တမန်တော်မြတ်၏ သွန်သင်ချက်များနှင့် မွတ်ဆလင်မ်များ၏ အခြေအနေ ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

တမန်တော်မြတ်၏ သွန်သင်ချက်များနှင့် မွတ်ဆလင်မ်များ၏ အခြေအနေ

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

                  ယနေ့(၁၈-၁၂-၂၀၁၅)ဟာ ဟစ်ဂျရီ ၁၄၃၇ ခုနှစ် ရဗီအွလ်အောင်ဝလ်လ ၇ ရက်နေ့ ဖြစ်ပါတယ်။ မကြာခင် ရောက်ရှိလာမဲ့ ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့ဟာ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ) ဖွားမြင် သန့်စင်တော်မူသော နေ့ရက်ဖြစ်ပါတယ်။ ဒီလကနေစပြီး နေရာအနှံ့မှာ တမန်တော်မွေးနေ့ပွဲများ ကျင်းပကြတော့ မှာ ဖြစ်ပါတယ်။ ယနေ့ ခွတ္တဗာဟ်မှာ တမန်တော်မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တမန်တော်အကြောင်းကို လေ့လာ တင်ပြဖို့ ရည်ရွယ်ပါတယ်။

ကျွန်တော်က တမန်တော်မြတ်ရဲ့ အတ္ထုပတ္တိကို တင်ပြမှာမဟုတ်ပဲ တမန်တော်မြတ်ရဲ့သင်ကြားချက်တွေ ကို တင်ပြမှာဖြစ်ပါတယ်။ တမန်တော်မြတ်ရဲ့သင်ကြားချက်တွေနဲ့ မွတ်ဆလင်မ်တွေရဲ့ ယနေ့အခြေအနေတွေဟာ တခြားစီဖြစ်နေတာကို ၀မ်းနည်းဖွယ်တွေ့ရတော့ ယနေ့ခေါင်းစဉ်ကို `တမန်တော်မြတ်၏ သွန်သင်ချက်များနှင့် မွတ်ဆလင်မများ၏ အခြေအနေ´လို့ ပေးလိုက်ပါတယ်။

ကုရ်အာန်မှာ `ယနေ့သော်ကား ငါအရှင်သည် သင်တို့အတွက် ဘ၀တည်ဆောက်မှုလမ်းစဉ်ကို (အက္ကဗာလ်) ပြီးပြည့်စုံစေခဲ့ပြီး၊ ငါအရှင်၏ ဂုဏ်ပေးချီးမြှင့်မှုများကိုလည်း (အစ်တမာမ်)ပြည့်စုံစေခဲ့ပြီ။ အစ္စလာမ် (အလ္လာဟ်သွန်သင်ချက်များကို နာခံရိုက်ကျိုးပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု)ကို ဘ၀တည်ဆောက်မှု လမ်းစဉ်အဖြစ် ငါအရှင်နှစ်မြို့တော်မူခဲ့လေပြီ။´(၅း၃)

ဘာသာပြန်ရာမှာတော့ (အစ်က္ကဗာလ်)ကိုရော (အစ်တမာမ်)ကိုရောပြီး ပြီးပြည့်စုံစေခဲ့ပြီလို့ပဲ ပြောနိုင်ပါ တယ်။ ပြီးပြည့်စုံတဲ့ ပုံစံကတော့ မတူပါဘူး။ အရည်အသွေးပြည့်စုံမှုနဲ့ အရေအတွက် ပြည့်စုံမှုဖြစ်ပါတယ်။ အစ္စလာမ်ဆိုတာ အလ္လာဟ်က ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ အရာတွေမှာရော၊ လမ်းညွှန်မှုပြုရာမှာရော ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာရော အရည်အသွေး အရေအတွက်တွေ ပြည့်စုံတဲ့လမ်းစဉ်ဖြစ်ပါတယ်။

