လက်တွေ့လိုက်နာဆောင်ရွက်ကြတယ်။ စဉ်းစားကြည့်ပါက ဒီကနေ့ ကမ္ဘာလောကကြီး တစ်ခုလုံးလူ့ကဏ္ဍအားလုံးမှာ အပြောင်းအလဲတွေ အများကြီးရှိတယ်။ အဲဒီအပြောင်းအလဲကို ရင်ဆိုင်ဖြေရှင်း တယ်။ အလေ့အကျင့်မရှိတဲ့အတွက်ကြောင့် ကြံ့ခိုင်မှုတွေမရှိတဲ့လူတွေအားလုံး လက်မြှောက်အရှုံးပေး၊ နောက် ကောက်ကျသွားတယ်။ အပြောင်းအလဲဆိုတာ လောကမှာတွေ့ကြုံရစမြဲပါပဲ။ အဲဒီအပြောင်းအလဲကို အလ္လာဟ် အရှင်ြမတ်က စဉ်ဆက်မပြတ် ပွဲမ၀င်ခင်အပြင်က ကျင်းပရင်းအလေ့အကျင့်လုပ်ပေးနေတာပါလားဆိုတာကို သဘောပေါက်ဖို့လိုတယ်။ စစချင်းမှာ စားလို့မ၀င်၊ မျိုလို့မကျအဖြစ်နဲ့ လေ့ကျင့်ပေးနေတယ်။ အဲဒီတော့ ကျွန်ုပ်တို့ ဘ၀မှာ အလ္လာဟ်အရှင်မြတ်ရဲ့ သတ်မှတ်ချက်ရှိတယ်ဆိုရင် လိုအပ်သလို ပြောင်းလဲနိုင်တဲ့ စိတ်ဓါတ်မျိုးကို မွေးမြူ နိုင်မှာဖြစ်တယ်။
ဆက်လက်ပြီး အာယသ်(၁၈၇)မှာ အလ္လာဟ်အရှင်ြမတ်က ကျွန်ုပ်တို့ကို ဘာပြောထားလဲ။ `အသင်တို့ ဆွီယာမ်ဥပုသ်စောင့်ထိန်းရန်အတွက် နံနက်ချိန်၌မဲမှောင်နေသော အလင်းတန်း၊ အလင်းမျှင်(အမှောင်ကာလမှာ အဖြူရောင်အလင်းတန်း၊ အလင်းမျှင်သည် သင်တို့အတွက် ထင်ရှားပေါ်လွင်စွာ ထွက်ပြုလာသည်အထိတိုင် အောင် အသင်တို့စားသောက်ကြပါလေ။´ (၂း၁၈၇)
အဲဒီတော့ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့ကိုစားဆိုတာနဲ့စားကြတယ်။ အဲဒီမှာလည်း အပိုင်းအခြား သတ်မှတ်ထားတာရှိတယ်။ စားကြ၊ သောက်ကြ ဘယ်အချိန်အထိလဲ၊ မနက်အာရုဏ်တက်ချိန်အလင်းနှင့်အမှောင် ကွဲပြားခြားနားသိရှိတဲ့အထိတိုင်အောင် စားကြသောက်ကြ အဲဒီနောက် အလ္လာဟ်အရှင်မြတ်က ထပ်ကြပ်မကွာ ပြောထားတာရှိတယ်။ အဲဒီအချိန်လေးဟာ အပြောင်းအလဲလေးဟာ ဘယ်လိုဖြစ်ပျက်နေလဲဆိုရင် ညဥ့်အမှောင် ဆိုတာကို တင်စားပြီးတော့ ပြောနေတာ။ နာရီရှိတာဖြစ်စေ၊ မရှိတာဖြစ်စေ၊ သဘာဝကျကျ လူတွေနှင့် လက်ပွန်း တတီးရှိနေတဲ့ သဘာဝလောကရဲ့အပြောင်းအလဲကြီးကို ချက်ချင်းလေ့လာဆည်းပူးခိုင်းတယ်။ တစ်ခါတစ်ရံ ကြုံကြိုက်ခဲ့ရင် အဲဒီလို အာရုဏ်တက်ချိန်မှာ မိုးကောင်းကင်ကို မော့ကြည့်လိုက်ပါ။ အမှောင်တွေဟာ တဖြေးဖြေး လုံးပါးပါးပြီးတော့ အလင်းရောင်တွေဟာ တဖြေးဖြေးတိုးပြီးတော့ များပြားလားပါတယ်။ အပိုင်းအခြားတစ်ခုစီ၊ တစ်ခုစီ၊ ကဏ္ဍတစ်ရပ်စီ တစ်ရပ်စီဟာ ပြောင်းလဲလျက်ရှိနေပါတယ်။
