ဒီးနှ်နှင့် မဇ်ဟဗ် – ကုရ်အာန်သုတေသီ ဦးမြင့်အောင်

ဒီန်း နှင့် မဇ်ဟဗ်

               လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်း အပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´

            ယခုလို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပတ်သက်ပြီးတော့ သောကြာခွတ္တဗါဟ်မှာ တင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနဲ့ ကြွရောက်လာကြတဲ့ ဂျမာအသ်သူ/ သားများကို ဒီနေရာကနေ ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါ တယ်။

ကျွန်တော် ဒီနေ့ ဟောပြောမယ့်ခေါင်းစဉ်ကတော့ `ဒီးန် နှင့် မဇ်ဟဗ်´ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။

“ အဒ်ဒီးန်နု ” ဆိုတဲ့စကားလုံးဟာ `ဒါလ်၊ ယာ၊ နွန်´ ဆိုတဲ့ ဗျည်းအက္ခရာသုံးလုံးမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။       `သြဇာအာဏာ၊ ကျိုးနွံစွာ လိုက်နာကျင့်သုံးရာလမ်းစဉ်၊ တရားဓမ္မ စီမံခန့်ခွဲမှု၊ စီရင်ဆုံးဖြတ်ခြင်း၊ နောက်ဆုံးရလဒ် အကျိုးပေးခြင်း´ဆို တဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ “အဒ်ဒီးန်နု” ကို (၆၂)ကြိမ်ထိ သုံးထားပါတယ်။

လူမျိုးတိုင်း၊ အုပ်စုတိုင်းမှာ ယုံကြည်ချက်တွေရှိကြပါ တယ်။ ယေဘုယျအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။

(၁) “ လိုင်းဆ ခါလစ်က် ” (Non-Creator) ထာဝရဖန်ဆင်းရှင် (၀ါ) ထာဝရပြုစုပျိုးထောင်ရှင်မရှိသော ယုံကြည်ချက်

(၂) “ ခါလစ်က် ” (Creator) ထာဝရဖန်ဆင်းရှင် (၀ါ) ထာဝရပြုစု ပျိုးထောင်ရှင်ရှိသော ယုံကြည်ချက်ဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဘာသာတရားကြီး(၄)ခုရှိတယ်ဆိုပြီး အများစုက သတ်မှတ်ထားကြပါတယ်။ အဲဒီဘာသာကြီးလေးခုက (၁) ခရစ်ယာန်ဘာသာ (၂) အစ္စလာမ်ဘာသာ (၃) ဟိန္ဒူဘာသာ (၄) ဗုဒ္ဓဘာသာ တို့ဖြစ်ပါတယ်။ ကျန်ဘာသာလေးတွေလည်း ရှိပါ သေးတယ်။ ဥပမာ- ဂျူးဘာသာ၊ ဂျိန်းဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ၊ တာအိုဘာသာ၊ ဆစ်ဘာသာ၊ ရှင်တိုဘာသာ၊ ဖာရစီဘာသာ၊ ဘဟာအီဘာသာ စသဖြင့် ဘာသာတရားလေးတွေလည်း ရှိပါ တယ်။

အစ္စလာမ်ဆိုတာ ဘာသာမဟုတ်ပါဘူး။ ကျမ်းတော်မြတ် ကုရ်အာန်မှာ ဖော်ပြထားသည်မှာ “ အဒ်ဒီးန်နုလ် အစ်စလာမ် ” ပြီးပြည့်စုံသော လူ့ဘ၀တည်ဆောက်မှုလမ်းစဉ် ( A Complete Code of Life) ဖြစ်ပါတယ်။ အစ္စလာမ်မှာ ထာဝရပြုစုပျိုးထောင်ရှင် ကို “အလ္လာဟ်”(Allah, Lord)လို့ခေါ်ပါတယ်။ အခြားဘာသာတရား တွေမှာ ထာဝရပြုစုပျိုးထောင်ရှင်ကို(God, Yahuwa, Pramatma) စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ဘာသာ (Religion) ဆိုတာ စကား၊ အယူဝါဒ၊ ဓလေ့ထုံးစံတို့ ပေါင်းစပ်ထားခြင်းကို ခေါ်ပါတယ်။

ဒီးန်ဆိုတဲ့ ဘ၀တည်ဆောက်မှုလမ်းစဉ်ဟာ အလ္လာဟ် အရှင်မြတ်ထံတော်၌ အစ္စလာမ်သာလျှင် ဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၃) အာယတ်(၁၉)မှာ-

“ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒီးန် လူ့ ဘ၀တည်ဆောက်မှုလမ်းစဉ်ဟူသည် အစ္စလာမ် နာခံအပ်နှင်းခြင်း ပင်တည်း ” လို့ဖော်ပြထားပါတယ်။

            “အလ်အစ်လားမု” `ဘ၀ခရီးပန်းတိုင်သို့ လျှောက်လှမ်းရာ တွင်ညွှန်ပြသည့် လူ့ဘ၀တည်ဆောက်မှုလမ်းစဉ်´ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ “အလ်အစ်လားမု”  ကို (၆)ကြိမ်ထိ သုံးထားပါတယ်။ ဒီးန်တွင် အတင်းအဓမ္မစနစ် လုံးဝမရှိ ပါ။ ဒီးန်စနစ်တွင် မည်သည့်ယုံကြည်ချက်၊ မည်သည့်လုပ်ဆောင် ချက်ကိုမှ အတင်းအဓမ္မ အမိန့်ပေး စေခိုင်းလို့မရပါဘူး။ ဆူရာဟ် (၂)  အာယတ်(၂၅၆)မှာ –

