ပင့်ကူလူသားများ ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

ပင့်ကူလူသားများ

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ယခင်အပတ်တွေမှာ ကျွန်တော်က အစ္စလာမ်ဟူသည်၊ အမျိုးသားရေးဝါဒ၊ ဘာသာတရားများရဲ့ ဘုရားရှင် အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ကုရ်အာန်ထဲက အာယတ်တော်တွေကို လေ့လာတင်ပြခဲ့ပါတယ်။ ယနေ့ (၁၅-၃-၂၀၁၅) နေ့မှာတော့ ကျမ်းမြတ်ကုရ်အာန်ထဲက ဆူရာဟ်တစ်ပုဒ်ဖြစ်တဲ့ `အန်ကဘူသ်´ ထဲက အာယသ်တော် တစ်ချို့ကို လေ့လာတင်ပြမှာ ဖြစ်ပါတယ်။ ဒီဆူရာဟ်က ကဏ္ဍ(၁၁၄)ခုရှိတဲ့ အထဲမှ (၂၉)ခုမြောက် ကဏ္ဍဖြစ်ပါတယ်။
ဒီဆူရာဟ်က ရိုးရာအစဉ်အလာတွေကို ဖက်တွယ်ထားတဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင်ကို ဂရုမပြုတဲ့သူ တွေ၊ ပညာဂုဏ်၊ ဓနဂုဏ်၊ အာဏာဂုဏ်မောက်တဲ့ သူတွေဟာ ပင့်ကူအိမ်ပေါ်က ပင့်ကူကောင်သဖွယ်ဖြစ်တယ်။ ပင့်ကူအိမ်ဟာ ပင့်ကူအတွက် ခိုင်ခံ့ပြည့်စုံပေမယ့် ပျက်ဆီးလွယ်ဆုံးအိမ်ဖြစ်တယ်လို့ အသိပေးဆုံးမထားပါတယ်။
ဒီဆူရာဟ်ရဲ့ အစမှာ အလ္လာဟ်က မိမိတို့ရဲ့ယုံကြည်ချက်ကို ပါးစပ်ပြောရုံနဲ့ ခိုင်မြဲတဲ့ယုံကြည်ချက် ဖြစ်မလာနိုင်ဘူး။ လောကဓံတရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယုံကြည်ချက်အတိုင်း မလွဲမသွေ လိုက်နာတဲ့သူမှသာ အောင်မြင်တဲ့သူဖြစ်တယ်။ ဒါ့အပြင် လောကကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူတွေကိုလည်း မိမိတို့ရဲ့ အဖျက်လုပ် ရပ်တွေကြောင့် ဆုံးရှုံးမှုနှင့် ကျိန်းသေကြုံတွေ့ရမယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြထားပါတယ်။
ဆူရာဟ်(၂၉း၆)မှာ `မည်သူမဆို ဂျိဟဒ်လုပ်ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် မိမိတို့ရဲ့ ကိုယ်ရည်ကိုယ် သွေးတွေ ဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်း ပြောထားပါတယ်။ ကျွန်တော်တို့က ဂျိဟဒ်လို့ပြောရင် လက်နက်စွဲကိုင် တိုက်ခိုက်နေကြတာကိုပဲ စွဲလန်းနေကြတာပါ။ တရားမဲ့ပြုကျင့် ဖိနှိပ်နေတဲ့သူတွေကို မိမိတို့ရဲ့ အသက်သွေး၊ ချွေး၊ စည်းစိမ်ဥစ္စာတွေနဲ့ အစွမ်းကုန်အသုံးချပြီး (ဂျိဟဒ်လုပ်ပြီး) ခုခံတွန်းလှန်တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိရဲ့ ကိုယ်ကျင့်တရားတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ ဖွံ့ဖြိုးတိုးတက်လာဖို့။ မိမိရဲ့ mindset စိတ်နေစိတ်ထားတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်လည်း ကြိုးပမ်းအားထုတ်ခြင်းဟာ ဂျိဟဒ်ဖြစ်ပါတယ်လို့ ဒီကဏ္ဍမှာ ဖော်ပြထားပါတယ်။ ဒါမှသာ အလွယ်တကူ ဖျက်ဆီးနိုင်တဲ့ပင့်ကူအိမ်တွေလို ပျော့ညံ့တဲ့ရပ်တည်ချက်နဲ့ ရှင်သန်နေတာ မဟုတ်ပဲ အမှန်တကယ် ခိုင်ခံ့တဲ့ရပ်တည်ချက်နဲ့ ဘ၀ကိုတည်ဆောက်ထားတာ ဖြစ်လာပါမယ်။ ဒါက ဆူရာဟ် အန်ကဘူသ် ရဲ့ ပထမဦးဆုံး အာယသ်တော် (၇)ခုထဲက ဆိုလိုရင်းတွေဖြစ်ပါတယ်။
ယနေ့တင်ပြမဲ့ခေါင်းစဉ်ကတော့ ပင့်ကူလူသားများဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် (၂၉း၄၁)မှာ- `အလ္လာဟ်ကို တုပြိုင်လျက် အခြားအရာများကို အားကိုးအားထားသူများသည် သူ့အတွက် သူ့အိမ်ကို ဆောက်သော ပင့်ကူနှင့်အလားသဏ္ဍာန်တူ၏။ အိမ်တကာ့ အိမ်တို့တွင် ပင့်ကူအိမ်သည် ပျက်စီးလွယ်ဆုံးဖြစ်၏။ သူတို့ သိနားလည်နိုင်ရန် မလွယ်ကူချေ။ ´ လို့ ဆိုထားပါသည်။
ဒီနေရာမှာ ပင့်ကူနဲ့ ပင့်ကူအိမ်ဆိုတာကို ကျွန်တော်လေ့လာတင်ပြလိုပါတယ်။ ပင့်ကူအိမ်ကို ပင့်ကူက နေထိုင်စရာအဖြစ်သာမက လက်နက်အဖြစ် ထောင်ချောက်အဖြစ်လည်း အသုံးပြုပါတယ်။ ပင့်ကူအိမ်ကို အသုံးပြုပြီး ယင်ကောင်တွေကနေစပြီး ဖားတွေအထိ ဖမ်းယူစားသောက်ကြပါတယ်။ အချို့ပင့်ကူကြီးတွေဆို မြွေတွေကိုပါ ပင့်ကူအိမ်က အမျှင်တွေနဲ့ ရစ်ပတ်ပြီး ဖမ်းယူစားသောက်တတ်ကြပါတယ်။ အချို့ပင့်ကူအိမ်တွေက ခရမ်းလွန်ရောင်ခြည်ကို ရောင်ပြန်ဟပ်စေ၍ အင်းဆင်ပိုးမွှားများကို ဆွဲဆောင်နိုင်သေးတယ်။ ဒါကြောင့် ပင့်ကူမျှင်သည် ထိုသတ္တ၀ါများအတွက် သေမင်း လက်နက် ပိုးမျှင်ဖြစ်နေပါတယ်။
ပင့်ကူမျှင်ဟာ အစာဖြစ်သာ သတ္တ၀ါများကို ဖမ်းဖို့၊ ပင့်ကူကိုယ်တိုင် လေဟုန်စီး၍ ကောင်းကင်ထက်သို့ တက်ဖို့၊ ခရီးဝေးသားဖို့ နွယ်ကြိုးလို အသုံးပြု၍လည်း ရပါသေးတယ်။
