နဖ်စ် ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ(အပိုင်း-၃) ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်

နဖ်စ် ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ(အပိုင်း-၃)   ကုရ်အာန်သုတေသီဦးနူးရ်ခင်မောင်

 

ဒီကနေ့ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ် အာန်ထဲက ကျွန်တော်လေ့လာတွေ့ရှိချက်များကို တင်ပြခွင့်ရတဲ့ အတွက် ရှေးဦးစွာအလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ကို မွေးဖွားပြုစုစောင့် ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန် ကို သင်ကြားပို့ချကူညီပံ့ပိုးခဲ့တဲ့ ဆရာများနှင့် ကျမ်းတော်မြတ်ကုရ် အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်း ကျောင်းတော် မတ်စ်ဂျိဒ်ရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့် ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာကြတဲ့ အမျိုး သား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တင်ပြမဲ့အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ `နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေးဆိုသည်မှာ´ အပိုင်း(၃)ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများ ခင်ဗျား – ကျွန်တော်ရဲ့တင်ပြချက်ကို မရှင်းလင်းခဲ့ရင် ဂျုမုအာဟ် ဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။

`အတ်စ္စလားမု အလိုင်းကွန်းမ်ဝရဟ် မသွလ်လားဟိ ၀ဘရကာသုဟု´

အလ္လာဟ်အရှင်မြတ်က အရာရာတိုင်းအတွက် စည်းမျဉ်းစည်းကမ်း ဥပဒေသတွေကို ပြဌာန်းသတ်မှတ်ထားတာ ရှိတယ်။ ဒါကြောင့် လူမျိုးတိုင်း၊ မျိုးနွယ်စုတိုင်းအတွက် အချိန်ကာလတစ်ရပ်တော့ရှိတယ်။ အဲဒီအချိန်ကာလတိုင်းမှာ ဥပဒေသ သတ်မှတ်ချက်တစ်ရပ်စီရှိပါတယ် ဆိုတဲ့အကြောင်း ကုရ်အာန်ဆူရာဟ်(၃၇) အာယသ်(၃၇)မှာ အလ္လာဟ်အရှင်မြတ်က လူသား တွေကို ဘာပြောထားလဲ။

လူသားမျိုးနွယ်အုပ်စုတိုင်းအတွက် ပိုင်းခြားသတ်မှတ်ထားတဲ့အချိန်ကာလ သက်တမ်းတစ်ရပ်တော့ရှိတယ်။ အဲဒီ မျိုးနွယ်အုပ်စုတိုင်းဆီကို သတ်မှတ်ပိုင်းခြားထားတဲ့ အချိန်ကာလရောက်လာတဲ့အခါ တစ်နာရီ တစ်စက္ကန့် နောက်ဆုတ် ရွှေ့ဆိုင်းပေးမှာ မဟုတ်သလို တစ်နာရီ တစ်စက္ကန့် ရှေ့တိုးဆွဲဆန့် ပေးမှာလည်းမဟုတ်ဘူး။ ဒီလောက သက်တမ်းကာလရဲ့ သတ်မှတ်ပိုင်းခြားထားတဲ့ အချိန်ကာလမှာ လူမျိုးတိုင်း၊ မျိုးနွယ်အုပ်စုတိုင်းဟာ မိမိတို့ရဲ့ ကိစ္စရပ်တွေကို အကောင်း ဒါမှမဟုတ် အဆိုးပြုလုပ်ကြတယ် မဟုတ်လော။ အဲဒီလို ပြုလုပ်ကြတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ အကျိုးရလာဒ်တွေကြောင့် ထိုက်သင့် တဲ့ အကျိုးကျေးဇူး၊ ဒါမှမဟုတ် ပြစ်ဒဏ်ကို ကြုံတွေ့ခံစားရမည့်အခါကျတော့ အဲဒီလူတွေ ပြန်လည်ပြုပြင်နိုင်ဖို့အတွက် အချိန် ကာလ ရှေ့တိုး ဒါမှမဟုတ် နောက်ဆုတ်ပေးပါလို့ တောင်းဆိုနိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် အချိန်ရှိတုန်း လုံ့လစိုက်ဆိုသလို ကျွန်ုပ်တို့ ဆက်လက်အသက်ရှင်နေထိုင်ကြတဲ့ လက်ရှိအချိန်ကာလမှာ `အလ်ဟက်´ထာဝရမှန်ကန် တိကျတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့လမ်းညွှန်ချက်အတိုင်း လက်တွေ့အကောင်အထည်ဖော် လိုက်နာကျင့်သုံးဖို့လိုသည်။ အချိန်နောက်ကျမှ နောင်တတရားရပြီး အလ္လာဟ်ရေ ကျွန်ုပ်တို့ကို အချိန်ပိုပေးပါဆိုပြီး တောင်းဆို ခြင်း၊ အချိန်မကျရောက်မီ ရပ်ဆိုင်းခြင်းမျိုး လုံးဝမရှိတဲ့အတွက်ကြောင့် ဒီအာယသ်တော်ကို အလ္လာဟ်အရှင်မြတ်က ပြဌာန်း သတ်မှတ်ချက် ဥပဒေတစ်ရပ်ကို ချမှတ်ပြဌာန်းပြီး သတိပေးနှိုးဆော် သွန်သင်ဆုံးမနေတာဖြစ်ပါတယ်။

အဲဒီတော့ ဘယ်လူမျိုးဟာ ဘယ်အုပ်စုဖြစ်စေ၊ ကျမ်းတော်မြတ်ကုရ်အာန်က နည်းပေးလမ်းညွှန်တဲ့ စည်းမျဉ်းအတိုင်း သက်ဝင်ယုံကြည်ပြီး၊ အသိရှိရှိ၊ သတိရှိရှိ၊ သစ္စာရှိရှိ၊ သတ္တိရှိရှိ လက်တွေ့လိုက်နာကျင့်သုံးပြီး ဘ၀တည်ဆောက်မည်ဆိုရင် နဖ်စ် လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းသတ္တိတွေကို စဉ်ဆက်မပြတ် တိုးပွား၊ များပြားလာအောင် ပြုလုပ်မည်ဆိုရင် အဲဒီလူတွေ အတွက် ကြောက်ရွံ့စိုးရိမ်စရာနှင့် ပူဆွေးသောက ရောက်စရာရှိမည်မဟုတ်ဘူး။