အားလုံးဝုန်းကနဲ၊ ဒိုင်းကနဲဆိုပြီးတော့ ဗြုန်းစားကြီးမဖြစ်ပါဘူး။ အဲဒါတွေကို သိရှိနားလည်စေချင်တဲ့ အတွက်ကြောင့် သေသေချာချာကို လက်ပွန်းတတီးရှိစေချင်တာဖြစ်ပါတယ်။ ကျွန်ုပ်တို့က နမော်နမဲ့ဖြစ်ကတတ် ဆန်းပဲ ထမယ်။ စားမယ်။ အိပ်မယ်။ ပြီးသွားပြီလား။ မပြီးသေးဘူးနော်။ သဘာဝလောကကြီးနှင့်ထိတွေ့မှု ဆက်စပ်မှုတွေကို အလ္လာဟ်အရှင်မြတ်က ပေးထားပါတယ်။ အဲဒီတော့ တစ်နေကုန် အလ္လာဟ်အရှင်မြတ်ရဲ့ ချမှတ် ပြဌာန်းချက်တစ်ခုအပေါ်မျာ အပြောင်းအလဲတွေကို လက်ခံခံစားပြီးတော့ သတ်မှတ်ချက်အားလုံးကို အသိရှိရှိ၊ သတိရှိရှိ၊ သစ္စာရှိရှိ၊ သတ္တိရှိရှိ၊ တိတိကျကျလိုက်နာပြီးတော့ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့တွေကို မိမိတို့ရဲ့ အဓိဌာန်ချမှု၊ ရည်စူးချက်၊ စိတ်ပိုင်းဖြတ်မှုတွေကို သင်တန်းကာလတစ်လျှောက်မှာ သေသေချာချာပြုလုပ်နိုင်တယ်။
လူ့ဘ၀သက်တမ်းမှာ သွားလာနေထိုင်လှုပ်ရှားမည်ဆိုရင် သန္ဓိဌာန်မရှိ၊ ရည်ရွယ်ချက်မရှိ၊ ဆုံးဖြတ်ချက် မမှန်တဲ့ လူဟာပဲ့မရှိတဲ့လှေနဲ့တူတယ်တဲ့ ဒီစိတ်ဓါတ်ကို ကျွန်ုပ်တို့ထဲကို လေ့ကျင့်ပျိုးထောင်သွတ်သွင်းပေးနေတာ ဖြစ်ပါတယ်။ တစ်ချိန်လုံး အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက်ဟာ ကျွန်ုပ်တို့ရဲ့ ဦးနှောက်နှင့်နှလုံးသားကို လွှမ်းမိုး နေတဲ့အတွက်ကြောင့် ကျွန်ုပ်တို့က ရေငတ်နေတာ တံတွေးတောင်မျိုမချဘူး။ ရေကြည်ရေစက်တစ်ပေါက်မှ မသောက်ဘူး။ မသောက်ဘူးဆိုရင် သောက်ကိုမသောက်ဘူး။ အဲဒီလိုမျိုး မိမိစိတ်နှလုံးကို ထိန်းချုပ်ပြဌာန်းနိုင်တဲ့ စွမ်းအား Will Power ကို ထည့်သွင်းခိုင်းထားတယ်။ ကျွန်ုပ်တို့က ပြဌာန်းချက်ကို စာတွေ့အနေနဲ့ အလ္လာဟ်အရှင် မြတ်ပြဌာန်းထားတာကို