တွင်းထွက်သဘာဝ သယံဇာတများကိုထိန်းသိမ်းခြင်း 8.8.2014 မုဖ်သီ ဦးစန်းအောင် (B.Sc)

တွင်းထွက်သဘာဝ သယံဇာတများကိုထိန်းသိမ်းခြင်း
မုဖ်သီ ဦးစန်းအောင် (B.Sc)
လေးစားအပ်ပါသော ဂျမာအသ်ဝင်အမျိုးသား၊ အမျိုးသမီးတို့ခင်ဗျား…..
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ (၂ဝ၁၄ခုနှစ၊် သြဂုတ်လ၊ ၈ရက်)နေ့မှာ ကျွန်တော်တင်ပြမဲ့ ခေါင်းစဉ်ကတော့ `တွင်းထွက် သဘာဝသယံဇာတများကို ထိန်းသိမ်းခြင်း´ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျနော်မတင်ပြခင်မှာ ခွတ်ဗာဟ်ရဲ့ နိဒါန်းမှာ ကျွန်တော်ရွတ်ဖတ်ခဲ့တဲ့ ကုရ်အာန်(၇း၈၅)ရဲ့ အဓိပ္ပါယ်ကို ဦးစွာရှင်းပြပါရစေ။
` … သင်တို့အား မွေးမြူပြုစုပျိုးထောင်သူ အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့ထံသို့ ရှင်းလင်းထင်ရှား သောလမ်းညွှန်ချက်များ ရောက်ရှိလာခဲ့ပေပြီ။ သို့ဖြစ်ရာ သင်တို့သည် အချိုးအစား အတိုင်းအတာ သတ်မှတ်ချက် များနှင့် ဂေဟစနစ် တည်ငြိမ်မျှခြေရှိမူတို့ကို စနစ်တကျထိန်းသိမ်းကြပါလေ။ ပြီးနောက်သင်တို့သည် လူသားတို့၏ ရပိုင်ခွင့်များကို လျော့ပါး၊ ဆုတ်ယုတ်အောင် မပြုလုပ်ကြလေနှင့်။ ထို့ပြင် သင်တို့သည် ကမ္ဘာမြေကြီးဟန်ချက်ညီ တည်ငြိမ်နေမှုကိုလည်း ပျက်စီးရာ၊ ပျက်စီးကြောင်း မပြုလုပ်ကြလေနှင့်။ အကယ်၍ သင်တို့သည် `မုအ်မင်န်´ သက်ဝင်ယုံကြည်ခဲ့ သူများဖြစ်ကြလျှင် ယင်းအရေးကိစ္စများကို (လိုက်နာဆောင်ရွက်ခြင်းသည်) အကောင်းဆုံး ဖြစ် သည်။´ (ကုရ်အာန် ၇း၈၅) ဒီအာယသ်(၇း၈၅)ဟာ `မုအ်မင်န်´သက်ဝင်ယုံကြည်သူတစ်ဦးရဲ့ အရည်အသွေးကို ညွှန်ပြနေတယ်ဆို ရင် မမှားပါဘူး။ `မုအ်မင်န်´သက်ဝင်ယုံကြည်သူတစ်ဦးဟာ တရားမျှတမှုကို လက်ကိုင်ပြုထားရမှာဖြစ်သလို၊ မိမိရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်တည်နေတဲ့သဘာဝတရားတွေ၊ နိယာမတွေကို မပျက်စီးအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့ ဒီအာယသ်တော်က လမ်းညွှန်ပြဌာန်းနေတယ်ဆိုတာ သဘောပေါက်ထားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာရှိတဲ့ သဘာဝတရားတွေထဲမှာ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားတဲ့ မြေပေါ်မြေအောက်သယံဇာတများ၊ ရေပေါ်ရေအောက် သယံဇာတများဟာလည်း အပါအဝင်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က ဒီလိုသယံဇာတတွေ ကို သုံးစွဲသင့်သလောက်သာ သုံးစွဲဖို့၊ အလွန်အမင်းထုတ်ယူသုံးစွဲခြင်းဖြင့် ဂေဟစနစ်ကို ပျက်စီးအောင် မပြုလုပ်ကြ ဖို့ ဒီလိုသဘာဝသယံဇာတတွေ၊ ဂေဟစနစ်တွေကို တည်ငြိမ်မျှခြေရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အီမာန်ရှင်၊ မုအ်မင်န်တစ်ဦးရဲ့ အရည်အသွေးတစ်ရပ်ဖြစ်တယ်ဆိုတာကို