တမန်တော်မြတ်ရဲ့ တိကျပြတ်သားတဲ့ လိုက်နာကျင့်သုံးမှု (2) ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
တမန်တော်မြတ်ရဲ့ တိကျပြတ်သားတဲ့ လိုက်နာကျင့်သုံးမှု (2)
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်းတင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `တမန်တော်မြတ်ရဲ့ တိကျပြတ်သားတဲ့ လိုက်နာကျင့်သုံးမှု´ (အပိုင်း-၂) ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ်ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမုအလိုင်းကွန်းမ်ဝရဟ်မသွလ်လားဟိဝဘရကာသုဟု´
`မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့တဲ့ တမန်တော်ရဲ့ အမိန့်တွေကို လိုက်နာ မည်ဆိုရင် ဧကန်အမှန် အဲ့ဒီလူဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို လိုက်နာသူဖြစ်မည်။´ ကုရ်အာန် ဆူရာဟ်(၄) အာယတ်(၈၀)ဖြစ်ပါတယ်။
အလ္လာဟ်ရှင်မြတ်က တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့အမိန့်ကို လိုက်နာခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို လိုက်နာခြင်းဖြစ်တယ်လို့ ဘာကြောင့်ပြောထားတာလဲ။
`တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ အစ္စလာမ်ရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် အလ္လာဟ်ထံက ပို့ချ ခြင်းခံရတဲ့ ၀ဟီ ဘ၀လမ်းညွှန် ကုရ်အာန်ကလွဲလို့ တမန်တော်မြတ်က မိမိရဲ့စိတ်အလိုဆန္ဒနှင့် ဘာတစ်ခုမှ ထုတ်ဖော်ပြောခဲ့တာ မဟုတ်ပေ။´ (ကုရ်အာန် ၅၃း၃-၄)
အလ္လာဟ်ထံက ရှင်းလင်းပြတ်သားတဲ့ သက်သေအထောက်အထား တရားဒေသနာတော် ကုရ်အာန်က လွဲလို့ အခြားဘာဝဟီကိုမှ တမန်တော်မြတ်ဆီကို ကျရောက်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်တမန်တော်မြတ်ရဲ့ အဓိကတာဝန်ကတော့`၀ဟီ´ဖြစ်တဲ့ ကုရ်အာန်တစ်အုပ်တစ်ကျမ်းတည်းကိုသာ မချွင်းမချန်ဖြန့်ချိ`သဗ်လိဂ်´ လုပ်ရန်ဖြစ်တယ်။ ကုရ်အာန် ဆူရာဟ်(၁၇) အာယတ်(၇၃)မှာ အလ္လာဟ်ရှင်မြတ်က ဘာပြောထားလဲ။