လက်တွေ့ကျင့်သုံးတယ်။ ဒီသဘောတရားကို ကျွန်ုပ်တို့က ခြိုးခြံချွေတာလိုက်တာမဟုတ် ဘူး။ အပြောအဆို အနေအထိုင်အားလုံးဟာ ဆွီယာမ်ဥပုသ်တည်ဆောက်နေတဲ့အချိန်မှာ စည်းနှင့်ကမ်းနှင့် သတိ နှင့် အသိနှင့် အဓိပ္ပါယ်ရှိရှိဆောင်ရွက်နေတာဖြစ်တယ်။ သင်တန်းကာလဆိုတာ သင်တန်းမှာ သတ်မှတ်ထားတဲ့ အရာတွေကို တိတိကျကျလိုက်နာရမည်။ အဲဒီလို သိရှိလိုက်နာမှ ကျွန်ုပ်တို့ရဲ့နှလုံးသားတွေဟာ လောကရဲ့အနေ အထား၊ အပြောင်းအလဲတွေအားလုံး မည်သို့ပင်ခက်ခဲတင်းမာ မာကျောနေလင့်ကစား၊ အလ္လာဟ်အရှင်မြတ်က ပေးထားတယ်။ သင်ခန်းစာဆွီယာမ် ဥပုသ်ရဲ့သင်ခန်းစား အလ္လာဟ်ပေးထားတယ်။ လမ်းညွှန်ချက်ကို ခြုံငုံမိတယ် ဆိုရင် ဘ၀မှာရှိတဲ့ အစာရေစာဟာ အကယ်၍ အဆင်မပြေလို့ ပြတ်တောက်တာမျိုး ငတ်မွတ်ခေါင်းပါးလို့ ပြတ်တောက်တာမျိုးကို မိမိစားထိုက်တဲ့ ခံစားထိုက်တဲ့ အခွင့်အရေးမဟုတ်ရင် အခြားအခြားလူတွေရဲ့ အခွင့်အရေး ကို လူတဖက်သားရဲ့ ထမင်းတစ်လုတ်ကို ပုတ်ချပြီးတော့ မိမိအတွက် ဘယ်တော့မှ မစားဘူးဆိုတဲ့ ခိုင်မာတဲ့ သတ္တိကို အလ္လာဟ်အရှင်ြမတ်က မွေးခိုင်းတယ်။
လူကြီးမင်းများ စဉ်းစားကြည့်ပါ။ မိမိတို့ရဲ့တည်ဆောက်မှုဟာ ကိုက်ညီမှုရှိလား၊ ကိုက်ညီမှုရှိရင်တော့ အဲဒါဆွီယာမ်ခေါ် ဥပုသ်ဆောက်တည်တာပဲ ဒါမှမဟုတ်ရင် ဘာမှန်းမသိ ညာမှန်းမသိ ဖါရ်စီလို့ရရင် ရိုဇီ၊ မရရင် ရိုဇာတဲ့ တစ်နှစ်တစ်ခါ ထမင်းအငတ်ခံမှုဆိုတာနှင့် ဘာမှမကွာကြပါဘူး။ အဲဒီလိုမျိုး ကြံ့ကြံ့ခံရပ်တည်ပြီး စည်းနှင့် ကမ်းနှင့် သတိနှင့်အသိနှင့် အဓိပ္ပါယ်ရှိရှိဆောင်ရွက်နိုင်တဲ့လူဟာ လောကရဲ့သဘာဝ ဘေးအန္တရာယ်တွေ၊ အခက် အခဲ၊ ဒုက္ခဆင်းရဲမှုတွေကို အကယ်၍ကြုံတွေ့လာရင်လည်းပဲ သူတို့ဟာ အဲဒီပြဿနာတွေကို အလွယ်တကူ ဖြတ်ကျော် သွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အာယသ်(၁၈၅)မှာ ဒီသဘောတရားကို အလ္လာဟ်က ဖော်ဆောင် ခိုင်းတယ်။
`အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့အားလုံးအတွက် အထူးသဖြင့် အလ္လာဟ်ကိုယုံကြည်တဲ့ အလ္လာဟ့်အမိန့် တော်ကို နာခံရိုကျိုးလိုက်နာတဲ့လူတွေအတွက် ဘ၀တည်ဆောက်မှုမှာ လွယ်လွယ်ကူကူဖြစ်လေအောင် အလိုရှိ တယ်။ ခက်ခဲမှုကို အလိုမရှိဘူး။ အချို့ကမေးကြတယ်။ လွယ်ကူမှုကို အလ္လာဟ်က အလိုရှိတယ်ဆိုရင် ဘာဖြစ်လို့ ဆွီယာမ်တည်ဆောက်ခိုင်းတာလဲ။ အေး ကျွန်ုပ်တို့နားလည်ထားရမှာကတော့ လူဟာ အရည်အချင်းကောင်းတွေ ကို အချောင်မရဘူးဆိုတာ နားလည်ထားရမည်။ ဘယ်အရာမဆိုင် ပေါချောင်ကောင်းတော့မရဘူး။ အသက်ရှိရင် နားလည်သဘောပေါက်လာမည်။ ဘာမှမလုပ် ဘာမှမကိုင်ပဲနဲ့ လွယ်လွယ်ကူကူရတာဟာ အဲဒါအချောင်ရတာ၊ ခက်ခဲတဲ့အတိုင်းအတာကို ဖြတ်ကျော်သွားရမည်။ ဥပမာ ဘ၀ရဲ့ဓါးတောင်ကိုလည်း ကျော်ရမည်။ ဘ၀ရဲ့မီးပင် လယ်ကိုလည်း ဖြတ်ကူးရမည်။ အဲဒီလိုမျိုး လက်တွေ့ဘ၀မျိုးကို အလ္လာဟ်အရှင်မြတ်က ရင်ဆိုင်ဖြေရှင်းစေချင် တယ်။ ပြဿနာဆိုတာ ရှောင်ထွက်သွားဖို့မဟုတ်ပါဘူး။ လူ့ဘ၀ရဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပြီးတော့မှ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခိုင်းတာ။ အဲဒါဆွီယာမ်ဥပုသ်ရဲ့ အဓိပ္ပါယ်ပါပဲ၊ ဆွီယာမ်ဥပုသ်ရဲ့သင်ခန်းစာပါပဲ။
ဒါကြောင့် ကျွန်ုပ်တို့ရဲ့သင်တန်းကာလ ဆွီယာမ်ဥပုသ်တစ်လပြီးတဲ့နောက် ကျွန်ုပ်တို့ရဲ့အသိ ကျွန်ုပ်တို့ရဲ့ သတိဟာ ကျွန်ုပ်တို့ကိုရော၊ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်ကိုရော ကမ္ဘာ့စကြ၀ဠာပတ်ဝန်းကျင်ကိုရော၊ အားလုံးကို အစပထမဖြစ်ထွန်းပေါ်ပေါက်စေထားတယ်။ စကြ၀ဠာအပေါင်းကို ပြုစုပျိုးထောင်ရှင်ရဲ့ ရည်ရွယ်ချက်ကို သိရှိနား လည်သဘောပေါက်ပြီးလို့ရှိရင် မိမိကိုယ်ရော၊မိမိရဲ့ပတ်ဝန်းကျင်ကိုရော၊ မလိမ်မညာ၊ ရေသာမခိုနဲ့ အလ္လာဟ် အရှင်မြတ်ရဲ့စနစ်ဇယားကို ထာဝစဉ်ထွက်သက်ဝင်သက်နှင့် စောင့်ထိန်းနိုင်စွမ်းရှိကြမှာဖြစ်ပါတယ်။ သက္က၀ါ ဆိုတာဘာလဲ။ သက္က၀ါဆိုတာ အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို လူ့ဘ၀သက် တမ်းကာလတစ်လျှောက်လုံးမှာ အလ္လာဟ်အရှင်ဖြစ်စေချင်တဲ့ အသိနှင့်သတိနှင့်အသက်ရှင်နေထိုင်သွားခြင်းဟာ အဲဒါသက္က၀ါပါပဲ။