ကုရ်အာန်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ကမ္ဘာ့နိုင်ငံတွေမှာ၊ လူ့အဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်ခံစားနေရတဲ့ ဝေဒနာတစ်ရပ်ကို သုံးသပ်ကြည့် လိုက်မယ်ဆိုရင် လူ့အဖွဲ့အစည်းတွေဟာ Resource Curse လို့ခေါ်တဲ့ `သယံဇာတကျိန်စာသင့်ခြင်း´ ဆိုတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ ဒီတော့ `သယံဇာတကျိန်စာသင့်ခြင်း´ ဆိုတာ ဘာလဲ။ အမှန်တကယ်မှာတော့ သဘာဝသယံဇာတများဟာ လူသားတို့နှင့်ဝေးဝေးမှာ နေလိုတဲ့အတွက် မြေအောက် ၊ ရေအောက်တို့တွင် သီးခြား အကာအကွယ်ယူပြီး သွားရောက်နေထိုင်ကြတယ်။ ဒီအနေအထားကို လူတွေက အတင်းအဓမ္မ၊ အလွန်အကျွံ ထုတ်ယူတဲ့အခါ ယင်းသဘာဝသယံဇာတ၏ ပြန်လှန်တိုက်ခိုက်မှုကို ခံရပါတော့တယ်။ ဒီလိုဖြစ်ခြင်းကို သယံဇာတ ၏ကျိန်စာသက်ရောက်ခြင်း ( Resource curse) လို့ခေါ်ပါတယ်။ ယနေ့ သယံဇာတကျိန်စာမိနေတဲ့ ဒေသအများ အပြားအကြောင်းကို မီဒီယာများတွင် အကျယ်တဝင့် လေ့လာနိုင် ပါတယ်။
နိုင်ငံတစ်နိုင်ငံ၏သယံဇာတများကို ထိုနိုင်ငံရှိပြည်သူများက ပိုင်ဆိုင်တယ်။ အစိုးရဆိုသည်မှာ ပြည်သူ့ အကျိုး စီးပွားအတွက် ခန့်အပ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များသာဖြစ်တယ်။ ဒါပေမဲ့ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ ပြည်တွင်း၊ ပြည်ပက စီးပွားရေးလုပ်ငန်းရှင်များဟာအစိုးရကို လာဘ်ပေးပြီး လုပ်ပိုင်ခွင့် ရယူလေ့ရှိ တယ်။ ဒီအခါ ပြည်သူ့အကျိုးစီးပွားဖက်မှ ရပ်တည်ပေးရမှာဖြစ်တဲ့ အစိုးရများဟာ စီးပွားရေးလုပ်ငန်းရှင်များဖက်က ရပ်တည်လာကြတယ်။ ပြည်သူပိုင်သယံဇာတများကို လူနည်းစုအကျိုးစီးပွားအတွက် အသုံးပြုကြတယ်။ အကျိုး အမြတ် အလွန်များတာကြောင့် အစိုးရများက အာဏာကိုဖက်တွယ်လာပြီး ဒီမိုကရေစီနှင့်ဝေးသည်ထက် ဝေးလာ ကြတော့တယ်။
စီးပွားရေးလုပ်ငန်းများအနေနှင့် အမြတ်များသည်ထက်များရေးဟာ သူတို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ အတွက် အကျိုးအမြတ် များများရအောင် လာဘ်ပေး၊လာဘ်ယူပြုလုပ်ခြင်း၊ ဖိအားပေးခြင်းစသည့်နည်းလမ်းများကို အသုံးပြုကြပါတယ်။ လာဘ်ပေး လာဘ်ယူမှုတွေကို လျှို့ဝှက်ထားနိုင်ဖို့ အစိုးရဘတ်ဂျက်အစရှိတဲ့ စာရင်းဇယား ထိန်ချန်မှုများကို အားပေးကူညီကြတယ်။ မိမိတို့နှင့်ဆက်စပ် ဆက်နွယ်နေသော အစိုးရပိုင်းအရာရှိကြီးများ ရာထူး၊ အာဏာတည်မြဲစေရန် ပံ့ပိုးပေးပါတယ်။
သယံဇာတကရတဲ့ ဝင်ငွေကြောင့် ဒီမိုကရက်တစ်မဆန်သော အစိုးရများတည်မြဲလာခြင်း (အစိုးရသည် ပြည်သူထောက်ခံမှုကို ရယူရန်မလိုပဲ သယံဇာတထုတ်ယူမှုမှရရှိသော လာဘ်ငွေဖြင့် ရပ်တည်လာနိုင်ခြင်း)၊ လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခထူပြောလာခြင်း၊ ပြည်သူတို့အနေဖြင့်သူတို့ပိုင်ဆိုင်သော သယံဇာတ ထုတ်ယူမှု ဆိုင်ရာ သတင်းအချက်အလက်များကို မသိရှိရခြင်း၊ သဘောတူညီချက်များနှင့် ငွေပေးငွေယူများကို သိရှိခွင့်