လူသားကို ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးပုံစံနဲ့ပြုလုပ်ထားပြီး၊ အဲဒီလူသားနေထိုင်ဖို့အတွက် မြေကမ္ဘာ၊ သစ်ပင်ပန်းမာလ်နဲ့ သက်ရှိမျိုးစုံ၊ နေလ နက္ခတ်တာရာနဲ့ ရေ၊ မြေ၊ လေ၊ တောတောင်တွေရှိနေပါတယ်။ ဒါ့အပြင် လူသားတွေ မရေမတွက်နိုင်သော တမန်တော်များစေလွှတ် သင်ကြားပေးခြင်းဖြင့် အကောင်းဆုံးဘ၀တည် ဆောက်မှုလမ်းညွှန်ကို ချမှတ်ပေးခဲ့ပါတယ်။ ဒါတွေကို အသုံးချပြီး လူသားတွေက ငြိမ်းချမ်းသော လောကကို တည်ဆောက်ရန်အတွက် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို သဘောကျနှစ်သက်တယ်လို့ အလ္လာဟ်ကပြော တာပါ။

အစ္စလာမ်ကို ဘာသာ၊ သာသနာအယူလို့လုပ်ထားလိုက်တော့ အလ္လာဟ်သည် အစ္စလာမ်ကို သာသနာ အဖြစ်နှစ်သက်သဘောကျသည်လို့ နားလည်နေကြပါတယ်။ အစ္စလာမ်ကိုလက်ခံတဲ့ သူတွေဟာလည်း ပြီးပြည့်စုံ ပြီး၊ ဘယ်လိုဆိုးကျိုးတွေဘဲ လုပ်လုပ်တစ်နေ့ကျရင် ကောင်းကျိုးခံစားရမဲ့သူတွေလို့ ခံယူထားနေကြပါတယ်။ ဒီတော့ မွတ်ဆလင်မ်တွေက အသက်ရှင်စဉ်မှာ ကောင်းတာ၊ ဆိုးတာ ဘာတွေပဲ လုပ်ခဲ့ကြသည်ဖြစ်စေ၊ သေခါနီးအချိန်မှာ လာအိလာဟ အစ်လလ္လာဟ် (အလ္လာဟ်မှတပါး ကိုးကွယ်အားထားရာမရှိ)ဆိုတဲ့ စကားလုံးတွေကို ရွတ်ဆိုနိုင်ခဲ့ရင် ဂျန္နသ်သုခဘုံကိုရရှိမယ်။  ဟဂ်ျတစ်ခါလုပ်လိုက်တာနဲ့ မွေးကင်းစကလေးငယ်လို အပြစ်ကင်းတဲ့ လူသားဖြစ်သွားတယ်ဆိုတဲ့ အတွေးအခေါ်တွေကို မွတ်ဆလင်မ်ဆိုသူများက လက်ခံထားကြပါတယ်။ တမန်တော်မြတ်ကြီး ဆောင်ရွက်ခဲ့သလို တရားမျှတမှု၊ ကိုယ်ကျင့်သီလကောင်းမှုတွေကို မတည်ဆောက်ဘဲ အလွယ်တကူလုပ်နိုင်တဲ့ မုတ်ဆိတ်ထားဖို့၊ ဘုရ်ခါခြုံဖို့လောက်သာ ကြိုးပမ်းနေကြပါတယ်။ မုတ်ဆိတ်နဲ့ဘုရ်ခါဆိုတာ အစ္စလာမ့်ကျင့်စဉ်မဟုတ်ဘဲ လူမျိုးစုတွေကို ဓလေ့ထုံးတမ်း အစဉ်အလာဆိုတာကို တောင် ခွဲခြားမမြင်နိုင်လောက်အောင် အယူသီးနေကြပါတယ်။

ဒီလို အယူသီး မွတ်ဆလင်မ်ဆိုသူတွေဟာ ပြီးပြည့်စုံပြီး ဘယ်ခေတ်ဘယ်စနစ်မှာမဆို လက်တွေ့ လိုက်နာကျင့်သုံးရင်း ငြိမ်းချမ်းသောလူ့ဘောင်ကို တည်ဆောက်နိုင်တဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)ရဲ့ သင်ကြား ချက်တွေကို မိရိုးဖလာအယူအဆတွေ၊ ကျောင်းတော်ဝါဒ၊ ဂိုဏ်းဂဏအယူအဆတွေနဲ့ ဖုံးလွှမ်းပြီး ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသော အစ္စလာမ်လူ့အဖွဲ့အစည်းအဖြစ် တည်ဆောက်ရမှာကို အကောင်အထည် မဖော်နိုင် ဖြစ်နေပါတယ်။

အာဏာရလိုသူတွေ၊ အစ္စလာမ်ကိုပျက်ဆီးချင်သူတွေက ဒီလို ပျော့ကွက်တွေကို အသုံးချပြီး မွတ်ဆလင်မ် လူ့အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အဖြစ် ပုံရိပ်သွန်းလောင်းနေကြတယ်။ ဒီထောင်ချောက်ထဲကို အတင်းတိုးဝင်မိ တဲ့ မွတ်ဆလင်မ်လူငယ်တွေ ကမ္ဘာ့အနှံ့မှာရှိနေတယ်။ ဒီလူငယ်တွေက မွတ်ဆလင်မ်တွေဟာ ကမ္ဘာအနှံ့မှာ  ဖိနှိပ်ခံနေကြတယ်။ ပါလက်စတိုင်းမှာ မွတ်ဆလင်မ်တွေကို အစ္စရေးက ဖိနှိပ်ညှင်းပန်း သတ်ဖြတ်နေတယ်။ အိန္ဒိယနဲ့ပါကစ္စတန်က နယ်မြေ လုရင်း ကရှ်မီးက မွတ်ဆလင်မ်တွေကို သတ်ဖြတ်နေကြတယ်။ ပြင်သစ်နဲ့ အချို့ဥရောပနိုင်ငံတွေက မွတ်ဆလင်မ် တွေကို ဒုတိယတန်းစား နိုင်ငံသားအဖြစ် ခွဲခြားဆက်ဆံနေကြတယ်။ ရုရှားက အာဆတ်လို လူထုမကြိုက်တဲ့ အာဏာရှင်သမ္မတကို အားပေးကူညီပြီး၊ ဆီးရီးယားက မွတ်ဆလင်မ်တွေကို သတ်ဖြတ်နေတယ်။ အမေရိကန်က အီရတ်က ဆဒမ်ဟူစိန်ကိုဖြုတ်ချပြီး၊ စွန္နီ၊ ရှီအာနဲ့ ကာ့ဒ်မွတ်ဆလင်မ်တွေကို ရန်တိုက်ပေးခဲ့တယ်။ ဘင်လာဒင်ကို အားပေး ကူညီတယ်ဆိုတဲ့ အာဖဂန်ကပြည်သူတွေကို ဗုံးမိုးရွာချခဲ့တယ်။ အကြောင်းပြချက်နဲ့ တရုတ်က၀ီဂါမွတ်ဆလင်မ်တွေကို ဖိနှိပ်ညှင်းပန်းနေတယ်…. စတဲ့ စတဲ့ အမှန်တစ်ဝက်၊ အမှားတစ်ဝက် သတင်းတွေဟာ မွတ်ဆလင်မ်လူငယ်တွေ အကြမ်းဖက်သမားတွေအဖြစ် တွန်းပို့ နေပါတယ်။ အကြမ်းဖက်လူသစ်စုဆောင်းနေသူတွေထဲမှာ အရှိန်ပြင်းပြင်းနဲ့ ချောမွေ့စွာ လည်ပတ်နေတဲ့ဝါဒဖြန့်ချိ ရေးယန္တယားပိုင်ဆိုင်ထားပါတယ်။ အဲဒီယန္တယားက ဖိနှိပ်ခွဲခြားဆက်ဆံမှုကို အော့နှလုံးနာနေပြီး ကိုယ့်ဘ၀ကိုယ် မကျေနပ်တဲ့ မွတ်ဆလင်မ်လူငယ်တွေကို အကြမ်းဖက်ဝဲဂယက်ထဲ ကျဆင်းသွားရလောက်အောင် ဆွဲဆောင်မှု အားကောင်းနေပါတယ်။

