နဖ်စ် ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ (အပိုင်း-၂) ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်
နဖ်စ် ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ (အပိုင်း-၂) ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်
ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ် အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့ အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့် ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန် ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ် အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်း ကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့် ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုး သား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေးဆိုသည်မှာ´ အပိုင်း(၂)ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများ ခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ် ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ် မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီရုပ်လောကသက်တမ်းသာလျှင် တစ်ခုတည်းသော လူ့ဘ၀သက်တမ်းဖြစ်ပြီး သေဆုံးခြင်းဟာ ဒီဘ၀သက်တမ်းရဲ့ နိဂုံး ချုပ်အဆုံးဖြစ်တယ်လို့ ထင်မြင်မှတ်ယူ ယုံကြည်သူတွေဟာ အကောင်းနှင့်အဆိုး၊ ကောင်းမှု နှင့် မကောင်းမှုတွေကို ပိုင်းခြားရာ မှာလည်း မိမိတို့ရဲ့ ကိုယ်ပိုင်းအတွေးအခေါ် အထင်အမြင် အယူ အဆအတိုင်း ပိုင်းခြား သတ်မှတ်နေတာ တွေ့ရပါတယ်။
လူတွေ အဲဒီလိုပိုင်းခြားသတ်မှတ်ထားသော ကောင်းမှု၊ အကောင်းဆိုတာ လူမှုအဖွဲ့အစည်းတစ်ရပ် ဒါမှမဟုတ် တိုင်းပြည် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိတဲ့ လုပ်ဆောင်ပံ့ပိုးမှုတွေကို အကောင်းဆိုပြီးတော့ အဲဒီ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတစ်ခုကို အကျိုးဆုတ်ယုတ်နစ်နာဆုံးရှုံးစေမယ့် လုပ်ရပ်တွေကိုတော့ အဆိုး မကောင်းမှုလို့ ဆိုကြတယ်။ သူတို့ရဲ့ထင်မြင်ယူဆချက်အရ တိုင်း တာ ဆုံးဖြတ်တဲ့ လုပ်ရပ်ဟာ လူမှုအဖွဲ့အစည်းက သတ်မှတ်ထား တဲ့ စည်းမျဉ်းဥပဒေသရဲ့အထက်မှာ အခြားဘယ်ဥပဒေမှ မရှိဘူးတဲ့။ ဒီနေရာမှာ မွတ်ဆလင်မ်တွေ အုပ်ချုပ်နေ သော နိုင်ငံထဲကနိုင်ငံတစ်နိုင်ငံကို ဥပမာပေးပြောရရင် အီဂျစ်နိုင်ငံမှာ တရားဝင် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတဟောင်း မုဟမ္မဒ်မော်စီထံမှ အာဏာသိမ်းပြီး သမ္မတဟောင်း မော်စီနှင့်တကွ အဖွဲ့ဝင်တွေကို သေဒဏ် အမိန့်ပေးထားတဲ့ ဥပဒေပေါ်မှာ ဘယ်သူရှိလဲ။ အာဏာသိမ်းခေါင်းဆောင် လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း အယ်လ်စီစီရဲ့ အာဏာပါဝါနှင့် ဥပဒေရှိတယ်။