“ ဒီးန်တွင် အတင်းအဓမ္မစနစ် လုံးဝမရှိပါ ”

အစ္စလာမ်ဒီးန်စနစ်မှာ အလ္လာဟ်ကို ယုံကြည်ချင်လည်းရ တယ်။ မယုံကြည်ချင်လည်းရပါတယ်။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် လူသားတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သိထားရမှာက အလ္လာဟ်အရှင်မြတ်ဟာ မိမိတို့ပြောသမျှ၊ နှလုံးသားအတွင်းမှ ကြံ စည်သမျှကို အကြွင်းမဲ့ ကြား/သိတော်မူသောအရှင် ဖြစ်ပါတယ်။

အစ္စလာမ်ဟာ တစ်ခုတည်းသော လူ့ဘ၀တည်ဆောက် မှုလမ်းစဉ် ဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ဟာ အလ္လာဟ် အရှင်မြတ်ထံမှ ရစူလ်တမန်တော်မြတ်(ဆွ)ထံသို့ နောက်ဆုံးချပေး သော လူ့ဘ၀တည်ဆောက်မှု လမ်းညွှန်ကျမ်းဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်ဟာ ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်ဖြင့် ဒီးန်လူ့ဘ၀တည်ဆောက်မှုလမ်းစဉ်၊ အရှင်မြတ် ရဲ့ကျေးဇူးတော်တွေကို အပြည့်အ၀ ချီးမြှင့်ပေးတော်မူခဲ့ပြီး ဖြစ်ပါ တယ်။ အဲဒီအပြင် အလ္လာဟ်အရှင်မြတ်ဟာ (အစ္စလာမ်) နာခံအပ် နှင်း၊ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော် ဆောင် ရွက်ခြင်းကို (ဒီးန်)ဘ၀တည်ဆောက်မှုလမ်းစဉ်အဖြစ် သဘောတူ နှစ်မြို့တော်မူပြီး ဖြစ်သည်။ (ဆူရာဟ် – ၅း၃)

“မည်သူမဆို အစ္စလာမ် နာခံအပ်နှင်းခြင်းမှတပါး အခြား သော သာသနာတစ်ရပ်ရပ်ကို ရှာဖွေဆည်းပူးပါက အလ္လာဟ် အရှင်မြတ် လက်ခံသဘောတူ နှစ်မြို့မှုကို ထိုသူ အလျဉ်းခံရမည် မဟုတ်ပါ။ ၄င်းပြင် ထိုသူသည် အနာဂတ်ကာလတစ်လျှောက် ပျက်စီးဆုံးရှုံးသူများတွင် တစ်ဦးအပါအ၀င် ဖြစ်သွားပေမည်” (ဆူရာဟ် – ၃း၈၅)

တဖန် ဆူရာဟ်(၂) အာယတ် (၂၀၈)မှာ –

“ အို — အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင် တို့သည် အစ္စလာမ့်စည်းမျဉ်းဥပဒေဘောင်အတွင်းသို့ လုံးလုံးလျား လျား (ကိုယ်၊ နှုတ်၊ နှလုံး) သုံးပါးစလုံးဖြင့် ၀င်ရောက်ကြလေကုန်။ ၄င်းပြင် ရှိုင်တွာန်(အဖျက်အင်အားစု)၏ လမ်းကြောင်းနောက်သို့ ဖ၀ါးခြေထပ် မလိုက်ကြလေနှင့်။ မုချဧကန် ထိုရှိုင်တွာန်သည် အသင်တို့အဖို့ ထင်ရှားလှစွာသော ရန်သူပင်ဖြစ်သည် ”

ယနေ့ခေတ် မွတ်ဆလင်မ်ဆိုသူ (မွတ်ဆလင်မ်အမည်ခံ ထားသူ)တစ်ချို့ဟာ အစ္စလာမ်က လမ်းညွှန်ထားတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေကို နားလည်မှုလွဲမှားပြီး တစ်ဘက်စွန်းရောက်ကာ ရှိုင်တွာန်အဖျက်အင်အားစုနောက်သို့ ဖ၀ါးခြေထပ်လိုက်၍ အကြမ်း ဖက်နေကြခြင်းဖြစ်တယ်လို့ထင်ပါတယ်။ အစ္စလာမ်ဆိုတာ ငြိမ်း ချမ်းရေးကိုဖော်ဆောင်သော စနစ်ဖြစ်တယ်။ အစ္စလာမ်ကို လိုက်နာ သူ မွတ်ဆလင်မ်ဆိုတာလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်သူသာ လျှင်ဖြစ်ပါတယ်။ မွတ်ဆလင်မ်နှင့် အကြမ်းဖက်မှုဆိုတာ တစ်ခြားစီ ပါပဲ။ တွဲသုံးလို့မရပါဘူး။

