ပညာရပ်များ၏ ဇစ်မြစ်
ပညာရပ်များ၏ ဇစ်မြစ်
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဗါဒသ်ပြုရန် ကြွရောက်လာ ကြတဲ့ ဂျမာအသ်သားများခင်ဗျား-
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လူသားတို့အတွက် ဆုလာဘ်တော်များဆိုတဲ့ခေါင်းစဉ်နဲ့ ယခင်လက တင်ပြခဲ့ပါတယ်။ အဲဒီမှာ လှေ သင်္ဘောတွေ ရေပေါ်မှာသွားလာနိုင်အောင် သဘာဝရဲ့နိယာမကို အလ္လာဟ်က စီမံထားတာပါ။ ဒါကို ပညာရှင်တွေ က သယ်ပိုးခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။
ပညာရှင်တွေဆိုတာ သဘာဝရဲ့နိယာမတွေကို ဖန်တီးတီထွင်ခဲ့သူတွေမဟုတ်ဘဲ ကမ္ဘာဂြိုဟ်နဲ့စကြ၀ဠာ ဆိုင်ရာ လျို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိခဲ့ကြသူများဖြစ်တယ်လို့ ကျွန်တော်တို့နားလည်ထားကြပါတယ်။ ကျွန်တော်က လောကရဲ့လျို့ဝှက်ချက်တွေလို့ သုံးနှုံးတာကို အများကတော့ သဘာဝလို့ သိထားကြပါတယ်။ ကျွန်တော်တို့လို သာမန်လူသားတွေကတော့ သဘာဝပညာရှင်တွေလောက်ကို နားမလည်ကြပါဘူး။ ပညာရှင်တွေ သာလျှင် သဘာဝကိုနားလည်သဘောပေါက်ပြီး လောကကောင်းကျိုးတွေ ဆောင်ရွက်နိုင်အောင် အများပြည်သူကို အသိတွေကိုဖြန့်ဝေပေးပါတယ်။ ဒါပေမဲ့ ပညာရှင်တွေက သဘာဝကြီးရဲ့အကြောင်းကို သူတို့သိထားတာ အလွန် အင်မတန်မှ နည်းပါးပါတယ်။ ဆိုကရေးတီးလို ပညာရှင်ကြီးကတောင် သူသိတာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ သူဘာမှမသိပါသေးဘူးဆိုတာပဲလို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာဂြိုဟ်၊ စကြာဝဠာနှင့် ရှိရှိသမျှအရာအားလုံးဟာ စနစ်တကျဖြစ်ပျက်နေလို့ သ,ဘာဝကနေ သဘာဝ လို့သတ်မှတ်တာပါ။ ပရမ်းပတာဖြစ်ပျက်နေရင် အ,ဘာဝလို့ခေါ်ဆိုရမှာပါ။ အာကာသပြင်ကျယ်ကြီးမှာ ကြယ်များ ဂြိုဟ်များ၏ရွေ့လျားမှုတွေဟာ စနစ်တကျရှိတယ်။ ဒါကြောင့် အာကာပြင်ကျယ်ကြီးကို ဂရိလို Cosmos လို့ခေါ်ပါ တယ်။ Cosmos ရဲ့အဓိပ္ပါယ်ဟာ စနစ်တကျဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆန့်ကျင်ဘက်စကားလုံးက Chaos ဖြစ်ပါတယ်။ ပရမ်းပတာဖြစ်တယ်လို့ ပြောပါတယ်။ စနစ်တကျဖြစ်ပျက်နေတဲ့နိယာမတွေကို ပြဋ္ဌာန်းသတ်မှတ်တာ အလ္လာဟ်ဖြစ်ပါတယ်။ ဒီလိုစနစ်တကျဖြစ်ပျက်နေတဲ့ နိယာမတရားတွေကို ကုရ်အာန်က `အာယတ်တော်´သက် သေလက္ခဏာများလို့ ရည်ညွှန်းပါတယ်။
အစ္စလာမ်က မြေကမ္ဘာ၊ တော်တောင်ရေမြေ၊ ပေါက်ရောက်တဲ့သီးနှံတွေဟာ အလ္လာဟ်ရဲ့သက်သေ လက္ခဏာများလို့ ဖော်ပြထားပါ တယ်။
“ ရွေ့လျားနေသော မြေကမ္ဘာ၊ တောင်ကြီးများ၊ မြစ်များ၊ ဆန့်ကျင်ဘက်စုံတွဲများတည်ရှိနေသော သီးနှံများ၊ နေ့ကိုဖုံးလွှမ်းသော ညဥ့်တို့သည် လေ့လာစူးစမ်းသူများအတွက် သက်သေလက္ခဏာများဖြစ်ကြ၏ ” (၁၃း၃)
မြေကမ္ဘာဖြစ်တဲ့ ကမ္ဘာ့တိုက်ကြီးတွေဟာ နေ့စဉ်ဆိုသလို နည်းနည်း နည်းနည်းစီ ရွေ့လျားနေတာပါ။ နည်းနည်း နည်းနည်းရွေ့လျားနေရာကနေ ခပ်ကြမ်းကြမ်းရွေ့လျားလိုက်တယ်ဆိုရင်ပဲ မြေငလျင်လှုပ်ခတ်မှုတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဖြစ်ပေါ်လာတာပါ။ နည်းနည်းစီရွေ့လျားမှုကို ကျွန်တော်တို့မသိရှိလိုက်ခြင်းဟာ တောင် ကြီးတွေက ကျောက်ဆူးချထားသလို ဖြစ်နေကြလို့ပါ။ မြင့်ရာက နိမ့်ရာကို စီးဆင်းနေတဲ့မြစ်တွေ၊ ၀တ်ဆံဖို ၀တ်ဆံမတွေနဲ့ ဖြစ်ထွန်းနေတဲ့ကောက်ပဲသီးနှံတွေ၊ နေ့နဲ့ညဥ့်တို့ရဲ့ပြောင်းလဲမှုတွေမှာ လေ့လာစူးစမ်းကြသူတွေ အတွက် စနစ်တကျစီမံပြဋ္ဌာန်းထားတဲ့ သဘာဝရဲ့နိယာမတွေ မရေမတွက်နိုင်ရှိနေပါတယ်။ ဒါဟာ အလ္လာဟ်ရဲ့ သက်သေလက္ခဏာတွေပါ။
“ မြေပေါ်ရှိလယ်ကွက်များ၊ စပျစ်ဥယျာဉ်ခြံများ၊ ယာခင်းများ၊ စွံပလွန်ပင်များသည် တစ်မျိုးတည်းသောရေ ဖြင့် စိုက်ပျိုးကြပါလျက် စားသုံးရာတွင် အချို့သည် အချို့ထက် အရသာထူးကဲ၏။ ဤအချက်များသည် တွေးခေါ် တတ်သူများအတွက် သက်သေလက္ခဏာများဖြစ်၏ ” (၁၃း၎)
လယ်ကွက်တွေမှာစိုက်ပျိုးရတဲ့ စပါး၊ ကောက်ပဲသီးနှံတွေ၊ ဥယျာဉ်ခြံမြေက စပျစ်သီးတွေ၊ ယာခင်းထဲက သစ်သီးဝလံမျိုးစုံ၊ စွံပလွန်သီးတွေဟာ တစ်မျိုးတည်းသောရေကို သောက်ရပါလျက်နဲ့ အရသာအမျိုးမျိုး ကွဲပြားထူး ကဲနေပါတယ်။ ဒီအချက်တွေကို တွေးခေါ်စဉ်းစားတတ်ရင် စနစ်တကျစီမံပြဋ္ဌာန်းတဲ့ သဘာဝနိယာမတွေကို တွေ့ မြင်ရမှာပါ။ ဒါတွေဟာ အလ္လာဟ်ရဲ့ သက်သေလက္ခဏာတွေပါ။