မရခြင်းစတဲ့ အခြေအနေများကြောင့် တိုးတက်မှုဝေးသည်ထက် ဝေးလာပါတော့တယ်။ ဒီအခြေအနေကို “သယံ ဇာတ ကျိန်စာသင့်ခြင်း” ဟုခေါ်ဆိုပါတယ်။
ပြည်သူတွေရဲ့ မကျေနပ်မှုနှင့်အမျက်ဒေါသများ၊
သဘာဝသံယံဇာတထုတ်ယူခြင်းလုပ်ငန်းကြောင့် နိုင်ငံမှာ အမျိုးမျိုးသော အမျက်ဒေါသများထွက်ပေါ်လာ တတ်ပါတယ်။ အထူးသဖြင့် သံယံဇာတကထုတ်ယူရာဒေသမှာ မကျေနပ်မှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်။ အဲဒီ ဒေသမှာ နေရာရွှေ့ပြောင်းပေးရခြင်း၊ ဒေသခံမဟုတ်သူတို့ဝင်ရောက်လာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းလာခြင်း၊ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာခြင်း၊ စတာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ ထို့ပြင် မိမိ ဒေသထွက် သံယံဇာတများကို မိမိတို့မသုံးစွဲရပဲ အခြားသူများထံ နေ့စဉ်နှင့်အမျှရောက်ရှိသွားသည်ကို မြင်ရတဲ့ အခါ ရေရှည်မကျေလည်မှု နှင့် အမျက်ဒေါသတွေထွက်လာကြပါတယ်။
ပြန်မရနိုင်တော့သည့် ပျက်စီးမှုများ ( Irreversible damage)
သဘာဝသယံဇာတ ထုတ်ယူမှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတဲ့ အခါ သဘာဝတရားရဲ့ရှုပ်ထွေးသော ဆက်နွယ်မှုများကြောင့် မူလကရှိနှင့်ပြီးသားဂေဟစနစ်ရဲ့ ဝန်ဆောင်မှုတွေ ပြန်လည် ရရှိနိုင်ခြေ အလွန်နည်းပါးသွားတဲ့ အခြေအနေမျိုးကို ပြန်မရနိုင်တဲ့ ပျက်စီးမှုများ လို့ခေါ်ပါတယ်။
ဥပမာပြရလျှင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံဟာ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံဖြစ်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ၏ မြို့ကြီးများအားလုံးနီးပါးဟာ လေထုအရည်အသွေးညံ့ဖျင်းနေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်း အဓိကမြို့ကြီး(၇၄)မြို့တို့ရဲ့ လေထုအရည်အသွေးကို စစ်ဆေးခဲ့ရာမှာ(၃)မြို့သာလျှင် လေထုသန့်ရှင်းတဲ့စံချိန်မီပြီး ကျန်မြို့အားလုံးကတော့ လေထုမသန့်ရှင်းဆိုတဲ့ အုပ်စုထဲမှာ ပါဝင်နေပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဌာနဒုတိယဝန်ကြီး `ဝူရှောင်ချင်း´က ပြောပါတယ်။ လေထုအတွင်းပါဝင်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရို ဂျင်ဒိုင်အောက်ဆိုဒ် နှင့် အခြားညစ်ညမ်း ဖုန်မှုန့်တွေကို တိုင်းတာပြီး အဆင့်သတ်မှတ်ခြင်းဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုန့် PM 2.5 ပမာဏက လေထုတစ်ကုဗမီတာမှာ (၇၅)မိုက်ကရိုဂရမ်ထက်ပိုပါဝင် နေမယ်ဆိုရင် လေထု မသန့်ရှင်းဘူးလို့ တရုတ်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက သတ်မှတ်ပြီး မြို့ကြီးတွေကို အဆင့်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ အဲဒီနှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်ထားသော(၂၅) မိုက်ကရိုဂရမ် ထက်မပိုရဆိုတဲ့ သတ်မှတ်ချက်ထက် (၃)ဆပိုများနေပါတယ်။