ဒါဆိုရင်မွတ်ဆလင်မ်တစ်ယောက်အနေနှင့် အယ်လ်စီစီကျင့်သုံးနေသော ဥပဒေစည်းမျဉ်းတွေဟာ ကုရ်အာန်နည်းကျ ကုရ်အာန်ထဲက ဥပဒေလား ဒါမှမဟုတ် လူ့စိတ်ကူးနှင့် ပြုလုပ်ထားသော ယဟူဒီနှင့် နဆွရာနီ တွေရဲ့ ဥပဒေမဟုတ်လား၊ အလ္လာဟ်က ကုရ်အာန်မှာဘာပြောထားလဲ။ ကုရ်အာန် ဆူရာဟ်(၅) အာယသ် (၄၄) မှာ
“မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် လူတစ်ယောက်ဖြစ်စေ၊ လူအုပ်စုဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ထုတ်ပြန် ပို့ချခဲ့တဲ့`၀ဟီ´ ဘ၀လမ်းညွှန် ကုရ်အာန်မှာပါတဲ့ ဥပဒေစည်းမျဉ်းအတိုင်း မဆုံးဖြတ်သူတွေဟာ အလ္လာဟ်ရဲ့ ပြဌာန်းချက် ဥပဒေစည်းမျဉ်းကို သွေဖည်ဆန့်ကျင်သူ ကာဖိရ်တွေဖြစ်မည်။”
အထက်ပါအာယသ်တော်အရ လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ဘ၀ရေးရာ ကိစ္စရပ်တွေကို အလ္လာဟ့်စကား အလ္လာဟ့်တရားဖြစ်တဲ့ ကုရ်အာန်ပါဥပဒေ စည်းမျဉ်းအတိုင်း ဆုံးဖြတ်မယ်ဆိုရင် အဲဒီလူတွေဟာ အလ္လာဟ်ရဲ့ အမိန့်ပြဌာန်းချက်ကို နာခံလိုက်နာသူ မွတ်ဆလင်မ်တွေဖြစ်မည်။ အကယ်၍ အဲဒီလိုမှမဟုတ်ရင်တော့ အမိန့်တော် ကို ဖီဆန်သူ ကာဖိရ်တွေဖြစ်သွားမည်။ ကျမ်းတော်မြတ်ကုရ်အာန်က လူသားဟာ မိမိရဲ့ နဖ်စ်လိုအင်ဆန္ဒ၊ အတ္တရဲ့ စေစားမှုအတိုင်း အဆုံးစွန်အားကိုးစရာ အားထားစရာအဖြစ်ပြီးပြည့်စုံတယ်လို့ တစ်ထွာတစ်မိုက်အသိပညာဖြင့် ဆုံးဖြတ်နေတာ တွေ့ရပါတယ်။
ဒီကြောင်းအရာနှင့်ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က ဆူရာဟ်(၄၅) အာယသ်(၂၃)မှာ ဘာပြောထားလဲ။ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားသော အသိပညာရှိပါလျှက် ယုံကြည်လေးစား အားကိုးအားထားဆိုပြီးတော့ ချွတ်ချော်တိမ်းစောင်းသွားမယ့် လမ်းကြောင်းပေါ်မှာ ဘ၀တည်ဆောက်နေတာ ဖြစ်တယ်။ အဲဒီလို လွဲမှားချွတ်ချော်ပြီး ဘ၀တည်ဆောက်သူဟာ မိမိရဲ့လိုအင်ဆန္ဒအတ္တကို ဖက်တွယ်ပြီး ကိုးကွယ် မှုရဲ့ ဖိအားပေးမှုကြောင့် ကြားနာမှု၊ နှလုံးသားနှင့်ဆင်ခြင်စဉ်းစားမှုအပေါ်မှာ ဖုံးအုပ်ပိတ်ဆို့ခံရပြီး သိမြင်နားလည် မှုအပေါ်မှာလည်း ဖုံးအုပ်ပိတ်ဆို့ခံရတာဖြစ်တယ်။
အဲဒီလိုကြားနာမှုနှင့်စဉ်းစားဆင်ခြင်မှု သိမြင်နားလည်မှုတွေ ဖုံးအုပ်ပိတ်ဆို့ ဖုံးကာခြင်းခံရတဲ့လူဟာ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းပြမှုကုရ်အာန်ကလွဲလို့ မည်သည့်အရာက လမ်းညွှန်ပြသနိုင်မှာလဲ “ဒါတွေကို အသင် တို့ အသိတရား၊ သတိတရားနှင့် သင်ခန်းစာအဖြစ် မရယူကြလေသလောဆိုပြီး မေးမြန်းတဲ့အခါ အတ္တရဲ့သား ကောင်မျိုးတွေရဲ့ ဘ၀အခြေအနေအမှန်နှင့် ပတ်သက်ပြီး အာယသ်(၂၄)မှာ ဘာပြောထားလဲဆိုရင်