ဒီလို အလ္လာဟ်ရဲ့သက်သေလက္ခဏာတွေကို ပညာရှင်တွေ တဖြည်းဖြည်းချင်း သိရှိနားလည်လာကြတာပါ။ သဘာဝရဲ့နိယာမတွေကို သိရှိနားလည်လာလေ လောကကို အကျိုးပြုနိုင်လာလေပါ။ ဒါပေမဲ့ ပညာရှင်တွေမသိနိုင် သေးတဲ့ လောကရဲ့နိယာမတွေ အများကြီးကျန်ပါသေးတယ်။
ကမ္ဘာမြေကြီးရဲ့ဆွဲအား၊ အီလက်ထရွန်၏အားသက်ရောက်မှု၊ ပရိုတွန်ရဲ့ဒြပ်ထုသဘောတို့မှာ စနစ်တကျ သတ်မှတ်မှုတွေရှိနေပါတယ်။ ဒီစနစ်တွေ အနည်းငယ် မဆိုသလောက်လေး တိမ်းယိမ်းသွားတယ်ဆိုရင်တောင် သက်ရှိတွေဖြစ်ထွန်းနိုင်မှာမဟုတ်ဘူး။ ရုပ်ဝတ္ထုတွေလည်း ဖြစ်တည်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာမြေကြီးရဲ့ ဆွဲအား နည်းနည်းလေးမှ ပြောင်းလဲမှုမရှိဘဲ ကမ္ဘာကြီးဖြစ်ထွန်းနေတာ နှစ်သန်းပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်ပါ တယ်။ ဒီဆွဲအားကြောင့်ပဲ ကမ္ဘာမြေကြီးဟာ နေမင်းကြီးနဲ့ မိုင်ပေါင်း(၉၃)သန်းအကွာ သူ့ရဲ့ပါတ်လမ်းမှာ အစဉ်အမြဲ တည်ရှိနေတာပါ။
အင်္ဂလန် ကိန်းဘရစ်တက္ကသိုလ် ရူပဗေဒပညာရှင်ဖြစ်ခဲ့တဲ့ John Polking Horne နဲ့ လေဆာရောင်ခြည်ရဲ့ သဘောသဘာဝကိုတွေ့ရှိခဲ့လို့ နိုဘယ်လ်ဆုချီးမြှင့်ခံခဲ့ရတဲ့ Charles Townes တို့လိုပညာရှင်တွေက သဘာဝ နိယာမဖြစ်စဉ်တွေမှာ နောက်ကွယ်က စီစဉ်ကြံရွယ်မှုတစ်ရပ်ရှိတယ်လို့ ထင်ရပါတယ်ဆိုပြီး ပြောဆိုကြပါတယ်။
ပညာရှင်တွေက မယုံသင်္ကာစိတ်ကိုအခြေခံပြီး အမှန်တရားကိုရှာဖွေတယ်။ အစ္စလာမ်က ယုံကြည်ချက်ကို အခြေခံပြီး အမှန်တရားကိုရှာဖွေပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်လို့ထင်ရတဲ့ ပညာရှင်တွေက အစ္စလာမ်ရဲ့အသိပညာရပ်တွေကို တဖြည်းဖြည်းသိလာနေကြပါပြီ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အစ္စလာမ်ရဲ့ခံယူ ချက်တစ်ခုကို ကုရ်အာန်မှာ အခုလိုဖော်ပြထားပါတယ်။