`(အလ္လာဟ်)က အို-တမန်တော် ငါအရှင်မြတ်က အသင့်ဆီကို ထုတ်ပြန်ပို့ချခဲ့တဲ့`၀ဟီ´ဘ၀လမ်းညွှန် တရားဒေသနာတော်မှ ချွတ်ချော်တိမ်းစောင်းစေရန် အဲ့ဒီလူတွေက မုချဧကန် အစွမ်းကုန် ကြိုးပမ်းလိမ့်မည်။ ပြီးတော့ ၀ဟီဘ၀လမ်းညွှန်ချက်မှ အခြားတစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့်ပတ်သက်ပြီး မဟုတ်မမှန် ကြံဖန် လီဆယ်ပြီး ပြောဆိုဖို့အတွက် အဲဒီလူတွေ အမှန်တကယ်လိုလားကြမည်။ အကယ်၍ အသင်တမန်တော် သူတို့လို လားကြတဲ့အတိုင်း သူတို့ဖြစ်စေချင်တဲ့အတိုင်း အသင်ပြုလုပ်ခဲ့မည်ဆိုရင် သူတို့က အသင့်ကို ရင်းနှီးတဲ့ ၀လီ မိတ်ဆွေအဖြစ် သတ်မှတ်ကြလိမ့်မည်။´
အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ကျမ်းတော်မြတ်ကုရ်အာန်ကို ၀ဟီအဖြစ် ထုတ်ပြန်ပို့ချပြီး လူသားတွေကို ဘ၀တည်ဆောက်ရန် လမ်းညွှန်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အဲဒီပြဌာန်းချက် အမိန့်အတိုင်း တမန်တော်မြတ်က လက်တွေ့လိုက်နာကျင့်သုံးခဲ့တယ်။ တမန်တော်မြတ်က အလ္လာဟ်ရဲ့ဝဟိကို ဟောပြောတင်ပြမှုကို မလိုလား မလိုက်နာသူ မက္ကာဟ်က ကာဖိရ်နှင့်မုရှ်ရိက်တွေက တမန်တော်မြတ်ကို အသွင် အမျိုးမျိုးနှင့် နှောင့်ယှက်ခဲ့တယ်။ နောက်ပြီးတော့ တမန်တော်မြတ်ကို သွေးဆောင်ဖြားယောင်း မြှူဆွယ်ပြီး အပေး အယူလုပ်တဲ့နည်းလမ်းကို သုံးခဲ့တယ်။
ဒါပေမယ့် တမန်တော်မြတ်က အဲဒီပတ်ဝန်းကျင်က ကာဖိရ်နှင့်မုရှ်ရိက်တွေရဲ့ တင်ပြဆွေးနွေးမှုကို လက်မခံခဲ့ဘူး။ `သောင်ဟီးဒ်´ကို မစွန့်လွှတ်ခဲ့ဘူး။ `အလ်ဟက်´ထာဝရအမှန်တရား`၀ဟီ´လမ်းညွှန်ကုရ်အာန် အကြောင်းတင်ပြမှုကို မစွန့်လွှတ်ခဲ့ဘူး။ အလ္လာဟ်အရှင်မြတ်က အဲဒီကာဖိရ်နှင့်မုရှ်ရိက်တွေရဲ့ အပေးအယူနှင့် ပတ်သက်ပြိး ကုရ်အာန်ဆူရာဟ်(၁၀)အာယတ်(၁၅-၁၆-၁၇)မှာ တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။
တမန်တော်က ဘာပြောခဲ့လဲ။ `ကျွန်ုပ်ဆီကို ၀ဟီအားဖြင့် ပို့ချခြင်းခံရတဲ့ အကြောင်းအရာမှလွဲ၍ ကျွန်ုပ်ရဲ့ စိတ်အလိုဆန္ဒအတိုင်း ပြောင်းလဲပြောဆိုပိုင်ခွင့်မရှိပေ။ ကျွန်ုပ်ကို အဆင့်ဆင့်ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက် လမ်းညွှန်ရှင်(ရဗ်)အလ္လာဟ်အရှင်မြတ်ထံမှ ပို့ချခြင်းခံရတဲ့`၀ဟီ´ကိုသာလျှင် ကျွန်ုပ်ထပ်ကြပ်မကွာ ဖ၀ါးခြေထပ် လိုက်နာသူဖြစ်တယ်။ အကယ်၍ အရှင်မြတ်ရဲ့ပြဌာန်းချက်ဥပဒေကို သွေဖည်ခဲ့ရင် ကြီးကျယ်သော `ကိယာမသ်´ နေ့မှာ ခံစားရမည့်ပြစ်ဒဏ်ကို ကျွန်ုပ်စိုးရိမ်ကြောက်ရွံတဲ့အကြောင်း အသင်တမန်တော် လူတွေကို အသိပေး ကြေညာလိုက်ပါ။´ဆက်လက်ပြီးတော့ အာယတ်(၁၆)မှာ အလ္လာဟ်အရှင်မြတ်က အဲ့ဒီဒေသခံတွေနဲ့ ပတ်သက်ပြီး တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။