          “ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ဒီးန် ဘ၀တည်ဆောက်မှုလမ်းစဉ်တော်ကို ရွေးချယ်ခဲ့ပြီးဖြစ်ရာ အသင်တို့သည် အမိန့်တော်ကို နာခံအပ်နှင်း၊ လွှဲအပ်လိုက်နာသော မွတ်ဆလင်မ်များအဖြစ်နှင့်သာ ဘ၀ကို နိဂုံးအဆုံးသတ်ကြလေ ကုန်။”   (ဆူရာဟ် – ၂း၁၃၂)

အစ္စလာမ် လူ့ဘ၀တည်ဆောက်မှုလမ်းစဉ်ကို လိုက်နာ သူကို မွတ်ဆလင်မ်ဆိုပြီး အမည်ပေးခဲ့တာ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်ဖြစ်ပါတယ်။ ဆူရာဟ် (၂၂) အာယတ် (၇၈) မှာ –

“ အရှင်မြတ်သည် အသင်တို့အား မွတ်ဆလင်မ်များဟူ၍ အမည်ပညတ်တော်မူခဲ့ပြီး ဖြစ်သည် ”

ယနေ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကြီးကို ကြည့်မယ် ဆိုရင်အုပ်စုနှစ်ခုကွဲနေတယ်။ ရှီအာမွတ်ဆလင်မ်၊ စွန္နီမွတ်ဆလင်မ် ဆိုပြီး အုပ်စုနှစ်ခုကွဲနေခြင်းဟာ အလွန်အင်မတန်မှ ကြေကွဲဝမ်း နည်းစရာ ကောင်းလှပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ကြိုး (ကုရ်အာန်)ကို အသင်တို့ ဆွဲကိုင်ထားကြ၊ အသင်တို့ အုပ်စုတွေ မကွဲကြနှင့် လို့ သွန်သင်ဆုံးထားပါတယ်။

မုအ်မင်န် မွတ်ဆလင်မ်တိုင်း “သွာဂူးသွန်” ကို ကာဖရ် လုပ်ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုးကွယ်ရာ အမှားတွေကို ငြင်းပယ်ရမှာဖြစ်ပါတယ်။ ဒီးန်စနစ်ဟာ ကုဖ်ရ် မှ အစ္စလာမ်ဆီသို့ ပို့ဆောင်ပေးပါတယ်။ တနည်းအားဖြင့် အမှောင် မှ အလင်းဆီသို့ ပို့ဆောင်ပေးပါတယ်။

ရှိုင်တွာန်ရဲ့အယူဝါဒလမ်းကြောင်းဟာ အစ္စလာမ်မှ ကုဖ်ရ်ဆီသို့ ပို့ဆောင်ပေးပါတယ်။ တနည်းအားဖြင့် အလင်းမှ အမှောင်သို့ ပို့ဆောင်ပေးပါတယ်။ ဒီးန်က မူကိုအခြေခံထားပါ တယ်။ မဇ်ဟဗ်က လူကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအ တွက် အစ္စလာမ်ဟာ မိုဟာမေဒင်ဘာသာ မဟုတ်ပါဘူး။ မုဟမ္မဒ်ရဲ့ အယူဝါဒမဟုတ်ပါဘူး။ အစ္စလာမ်ဒီးန်စနစ်ဟာ မုဟမ္မဒ်(ဆွ) လက် ထက်ကျမှ စတင်ခဲ့ခြင်းမဟုတ်ပါဘူး။ အလ္လာဟ်ဟာ အစ္စလာမ် ဒီးန် စနစ်ကို ခေတ်တိုင်း၊ စနစ်တိုင်းမှာရှိခဲ့ကြတဲ့ လူမျိုးအုပ်စု အသီးသီး အတွက် သက်ဆိုင်ရာ ဘာသာစကားအသီးသီးနဲ့ လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါတယ်။

လူသားပညာရှင်များက ဒီးန်စနစ်ကို ဟန္နဖီ၊ ရှာဖီအီ၊ မာလီကီ၊ ဟန်ဗလီဆိုပြီး မဇ်ဟဗ်ဘာသာရေး ဂိုဏ်းအယူဝါဒများ အဖြစ် အစိပ်စိပ်အမွှာမွှာ ခွဲခဲ့ကြပါတယ်။ ဒီးန်က စဉ်းစားတွေးခေါ် ခိုင်းတယ်။ မဇ်ဟဗ်က ပုံတူကူးချခိုင်း၊ အတုခိုး လိုက်လုပ်ခိုင်းပါ တယ်။ ဒါကြောင့် မဇ်ဟဗ်ဘာသာရေး ဂိုဏ်းအယူဝါဒဟာ တရသေ ၀ါဒ၊ နောက်ကြောင်းပြန် တွန်းပို့ပေးတဲ့ဝါဒ ဖြစ်ပါတယ်။ ဆူရာဟ် (၃၄) အာယတ် (၄၆) မှာ “ သွမ်မ သက်သဖက်ကရူး ” `ပြီးနောက် အသင်တို့ စဉ်းစားဆင်ခြင်ကြပါ´

ဒီးန်စနစ်က စဉ်းစားဆင်ခြင် တွေးခေါ်မှုမရှိတဲ့သူဟာ တိရစ္ဆာန်ထက် သေးသိမ်ညံ့ဖျင်းသူ ဖြစ်တယ်လို့ဆိုပါတယ်။ ဆူရာဟ် (၇) အာယတ် (၁၇၉) မှာ –