အဲဒီတော့ တစ်နေ့လုံး ကျွန်ုပ်တို့ကဖြတ်သန်းလာပြီး မိုးချုပ်ပြီးတစ်နေ့တာ ထားခဲ့ရတဲ့ သတိဝီရိယကြောင့် စိတ်ကလည်းခပ်တိုတို၊ နေမ၀င်သေးဘူးလား။ ဘယ်အချိန်ရောက်ပြီးလဲ။ လှမ်းကြည့်လိုက်တယ်။ စားစရာ သောက်စရာတွေလည်း ပြင်ထားပြီးသား၊ စားမယ်ဟေ့ သောက်မယ်ဟေ့စသည်ဖြင့် အလ္လာဟ်အရှင်မြတ်ကတော့ သေသေချာချာပြောထားတယ်။ ဆွီယာမ်ဥပုသ်အ၀င်မှာပြောထားသလို ဆွီယာမ်အထွက်မှာလည်း ပြောထားတယ်။ ဘာပြောထားလဲ။ အခုန အာရုဏ်တက်ချိန်တုန်းက အလင်းနှင့်အမှောင်တစ်ကန့်စီ၊ တစ်ကန့်စီ၊ တစ်ပိုင်းစီ၊ တစ်ပိုင်းစီ၊ တဖြေးဖြေးနှင့်ရွေ့လျားပြောင်းလဲမှုဖြစ်စဉ်ကို သတိထားပြီးဖြစ်သလိုပဲ နေလုံးကြီးပျောက်သွားတယ်။ အချိန်ဟာ မဂ်ရိဘ်၊ မဂ်ရိဘ်ဆိုရင် ကျွန်ုပ်တို့သိတယ်။ မဂ်ရိဘ်ဆွလားသ်ကလည်းရှိတာကို အချို့ကတော့ စားသောက်စရာအတွက် လုံးပမ်းပြီးတော့ဆွလားသ်တောင် မတည်ဆောက်ကြဘူး။ သူတို့အတွက် စားသောက် စရာအဓိကဖြစ်နေတာကို အူမ မတောင့်ရင်လည်း၊ သီလစောင့်ထိန်းရသလို ဆွလားသ်တည်ဆောက်ရမည်။
အဲဒီတော့ နေ၀င်သွားတဲ့အချိန်၊ နေ၀င်သွားတဲ့နေရာဒေသကို မဂ်ရိဘ်လို့ခေါ်တာ မဂ်ရိဘ်ကိုသုံးထားတာ ကုရ်အာန်ရဲ့အချို့နေရာမှာတွေ့ရမှာပါ။ အလ္လာဟ်အရှင်မြတ်က ပေါ်လွင်ထင်ရှားတာရော၊ အကွယ်မှာရှိတာရော အားလုံးကို အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့သိတော်မူတယ်။ ဆွီယာမ်ဥပုသ်ဖြေရမည့်အချိန်ကို ဘာဖြစ်လို့ မဂ်ရိဘ်လို့ မသုံးခဲ့တာလဲ။ နေ၀င်တဲ့အချိန်ရှိသလို နေလုံးကြီးကွယ်ပျောက်သွားပြီးတော့ နေလုံးရဲ့အလင်းရောင် အချိန်ဆည်းဆာအချိန်၊ အချိန်မခေါ်ချင်ဘူးလား။ မခေါ်ချင်လည်းရတယ်။ ဆည်းဆာအချိန်ဖြစ်ပေါ်နေတဲ့ အခါသမယအခြေအနေကို အလ္လာဟ်အရှင်မြတ်က ပြောထားတယ်။ အလ္လာဟ်ဖြစ်စေချင်တဲ့အတိုင်းအတာကို ရောက်ရှိအောင်ပဲလုပ်မလား။ ဒါမှမဟုတ်သူသူငါငါ အစ္စလာမ်ဘသာရေး၊ ပညာရှင်ဆိုသူများကပြောတာကိုပဲ လိုက်လုပ်မလား။ (တစ်နည်း) ကုရ်အာန်ကနည်းပေးလမ်းညွှန်တာကိုပဲ လိုက်လုပ်မလား။ ဒါမှမဟုတ် ကုရ်အာန် ဆန့်ကျင်ဖက် အခြားစာအုပ်အတိုင်းပဲလိုက်လုပ်မလား။ ဒီးန်စနစ်ဇယား၊ အစ္စလာမ်ဟာ ပညာရှင်တွေကို ကိုးကွယ် ဆည်းကပ်ပူဇော်တဲ့ သာသနာမဟုတ်ဘူးဆိုတာ မွတ်စလင်မ်များများသိတယ်။