တရုတ်နိုင်ငံတစ်ဝှမ်းမှာ အင်အားကောင်းကောင်းနဲ့ လည်ပတ်နေတဲ့ အကြီးစားစက်မှုလုပ်ငန်းများ၊ ဓါတု ဗေဒစက်ရုံကြီးများ၊ အခြားသောလုပ်ငန်းများအတွက် စွမ်းအင်ပံ့ပိုးပေးရာ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံများနှင့် တစ်နေ့တစ်ခြား တိုးပွားလာနေသည့် ကားများမှ ထွက်လာသည့် မီးခိုးမှုန့်များသည်လည်းကောင်း၊ နိုင်ငံ တစ်ဝှမ်းအရှိန်ကောင်းနေသော မြို့ပြတည်ဆောက်ရေးလုပ်ငန်းများသည်လည်းကောင်း၊ တရုတ်မြို့ကြီးများ အတွက် လေထုညစ်ညမ်းစေတဲ့ အဓိကအကြောင်းရင်းများဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးတစ်ဟုန်ထိုး ဖွံ့ဖြိုးမှုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေကို ထည့်မတွက်မိ ခဲ့ခြင်းဖြစ်ပါတယ်။ အကျိုးဆက်အဖြစ်မြို့ပြများ လေထုညစ်ညမ်းကာ မီးခိုးမြူများဖုံးလွှမ်းခြင်း၊ မြေပြင်သည် သတ္တု လုပ်ငန်းများမှထွက်တဲ့ အညစ်အကြေးများကြောင့် ပျက်စီးရခြင်း၊ ရေအရင်းအမြစ်များတွင် ဓါတုဆိုင်ရာ ညစ်ညမ်းမှု များဖြစ်ခဲ့ရတယ်။ ဒီတော့ တရုတ်အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်အရေး ကိုင်တွယ်ပုံကို ပြည်သူလူထုက ဒေါသ ထွက်နေတာကိုတွေ့ရပါတယ်။
ကျမ်းမြတ်ကုရ်အာန် (၇း၈၅)မှာ-
`အသင်တို့သည် အချိုးအစား၊ အတိုင်းအတာသတ်မှတ်ချက်များနှင့် ဂေဟဆိုင်ရာစနစ်များ တည်ငြိမ်မျှ ခြေရှိမှုတို့ကို စနစ်တကျ ထိန်းသိမ်းပါလေ´ ဆိုပြီး လမ်းညွှန်ထားပါတယ်။ ဒီအပိုင်းကို အကျယ်တဝင့် ရှင်းပြရမယ် ဆိုရင် Non- Wasting assests ဆိုတဲ့` ကြွယ်ဝမှုများကို မလေလွင့်စေပဲ သိုမှီးထားခြင်း အပိုင်းကို တင်ပြရပါမယ်။
ဖြစ်နိုင်ချေရှိတဲ့ ပဋိပက္ခတွေကိုတွက်ချက်ပြီး သဘာဝသယံဇာတတွေကို ထုတ်ယူခြင်းမပြုပဲ သဘာဝ အတိုင်း သိုမှီးထားရှိခြင်းကို ‘ကြွယ်ဝမှုများကို မလေလွင့်စေပဲ သိုမှီးထားခြင်း’ ( Non-Wasting assests ) လို့ခေါ် ပါတယ်။ ‘သဘာဝသယံဇာတဆိုတာက ထုတ်ယူသုံးစွဲရန်အတွက်သာဖြစ်သည်’ ဆိုတဲ့အမြင်ဟာ တစ်လမ်းသွား အမြင်ပဲဖြစ်ပါတယ်။ ဒါဟာမထားအပ်တဲ့ အမြင်မျိုးလည်းဖြစ်ပါတယ်။ အထူးသဖြင့် သယံဇာတကျိန်စာသင့်နိုင်တဲ့ အခြေအနေမျိုးမှာ ထုတ်ယူမှုမပြုခြင်းက နိုင်ငံအကျိုး၊ ဒေသအကျိုးကို ပိုမိုဖြစ်ထွန်းစေပါတယ်။ ဥပမာ-ဘူတန် နိုင်ငံဟာ မိမိမှာရှိနေတဲ့ သဘာဝဓါတ်ငွေ့သိုက်တွေကို ထုတ်ယူခြင်းမပြုပဲ သိုလှောင်ထားပါတယ်။
သိပ္ပံနည်းကျ အကဲဖြတ်ချက် (Science based assessments)
သဘာဝပတ်ဝန်းကျင်ရေးရာ စီမံမှုတွေမှာ မူဝါဒတွေချမှတ်သူများဟာ သိပ္ပံပညာရှင်များထံမှ အောက်ပါ အချက်အလက်များကို သိရှိရန်လိုအပ်ပါတယ်။