          “ စဉ်းစားတွေးခေါ်မူ အသိဉာဏ်ကို အသုံးမချသော သူများသည်သာလျှင် တိရစ္ဆာန်ထက် သေးသိမ်ညံ့ဖျင်းသူ၊ လမ်း လွဲလမ်းမှားသူများ ဖြစ်တယ် ” လို့ဖော်ပြထားပါတယ်။ စဉ်းစားတွေး ခေါ်မယ်ဆိုရင် အစွဲကင်းရမည်။ အစွဲရှိနေမယ်ဆိုရင် တစ်ဖက်စွန်း ရောက်သွားနိုင်ပါတယ်။ အစွဲကင်းမှ တိကျမှန်ကန် ခိုင်လုံတဲ့ အမှန် တရား၊ အသိပညာတွေကို ရရှိမှာဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်တဲ့ အခါ အလ္လာဟ်အရှင်မြတ်ရဲ့ အာယတ် (သက်သေလက္ခဏာ)တွေ အလ္လာဟ်အရှင်မြတ် ဖြစ်ထွန်းပေါ်ပေါက်စေထားမှု (ဖန်ဆင်းခံ)တွေ ကမ္ဘာလောက ပတ်ဝန်းကျင်တခွင်တပြင်လုံးကို စဉ်းစားတွေးခေါ် သုတေသနပြုနိုင်ပါတယ်။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဇာတိ၊ အရှိကိုတော့ စဉ်းစားတွေးခေါ်နိုင်မှာ မဟုတ်ပါဘူး။

အလ္လာဟ်အရှင်မြတ်က မိမိထံမှ ထုတ်ပြန်ပို့ချထားသော ကျမ်းမြတ်ကုရ်အာန်ကိုပင် လေ့လာသုတေသနပြုဖို့ လမ်းညွှန်ထား ပါတယ်။ မုအ်မင်န် မွတ်ဆလင်မ်တစ်ယောက်အနေနဲ့ ဦးစွာပထမ မိမိတို့ ဒွိဟသံသယမရှိ၊ အကြွင်းမဲ့ လက်ခံယုံကြည်ထားတဲ့ ကျမ်း မြတ်ကုရ်အာန်ပါ အကြောင်းအရာတွေ၊ လမ်းညွှန်ချက်တွေဟာ ဘာတွေလဲ။ ကျမ်းတော်မြတ်ကုရ်အာန်ကို ဘာကြောင့် ထုတ်ပြန်ပို့ ချရသလဲ ဆိုတာ သိရှိဖို့ အထူးပဲလိုအပ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်ဟာ လူသားတွေရဲ့ တွေးခေါ်မြော် မြင်မှု သဘောတရားတွေကို လှုံ့ဆော်ပေးပါတယ်။ လူနှင့်လူ့ပတ် ၀န်းကျင်ကိုလေ့လာစေပါတယ်။ စကြာဝဠာကြီးကို ထိုးထွင်းဖောက် ထွက်ရန် တိုက်တွန်းနှိုးဆော်ပေးပါတယ်။ နေ့နှင့်ည ပြောင်းလဲပုံကို လေ့လာခိုင်းပါတယ်။ မိုးလေ၀သနှင့် ရာသီဥတုကိုလည်း လေ့လာ ခိုင်းပါတယ်။ ကျဆုံးပြိုပျက်သွားခဲ့ရသော လူ့သမိုင်းတွေကို လေ့ လာပြီးသင်ခန်းစာယူခိုင်းပါတယ်။ ဆန့်ကျင်ဘက် သဘောတရား တွေကိုလည်း လေ့လာခိုင်းထားပါတယ်။ မုအ်မင်န် မွတ်ဆလင်မ် တွေ လေ့လာဖို့လိုအပ်တဲ့ ပညာရပ်တွေကို ဖော်ပြထားတဲ့အနက် တစ်ခု၊ နှစ်ခုလောက် တင်ပြပါရစေ။ ဆူရာဟ်(၃) အာယတ် (၁၉၀) မှာ –

“ ဧကန်မုချ မဟာစကြာဝဠာနဲ့ ကမ္ဘာဂြိုဟ်တို့အား ဆင့်ကဲဖြစ်ပေါ် ဖန်ဆင်းမှု၌လည်းကောင်း၊ နေ့နှင့်ညတို့၏ ပြောင်း လဲမှုတို့၌လည်းကောင်း၊ ပညာရှိသုခမိန်တို့အတွက် ထင်ရှားသော သက်သေလက္ခဏာတွေ အများကြီးရှိပါတယ်။ ”  ဒါ့အပြင် ဆူရာဟ် (၃၅) အာယတ် (၂၇)နဲ့ (၂၈)မှာ –

“ အသင်မမြင်လေသလော။ ဧကန်မုချ ငါ အလ္လာဟ် အရှင်မြတ်ဟာ မိုးကောင်းကင်မှ ရေကို ချပေးတော်မူခဲ့၏။ ထို့နောက် ထိုရေဖြင့် အရောင်အသွေးအမျိုးမျိုး ကွဲပြားခြားနားနေ သော သစ်သီးဝလံများကို (ဖူးပွင့်သီး)စေခဲ့၏။ ထိုနည်းတူစွာ တောင်များအတွင်း အဖြူရောင်ရှိသော သတ္တုဒြပ်စင်များ၊ အနီရောင်ရှိသော သတ္တုဒြပ်စင်များ၊ အချို့မှာ အမဲရောင်ရှိသော သတ္တုဒြပ်စင်များ စသည်ဖြင့် အရောင်အမျိုးမျိုး ကွဲပြားနေသည်ကို အသင်တို့ မမြင်ကြလေသလော ”