`အလ္လာဟ်အရှင်မြတ်က အို-တမန်တော် အသင်အဲ့ဒီလူတွေကို အသိပေးကြေညာလိုက်ပါ။ အကယ်၍ ကျွန်ုပ်တမန်တော်ဟာ အလ္လာဟ်အရှင်မြတ် အလိုရှိတဲ့ အရည်အချင်းမရှိခဲ့ရင်၊ ကျွန်ုပ်တမန်တော်ဟာ အသင်တို့ရဲ့ ရှေ့မှောက်မှာ`၀ဟီ´ဖြစ်တဲ့ ကုရ်အာန်ကို `သေလာဝသ်´လုပ်တင်ပြနိုင်မှာမဟုတ်။ ပြီးတော့ အသင်တို့လည်း ကုရ်အာန်နှင့်ပတ်သက်ပြီး သဘောပေါက်နားလည်ခွင့်ရမှာမဟုတ်။ ဧကန်အမှန် ကျွန်ုပ်တမန်တော်သည် ၀ဟီဖြစ်တဲ့ ကုရ်အာန်မကျရောက်မီ အချိန်ကာလကတည်းက အသင်တို့ထဲမှာရှိခဲ့သူဖြစ်တယ်။ ကျွန်ုပ်ဟာ မျက်နှာ သစ်မဟုတ်ဘူး။ ကျွန်ုပ်ရဲ့ဘ၀အခြေအနေအမှန်ကို အသင်တို့သိခဲ့သူတွေ မဟုတ်လော။ အဲ့ဒီလိုသိလျက်သားနဲ့ ဘာကြောင့် အသင်တို့ရဲ့အသိဥာဏ် ဆင်ခြင်တုံတရားကို အသုံးမပြုတာလဲ။´
တမန်တော်မြတ် မုဟမ္မဒ်ဆီကို `၀ဟီ´မကျရောက်မီအလျင် အဲဒီဒေသခံတွေက `ဆွဒီကွလ်အာမီန်´ တိကျမှန်ကန်သူဟု ပြောဆိုခေါ်ဝေါ်ခဲ့တယ်။ တမန်တော်မြတ်က ဒီးန်စနစ်ဇယား၊ အစ္စလာမ်ဘက်ကို ဖိတ်ခေါ် ခဲ့တယ်။ အဲဒီအခါကျတော့ ဒေသခံကာဖိရ်နှင့် မုရှ်ရိက်တွေက မုဟမ္မဒ်ဟာ ရှေးယခင်က ဖြစ်ပျက်ခဲ့တာတွေကို ဟောပြောနေတာ၊ မုဟမ္မဒ်ဟာ ဗေဒင်ဆရာလိုလို၊ ကဗျာဆရာလိုလို၊ မုဟမ္မဒ်ဟာ မဂ်ျနူးန်ဖြစ်သွားပြီ၊ ရူးသွားပြီ။ မုဟမ္မဒ်ရဲ့ဟောပြောမှုတွေဟာ ငါတို့ရဲ့ဘိုးဘွားအစဉ်အဆက်က ရှိခဲ့သော ကိုးကွယ်ရာတွေနှင့် ဖီလာဆန့်ကျင် ဘက်ဖြစ်တယ်လို့ ပြောခဲ့တယ်။
အဲဒီတော့ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က ဘာပြောခဲ့လဲ။ ကျွန်ုပ်တမန်တော်ဟာ ကုရ်အာန်မကျရောက် မီအချိန်ကာလက အသင်တို့ထဲမှာရှိခဲ့သူ မဟုတ်လော။ ကျွန်ုပ်ဟာ တစ်ရပ်တစ်ကျေးက ရောက်ခဲ့သူမျက်နှာသစ် မဟုတ်ဘူး။ ကျွန်ုပ်ဟာ အသင်တို့ထဲမှာရှိခဲ့သူဖြစ်တယ်။ ကျွန်ုပ်ဟာ လိမ်လည်လှည့်ဖျားသူလား၊ စာရိတ္တပျက်ပြား သူလား။ ကိုယ်ကျင့်တရားပျက်ပြားသူမဟုတ်ဘူး။ ကျွန်ုပ်ဘ၀ရဲ့ အခြေအနေအမှန်ကို အသင်တို့သိခဲ့သူတွေ မဟုတ်လား။ အဲဒီလိုသိရဲ့သားနှင့် အသင်တို့အသိဥာဏ်ဆင်ခြင်တုံတရားကို ဘာကြောင့်အသုံးမပြုတာလည်း ဆိုပြီး တမန်တော်မြတ်က ပြောခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး အာယတ်(၁၇)မှာ အလ္လာဟ်ကဘာပြောထားလဲ။