(၁) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာပမာဏနှင့်နေရာ ဒေသ၏အနေအထား။
(၂) ယခုကိုင်တွယ်ဖြေရှင်းခြင်း မပြုလျှင် အချိန်နှင့်အမျှပြသနာ ကြီးမားကျယ်ပြန့်လာနိုင်သည့် အခြေအနေ။
(၃) လက်ရှိပြသနာမှ အခြားပြသနာများဆီသို့ သက်ရောက်ချိတ်ဆက်သွားနိုင်သည့် အခြေအနေ။
(၄) လက်ရှိပြသနာများကို ဖြစ်စေသည့် အကြောင်းအရင်း။
(၅) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများသည် ပြန်လည်ပြင်ဆင်နိုင်သည့် အခြေအနေမျိုးဟုတ်၏၊ မဟုတ်၏။
(၆) အရေးကြီးသည့် ဂေဟဗေဒကွင်းဆက်များ အထိအခိုက်မခံသည့် အခြေအနေသို့ ရောက်နေခြင်းရှိ၊ မရှိ။
(၇) လက်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများကို ဖြေရှင်းရန် ကုန်ကျမည့် ငွေကြေးနှင့်အချိန်ကာလ။
ဒီလိုဂေဟစနစ်တွေကို မပျက်စီးစေဖို့ `သဘာဝသယံဇာတဆိုင်ရာ မူဝါဒအမှားများ (Policy Failures) မဖြစ်အောင် သတိထားဖို့လိုအပ်ပါတယ်။
သံယံဇာတကြွယ်ဝတဲ့ နိုင်ငံအများအပြားမှာ ဆင်းရဲတွင်းမှ မလွတ်ကင်းနိုင်ပဲ ပဋိပက္ခသံသရာ လည်နေ ရတဲ့ အခြေအနေဆိုးနှင့် ကြုံတွေ့နေရတတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ သဘာဝသံယံဇာတ ထုတ်ယူမှုဆိုင်ရာ မူဝါဒ အလွဲများကြောင့်ဖြစ်ရတယ်လို့ ပညာရှင်များ ထောက်ပြကြပါတယ်။
အဲဒီမူဝါဒတွေကတော့-
(၁) ထုတ်ယူမှုအကန့်အသတ်မထားသောကြောင့် ဈေးကွက်တန်ဖိုးထက် လျော့နည်းလာခြင်း။
(၂) ထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုးများကို လစ်လျူရှုခြင်း။
(၃) လက်ဝါးကြီးအုပ်ထုတ်လုပ်ခွင့်ပြုခြင်း။
(၄) ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များကို ကွယ်ဝှက်ထားခြင်း။ ဆိုးကျိုးများ၊ အလွန်အကျွံထုတ်ယူမှု အခြေအနေ ဆိုင်ရာသတင်းများကို လျှို့ဝှက်ထားခြင်း။
(၅) ဒေသခံများ၏ မြေယာနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို အသိအမှတ်မပြုခြင်း၊ အကာအကွယ်မပေးခြင်း။
(၆) အစိုးရမှ ဆီလျော်မှုမရှိသည့် အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း။ (ဥပမာ- လျာထားချက်မည်ရွေ့မည်မျှ ပြည့်မီရမည်ဟူသော ညွှန်ကြားချက်မျိုး ထုတ်ပြန်ခြင်း)
(၇) နိုင်ငံရေးဆိုင်ရာ၊ မူဝါဒဆိုင်ရာ မတည်ငြိမ်မှုများကြောင့် သံယံဇာတထုတ်ယူနေသူများက အချိန်တိုအတွင်း အများ ဆုံး ထုတ်ယူနိုင်ရင်ကြိုးစားခြင်း။
(၈) အလွန်အကျွံထုတ်ယူခြင်းများ၊ ဘေးထွက်ဆိုးကျိုးများကို အစိုးရက ဖိအားပေးအရေးယူမှု မရှိခြင်း။
သဘာဝသယံဇာတဆိုင်ရာ မူဝါဒအမှားတွေကြောင့် ပျက်စီးဆုံးရှုံးရတဲ့ အကြောင်းကိစ္စတွေမှာ ပြည်သူ တွေ ထိခိုက်ခံစားရမှုဖြစ်ရတဲ့ အနေအထားတစ်ရပ်ကို တင်ပြပါရစေ။ အဲ့ဒါကတော့ Government Spending လို့ခေါ်တဲ့ `အစိုးရအသုံးစရိတ်´ပဲဖြစ်ပါတယ်။