“ ထို့ပြင် လူသားများတွင်လည်းကောင်း၊ သက်ရှိ သတ္တ၀ါ များတွင်လည်းကောင်း၊ တိရစ္ဆာန်များတွင်လည်းကောင်း၊ အရောင် အဆင်းအစုံ ရှိကြပါသည်။ ၄င်းပညာရပ်များကို ဆည်းပူးလေ့လာ သုတေသနပြုသူများသည်သာလျှင် `အိုလမာ´ပညာရှင်များ ဖြစ် ကြသည်။  ”

အရှေ့မှာတင်ပြခဲ့တဲ့ အာယတ်တော်တွေအရ အလ္လာဟ် အရှင်မြတ်က `အိုလမာ´ပညာရှင်များဟာ မိုးလေ၀သနှင့်ဇလဗေဒ လယ်ယာစိုက်ပျိုးရေး၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ဓါတ်သတ္တုရှာဖွေရေး၊ ကျောက်မျက်ရတနာ၊ ဆေးပညာ၊ သတ္တဗေဒ၊ ခန္ဓာဗေဒ စတဲ့ပညာ ရပ်တွေကို အသီးသီး လေ့လာဆည်းပူး သုတေသနပြုဖို့ လမ်းညွှန် ထားပါတယ်။ တဖန် ဆူရာဟ် (၁၂) အာယတ် (၁၁၁)မှာ –

“ ကျမ်းတော်မြတ်ကုရ်အာန်တွင် ဖော်ပြထားသော တမန်တော်များနှင့် ရှေးလူဟောင်းတို့၏အကြောင်း အတ္ထုပ္ပတ္တိတို့၌ စဉ်းစားဆင်ခြင် သိမြင်နားလည်သူတို့အဖို့ ကြီးမားလှစွာသော သင်ခန်းစာများရှိ၏ ” အဲဒီအတွက် ကုရ်အာန်မှာ ဖော်ပြထားတဲ့ တမန်တော်မြတ်တွေအကြောင်း၊ ရှေးလူဟောင်းတို့ရဲ့ အတ္ထုပ္ပတ္တိ တွေကို လေ့လာပြီး သင်ခန်းစာယူရမှာဖြစ်ပါတယ်။ ကုရ်အာန်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများနှင့် ပညာရပ်အသီးသီးဟာ မုအ်မင်န် မွတ်ဆလင်မ်တိုင်း လေ့လာဆည်းပူး သုတေသနပြု လိုက်နာကျင့်သုံးဖို့ ဖရဇ်တာဝန် (၀ါ) မပြုမနေရတာဝန်တစ်ရပ် ဖြစ်ပါတယ်။

ဒါပေမဲ့ မွတ်ဆလင်မ်ဆိုသူတွေဟာ မိမိတို့ သတ်မှတ်ပြ ဌာန်းထားတဲ့ အယူဝါဒတွေနဲ့ မိမိတို့ရဲ့ တိုးတက်အောင်မြင်မှုတွေ ကို တားမြစ်ပိတ်ပင်ထားကြပါတယ်။ ရှေးယခင်က ကြားဖူးနားဝ အကြောင်းအရာတွေနဲ့ အဆင့်ဆင့် ယုံကြည်လာခဲ့ကြတဲ့ တဆင့် စကားများကို ယုံကြည်လက်ခံထားကြပြီး စစ်မှန်တဲ့ တမန်တော်ရဲ့ စကား အလ္လာဟ်အရှင်မြတ်ရဲ့လမ်းညွှန် ကုရ်အာန်ကို မျက်ကွယ် ပြုထားကြပါတယ်။

ကျမ်းမြတ်ကုရ်အာန်ကို စူးစမ်းလေ့လာခြင်းမရှိဘဲ မျက် ကွယ်ပြုထားကြတဲ့အတွက် အလ္လာဟ်အရှင်မြတ် ဖြစ်ထွန်းပေါ် ပေါက်စေထားတဲ့ သဘာဝနိယာမ တရားနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေလက္ခဏာတွေကပေးတဲ့ မည်သည့်အကျိုးတရားကိုမှ မိမိ လည်း မခံစားရ၊ မိမိရဲ့လူ့အဖွဲ့အစည်းကိုလည်း မျှဝေခံစားနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီသဘာဝနိယာမ တရားရဲ့ အပြစ်ပေးမှုကိုသာ မိမိ အပါအ၀င် မိမိရဲ့လူ့အဖွဲ့အစည်းတစ်ရပ်လုံး ခံစားရပါတော့တယ်။