“အဲဒီလူတွေက ကျွန်ုပ်တို့ရဲ့ ဘ၀သက်တမ်းဆိုတာ ဒီလောကီဘ၀ရဲ့ သက်တမ်းသာလျှင်ဖြစ်တယ်လို့ ပြောကြတယ်။ ကျွန်ုပ်တို့က မွေးဖွားပြီးရှင်တယ်။ ပြီးတော့ ကျွန်ုပ်တို့သေဆုံးကြတယ်။ ကျွန်ုပ်တို့ကို ခေတ်ကာလက ပျက်စီးစေတာဖြစ်တယ်။ အမှန်မှန်ကတော့ အဲဒီလူတွေမှာ တိကျခိုင်မာတဲ့ အသိပညာမရှိဘဲ သူတို့ကထင်မြင် ယူဆရောရမ်း၊ မှန်းဆပြီး ပြောဆိုနေကြတာဖြစ်တယ်။”
(တစ်နည်း)အားဖြင့် အဲဒီလူတွေ သူတို့ရဲ့စိတ်ကူးဥာဏ်နှင့် ဖော်ဆောင်ထားသော အနောက်တိုင်းက ဒီမို ကရေစီစနစ် ဒါမှမဟုတ် အရှေ့ဖက်က အာဏာရှင်စနစ်ထဲမှာ တ၀ဲလည်လည်တိုင်ပတ်နေတာ တွေ့ရပါတယ်။ အဲဒီ လို ဘ၀ပုံစံအတိုင်း အသက်ရှင်နေကြတဲ့ လူတွေရဲ့ဘ၀သက်တမ်းကို အသိဥာဏ်မဲ့သော ခြေလေးချောင်း သတ္တ၀ါ တွေနှင့် နှိုင်းယှဉ်ပြီးတော့ ကုရ်အာန် ဆူရာဟ်(၄၇)အာယသ် (၁၂)ရဲ့တင်ပြမှုကတော့
“အလ္လာဟ်အရှင်မြတ် ချမှတ်ြပဌာန်းထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နည်းပေးလမ်းညွှန်မှုအတိုင်း လူ့ဘ၀တည်ဆောက်မှုစနစ်ကို မယုံကြည်သွေဖီငြင်းပယ်သူ ကာဖိရ်တွေရဲ့အစားအသောက် အပါအ၀င် ဘ၀ တစ်လျှောက်လုံးရဲ့ဖြစ်စဉ် အရပ်ရပ်မှာ ခြေလေးချောင်းတိရစ္ဆာန်ကဲ့သို့ပင်ဖြစ်တယ်။ အဲဒီကာဖိရ်တွေရဲ့ အားထား စရာနေရာထိုင်ခင်း အနေအထားဟာ မီးလောင်ပြာကျ၍ ပျက်စီးသွားမှာဖြစ်တယ်။”
ရှာဖွေစားသောက်၊ အိပ်စက်၊ မျိုးပွားမှုစတဲ့ ဘ၀အဆင့်အတန်းတွေကို ဘ၀ရဲ့ပန်းတိုင်ဆိုပြီး မှတ်ယူယုံ ကြည်ထားတဲ့လူတွေ၊ ဒီထက်မြင့်မားပြီးတော့ တန်ဖိုးရှိတဲ့ စံချိန်စံနှုန်းတွေကို မသိမမြင်သောကြောင့်ဖြစ်ပြီး နောက်ဆုံးသေဆုံးသွားမှုအားလုံး နိဂုံးချုပ်သွားတော့မယ်လို့ ပြောနေကြတယ်။ ဒါကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ပြကုရ်အာန်မှာပါတဲ့ စနစ်ကိုလက်မခံယုံကြည်သွေဖည် ဆန့်ကျင်ဖုံးကွယ်သော လူတွေရဲ့ဘ၀တည် ဆောက်ပုံ တည်ဆောက်နည်းစနစ် Life Style ဖြစ်ပြီး Materialists ရုပ်ဝါဒီတွေရဲ့ဘ၀တည်ဆောက်မှုဝါဒလမ်းစဉ် ပင်ဖြစ်တယ်။ ဒီရုပ်ဝါဒီတွေဟာ အနောက်တိုင်းကဖြစ်စေ၊ အရှေ့တိုင်းကပဲဖြစ်စေ၊ အာရဗ်လူမျိုးဖြစ်စေ၊ အာရဗ် မဟုတ်သူတွေပဲဖြစ်စေ၊ မွတ်ဆလင်မ်ဆိုသူများဖြစ်စေ၊ ကုရ်အာန်ပါဥပဒေစည်းမျဉ်းအတိုင်း မလိုက်နာ မကျင့်သုံး သူဟာ ကာဖိရ်စက်ကွင်းကနေ လွတ်ကင်းမှာ မဟုတ်ဘူး။
အထက်မှာ ကျွန်တော်တင်ပြခဲ့တဲ့ လူ့ဘ၀တည်ဆောက်မှုစနစ်နှင့် လုံးမတူကွဲပြားခြားနားတဲ့အကြောင်း အရာကတော့ အလ္လာဟ်အရှင်မြတ် ပြသလမ်းညွှန်တဲ့ လူ့ဘ၀တည်ဆောက်မှုမှာ လူ့ဘ၀ဟာ ဒီရုပ်ကိုယ်ခန္ဓာတစ်ခု သာပါဝင်တာမဟုတ်ဘဲ၊ ဒီထက်မက အခြားအရာလည်းပါဝင်ပါတယ်။ အဲဒီအရာကို နဖ်စ်လူ့အရည်အသွေး အစွမ်းအစ Human personality လို့ခေါ်ပါတယ်။ အဲဒီ နဖ်စ်ဟာ ရုပ်ပိုင်းဆိုင်ရာ နိယာမဥပဒေသ Physical Laws တွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသလို၊ ရုပ်ကိုယ်ခန္ဓာသေဆုံးသွားတာနှင့် နဖ်စ်ကတော့ ချုပ်ငြိမ်းသွားခြင်း မရှိဘဲ၊ ဒီနဖ်စ်ကို ကုရ်အာန်ရဲ့နည်းပေးလမ်းညွှန်မှုနှင့်အညီ မြင့်မားတိုးတက်ဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်မည်ဆိုရင် အဲဒီ နာဖ်စ်ဟာ ကြီးထွားဖွံ့ဖြိုးပြီး ဒီလူ့ဘ၀သက်တမ်းတစ်လျှောက် ဆက်လက်သန်စွမ်းရှင်သန်တိုးမြှင့်နိုင်စွမ်းရှိပြီး၊ သေခြင်းတရားရဲ့ ဟိုဘက်မှာလည်းဘဲ ဆက်လက်ရှင်မြဲရှင်နေဦးမှာဖြစ်တယ်။