ပင့်ကူတို့၏ထူးခြားချက်ကတော့ ဖမ်းလိုသည့် သတ္တ၀ါ၏အကွာအဝေးကို ခန့်မှန်းတွက်ချက်တတ်တယ်။ ပင့်ကူအိမ်၏ အနေအထားကို ပြုပြင်နိုင်တယ်။ လိုသလို အပြောင်းအရွှေ့ လုပ်နိုင်သည်။ လိုအပ်သော အရွယ်အစားကို ပြုပြင်နိုင်တယ်။ ဒါတွေဟာ လူသားတွေတောင် လုပ်ဖို့ ခက်ခဲတဲ့အရာတွေပါ။
ပင့်ကူမှာ ဦးခေါင်းနှင့်ရင်ဘတ် တစ်ဆက်တည်းရှိခဲ့ပြီး အပိုင်း(၁)ပိုင်း၊ ၀မ်းဗိုက်ပိုင်းကတစ်ပိုင်းဆိုပြီး (၂)ပိုင်း သာရှိတယ်။ ဦးခေါင်းတစ်ခုတည်း သပ်သပ်လှုပ်ရှားလို့မရ။ အတောင်ပံမရှိ။ ဦးခေါင်းပိုင်းတွင် ပင့်ကူအမျိုးအစားအလိုက် မျက်လုံး ၂လုံးမှ ၈လုံးအထိပါရှိတယ်။ ဒါပေမယ့် အဝေးကို မမြင်ရ။ ပင့်ကူတို့ဟာ စက္ခုအာရုံထက် ပေါဌဗ္ဗ အာရုံပိုပြီး ရှင်သန်ကြတယ်။ ပင့်ကူအိမ်တွင် မည်သည့် အကောင်မိနေသလဲဆိုတာ ထိုသတ္တ၀ါတို့၏ ရုန်းကန်မှုဖြင့် ခွဲခြားသိရှိကြတယ်။ ရင်ဘတ်ပိုင်းရဲ့တဘက်တချက်မှာ ခြေလေးချောင်းစီရှိ တယ်။ ခြေတစ်ချောင်း အဆစ်ခုနှစ်ဆစ်ပါပြီး ခြေသည်းလေးများလည်းရှိတယ်။ ပင့်ကူများသည် ရှေ့နောက် သာမက ဘေးတိုက် လည်းသွားတတ်တယ်။ ပင့်ကူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ပြီး မလောက်လေး မလောက်စားလို့ ထင်စရာရှိ ပေမယ့် အခုနတင်ပြခဲ့သလို တောင်ပံရှိတဲ့ အင်းဆက်တွေကနေပြီး မြွေတွေအထိ ဖမ်းယူစားသောက်တတ်တယ်။ ထိုသတ္တ၀ါများ ပင့်ကူမျှင်များဖြင့် ရစ်ပတ်လုံးထွေးနေသောအခါ သူတို့ဦးခေါင်းမှ အဆိပ်ဖြင့် ထိုသတ္တ၀ါများကို ထိုးသွင်းပြီး မလှုပ်ရှားသွားနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။
ပင့်ကူတို့ အကြောက်ရဆုံး၊ ရန်သူမှာ နကျယ်ကောင်ဖြစ်ပါတယ်။ နကျယ်ကောင်က ပင့်ကူကိုယ်ပေါ်မှာ ဥဥ ချပြီးနောက် ပင့်ကူကို နကျယ်အတွက် အိမ်ဖွဲ့စေတယ်။ အိမ်ပြီး၍နကျယ် ဥပေါက်သည်နှင့် ပင့်ကူကိုစားပြီး ဇာတ်သိမ်းပစ်တတ်တယ်။ ပင့်ကူအကြောင်း ပြောပြနေတာဟာ ပင့်ကူနဲ့တူတဲ့လူသားတွေအကြောင်းကို ပိုမိုနား လည်လာဖို့အတွက်ပါ။ ကျမ်းမြတ်ကုရ်အာန်ရဲ့ (၂၉း၄၁)အစမှာ-