ဒါပေမယ့် မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် ကျမ်းတော်မြတ်ကုရ်အာန်ပါ ပြဌာန်းချက်စည်းမျဉ်းဥပဒေသတွေကို မယုံကြည် မလိုက်နာ သွေဖီငြင်းပယ်မည့်လူတွေနှင့် ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ် (၇) အာယသ်(၃၆)မှာ အလ္လာဟ်က ဘာပြောထားလဲဆိုရင် အလ္လာဟ်က ငါအရှင်မြတ်ရဲ့ အာယသ်သက်သေ အထောက်အထား တရားဒေသနာတော်တွေကို မဟုတ်မမှန်ဆိုပြီးတော့ လုံးဝငြင်းဆိုကြတဲ့ လူတွေ အာယသ်သက်သေအထောက်အထား တရားဒေသနာတော်တွေကို အာခံ တုဖက်မာနတွေ အပြိုင်တက်နေကြတဲ့ လူတွေ လောင်ကျွမ်းပျက်ဆီးမည့်လူတွေဖြစ်ပြီး၊ လောင်ကျွမ်းပျက်စီးခြင်း အနေအထား မှာ ထာဝရ ဆက်လက်ရှိနေဦးမှာဖြစ်တယ်။

ကျွန်ုပ်တို့ မွတ်ဆလင်မ်တွေ ဘာကြောင့် ဂျဟန္နမ်လို အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံနေရတာလဲ။ ဘာကြောင့် ယဟူဒီ နဆွရာနီတွေရဲ့ ခြေထောက်နှင့် ကန်စရာဘောလုံးတွေ ဖြစ်နေတာလဲ။ ကျွန်ုပ်တို့က အလ္လာဟ်လမ်းထွက်တယ်။ နမာဇ် လည်းဖတ်တယ်။ ဟဂ်ျလည်းလုပ်တယ်။ ရိုဇာဥပုသ်စောင့်ပြီး မဂ်ရိဘ်အချိန်မှာ ၀ါဖြေကြတယ်။ ဒါပေမယ့် အလ္လာဟ်ချပေးထား တဲ့ ကုရ်အာန်ပါ အာယသ်သက်သေ အထောက်အထားဥပဒေသတွေကို မလိုက်နာမကျင့်သုံးဘဲ၊ အီမာမ်ဆိုတဲ့ ဆရာသခင် တွေရဲ့ ပြောစကား၊ ဆိုစကား၊ ဆင့်ပြန်စကားတွေကို လိုက်နာတာတွေ့ရပါတယ်။

အဲဒီတော့ ဥပဒေ သတ်မှတ်ချက်တစ်ရပ်စီကနေ အလ္လာဟ်အရှင်မြတ်က လူမျိုးတိုင်း၊ အုပ်စုတိုင်းအတွက် ပိုင်းခြား ပေးထားပါတယ်။ အဲဒီလူမျိုးအုပ်စုဝင်တိုင်းဟာ သူတို့ရဲ့တိုးတက်မှု ဒါမှမဟုတ် ဆုတ်ယုတ်မှု ဘယ်အရာကို ရွေးချယ်ကျင့်သုံး  မယ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ကျင့်သုံးမှုပေါ်မျာ မူတည်ပြီး တိုးတက်ဖွံ့ဖြိုးမှု ဒါမှမဟုတ် ဆုတ်ယုတ်ပျက်စီးမှုကို ခံစားရ မှာ ဖြစ်တယ်။ ဒါကတော့ Law of Requital လုပ်ရပ်ပေါ်မျာ အကျိုးသက်ရောက်မည့် ဥပဒေဖြစ်တယ်။

အလ္လာဟ်အရှင်မြတ်က ဘယ်လူမျိုး ဘယ်အုပ်စုကို တိုးတက်ဖွံ့ဖြိုးစေ၊ ဒါမှမဟုတ် ဆုတ်ယုတ်ပျက်စီးသွားစေဆိုပြီး မိမိသဘောရ လုံးဝပြုလုပ်တာ မဟုတ်ဘူး။ လူမျိုးတိုင်း၊ အုပ်စုဝင်တိုင်းဟာ မိမိတို့ရဲ့ အမလ်လုပ်ကိုင် ဆောင်ရွက်မှုကြောင့် တိုးတက်ဖွံ့ဖြိုးတာ၊ ဒါမှမဟုတ် ဆုတ်ယုတ်ပျက်စီးသွားတာ ဖြစ်ကြောင်း ကုရ်အာန်ဆူရာဟ် (၁၃) အာယသ်(၃၉)မှာ အလ္လာဟ် အရှင်ြမတ်က အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျက်သိမ်းတော်မူလေသည်။ ထိုနည်းတူစွာ ထိုအရှင် မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်ရှိစေတော်မူလေသည်။ စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်ထံတော်၌သာလျှင် ရှိပေသည်။ ဒါကတော့ အများဘာသာပြန် အဓိပ္ပါယ်ဖြစ်ပါတယ်။