လူသားဘ၀တစ်လျှောက်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့အကျိုးခံစားခွင့် ဟူဟူသမျှ ပြည့်ပြည့်၀၀ စုံစုံလင်လင် အလျှံပယ် ရယူနိုင်မည့် စိုပြည်အေးချမ်း၊ လုံခြုံစိတ်ချရသော အခြေအနေအတိုင်းအတာတစ်ရပ်ကို အလ္လာဟ်အရှင် မြတ်က ပြဌာန်းသတ်မှတ်ထားသော မူဘောင်စည်းကမ်းနည်းလမ်းနှင့်အညီ လူ့အဖွဲ့အစည်းဝင်တွေ ခွဲဝေမျှတ ခံစားသုံးစွဲမှသာလျှင် အကျိုးခံစားခွင့်အရပ်ရပ်ဟာ မကုန်နိုင်၊ မခမ်းနိုင်ထာဝရ ပြည့်ဝဖူလုံနေမှာဖြစ်ပါတယ်။
ဒီလောကသက်တမ်းကုန်လွန်ပြီး ရှေ့ကိုဆက်လက်အကျိုးခံစားရပေဦးမည်။ အနာဂါတ်ခရီးလမ်း `အာခိရသ်´မှာရှိမည်။ ဂျန္နသ်နှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် (၃၂)အာယသ် (၁၇)မှာ
“သို့ဖြစ်ရာ မိမိတို့အတွက် မိမိတို့ကိုယ်တိုင် လျှို့ဝှက်စွာထားရှိပြီးဖြစ်သော၊ မျက်စိအေးမြကြည်လင်မှုကို မည်သူတစ်ဦးတစ်ယောက်မျှပင် သိကြမည်မဟုတ်ပေ။ ဒီလောက သက်တမ်းမှာ လူတွေပြုလုပ်ဆောင်လျှက်ရှိ သော အရာတွေနှင့်ပတ်သက်ပြီး အစားထိုးရရှိမည့် ဆုလာဘ်တွေဟာ သူတို့ရဲ့မျက်စိကို ပသာဒဖြစ်စေမယ့်၊ စိတ်ချမ်းသားစေမည့် အရာတွေဖြစ်တယ်။” ဒါတွေကို လျှို့ဝှက်ဖုံးကွယ်ထားပြီး ဒီဘ၀အခြေအနေမှာ မည်သူ တစ်ဦး၊ တစ်ယောက်မျှ သိမြင်နိုင်တဲ့ အနေအထားအတိုင်းအတာမရှိပါဘူး။ လူတွေ အဲဒီဂျန္နသ်နှင့်ပတ်သက်ပြီး အရိပ် အမြွက်မျှ ရိပ်စားမိစေဖို့ရန် ဒီလောကရှိလူတွေတွေ့မြင်ခံစားဖူးတဲ့ အရာတွေနှင့် ဥပမာ ဥပမေယျပေးပြီး ခိုင်နှိုင်း ဖော်ပြထားပုံကို ကုရ်အာန် ဆူရာဟ် (၁၃) အာယသ် (၃၅)ရဲ့တင်ပြမှုကတော့
“အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ်ထားသော ဥပဒေစည်းမျဉ်းတွေကို လိုက်နာဆောင်ရွုက်သူ မွတ္တကီ သူတော်စင်သူမွန်သူမြတ်တွေ ကတိပေးခြင်းခံရတဲ့ ဂျန္နသ်သုခဘုံရဲ့ ဥပမာ ဥပမေယျကတော့ အဲဒီဂျန္နသ်သုခဘုံရဲ့ အောက်မှစမ်းရေချောင်းတွေ စီးတွေလျက်ရှိနေမည်။ အဲဒီဂျန္နသ်သုခဘုံရဲ့ အစားအစာတွေနှင့် အရိပ်အာဝါသ တွေက ထာဝရတည်မြဲနေမည့် အစားအစာတွေနှင့် အရိပ်အာဝါသတွေပင်ဖြစ်မည်။ အဲဒီဂျန္နသ်သုခဘုံဟာ သက္က၀ါ ရှင်သူတော်စင် သူတော်မြတ်တို့ရဲ့ နောက်ဆုံးအကျိုးဆက်သာဖြစ်ပြီး အလ္လာဟ်ဟုအရှင်မြတ်ရဲ့ ပြဌာန်းသတ်မှတ် ချက်ကို မယုံကြည်သွေဖည်ငြင်းပယ်သော ကာဖိရ်တွေရဲ့ နောက်ဆုံးအကျိုးဆက်ကတော့ ဂျဟန္နမ်ငရဲမီးပင်ဖြစ် မယ်။”
ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ လူမှုဘ၀နေထိုင်အသက်ရှင်ဖို့အတွက် ကုရ်အာန်က နည်းပေးလမ်း ညွှန်တဲ့အတိုင်း သက်ဝင်ယုံကြည်ပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းအားဖြင့် ဒီလောကရဲ့ဂျန္နသ်အမှန်ပင် ရရှိနိုင် မှာဖြစ်သော်ငြားလည်း နောင်အနာဂါတ်အာခိရသ်ရဲ့ ဂျန္နသ်ကို သိမြင်နားလည်သဘောပေါက်ဖို့အတွက် ခက်ခဲ လျှင် ဒီဒွန္နယာဘ၀မှာ လူသားဟာကန့်သတ်ပိုင်းခြားမှု တစ်ခုအတွင်းမှာ နေရတဲ့အတွက် သိရှိသဘောပေါက်ရန် မဖြစ်နိုင်သေးပေ။
ဒါပေမယ့် ဒီအချင်းအရာနှင့် ပတ်သက်ပြီး ကုရ်အာန်မှာ ပြဌာန်းထားတဲ့သဘောမှာ အလ္လာဟ်ပြလူ့ဘ၀ တည်ဆောက်မှုအားဖြင့် ဒီလောကရဲ့ ဂျန္နသ်အနေအထားမှာ လူသားရဲ့ရုပ်ပိုင်းဆိုင်ရာ ပြည့်ဝစုံလင်လုံခြုံတိုးတက် ဖွံ့ဖြိုးမှုအတွက် အထိပ်ကိုရောက်ရှိမယ်ဆိုရင် သူ့ရဲ့(နာမ်ပိုင်း) နဖ်စ် (Personality Self)ဟာလည်း အပြည့်အ၀ ဟန်ချက်ညီ အချိုးအစားကျ ကြီးထွားဖွံ့ဖြိုးခွင့် ရရှိခံစားမှာဖြစ်တယ်။ အဲဒီအခြေအနေကို ရောက်ရှိနေမည့် နဖ်စ်ဟာ အနာဂါတ် အာခိရသ်ခရီးစဉ်တစ်လျှောက် ယခင်ရယူထားပြီးတဲ့ အချိုးအစားနှင့်အညီ ဆက်လက်တိုးမြင့် ကြီးထွား ဖွံ့ဖြိုးလျက်မိမိရဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်တယ်။ အဲဒီလို ရောက်ရှိခြင်းဟာ ဂျန္နသ်အနေအထားကို ရောက်ရှိ ခြင်းပင်ဖြစ်တယ်။ အဲဒီဂျန္နသ်ကတော့ ခရီးစခန်းရဲ့ အဆုံးမဟုတ်ပါဘူး။ အဲဒီမှတဆင့် ရှေ့ဆက်ပြီး နဖ်စ်ရဲ့ တိုးမြှင့် ဖွံ့ဖြိုးစရာတွေရှိတယ်အကြောင်း ကုရ်အာန်ဆူရာဟ် (၅၇)အာယသ် (၁၂)မှာ အလ္လာဟ်အရှင်မြတ်က မုအ်မင်န်တွေ နှင့် ပတ်သက်ပြီး ဘာပြောထားလဲဆိုရင်
အလ္လာဟ်အရှင်မြတ်က “အို-တမန်တော် အသင်ဟာအဲဒီနေ့မှာ အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န် အမျိုးသားများနှင့် မုအ်မင်န် အမျိုးသမီးများရဲ့ ရှေ့မှောက်မှာလည်းကောင်း၊ သူတို့ရဲ့ လက်ယာဘက်မှ လည်းကောင်း၊ ပြေးလျက်နေမည့် အလင်းရောင် ရောင်ခြည်တော်ကို တွေ့မြင်ရပေမည်။ အဲဒီမုအ်မင်န်တွေဟာ ဂျန္နသ်ဥယျာဉ်များ ရဲ့ အောက်မှာ စမ်းရေချောင်းစီးတွေ စီးတွေလျက်ရှိနေပေမည်။ အဲဒီမုအ်မင်န်တွေကို အသင်တို့ ဂျန္နသ်ဥယျာဉ် ထဲမှာ ထာဝရနေထိုင်နေမည့်အကြောင်း သတင်းကောင်းပေးခြင်း ခံရမည်။ အဲဒီလို ထာဝရနေထိုင် ရမည့် သတင်း ကောင်းဟာ ကြီးကျယ်လှသော အောင်မြင်မှုပင်ဖြစ်တယ်။”
အဲဒီတော့ ကုရ်အာန်က လမ်းညွှန်ပြမှုကို ဆန့်ကျင်ဘက်လုပ်ရပ်ရဲ့အကျိုးဆက်က နဖ်စ်ကြီးထွားတိုးမြင့် ဖွံ့ဖြိုးနိုင်ရန် စွမ်းအားကင်းမဲ့တဲ့ အနေအထားဟာ ဂျဟန္နမ်ကို ရောက်ရှိခြင်းပင်ဖြစ်တယ်။ ဆူရာဟ် (၅၇း၁၃)ကို လေ့လာကြည့်ပါ။ ကုရ်အာန် ဆူရာဟ်(၁၇)အာယသ်(၈)မှာ အလ္လာဟ်အရှင်မြတ်က ကာဖိရ်တွေကို ဘာပြောထား လဲဆိုရင်