`အလ္လာဟ်ကို တုပြိုင်လျက် အခြားအရာများကို အားကိုးနေသူများသည် သူ့အတွက်သူ့အိမ်ကို ဆောက်သောပင့်ကူနှင့် အလားသဏ္ဍာန်တူ၏။´လို့ပြောထားပါတယ်။ အဲဒီမှာ အလ္လာဟ်ကို တုပြိုင်လျက် အခြား အရာများကို အားကိုးအားထားပြုတယ်ဆိုတာ ဘယ်လိုလူတွေလဲဆိုတာကို သူ့အပေါ်က အာယတ်တော်တွေမှာ ပြောထားပြီးသားပါ။
ဆူရာဟ် (၂၉း၈)မှာ မိဘတွေကို ရိုသေစွာနဲ့ ကောင်းမွန်စွာစောင့်ရှောက်ကြရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် မိဘရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို နားလည်သဘောပေါက်ခြင်းမရှိဘဲ လက်မခံကြနဲ့လို့လည်း ညွန်ကြားထားပါတယ်။ ကျွန်တော်တို့ အများစုကတော့ မိဘကို ရိုသေစွာပြုစုစောင့်ရှောက်ရမယ် ဆိုလိုက်တာနဲ့ မိဘမျိုးရိုးအစဉ်အလာတွေကိုလည်း မျက်စိမှိတ်လိုက်နာကြရမယ်လို့ တွေးထင်နေကြပါတယ်။ ဒါကြောင့် မျိုးရိုးအစဉ်အလာတွေကို အစ္စလာမ့်ဥပဒေလို့ တွေးထင်ယူဆ ဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် တစ်ချို့ကိစ္စတွေမှာ အလ္လာဟ်ရဲ့ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်ပုန်ကန်သလိုမျိုးတောင် ဖြစ်ကုန်ပါတယ်။ ဥပမာ ပြရရင် သားသမီးတွေကို မွေးမွေးချင်းမှာ စေ့စပ်ကြောင်းလမ်းထားပြီး အရွယ်ရောက်တာနဲ့ မဖြစ်မနေ အိမ်ထောင်ချပေးတာတို့၊ အစရှိတဲ့ အစဉ်အလာတွေဟာ အစ္စလာမ့်ဥပဒေကို လုံးလုံးကြီး ဆန့်ကျင်ပါတယ်။ ဒါမျိုးတွေဟာ အလ္လာဟ့်ကိုတုပြိုင်ပြီး မျိုးရိုးအစဉ်အလာကို ယုံကြည်အားကိုးမှု ပြုတာပဲဖြစ်ပါတယ်။ ကုရ်အာန်ရဲ့ သတ်မှတ်ချက်ကတော့ အဲဒါရှစ်ရ်က် လုပ်တာဖြစ်တယ်။ အစ္စလာမ့်လူ့အဖွဲ့အစည်းအတွက် အကြီးကျယ်ဆုံး ပြစ်မှုဖြစ်တယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေက ရှစ်ရ်က်ကို ကြောက်လို့ အလံကို အလေးမပြုတာတို့ ဂါရ၀ပြု ထိုက်သူများရှေ့မှာ ယဉ်ကျေးသိမ်မွေ့စွာ သွားလာတာကိုတောင် မပြုဝံ့တဲ့အထိ ကြောက်ရွံ့ကြပါတယ်။ အဲဒါ တလွဲဆံပင်ကောင်းနေကြတာပါ။ အလ္လာဟ်ရဲ့သွန်သင်ချက်တွေကို နားလည်မှုလွဲနေကြတာပါ။ အလ္လာဟ်ကို ရှစ်ရ်က်ပြုတယ် ဆိုတဲ့အချက်ဟာ ဦးညွတ်တာလို့ လေးစားတဲ့ အမူအရာပြတာတို့ မဟုတ်ပါဘူး။ မိမိတို့ရဲ့ လုပ်ဆောင်ချက်တိုင်းရဲ့ အကျိုးအပြစ်ကို အလ္လာဟ်ရဲ့ ပြဌာန်းချက်ဘောင်ထဲက မလွတ်နိုင်ဘူးဆိုတာကို သိနားလည်ထားဖို့ပါ။ မြူမှုန်လောက်ရှိတဲ့ ဆိုးပြစ်တွေဖြစ်စေ၊ မြူမှုန်လောက်ရှိတဲ့ ကောင်းကျိုးချမ်းသာတွေကို ဖြစ်စေ၊ ပြုမူဆောင်ရွက်ရင်း ကောင်းစွာခံစားစံစားရမယ်ဆိုတဲ့ အသိရှိဖို့ပါ။ ဒါငါတို့ မိဘမျိုးရိုးစဉ်ဆက်က လုပ်ခဲ့ကြတာကို ငါတို့ဆောင်ရွက်နေကြတာလို့ ပြောဆိုလုပ်ကိုင် နေကြတာတွေကို ပြန်လည်သုံးသပ်စိစစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလူတွေဟာ အလ္လာဟ်ရဲ့ လမ်းညွှန်ချက်တွေထက် မိဘမျိုးရိုးအစဉ်အလာတွေကို အားကိုးအားထားပြုနေကြသူတွေပါ။ သူတို့က ရိုးရာအစဉ်အလာတွေအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ငါတို့အတွက် အင်မတန်ခိုင်ခံ့တဲ့ ပင့်ကူအိမ်ဘဲလို့ ထင်နေကြတဲ့ ပင့်ကူတွေပါပဲ။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား ကျွန်တော်တို့ နေထိုင်ရာ လောကရဲ့ ရေထု၊ လေထုနှင့် ကမ္ဘာမြေ သန့်ရှင်းစိမ်းလန်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ လူသားဆိုတာ အခြားသက်ရှိသက်မဲ့တွေထက် အသိဥာဏ်အဆင့်အတန်းမြင့်မားပါတယ်။ ဒါပေမဲ့ လူသားဟာ ကမ္ဘာမြေရဲ့အရှင်သခင်တော့ မဟုတ်ပါ။ ကမ္ဘာမြေ ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ ဒီလိုပဲ ရေ၊ လေ၊ မြေတို့ဟာလည်း လူသားကဲ့သို့ အရေးပါတဲ့ လောကကို အစိတ်အပိုင်းတွေပါပဲ။ အသိဥာဏ်ရှိတဲ့ လူသားဖြစ်လို့ ရေ၊ လေ၊ မြေ အပါအ၀င်သက်ရှိ၊ သက်မဲ့များ ကို ထိန်းသိမ်းစောင့်ရှောက်ရဖို့ဆိုတာဟာ လူသားတို့ မဖြစ်မနေ ထမ်းရွက်ရမဲ့ တာဝန်ဖြစ်ပါတယ်။ ဒီတာဝန်ကို လူသားတွေ မထမ်းဆောင်ရင် သဘာဝဘေးအန္တရာယ်တွေ သင့်စေလိမ့်မယ်လို့ မဒယမ်မြို့က ရှုအိုက်ဗ်နဗီရဲ့ အွမ္မသ်တွေအကြောင်းကို တင်ပြပြီး ကုရ်အာန်မှာ သတိပေးထားပါတယ်။
၂၉း၃၆-၃၇ မှာ
ရှုအိုက်ဗ်နဗီက မဒယမ်မြို့သားတွေကို `အနာဂါတ်ကာလကို မျှော်ကိုး၍ အရာရာကို ဆောင်ရွက်ကြ၊ ကမ္ဘာမြေကြီးကို မညစ်ညမ်းစေနှင့်၊ ဟောပြော၏။ သူတို့ငြင်းဆန်ကြ၏။ ထိုအခါ ငလျင်ကြီးသက်ရောက်ပြီး ပျက်စီးကြရ၏´လို့ ဖော်ပြထားပါတယ်။