မွတ်ဆလင်မ်ဆိုသူတွေရဲ့ အသိုင်းအ၀ိုင်းမှာက`အင်လင်မ်´ ဆိုရင် ယခု ဘာသာရေးကျောင်းကြီး၊ ကျောင်းငယ်တွေမှာ သင်နေ တဲ့ပညာကိုသာ `အင်လင်မ်´လို့သိထားကြပါတယ်။ အမှန်တကယ် မှာတော့ `အင်လင်မ်´ဆိုတဲ့ပညာဟာ အလွန်အင်မတန်မှ ကျယ် ပြန့်လှပါတယ်။ ဒါကြောင့် ယနေ့ခေတ် မွတ်ဆလင်မ်ဆိုသူတွေ ဟာ အခြားသောပညာရပ်တွေကို (တနည်းအားဖြင့်) အတန်းပညာ ကို ဒီးန်နဲ့မပတ်သက်ဘူး။ မွတ်ဆလင်မ်တွေအတွက် မလိုအပ်ဘူး၊ အသုံးမ၀င်ဘူး၊ အသုံးမတဲ့ဘူး၊ အကျိုးမရှိတဲ့ပညာရပ်တွေ ဆိုပြီး တော့ မိမိတို့ရဲ့ရင်သွေးငယ်တွေ၊ ခေတ်ကာလရဲ့ မျိုးဆက်သစ် တွေကို ပိတ်ပင်တားမြစ်မှုတွေ၊ မိမိတို့သားသမီးတွေကို မသင်ကြား ခြင်းတွေ၊ သင်ကြားလျက်နဲ့ တစ်ဝက်တစ်ပျက်နဲ့ သင်ကြားခွင့် မပေးတော့တာတွေဟာ စိတ်ပျက်စရာကောင်းလောက်အောင် တွေ့မြင်နေရပါသေးတယ်။ (ပြုပြင်ကြပါတော့)

ဒီးန်နွလ်အစ္စလာမ်မှာ အခြေခံအားဖြင့် မဏ္ဍိုင်ကြီး(၅)ခု ရှိပါတယ်။ (၁) အီမာန် (၂) ဆွလာသ် (၃) ဆွီယာမ် (၄) ဇကားသ် (၅) ဟဂ်ျ စတာတွေကို ကုရ်အာန်နည်းကျ လိုက်နာဖို့ လိုအပ်ပါ တယ်။ အဲဒီအချက်(၅)ချက်မှ ဒီးန်နှင့်မဇ်ဟဗ် ကွဲပြားချက်အချို့ကို Highlight လုပ်ပြီး အချိန်ရသလောက် တင်ပြလိုပါတယ်။ ဒီးန်မှာ အဓိကအရေးကြီးဆုံးက ယုံကြည်ချက်ပဲဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အစ္စလာမ်က ယုံကြည်ချက်ကိုအခြေခံပြီး အခြားလုပ် ဆောင်ချက်များကို တည်ဆောက်ထားလို့ပဲ ဖြစ်ပါတယ်။ ယုံကြည် ချက်တွေမှန်ကန်မှ လုပ်ဆောင်ချက်တွေ မှန်ကန်လာနိုင်မှာ ဖြစ်ပါ တယ်။  ဒါဆိုရင် ယနေ့ခေတ် မွတ်ဆလင်မ်ဆိုသူတွေ ယုံကြည် လက်ခံထားတဲ့ အချက်တွေအားလုံး မှန်နေပြီလား။ ကုရ်အာန် နဲ့ရော ကိုက်ညီမှုရှိပါရဲ့လား။ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ ရတဲ့ ကလေမာဟ်(၇)ပုဒ်လုံးရော ကုရ်အာန်ထဲက အတိုင်းပဲလား စသဖြင့် တစ်ဦးချင်း၊ တစ်ဦးချင်းက မိမိတို့ကိုယ်ကို မိမိတို့ မေးခွန်း ထုတ်ပြီး အဖြေပေးရမယ့်အခြေအနေကို ရောက်နေပါပြီ။ အလ္လာဟ် ယုံကြည်ခိုင်းတာနဲ့ မကိုက်ညီရင်တော့ ကျွန်တော်တို့ယုံကြည်ချက် တွေ ပြုပြင်ပြောင်းလဲဖို့လိုတာပေါ့။

ဒါဆိုရင် အလ္လာဟ်အရှင်မြတ်က ဘာတွေယုံကြည်ခိုင်း ထားသလဲဆိုတာ လေ့လာကြည့်ကြပါစို့။ ဆူရာဟ်(၄) အာယတ် (၁၃၆)မှာကြည့်မယ်ဆိုရင် (၁)အလ္လာဟ်အရှင်မြတ် (၂) အလ္လာဟ် အရှင်မြတ် ထုတ်ပြန်ပို့ချတဲ့ကျမ်းတွေ (၃) ရစူလ် တမန်တော်တွေ (၄) မလာအေကာဟ် (၅) အနာဂတ်ကာလ စသဖြင့် အချက်(၅) ချက်ကို ကုရ်အာန်နဲ့အညီ ယုံကြည်ဖို့တာဝန်ရှိပါတယ်။

တမန်တော်မြတ်ထံ ချပေးတဲ့ကျမ်းဟာ ကျမ်းတော်မြတ် ကုရ်အာန်တစ်အုပ်တည်း ဖြစ်ပါတယ်။ တမန်တော်မြတ်ကြီး ဖြန့်ချိ လိုက်နာကျင့်သုံးခဲ့တာလည်း ကုရ်အာန်လမ်းညွှန်အတိုင်း ဖြစ်ပါ တယ်။ နောက်ထပ် ၀ဟီလမ်းညွှန်လာစရာ မရှိတော့ပါဘူး။