(အလ္လာဟ်က) “ငါအရှင်မြတ်က ဂျဟန္နမ်ငရဲဘုံကို (အမှန်တရားကို) သွေဖီငြင်းပယ်သော ကာဖိရ်တွေ အတွက် အကျဉ်းထောင်ကို စီမံပြုလုပ်ထားတယ်။”(တစ်နည်း) အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာလမ်းညွှန်ပြတဲ့ လူ့ဘ၀တည်ဆောက်မှုစနစ်ကို မယုံကြည်သွေဖီဆန့်ကျင်သူ ကာဖိရ်တွေအတွက် ဂျဟန္နမ်ကို `ဟာဆီရာ´ပိတ် လှောင်တားဆီးထားရာ အကျဉ်းထောင်အဖြစ် ပြုလုပ်စီမံထားတယ်။ ဂျဟန္နမ်ဟာတားဆီးပိတ်ပင် ပိတ်လှောင် အကျဉ်းချထားသော အကျဉ်းထောင်ကဲ့သို့ပင်ဖြစ်တယ်။
လူသားတွေရဲ့ ဘ၀သက်တမ်း(တစ်နည်း) ဒီလောက သက်တမ်းရော နောင်တမလွန်သက်တမ်းဟာ ရှေ့ကို စဉ်ဆက်မပြတ်တစ်ဆက်လည်း ကြီးထွားတိုးမြင့် ဖွံ့ဖြိုးနေရမည်။ အဲဒီလို ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်ရပ်ဆိုင်း သွားလျှင် ရှေ့ဆက်ဖြတ်သန်းရမည့် ခရီးလမ်းစခန်းတွေကို ဖြတ်သန်းကျော်လွှားနိုင်စွမ်းရှိတော့မည် မဟုတ်ဘူး။ အဲဒီအခါကျတော့ လောကသက်တမ်းလည်း ဂျဟန္နမ်အနေအထားဖြစ်သွားမည်။ ဒါတင်မက သေပြီးတဲ့နောက် တဖန်ဂျဟန္နမ်အနေအထားမှာ ရှိနေဦးမည်။
အစ္စလာမ်ငြိမ်းချမ်းရေး ဒီးန်စနစ်ကို သက်ဝင်ယုံကြည်ပြီးနာခံဘ၀တည်ဆောက်မည်လို့ ကတိပေးထား သော မွတ်ဆလင်မ်အများစု နေထိုင်ကြတဲ့ တိုင်းပြည်နိုင်ငံတွေ ဘာကြောင့်မငြိမ်းချမ်းတာလဲ။ အဲဒီနိုင်ငံတွေကို အုပ်ချုပ်နေသော ခေါင်းဆောင်တွေ မိမိတို့ရဲ့နိုင်ငံကို ဘာကြောင့် ငြိမ်းချမ်းအောင် မလုပ်နိုင်တာလဲ။ ဘာကြောင့် ဂျဟန္နမ်လိုဖြစ်နေတာလဲ။ ဘာကြောင့် ဒီလောက ဂျဟန္နမ်ထဲမှာ ပိတ်လှောင်ခံနေရတာလဲ။ စဉ်းစားကြည့်ပါ။ အလ္လာဟ်က စဉ်းစားခိုင်းတယ်လေ။
ကျွန်ုပ်တို့ မွတ်ဆလင်မ်တွေက အလ္လာဟ်အရှင်မြတ်ချပေးထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ထဲက နည်းပေးလမ်းညွှန်မှုအတိုင်း မိမိတို့ရဲ့နဖ်စ်ကိုယ်ရည်ကိုယ်သွေး အစွမ်းအစဖွံ့ဖြိုးတိုးတက်အောင်မလုပ်ပဲ၊ ယဟူဒီ နှင့် နဆွရာနီတွေရဲ့ စိတ်ကူးဥာဏ်နှင့် ပြုလုပ်ထားသော စနစ်လမ်းစဉ်တွေကို ယုံကြည်လိုက်နာပြီး နဖ်စ် လူ့ကိုယ် ရည်ကိုယ်သွေး အစွမ်းအစကို ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီ ယဟူဒီနှင့်နဆွရာနီတွေဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို မယုံကြည်မလိုက်နာသောကြောင့်ဖြစ်ပါတယ်။
ကျွန်ုပ်တို့က မတ်စ်ဂျိဒ်ထဲမှာ အလ္လာဟ်အကြီးကျယ်ဆုံး၊ အလ္လာဟ်ပြစနစ်အကောင်းဆုံး အထွတ်မြတ်ဆုံး၊ အလွယ်ကူဆုံး ဆိုကြတယ်။ ပြီးတော့ မတ်စ်ဂျိဒ်ရဲ့အပြင်လောကမှာ လူမှုဆက်ဆံရေးမှာ လုပ်ချင်တာလုပ်၊ လူ့အခွင့်အရေးဆိုပြီးတော့ ယဟူဒီနှင့် နဆွရာနီတွေရဲ့ စနစ်လမ်းစဉ်တွေကို အကောင်းဆိုပြီး အလ္လာဟ်ပြညွှန်တဲ့ စနစ်နှင့် နှိုင်းယှဉ်ရှရိက် လုပ်နေသမျှ ကာလပတ်လုံး ဘယ်တော့မှ နဖ်စ်လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းအစ ဖွံ့ဖြိုး တိုးတက်ကြီးထွားမှာ မဟုတ်ဘူး။
ကျွန်ုပ်တို့ မွတ်ဆလင်မ်အများစုတွေမှာ တန်ဘိုးရှိတဲ့ ရွှေငွေရှိပေမယ့် လူ့ဘ၀တက္ကသိုလ်ကျောင်းတော် ရဲ့ ပြဌာန်းစာဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်ဘာသာပြန်ရော ရှိရဲ့လား။ ကုရ်အာန်ကို နားလည်သဘောပေါက် အောင် နေ့စဉ်ရွတ်ဖတ် သေလာဝသ် လုပ်ရဲ့လား။ စဉ်းစားကြည့်ရမည်။ ကုရ်အာန်ဆူရာဟ် (၁၂) အာယသ် (၂)မှာ အလ္လာဟ်အရှင်မြတ်ဘာပြောထားလဲ
