ဆွီယာမ်၏ အကျိုးသက်ရောက်မှု ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
ဆွီယာမ်၏ အကျိုးသက်ရောက်မှု
ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ယုံကြည်သူ မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ ခင်ဗျား
ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာဟ်မှာ အေးချမ်းတည်ငြိမ်စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုခွင့်ရရှိတဲ့ အပေါ်မှာ ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုပါတယ်။ ပြီးတဲ့နောက် မိဘနှစ်ပါးနှင့် အာရဗီစာပေသင်ကြားပို့ချပေးပါသော ဆရာများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယနေ့ကြွရောက်လာကြ သော ဂျမ္မာအသ်ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပဏာမပြောကြားလိုပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကာသုဟု
ဒီကနေ့ခွတ္တဗာဟ်မှာ ကျွန်တော့်အနေနဲ့ ဆွီယာမ်ရဲ့အကျိုးသက်ရောက်မှုတွေကို ဘယ်လိုတိုင်းတာကြမလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ဆွီယာမ် တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို (၂း၁၈၃)မှာ
`အို – အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အရင်ရှိခဲ့ကြသူများအပေါ်သို့ ဆွီယာမ်စောင့်ထိန်း ရန် ပြဌာန်းသတ်မှတ်သကဲ့သို့ အသင်တို့အပေါ်မှာလည်း ဆွီယာမ်စောင့်ထိန်းကြရန် ပြဌာန်းသတ်မှတ်ခဲ့လေပြီ။ ထိုသို့ပြဌာန်းထားရခြင်း ရည်ရွယ်ချက်မှာ အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားသည့် စည်းမျဉ်း ဥပဒေများကို လိုက်နာကျင့်သုံးမှု (တက္က၀ါ) ရရှိနိုင်ကြစေရန်ဖြစ်သည်။´ (၂း၁၈၃)
(၂း၁၈၃)အရ ဆွီယာမ်ရဲ့ရည်ရွယ်ချက်မှာ တက္က၀ါရရှိရန်ဖြစ်ကြောင်း အလွယ်တကူသိနိုင်ပါသည်။ ဘယ်သူတွေအပေါ်မျာ ပြဌာန်းထားသလဲဆိုရင် အီမာန်သက်ဝင်ယုံကြည်သူတွေလို့ ဆိုထားတဲ့အတွက် ဆွီယာမ် တည်ဆောက်ခြင်းကြောင့် ရရှိလာမည့် အကျိုးဆက်တွေ၊ ရလာဒ်တွေကိုပါ ယုံကြည်ထားဖို့လိုပါတယ်။ ဆွီယာမ် တည်ဆောက်ခြင်းကြောင့် မည်သို့သော ရလာဒ်များ အကျိုးသက်ရောက်မှုများ ရှိနိုင်ပါသနည်း။ တက္က၀ါရဲ့ ရလာဒ် များကို မည်ကဲ့သို့တိုင်းတာကြမည်နည်း။ ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က တက္က၀ါရှင် မွတ္တကီတွေအတွက် လိုက်နာကျင့်သုံးရမည့်အချက်များကို ပြဌာန်းသတ်မှတ်ထားပါသည်။ ကျမ်းမြတ်ကုရ်အာန် (၂း၁၈၇)မှာ အလ္လာဟ်အရှင်မြတ်က `အသင်တို့သည် နေ၀င်အလင်းပျောက် အမှောင်ရောက်သည့်ညအချိန်ထိ တိုင်အောင် ပြည့်ဝစွာ စောင့်ထိန်းလိုက်နာကြလေကုန်။´ (၂း၁၈၇) ဟုဆိုထားသည့်အတွက် အလ္လာဟ်အရှင်ြမတ် ပြဌာန်းသတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်း ကျွန်တော်တို့စောင့်ထိန်းနိုင်ခဲ့ကြသလားဆိုသည်ကို မိမိကိုယ်မိမိ ပြဌာန်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် တက္က၀ါဆိုသည်မှာ အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ် ထားသည့် စည်းမျဉ်းများကို အတိအကျလိုက်နာကျင့်သုံးခြင်းဖြစ်သောကြောင့် ဖြစ်သည်။
တဖန် စူရာဟ ၄၉ အာယသ် ၁၂ တွင် အလ္လာဟ်အရှင်မြတ်က
`အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ များစွာသော ထင်မြင်ယူဆချက်တို့ကို အသင်တို့ရှောင်ကြဉ် လေကုန်။ ထင်မြင်ယူဆချက်အချို့သည်ကား ကိုယ်ရည်ကိုယ်သွေး ထိခိုက်ပျက်ပြားစေမှုကို ဖြစ်ပေါ်စေပါသည်။´
ဒီအာယသ်တော်အရ ထင်မြင်ယူဆချက်တွေ ပြောဆိုပြီး အခြားသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဂုဏ်သိက္ခာတွေကို ထိခိုက်နစ်နာအောင် ပြုလုပ်လို့မရဘူးဆိုတာကို အလ္လာဟ်အရှင်မြတ်က မိန့်ဆိုထားပါတယ်။ ဒီအာယသ်နဲ့ ပတ်သက်ပြီး သိထားရမှာက အလ္လာဟ်အရှင်မြတ်က ထင်မြင်ယူဆချက်နဲ့ ပတ်သက်ပြီး လုံးဝမပြော ဆိုရဟု တားမြစ်ပိတ်ပင်နေခြင်း မဟုတ်ပါ။ နိုင်ငံရေးသုံးသပ်ချက်များ၊ စီးပွားရေးသုံးသပ်ချက်များသည်လည်း ထင်မြင်ချက်များဖြင့် ခန့်မှန်းသုံးသပ်နေရတာပဲ။ ထိုကိစ္စများကို အလ္လာဟ်အရှင်မြတ်က တားမြစ်နေခြင်းမဟုတ်ပါ။ ဒီအာယသ်ရဲ့ရည်ရွယ်ချက်က မိမိရဲ့ပုဂ္ဂလထင်မြင်ယူဆချက်က အခြားသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာ ထိပါးမှုတွေ၊ ကိုယ်ရည်ကိုယ်သွေးထိခိုက်မှုတွေ မဖြစ်စေရန် ရှောင်ကြဉ်ခိုင်းထားခြင်းဖြစ်ပါတယ်။
စူရာဟ် (၁၇း၇၀)မှာ အလ္လာဟ်အရှင်မြတ်က
`အလ္လာဟ်အရှင်မြတ်က လူသားမျိုးနွယ်ဝင်တွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်ထွန်းစေထားတော်မူသည်။´ ဆိုပြီး လူအချင်းချင်းလေးစားတန်ဖိုးထား ဆက်ဆံမှုထားရှိရမှာဖြစ်ပါတယ်။
လူတစ်ယောက်က ပညာမတတ်လို့၊ ဆင်းရဲလို့စတာတွေကို အကြောင်းပြုပြီး ထိုသူအား ဂုဏ်သိက္ခာကျ ဆင်းအောင် ပြုလုပ်၍မရပါ။ ထိုသို့ပြုလုပ်မည်ဆိုပါက ဒါဟာ လူကြီးလူကောင်းမပီသခြင်းတစ်မျိုးဖြစ်တယ်။ လူကြီး လူကောင်းဟုတ်၊ မဟုတ် စမ်းသပ်နိုင်တဲ့နည်းလမ်းတစ်ခုကို ကျွန်တော်ဖတ်ဖူးတဲ့ စာတိုပေစလေးထဲကတစ်ခုကို မျှဝေပေးချင်ပါတယ်။ William Lyon Phelps က ပြောပါတယ်။ This is the final test of Gentleman : his respect for those who can be of no possible value to him.