“ အမှန်တရားကို ထင်ရှားရှင်းလင်းစွာ သိသာစေရန်အတွက် အလ္လာဟ်၏သက်သေလက္ခဏာတော်များကို မိုးကုတ်စက်ဝိုင်းအရပ်ရပ်၌၎င်း၊ လူသားတို့ခန္ဓာကိုယ်များ၌၎င်း မကြာမီပြသတော်မူပေလိမ့်မည် ” (၄၁း၅၃)
ယခင်က လူသားတွေ နားမလည်သေးတဲ့အရာတွေ အခု တဖြည်းဖြည်းသိလာနေရပါပြီ။ နောင်လည်း ဆက်ပြီးသိနားလည်ရမယ့်အရာတွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့လို သာမန်လူတွေနဲ့ ပညာရှင်တွေကြားမှာ အလ္လာဟ်ရဲ့သက်သေလက္ခဏာတွေကို နားလည်သိရှိမှုဟာ ကွဲပြားခြားနားပါတယ်။ သာဓကပြရရင် သက်ရှိ၊ သက်မဲ့ဆိုတာနဲ့ပတ်သက်ရင် ကျွန်တော်တို့က လှုပ်ရှားနိုင်တယ်။ ကြီးထွားဖွံ့ဖြိုးနိုင်တယ်ဆိုရင် သက်ရှိ လှုပ်ရှားမှု မရှိ၊ ကြီးထွားဖွံ့ဖြိုးမှုမရှိရင် သက်မဲ့လို့နားလည်ပါတယ်။ ပညာရှင်တွေအတွက်ကတော့ သက်ရှိနဲ့သက်မဲ့တို့ကို တတန်းစားထဲ သဘောထားပါတယ်။
၂၀ ရာစုက ထင်ရှားတဲ့စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Joseph Wood Krutch (1893-1970) ရဲ့လေ့လာသုံး သပ်ချက်တစ်ခုကို တင်ပြလိုပါတယ်။ `ဇီဝဗေဒပညာရှင်တွေက အသက်ရှိခြင်းနှင့် ဓါတုဗေဒဓါတ်ပေါင်းများ ဖြစ်ပျက်ခြင်းတို့ကိုခွဲခြား၍ မရနိုင်ပါလို့ပြောကြပါတယ်။ နှင်းပွင့်လေးတွေက ဇီဝဗေဒပညာရှင်တွေရဲ့အပြောကို ထောက်ခံနေပါတယ်။ နှင်းပွင့်လေးများ၏ ဓါတုဖြစ်စဉ်နှင့် သက်ရှိများကြီးထွားမှု ဓါတုဖြစ်စဉ်တို့သည် အတူတူပင် ဖြစ်သည်။ အဲဒီနှင်းပွင့်တစ်စက်ရဲ့ပုံစံက ခြောက်ထောင့်ကြယ်ပုံစံဖြစ်နေပါတယ်။ နှင်းပွင့်လေးများဟာ အလွန်အံ့သြ ဖို့ကောင်းပါတယ်။ နှင်းပွင့်လေးတွေဟာ ကမ္ဘာပေါ်မှာ ရာသီဥတုဟူ၍ ပေါ်ပေါက်လာ ကတည်းက ရှိနေတာပါ။ ကမ္ဘာဦးအစကတည်းက ဒိုင်နိုဆောသတ္တ၀ါကြီးတွေထက် ရှေးကျပါတယ်။ နှင်းပွင့်ကလေး တွေဟာ ဒိုင်နိုဆောသတ္တ၀ါကြီးတွေ မရှိခင်ကတည်းက ရှိနေတာပါ။ နှင်းပွင့်လေးတွေရဲ့ ဓါတုဖြစ်စဉ်နဲ့ ဒိုင်နိုဆော သတ္တ၀ါကြီးတွေရဲ့ ဓါတုဖြစ်စဉ်က အတူတူပဲလို့ဆိုပေမဲ့ ဒိုင်နိုဆောတွေဟာ မျိုးတုံးပျောက်ကွယ်သွားပါပြီ။ ဒါပေမဲ့ နှင်းပွင့်လေးတွေကတော့ သူတို့စပေါ်ကတည်းက လှပတဲ့ခြောက်ထောင့်ပုံစံကနေ ယခုထိ မပြောင်းလဲဘဲရှိနေပါ တယ်။ ကမ္ဘာပေါ်တွင် သက်ရှိတွေ၊ အပင်တွေ၊ ပန်းတွေ ဖြစ်လာလိုက်၊ မျိုးတုံးပျောက်ကွယ်လိုက်ဖြစ်နေပါတယ်။ နှင်းပွင့်လေးတွေကတော့ နွေပေါက်ရင် အရည်ပျော်သွားပြီး ဆောင်းရောက်ရင် ပြန်ဖြစ်လာပါတယ်။ ဘယ်တော့မှ မျိုးတုံးမသွားဘူး။ လှပတဲ့ခြောက်ထောင့်ကြယ်ပုံစံကလည်း မပြောင်းဘူးလို့ သဘာဝရဲ့လျို့ဝှက်ချက်တစ်ခုကို တအံ့တသြ တင်ပြခဲ့ပါတယ်။ ကုရ်အာန်ကလည်း သဘာဝရဲ့ လျို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး အခုလို အသိပေး ထားပါတယ်။
“ အလ္လာဟ်သာသိသည့် သာမန်အသိဖြင့်မတွေ့နိုင်သော လျို့ဝှက်ချက်များကို ဖွင့်နိုင်သောသော့များ အလ္လာဟ့်ထံတွင်ရှိ၏။ အလ္လာဟ်သည် ရေပြင်၊ မြေပြင်ရှိအရာများ၊ သစ်ရွက်တစ်ရွက် ကြွေကျရသောအကြောင်းများ၊ ကမ္ဘာမြေ၏အတွင်း အမှောင်ထဲမှ သစ်စေ့တစ်စေ့၏စိမ်းလန်းခြင်း၊ ခြောက်သွေ့ရခြင်း အကြောင်းများသည် အလ္လာဟ် ၏အသိတော်၌ရှိနေ၏။ ၎င်းအကြောင်းရင်းများ၏စနစ်ကို ထင်ရှားစွာပြဋ္ဌာန်းသတ်မှတ်ပြီးဖြစ်၏ ” (၆း၅၉)
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား-
အလ္လာဟ်သည် ပညာအပေါင်းတို့၏ ဇစ်မြစ်ဖြစ်ပါတယ်။ တောတောင်ရေမြေ၊ ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ ပညာရပ်တွေ၊ သစ်စေ့လေးတစ်စေ့ကနေ အပင်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာရတဲ့ အကြောင်းတရားတွေကို အလ္လာဟ်က သတ်မှတ်ပြဋ္ဌာန်းထားတာပါ။ ဒီစနစ်ဇယားတွေကို သာမန်လူတွေ နားမလည်နိုင်ပါဘူး။ ပညာရှင်တွေ သာလျှင် လေ့လာစူးစမ်းပြီး နယ်ပယ်အလိုက် သိရှိနားလည်ပါတယ်။ ကမ္ဘာလောကကြီးအကြောင်းကို ပညာရှင်များ ပင်လျှင် အလုံးစုံ အကုန်အစင် မသိနိုင်ကြပါဘူး။ နယ်ပယ်အလိုက်သာ သိရှိနားလည်ပါတယ်။ နယ်ပယ်အများ အပြားမှာ ထူးချွန်တဲ့ပညာရှင်တွေဆိုတာ အင်မတန်ရှားပါးပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ
“ အလ္လာဟ့်ထံပါး၌ အသိပညာအပေါင်း တည်ရှိ၏ ” (၆၇း၂၆)