အလ္လာဟ်အရှင်ြမတ် ပြဌာန်းသတ်မှတ်ပေးထားတဲ့ ဥပဒေအရ ဆက်လက်ရှင်သန်နိုင်တဲ့ လူ့အရည်အသွေး အစွမ်း အစ မရှိဘူးဆိုရင် ဖျက်သိမ်းရန်နှင့် ဆက်လက်ရှင်သန်နိုင်တဲ့ လူ့အစွမ်းအစ အရည်အသွေးတိုးတက်ပွားများ ရှိနေမည်ဆိုရင် ဆက်လက်ရှင်သန်နိုင်ခွင့်ရမည်။ ဒီလို ဥပဒေသနိယာမ ပြဌာန်းသတ်မှတ်ချက်ရဲ့ အရင်းအမြစ်ဟာ အလ္လာဟ်အရှင်ြမတ်ထံ တော်မှသာလျှင် ရှိပါတယ်။

အလ္လာဟ်အလိုရှိတယ်ဆိုတာ အလ္လာဟ်က ကုရ်အာန်မှာ လမ်းညွှန်တဲ့စည်းမျဉ်း ဥပဒေအတိုင်း လိုက်လုပ်မှ အလ္လာဟ် အလိုရှိမည်။ ကျွန်ုပ်တို့က ဆွလားသ်မတည်ဆောက်ပဲနေ၊ နမားဇ်ဘယ်လောက်ပဲဖတ်ဖတ်၊ ဟဂ်ျဘယ်နှခါပဲ လုပ်လုပ်၊ မဂ်ရိဗ် အချိန်မှာ ၀ါဖြေပွဲလုပ်တဲ့ ဥပုသ် ဘယ်လောက်ပဲစောင့်စောင့် နှစ်ပေါင်းများစွာရှိနေပြီး ဘာအကျိုးမှ သက်ရောက်တာ မတွေ့ရ ဘူး။ အလ္လာဟ်ပြဥပဒေ နိယာမရဲ့ သဘောတရားနှင့်အညီ လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှုရဲ့ အကျိုးရလာဒ်ရဲ့ ခံစားခွင့်ကို လုပ်ရပ်တိုင်းမှာ အကျိုးသက်ရောက်တဲ့ ဥပဒေလို့ ခေါ်ပါတယ်။

အဲဒီတော့ ဖယ်ရှားလွင့်ပစ်ခြင်းနှင့် ခိုင်မာတောင့်တင်းတည်တံ့မယ်ဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းသတ်မှတ် ချက်ဥပဒေ စည်းမျဉ်းအတိုင်း ဖယ်ရှားလွင့်ပစ်စရာကို ဖယ်ရှားလွင့်ပစ်ပြီး၊ တည်တံ့စေမှာဖြစ်ပါတယ်။ ဒီနိယာမ ဥပဒေသ အပေါင်းရဲ့ အခြေခံပင်မအရင်းအမြစ် အဓိကပဓာနအကျဆုံးဟာ အလ္လာဟ်အရှင်မြတ်ထံမှသာလျှင် ရှိပါတယ်။ ဒါကြောင့် လူတွေမိမိတို့ နေထိုင်အသက်ရှင် ရပ်တည်နေတာ ပတ်ဝန်းကျင်ရဲ့ ရေ၊ မြေ၊ လေ၊ အပူအအေး၊ အစားအသောက်တွေရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိသူဖြစ်ဖို့ လိုတယ်။ အလားတူ ပတ်ဝန်းကျင်ရှိ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကြီးပွားရေး၊ သားသမီးအရေးမှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ပြီးရင်ဆိုင်နိုင်တဲ့ လူ့အစွမ်းအစ ကိုယ်ရည်ကိုယ် သွေး ဇွဲ၊ လုံ့လ၊ ကြိုးပမ်းမှုရှိရမည်။ အဲဒီလို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ပြီး ရင်ဆိုင်နိုင်တဲ့ လူ့အစွမ်းအစကိုယ်ရည်ကိုယ်သွေး မရှိရင် တော့ အလဲထိုးခံရပြီ။ အကွဲကွဲအပြဲပြဲ ဒဏ်ရာဒဏ်ချက်နှင့် နောက်ဆုံးမိမိတို့အားလုံး နိဂုံးချုပ်ဇာတ်သိမ်းခန်းဖြင့် ဖယ်ရှား လွင့်ပစ်ချေမှုန်းခြင်း ခံရမှာဖြစ်တယ်။

မွတ်ဆလင်မ်တွေ ကျမ်းတော်မြတ်ကုရ်အာန်ပါ နည်းပေးလမ်းညွှန်မှု ဥပဒေစည်းမျဉ်းတွေကို လိုက်နာခဲ့တဲ့ ခေတ်အချိန်ကာလမှာ အနောက်ဥရောပနှင့် ကမ္ဘာအရပ်ရပ်ရှိ လူတွေဟာ ယခုကျူးကျော်ချယ်လှယ် ချုပ်ကိုင်ခြင်းခံရတယ်။ ညှင်းပန်းနှိပ်စက်ခြင်း ခံရတယ်။ သတ်ဖြတ်ခြင်း ခံရတယ်။ အာရဗ် ကမ္ဘာရဲ့နိုင်ငံတွေမှာ အသိပညာ၊ အတတ်ပညာတွေကို ဆည်းပူးလေ့လာခဲ့တာ မဟုတ်လော။ အဲဒီတော့ မွတ်ဆလင်မ်တွေ ကုရ်အာန်ပါဥပဒေစည်းမျဉ်းတွေကို မျက်ကွယ်ပြု ကျောခိုင်းတာနှင့် အမည်ခံမွတ်ဆလင်မ်အမျိုးမျိုး ကျောင်းတော်ဝါဒ မဇ်ဟဘ်အမျိုးမျိုးကို နာခံလိုက်နာနေသောကြောင့် အုပ်စု အမျိုးမျိုး ဥပမာ ကာ့ဒ်မွတ်ဆလင်မ်၊ ဒရုစ်မွတ်ဆလင်မ်၊ ရှိအိုက်မွတ်ဆလင်မ်၊ စွန္နီမွတ်ဆလင်မ်၊ ဒီစွန္နီမွတ်ဆလင်မ်ဆိုတဲ့ အုပ်စု ထဲမှာ ဟနဖီ၊ ရှာဖီ၊ ဟမ်ဘလီ၊ မာလီကီဆိုတဲ့ ဂိုဏ်းဂဏတွေ၊ နောက်ထပ် မရေမတွက်နိုင်တဲ့ ဂိုဏ်းဂဏတွေ၊ အဲဒီဂိုဏ်းဂဏ တွေကို ဦးသျှောင်နေသော ဆရာသခင်တွေရဲ့ နောက်ကိုလိုက်ပြီး သူတို့ခံယူထားတယ်။ ဘာမွတ်ဆလင်မ်၊ ညာမွတ်ဆလင်မ် ဆိုတဲ့ ဘွဲ့အမည်နာမတွေကို အလ္လာဟ်အရှင်မြတ်ကပေးထားတာ မဟုတ်ဘူး။ တမန်တော်မြတ်ခေတ်နှင့် သမ္မတ(၄)ပါးခေတ် မှာ ဘယ်အုပ်စုဂိုဏ်းဂဏမှ မရှိခဲ့ဘူး။

အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့ကို ပေးထားတဲ့အမည်နာမကတော့ ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာပါတယ်။

ဆူရာဟ် (၂၂)အာယသ် (၇၈)မှာ- ကျမ်းတော်မြတ်ကုရ်အာန်မတိုင်မီ အရင်ကချပေးခဲ့တဲ့ ကျမ်းစာတွေရဲ့ ပြဌာန်း ချက်တွေကို နာခံရိုကျိုးလိုက်နာသူတွေနဲ့ ယခုကုရ်အာန်မှာပါတဲ့ ပြဌာန်းချက်ဥပဒေ စည်းမျဉ်းတွေကို နာခံရိုကျိုးလိုက်နာသူ တွေကို အလ္လာဟ်က မွတ်ဆလင်မ်ဆိုပြီး အမည်နာမပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကုရ်အာန်ဆူရာဟ်(၃) အာယသ် (၁၀၂)မှာ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့ကို ဘာပြောထားလဲ။ အသင်တို့ကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ထားသော ကြိုးကို အသင်တို့အားလုံးစုပေါင်းပြီး တစ်စုတစ်စည်းတည်း ဆုပ်ကိုင်ထားရမည်။ (တစ်နည်း) အလ္လာဟ်ချပေးထားသော ကုရ်အာန်ပါနည်းပေးလမ်းညွှန်မှု ဥပဒေစည်းမျဉ်းတွေကို အသင်တို့အားလုံး စုပေါင်းပြိး တစ်စုတစ်စည်းတည်း လိုက်နာကျင့် သုံးရမည်။ အချင်းချင်း အုပ်စုဂိုဏ်းဂဏမခွဲရဘူးလို့ ပြောထားတယ်။

အဲဒီတော့ အလ္လာဟ်ပြောထားတဲ့အတိုင်း လိုက်လုပ်မှာလား၊ ဒါမှမဟုတ် ဂိုဏ်းဂဏဆရာသခင်တွေ ပြောနေသော မွတ်ဆလင်မ်စနစ် ကျောင်းတော်ဝါဒအတိုင်း လုပ်မှာလား။ အလ္လာဟ်ပြောထားတဲ့ ကျမ်းတော်ဝါဒ ကုရ်အာန်အတိုင်းလိုက်နာ ကျင့်သုံးမည်ဆိုလျှင် လက်ရှိဒွန္နယာမှာရော၊ နောက်အာခိရသ်အနာဂါတ်မှာပါ အောင်မြင်မှုရမည်။ အကယ်၍ မိမိတို့ရဲ့ စိတ်အလိုဆန္ဒကို ရှေ့တန်းတင်ပြီး၊ ထင်ပေါ်ကျော်ကြားချင်တဲ့ အဲဒီဆရာသခင်တွေဟာ ပြောတာတစ်မျိုး၊ လုပ်ရပ်ကတစ်ခြား လွဲမှားစွာကျင့်သုံးနေတာကြောင့် သူတို့နောက်ကို လိုက်မည်ဆိုရင်၊ ကမောက်ကမ ကစဥ့်ကလျား ဖရိုဖရဲဖြစ်ပြီး လူ့အစွမ်းအစ အရည်အသွေးမမီ သိက္ခာမဲ့ဘ၀ကို ရောက်ပြီးတော့ ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရမည်။ ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာ မွတ်ဆလင်မ်တော် တော်များများဟာ သိက္ခာမဲ့ဘ၀နှင့် ရင်ဆိုင်နေရတာ အဓိကကတော့ ကုရ်အာန်ကိုမျက်ကွယ်ပြုပြီး လွဲမှားတဲ့ဝါဒတွေကို ယုံကြည်လိုက်နာကျင့်သုံးနေတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် အလ္လာဟ်အရှင်မြတ်က နှစ်ပေါင်း(၁၄၀၀)အရင်က အမိန့်ပေးကြိယာသုံးပြီး အသင်တို့အားလုံး ကုရ်အာန်ပါ လမ်းညွှန်ချက် ဒီးန်စနစ်ဇယားအတိုင်း စုပေါင်းပြီးလိုက်နာရမည်။ အချင်းချင်း အုပ်စုဂိုဏ်းဂဏမခွဲရဘူးလို့ ပြောထားတာဖြစ် တယ်။ ဒီးန်ဖြစ်တဲ့ အစ္စလာမ့်ဘ၀တည်ဆောက်မှု စနစ်ဟာ အလ္လာဟ်နှင့်ဖန်ဆင်းဖြစ်ထွန်းခံတွေဖြစ်တယ်။ လူသားကြားမှာ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း၊ ဘာသာရေး၊ သီးခြားဝတ်စုံအဆောင်အယောင်တွေကို အမြတ်တနိုးဝတ်ဆင်ပြီး ၀တ်ပြုမှုကို ကိုးကွယ်ခြင်း၊ ကုသိုလ်ဘာဝနာပွားများခြင်း၊ သင်္ချိုင်းတွေထဲမှာ ကိန်းအောင်းပြီးတော့ ၀ိညာဉ်သန့်ရှင်းရေး၊ အပြစ်ငရဲမှ ကင်းဝေးရေး၊ နောင်ဘ၀ကောင်းစားရေး၊ ဂျန္နသ်ရရှိရေးအတွက် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်ခြင်းဆိုတာ ဒီးန်စနစ် မဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ ပေါချောင်ကောင်းလမ်းစဉ် ကျောင်းတော်ဝါဒ မဇ်ဟဘ်ဖြစ်ပါတယ်။