အဲဒီတော့ `မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီး စွပ်စွဲသူထက် သာလွန်ဆိုးယုတ်သူ၊ မတရားအဖြစ် ကျူးလွန်သူ ဘယ်သူရှိမှာလဲ။ အဲဒီလူဟာ အလ္လာဟ်အရှင်မြတ် ရဲ့ အာယသ်သက်သေအထောက်အထား တရားဒေသနာတော်တွေကို မဟုတ်မမှန်ကြောင်း လိမ်လည်လှည့်ဖြား သူ ဒါမှမဟုတ် ကုရ်အာန်တစ်ကျမ်းတည်းနှင့် လက်တွေ့ကျင့်သုံးလို့မရဘူး။ လူတွေ တဆင့် တဆင့် မေးမြန်းရေး သားထားတဲ့ကျမ်းစာတွေ လိုအပ်ပါတယ်လို့ ပြောဆိုခြင်းဟာ အလ္လာဟ်ထံမှ ပို့ချခြင်းခံရတဲ့ ၀ဟီအားဖြင့် ကုရ်အာန်ကို သွေဖီငြင်းပယ်နှိုင်းယှဉ်ခြင်းသာဖြစ်တယ်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်က အဲဒီလို အပြစ်ကျူးလွန်သူတွေ ကို ဘယ်တော့မှ အောင်မြင်မှုရရှိစေမှာ မဟုတ်ပေ။´
ကုရ်အာန်ရဲ့ လမ်းညွှန်တင်ပြမှုအရ လေ့လာကြည့်လိုက် ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်ဆလင်မ်တွေ ဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို မျက်ကွယ်ပြုပြီး ဆရာသခင်စွဲ၊ အုပ်စုစွဲ၊ လူမျိုးစွဲပေါ်မှာ အခြေခံပြီး လိုက်နာ ကျင့်သုံးနေတာတွေ့ရပါတယ်။ အထူးသဖြင့် ကုရ်အာန် ကျရောက်ခဲ့တဲ့`အာရဗ်´ကမ္ဘာရဲ့ အခြေအနေဟာ ပိုတောင် ဆိုးဝါးနေတာတွေ့ရပါတယ်။ ဘာကြောင့်လည်းဆိုရင် အာရဗ်နိုင်ငံတွေဟာ ဆိတ်ခေါင်းချိတ်ပြပြီး ခွေးသားရောင်း နေတာကြောင့် ဖြစ်တယ်။ ဆိုလိုတာက ကုရ်အာန်ရဲ့အာယသ်တော်တွေကို အသံလွှင့်ပြပြီး ဖိရ်အောန်စနစ်နှင့် တိုင်းပြည်ကို အုပ်ချုပ်နေတာကြောင့် အောင်မြင်မှုဆီကို မရောက်ဘဲ ဖျက်ဆီးဆုံးရှုံးမှုဆီကို ဦးတည်နေတာ ဖြစ်တယ်။
ဆက်လက်ပြီး အာယတ်(၁၈)မှာ အလ္လာဟ်ကဘာပြောထားလဲ။ အဲဒီအာယတ်တော်အရ `၀ဟီ´ဖြစ်တဲ့ ကုရ်အာန်ကို ဆန့်ကျင်ခဲ့တဲ့ ကာဖိရ်နှင့်မုရှ်ရိကစ်တွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို မနာခံဘဲ အခြား အခြားအရာတွေကို ကိုးကွယ်ရာတွေအဖြစ် ပြုလုပ်ခဲ့သော အရာတွေဟာ သူတို့ကို နစ်နာဆုံးရှုံးအောင် မလုပ်နိုင် သလို အကျိုးဖြစ်ထွန်းအောင်လည်း လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်လို့ အဲဒီလူတွေက ဒီအရာတွေဟာ ကျွန်ုပ်တို့ ကို အလ္လာဟ်အရှင်မြတ်ထံမှ ကြားဝင်အသနားခံပေးမည့်အရာတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။ အလ္လာဟ်အရှင် မြတ်က အို-တမန်တော် အနန္တစကြ၀ဠာများနှင့် ကမ္ဘာဂြိုဟ်မှာ အလ္လာဟ်မသိသောအရာနှင့်ပတ်သက်ပြီး သတင်း ပေးခြင်းခံရမည်လို့ သူတို့ထင်မြင်ယူဆနေသလား။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ဟာ သူတို့တွဲဖက်နှိုင်းယှဉ် ရှရိက်လုပ်တဲ့အရာတွေမှ လုံးဝသန့်ရှင်းစင်ကြယ်မြင့်မြတ်တော်မူသော အရှင်ဖြစ်ကြောင်း တမန်တော်မြတ်မှ တဆင့် လူတွေကို အသိပေးကြေညာစေခဲ့တာဖြစ်တယ်။
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ ခေတ်မှရှိခဲ့တဲ့ ကာဖိရ်နှင့်မုရှ်ရိက်တွေက အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား အခြားအရာတွေကို ကိုးကွယ်ရာအဖြစ် ပြုလုပ်ပြီးတော့ သူတို့ကဘာပြောခဲ့လဲဆိုရင် ဟောဒီကိုးကွယ်ရာ တွေဟာ ကျွန်ုပ်တို့ကို အလ္လာဟ်ထံမှ ကြားဝင်အသနားခံပေးမည့်အရာတွေ ဖြစ်တယ်လို့ ပြောခဲ့သလို ဒီကနေ့ မွတ်ဆလင်မ်လူများစုကို လေ့လာကြည့်လိုက် အလ္လာဟ်အရှင်မြတ်ချပေးထားတဲ့ `၀ဟီ´ဘ၀လမ်းညွှန်ကုရ်အာန်ရဲ့ အာယတ်တော်တွေကို သွေဖီဆန့်ကျင်ပြီး ကျောင်းတော်ဝါဒ`မဇ်ဟာဘ်´ရဲ့ အီမာမ်တွေ၊ ဆရာသခင်တွေ၊ ပိရ် ဘာဘာကြီးတွေရဲ့ တဆင့်စကားရေ၀ါယသ် အဆိုအမိန့်တွေကို နာခံလိုက်နာပြီး ကာဖိရ်နှင့်မုရှ်ရိက်တွေ ပြောခဲ့ သလို မွတ်ဆလင်မ်ဆိုသူများလည်းဘဲ ဟောဒီအီမာမ်တွေ၊ ဆရာသခင်တွေ ပိရ်ဘာဘာကြီးတွေဟာ ကျွန်ုပ်တို့ကို အလ္လာဟ်အရှင်မြတ်ထံမှ ကြားဝင်အသနားခံပေးမည်တဆင့်ခံ `၀ဆီလာ´ဖြစ်တယ်လို့ ပြောဆိုတောတွေ့ရပါတယ်။ အဲဒီလို ပြုလုပ်ပြောဆိုခြင်းဟာ အလ္လာဟ်အရှင်မြတ်နှင့်သော်လည်းကောင်း၊ အလ္လာဟ့်စကား၊ အလ္လာဟ့်တရား၊ ကုရ်အာန်နှင့်သော်လည်းကောင်း နှိုင်းယှဉ်ခြင်း မဟုတ်ဘူးလား။
ဒါကြောင့် ကုရ်အာန် ဆူရာဟ်(၆)အာယတ်(၁၄)မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။ `အကျွန်ုပ်ဟာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ရာကို (၀လီ)မိတ်ဆွေအဖြစ်ပြုလုပ် လက်ခံရမှာ လား။ အရှင်မြတ်သာလျှင် အနန္တစကြ၀ဠာများနှင့် ကမ္ဘာဂြိုဟ်ကို စတင်ဖြစ်ထွန်းစေခဲ့သောအရှင်ဖြစ်တယ်။ ထို အရှင်မြတ်ဟာ အနန္တစကြ၀ဠာများနှင့် ကမ္ဘာဂြိုဟ်မှာ ရှိရှိသမျှအရာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းကျွေး မွေးစောင့်ရှောက်တဲ့အရှင်ဖြစတယ်။ ဒါပေမယ့် အရှင်မြတ်ဟာ ကျွေးမွေးစောင့်ရှောက်ခြင်းခံရတာ မဟုတ်ပေ။ ဧကန်အမှန် အကျွန်ုပ်တမန်တော် ပထမဦးဆုံး အမိန့်နာခံသူ မွတ်ဆလင်မ်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့် ပြဌာန်းချက်ဥပဒေကို လူတွေပြုလုပ်ထားတဲ့စနစ်လမ်းစဉ်တွေနှင့် တွဲဖက်နှိုင်းယှဉ်သူမုရှ်ရိက်များအနက်မှ မဖြစ်ရန် အမိန့်ပေးခြင်းခံရတယ်လို့ အသင်တမန်တော် သူတို့ကို အသိပေးကြေညာလိုက်ပါ။´
အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို `၀ဟီ´ဖြစ်တဲ့ ကုရ်အာန်ကလွဲလို့ အခြားဘာကိုမှ မတင်ပြဖို့ တားမြစ်ခဲ့တယ်။ အကယ်၍ မလိုက်နာဘဲ သွေဖီခဲ့မည်ဆိုရင် ပြစ်ဒဏ်နှစ်ဆပေးခြင်းခံရမည်အကြောင်း ကုရ်အာန် ဆူရာဟ်(၁၇)အာယတ်(၇၄-၇၅)မှာ
`အလ္လာဟ်အရှင်မြတ်က အကယ်၍ ငါအရှင်မြတ်က အသင်တမန်တော်ကို ပြတ်ပြတ်သားသား ခိုင်ခိုင် မာမာ မရပ်တည်စေခဲ့ရင် အသင်တမန်တော် အဲဒီလမ်းမှားသူတို့ဖက်ကို အနည်းငယ်တိမ်းစောင်းသွားလိမ့်မည်။ အလ္လာဟ်အရှင်မြတ်ထံမှ ပို့ချခြင်းခံရတဲ့`၀ဟီ´ဘ၀လမ်းညွှန်ကို ဆန့်ကျင်ခံသူ အစ္စလာမ့်ရန်သူတွေက တမန်တော် မြတ်ကို မည်သို့ဖိအားပေးတိုက်ခိုက်ခဲ့သော်ငြားလည်း အလ္လာဟ်အရှင်မြတ်ရဲ့ အသိပေးလမ်းညွှန်မှုကြောင့် တမန် တော်မြတ်ဟာ အလ္လာဟ်ရဲ့ဒီးန်စနစ်မှလွဲဖယ်သွားခဲ့တာ မဟုတ်ဘဲ၊ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာဖြစ်တယ်။´
အလ္လာဟ်ကဘာပြောခဲ့လဲ။ `အို-တမန်တော် အသင်အဲဒီလမ်းလွဲမှားတဲ့လူတွေ လိုလားတဲ့အတိုင်း ယိမ်းယိုင်တိမ်းစောင်းသွားခဲ့ရင် ငါအရှင်မြတ်က အသင်တမန်တော်ကို သက်ရှိထင်ရှားရှိနေတဲ့ မျက်မှောက်ကာလ လောကီဘ၀မှာ ပြစ်ဒဏ်နှစ်ဆတိုးပွားစေပြီး၊ အသင်`၀ဖသ်´ကွယ်လွန်ပြီးနောက် နောင်အာခေရသ်မှာလည်း အသင့်ကို ပြစ်ဒဏ်နှစ်ဆ မြည်းစမ်းစေမည်။ အဲဒီအချိန်ကျတော့ ငါအရှင်မြတ်ကို ဆန့်ကျင်ပြီး အသင်တမန်တော် ကို အားပေးကူညီသူတစ်ဦး တစ်ယောက်ကိုမျှ တွေ့ရှိလိမ့်မည် မဟုတ်ပေ။´