“ဧကန်မုချ ငါအရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်ကို အသင်တို့စဉ်းစားဆင်ခြင်သိမြင် နားလည် သဘောပေါက်ပြီး (ဘ၀တည်ဆောက်နိုင်ရေးအတွက်) ငါအရှင်မြတ်က ကုရ်အာန်ကို လွယ်ကူရှင်းလင်းတဲ့ အာရဗီ ဘာသာစာပေအားဖြင့် ချပေးခဲ့တာဖြစ်ပါတယ်။” ကျမ်းတော်မြတ်ကုရ်အာန်က နည်းပေးလမ်းညွှန်တဲ့ စနစ်အရ အလ္လာဟ်အရှင်မြတ်က လူသားရဲ့ဘ၀အစဉ်ရှင်သန်တိုးမြင့် ဖွံ့ဖြိုးစည်ပင်ဝပြောတိုးတက်မှု ဖြစ်စေချင်တဲ့အတွက် စဉ်ဆက်မပြတ် စီးဆင်းနေသော မြစ်ချောင်းတစ်ခုနှင့် တင်စားပြီုး ကုရ်အာန်ရဲ့ နေရာပေါင်းများစွာမှာ ဖော်ပြထား ပါတယ်။ အကယ်၍ ရေစီးရေလာပိတ်ဆို့ဟန့်တားမှုဖြစ်ပေါ်လာတာနှင့် ဘာဖြစ်မှာလဲ။ အဲဒီရေဟာ ရေပုပ်၊ ရေသိုး၊ ရေဆိုးတွေဖြစ်သွားမည်။ အနံ့အသက် မနှစ်မြို့ဖွယ်ရာ ရွံရှာဖွယ်ရာဖြစ်လာမည်။ အဲဒီပတ်ဝန်းကျင်မှာရှိသော သက်ရှိ သက်မဲ့တွေကို ဆိုးကျိုးအမျိုးမျိုး သက်ရောက်စေနိုင်တယ်။ ဒါကတော့ ဂျဟန္နမ်ရဲ့သဘောတရားဖြစ်ပါ တယ်။
အဲဒီတာ့ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုမျိုးနွယ်လိုက်ဖြစ်စေ၊ လွဲမှားသော လုပ်ကိုင်ဆောင်ရွက်မှုတွေ ကြောင့် သူတို့ရဲ့ကြိုးပမ်းဆောင်ရွက်မှုဟာ တစ်ခုမကျန်ဆုံးရှုံးပျက်စီးသွားတဲ့ ဖြစ်ရပ်တွေကို ကြုံကြိုက်တွေ့မြင် သူတွေသိပါတယ်။ ဆုံးရှုံးမှုရဲ့အတိုင်းအတာ အမျိုးမျိုးတွေဖြစ်ပေါ်လာပြီး စားစရာမရှိ နေစရာမရှိ ရောဂါဝေဒနာ တွေနှင့် ကျန်ရစ်ခဲ့ခြင်း၊ မိမိရဲ့လုပ်ကိုင်ဆောင်ရွက်မှုရဲ့ ဆိုးကျိုးကို မလွှဲမရှောင်နိုင်ဘဲခံစားရခြင်းဟာ ဒီလောက သက်တမ်းမှာ တိုးတက်မှုတွေ ရပ်ဆိုင်းပြတ်တောက်သွားခြင်းပင်ဖြစ်တယ်။ ဒီလောကရဲ့ဂျဟန္နမ်အခြေအနေကို ရောက်နေခြင်းပင်ဖြစ်တယ်။
အဲဒီလို ဂျဟန္နမ်အခြေအနေကို ရောက်နေခြင်းဟာ အလ္လာဟ်အရှင်မြတ်က တစ်နှစ်တစ်ခါ ရှာအ်ဗာန်လ၊ ၁၅ ရက်ညမှာ ဥပမာ အများအခေါ်အဝေါအရ `ဘရာအသ်ည´သက္ကဒီရ်မှာ သတ်မှတ်ပေးထားလို့ မဟုတ်ဘူးဆို တာ သတိပြုဖို့လိုတယ်။ လူတွေရဲ့ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်၊ ကျင့်ကြံအားထုတ်မှု `အမလ်´ကြောင့် သာ ရောက်ရကြောင်း ထင်ထင်ရှားရှား သိမြင်နိုင်မှာဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန် ဆူရာဟ် (၂၉) အာယသ်(၅၄)မှာ ကာဖိရ်တွေနှင့်ပတ်သက်ပြီး ဘာပြောထားလဲ။