စကြ၀ဠာအပေါင်းကို ပြုစုပျိုးထောင်လမ်းညွှန်ရှင် အလ္လာဟ်အရှင်မြတ်က ခေတ်တိုင်း၊ ဒေသတိုင်း၊ အခြေအနေတိုင်းမှ တစ်ဆင့် လူသားတို့အတွက် အာယသ်သက်သေ အထောက်အထား `၀ဟီ´ဘ၀လမ်းညွှန်ချက် ထုတ်ပြန်ပို့ချခဲ့တာဖြစ်တယ်။ နောက်ဆုံးအကြိမ်တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို တရားဒေသနာတော် အာယသ်တော်တွေကို နည်းနည်းချင်း အလီလီ ထုတ်ပြန်ပြီးအားလုံးကို ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်ကိုယ်တော်တိုင် တာဝန်ယူပြီး စီစဉ်ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ထားတာ ဖြစ်တယ်။ (၁၅း၉)ကို လေ့လာကြည့်ပါ။

ဒါကြောင့် လူသားတွေ၊ အထူးသဖြင့် ကျွန်ုပ်တို့ မွတ်ဆလင်မ်တွေ၊ အဓိကဆိုတာဘာလဲ။ သာမညဆိုတာဘာလဲ။ ခွဲခြားပြီး သိရှိဖို့လိုပါတယ်။ ဒါကြောင့် အဓိကဖြစ်တဲ့ ကုရ်အာန်ပါ တရားဒေသနာတော် အာယသ်တော်တွေကို လူ့ဘ၀တည် ဆောက်မှု လမ်းညွှန်မှုအဖြစ် သိရှိနားလည်လက်ခံယူ သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးမှသာလျှင် လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းအစဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်။ ဒီအခွင့်အရေးကို ဥပက္ခာပြု မသိကျိုးကျွံလုပ်ပြီး ယုံတော့ယုံတယ်။ ဒါပေမယ့် လူတွေ ကြံစည်ဖန်တီး တည်ထွင်ထားသော သာမညဆိုတဲ့ အခြားအခြား စနစ်လမ်းစဉ်တွေကို ကျင့်သုံးပြီး ဘ၀တည်ဆောက်ရင်တော့ အဲဒီလူတွေ ဖယ်ရှားရုပ်သိမ်းပြီး အဓိကဖြစ်တဲ့ ကုရ်အာန်ကို ထိုက်ထိုက်တန်တန် ယုံကြည်ကျင့်သုံးမည့်လူတွေအားဖြင့် အစား ထိုးပြောင်းလဲမည်ဆိုတဲ့ နိယာမဥပဒေပြဌာန်းချက်ကို ကုရ်အာန်ဆူရာဟ်(၆)အာယသ်(၁၃၄) အလားတူ ဆူရာဟ်(၁၄) အာယသ်(၉) ဆူရာဟ် (၃၅) အာယသ်(၁၆)မှာ

(အလ္လာဟ်က) အို – တမန်တော် အသင့်ကို အဆင့်ဆင့်ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်လမ်းညွှန်ရှင် ရဗ် အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ပြုစုပျိုးထောင်ခြင်းအတွက် မည်သည့်အဖိုးအခ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တ၊ လိုလားခြင်း မရှိပေ။ အလ္လာဟ်အရှင်မြတ်ထံမှာ ပြုစုပျိုးထောင်မှုအတွက် လိုအပ်သမျှအရာအားလုံး အပြည့်အ၀စုံစုံလင်လင် အလျှံပယ်ရှိပြီးသာဖြစ်တယ်။ အလ္လာဟ်ပြဌာန်းထားတဲ့ ပြုစုပျိုးထောင်မှုစနစ်အတိုင်း လိုက်နာပြီးဘ၀တည်ဆောက်မှု မပြုဘဲ၊ ဖီလာဆန့်ကျင်နေမည်ဆိုရင် အသင်တို့ကို ရုပ်သိမ်းဖယ်ရှားပြီး၊ အသင်တို့ရဲ့နောက်မှာ အသင်တို့ရဲ့နေရာမှာ အလ္လာဟ်အရှင် မြတ်ရဲ့ ပြဌာန်းချက်ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ဘ၀တည်ဆောက်မည့် လူတွေကို ဆက်လက်အစားထိုးမည်။ အခြားလူမျိုးအုပ်စုရဲ့သားစဉ်မြေးဆက်တွေမှာ အသင်တို့ကို အလားတူဖြစ်ထွန်းပေါ်ပေါက်စေခဲ့တဲ့အတိုင်းပင်ဖြစ်တယ်။ ဥပမာ ဘနီအိစ္စရာအီလ် မျိုးဆက်ကိုဖယ်ရှားပြီး ဘနီအိစ္စမာအီလ်မျိုးဆက်တွေကို ဆက်ခံခဲ့သလိုဖြစ်မည်။