သယံဇာတမှရတဲ့ဝင်ငွေကြောင့် အစိုးရဘဏ္ဍာတိုက်မှာ ငွေအမြောက်အများရှိနေတာကို သိရှိကြတဲ့ ဝန်ကြီးဌာနတွေက သူ့ထက်ငါ အသုံးစရိတ်ပိုမိုတင်ပြနိုင်ဖို့၊ တောင်းခံဖို့၊ ရရှိနိုင်ဖို့ ကြိုးစားလာကြပါတယ်။ များသောအားဖြင့် အကျိုးအမြတ်ကို စနစ်တကျတွက်ချက်ထားခြင်းမရှိတဲ့ စီမံကိန်းကြီးများကို တင်ပြလာကြတယ်။ ရလာဒ်က အကျိုးအမြတ်မများတဲ့ စီမံကိန်းတွေကြောင့် အစိုးရအသုံးစရိတ် အလွန်ကြီးလာပါတော့တယ်။
သံယံဇာတမှဝင်ငွေ အကြောင်းကြောင်းကြောင့်ကျဆင်းသွားတဲ့အခါ အဆိုပါစီမံကိန်းများကို ရပ်တန့်ပစ်ရန် အလွန်ခက်ခဲသွားပါတယ်။ အစိုးရများက အသုံးစရိတ်လျှော့ချဖြတ်တောက်မှုတွေကို ပကတိလုပ်သင့်သည့် အခြေ အနေထက် ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုများနဲ့ အာဏာတည်မြဲဖို့ ထောက်ခံမှုလိုအပ်ချက်အပေါ် မူတည်၍ပြုလုပ်ကြ ပါတယ်။ ဥပမာ- ကာကွယ်ရေး အသုံးစရိတ်ထက် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်ဖြတ်တောက်ခံရရန် အလား အလာပိုများလာ ပါတယ်။
ဆက်လက်ပြီး ကုရ်အာန်(၇း၈၅)မှာ ပါရှိတဲ့-
`ပြီးနောက်အသင်တို့သည် လူသားတို့၏ရပိုင်ခွင့်များကို လျော့ပါးဆုတ်ယုတ်အောင် မပြုကြလေနှင့်´
ဒီလိုလူသားတွေရဲ့ ရပိုင်ခွင့်တွေကို ထည့်သွင်းစဉ်းစားတဲ့အခါမှာ Citizen Deliberation လို့ခေါ်တဲ့ ပြည်သူများရဲ့ ဆွေးနွေးဝေဖန်ပါဝင်မှုကို လက်ခံသဘောတူဖို့ လမ်းကြောင်းဖွင့်ပေးဖို့ အစိုးရမှာတာဝန်ရှိပါတယ်။
လူမှုဘဝနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအပါအဝင် အခြားပြည့်သူ့ရေးရာများမှာ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ် ဖြစ်နိုင်ချေများအပေါ် ပြည်သူတွေရဲ့ ထင်ဟပ်သုံးသပ်ဆွေးနွေးမှု (Citizen deliberation) လိုအပ်ပါတယ်။ အစိုးရ သတင်းမီဒီယာနှင့် ကျွမ်းကျင်သူပညာရှင်များက မှန်ကန်မျှတတဲ့ သတင်းအချက်အလက် များ၊ လေ့လာချက်များနှင့် အထောက်အကူပြုရမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ လူမှုဘဝ၊ ရပ်ရွာသဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်လာမယ့် မည်သည့်ကိစ္စအတွက်မဆို သက်ဆိုင်တဲ့ သတင်းအချက်အလက် အားလုံးကို ရပ်ရွာမှသိရှိခွင့်ရှိရပါမယ်။
အဲဒီကမှတဆင့် ရပ်ရွာအပေါ်အကျိုးသက်ရောက်မဲ့ မည့်သည့်ဆုံးဖြတ်ချက် ချမှတ်ရာတွင်မဆို ရပ်ရွာမှ ပါဝင် ခွင့်ရှိရမယ်။ ဤသည်မှာ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ပါတယ်။ ဒါကို Community Right to Know ရပ်ရွာ လူ့အဖွဲ့အစည်းရဲ့ သိရှိပိုင်ခွင့် လို့ခေါ်ပါတယ်။