ကျွန်တော်ထပ်ပြောပါမယ်။ အသိပညာအပေါင်းတို့ရဲ့ဇစ်မြစ်ဟာ အလ္လာဟ်ဖြစ်ပါတယ်။ စကြာဝဠာအပေါင်း နဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ ပညာရပ်တွေအားလုံး၊ သဘာဝနိယာမရဲ့ဖြစ်စဉ်တွေအားလုံး၊ ကမ္ဘာအနှံ့ပြောနေတဲ့ ဘာ သာစကားတွေ၊ ရေးနေတဲ့စာတွေအားလုံးသည် အလ္လာဟ်ရဲ့ပြဋ္ဌာန်းချက်တွေပါ။ ဒါကြောင့် လူသားကို အင်မတန် ဆိုတဲ့အဆင့်ကနေ အာဒမ်အဆင့်ကို တိုးမြှင့်တဲ့အခါ အလ္လာဟ်ပထမဆုံး ချီးမြှင့်တာက ပညာရပ်တွေအားလုံးကို သင်ယူလက်ခံနိုင်စွမ်းကို ချီးမြှင့်ပေးလိုက်တာပါ။
“ မလာအေကာဟ်တွေကတော့ သူတို့ကို အသိပေးထားတဲ့အရာတစ်ခုကလွဲရင် ကျန်တာကိုမသိပါ ” လို့ ဆူရာဟ်(၂) အာယတ်(၃၂)မှာ ဖော်ပြပါရှိပါတယ်။ လူသားကတော့ တစ်ခုမက အရာအားလုံးကို သိရှိနားလည် နိုင်ပါတယ်။ ဒါကြောင့် ဂါလီလီယိုတို့လို၊ နယူတန်တို့လို၊ အိုမာခရမ်တို့လို ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ပေါ်ထွက်ခဲ့ကြပါ တယ်။ ဒီလိုထူးချွန်တဲ့ပုဂ္ဂိုလ်တွေပင်လျှင် ကမ္ဘာလောကကို အကုန်အစစ် သိခဲ့ကြတာမဟုတ်ပါဘူး။ သူတို့သိခဲ့ တယ်ဆိုတာတွေဟာလည်း အမှန်ကန်ဆုံးကို တစ်ခါတည်း သိခဲ့ကြတာမဟုတ်ဘူး။ တစ်ခါတစ်ရံလွဲမှားချက်တွေ လည်း ရှိနေခဲ့တာပါ။
အရင်က နေက ကမ္ဘာကိုပတ်တယ်လို့ လက်ခံထားရာက ကမ္ဘာက နေကိုပတ်တယ်ဆိုတာ သိရှိလာခဲ့ကြ တယ်။ ပတ်တဲ့ပုံစံက စက်ဝိုင်းပုံပတ်တယ်လို့ သိရှိလာခဲ့ရာကနေ ဘဲဥပုံပတ်လမ်းအတိုင်း ပတ်နေတယ်ဆိုတာသိခဲ့ ရပြီး ရက်၊ လ၊ နှစ်တို့ကို အတိအကျ တွက်ချက်နိုင်ခဲ့ကြတယ်။
“ အလ္လာဟ်ရဲ့ သက်သေလက္ခဏာများကို မိုးကုတ်စက်ဝိုင်းနှင့် သူတို့ခန္ဓာကိုယ်အတွင်း မကြာမီပြသတော်မူ မည် ” လို့ ကုရ်အာန် (၄၁း၅၃)မှာ ပြောထားပါတယ်။
အမှန်တရားကို တဖြည်းဖြည်းချင်း သိရှိနားလည်လာကြတာပါ။ အလ္လာဟ့်ထံကလာတဲ့ အသိပညာတွေကို ဦးနှောက်တံခါးကို ဖွင့်ထားသူတွေကရရှိပြီး၊ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို တည်ထောင်နိုင်ခဲ့ကြတာပါ။ လူဆိုတာ အသက်ရှင်ဖို့ ရေကို မှီဝဲရပါတယ်။ အကြား၊ အမြင်၊ အတွေးအခေါ်ရှင်များဖွံ့ဖြိုးရေးအတွက် အသိပညာ ကို ရေပမာလိုအပ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၆၇) အာယတ်(၃၀)မှာ