အလ္လာဟ်အရှင်မြတ်ချမှတ်ပြဌာန်းထားတဲ့ စနစ်ဇယားကို အသင်တို့လိုက်နာကျင့်သုံးပြီး အကောင်အထည် မဖော်ရင် လည်းဘဲ၊ အလ္လာဟ်ဟာ အစစအရာရာမှာ လိုလားတောင့်တခြင်းကင်းမဲ့တော်မူသော အရှင် `ဂနီ´ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်ပြစနစ်ဇယားဟာ အသင်တို့လူ့ဘ၀တည်ဆောက်မှုမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အသင်တို့ဟာ အစစ အရာရာမှာ လိုလားတောင့်တသူ`ဖကိရ်´တွေဖြစ်တယ်။ ဒါကြောင့် အကယ်၍သာ အသင်တို့က အလ္လာဟ်ချမှတ်ပြဌာန်း ထားတဲ့ စနစ်ဇယားကို မလိုက်နာတဲ့ မျက်နှာလွဲကျောခိုင်း စွန့်လွှတ်ခဲ့မည်ဆိုရင် အလ္လာဟ်အရှင်မြတ်က အသင်တို့ရဲ့နေရာမှာ အခြားလူမျိုးအုပ်စုကို ပြောင်းလဲအစားထိုးမည်။ အဲဒီလိုအစားထိုးခြင်း ခံရမည်။ လူမျိုးအုပ်စုဟာ အသင်တို့ကဲ့သို့ အလားတူဖြစ် မှာ မဟုတ်ဘူး။

ဒီလူ့ဘောင်လောကမှာ လူဟာမိမိတို့ရဲ့ လူ့ဂုဏ်သိက္ခာအစွမ်းအစကို ဆက်လက်ထိန်းသိမ်းနိုင်တဲ့ အရည်အသွေး အရည်အချင်းရဲ့ ပိုင်ရှင်တွေသာလျှင် ဒီလူ့ဘ၀သက်တမ်းမှာ ဆက်လက်ရှေ့တိုးနိုင်မှာဖြစ်တယ်။ အဲဒီတော့ ဖီလာဆန့်ကျင် ရိုင်းပျရန်ပြုနေသော ၀န်းကျင်ကို ကြံ့ကြံ့ခံရပ်တည်ပြီး ရင်ဆိုင်တုံ့ပြန်ဖယ်ရှားနိုင်တဲ့ အင်အားရှိဖို့လိုတယ်။ ကသောင်းကနင်း ဖြစ်နေသော ၀န်းကျင်၊ လုံခြုံအေးချမ်းမှုကင်းမဲ့ပြီး ပံ့ပိုးမှုကင်းမဲ့သောအရပ်ဒေသ၊ ချေမှုန်းဖျောက်ဖျက်ပစ်နိုင်တဲ့ ပယောဂတွေ ပြည့်နှက်နေတဲ့ အချိန်ကာလကို ပြန်လည်တုံ့ပြန်ပြီး ကာကွယ်နိုင်တဲ့ စွမ်းအားမိမိတို့ဆီမှာ ထာဝရရှိနေဖို့ လိုတယ်။ အဲဒီလို အစွမ်းသတ္တိတွေဟာ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်သော အရာတွေသာဖြစ်တယ်။ ဒီအစွမ်းသတ္တိမျိုးကို အခြားအခြားသော သတ္တ၀ါတွေမှာလည်း သဘာဝအတိုင်းတွေ့ရှိရပါတယ်။ ဒီနေရာမှာ လူနှင့်အခြားအခြား သတ္တ၀ါတွေမှာ ကွာခြားမှုမရှိပါဘူး။ လူကတော့ အခြားသတ္တ၀ါတွေထက် အဆင့်တစ်ဆင့်သာပါတယ်။ လူသားရဲ့အဲဒီလိုသာတဲ့ အရည်အချင်းဟာ သာမန်သတ္တ၀ါ အဆင့်မှ လူအဆင့်ကို ရောက်ရှိနေခြင်းပင်ဖြစ်တယ်။ ဒါကြောင့် လူသားဆိုတဲ့အဆင့်မှာ မည်သည့်အရာက တမူထူးခြားစေ တာလဲ။

လူသားရဲ့တမူထူးခြားသော အကြောင်းအရာကတော့ လူဟာမိမိရဲ့ လူ့ဗီဇစွမ်းအားသတ္တိကို ကြီးထွားဖွံ့ဖြိုးအောင် လေ့ကျင့်ပျိုးထောင်နိုင်ဖို့ စွမ်းအားရှိရပေမည်။ အရာရာတိုင်းကို လေ့လာဆင်ခြင်သုံးသပ် သိရှိနိုင်ရမည်။ အကျိုးအကြောင်း အဆိုးအကောင်းကို သိရမည်။ လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုနေရမည်။ အသုံးဝင်သူဖြစ်ရမည်။ အသုံးတည့်သူဖြစ် ရမည်။ လူတွေရဲ့ဆင်းရဲဒုက္ခနှင့် ပြဿနာပေါ်မှာ ကိုယ်ချင်းစာနာမှု၊ မျှဝေခံစားမှုရှိရမည် စတဲ့ လူသားဆန်သော အပြုအမူ၊ ဆက်ဆံနေထိုင်ပြောဆိုမှုတွေပင် ဖြစ်တယ်။ မိမိတစ်ယောက်တည်း မိမိတို့တစ်မျိုးတည်းကောင်းစားရေး၊ ကြီးပွားတိုးတက် ကျန်းမာပြီး ချမ်းသာဖို့အတွက် အာရုံပြုဆောင်ရွက်တဲ့ လူတွေနဲ့စားတယ်၊ အိပ်တယ်၊ မျိုးပွားရန်အတွက် အသက်ရှင်ခြင်းဟာ အခြားအခြား သက်ရှိသတ္တ၀ါတွေနဲ့ လုံးဝကွဲပြားခြားနားခြင်းမရှိတဲ့အပြငိ အဲဒီလိုဘ၀တည်ဆောက်ခြင်းဟာ `ကွဖ်ရွန်´ အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သွေဖည်ဆန့်ကျင်ပြီး ကျေးဇူးကန်းခြင်းသာဖြစ်တယ်။