လူသားတွေရဲ့ ရပိုင်ခွင့်ကို စဉ်းစားရမယ်ဆိုရင် Generational Justice လို့ခေါ်တဲ့`အနာဂါတ် မျိုးဆက် သစ်များအပေါ်တရားမျှတခြင်း´ဆိုတဲ့ အပိုင်းကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များ၊ သဘာဝသယံဇာတများကို တူးဖော်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်များမှာ နောင်မျိုးဆက်များရဲ့ သာယာဝပြောရေးကိုပါ ထည့်သွင်းစဉ်းစားပေးရပါမယ်။ ဒါဟာ နောက် မျိုးဆက်များအပေါ် တရားမျှတစွာ စဉ်းစားပေးခြင်းဖြစ်ပြီး(Generational Justice) လို့ခေါ်ပါတယ်။
တစ်ဖက်ပြန်ကြည့်ရင် ငွေကြေးချေးငှားခြင်းဆိုတာက အနာဂါတ်မှာရရှိမည့်ငွေကြေးကို ပစ္စပ္ပုန်မှာ ကြိုတင် သုံးစွဲခြင်းဖြစ်တဲ့အတွက်၊ သဘာဝသယံဇာတတွေကို အလွန်အကျွံထုတ်ယူခြင်းဟာလည်း အနာဂါတ်မှာ ကျန်ရှိနေ သင့်တဲ့ အခြေအနေတွေမှာ ကြိုတင်ဖဲ့ယူသုံးစွဲခြင်းသာဖြစ်ပါတယ်။ ဒါကို အနာဂါတ်မှလုယူခြင်း (Looting from the future) လို့ ခေါ်ဆိုပါတယ်။
သယံဇာတထုတ်ယူမှုလုပ်ငန်းဟာ ထုတ်ကုန်ထုတ်တဲ့ လုပ်ငန်းအမျိုးအစား(အသစ်ဖန်တီးခြင်း) မဟုတ်ပဲ၊ ရရှိပြီးသား အခြေအနေထဲမှ မိမိဝေစုပိုမိုရရှိရေးအားထုတ်မှုသာဖြစ်ပါတယ်။ ဥပမာ- ကိတ်မုန့်အသစ် ထုတ်လုပ် ခြင်း မဟုတ်ပဲ၊ ရှိပြီးသားကိတ်မုန့်ကို မိမိအတွက် အများဆုံးရအောင် ကြံစည်ခြင်းသာဖြစ်တယ်။
အစိုးရရဲ့ အုပ်ချုပ်မှုညံ့ဖျင်းနေတဲ့အခါ သယံဇာတထုတ်ယူမှုကနေ အကျိုးအမြတ်များစွာရှိနေတဲ့ လုပ်ငန်း ရှင်များက အခြားတီထွင်ဖန်တီးရတဲ့ လုပ်ငန်းများကိုပစ်ပယ်၍ သံယံဇာတထုတ်ယူရေး လုပ်ငန်းများ ဖက်ဆီသို့
ဝင်ရောက်လာကြပါတယ်။ ရလာဒ်အနေနှင့် ရေရှည်အတွက်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတန်ဖိုး လျော့ကျ လာရတယ်။ သယံဇာတပမာဏ လျော့ကျလာတာနဲ့အမျှ စီးပွားရေးအခြေအနေလည်း ပို၍ပို၍ ယိုယွင်းလာတတ်ပါတယ်။
တစ်စုံတစ်ယောက်အတွက် ကိတ်မုန့်၊ ဝေစု အများစုကို ရရှိခြင်းဟာ အခြားလူများအတွက် ကိတ်မုန့်ဝေစု လျော့နည်းရခြင်းဟူသော အဓိပ္ပါယ်မျိုးဖြစ်တဲ့အတွက် အဲဒီအခြေအနေမှာ အုပ်စုအချင်းချင်း၊ လူမျိုးစုအချင်းချင်း ပဋိပက္ခများ ပိုလာတတ်ပါတယ်။
ဆက်လက်ပြီး ကုရ်အာန်(၇း၈၅)မှာ-
`ထို့ပြင်သင်တို့သည် ကမ္ဘာမြေကြီး ဟန်ချက်ညီ ဦးတည်နေမှုကိုလည်း ပျက်စီးရာ၊ ပျက်စီးကြောင်း မပြု လုပ်ကြလေနှင့်´ လို့ဆိုထားပါတယ်။
ဒီလမ်းညွှန်ချက်အရဆိုရင် နိုင်ငံတစ်နိုင်ငံမှာ သဘာဝသယံဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံ တူးဖော်တဲ့အခါမှာ Tranparency And Regulation In Invesment လို့ခေါ်တဲ့ `စည်းမျဉ်း စည်းကမ်းနှင့်ပွင့်လင်းမြင်သာမှု´အပိုင်းဟာ အလွန်အရေးကြီးပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံသူများနဲ့ အိမ်ရှင်အစိုးရတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများနဲ့ အပေးအယူ ကိစ္စများ ဟာ ပွင့်လင်းမြင်သာမှုရှိလေလေ အိမ်ရှင်တိုင်းပြည်အထိအခိုက်နည်းလေလေဖြစ်ပါတယ်။ အကြောင်းမှာ ပွင့်လင်း မြင်သာမှုမရှိလျှင် အများပြည်သူတို့၏ စောင့်ကြည့်ထိန်းချုပ်နိုင်မှုမှာ အကန့်အသတ်ဘောင်တစ်ခုထဲသို့ ရောက် သွားသောကြောင့်ဖြစ်ပါတယ်။