“ အသင်တို့၏ရေသည် မြေအောက် ပျောက်ကွယ်သွားသော် အသင်တို့အတွက် ကြည်လင်စီးထွေသောရေ ကို မည်သူယူလာအံ့နည်း ” လို့ မေးခွန်းထုတ်ထားပါတယ်။
အလ္လာဟ်ထံက ကြည်လင်စီးတွေရေကို လက်ခံနိုင်အောင် မိမိတို့က မြစ်ချောင်းများပမာ ကျင့်ကြံကြ ရပါမယ်။ ရေအိုင်၊ ရေကန်တွေဆိုတာ မြေသားပတ်လည် ၀န်းရံကာဆီးထားလို့ မိမိကိုယ်တိုင်လည်း မစီးဆင်း၊ တခြားက စီးဝင်လာတဲ့ရေကိုလည်း လက်မခံပါ။ ဒီလိုနဲ့ မိမိရဲ့အသိတွေဟာ အမှုက်သရိုက်များနဲ့ ပုပ်သိုးခမ်းခြောက် သွားမှာပါ။ အချိန်နှင့်အမျှ မိမိတို့ အသိတရားတွေ ခမ်းခြောက်သွားမှာပါ။ တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကို အမှီမလိုက်နိုင်ဘဲ နောက်ကျကျန်ရစ်မှာ ပါ။
ပြင်ပမှ စီးဝင်လာသောရေတွေမှာ သန့်ရှင်းကြည်လင်သော ရေကောင်းရေသန့်များပါဝင်သလို အညစ် အကြေး၊ အမှုက်သရိုက်များလည်း စီးဝင်နိုင်မည်။ ဒီအမှိုက်သရိုက်၊ အညစ်အကြေးတွေ အနည်အဖြစ် အထပ်ထပ် ပို့ချရင်း ရွှေ၊ ငွေကျောက်သံပတ္တမြား ဖြစ်စေရပါမယ်။ ဒါဟာ အမြဲတမ်းစီးဆင်းနေပြီး တခြားက စီးဝင်လာမှုကို လည်း လက်ခံတဲ့မြစ်ချောင်းများရဲ့ သဘောသဘာဝပါ။
ကျွန်တော်တို့ကလည်း အသိပညာအားလုံးဟာ အလ္လာဟ့်ထံပါးက လာတယ်ဆိုတာကို သဘောပေါက် နားလည်မယ်ဆိုရင် မိမိတို့သိထားတဲ့ပညာရပ်တွေကိုလည်း တခြားကို ဝေမျှပေးရမယ်။ တခြားက ပညာရပ်တွေကို လည်း မိမိတို့ဆီကို ၀င်ရောက်လာတာကို လက်ခံပေးရမယ်။ ဒီနေရာမှာ ပညာရပ်တွေလို့ပြောတာ ယဉ်ကျေးမှုတွေ ဘာသာစကားတွေ၊ အတွေးအခေါ် အယူအဆတွေအပါအ၀င် သိပ္ပံပညာရပ်တွေလည်း ပါဝင်ပါတယ်။ မကောင်းတဲ့ အသိပညာရပ်တွေကို အနည်အဖြစ် စွန့်ပစ်တန်ဖိုးရှိတဲ့အရာအဖြစ် ပြောင်းလဲတတ်ရပါမယ်။ မိမိတို့ရဲ့ကောင်းမွန်တဲ့ အသိတရားတွေကိုလည်း အခြားတစ်ဘက်က ကြည်လင်သန့်စင်တဲ့ရေ ဖြစ်တယ်ဆိုတာသိလာအောင် ကြိုးပမ်း အားထုတ်ရပါမယ်။
ဒီနေရာမှာပဲ `ပညာရပ်များ၏ ဇစ်မြစ်´ဆိုတဲ့ ခွတ္တဗါဟ်ကို ရပ်နားခွင့်ပြုပါ ။ ။