မွတ်ဆလင်မ်တွေအားလုံး ယုံကြည်ထားတဲ့ သစ္စာတရား ဟာ “ လာအိလားဟ အစ်လလ္လာဟ်” (၃၇း၃၅) “မုဟမ္မဒ်ဒွလ် ရစူလ်လွလ္လာဟ်” (၄၈း၂၉)

လူသားအားလုံးအတွက် အလ္လာဟ်အရှင်မြတ်ဟာ ပြုစုပျိုးထောင် ရှင် “ ရဗ်ဗွလ် အားလမီးန် ” ဖြစ်ပါတယ်။

လူသားအားလုံးအတွက် တမန်တော်မြတ်ကြီးဟာ ကရုဏာတော် တစ်ရပ် “ ရဟ်မက်သန်း လိလ်အားလမီးန် ”  ဖြစ်ပါတယ်။ မုအ်မင်န် မွတ်ဆလင်မ်တိုင်းသည် ယုံကြည်ချက်နှင့်အညီ လိုက်နာကျင့်သုံး ရမည်။ ဆွလာသ်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြချင်ပါတယ်။

တမန်တော်မြတ်(ဆွ)ဟာ မိမိထံ ထုတ်ပြန်ပို့ချပေးတဲ့ ၀ဟီအတိုင်း လူ့ဘ၀တည်ဆောက်ပြသခဲ့ပါတယ်။ လူသားတိုင်း အထူးသဖြင့် မွတ်ဆလင်မ်တိုင်း တမန်တော်မြတ်ကြီး တည် ဆောက်ပြသခဲ့တဲ့ လူ့ဘ၀နေနည်းအတိုင်း ဖ၀ါးခြေထပ်လိုက်နာ ခြင်းအားဖြင့် မိမိတို့ဘ၀ရေးရာ ပြသနာအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်း ရင်း တမန်တော်မြတ်ကို အားပေးကူညီခြင်းဖြင့် ဆွလားသ်တည် ဆောက်ကြရမှာ ဖြစ်ပါတယ်။

ဆွလားသ်ဆိုတဲ့စကားလုံးကို ကျမ်းတော်မြတ်ကုရ်အာန် မှာ ဖော်ပြထားတဲ့အထဲက ဆူရာဟ်(၂၉) အာယတ်(၄၅)ကို တင်ပြ ပါရစေ။

“ အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းချက်ဥပဒေကို ထပ်ကြပ် မကွာ လိုက်နာခြင်းသည် ဆွလားသ်တည်ဆောက်မှုပြုခြင်းပင် ဖြစ် သည်။ ဆွလားသ်တည်ဆောက်ခြင်းသည် ရှက်ကြောက်ရွံရှာဖွယ် ကေင်းသော အတွေးအခေါ်၊ အကျင့်အကြံများနှင့် ညစ်ညမ်းလွန်း သော စရိုက်ဆိုးများမှ ဖယ်ရှားပေးမည်။ ”

အဲဒီအာယတ်တော်မှာပါတဲ့ `ဖအ်ရှား´ဆိုတာ မိမိအကျိုး ကိုသာကြည့်ခြင်းဖြစ်ပြီး `မွန်န်ကရ်´ဆိုတာ မိမိအကျိုးကိုကြည့်တဲ့ အပြင် သူတစ်ပါးအကျိုးကိုပါ ဟန့်တားပိတ်ပင်ခြင်း (အခွင့်အလမ်း မပေးခြင်း) စတဲ့ အတ္တသမားအဖြစ်ကနေ ဆွလာသ်တည်ဆောက် သူဟာ ဖယ်ရှားသွားမှာဖြစ်ပါတယ်။

ဆွီယာမ်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြရမယ်ဆိုရင် ဆွီယာမ် (ဥပုသ်သီလ)ကို ရမသွာန်လမှာ တည်ဆောက်ရတာ ဖြစ် ပါတယ်။ ဟစ်ဂျရီပြက္ခဒိန်ရဲ့ ကိုးလမြောက်လ ဖြစ်ပါတယ်။ အစ္စလာမ်မှာ နေ့တွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေကို ကြိုတင်တွက် ချက်နိုင်အောင် နေ့တွေ၊ လတွေ၊ ကမ္ဘာတွေကို စနစ်တကျနဲ့ သူ့ပတ်လမ်းအတိုင်း သွားလာလှုပ်ရှားနိုင်အောင် တိုင်းတာသတ် မှတ်ထားပြီး ဖြစ်ပါတယ်။

အဲဒီလိုပဲ တစ်နေ့တာရဲ့ နေ၀င်၊ နေထွက်၊ နေ၀င်ရည် တရောအချိန်၊ နေ၀င်ပြီး ညအချိန်၊ သန်းခေါင်ယံ၊ မိုးသောက်ချိန်၊ အာရုံတက်ချိန် စတာတွေကိုပါ တွက်ချက်နိုင်ရန် အလ္လာဟ်အရှင် မြတ်က စနစ်တကျ သတ်မှတ်ပြဌာန်းထားပြီး ဖြစ်ပါတယ်။ စစ်မှန် တဲ့ နေ၀င်နေထွက်၊ လ၀င်လထွက်တွေကို တွက်ချက်ထားပြီးဖြစ် တဲ့ ပြက္ခဒိန်ကို ထုတ်နိုင်အောင်ကြိုးစားကြပါတော့။ ကျွန်တော်တို့ (၅၉)လမ်း ဆုတောင်းပြည့်  အစ္စလာမ်ဝတ်ကျောင်းတော်က စနစ် တကျ တွက်ချက်ထားပြီးဖြစ်တဲ့ ပြက္ခဒိန်ကို (၉)လပိုင်းလောက်မှာ ဖြန့်ဝေသွားဖို့ရှိပါတယ်။ ၀ါချည်၊ ၀ါဖြေချိန်နဲ့ပတ်သက်ပြီး ဆူရာဟ် (၂) အာယတ်(၁၈၇) မှာ –