မြန်မာနိုင်ငံက မွတ်ဆလင်မ်တွေအတွက်လည်း စိုးရိမ်စရာကောင်းပါတယ်။ အစ္စလာမ်အကြောင်းကို မဟုတ်မတရားရေးသားတဲ့သူတွေ၊ မဟုတ်မတရားပြောနေတဲ့သူတွေ ပုဂ္ဂိုလ်တွေကို လုံးဝအရေးမယူပဲ လွှတ်ပေး ထားတာဟာ မြန်မာနိုင်ငံရှိ မွတ်ဆလင်မ်တွေလည်း အကြမ်းဖက်သမားတွေဖြစ်လာအောင် သွယ်ဝှိုက်ဆောင်ရွက် နေတာလားလို့ စိုးရိမ်မိတာပါ။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေကို ပန်ကြားလိုတာက ကျွန်တော်တို့ကို အကြမ်းဖက် သမားဖြစ်အောင် ကျုံးသွင်းနေတာကို သတိပြုကြပါ။ လူအမျိုးပေါင်းအစုံ၊ ဘာသာပေါင်းစုံကို လေးစားစွာ ဆက်ဆံ ပြီး စုစည်းညီညွတ်ဖို့ ကြိုးပမ်းကြပါ။ အကြမ်းဖက်တုံ့ပြန်မှုမလုပ်ဘဲ ကြံ့ကြံ့ခံရပ်တည်ကြပါ။ ကျွန်တော်တို့ရဲ့ မှန်ကန် တဲ့ ရပ်တည်မှုကို အလ္လာဟ်ဘက်က အစားပေးပါလိမ့်မယ်။

အများစုဗုဒ္ဓဘာသာအပါအ၀င် ခရစ်ယာန်၊ ဟိန္ဒူနဲ့တခြား လူနည်းစုဘာသာဝင်များကိုလည်း မိမိတို့ ဘာသာဝင်တွေ အဖွဲ့အစည်းတွေမှာ၊ မကောင်းမှုပြုရာမှာကို ရှက်ရွံထိတ်လန့်တတ်တဲ့ ဟီရိသြတ္တပ္ပတရားတွေ ထွန်းကားအောင် ကြိုးပမ်းပြီး ဘာသာဝင်အားလုံး စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ကြပါလို့ တိုက်တွန်းပန်ကြားလိုပါတယ်။ ပြည်တွင်းလူမျိုးပေါင်းစုံ စုစည်းညီညွတ်နေရင် ဘင်္ဂလားဒေ့ရှ်ဘက်က အနောက်တံခါးကျိုးပေါက်သွားမှာ အိန္ဒိယက ကျူးကျော်လာ မှာ၊ တရုတ်က၀ါးမြိုသွားမှာကို ကြောက်ဖို့မလိုပါဘူး။ နိုင်ငံတွင်းက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဟာ ပြည်တွင်း အင်အားများဖြစ်ပါတယ်ဆိုတာကို သဘောပေါက်ကြ ပါ။

မွတ်ဆလင်မ်တွေအတွက် သောကြာနေ့တိုင်း ဒုတိယခွတ္တဗာဟ်မှာ လိုက်နာကျင့်သုံးဖို့ ကြားနာရတဲ့ အာယသ်တော် တစ်ခုရှိပါတယ်။ (၁၆း၉၀)ပါ။

`ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်(အဒလ်) တရားမျှတရန်၊ (အိဟ်ဆာန်)သာလွန်ကောင်းမွန်စွာ ကျင့်မူရန်၊ (အိတာအေ့ဇစ်လ်ကုရ်ဗာ) မိမိနှင့်နီးစပ်နေသော ဆွေမျိုးသားချင်း၊ မိတ်ဆွေသင်္ဂဟများကို ထောက်ပံ့ကူညီရန် လမ်းညွှန်တော်မူ၏။´

`၎င်းပြင်ထိုအရှင်မြတ်သည် စက်ဆုတ်ရွံရှာဖွယ်များ၊ မကောင်းမှုများ၊ ကျူးကျော်စော်ကားမှုများကို တားမြစ်ထားတော်မူ၏။´

အဒလ်၊ အိဟ်ဆာန်နှင့် အိတာအေ့ဇစ်လ်ကုရ်ဗာတို့သည် ကျင့်သုံးရမည့် တရားသုံးပါးဖြစ်လေသည်။

အဒလ်ဆိုတာက လူမှုဆက်ဆံရေး၊ ရောင်းဝယ်ဖောက်ကားမှုစတဲ့ အရာတွေမှာ တရားမျှတစွာပြုမူခြင်း ဖြစ်ပါတယ်။ ရန်သူပင်ဖြစ်လင့်ကစား တရားမျှတမှုကို အခြေခံပြီး ဆက်ဆံရမည်။ ငြိမ်းချမ်းနေသည့်အခါဖြစ်စေ၊ စစ်မက်ဖြစ်ပွားနေသည့်အခါဖြစ်စေ တရားမျှတမှုကို လက်မလွှတ်ရလို့ တမန်တော်မြတ်(ဆွလ္လ)က သင်ကြားပါ တယ်။

အိဟ်ဆာန်ဆိုသည်ကား တာဝန်ထက်ပို၍ဆောင်ရွက်ရသော စေတနာဖြစ်သည်။ မည်သည့်အရာကို ဆောင်ရွက်သည်ဖြစ်စေ တာဝန်ကျေရုံသာမက စေတနာပါပါဆောင်ရွက်ရန်ဖြစ်သည်။

အိတာအေ့ဇစ်လ်ကုရ်ဗာဆိုတာ မိမိနီးကပ်စွာရှိနေသော မိတ်ဆွေရောင်းရင်းအပေါင်းအသင်းများ၊ ဆွေမျိုး သင်္ဂဟများ၊ အိမ်နီးချင်းများ၊ မိမိတို့၏ ၀န်ထမ်းလုပ်သားများ၊ အခက်အခဲအကျပ်အတည်းကို ကူညီဖြေရှင်းထောက် ပံ့ရန်ဖြစ်သည်။

ဖဟ်ရာ၊ မွန်ကရ်၊ ဗဂ်ရာတို့ကား ရှောင်ကြဉ်ရမည့်အရာ သုံးမျိုးဖြစ်သည်။

`သားရဲတိရစ္ဆာန်တို့ကဲ့သို့ အိမ်၊ စား၊ ကာမ သုံးပါးကိုသာ လွန်ကျူးစွာ ဆောင်ရွက်ခြင်းသည် ဖဟ်ရာ စက်ဆုပ်ရွံရှာ ဖွယ်ရာဖြစ်လေသည်။´အခြားသူများ၏ ကောင်းရာကောင်းကျိုးကို မဆောင်ရွက်ဘဲ မိမိအလိုဆန္ဒများ ကိုသာ ဖြည့်ဆည်းနေသူသည် မကောင်းမှုများကို မကျူးလွန်လင့်ကစား တိရစ္ဆာန်ကဲ့သို့ ကျင့်ကြံနေသူပင်ဖြစ်ပေ ၏။