အဲဒီတော့ အလ္လာဟ်ကို ယုံကြည်ပြီးကုရ်အာန်ပါ လမ်းညွှန်ချက်စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးပြီး ဘ၀တည် ဆောက်သူတွေနဲ့ ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ် (၄၇) အာယသ်(၁၂)မှာ ဘာပြောထားလဲဆိုရင်

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ ကုရ်အာန်ပါစည်းမျဉ်းတွေကို သက်ဝင်ယုံကြည်လိုက်နာပြီး ကောင်းမြတ်တဲ့ လုပ်ရပ်တွေကို လုပ်ကိုင်ဆောင်ရွက်ပြီး ဘ၀တည်ဆောက်မည်။ လူတွေကို ဂျန္နသ်သုခဘုံတွေကို ၀င်ရောက် စေတော်မူမည်။ အဲဒီဂျန္နသ်ဥယျာဉ်တွေရဲ့အောက်မှာ စမ်းရေချောင်းတွေ စီးတွေလျက်ရှိနေမှာဖြစ်တယ်။

(တစ်နည်း) အလ္လာဟ်ကို သက်ဝင်ယုံကြည်သော လူတွေမိမိတို့ရဲ့ ဗီဇစွမ်းအား၊ သတ္တိ၊ အရည်အသွေးတွေကို ပျိုးထောင်ပွားများရင်းနဲ့ မွန်မြတ်တဲ့လုပ်အားဖြင့် အသက်ရှိနေကြတဲ့လူတွေကို မြစ်ချောင်း၊ အင်း၊ အိုင်တွေ၊ တသွင်သွင်စီးတွေ လျက်ရှိနေသော ရေကဲ့သို့ သာယာဝပြောပြီး ထာဝရသုခချမ်းသာကို အလ္လာဟ်အရှင်မြတ်က အမှန်တကယ်ခံစားစေမှာ ဖြစ်တယ်။

အလားတူမဟုတ်သော အခြားအုပ်စုကတော့ အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ စည်းမျဉ်းတွေကို မယုံကြည်သွေဖည်ဆန့်ကျင်ပြီး ဘ၀တည်ဆောက်တဲ့ ကာဖိရ်တွေရဲ့စားတာ၊ သောက်တာ၊ ၀တ်တာ၊ ဆင်တာ ဘ၀တစ်လျှောက်လုံး အခွင့်အရေးရှိသမျှ အကျိုးအမြတ်အပြည့်အ၀ ခံစားစံစားပြီး လုပ်ချင်တာလုပ်တိရစ္ဆာန်လိုပဲ အားကောင်းမောင်းသန်သူ၊ အားနည်းတဲ့လူတွေပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးသူကာဖိရ်တွေရဲ့ အားထားစရာ နေရာထိုင်ခင်း ဟာ မီးလောင်ပြာကျမည့် ဂျဟန္နမ်သာလျှင် ဖြစ်မည်။ ဒါကြောင့် အလ္လာဟ်ရဲ့ကျမ်းစာ ကုရ်အာန်ကဖိတ်ခေါ်နေသော လူ့ဘ၀ တည်ဆောက်မှုဆိုင်ရာ ပြဌာန်းချက်နှင့်မတူ ဆန့်ကျင်တဲ့လူတွေ စိတ်ကူးတီထွင်ကြံဆ၊ ဖန်တီးဖော်ဆောင်ထားသော လူ့ဘ၀ တည်ဆောက်မှုဝါဒ၊ လမ်းစဉ်တွေအတိုင်း နာခံလိုက်နာကျင့်သုံးနေကြသော လူတွေဟာ လူ့ကျင့်ဝတ်သိက္ခာ တိုးမြင့်နေတာ လုံးဝမတွေ့ရဘူး။ ဘာကြောင့်လည်းဆိုရင် အဲဒီလူတွေရဲ့ ဘ၀ရဲ့ရည်ရွယ်ချက်မှာ တိရစ္ဆာန်တွေအတိုင်း ငါ၊ ငါ့ဆွေမျိုး၊ ငါ့ အသိုင်းအ၀ိုင်း၊ ငါတို့လူတန်းစား၊ ငါတို့လူမျိုး၊ ငါတို့ရဲ့ ကိုယ်ကျိုးစီးပွားသာဖြစ်ရမည်။ အခြားဘယ်သူမှ မပါဝင်စေရဆိုပြီး ကမ္ဘာအ၀ှမ်းမှာ သတ်မှတ်နေတာတွေ့ရပါတယ်။ အဲဒီလို ငါတို့နှင့်မတူ ငါတို့ရဲ့ရန်သူဆိုပြီး သြဇာအာဏာနှင့် နှင်ထုတ်ကြတယ်။ မောင်းထုတ်ကြတယ်။ အကျိုးစီးပွားကို ဖြတ်တောက်ကြတဲ့လူတွေနှင့် ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ် မုဟမ္မဒ်(၄၇) အာယသ် (၁၃)မှာ အလ္လာဟ်က ဘာပြောလဲဆိုရင်

(အလ္လာဟ်အရှင်မြတ်က) အို -တမန်တော် အသင်ကို နှင်ထုတ်ခဲ့သော အရပ်ဒေသထက် အင်အားပိုမိုတောင့်တင်းတဲ့ မြို့ရွာဒေသ မြောက်များစွာရှိခဲ့တယ်။ အဲဒီ အရပ်ဒေသမှာရှိခဲ့သော လူတွေကို ငါအရှင်မြတ်က ဖျက်ဆီးချေမှုန်းပစ်ခဲ့တယ်။ အဲဒီလို ဖျက်ဆီးချေမှုန်းပစ်ခဲ့တဲ့လူတွေကို အားပေးကူညီပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ဘူး။