မှန်ကန်မျှတသော ပွင့်လင်းမြင်သာမှုမရှိလျှင် အကျိုးအမြတ်အများစုကို ပြည်ပရင်းနှီးမြှုပ်နှံသူများက ရရှိ သွားပြီး ဘေးထွက်ဆိုးကျိုးနှင့် သယံဇာတဆုံးရှုံးမှုတွေကို အိမ်ရှင်နိုင်ငံနှင့် ပြည်သူများကခံစားကြရမှာဖြစ်ပါတယ်။ သဘာဝသံယံဇာတ၊ နည်းပညာနှင့် စည်းမျဉ်းစည်းကမ်းတို့ ပေါင်းစည်းညီညွတ်ပါက အိမ်ရှင်နိုင်ငံ အကျိုးအမြတ် ရရှိပြီး ထို(၃)ခုအနက် စည်းမျဉ်းစည်းကမ်းကို ဖယ်ထုတ်လိုက်ပါက အိမ်ရှင်နိုင်ငံအနေနှင့် ပျက်စီးပြုန်းတီးမှုဆီသို့ သာ ဦးတည်သွားမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့တင်ပြချင်တာကတော့ Extractive Industries Transparency Initiative လို့ခေါ်တဲ့ “ တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖေါ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖေါ်ဆောင်ခြင်း” ဆိုတဲ့ အခန်းကဏ္ဍကို လုပ်ဆောင်ဖို့ နိုင်ငံတော်သမတကြီးကိုယ်တိုင် (၂ဝ၁၄.၆.၄) မှာ လက်မှတ်ရေးထိုးလိုက်ပါပြီး။
အတိုကောက်အားဖြင့်တော့ E I T I လို့လည်းခေါ်ပါတယ်။ E I T I ဆိုတာက နိုင်ငံတစ်နိုင်ငံမှာ သဘာဝ တွင်းထွက်သယံဇာတတွေကို နိုင်ငံခြားကဖြစ်စေ၊ ပြည်တွင်းကုမ္ပဏီတစ်ခုကဖြစ်စေ တူးဖေါ်မယ်ဆိုရင် (၁)အစိုးရ၊ (၂)ကုမ္ပဏီ၊ (၃)အရပ်ဖက်လူ့အဖွဲ့အစည်းတွေ သုံးဦးသုံးဖလှယ် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်ရပြီးပါမှ လုပ်ငန်းလုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီအခါမှာ သက်ဆိုင်ရာကုမ္ပဏီဟာ အစိုးရနဲ့ကြီးပဲ သူ့အကျိုးအတွက် ပေါင်းရိုက် လို့မရတော့ပါဘူး။ သူဘာပစ္စည်းတူးဖေါ်မယ်။ ဘယ်အတိုင်းအတာအထိတူးဖေါ်မယ်။ လုပ်ငန်းကြောင့် ထိခိုက် နစ်နာတဲ့ ပြည်သူတွေကို ဘယ်လိုလျော်ကြေးပေးမယ်။ နိုင်ငံအတွက်အကျိုးအမြတ်ဘယ်လောက်ပေးမယ်၊ အစရှိ တဲ့ ကိစ္စတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ ပွင့်ပွင့်လင်းလင်းဆွေးနွေးရတော့မှာဖြစ်တယ်။ နိုင်ငံအတွက်၊ ပြည်သူအတွက်အကျိုးရှိမှ လုပ်ငန်းကို လုပ်ဆောင်ခွင့်ရမှာဖြစ်တယ်။ ဒါဟာ နိုင်ငံအတွက်အကျိုးရှိမဲ့ လုပ်ငန်းစဉ်ပါ။ ဒီလုပ်ငန်းမှာ ပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အင်တိုက်အားတိုက်ပါဝင်ကြဖို့လိုပါလိမ့်မယ်။ ကျနော်တို့ “ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့” အနေနဲ့လည်း E I T I ဆိုင်ရာပြည်သူ့အသိပညာပေးရေးအစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေပါကြောင်း အသိပေးရင်းနဲ့ ဒီနေ့ခွတ်ဗါဟ်ကို နိဂုံးချုပ်လိုက်ပါတယ်။