သဘာဝနှင့်ဆန့်ကျင်ပြီး လူ့အသိဥာဏ်က လက်မခံသော အမှုကိစ္စများကို ဆောင်ရွက်ခြင်းသည် မကောင်းသော အမှုမွန်ကရ်ဖြစ်ပေသည်။ အမျိုးသမီးများကို မတော်မတရားကြံစည် ကျူးလွန်ခြင်း၊ သားနှင့်အမိ၊ သမီးနှင့်အဖတို့သည် လင်မယားကဲ့သို့ ဆက်ဆံခြင်း၊ ကျေးဇူးရှင်ကို မတရားပြု၊ မကောင်းကြံစည်ခြင်းတို့ကဲ့သို့ အပြုအမူများကား မွန်ကရ် မကောင်းမှုများပင်ဖြစ်ပေသည်။

မောက်မာပလွှားပြီး သူတပါး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို မတရားဖျက်ဆီးခြင်းသည် ဗဂ်ရာ ကျူးကျော်မှုပင်ဖြစ်သည်။ သူ့လင်သူ့မယားကို ကျူးကျော်စော်ကားခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ သူတပါး အိမ်ရာနှင့် မြေကိုအဓမ္မသိမ်းပိုက်ရန်မဆိုထားနှင့် တစ်လက်မမျှသော မြေကိုခိုးယူခြင်း၊ အဓမ္မကျူးကျော်ခြင်းတို့ကဲ့ သို့ မကောင်းမှုများဖြစ်ပေသည်။

သောကြာနေ့တိုင်းမှာ ဒီလိုဆိုဆုံးမတွေအပါအ၀င် လောကငြိမ်းချမ်းရေးအတွက် ကျင့်ရောကြဉ်ရာများကို သင်ယူလေ့လာနေကြတာပါ။ ဒါတွေကို ဥပေက္ခာပြုပြီး သောကြာနေ့တိုင်းဗလီတွေမှာ အခြားဘာသာဝင်များကို စော်ကားဖို့၊ မိမိတို့နေထိုင်ရာနိုင်ငံတော်မှာ အစ္စလာမ်လမ်းစဉ်လွှမ်းမိုးဖို့ မွတ်ဆလင်မ်တွေက နိဂုံးတိုင်ပင်နေကြ တယ်လို့ လူ့ဗာလတွေက မဟုတ်မတရားစွပ်စွဲနေကြတယ်။

တစ်နေ့ငါးကြိမ် ဗလီမုအ်ဇန်(ဖိတ်ခေါ်သူ)များက လူနှင့်လူ့ပတ်ဝန်းကျင်ကောင်းကျိုးကို သယ်ပိုးဆောင် ရွက်နိုင်ရန် အလ္လာဟ်နှင့်တမန်တော်မုဟမ္မဒ်(ဆွလ္လ)တို့၏ သင်ကြားချက်များကို လာရောက်လေ့လာကြပါလို့ ဖိတ် ခေါ်နေတာပါ။ အဲဒီမုအ်ဇင်(ဖိတ်ခေါ်သူ)များကို ရှေးမြန်မာမွတ်ဆလင်မ်များကို နိဗ္ဗာန်ဆော်များလို့ ခေါ်ဆိုကြပါ တယ်။ အင်မတန်မြန်မာဆန်သော အသုံးအနှုံးပါ။ မုအ်ဇင်များရဲ့ အာဿန်ပေး(ဖိတ်ခေါ်မှု)ကို ခွေးအူသံကဲ့သို့ ပြုလုပ်လှောင်ပြောင်တဲ့ လူမိုက်လူရမ်းကားတွေ မြန်မာပြည်မှာရှိပါတယ်။