ဆိုလိုတာက တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို နှင်ထုတ်ခဲ့တဲ့ အရပ်ဒေသထက် အင်အားစွမ်းပကား တောင့်တင်း ခိုင်မာတဲ့ မြို့ရွာဒေသတွေ မြောက်များစွာရှိခဲ့တယ်။ ဒါပေမယ့် တမန်တော်မြတ် ဟောပြောတင်ပြခဲ့တဲ့ တရားကျမ်းတော်မြတ် ကုရ်အာန်ပါစည်းမျဉ်း ဥပဒေကို ဆန့်ကျင်ခဲ့သောကြောင့် ဒီဥပဒေကသာလျှင် သူတို့ကိုဖျက်ဆီးခဲ့တာဖြစ်တယ်။ အဲဒီအခါ အလ္လာဟ်ကို ဆန့်ကျင်ပြီး အားပေးကူညီမည့်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့သလို နောင်လည်းရှိမှာမဟုတ်ဘူးလို့ ပြောနေတာ ဖြစ်တယ်။ ဆက်လက်ပြီး အာယတ် (၁၄)မှာ

အဲဒီတော့ မိမိတို့ကို အဆင့်ဆင့်ပြုစုပျိုးထောင်လမ်းညွှန်ရှင်(ရဗ်) အလ္လာဟ်ထံမှ ထင်ရှားရှင်းလင်းတဲ့ပြဌာန်းချက် ဥပဒေပေါ်မျာ တိတိကျကျ ရပ်တည်လျှက်ရှိနေသော လူတွေနှင့် မှားယွင်းချွတ်ချော်တိမ်းစောင်းတဲ့လုပ်ရပ်ကို လုပ်ကိုင်ဆောင် ရွက်နေသော လူတွေရဲ့အမြင်မှာ လှပတင့်တယ်အောင်ပွဲခံရတဲ့ လူတွေနှင့်တူနိုင်ပါမည်လော။ (ဘာကြောင့်လည်းဆိုရင်) အဲဒီ လူတွေဟာ အလ္လာဟ်ရဲ့ပြဌာန်းချက် စည်းမျဉ်းဥပဒေသကို မလိုက်နာဘဲ၊ မိမိတို့ရဲ့ စိတ်အလိုဆန္ဒ၊ စိတ်နှလုံးပျော်မွေ့ရာကိုသာ လိုက်နာကျင့်သုံးသူတွေဖြစ်တယ်။

အဲဒီတော့ အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေကို ဆန့်ကျင်ပြီး မိမိတို့ရဲ့စိတ်နှလုံးအတွေးအခေါ်နှင့် ကိုက်ညီတာကို အဓိကထားဘ၀ဆီမီးတန်ဆောင်အဖြစ် လက်ဆုပ်လက်ကိုင်ပြုထားသော လူတွေမှာ လူ့ဂုဏ်သိက္ခာမဲ့သော ဘ၀ကို ဖြတ်သန်းနေသော လူတွေဖြစ်မည်။ ဒါကြောင့် လူ့ကိုယ်ရည်ကိုယ်သွေး အစွမ်းအစ လူ့ဂုဏ်သိက္ခာ၊ တန်ဘိုးမြင့်မား စေမည့် နည်းလမ်းအတိုင်း ဖြတ်သန်းပြီး မြင့်မားမှုကို လျှောက်လှမ်းရန် ကုရ်အာန် (၈၄း၁၉)မှာ လမ်းညွှန်နေတာဖြစ်တယ်။ မုချ အမှန်အသင်တို့ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားမှုဆီကို တက်လှမ်းရမည်။

ကုရ်အာန်ဆူရာဟ် (၁၁)အာယသ် (၅၆)ရဲ့ တင်ပြချက်ကတော့

တမန်တော်မြတ်က ဧကန်အမှန် ကျွန်ုပ်ရဲ့ပြုစုပျိုးထောင်ကာကွယ် စောင့်ရှောက်လမ်းညွှန်ရှင် (ရဗ်)အလ္လာဟ် အရှင်မြတ်ဟာ ဖြောင့်မတ်မှန်ကန်အချိုးအစားကျ ဟန်ချက်ညီသော စနစ်(၀ါ)လမ်းကြောင်းပေါ်မှာရှိတယ်။ အလ္လာဟ်ကိုယ် တော်တိုင်က အလ္လာဟ်ရဲ့စနစ်လမ်းကြောင်းဟာ ကွေ့ကောက်တိမ်းစောင်း ရှုပ်ထွေးမှုကင်းပြီး အချိုးအစားကျ ဟန်ချက်ညီ သော စနစ်(၀ါ)လမ်းကြောင်းပင်ဖြစ်တယ်လို့ အလ္လာဟ်အတွက်သုံးသလို တဖန်တမန်တော် မုဟမ္မဒ်(ဆွ)အတွက်လည်း ကုရ်အာန်ဆူရာဟ်(၃၆) အာယသ်(၃-၄)မှာ

အလ္လာဟ်က ဧကန်အမှန် အသင်တမန်တော်ဟာ စေလွှတ်ခြင်းခံရသော (တမန်တော်)များအနက်မှ တစ်ဦးဖြစ်ပြီး၊ ဖြောင့်မတ်မှန်ကန် အချိုးအစားကျ၊ ဟန်ချက်ညီသောစနစ်(၀ါ)လမ်းကြောင်းပေါ်မှာ ရှိတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် အလ္လာဟ်ကို သက်ဝင်ယုံကြည်သူတွေ ကိုယ်စွမ်းအား၊ ဥာဏ်စွမ်းအား၊ စာရိတ္တစွမ်းအား တိုးတက်ပြီး ဖြောင့်မတ်မှန်ကန် အချိုး အစားကျ ဟန်ချက်ညီသောစနစ်(၀ါ)လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ ကျွန်တော် ရဲ့ ခွတ္တဗာဟ် ပထမပိုင်းကို ဒီနေရာမှာ ရပ်နားခွင့်ပြုပါ။