အလ္လာဟ်အရှင်မြတ်မှလွဲလို့ ကိုးကွယ်ဆည်းကပ်အားကိုးအားထားရာအရှင်လုံးဝမရှိ။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သော တမန်တော်ဖြစ်ပါတယ်။ တမန်တော်မြတ်က အလ္လာဟ် အရှင်မြတ်ထံမှ ၀ဟီ ဘ၀လမ်းညွှန်ကုရ်အာန်မှာပါတဲ့ ဥပဒေစည်းမျဉ်းတွေကို လက်တွေ့လိုက်နာကျင့်သုံးပြီး အကောင်အထည်ဖော် တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ ဒါကတော့ ဘ၀တက္ကသိုလိ သင်တန်းသားတွေသိရှိ နားလည်ဖို့လိုတယ်။ သိရှိနားလည်နိုင်စွမ်းဟာ သူ့ရဲ့အတွေ့အကြုံ၊ သူ့ရဲ့အသိဥာဏ်ပေါ်မှာ မူတည်တယ်။ သိရှိ နားလည်တဲ့အပေါ်မှာလိုက်နာကျင့်သုံး အကောင်အထည်ဖော်ရမည်။ `အလ်ဟက်´ထာဝရအမှန်တရား ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အလ္လာဟ်စကား အလ္လာဟ်တရားကို လူစကား၊ လူလုပ်ကျမ်းနှင့် လုံးဝမဖုံးကွယ် ရဘူး။ ငါ့ဆရာလုပ်လို့၊ ငါတို့ဆရာတွေလုပ်လို့ အဲဒါအမှန်ဆိုပြီးတော့ လိုက်လုပ်နေကြတဲ့လူတွေကို အလ္လာဟ် အရှင်ြမတ်က ဘာပြောထားလဲ။
`အသင်တို့ဆွီယာမ်ဥပုသ်ကို ညအမှောင်ချိန်ကျရောက်တဲ့အထိတိုင်အောင် ပြီးပြည့်စုံအောင် စောင့်ထိန်း ရမည်။´
လူကြီးမင်းများစဉ်းစားကြည့်ပါ။ ဘ၀တိုက်ပွဲဝင်မယ့် လူတွေတိုက်ပွဲရဲ့အစတာထွက်၊ တိုက်ပွဲရဲ့အဆုံး ပန်းတိုင်အထိ အဲဒီတော့ အလ္လာဟ်ပြောတာဘာလဲ။ လူတွေလုပ်နေကြတာကဘာလဲ။ လူကြီးမင်းတို့လည်း အခုအခါမှာ သိပ်တော့ သက်သာမှာမဟုတ်ဘူး။ တရားဟောဆရာတွေတစ်ယောက် တစ်မျိုးဟောတာနှင့် ရမဿွန် လမှာ ခေါင်းချာချာလည်နေကြမှာပဲ။ အဲဒီတော့ တရားနာပရိသတ်တွေလည်း မိမိတို့လက်လှမ်းမှီသလောက် ကုရ်အာန်ထဲမှာ အလ္လာဟ်ပြောထားတဲ့အကြောင်းအရာတွေကို တစ်နိုင်တစ်နိုင်ဆည်းပူးလေ့လာဖို့ လိုနေပြီးဆိုတာ ကို တင်ပြရင်းရပ်နားခွင့်ပြုပါ။