မွတ်ဆလင်မ်တွေဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အစပထမမှာ အလ္လာဟ်၏နာမတော်ဖြင့် အစပြုပါ၏။ (တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့သင်ကြားလမ်းညွှန်မှုနှင့်အညီ ကိစ္စရပ်တိုင်းကို ဆောင်ရွက်လုပ်ကိုင်ပါ မယ်လို့ အဓိဌာန်ပြုတာပါ။) ဒါကို အိန္ဒိယနဲ့မြန်မာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များက သင်္ကေတဂဏန်း ၇၈၆ နဲ့ ဖော်ပြကြပါတယ်။ ဒီ ၇၈၆ သင်္ကေတကို ဗေဒင်ကိန်းခန်းလိုလို၊ ချဲဂဏန်းလိုလို တွေးခေါ်ပြီး(၇+၈+၆=၂၁)လို့ ဖော် ပြလာကြပါတယ်။ ဒီအဓိပ္ပါယ်က ၂၁ ရာစုမှာ မြန်မာပြည်ကို မွတ်ဆလင်မ်တွေလွှမ်းမိုးဖို့ ကြံစည်နေကြတာပါဆိုပြီး စွပ်စွဲပြောဆိုကြပြန်ပါတယ်။

ဒရ်ဂါတွေမှာ နှစ်ပေါင်းများစွာကတည်းက လွှင့်ထူထားတဲ့အလံတွေကိုလည်း ISIS အလံနဲ့တူတယ်ဆိုပြီး ကောလဟလထုတ်လွှင့်ကြတယ်။ မဒရ်ဆာ(ဘာသာရေး စာသင်ကျောင်း)တွေမှာ ၀တ်ပြုဆုတောင်းတာကိုလည်း စာသင်ကျောင်းကို ဗလီလုပ်နေကြတယ်လို့ ပြောပြီးတားမြစ်ဖို့ ကြိုးစားနေကြတယ်။ မွတ်ဆလင်မ်တွေအတွက် ကမ္ဘာမြေအနှံ့မှာ ၀တ်ပြုဆုတောင်းနိုင်ပါတယ်။ ၀တ်ပြုဆုတောင်းလိုက်ရုံနဲ့ အဲဒီနေရာဟာ ဗလီဖြစ်မသွားပါဘူး။

ဒီလိုအခြေအမြစ်မရှိတဲ့အမုန်းစကားတွေကို တားမြစ်ခံရခြင်း၊ အရေးယူခံရခြင်းမရှိဘဲ လွတ်လပ်စွာပြောဆို ရေးသားတာ တွေ့ရှိနေတော့ မွတ်ဆလင်မ်တွေရဲ့ သွေးတွေပွက်ပွက်ဆူစေပါတယ်။ ဒါပေမဲ့ ပဋိပက္ခတွေဖြစ်ရင် နိုင်ငံတော်အကျိုးပျက်စီးပြီး ဖက်ဆစ်အာဏာရှင်တွေလက်ထဲ အာဏာတည်မြဲနေမှာဖြစ်တဲ့အတွက် မြန်မာမွတ်ဆ လင်မ်တွေက အကြမ်းမဖက် မတုန့်ပြန်ဘဲ ကြံ့ကြံ့ခံနေကြပါတယ်။ ကိုယ်ပြုသည့်ကံ ပဲတင့်သံကိုယ့်ထံပြန်လာမည် ဆိုတဲ့ ကြီးကျယ်မြင့်မြတ်စင်ကြယ်တော်မူသော အလ္လာဟ်ပြဌာန်းထားတဲ့ သစ္စာတရားပါ။ ဖိနှိပ်စော်ကားခံရသူတွေ ကြံ့ကြံ့ခံရင်ဆိုင်လေ အရူးချီးပန်းပြောနေတဲ့လူ့ဗာလတွေ သစ္စာစူးလေဆိုတာကို တဖြေးဖြေးတွေ့မြင်နေရပါပြီ။ ကျုပ်တို့ မွတ်ဆလင်မ်တွေ စော်ကားခံရသမျှကို မယိမ်းမယိုင်ကျောက်စာတိုင်လို ကြံ့ကြံ့ခံရင်း မတရားမှုတွေ ပပျောက်တဲ့အထိ ရင်ဆိုင်ကျော်လွှားနိုင်ပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။