လူကြီးလူကောင်းတစ်ယောက်ကို နောက်ဆုံးစမ်းသပ် စစ်ဆေးကြည့်တဲ့နည်းတစ်ခုရှိပါတယ်။ အဲဒါက တော့ သူ့အဖို့ တန်ဖိုးမရှိနိုင်တဲ့ လူတစ်ယောက်အပေါ်မှာထားတဲ့ သူ့လေးစားမှုပဲ။
တစ်ခါ ထပ်ပြီး ကျမ်းတော်မြတ်ကုရ်အာန်မှာ တက္က၀ါဆိုင်ရာ ပြဌာန်းချက်နဲ့ပတ်သက်ပြီး (၄၉း၁၃) မှာ ဖော်ပြထားပါတယ်။
`အို လူသားအပေါင်းတို့ ငါအရှင်သည် အသင်တို့အား အဖိုနှင့်အမ ပေါင်းစပ်ခြင်းမှ ဆင့်ကဲဖြစ်ထွန်း စေထားသည်။ ထို့နောက်အသင်တို့အား လူအုပ်စုမျိုးနွယ် အသီးသီးအဖြစ် ပြုလုပ်းထားတော်မူသည်။ ထိုသို့ပြုလုပ် ရခြင်းရည်ရွယ်ချက်မှာ အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်အသိအမှတ်ပြုလေးစားကြစေရန်ဖြစ် သည်။ အသင်တို့အနက် အမွန်မြတ်ဆုံးသောသူကား အလ္လာဟ်ထံတော်ပါး၌ တက္က၀ါအရှိဆုံးသောသူသာလျှင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စရပ်အလုံးစုံကို အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူ သည်။´
ဒီအာယသ်တော်မှာ အလ္လာဟ်အရှင်မြတ်က လူတစ်ယောက်၊ လူမျိုးတစ်မျိုးကို သူဖြစ်တည်နေရတဲ့ လူမျိုး သို့မဟုတ် သူကိုးကွယ်ရာဘာသာကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အန္တရာယ်ပြုခြင်း၊ စော်ကားခြင်း မပြုရ ကြောင်း၊ အကြောင်းမဲ့ မုန်းတီးမှုမပြုရကြောင်း လမ်းညွှန်ထားသည်ကို တွေ့ရှိရပါမည်။ လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာတစ်ခုကို အကြောင်းမဲ့မုန်းတီးခြင်းကြောင့် လူမျိုးနှစ်ခုအကြား၊ ဘာသာနှစ်ခုအကြား ပြဿနာများ ဖြစ်ပွား လာပြီး၊ မလိုလားအပ်သည့် ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ကြိုတင်မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။ ဒါဟာ မုန်းတီးမှုရဲ့ အခြေခံအကြောင်းရင်းပဲဖြစ်ပါတယ်။
မုန်းတီးမှုနဲ့ ပတ်သက်လို့ ဇာတ်လမ်းတစ်ခုကို ပြောလိုပါတယ်။ စာသင်ခန်းတစ်ခုမှာ ဆရာဖြစ်သူက ကျောင်းသားတွေကို Game တစ်ခုဆော့ခိုင်းပါတယ်။ ကျောင်းသူကျောင်းသားတွေက မိမိတို့မုန်းတီးနေတဲ့သူတွေ ရဲ့ နာမည်တွေကို အာလူးတစ်လုံးချင်းမှာရေးရမယ်။ ပြီးရင် ကျောပိုးအိတ်ထဲထည့်ပြီး ကျောင်းတက်ကျောင်းဆင်း လုပ်ရမယ်လို့ဆိုပြီးမှာလိုက်တယ်။ ဒါနဲ့ပဲ ကျောင်းသူကျောင်းသားတွေဟာ သူတို့မုန်းတီးနေတဲ့လူတွေရဲ့ နာမည်ကို အာလူးပေါ်မှာရေးထိုးပြီး လွယ်အိတ်ထဲထည့်ကြတာပေါ့။ နေ့စဉ်နဲ့အမျှကြာလာတော့ အာလူးတွေဟာ ကျောပိုး အိတ်ထဲမှာ ပြည့်လျှံပြီးလေးလာပါတယ်။ ရက်တွေကြာလာတော့ အာလူးအတော်များများ ပုပ်ပြီးနံစော်လာကြတာ ကို ကျောင်းသူကျောင်းသားတွေက ဆရာကိုပြောပြတော့ ဆရာက `အေးကွ မှတ်ထား မုန်းတီးမှုဆိုတာ သူ့ကို ထမ်းပိုးထားရတာ လေးလံသလို ပုပ်စော်လည်း နံတယ်ကွ´ဆိုပြီး Game ကနေတဆင့် သင်ကြားပေးလိုက်ပါ တယ်။
ဒါကြောင့် ကျွန်တော်တို့တွေဟာ လူတစ်ယောက်ကို အကြောင်းမဲ့မုန်းတီးနေခြင်းဟာလည်းပဲ ကျွန်တော်တို့ အတွက် ၀န်ထုတ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသလိုပါပဲ။ မိမိနဲ့အတွေးအခေါ် အယူအဆ၊ ယုံကြည်ချက်၊ ဘာသာတရား၊ မျိုးနွယ်စုမတူတာကြောင့် လူတစ်ယောက်ကို အကြောင်းမဲ့မုန်းတီးမှု မထားရဘူးဆိုတာကို ကျမ်းမြတ်ကုရ်အာန်က သင်ကြားပြသပေးနေပါတယ်။
တစ်ခါထပ်ပြီး နှုတ်စောင့်စည်းမှုနဲ့ပတ်သက်ပြီး စောင့်ထိန်းရမယ့် တက္က၀ါအရည်အသွေးဖြစ်ထွန်းမှုတွေကို လည်း ကျမ်းမြတ်ကုရ်အာန်မှာပြဌာန်းထားပါတယ်။
`လူတွေကို ကောင်းမွန်လှပတဲ့ စကားအသုံးအနှုန်းတွေ နဲ့ ပြောဆိုဆက်ဆံကြ။´(၂း၈၃)
`စကားပြောဆိုတဲ့အခါမှာ တရားမျှတစွာပြောဆိုပါ။´(၆း၁၅၃)
`အသိတရားနဲ့ယှဉ်တဲ့ စကားကိုပဲပြောဆိုပါ။´(၄း၅) စတဲ့ လမ်းညွှန်ချက်တွေက ကျွန်တော်တို့အတွက် တက္က၀ါဆိုင်ရာ အရည်အသွေးမြင့်တက်လိုဖို့အတွက် ပြဌာန်းထားတဲ့ တက္က၀ါနဲ့ပတ်သက်တဲ့ ပြဌာန်းချက်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေဟာ ရမဒွါန်တစ်လလုံး ဆွီယာမ်စောင့်ထိန်းခဲ့ကြတယ်။ ဆွီယာမ်စောင့် ထိန်းရတဲ့ ရည်ရွယ်ချက် တက္က၀ါရရှိစေဖို့ဖြစ်တယ်။ တက္က၀ါရရှိစေဖို့အတွက် ရမဒွါန်မှာ ကျွန်တော်တို့တွေဟာ မိမိတို့ နှုတ်လျှာတွေကို စောင့်ထိန်းခဲ့ရဲ့လား။ အခြားသူတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်ပြီး စကားပြောဆိုခဲ့လား။ မိမိနဲ့ အတွေးအခေါ်အယူအဆ ယုံကြည်ချက်မတူတာနဲ့ ရန်သူဟူ၍ သတ်မှတ်ခဲ့ပါသလား။ အခြားသူတွေကို အကြောင်း ပြချက်မရှိဘဲ အမုန်းတရားတွေနဲ့ ဆက်ဆံခဲ့ပါသလားအစရှိသဖြင့် မိမိကိုယ်ကို မေးမြန်း၍ မိမိတို့ရဲ့တက္က၀ါအရည် အသွေးကို စမ်းသပ်ကြည့်သင့်ပေသည်။ ထိုသို့ ရရှိသည်ဟုထင်လျှင် တက္က၀ါအရည်အသွေးကို အခြားသောလ များပါ ဆက်လက်စောင့်ထိန်းရင်းဖြင့် စစ်မှန်သော မွတ္တကီန်များဖြစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါသည်။