“ဧကန်မလွဲ ဂျဟန္နမ်ဟာ ကာဖိရ်သွေဖီငြင်းပယ်သော လူတွေကို ၀န်းရံလျက်ပင်ရှိပေမည်။” (တစ်နည်း) အလ္လာဟ်အရှင်မြတ် ချမှတ်ပြဌာန်းထားသော ကုရ်အာန်ပါ ဒီန်စနစ်ဇယားကို ဆန့်ကျင်သွေဖီငြင်းပယ်သူတွေကို ဂျဟန္နမ်က ပတ်ပတ်လည် တစ်ခွင်တစ်ပြင်လုံးမှာပင် အမှန်တကယ် ၀န်းရံပိတ်လှောင်ထားမှာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ မွတ်ဆလင်မ်တွေ အကျင့်စာရိတ္တကောင်းမွန်ပြီး နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းအစကြီးထွား ဖွံ့ဖြိုး ပြီး အရည်အချင်းရှိသူတွေ ဖြစ်ရမည်။ ဒီလူ့လောက၊ လူ့အသိုင်းအ၀န်းထဲမှာ အသက်ရှင်လျှက် အချိန်တန်လျှင် လူ့ကျင့်ဝတ်အတိုင်း အိမ်ထောင်ပြုမည်။ မိမိလိုဘဲ အခြားအခြား လူတွေရဲ့နေ့စဉ်ဘ၀လှုပ်ရှားမှုတွေရဲ့ အရေး ကိစ္စတွေမှာ ကျရာတာဝန်ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်မည်။ ဒုက္ခဆင်းရဲ့မှုကို မျှဝေခံစားမည်။ အတ္တ နှင့် ပရမျှတပြီး တစ်ကိုယ်ကောင်းမဆန်ဘဲ လူ့ကျင့်ဝတ်တွေကို ကျေပွန်ပြီး လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုသူ၊ အသုံးဝင်သူ၊ အသုံးတည့်သူတစ်ယောက်အဖြစ် ရာသက်ပန် စဉ်ဆက်မပြတ် နေထိုင်သွားလာခြင်းကို ကျမ်းတော် မြတ်ကုရ်အာန်က လမ်းညွှန်နေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ကုရ်အာန်က သုံးတဲ့ဝေါဟာရအရ နဖ်စ် Human Personality လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းအစကို မြှင့်တင်မြင့်မားတိုးတက် ဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေနှင့်ပတ်သက်ပြီး အချက်တစ်ချက်ကို တင်ပြမည်။ ဒီစကြ၀ဠာကမ္ဘာလောကမှာ လူအပါအ၀င် သက်ရှိအားလုံးနှင့်ဆိုင်တယ်။ ဥပဒေသနိယာမ တစ်ရပ်မှာ သက်ရှိတွေဟာ မိမိတို့ရောက်ရှိနေထိုင် အသက်ရှင်ကျင်လည်ကျက်စားနေတဲ့ အရပ်ဒေသပတ်ဝန်းကျင်မှာ ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် လူ့အစွမ်းအစ အရည်အသွေး အရည်အချင်း တောင့်တင်းခိုင်မာသန်စွမ်းမှု အပြည့်အ၀ရှိဖို့ လိုအပ်တယ်။ လိုအပ် တဲ့ အရည်အသွေး၊ အရည်အချင်း၊ အစွမ်းအစတောင့်တင်းခိုင်မာမှု၊ ကြံ့ခိုင်မှု၊ သန်စွမ်းမှု မရှိရင် အဲဒီပတ်ဝန်းကျင် မှာ အနှေးနှင့်အမြန် ဖယ်ရှားလွင့်ပစ်ပျောက်ပျက်လွင့်စင်သွားနိုင်တယ်။ မိမိတို့မှာ သက်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် အစစအရာရာ ကိုက်ညီမှု၊ တောင့်တင်းခိုင်မာမှု၊ ကြံခိုင်သန်စွမ်းမှု ရှိနေသမျှကာလပတ်လုံး အဲဒီပတ်ဝန်းကျင်မှာ ဆက်လက် ခြေကုတ်မြဲမြံပြီး အတည်တကျရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
ဒါမှမဟုတ်ရင်တော့ စားစရာမရှိ၊ နေစရာမရှိ၊ ဘ၀အခြေအနေဆိုးနှင့် နေရာဒေသအချို့မှာ ဖြစ်ပေါ်နေ သော ရွှေ့ပြောင်းဒုက္ခသည်ဘ၀ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နည်းပေးလမ်းညွှန်မှုအတိုင်း လိုက်နာကျင့်သုံးပြီး လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းအစတိုးတက်မြင့်မား ကြီးထွား ဖွံ့ဖြိုးပြီး လိုရာခရီးစခန်းကို ရောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ ကျွန်တော်ရဲ့တင်ပြမှုကို ရပ်နားခွင့် ပြုပါ။