လူသားတွေဟာ ကမ္ဘာရဲ့အရှင်သခင်သဖွယ် နေထိုင်ပြုမူပြီး သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်ရင် ကမ္ဘာ ကြီးမှာ ငါတို့ရဲ့ပြုမူသမျှ ခံနိုင်ရည်ရှိတယ်။ မပျက်စီးနိုင်ဘူးလို့ ထင်နေကြမယ်ဆိုရင် ဒီလူတွေဟာ ပင့်ကူအိမ်အပေါ် ပင့်ကူတွေရဲ့ထားတဲ့ သဘောထားလို ထပ်တူပြုမူနေတဲ့ ပင့်ကူလိုလူစားတွေပါပဲ။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အတွက် ငါတို့ဟာ ကမ္ဘာကြီးရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကိုပြောင်းလဲပြီး ငါတို့ဟာ ကမ္ဘာကြီးနဲ့ တသားတည်းဖြစ်တယ်ဆိုပြီး ခံယူထားဖို့လိုပါတယ်။ ကမ္ဘာကြီးဟာ ဘယ်တော့မှ မပျက်ဆီးနိုင်ဘူးလို့ ထင်နေရင် ကမ္ဘာကြီးဟာ ပင့်ကူအိမ်သဖွယ် ပျက်ဆီးလွယ်တဲ့ နေရာဌာနဖြစ်သွားပါလိမ့်မယ်။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓနဂုဏ်မောက်ပြီး ထင်တိုင်း ကြဲနေတဲ့ သူတွေရှိပါတယ်။ ပညာဂုဏ်နဲ့ မိမိရဲ့အပြုအမူဆိုးတွေကို ဖုံးကွယ်ပြီး လူတော်၊ လူကောင်းလိုမျိုး ဟန်ဆောင်နေကြတဲ့ လူတွေလည်းတွေ့ရမှာပါ။ မိမိရရှိထားတဲ့ အာဏာနဲ့အာဏာမဲ့တွေ၊ လက်အောက် ငယ်သား တွေကို ဖိနှိပ်ပြီးဒီလိုလုပ်ရတာဟာ တိုင်းပြည်ကောင်းစားဖို့ဆိုပြီး အကြောင်းပြနေတဲ့ အာဏာရှင်တွေရဲ့ ဒဏ်ကိုခံစားနေရတဲ့ ပြည်သူတွေလည်း ကမ္ဘာအနှံ့မှာ ရှိနေကြပါတယ်။
ကျမ်းမြတ်ကုရ်အာန်မှာ ဒီလိုမျိုးလူတွေကို ကာရူးန်၊ ဖွေရ်အောင်န်နဲ့ ဟာမာန်နဲ့ နှိုင်းယှဉ်ပြီး သွန်သင်ဆုံးမ ထားပါတယ်။ ၂၈း၇၆-၇၇-၇၈ မှာ
`ကာရူးန်သည် မူဆာ၏အမျိုးအနွယ်မှ ဖြစ်လျက်နှင့် သူ့မျိုးနွယ်များအပေါ် ဗိုလ်ကျစိုးမိုး၏။ အာဏာပိုင်များ ကိုပင် လွှမ်းမိုးနိုင်၏။ သူ့အားဂုဏ်မမောက်ရန်၊ အဖျက်အမှောင့်လုပ်ငန်းများကို မလုပ်နှင့်ဟု ပြောသောအခါ ကျွန်ုပ်၏ အသိပညာကြောင့်သာ ဤသို့သော ဓနစည်းစိမ်တို့ကို ရရှိခဲ့ခြင်းဖြစ်သည်ဟုဆို၏။´
ကာရူးန်သည် ယခုခေတ်အခေါ် ခရိုနီလူတန်းစားဖြစ်၏။ မိမိ၏ စည်းစိမ်ဥစ္စာများကို အသုံးပြု၍ အာဏာပိုင် တို့အပေါ်လွှမ်းမိုးပြီး ပြည်သူတို့ကို ဖိနှိပ်သူဖြစ်၏။