အလ္လာဟ်အရှင်မြတ် ရွေးချယ်စေလွှတ်ခဲတဲ့ တမန်တော်ပင်ဖြစ်စေ၊ အလ္လာဟ်ပြဒီးန်စနစ်မှ သွေဖီလွဲချော်ခဲ့ ရင်ပြစ်ဒဏ်နှစ်ဆခံရမည်ဆိုပါက ကျောင်းတော်ဝါဒမဇ်ဟဘ်တွေကို ဦးသျှောင်သူ ၀လီသူတော်စင်တွေ၊ ဆရာ သခင်တွေ ဘာဘာကြီးတွေ ဖိရ်အောန်စနစ်နှင့် အုပ်ချုပ်နေသော မွတ်ဆလင်မ်ဘုရင်တွေ၊ ဒီးန်ကို ရောင်းစားနေ သော သာသနာ့ပညာရှင်ဆိုသူတွေ စာရင်းမရှိဘူး။
ဆက်လက်ပြီး အာယတ်(၇၆)မှာ အလ္လာဟ်က တမန်တော်မြတ်ကို ဘာပြောခဲ့လဲ။
`ဧကန်အမှန် အဲဒီလူတွေ တမန်တော်မြတ်ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး အဲဒီဒေသမှ ထွက်ခွာသွား အောင်ကြိုးပမ်းခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့ပြီးတော့ တမန်တော်မြတ်မရှိတဲ့နောက် အဲဒီကာဖိရ်နှင့် မုရှ်ရိက်တွေဟာ၊ အဲဒီနယ်မြေဒေသမှ ရက်အနည်းငယ်မှလွဲ၍ ကြာရှည်ရပ်တည်နိုင်ခဲ့တာ မဟုတ်ဘူး။´
တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ကို ဆန့်ကျင်ခဲ့သော ကာဖိရ်မုရှ်ရိက်တွေဟာ တမန်တော်မြတ်ကို သူတို့ရဲ့အလိုကျ ဆွဲဆောင်သိမ်းသွင်းလို့ မရတော့တဲ့အခါ၊ အမျိုးမျိုးသော စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တယ်။ တမန်တော်မြတ်ရဲ့ ဒီးန်စနစ်ဇယား ဖြန့်ချိမှုကို ဖျက်လိုဖျက်ဆီးအောင် လုပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီကာဖိရ် မုရှ်ရိက်တွေရဲ့ ဒုက္ခပေးမှုကြောင့် တမန်တော်မြတ်ဟာ အဲဒီနယ်မြေဒေသကနေ ဟစ်ဂျရသ်စွန့်ခွာသွားခဲ့ပြီးတဲ့နောက် အဲဒီနယ်မြေဒေသမှာ ကြာရှည်ရပ်တည်ခဲ့တာ မဟုတ်ပေ။
အလ္လာဟ်အရှင်မြတ်က အို-တမန်တော် အသင်နှင့်ပတ်သက်ပြီး ဖြစ်ပျက်နေသော အကြောင်းကိစ္စတွေ ဟာ အသစ်အဆန်းမဟုတ်ပေ။ အသင်တမန်တော်ရဲ့ အလျင်ငါအရှင်မြတ်စေလွှတ်ခဲ့တဲ့ တမန်တော်တွေကို စိတ် အနှောင့်အယှက် အမျိုးမျိုးပေးခဲ့တဲ့ အဲဒီအမျိုးသားတွေကို ငါအရှင်မြတ်က နိုင်နင်းခဲ့တာဖြစ်တယ်။ အဲဒီလို နိုင်နင်း ခြင်းဟာ တမန်တော်တွေနဲ့ ပတ်သက်ပြီး ငါအရှင်မြတ်ရဲ့ စီရင်ချမှတ်ထားတဲ့ စည်းစနစ်ပင်ဖြစ်တယ်။
ဧကန်စင်စစ် အသင်တမန်တော် ငါအရှင်မြတ်ရဲ့ စည်းစနစ်မှာ မည်သည့်ပြောင်းလဲမှုကို တွေ့ရှိလိမ့်မည် မဟုတ်ကြောင်း၊ အလ္လာဟ်က တမန်တော်မြတ်ကို အသိပေးလမ်းညွှန်ခဲ့တာဖြစ်တယ်။ တမန်တော်မြတ်ကလည်း တိကျပြတ်သားစွာ လိုက်နာကျင့်သုံးခဲ့ကြောင်းကို တင်ပြရင်းနဲ့ ကျွန်တော်ရဲ့တင်ပြမှုကို ဒီနေရာပဲ ရပ်နားခွင့်ပြုပါ။