“ ထို့ပြင် အသင်တို့သည် ချည်မျှင်အနက်တည်းဟူသော ညဥ့်၏အမှောင်မှ ချည်မျှင်အဖြူတည်းဟူသော နံနက်မိုးလင်း အာရုံ တက်ချိန်၏အလင်းရောင် ပေါ်လွင်ထင်ရှားလာသည့်တိုင်အောင် စားကြ သောက်ကြကုန်လော့။ ပြီးနောက် အသင်တို့သည် ညဥ့် အချိန်ကျရောက်သည့်တိုင်အောင် အချိန်ပြည့် ဆွီယာမ်တည် ဆောက်ကြကုန်လော့ ”

ဒါပေမဲ့ မွတ်ဆလင်မ်ဆိုသူတွေက အလ္လာဟ်အရှင်မြတ် ရဲ့ စီရင်ဖြစ်ထွန်းစေထားမှုကို မယုံလို့လားတော့ မသိဘူး။ ကမ္ဘာနဲ့ အလွန်ဝေးတဲ့ နေ၀င်နေထွက်ကိုတော့ တွက်ကြပြီးတော့ ကမ္ဘာနဲ့ နီးတဲ့ လကိုတော့ မျက်စိနဲ့ထွက်ကြည်နေတုန်းပဲ ရှိပါသေးတယ်။ (ပြုပြင်ပြောင်းလဲကြပါတော့)

ဇကားသ်နဲ့ ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါတယ်။ ဇကားသ်ဆိုတာ မိမိတို့မှာရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေး အားသာ ချက်တွေဖြစ်တဲ့ (ကာယ၊ ဉာဏ၊ ဥစ္စဓန)စတာတွေကို ကိုယ်ရည် ကိုယ်သွေး အားနည်းချက်ရှိသူများထံသို့ မိမိတို့ အကျိုးစီးပွားကို မပျက်ပြားစေဘဲ ပိုလျှံသမျှကို မျှဝေသုံးစွဲရမှာဖြစ်ပါတယ်။ မွတ်ဆလင်မ်ဆိုတာ ပေးဆပ်သူတွေဖြစ်ရပါမယ်။ ပေးဆပ်ရင်းနဲ့က မှ မိမိတို့အကျိုးကို ရယူရမှာဖြစ်ပါတယ်။ အဲဒီလို မျှဝေသုံးစွဲတဲ့အခါ လူမျိုးမရွေး၊ ဘာသာမရွေး ပေးကမ်းလှူဒါန်းနိုင်ပါတယ်။ ရမသွာန် လ တစ်လတည်းတွင်သာမက အချိန်မရွေး လှူဒါန်းနိုင်ပါတယ်။ ဘုံစနစ်ဖြင့် လှူဒါန်းသုံးစွဲခြင်းအားဖြင့် လူတန်းစား ကွာဟချက်ကို ရင်ကြားစေ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လောက်လှူဒါန်းရမှာလဲ။ ဆူရာဟ် (၂) အာယတ် (၂၁၉) မှာ –

“ လူတို့က အသင်တမန်တော်ထံသို့ ဘာတွေ ခွဲဝေသုံးစွဲ (လှူဒါန်း) ရမလဲဟု မေးမြန်းလာကြလျှင် မိမိတို့လိုအပ်သည်ထက် ပိုလျှံသည်များကို လှူဒါန်းကြပါ ”

နောက်ဆုံး ဟဂ်ျနဲ့ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါ တယ်။ ဟဂ်ျဆိုတာ တစ်နှစ်တစ်ကြိမ် အာရေးဗီယားနိုင်ငံရှိ မက္ကာဟ်ရွှေမြို့တော်၊ ကာဗဟ်ကျောင်းတော်သို့ သွားရောက်ခြင်း ဖြစ်ပါတယ်။ ဘာလုပ်ဖို့လည်းဆိုတော့ ဒီးန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ် ၀န်းကျင်ထိန်းသိမ်းရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ဆူရာဟ်(၂၂) အာယတ် (၂၇-၂၈)ကို လေ့လာကြည့်မယ်ဆိုရင်

“ လူသားအနွယ်ဝင်တို့အား ဟဂ်ျနှင့်ပတ်သက်၍ ဤသို့ အသိပေးကြေငြာလိုက်ပါ ”

“ လူသားမျိုးနွယ်အားလုံး ကောင်းစားရေးအတွက် အကျိုးကျေးဇူးဖြစ်မည့်အရာများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင် နိုင်ကြရန် အလို့ငှာ ဟဂ်ျစနစ်ကို ပြဌာန်းရခြင်းဖြစ်ပါတယ် ” လို့တင်ပြရင်းနဲ့ လာမည့်ဟဂ်ျကာလမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်တော်မူမည့် ဟဂ်ျမျိုး ပြုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ပထမခွတ္တဗဟ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ် ။    ။