ဖွေရ်အောင်န်သည် မူဆာ၏အမျိုးအနွယ်များကို ဖိနှိပ်ချုပ်ချယ်သူဖြစ်၏။
ဟာမန်သည်လည်း ဘာသာတရားတို့ကို အကြောင်းပြု၍ ဖိနှိပ်ချုပ်ချယ်သူဖြစ်၏။ ကုရ်အာန် (၂၉း၃၉)တွင် `ကာရူးန်၊ ဖိရ်အောင်န် နှင့် ဟာမာန်တို့ထံ အလ္လာဟ်သည် တမန်တော်မူဆာကို စေလွှတ်ပြီး ပြုပြင်ပြောင်းလဲရန် သွန်သင်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ သူတို့သည် သူတို့၏ ဓန၊ အာဏာနှင့် ပညာကို အလွန်အမင်း အားကိုးနေသူများဖြစ်၏။ ကာရူးန်၊ ဖွေရ်အောင်န် နှင့် ဟာမန်တို့သည် မည်မျှပင် အာဏာ၊ ပါဝါ၊ ဥစ္စာကြီးမားသော်လည်း ပျက်စီးခဲ့ကြရသည်ဖြစ်သည်။´ သူတို့၏ အာဏာပါဝါနှင့် ဓနဥစ္စာများသည် အလ္လာဟ်၏ရှေ့တော်၌ ပင့်ကူအိမ်ကဲ့သို့ပင် အားအင်ချည့်နဲ့လှပေသည်။
ယခင်ခေတ်အဆက်မှ ယနေ့ထိ အာဏာရှင်များ၊ ဓနရှင်များ၊ သာသနာပိုင်များက လူထုကို အကြောင်း အမျိုးမျိုးပြ၍ ဖိနှိပ်ချုပ်ချယ်မှုများရှိနေလေသည်။ ၎င်းတို့အတွက် ဥစ္စာဓန၊ အာဏာနှင့် ၎င်းတို့ဖန်တီးထားသော အယူဝါဒများသည် ပင့်ကူအိမ်ကဲ့သို့ ခိုင်မာသည်လို့ တွေးထင်နေကြပါတယ်။ ဥစ္စာ၊ အာဏာနှင့် ပညာတို့သည် ၎င်းတို့၏ မျက်လုံးများသဖွယ်ဖြစ်သော်လည်း အနာဂါတ်ကို မတွက်ချက်တတ်သဖြင့် ပျက်ဆီးခဲ့ရပေသည်။
၎င်းတို့သည် ပင့်ကူများကဲ့သို့ပင် မျက်လုံးများစွာ ပါဝင်ပြီး အသိပညာ ဗဟုသုတရှိသူများ ဖြစ်နိုင်ကြ သော်လည်း၊ အသိပညာကို အမှန်အတိုင်း အသုံးမချနိုင်ဘဲ အမြင်အာရုံ မသန်စွမ်းသူများသဖွယ် ဖြစ်နေကြပါ တယ်။ ကုရ်အာန်တွင် ပင့်ကူနှင့် ခိုင်းနှိုင်းထားသော လူတန်းစားများစွာ ရှိနေပါသေးတယ်။ ယနေ့ မေ ၁၅၊ ၂၀၁၅ မှာတော့ မိရိုးဖလာထုံးတမ်းစဉ်လာတွေကို စွဲမြဲဖက်တွယ်မထားသူ၊ အာဏာရှင်များ ဓနရှင်များနှင့် အယူဝါဒကို မောင်ပိုင်စီးထားသူများဟာ မိမိတို့၏ အတွေးအခေါ်အယူအဆနှင့် အာဏာ၊ ဥစ္စာတွေကို အလွန်ခိုင်ခံ့တဲ့ အရာများလို့ ထင်နေကြတဲ့ ပင့်ကူအိမ်ပေါ်က ပင့်ကူလူသားများအဖြစ် တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။